BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, July 31, 2013

Peace in Rangoon


(ကိုသန်းဋ္ဌေးမောင်ရဲ့ ပန်းချီကား၊ ခွင့်မတောင်းပဲ ယူသုံးလိုက်ပါတယ်၊)

ရန်ကုန် ငြိမ်းချမ်းရေး
အောင်ဒင်
(၂၀၁၃ခုနှစ် ဩဂုတ်လ ၈ရက်နေ့တွင် ကျရောက်သည့် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး ၂၅နှစ်ပြည့်သို့ ဦးညွတ်ဂုဏ်ပြုခြင်း၊)


ရန်ကုန်မှာ
တိုက်ပွဲတွေမရှိတော့ဘူး
အကြမ်းဘက်ဖြိုခွဲတာတွေ မရှိတော့ဘူး
စွမ်းအားရှင်တွေမရှိတော့ဘူး…၊

ရန်ကုန်မှာ လွတ်လပ်စွာပြောဆိုနေကြပြီ
ရန်ကုန်မှာ လွတ်လပ်စွာ ရေးသားထုတ်ဝေနေကြပြီ
ရန်ကုန်မှာ ဧည့်စာရင်းတိုင်ဖို့ မလိုတော့ဘူး
ရန်ကုန်မှာ အစိုးရနဲ့ လွှတ်တော်က လူထုအသံကို နားထောင်သတဲ့
ရန်ကုန်မှာ စစ်တပ်က သိမ်းထားတဲ့ မြေတွေ ပြန်ပေးမယ်တဲ့… ၊

ရန်ကုန်မှာ
ကမ္ဘာ့ခေါင်းဆောင်တွေ အလည်အပါတ်လာနေကြပြီ၊
နိုင်ငံခြားသားတွေ ခြေချင်းထပ်နေကြပြီ၊
လူ့အခွင့်အရေးသင်တန်းတွေ ပေးနေကြပြီ၊
ဟိုတယ်တွေဟာ သင်တန်းခန်းမတွေဖြစ်ပြီး
ဒီမိုကရေစီအင်အားစုတွေ စွမ်းရည်မြင့်မားလာကြပြီ၊
အလုပ်သမားတွေ သမဂ္ဂတွေ ဖွဲ့ကြပြီ၊
လယ်သမားတွေ ထွန်တုံးတိုက်ပွဲ ဆင်ရဲကြပြီ၊
ဥပဒေပညာရှင်တွေက အနိုင်ကျင့်ခံရသူဘက်က ရပ်တည်ရဲကြပြီ၊

ရန်ကုန်မှာ
ရှစ်လေးလုံး ငွေရတုသဘင်ကြီးကို
ဒီမိုကရေစီအင်အားစုတွေ
နိုင်ငံရေးအကျဉ်းသားဟောင်းတွေ
နိုင်ငံရေးပါတီတွေ ၊လွှတ်တော်အမတ်တွေ၊
အစိုးရဝန်ကြီးတွေ၊ ခရိုနီတွေ
အတူလက်တွဲ၊ ခြိမ့်ခြိမ့်သဲ ကျင်းပ
ကျဆုံးခဲ့သူတွေကို သတိရကြမယ်တဲ့…၊

ရန်ကုန်မှာ …………..၊

ကျနော် ပြောလို့မဆုံးသေးပါဘူး
ရေတစ်ဝက်မြုတ်နေတဲ့ ဗုံးခိုကျင်းထဲမှာ
အဖျားတက်နေတဲ့
ကချင် ဒုက္ခသည် ကလေးမလေး ခေါင်းထောင်ထလာတယ်၊

"ဪ၊ တော်သေးတာပေါ့၊
သမီးက ရန်ကုန်က လူတွေလည်း
သမီးတို့လိုပဲ ဒုက္ခရောက်နေကြတယ်မှတ်တာ
အခုလို သူတို့ ငြိမ်းချမ်းရေးရနေတာကြားရတော့
သူတို့အတွက်
သမီး ဝမ်းသာလိုက်တာ"… တဲ့၊

