BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, January 31, 2013

Take It Slow to Rangoon

ရန်ကုန်တော့ ဖြေးဖြေးပေါ့
အောင်ဒင်

ပြန်ပြီးပြီလား မေးကြတဲ့အခါ
မပြန်ရသေးပါဘူးဗျာ၊
ပြန်တော့မှာလား မေးပြန်တဲ့အခါ
မပြန်ဖြစ်သေးပါဘူးဗျာ၊
ပြန်ဦးမှာလား မေးရင်တော့
ပြန်မှာပေါ့ဗျာ၊

ပြန်ချင်တာပေါ့ဗျာ
ကျနော်လဲ ကိုယ့်မွေးရပ်မြေ ပြန်ချင်တာပေါ့
ပိတောက်ပန်းတွေ ပွင့်တဲ့မြေမှာ
ခွပ်ဒေါင်းတွေ အတောင်ဖြန့်တဲ့ တိုင်းပြည်မှာ
မေတ္တာတရားတွေပေါ ကြွယ်ဝတဲ့
မိသားစုနဲ့ချစ်မိတ်ဆွေတွေကြားမှာ
ဆုံးရှုံးခဲ့သမျှအတွက် အားပါးတရ ငိုကြွေးလို့
ဘဝကို အသစ်ပြန်စချင်တာပေါ့၊

သနပ်ခါးနံ့၊ ခရေပန်းနံ့
မိုးဦးကျရဲ့ မြေသင်းနံ့
လန်းဆန်းလတ်ဆတ်တဲ့ ဧရာဝတီရဲ့ ညနေခင်း
အစိမ်းရောင် မြက်ခင်းပေါ်က နှင်းစက်
မြောက်ဖက်ပိုင်းက တောင်တံတိုင်းကြီးများ
နွေဦးကာလ မြူထတဲ့ အလှများ
လွမ်းမော ခံစားချင်တာပေါ့၊

ဒီမြေကိုကျောခိုင်းထွက်ခွါခဲ့တုံးကလဲ
လွယ်လွယ်ကူကူ မဟုတ်ခဲ့
ဒီမြေကို အနိုင်ကျင့်နေတဲ့
လူရမ်းကားတွေ ရှိနေသေးသ၍
ဒီမြေကို ပြန်လည်ခိုလှုံဖို့ဆိုတာလဲ
လွယ်လွယ်ကူကူ မဖြစ်နိုင်
ကြောက်စိတ်နဲ့ အိပ်မက်တွေ အားပြိုင်နေကြ၊

တကယ်တော့လဲ
သူစိမ်းတွေရဲ့ မြေမှာ
ကျနော်ဟာ ဧည့်သည်တစ်ယောက်ပါ
ဘဝဆိုတာလဲ
သမုဒ္ဒရာထဲက ရေပွက်တစ်ပွက်မျှသာ
အနောက်ဘက် တောင်ကုန်းကြီးမှာ မိုးစုန်းစုန်း မချုပ်ခင်
အရိုးသားဆုံးနှလုံးသားများကို တမ်းတတွယ်တာ၊

ပြန်ချင်တာပေါ့
တစ်နေ့တော့ ပြန်မှာပေါ့ဗျာ၊၊၊

ဇန်နဝါရီ ၃၁၊ ၂၀၁၃

Thursday, January 24, 2013

Burma's Parliament Watch Part Six

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၀၊ ဇန်နဝါရီ ၂၄၊ ၂၀၁၃၊ စာမျက်မှာ ၁၈၊ ၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်


အပိုင်း (၆) လွှတ်တော် နှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဥပဒေ

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ နိုင်ငံတော်သမ္မတ က ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသားဖြစ်တဲ့ "ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ" ကို ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် အမှတ် ၁ အဖြစ်နဲ့လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်၊ ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင်လမှာ နည်းဥပဒေ ဆက်လက်ထုတ်ပြန်ခဲ့ပါတယ်၊ ဒီဥပဒေ ရဲ့ အနှစ်သာရကတော့ တိုင်းပြည်ဖွဲ့စည်းမှုရဲ့ အခြေခံအကျဆုံး အစုအဖွဲ့ ဖြစ်တဲ့ ရပ်ကွက် များ၊ ကျေးရွာအုပ်စုများမှာ  အုပ်ချုပ်ရေးတာဝန်ယူမည့်လူကို ရွေးချယ်ခန့်ထားပုံစံနစ်နဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရဲ့ တာဝန် နဲ့လုပ်ပိုင်ခွင့်များကို ပြဋ္ဌန်းထားတာပါ၊ အခုဆိုရင် မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများ ကျင်းပနေပြီး လူထုရဲ့ မကျေနပ်သံတွေ၊ တိုင်တန်းသံတွေကိုလဲ ကြားနေရပါပြီ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို မဆလ အစိုးရလက်ထက်တလျှောက်လုံးမှာ ရော၊ နဝတ၊ နအဖ စစ်အစိုးရများလက်ထက်မှာရော လူထုက ရွေးချယ်တင်မြှောက်ခွင့်မရှိပဲ အစိုးရများက တိုက်ရိုက်ခန့်အပ်ခဲ့တာပါ၊ အခုလို လူထုက ရွေးချယ်တင်မြှောက်ခွင့်ရချိန်မှာ ဘာကြောင့် မကျေနပ်သံတွေ ထွက်လာရသလဲ၊ ဒီ ရာထူးတာဝန်များကရော ဘယ်လောက်အရေးကြီးသလဲဆိုတာ ဆန်းစစ်လေ့လာဖို့လိုပါတယ်၊