ဒီကလေးရဲ့ စကားကို
လက်ပံတောင်းတောင်ကြီးက ထောက်ခံတဲ့အနေနဲ့
သူ့ရင်ဘတ်ထဲက
ကြေးနီတွေကို သွန်ချလိုက်တယ်၊
ဧရာဝတီမြစ်ဆုံကလည်း
နောက်ဆုံးဖြစ်တော့မည့် ရေကို အညင်သာဆုံး စီးဆင်းပြီး
ကောင်းချီးဩဘာပေးတယ်၊

ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ကိုဖြတ်ပြီး
တရုတ်ပြည်အရောက်သွယ်တန်းထားတဲ့
ကွန်ကရစ်ပိုက်လိုင်းကြီးတွေထဲ
အလိုမတူပဲ ရောင်းစားခံလိုက်ရတဲ့
မြန်မာပြည်ဖွား သဘာဝဓာတ်ငွေ့များကလည်း
သက်ပြင်းချပြီး အသိအမှတ်ပြုကြတယ်၊

အဲဒီ အချိန်မှာပဲ
အရက်မူးနေတဲ့ ယူနီဖောင်းဝတ် တစ်ယောက်က
သူ့လက်ထဲက မောင်းပြန်ရိုင်ဖယ်သေနတ်နဲ့
ကောင်းကင်ကို ချိန်ရွယ်ပြီး
ကျည်ဆံတွေနဲ့ ဖောက်ခွဲပစ်လိုက်တော့
ပါတ်ဝန်းကျင် တစ်ခုလုံး
ဆူညံသွားတာပေါ့၊

ပြီးတော့ သူကပြောသေးရဲ့
"ထာဝရ ငြိမ်းချမ်းရေးရဖို့
ထာဝရစစ်တိုက်ရမယ်"... တဲ့၊

ဒီနေရာမှာတင်
ဒီကဗျာကို ဆက်ရေးချင်စိတ်မရှိတော့ပဲ ရပ်တန့်လိုက်ရတာပေါ့၊

အောင်ဒင်
ဇူလိုင် ၃၁၊ ၂၀၁၃


Saturday, July 27, 2013

Burma's Parliament Watch Part 30

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၅၊ ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၃၀) လွှတ်တော၊် ပြည်သူ့စစ်နှင့် ဘိန်းဘုရင်များ

ပြည်သူ့စစ် နှစ်မျိုး

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူ့စစ်တွေကို အမျိုးအစား နှစ်မျိုးခွဲခြားသတ်မှတ်နိုင်ပါတယ်၊ ပထမတစ်မျိုးက ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ ပြည်သူ့စစ်မဟာဗျူဟာအရ ဖွဲ့စည်းထားတဲ့ ကျေးရွာပြည်သူ့စစ်တပ်ဖွဲ့များဖြစ်ပြီး နောက်တစ်မျိုးကတော့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲက အစိုးရလက်အောက်ကို ခိုလှုံကြတဲ့ ခွဲထွက်အုပ်စုများဖြစ်ကြပါတယ်၊ အဲဒီအဖွဲ့တွေဟာ မူလက ကရင်အမျိုးသားအစည်းအရုံး (Karen National Union/KNU) ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organization/KIO)၊ မွန်ပြည်သစ်ပါတီ (New Mon State Party/NMSP) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ အစိတ်အပိုင်းများဖြစ်ခဲ့ကြပါတယ်၊ နောက်တော့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့များကနေ ခွဲထွက်၊ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးပြီး ဘက်ပြောင်းလာကြတဲ့အခါ မြန်မာအစိုးရက ၎င်းတပ်ဖွဲ့များကို မဖျက်သိမ်းပဲ လက်နက်ကိုင်ဆောင်ခွင့်ပေးပြီး သူတို့စိုးမိုးရာနေရာဒေသတွေမှာ ပြည်သူ့စစ်တပ်ဖွဲ့များအဖြစ် ဆက်လက်ရပ်တည်ခွင့်ပေးထားပါတယ်၊ 