အခြေခံအကျဆုံး နိုင်ငံအဖွဲ့အစည်း၊
တကယ်တော့ ရပ်ကွက်များ၊ ကျေးရွာများဟာ နိုင်ငံတခုရဲ့ ဖွဲ့စည်းတည်ဆောက်ပုံမှာ အသေးဆုံးနဲ့အခြေခံအကျဆုံး လူ့အဖွဲ့အစည်းများဖြစ်ပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၅၁ မှာ နိုင်ငံတော်ကို စုစည်းတည်ဆောက်ရာမှာ “(က) ကျေးရွာများကို ကျေးရွာအုပ်စုအဖြစ် စုစည်းသည်၊ (ခ) ရပ်ကွက်များကို မြို့ သို့မဟုတ် မြို့နယ်အဖြစ် စုစည်းသည်၊ (ဂ) ကျေးရွာအုပ်စုနှင့် ရပ်ကွက်များ သို့မဟုတ် မြို့များကို မြို့နယ် အဖြစ်စုစည်းသည်၊" လို့ဖော်ပြထားပါတယ်၊ နိုင်ငံသားတိုင်းဟာ ရပ်ကွက်တခု၊ ကျေးရွာအုပ်စုတခုမှာ နေထိုင်ကြပြီး အဲဒီ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေပေါင်းပြီး မြို့နယ်ဖြစ်လာ၊ မြို့နယ်တွေပေါင်းစုပြီး ခရိုင်ဖြစ်လာ၊ ခရိုင်တွေပေါင်းစုပြီး ပြည်နယ်၊ တိုင်းဒေသကြီးတွေ ဖြစ်လာပြီး  ပြည်နယ်၊ တိုင်းဒေသကြီးတွေ ပေါင်းစုပြီး မြန်မာနိုင်ငံဖြစ်လာတာပါ၊ ဒါကြောင့်  ရပ်ကွက်များ၊ ကျေးရွာများဟာ နိုင်ငံတခုရဲ့ အဓိကကျတဲ့အခြေခံအဆောက်အအုံဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများဟာလဲ ဒေသန္တရ အုပ်ချုပ်ရေး (Domestic Administration) ရဲ့ အခြေခံအကျဆုံး၊ လူထုနဲ့ထိတွေ့မှုအရှိဆုံး အာဏာပိုင်ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်၊ အစိုးရအဆက်ဆက်ကလဲ ခေတ်အဆက်ဆက်မှာ ဒီပုဂ္ဂိုလ်တွေကိုအသုံးချပြီး လူထုကို အုပ်ချုပ်ခဲ့ကြတာပါ၊ မြန်မာဘုရင်တွေခေတ်မှာဆိုရင် အခွန်ကောက်တာကအစ လမ်းပြင်တာအလယ် စစ်သားစုဆောင်းပေးရတဲ့အထိ တာဝန်ယူခဲ့ကြရပါတယ်၊ အာဏာရှင်အစိုးရတွေလက်ထက်မှာတော့ ဒီအုပ်ချုပ်ရေးမှူးတွေဟာ ဆက်ကြေးကောက်တာ၊ အဓမ္မလုပ်အားပေးခိုင်းစေဖို့ လူစုပေးရတာ၊ မြို့နယ်ကိုအလည်လာတဲ့ အရာရှိကြီးကို ဖျော်ဖြေဖို့ တာဝန်ယူရတာ၊ နိုင်ငံရေးသမားတွေရဲ့ သတင်းထောက်လှမ်းပေးရတာ၊ တက်ကြွလှုပ်ရှားသူတွေကို နှိပ်ကွပ်ဖို့ စွမ်းအားရှင် နံမည် နဲ့ လူမိုက်တွေမွေးရတာ၊ အစိုးရရဲ့အမိန့်ကြော်ညာတွေကို လူထုသိအောင် မောင်းခတ်ပေးရတာ၊ စသဖြင့် အင်မတန် အလုပ်များခဲ့ကြတာပါ၊  

သူတို့ ကောင်းဖို့လိုပါသည်၊
ဒီလို တိုင်းပြည်ရဲ့အခြေခံအကျဆုံး အုပ်ချုပ်ရေးတာဝန်ယူထားရသူတွေဟာ အာဏာပိုင်တွေက လက်ညှိုးထိုးခန့်အပ်တဲ့လူတွေ မဟုတ်ပဲလူထုကို အမှန်တကယ် ကိုယ်စားပြုသူတွေ၊ လူထုကအမှန်တကယ် ရွေးချယ်တင်မြှောက်သူတွေဖြစ်ရင် တိုင်းပြည်အတွက် လူထုအတွက် သိပ်ကောင်းမှာပါ၊ ဒီမိုကရေစီစံနစ် ရှင်သန်ခိုင်မာရေးအတွက် အများကြီးအထောက်အကူဖြစ်မှာပါ၊ မတရားမှုတွေကို ဆန့်ကျင်ရေးအတွက် ပိုပြီးထိရောက်မှာပါ၊ တခါ ဒီအုပ်ချုပ်ရေးမှူးတွေဟာ လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ ဒေသအလိုက် မဲရုံတွေကို တာဝန်ယူကြမည့် ပုဂ္ဂိုလ်တွေလဲဖြစ်ပါတယ်၊ ရွေးကောက်ပွဲ ကော်မရှင်က ဖွဲ့စည်းမည့် ရပ်ကွက်၊ ကျေးရွာအဆင့် ကော်မရှင်တွေမှာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ မပါဝင်တာတောင်မှ သူတို့ရဲ့ ရပ်ကွက်၊ ကျေးရွာအတွင်း မဲဆန္ဒရှင်များအပေါ် ဩဇာသက်ရောက်မှုက ရွေးကောက်ပွဲ သန့်ရှင်းမျှတမှုအပေါ် အတိုင်းအတာတခုထိ သက်ရောက်မှုရှိပါလိမ့်မယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေဥပဒေပြည်သူ့ ဆန္ဒခံယူပွဲမှာ ဒီရာထူးရှင်တွေကပဲ တနိုင်ငံလုံး "ထောက်ခံ" အောင် ဆောင်ရွက်ခဲ့ကြတာပါ၊ ၂၀၁၀ ရွေးကောက်ပွဲမှာလဲ ဒီရာထူးရှင်တွေကပဲ ကြံ့ခိုင်ရေးပါတီအနိုင်ရရေး အားပေးခဲ့ကြတာပါ၊ ဒါကြောင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရာထူးတွေမှာ လူထုကိုယ်စားလှယ်အစစ်အမှန်တွေ အရွေးချယ်ခံရဖို့ဆိုတာ ၂၀၁၅ ရွေးကောက်ပွဲ သန့်ရှင်းမျှတရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်၊ ပြင်ပက ရောက်လာနိုင်တဲ့ နိုင်ငံတကာလေ့လာသူတွေက ရွေးကောက်ပွဲမတိုင်ခင် ရက်အနည်းငယ်၊ ရွေးကောက်ပွဲအပြီး ရက်အနည်းငယ်သာ နေနိုင်မှာပြီး တနိုင်ငံလုံးအနှံ့ မရောက်နိုင်ကြပါ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များကသာ ရွေးကောက်ပွဲအစအဆုံးပါဝင် ဆောင်ရွက်ပြီး သန့်ရှင်းမျှတမှု သို့မဟုတ် ညစ်ပတ်လိမ်လည်မှု ကို ကိုယ်တိုင် ဖန်တီးကြမှာပါ၊