အဲဒီ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအဖြစ်ကနေ အသွင်ပြောင်းလာတဲ့ ပြည်သူ့စစ်တပ်ဖွဲ့များဟာ မြန်မာ့တပ်မတော်နဲ့ အစိုးရရဲ့ အထူးအခွင့်အရေးပေးမှုတွေရလို့ ပိုပြီးခိုင်မာအားကောင်း၊ ပိုပြီးချမ်းသာကြွယ်ဝပြီး၊ ပိုပြီး ဩဇာရှိကြပါတယ်၊ မြန်မာစစ်အစိုးရအပေါ်မှာ သစ္စာခံတဲ့ရလာဒ်အဖြစ် သူတို့စိုးမိုးရာနယ်မြေတွေမှာ ထင်သလိုအုပ်စိုးချယ်လှယ်နိုင်ကြပြီး အချို့ တိုင်းရင်းသား ပြည်သူ့စစ်ခေါင်းဆောင်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲကတဆင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ ပြည်နယ်လွှတ်တော်များထဲကို လွှတ်တော်ကိုယ်စားလှယ်များအဖြစ် အာဏာရ ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုရောက်ရှိလာကြပါတယ်၊

ရှမ်းပြည်နယ်ထဲက ပြည်သူ့စစ်တပ်ဖွဲ့အချို့ရဲ့ ပြည်သူလူထုအပေါ် လက်နက်အားကိုး ခြိမ်းခြောက်အနိုင်ကျင့်မှုတွေ၊ ဥပဒေချိုးဖောက်သူများကို ဆက်ကြေးတောင်းပြီး အားပေးကူညီတာတွေ၊ ဒီတပ်ဖွဲ့ဝင်များကိုယ်တိုင်ရဲ့ ဥပဒေချိုးဖောက်မှုတွေကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်အုပ်ချုပ်ရေးအဖွဲ့များက အရေးမယူရဲတာတွေကို ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်စီက ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့ပါတယ်၊ အင်မတန်စိုးရိမ်စရာကောင်းပါတယ်၊ သာမာန်ကျေးရွာပြည်သူ့စစ်ကိုတောင်မှ ဥပဒေချိုးဖောက်တာကို အရေးမယူနိုင်ဘူးဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုခေါင်းဆောင်ဘဝကနေ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေက ခေါင်းဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အသွင်ပြောင်းပြည်သူ့စစ်တပ်ဖွဲ့တွေကို အရေးယူဖို့ဆိုတာ ပိုပြီးခက်ခဲပါလိမ့်မယ်၊

ရှမ်းပြည်မြောက်ပိုင်းက ပြည်သူ့စစ် ပြဿနာ

၂၀၁၃ခုနှစ် ဇွန်လ ၂၇ရက်နေ့က ဧရာဝတီမဂ္ဂဇင်းရဲ့ အင်တာနက်စာမျက်နှာမှာ "လွှတ်တော်အမတ်နှစ်ဦးနဲ့ ရှမ်းမြောက်တောင်တန်းမူးယစ်နယ်မြေ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ဖော်ပြပါတယ်၊ ဆောင်းပါးရှင်က (ကို) ကျော်ခ ဖြစ်ပါတယ်၊ အဲဒီဆောင်းပါးကို http://burma.irrawaddy.org/archives/43179 မှာကြည့်နိုင်ပါတယ်၊ ဧရာဝတီမဂ္ဂဇင်းဟာ တစ်ချိန်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာအခြေစိုက်တဲ့ သတင်းဋ္ဌာနတစ်ခုဖြစ်ပေမည့် အခုအချိန်မှာတော့ မြန်မာနိုင်ငံတွင်းမှာ ရုံးဖွင့်ပြီး သတင်းမဂ္ဂဇင်းထုတ်ဝေဖြန့်ချီနေပါပြီ၊ ပြည်တွင်းမှာ ထုတ်ဝေတဲ့ ဧရာဝတီမဂ္ဂဇင်းမှာ ဒီဆောင်းပါးဖော်ပြခြင်းရှိမရှိကိုတော့ မသိရပါ၊