ဥပဒေရဲ့ ကန့်သတ်ချက်များ
ဒါပေမည့်လဲ ထုတ်ပြန်ထားတဲ့ "ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ" အရ လူထုရဲ့ ရွေးချယ်ခွင့်ဆိုတာ အကန့်အသတ်နဲ့သာ ဖြစ်တယ်ဆိုတာ ဝမ်းနည်းဖွယ်ရာတွေ့ရပါတယ်၊ ဒီဥပဒေအရ လူထုဟာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို တိုက်ရိုက် ရွေးချယ်တင်မြှောက်ခွင့်မရပါ၊ လူထုရဲ့ ရွေးချယ်ခွင့်က "ဆယ်အိမ်ခေါင်း" လို့ခေါ်တဲ့ ဆယ်အိမ်စု အစုအဖွဲ့ရဲ့ ကိုယ်စားလှယ် တစ်ယောက်ကိုသာဖြစ်ပြီး ဆယ်အိမ်ခေါင်းတွေကမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးကို ရွေးချယ်တင်မြှောက်ကြတာပါ၊ ဒါကြောင့်လဲ နိုင်ငံတဝှမ်းမှာ လူထုရဲ့ မကျေနပ်သံတွေ ညံညံစီစီ ထွက်ပေါ်နေတာပါပဲ၊ ဒါပေမည့် သူတို့ရဲ့ အသံတွေဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြပွဲများ၊ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲများလောက် မြန်မာ့ နိုင်ငံရေးအင်အားစုများရဲ့ စိတ်ဝင်စားမှု၊ အလေးပေးမှုမရကြရှာပါ၊ 

ဒီဥပဒေ ရဲ့ အခန်း (၄)၊ ပုဒ်မ (၇) အရ ကြီးကြပ်ရေးအဖွဲ့က ရက်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း အိမ်ခြေစာရင်းအလိုက် ဆယ်အိမ်စု အစုအဖွဲ့များ စုဖွဲ့ရမည်လို့ ဆိုပါတယ်၊ အဲဒီ ဆယ်အိမ်စုမှာ ပါတဲ့ အိမ်ထောင်စုအသီးသီးက အိမ်ထောင်ဦးစီး သို့မဟုတ် အသက် ၁၈ နှစ်ပြည့်ပြီးသော အိမ်ထောင်စုကိုယ်စားလှယ် တယောက်စီကို စုစည်းပြီး သူတို့ ၁၀ ယောက်ထဲက တစ်ယောက်ကို ဆယ်အိမ်ခေါင်းအဖြစ်လျှို့ဝှက်ဆန္ဒမဲနဲ့ ရွေးချယ်ရပါတယ်၊ လူထုရဲ့ ရွေးချယ်ခွင့်က ဒါပါပဲ၊ လူထုဆိုတာတောင်မှ မိသားစုတစုက အသက် ၁၈နှစ်ပြည့်ပြီးသူအားလုံးမဟုတ်ပါ၊ တအိမ်ထောင်မှ တယောက်သာ မိသားစုကိုယ်စားလှယ် ၁၀ ယောက်ထဲက ဆယ်အိမ်ခေါင်းဖြစ်မည့်လူတစ်ယောက်ကို ရွေးချယ်ခွင့်ရတာပါ၊ ဒီအဆင့်ပြီးရင် အရွေးခံရတဲ့ ဆယ်အိမ်ခေါင်းများက ၎င်းတို့ အထဲက တယောက် သို့မဟုတ် တယောက်နှင့်အထက်ကို အဆိုပြု၊ အဆိုပြုခံရသူများက သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီရင် ဆယ်အိမ်ခေါင်းများက လျှို့ဝှက်ဆန္ဒမဲပေးပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူးကို ရွေးချယ်တင်မြှောက်ရမှာပါ၊ လူထုမှာ မိမိတို့ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာကို အုပ်ချုပ်မည့် အုပ်ချုပ်ရေးမှူးကို ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်ရွေးချယ်ခွင့်မရကြရှာပါ၊

မတော်မရား ကိစ္စများ
ဒီဇင်ဘာ ၂၈ ရက်နေ့က တက်လာတဲ့ နိရဉ္စရာ သတင်းဌာန ရဲ့ သတင်းပို့ချက်အရ ရခိုင်ပြည်နယ် တဝှမ်းမြို့နယ်များမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရေးနဲ့ပါတ်သက်ပြီး မသမာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကြားသိရပါတယ်၊ အဲဒီ မသမာမှုတွေထဲမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ကြီးကြပ်ရေးကော်မီတီ ကို လူထုမကြည်ညိုတဲ့ ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းတာ၊ ကြီးကြပ်ရေးကော်မီတီက ဆယ်အိမ်ခေါင်းများကို မိသားစုကိုယ်စားလှယ်များရဲ့ ဆန္ဒနဲ့ မဟုတ်ပဲ ၎င်းတို့ စိတ်တိုင်းကျ ရွေးချယ်တာ၊ ဆယ်အိမ်ခေါင်းများထဲက ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာလဲ မဲလိမ်မှုတွေ ရှိနေတာ၊ အုပ်ချုပ်ရေးမှူး ဖြစ်ချင်သူများက ကြီးကြပ်ရေးကော်မီတီဝင်များကို လာဒ်ပေးတယ်ဆိုတဲ့ စွတ်စွဲတာတွေ ကြားသိနေရပါတယ်၊ ဒါ ရခိုင်ပြည်နယ် တခုထဲမှာ ဖြစ်နေတာမဟုတ်ပါ၊ တနိုင်ငံလုံးအနှံ့ဖြစ်နေတာပါ၊ ဒီဇင်ဘာ ၂၈ ရက်နေ့၊ သျှမ်းသံတော်ဆင့် သတင်းအရ ရှမ်းပြည်နယ်မှာလဲ မသမာမှုတွေ ဖြစ်နေပါတယ်၊ ရှမ်းပြည်မြောက်ပိုင်း နာဆိုင်းကျေးရွာအုပ်စုမှာ ကြီးကြပ်ရေးကော်မီတီ ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဖွဲ့စည်းပေးရမည့်အစား လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က သူ့စိတ်ကြိုက်လူများနဲ့ ဖွဲ့စည်းပြီး အဲဒီ ကြီးကြပ်ရေးကော်မီတီ က ဦးမြင့်လှိုင်ကိုပဲ အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည် တင်မြှောက်ပါသတဲ့၊ ဒီဇင်ဘာ ၂၆ ရက်နေ့ထုတ် ဧရာဝတီ သတင်းဌာနရဲ့ ဆောင်းပါးအရ ကြံ့ခိုင်ရေးပါတီဝင်များဖြစ်ကြတဲ့ လက်ရှိအုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်ခံရရေးအတွက် အာဏာရပါတီ က နေရာအနှံ့မှာ ဝင်ရောက်စွက်ဖက်နေတယ် ဆိုတဲ့ သတင်းတွေလဲ ကြားရပါတယ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့က ဗီအိုအေ (VOA) သတင်းဌာနရဲ့ သတင်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မှော်ဘီ မြို့နယ် အမှတ် ၄ ရပ်ကွက်မှာ လက်ရှိအုပ်ချုပ်ရေးမှူးက သူ့ရာထူးပြန်ရရေးအတွက် အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လဲ ကြားသိရပါတယ်၊

စံနစ်ဟောင်း ရဲ့အကြွင်းအကျန်များ
မဆလအစိုးရ နဲ့ စစ်အစိုးရလက်ထက်မှာ ပြည်သူလူထုကို ဖိနှိပ်ဖို့ မတရားတဲ့ ဥပဒေအများကြီး ဖန်တီးခဲ့သလို အင်္ဂလိပ်ကိုလိုနီအစိုးရက ကျင့်သုံးခဲ့တဲ့ ဥပဒေအချို့ကိုလဲ ဆက်လက်ကျင့်သုံးခဲ့ပါတယ်၊ ထင်ရှားတဲ့ ဥပဒေ နှစ်ခုက မြို့များအက်ဥပဒေ (၁၉၀၇ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေ အမှတ် ၃) နဲ့ ကျေးရွာအက်ဥပဒေ (၁၉၀၇ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေ အမှတ် ၆) တို့ပါ၊ ဒီဥပဒေ နှစ်ခုဟာ ပြည်သူလူထုရဲ့ လွတ်လပ်မှုတွေကို ချုပ်ချယ်ကန့်သတ်ထားတဲ့ ဥပဒေတွေပါ၊ အထူးသဖြင့် မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်စွာ သွားလာ နေထိုင်ခွင့်ကို ကန့်သတ်ထားပါတယ်၊ ဒီဥပဒေများအရ နိုင်ငံသား တစ်ယောက်ဟာ မိမိအိမ်မှာ "အခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု တခုခုတွင် နေထိုင်ပြီး မိမိအိမ်ထောင်စုစာရင်းဝင် မဟုတ်သူက ညဥ့်အိပ်ညနေ ဧည့်သည်အဖြစ် လာရောက်တည်းခိုတဲ့အခါ၊ ပြန်လည်ထွက်ခွါသွားတဲ့အခါ" ရပ်/ကျေး အုပ်ချုပ်ရေးမှူးထံ သတ်မှတ်ချက်များနဲ့အညီ တိုင်ကြားရမှာ ဖြစ်ပြီး တိုင်ကြားဖို့ပျက်ကွက်ရင် ပြစ်ဒါဏ်ခံစားရမှာဖြစ်ပါတယ်၊ ဒါကြောင့်လဲ မတရားတဲ့ ဥပဒေများ၊ အမိန့်ဒီဂရီ များကို ရုတ်သိမ်း၊ ဖျက်သိမ်းဖို့ ကျနော်တို့ တောင်းဆိုရာမှာ ဒီဥပဒေ နှစ်ခုလဲပါဝင်ပါတယ်၊ ဒီ "ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ" ကို ပြန်ဌန်းတော့ အောက်ဆုံးက ပုဒ်မ ၃၇ မှာ "မြို့များ အက်ဥပဒေ နှင့် ကျေးရွာအက်ဥပဒေ တို့ကို ဤဥပဒေ ဖြင့် ရုတ်သိမ်းလိုက်သည်၊" လို့ ဖော်ပြပါရှိတော့ "ဪ၊ ငါတို့ လွှတ်တော်အမတ်တွေ မဆိုးလှပါလား" လို့ ကျေနပ်လိုက်မိပါသေးတယ်၊ ဒါပေမည့် ဒီဥပဒေကို အသေအချာဖတ်ကြည့်မှပဲ မြို့မြား အက်ဥပဒေ နဲ့ ကျေးရွာအက်ဥပဒေမှာပါတဲ့ လူထုအပေါ်ကန့်သတ်ချက်တွေကို ဥပဒေသစ်မှာ ပြန်လည် ထည့်သွင်းထားတာ တွေ့ရပါတယ်၊

ဒီ ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေ ရဲ့ ပုဒ်မ ၁၇ အရ ရပ်ကွက်/ကျေးရွာအတွင်း နေထိုင်သူများဟာ မိမိနေအိမ်မှာ မိမိရဲ့ အိမ်ထောင်စုစာရင်းမှာ မပါဝင်သူတစ်ယောက် လာယောက်တည်းခိုရင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးထံ အသိပေးတိုင်ကြားရမှာပါ၊ ဧည့်သည် ပြန်လည်ထွက်ခွါသွားရင်လဲ သတင်းပို့ရဦးမှာပါ၊ ပုဒ်မ ၂၇ အရ အဲဒီလို သတင်းပို့ တိုင်ကြားဖို့ ပျက်ကွက်ရင် ကျပ် ငါးထောင်ထက်မပိုသော ဒါဏ်ငွေ ပေးဆောင်ရမှာဖြစ်ပြီး ဒါဏ်ငွေမဆောင်နိုင်ပါက ခုနှစ်ရက်ထက်မပိုသော ထောင်ဒါဏ်ကျခံရမှာဖြစ်ပါတယ်၊ပုဒ်မ ၁၃ (ဆ) အရ ရပ်/ကျေး အုပ်ချုပ်ရေးမှူးမှာ ဧည့်စာရင်းတိုင်ကြားခြင်းကို လက်ခံခြင်း၊ ခွင့်ပြုခြင်းအပြင် ဧည့်စာရင်းစစ်ဆေးခြင်း၊ ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်လျင်အရေးယူခြင်းပြုနိုင်တဲ့ အာဏာရှိပါတယ်၊
နိုင်ငံသားတယောက်ရဲ့ မွေးရာပါ လူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ရွှေ့ပြောင်း နေထိုင်ခွင့်ကို ကန့်သတ်တာဟာ ကမ္ဘာလူ့အခွင့်အရေးကြေညာစာတမ်းကို ချိုဖောက်တာဖြစ်သလို မကြာသေးခင်ကမှ မြန်မာနိုင်ငံပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့  အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်းကိုပါ ချိုးဖောက်တာ ဖြစ်ပါတယ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း ရဲ့ ပုဒ်မ (၁၃) (၁) မှာ လူတိုင်းလူတိုင်းသည် နိုင်ငံတစ်ခု၏ နယ်နမိတ်များအတွင်း လွတ်လပ်စွာ ရွှေ့ပြောင်းနေထိုင်ခွင့်၊ အခြေချခွင့် ရှိသည်၊ (Everyone has the right to freedom of movement and residence within the borders of each state.)  လို့ ဆိုထားပါတယ်၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့မှာ မြန်မာသမ္မတ ဦးသိန်းစိန် ပါဝင်လက်မှတ်ထိုးအတည်ပြုခဲ့တဲ့ အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း (ASEAN Human Rights Declaration) ပုဒ်မ ၁၅ မှာလဲ အလားတူ ပြဌန်းထားပါတယ် (Every person has the right to freedom of movement and residence within the borders of each state.)