ဆောင်းပါးရှင်က ရှမ်းပြည်နယ် မြောက်ပိုင်းတောင်တန်းဒေသမှာ အင်မတန် တန်ခိုးဩဇာကြီးမားတဲ့ ဘိန်းဘုရင်ကြီးနှစ်ယောက်အကြောင်းကို သူကိုယ်တိုင် အဲဒီဒေသကို သွားရောက်လေ့လာခဲ့တဲ့ အတွေ့အကြုံများ၊ ဒေသခံပြည်သူများနဲ့ ကိုယ်တိုင်ဆွေးနွေးချက်များကို အခြေခံပြီး ဒီဆောင်းပါးကိုရေးပါတယ်၊ ဒီဘိန်းဘုရင် နှစ်ယောက်ဟာ ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်များဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုလို့ ပြည်သူ့လွှတ်တော်နဲ့ ရှမ်းပြည်နယ်လွှတ်တော်များမှာ လွှတ်တော်ကိုယ်စားလှယ်များလည်း ဖြစ်နေကြပါတယ်တဲ့၊ သူတို့နှစ်ယောက်စလုံးဟာ သူတို့ထိန်းချုပ်ခွင့်ရထားတဲ့ နယ်မြေအတွင်းက တောင်တန်းတွေမှာ ကိုယ်တိုင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ အခွန်အခယူပြီး ဘိန်းစိုက်ပျိုးခွင့်ပြုမှု၊ ဘိန်းဖြူ၊ ဘိန်းမဲအပါအဝင် မူးယစ်ဆေးဝါးပေါင်းစုံကို လက်သိပ်ထိုးရောင်းချခွင့်ပြုမှုတွေမှာ အဓိကပါဝင်ပါတ်သက်သူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်၊

အဲဒီဆောင်းပါးမှာပဲ ဆောင်းပါးရှင် ဧရာဝတီမဂ္ဂဇင်းရဲ့ သတင်းထောက်က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပြည်သူ့စစ်တပ်ဖွဲ့များရဲ့ ထိန်းချုပ်နယ်မြေဒေသအတွင်း ဘိန်းဖြူ၊ ဘိန်းမည်းနဲ့အခြားမူးယစ်ဆေးဝါးများကို ရောင်းချမှု၊ သုံးစွဲမှုများပြုလုပ်နေတဲ့ ကျေးရွာများစာရင်း၊ ဘိန်းစိုက်ပျိုးနေကြသော ကျေးရွာများစာရင်းနဲ့ ထိန်းချုပ်ရာ၊ ပါဝင်ရာ၊ အခွန်ကောက်ခံရာ ပြည်သူ့စစ်တပ်ဖွဲ့များရဲ့ အမည်စာရင်းကို စနစ်တကျ လက်လှမ်းမီသလောက် စုစည်းဖော်ပြထားပါတယ်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်ရာ၊ အခွန်ကောက်ခံရာမှာတင်မက သစ်တောတွေကိုခုတ်လှဲပြီး သစ်ထုတ်လုပ်ကြ၊ သတ္တုတွင်းတွေကိုလည်း တူးဖော်ပြီး တဘက်နိုင်ငံကို ရောင်းချကြလို့ အင်မတန်ချမ်းသာကြွယ်ဝကြတယ်လို့ သိရပါတယ်၊ ဘိန်းဘုရင် ပြည်သူ့စစ်တွေက မကောင်းမှုမျိုးစုံနဲ့ ချမ်းသာကြွယ်ဝကြပေမည့် ဒေသခံပြည်သူများကတော့ အင်မတန်မှ ဆင်းရဲကြပ်တည်းကြပါတယ်၊ ကျေးရွာတွေထဲမှာ မူးယစ်ဆေးဝါးတွေကို အချိန်အခါမရွေး ဝယ်ယူသုံးစွဲခွင့်ရနေလို့ မူးယစ်ဆေး စွဲသူအရေအတွက် များပြားလာပြီး အကျင့်စာရိတ္တပျက်ပြားမှုတွေ၊ ပညာရေးနှောင့်နှေးမှုတွေ၊ စီးပွါးရေးကျဆင်းမှုတွေ၊ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်၊