မျှော်လင့်မိခြင်း
"ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ" ကို လွှတ်တော်မှာ ဆွေးနွေးအတည်ပြုစဉ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်အမတ်များ လွှတ်တော်ထဲမရောက်သေးပါ၊ လွှတ်တော်ဟာလဲ အခုလောက် ပွင့်လင်းတက်ကြွခြင်းမရှိသေးပါ၊ အခုတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်များ လွှတ်တော်ထဲ ခြေချရောက်ရှိနေပါပြီ၊ လွှတ်တော်ဥက္ကဋ္ဌများ နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလဲ တွေ့နေရပါပြီ၊ ရှေ့လာမည့် လွှတ်တော်အစည်းအဝေးတွေမှာ "ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ" ကို လွှတ်တော်ကိုယ်စားလှယ်များ ပြန်လည်ဆွေးနွေးသုံးသတ်ပြီး လူထုကို သူတို့ကို အနီးကပ်အုပ်ချုပ်မည့် အုပ်ချုပ်ရေးမှူးကို တိုက်ရိုက်ရွေးချယ်ခွင့် ပေးဖို့၊ လူထုရဲ့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ကို မကန့်သတ်ဖို့ ပြင်ဆင်ရေးဆွဲကြလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့၊

လေးစားစွာ၊ အောင်ဒင်
ဇန်နဝါရီ ၂၊ ၂၀၁၃
 


Sunday, January 20, 2013

Home


အိမ်
အောင်ဒင်

လူငါးယောက် နဲ့
ကြောင် ၃ကောင်၊ ခွေး တစ်ကောင် နေလောက်ရုံ
အမိုး၊ အကာ နဲ့ ကြမ်းခင်းတော့ရှိရဲ့
တံခါးတွေက မလုံခြုံ
လေတိုက်ရင် ယိမ်းရိုင်လို့
မိုးသဲရင် နှင်းရိုက်ရင်ဖြင့် ချမ်းလို့တုန်
ဘဝရဲ့ အစိတ်အပိုင်းတစ်ရပ် ငါတို့ ဖြတ်သန်းခဲ့ကြပုံ….။

လောကဓံ လှိုင်းလုံးတွေကလဲ
အမုန်းကြီးကြီးနဲ့ အကြိမ်ကြိမ်တိုက်ခတ်
ဒီအိမ်အိုလေးထဲမှာ တို့မိသားစု
ပြိုကွဲကြ၊ ရန်ဖြစ်ကြ၊ စိတ်ကောက်ကြ၊ ပြန်ချစ်ကြ
ဘဝရဲ့ သင်္ခန်းစာတွေ အထပ်ထပ်ရခဲ့ကြပုံ….။

ဘယ်သူပြောလဲ
အိမ်ဆိုတာ အမိုးအကာရှိဖို့လိုတယ်
အခန်းတွေ ဖွဲ့စည်းထားရမယ်
ပြူတင်းပေါက်တွေရှိရမယ်
လူ့ဘဝ သက်တောင့်သက်သာဖြစ်စေမည့်
အသုံးအဆောင်ပစ္စည်းတွေ တပ်ဆင်ထားရမယ်
အလင်းရောင်နဲ့ အပူအအေးမျှတရမယ်....
လို့
ဘယ်လိုပဲ ပြည့်စုံနေပလေ့စေ
မိသားစုဆိုတာမရှိရင် "အိမ်"မခေါ်ထိုက်ပါဘူးကွယ်….။


အခုတော့
နှစ်ယောက်က လူ့ဘဝကို အပြီးတိုင်ခွဲ
ကျန်သုံးယောက်က တစ်ယောက် တစ်နေရာစီ
ခွေးကလေးနဲ့ ကြောင်ကလေးတွေလဲ မရှိကြတော့
အိမ်ကလေးလဲ အဝေးတစ်နေရာမှာ ပျက်စီး
မိသားစု ဆိုတာ
တန်ဘိုးမထားတတ်ခင် ပျောက်ဆုံးသွားတဲ့
ဘဝရဲ့အစိတ်အပိုင်း တစ်ခုပေါ့….. ။

ဇန်နဝါရီ ၂၀၊ ၂၀၁၃

Friday, January 18, 2013

Burma's Parliament Watch, Part Five

(ပြည်သူ့ခေတ် ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၂၉၊ ဇန်နဝါရီ ၁၇၊ ၂၀၁၃၊ စာမျက်နှာ ၁၈၊ ၃၀)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်

အပိုင်း (၅) အတိုက်အခံ မရှိတဲ့ လွှတ်တော်

မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာ နောက်ထပ်ပြောစရာရှိတာက အတိုက်အခံ မရှိအောင် ဖန်တီးထားတာပါ၊ တကယ်က ပါတီစုံအထွေထွေရွေးကောက်ပွဲ လို့ဆိုတဲ့ အတိုင်း ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်းစုံက ကိုယ်စားလှယ်ပေါင်းစုံ ပါဝင်ယှဉ်ပြိုင်ကြပြီး လွှတ်တော်ထဲကိုလဲ နိုင်ငံရေးပါတီပေါင်းစုံကို ကိုယ်စားပြုပြီး ရောက်ရှိလာကြတာပါ၊ နိုင်ငံရေးပါတီများမှာ မတူညီတဲ့ နိုင်ငံရေးဝါဒတွေ၊ လုပ်ငန်းစဉ်တွေ၊ ရည်ရွယ်ချက်တွေ ရှိကြပြီး သူတို့ကိုယ်စားပြုတဲ့ မဲဆန္ဒရှင်များရဲ့ အကျိုးစီးပွါးဆောင်ရွက်ရာမှာလဲ သူတို့ သက်ဆိုင်ရာ ပါတီ ရဲ့ မူဝါဒ၊ ရပ်တည်ချက်များ၊ ကတိကဝတ်များ အတိုင်း ဆောင်ရွက်ကြမှာပါ၊ ထုံးစံအတိုင်း လွှတ်တော်မှာ ကိုယ်စားလှယ်အများစု ရွေးချယ်ခံရတဲ့ နိုင်ငံရေးပါတီ (Majority Party) က လွှတ်တော်ရဲ့ ဦးဆောင်မှုနေရာကို ရရှိမှာဖြစ်ပေမည့် လူနည်းစုပါတီ (Minority Party) (သို့မဟုတ်) လူနည်းစုပါတီများ ရဲ့ အခန်းကဏ္ဏကို ပစ်ပယ်လို့မရပါ။ 

နိုင်ငံတကာ လွှတ်တော်များမှာတော့ လူနည်းစုပါတီ (သို့) ပါတီများဟာ အတိုက်အခံအင်အားစု (Opposition Force) ဖြစ်လာပြီး လွှတ်တော်တွင်း လူများစုပါတီ ရဲ့ ဆောင်ရွက်မှုများကို စောင့်ကြည့်ဝေဘန်ပြီး သူတို့ သက်ဆိုင်ရာပါတီများရဲ့ ရပ်တည်ချက်များကိုလဲ အခွင့်ရသလို တင်ပြ ဖော်ထုတ်ကြပါတယ်၊ အုပ်ချုပ်မှုအာဏာ၊ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ ဆိုတဲ့ နိုင်ငံတော်အာဏာသုံးရပ် အကြား အပြန်အလှန် ထိန်းကျောင်းပြုပြင်ဖို့ (Check and Balance) လိုအပ်သလို ဥပဒေပြုအဖွဲ့အစည်းအတွင်းမှာလဲ လူများစုပါတီကို  ထိန်းကျောင်းပြုပြင်ဖို့ လိုအပ်ပါတယ်၊တကယ်တော့ အတိုက်အခံအင်အားစုဆိုတာ လူများစုပါတီ က ထင်ရာစိုင်းပြီး အာဏာအလွဲသုံးတဲ့ အဆင့်မရောက်အောင် လွှတ်တော်တွင်း အနီးကပ် စောင့်ကြပ်ထိန်းကွတ်မည့် အင်အားစုဖြစ်တာမို့ အင်မတန်လိုအပ်တာပါ၊ အဲဒီ လိုအပ်ချက်က မြန်မာနိုင်ငံ လွှတ်တော်မှာတော့ ထူးဆန်းစွာ ပျောက်ဆုံးနေပါတယ်၊

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှာ အဓိက နိုင်ငံရေးပါတီကြီးနှစ်ခု ဖြစ်တဲ့ ရီပါတ်ဘလီကန် ပါတီ (Republican Party)  နှင့် ဒီမိုကရက်တစ်ပါတီ (Democratic Party) တို့က လွှမ်းမိုးထားပါတယ်၊ ဒီတော့ ရွေးကောက်ပွဲတခုအပြီး အမေရိကန် အောက်လွှတ်တော် နဲ့ အထက်လွှတ်တော်ကို ကြည့်မယ် ဆိုရင် ရီပါတ်ဘလီကန် ပါတီအမတ်များ၊ ဒီမိုကရက်တစ်ပါတီ အမတ်များ နဲ့ တသီးပုဂ္ဂလအမတ်များ ဆိုပြီး တွေ့ရမှာပါ၊ အခု ၂၀၁၂ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာ အောက်လွှတ်တော်မှာ ရီပါတ်ဘလီကန် ပါတီက ၂၃၅ နေရာနဲ့ လူများစုပါတီ ဖြစ်ပြီး ဒီမိုကရက်တစ်ပါတီက ၂၀၀ နေရာနဲ့ လူနည်းစုပါတီ ဖြစ်ပါတယ်၊ တသီးပုဂ္ဂလအမတ်မရှိပါ၊ အထက်လွှတ်တော်မှာတော့ ဒီမိုကရက်တစ်ပါတီက ၅၃ နေရာနဲ့ လူများစုပါတီ ဖြစ်ပြီး ရီပါတ်ဘလီကန် ပါတီက ၄၃ နေရာနဲ့ လူနည်းစုပါတီ ဖြစ်ပါတယ်၊ တသီးပုဂ္ဂလအမတ် ၂ ယောက်ရှိပြီး အဲဒီ နှစ်ယောက်စလုံးက ဒီမိုကရက်တစ်ပါတီ နဲ့လက်တွဲတာမို့ ဒီမိုကရက်တစ်ပါတီက စုစုပေါင်း ၅၅ နေရာ ရှိပါတယ်၊ ဘယ်လောက်ပဲ အမတ်အရေအတွက်ပိုသာသာ လူများစုပါတီ ဆိုပြီး ထင်ရာစိုင်းလို့မရပါ၊ လူနည်းစုပါတီကို အနိုင်ကျင့်လို့မရပါ၊ ဒီမိုကရေစီစနစ်ရဲ့ ကျင့်စဉ်များအတိုင်း လူများစုပါတီက မဲခွဲရင် အနိုင်ရတတ်ပေမည့် လူနည်းစုပါတီရဲ့ ဆန္ဒကိုလဲ အသိအမှတ်ပြု လေးစားရပါတယ်၊ 

တခါတရံ လူနည်းစုပါတီက တင်သွင်းတဲ့ ဥပဒေမူကြမ်းတွေကို လူများစုပါတီထဲက အမတ်တွေကပါ ထောက်ခံမဲ ပေးကြလို့ အနိုင်ရတာရှိသလို လူများစုပါတီက တင်သွင်းတဲ့ ဥပဒေမူကြမ်းဖြစ်ပေမည့် လူများစုပါတီအမတ်အချို့က လူနည်းစုပါတီအမတ်များနဲ့ အတူကန့်ကွက်မဲပေးကြလို့ အရေးနိမ့်ရတာလဲ ရှိပါတယ်၊ တခါတရံ ပါတီ ကြီးနှစ်ခုစလုံးက ထောက်ခံတဲ့ ကိစ္စဖြစ်လို့ နှစ်ဖက်ပါတီ ကိုယ်စားလှယ်များက ပူးတွဲတင်သွင်းတဲ့ ဥပဒေမူကြမ်းကို ပါတီ နှစ်ခုစလုံးက တခဲနက် ထောက်ခံအတည်ပြုကြတာလဲ ရှိပါတယ်၊ ထင်ရှားတဲ့ ဥပမာကတော့ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို ထောက်ခံတဲ့ ဥပဒေတွေ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုတံဆိပ် (Congressional Gold Medal) ချီးမြှင့်တဲ့ ဥပဒေ၊ စတာတွေပါပဲ၊

ကွန်ဂရက်လွှတ်တော် လူများစုခေါင်းဆောင်ဟာ လူနည်းစုခေါင်းဆောင်နဲ့ ညှိနှိုင်းပြီး ကွန်ဂရက် ရဲ့ တစ်နှစ်တာ အလုပ်လုပ်ချိန် သတ်မှတ်ရပါတယ်၊ ကော်မီတီ များမှာပါဝင်မည့် အဖွဲ့ဝင်အရေအတွက်ကို သတ်မှတ်ကြပါတယ်၊ လူများစုခေါင်းဆောင်က ကော်မီတီ ဥက္ကဋ္ဌ များကို တာဝန်ပေးခန့်အပ်ပြီး လူနည်းစု ခေါင်းဆောင်က လူနည်းစုပါတီကို ကိုယ်စားပြုမည့် ခေါင်းဆောင်ကို ရွေးချယ်ခန့်အပ်ပါတယ်၊ ကော်မီတီ တိုင်းမှာ လူများစုပါတီ က အရေအတွက်များပေမည့် လူနည်းစုပါတီ အမတ်များမှာလဲ ပြောရေးဆိုခွင့်ရှိပါတယ်၊ ကော်မီတီအစည်းအဝေးများ၊ ကြားနာပွဲများ၊ ဥပဒေကြမ်းများ မဲခွဲတာ၊ စုံစမ်းစစ်ဆေးမှုများကို ကော်မီတီ ဥက္ကဋ္ဌ က လူနည်းစုပါတီအမတ်များရဲ့ ခေါင်းဆောင် (Ranking Member) နဲ့ တိုင်ပင် အကောင်အထည်ဖော်ရပါတယ်၊  