ပအို့ပြည်သူ့စစ် ပြဿနာ

နောက်ထပ်ပြည်သူ့စစ်ပြဿနာတစ်ခုက ရှမ်းပြည်နယ် တောင်ကြီးမြို့ နယ် အပိုင် မောက်ဆံကျေးရွာနဲ့ ဆတ်သေကျေးရွာများမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဒီမိုကရက်တစ်မြန်မာ့အသံက ၂၀၁၃ခုနှစ် ဇွန်လ ၄ရက်နေ့မှာ ထုတ်ပြန်တဲ့ သတင်းများအရ သိရပါတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဒေသခံ ပအို့ပြည်သူ့စစ်တပ်ဖွဲ့တွေက ဆတ်သေကျေးရွာက အဖွဲ့ချုပ်ပါတီဝင် ၅၇ ယောက်ကို ခြိမ်းခြောက်ပြီး ပါတီက နှုတ်ထွက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်၊ အဲဒီပါတီဝင်တွေကို ပအို့ပြည်သူ့စစ်များက နှစ်ရက်၊ သုံးရက်ကြာ ဖမ်းဆီးချုပ်နှောင်ပြီး ပါတီမှ နှုတ်ထွက်စာတွေကို အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်၊အဖွဲ့ချုပ်ရဲ့ မောက်ဆံကျေးရွာရုံးခန်းကိုလည်း ပအို့ပြည်သူ့စစ်တွေက မေလ ၁၆ရက်နေ့က လက်နက်အပြည့်အစုံနဲ့ ဝိုင်းထားခဲ့တယ်လို့ သိရပါတယ်၊

ဒီစွပ်စွဲချက်ကို ပအို့ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်လက ငြင်းဆန်ပါတယ်၊ သူက ဇွန်လ ၃ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး သတင်းထောက်များကို ရှင်းပြရာမှာ အဖွဲ့ချုပ်ဝင်များ နှုတ်ထွက်ကြတယ်ဆိုတာ မှန်ပေမည့် သူတို့သဘောနဲ့ သူတို့နှုတ်ထွက်ကြတာဖြစ်ကြောင်း၊ ၎င်းအဖွဲ့ဝင်များကို ဖမ်းဆီးတာမှန်ပေမည့် ခေတ္တခဏသာဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ မောက်ဆံကျေးရွာ အဖွဲ့ချုပ်ရုံးခန်းကို ပအို့တပ်ဖွဲ့များက ဝိုင်းတယ်ဆိုတာလည်း မမှန်ကြောင်း၊ ပအို့တပ်ဖွဲ့များဟာ နယ်မြေလုံခြုံရေးအရ ကင်းလှည့်ရင်း အဲဒီ ရုံးခန်းရှေ့ရောက်ခဲ့တာသာဖြစ်ကြောင်းနဲ့ ရုံးခန်းထဲကို ခြေတစ်ဖဝါးတောင် မချခဲ့ကြောင်း ငြင်းဆိုပါတယ်၊
ဗိုလ်မှူးကြီးခွန်လ ဆိုသူက သတင်းထောက်များကို ပြောပါတယ်၊ ခင်ဗျားတို့ကိုယ်တိုင် ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ အဖွဲ့ချုပ်မှ နှုတ်ထွက်သူ ပါတီဝင်ဟောင်းများကို မေးကြည့်ပါလို့ ဆိုပါတယ်၊ ဒါပေမည့် သတင်းစာရှင်းလင်းပွဲကို ဗိုလ်မှူးကြီးခွန်လနဲ့အတူ တက်ရောက်လာသူများဟာ ကျေးရွာလူကြီးများဖြစ်ပြီး ဖိအားပေးလို့ နှုတ်ထွက်ခဲ့ရသူ အဖွဲ့ချုပ်ဝင်များ တစ်ယောက်မှမပါဘူးလို့ သိရပါတယ်၊ အဖွဲ့ချုပ်ကရော၊ ပအို့ပြည်သူ့စစ်တပ်ဖွဲ့ကပါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းကြတယ်လို့လည်း သိရပါတယ်၊

ဒီပြဿနာမှာ ပါဝင်တဲ့ ပအို့ပြည်သူ့စစ်တပ်ဖွဲ့ဆိုတာ တစ်ချိန်တုံးက ပအို့အမျိုးသားတပ်မတော် (Pa O National Army) ဆိုတဲ့အမည်နဲ့ စစ်အစိုးရကို လက်နက်ကိုင် ပုန်ကန်ခဲ့တာပါ၊ နောက်ပိုင်းတော့ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးရယူပြီး စစ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ အဲဒီဒေသကို ထိန်းချုပ်ခွင့်ရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်နေပါတယ်၊ ပြည်သူ့စစ်ဖြစ်ပြီးတဲ့နောက် အဲဒီဒေသက လယ်မြေတွေကို အဓမ္မသိမ်းယူခဲ့တာကြောင့် လယ်သိမ်းခံလယ်သမားများ သူတို့ရဲ့ လယ်မြေတွေပြန်ရရေးအတွက် အကူအညီပေးနေတဲ့ ဒေသဆိုင်ရာ အဖွဲ့ချုပ်အဖွဲ့ဝင်တွေအပေါ် ပအို့ပြည်သူ့စစ်များက ရန်ညှိုးထားကြတယ်လို့လည်း ကြားသိရပါတယ်၊

စုံစမ်းစစ်ဆေးသင့်သော ပြဿနာများ

အထက်ဖော်ပြပါ ပြဿနာနှစ်ခုဟာ မြန်မာနိုင်ငံတစ်ဝှမ်း၊ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ပြည်သူ့စစ်ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့များနဲ့ပါတ်သတ်ပြီး နှစ်ပေါင်းများစွာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ပြဿနာများထဲက အချို့ဖြစ်ပါတယ်၊ အလားတူပြဿနာတွေ အများကြီး ရှိနေပါတယ်၊ ပထမပြဿနာမှာဆိုရင် တိုင်းရင်းသားပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်၊ ဒေသတွင်း ဘိန်းဖြူ၊ ဘိန်းမည်းနဲ့ အခြားမူးယစ်ဆေးဝါးများ စိုက်ပျိုး၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချ၊ အခွန်ကောက်ခံနေတဲ့ ဘိန်းရာဇာတွေဟာ ကြံ့ခိုင်ရေးပါတီက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကြီးများ ဖြစ်နေကြတယ်လို့ ဆိုပါတယ်၊ အင်မတန်ကြောက်စရာကောင်းတဲ့ စွပ်စွဲချက်ပါ၊ ပြည်ထောင်စုလွှတ်တော်ရဲ့ ဂုဏ်သိက္ခာ၊ ပြည်နယ်လွှတ်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ဂုဏ်သိက္ခာများကို အကြီးအကျယ်ထိခိုက်စေတာမို့ ဒီစွပ်စွဲချက်မှန်မမှန် စုံစမ်းစစ်ဆေးသင့်ပါတယ်၊ 