အတိုက်အခံများ (သို့မဟုတ်) လူနည်းစုပါတီ ကို အထူးအခွင့်အရေးပေးထားတာက အထက်လွှတ်တော်မှာပါ၊ အထက်လွှတ်တော် မှာ ဥပဒေကြမ်းတွေကို မဲခွဲရာမှာ အဆင့်နှစ်ဆင့် ရှိပါတယ်၊ ဥပဒေမူကြမ်းတွေကို မဲခွဲတဲ့ အဆင့်မရောက်ခင် နှစ်ဖက်ပါတီက လွှတ်တော်အမတ်များ သက်ဆိုင်ရာ ဥပဒေမူကြမ်းကို အပြန်အလှန်ငြင်းခုံဆွေးနွေးကြ၊ ဖြည့်ဆွက်ကြ၊ ပြင်ဆင်ကြပါတယ်၊ အဲဒီလို ဆွေးနွေးငြင်းခုံနိုင်ဖို့ လုံလောက်တဲ့အချိန်ကာလကို လူများစုပါတီခေါင်းဆောင်က လူနည်းစုပါတီခေါင်းဆောင် နဲ့ ညှိနှိုင်းသတ်မှတ်ရပါတယ်၊ အဲဒီမှာ အထက်လွှတ်တော်ရဲ့ လုပ်ငန်းစဉ် (Parliamentary Procedure) တခုဖြစ်တဲ့ Filibuster ဆိုတာက လူနည်းစုပါတီကို ဒီဥဒေမူ ကြမ်းကို မဲခွဲတဲ့အဆင့်မရောက်အောင် ဟန့်တားနိုင်တဲ့ အခွင့်အရေးပေးပါတယ်၊
Filibuster ဆိုတာက လူများစုပါတီဘက်က တင်ပြထားတဲ့ဥပဒေမူကြမ်းကို ဆက်လက်ဆွေးနွေးစရာမလိုတော့တဲ့ အကြောင်း (To end the debate) မဲခွဲဆုံးဖြတ်ဖို့ လူနည်းစုခေါင်းဆောင်က အဆိုပြုတာပါ၊ အတိုက်အခံရဲ့ စိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့ လူများစုပါတီက အမတ် ၁၀၀ ရှိတဲ့အထက်လွှတ်တော်မှာ “ဆွေးနွေးမှုများအဆုံးသတ်ရေးအဆိုကို ကန့်ကွက်ပြီး ဆက်လက်ဆွေးနွေးပြီး မဲခွဲဖို့သဘောတူတဲ့” အနည်းဆုံးထောက်ခံမဲ ၆၀ လိုအပ်ပါတယ်၊ ဒီအဆင့်ကို ကျော်လွှားနိုင်ဖို့ လိုအပ်တဲ့ မဲ ၆၀ မပြည့်မချင်း လူများစုပါတီအမတ်များဟာ သူတို့ အတည်ပြုချင်တဲ့ ဥပဒေမူကြမ်းကို လူများစုမဲနဲ့ မဲခွဲဆုံးဖြတ်အတည်ပြုနိုင်တဲ့ အဆင့်ကို မရောက်တော့ပါဘူး၊ Filibuster ဟာ အမေရိကန်ပါတီ ကြီး နှစ်ခုစလုံးက အတိုက်အခံနေရာရောက်တဲ့အချိန်မှာ တလှည့်စီအသုံးချကြတဲ့ လွှတ်တော်ရေးရာ လက်နက်တစ်ခုဖြစ်ပါတယ်၊ ဒီတော့ အခု ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်မှာ ၅၅ မဲ ရှိပေမည့် ရီပါတ်ဘလီကန်ပါတီဘက်က အနည်းဆုံး ၅ မဲမှမရရင် မဲ ၆၀ မပြည့်လို့ Filibuster ကို မကျော်လွှားနိုင်ပဲသူတို့ တင်ချင်တဲ့ ဥပဒေ ကို မဲခွဲလို့မရနိုင်ပါ၊ ဒီအဆင့်ကို ဖြတ်သန်းနိုင်မှ မဲခွဲတဲ့အဆင့်ကို ရောက်ပြီး အဲဒီမှာတော့ Simple Majority လို့ခေါ်တဲ့ ၅၁ မဲ ရရင် ဥပဒေကို အတည်ပြုနိုင်ပါတယ်၊ Filibuster က လူများစုပါတီက လူနည်းစုပါတီအပေါ် တရားလွန်အနိုင်ကျင့်လို့မရအောင် ဖန်တီးထားတာပါ၊ အထက်လွှတ်တော်မှာပဲ ရှိပါတယ်၊ အောက်လွှတ်တော်မှာ မရှိပါ၊

မြန်မာနိုင်ငံရဲ့ လွှတ်တော်မှာတော့ အတိုက်အခံရဲ့ အခန်းကဏ္ဏလုံးဝမတွေ့ရပါ၊ လွှတ်တော်ရဲ့ အာဏာအရပ်ရပ်ဟာ ဥက္ကဋ္ဌ နှစ်ယောက်ရဲ့ လက်ထဲမှာပဲ ရှိပြီး အတိုက်အခံခေါင်းဆောင် (သို့) လူနည်းစုပါတီခေါင်းဆောင်နေရာကို လုံးဝ ဖန်တီးမထားပါ၊ ၂၀၁၀ ရွေးကောက်ပွဲ နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲရလာဒ်များအရ လွှတ်တော်နှစ်ရပ်စလုံးမှာ ကြံ့ခိုင်ရေးပါတီက ၅၅%  ရထားပြီး အခြားပါတီများအားလုံးပေါင်းရင် ၂၀% လောက်ရထားပါတယ်၊ တပ်မတော်ကိုယ်စားလှယ်များက ၂၅% နေရာယူထားပါတယ်၊ ကြံ့ခိုင်ရေးပါတီ က Super Majority လို့ခေါ်တဲ့ အပြတ်အသတ်အားကောင်းနေတာမို့ ကော်မီတီ ဥက္ကဋ္ဌ အားလုံးနီးပါးနဲ့  ကော်မီတီဝင်အများစုက ကြံ့ခိုင်ရေးပါတီ ကပဲဖြစ်တာ အံ့ဩစရာ မဟုတ်ပေမည့် လွှတ်တော်နှစ်ရပ်လုံးမှာရော၊ ကော်မီတီ များအားလုံးမှာပါ လူများစုပါတီ က ထင်ရာမစိုင်းအောင်၊ အာဏာအလွဲသုံးစားမလုပ်အောင် ထိန်းညှိပေးရမည့် အတိုက်အခံရဲ့ အခန်းကဏ္ဏလုံးဝ မရှိပဲ လွှတ်တော်တွင်းပါတီများအားလုံးဟာ အာဏာရပါတီ နဲ့ သူ့ရဲ့ မဟာမိတ်များဖြစ်နေတာ ဝမ်းနည်းစွာ တွေ့ရှိရပါတယ်၊

တကယ်တော့လဲ အတိုက်အခံရဲ့ အခန်းကဏ္ဏဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌန်းထားမှ၊ လူများစုပါတီက အသိအမှတ်ပြုမှ မဟုတ်ပါ၊ လွှတ်တော်ထဲမှာ အတော်အတန်အားကောင်းမှ မဟုတ်ပါ၊ လူနည်းစုရွေးချယ်ခံရတဲ့ပါတီတွေ စုပေါင်းပြီး အတိုက်အခံနေရာကို ကျေကျေနပ်နပ်ယူပြီး လူများစုပါတီကို စောင့်ကြည့်ဝေဘန်ရင်ဖြင့် လွှတ်တော်ဟာ ကျန်းမာသန်စွမ်းတဲ့ ဥပဒေပြုအဖွဲ့အစည်းဖြစ်လာမှာပါ၊ ဒီနေရာမှာ စင်္ကာပူ နိုင်ငံက အတိုက်အခံအမတ်များကို ဥပမာပြချင်ပါတယ်၊ စင်္ကာပူ နိုင်ငံမှာ ဥပဒေပြုလွှတ်တော် တစ်ရပ်ပဲ ရှိပါတယ်၊ အဲဒီလွှတ်တော်မှာ အရွေးချယ်ခံ အမတ် ၈၇ ယောက်နဲ့ ခန့်အပ်တဲ့အမတ် ၁၂ယောက် စုစုပေါင်း ၉၉ ယောက်ရှိပြီး ပြည်သူ့လှုပ်ရှားမှုပါတီ (People’s Action Party) ကပဲ နှစ်ပေါင်းများစွာ လွှတ်တော်ရဲ့ ၉၀% ကို ထိန်းချုပ်ထားတာပါ၊ ၂၀၁၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ  ပြည်သူ့လှုပ်ရှားမှုပါတီ က ၈၁ ယောက်ရွေးချယ်ခံရပြီး အလုပ်သမားပါတီ (Workers’ Party) က ၈ နေရာနဲ့ စကာင်္ပူပြည်သူ့ပါတီ (Singapore Peoples’ Party) က တစ်နေရာ ရွေးချယ်ခံရပါတယ်၊ အလုပ်သမားပါတီ နဲ့စကာင်္ပူပြည်သူ့ပါတီပေါင်းပြီး အမတ်နေရာ ၉ နေရာ (လွှတ်တော်တစ်ခုလုံးရဲ့ ၉% မျှ) နဲ့ အတိုက်အခံအလုပ်ကို ကျေကျေနပ်နပ် တာဝန်ကျေကျေဆောင်ရွက်ကြပါတယ်၊ သူတို့ရဲ့ ပါးစပ်တွေကိုပိတ်ဖို့ အာဏာရပါတီက ကမ်းလှမ်းတဲ့ ရာထူးများ၊ အခွင့်အရေးများကို လက်မခံကြပါ၊ လွှတ်တော်ထဲမှာ အင်အားဘယ်လောက်နည်းနည်း စင်္ကာပူ အတိုက်အခံအမတ်တွေဟာ သူတို့ကိုယ်စားပြုတဲ့ပါတီ၊ သူတို့ကိုယ်စားပြုတဲ့ မဲဆန္ဒရှင်များ ကိုယ်စား အာဏာရပါတီ နဲ့ အာဏာရအစိုးရရဲ့ မှားယွင်းမှု၊ လွဲချော်မှု၊ မတရားမှုတွေကို ဝေဘန်ကန့်ကွက်နေကြတာ အင်မတန်လေးစားစရာ ကောင်းလှပါတယ်၊

အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံမှာလဲ ကွန်ဂရက်လွှတ်တော်မှာ အတိုက်အခံပါတီ ရဲ့ အခန်းကဏ္ဏအပြင် နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဏကို ထည့်သွင်းပြဋ္ဌန်းထားတာ မတွေ့ရပါ၊ အတွေ့အကြုံတွေကို အခြေပြုပြီး ကွန်ဂရက်လွှတ်တော်က ဥပဒေများ ထပ်မံပြဋ္ဌန်းပြီး လွှတ်တော်ကို အမှန်တကယ် လူထုကို ကိုယ်စားပြုအောင်၊ လူနည်းစုရဲ့ အခွင့်အရေးကို လေးစားရာရောက်အောင်၊ လူများစုပါတီက အာဏာအလွဲသုံးစားမလုပ်နိုင်အောင် ပြုပြင်ဖန်တီးကြတာပါ၊ မြန်မာနိုင်ငံလွှတ်တော်မှာလဲ လာမည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်သင့်တာတွေကို ဥပဒေပြဋ္ဌန်းပြင်ဆင်နိုင်ကြမယ် ဆိုရင် သိပ်ကောင်းမှာပါ၊

ရှေ့လာမည့် ရွေးကောက်ပွဲတွေမှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလိုပဲ သန့်ရှင်းမျှတမယ် ဆိုရင် နိုင်ငံရေးပါတီ တစ်ခုတည်းက အပြတ်အသတ်အနိုင်ရတာမျိုး (Landslide Victory) မဖြစ်နိုင်တော့ပါ၊ ဒီမိုကရေစီ စံနစ် ကြံ့ခိုင်သန်စွမ်းလာတာနဲ့အမျှ အားကောင်းတဲ့ နိုင်ငံရေးပါတီတွေ ပိုမိုများပြားလာပြီး ပြည်သူလူထုကလဲ အတွေ့အကြုံရင့်ကြက်မှုနဲ့အတူ မှန်ကန်တဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်နိုင်ကြမှာပါ၊ အဲဒီအခါမှာ နိုင်ငံရေးပါတီ အများအပြားဟာ လွှတ်တော် နှစ်ရပ်စလုံးမှာ အတော်အသင့်အားကောင်းတဲ့ အရေအတွက်နဲ့ ကိုယ်စားပြုပါဝင်နိုင်ကြမှာပါ၊ ဒီနေ့ လူများစုပါတီဟာ နောက်တချိန်မှာ လူနည်းစုပါတီ ဖြစ်သွားနိုင်ပါတယ်၊ ရွေးကောက်ပွဲများကို ဖြတ်သန်းရင်း လူများစုပါတီ ဖြစ်လိုက်၊ လူနည်းစုပါတီ ဖြစ်လိုက်နဲ့ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ခံယူပြီး ပြည်သူ နဲ့ နိုင်ငံကို အကျိုးပြုကြရမှာပါ၊ အခုကစလို့ လွှတ်တော်မှာ အင်မတန်အရေးကြီးတဲ့ အတိုက်အခံပါတီ ရဲ့ အခန်းကဏ္ဏ၊ လူနည်းစုပါတီများရဲ့ အခွင့်အရေးကို သတ်မှတ် ပြဋ္ဌန်းနိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဥပဒေပြုယန္တရားကြီးဟာ ပိုပြီးကျန်းမာလာမှာပါ၊

လေးစားစွာ၊
အောင်ဒင်
ဒီဇင်ဘာ ၉၊ ၂၀၁၂