ဒုတိယပြဿနာမှာလည်း ဒေသခံ ပြည်သူ့စစ်ခေါင်းဆောင်က ဗိုလ်မှူးကြီးရာထူးနဲ့ ရပ်တည်ခွင့်ရှိမရှိ၊ ဒီ ပအို့ပြည်သူ့စစ်တပ်ဖွဲ့ဟာ ဒေသခံပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ လယ်မြေတွေကို အဓမ္မသိမ်းပိုက်ရာမှာ ပါဝင်ခြင်းရှိမရှိ၊ ပအို့ပြည်သူ့စစ်တပ်ဖွဲ့ဟာ ဘယ်ဥပဒေ၊ ဘယ်အာဏာပိုင်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေသလဲ၊ အမှန်တကယ်ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ဖမ်းဆီးခြိမ်းခြောက်ပြီး ပါတီက နှုတ်ထွက်ခိုင်းခြင်းဟုတ် မဟုတ် ဆိုတာတွေကို စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူသင့်ပါတယ်၊
ဒီပြဿနာတွေကို ပြည်ထောင်စုလွှတ်တော်ကရော၊ အစိုးရအဖွဲ့ကရော အရေးတယူစုံစမ်းစစ်ဆေးဖို့၊ လက်နက်ကိုင်အင်အားစုတွေရဲ့ သာမာန်ပြည်သူတွေအပေါ် အနိုင်ကျင့်မှုတွေကို ရပ်တန်းကရပ်အောင် အရေးယူဆောင်ရွက်ဖို့လိုပါတယ်၊ စုံစမ်းစစ်ဆေးရာမှာလည်း ကြံ့ခိုင်ရေးပါတီဝင်များ၊ လက်ရှိလွှတ်တော်နဲ့ အစိုးရခေါင်းဆောင်များမပါဝင်ပဲ လူထုကြည်ညိုလေးစားသော ပုဂ္ဂိုလ်များနဲ့ လွတ်လပ်သော စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး လုပ်ပိုင်ခွင့်အာဏာအပြည့်အဝအပ်နှင်းလို့ စုံစမ်းသင့်ပါတယ်၊

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇ အရ "နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရှိစေရမည်၊ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်" ဖြစ်ပါတယ်၊ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အခုအချိန်အထိ တရားဥပဒေ၏ အကာအကွယ်ကို မရရှာတဲ့၊ တန်းတူညီမျှအခွင့်အရေးတွေ မရရှာတဲ့၊ လူသားအချင်းချင်းအနိုင်ကျင့်တာကို ဆက်လက်ခံနေရဆဲဖြစ်တဲ့ ပြည်သူတွေ သန်းပေါင်းများစွာ ရှိနေသေးကြောင်းပါ၊

လေးစားစွာ၊

အောင်ဒင်
ဇူလိုင် ၁၈၊ ၂၀၁၃
 


Sunday, July 21, 2013

Burma's Parliament Watch Part 29

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၄၊ ဇူလိုင်လ ၁၈ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၂၉) လွှတ်တော်နှင့် ပြည်သူ့စစ်

ပြည်သူတွေကို ဖိစီးနေတဲ့ ရောဂါဆိုးကြီးတစ်ခု

၂၀၁၃ ခုနှစ် ဇူလိုင်လ ၂ရက်နေ့မှာကျင်းပတဲ့ ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမအကြိမ်ပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့မှာ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ ကိစ္စတစ်ခုကို လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က မေးခွန်းထုတ်ခဲ့ပါတယ်၊ မူရင်း မေးခွန်းရှင်က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီ ပါ၊ အစည်းအဝေးကို သူကိုယ်တိုင်မတက်ရောက်နိုင်လို့ သူ့ရဲ့မေးခွန်းကို မိုင်းရယ်မြို့နယ်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ကိုယ်စားပြုမေးပေးပါတယ်၊ နှစ်ဦးစလုံးက "ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ" (SNDP) ကပါ၊ မေးခွန်းက "ပြည်သူ့စစ်အဖွဲ့များ" နဲ့ ပါတ်သက်ပါတယ်၊

မေးခွန်းက ဒီလိုပါ၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းမှာရှိတဲ့ ဟိုပုန်းကျေးရွာအုပ်စု၊ မိုင်းငေါ့ကျေးရွာအုပ်စုနဲ့ မိုင်းပြင်းကျေးရွာအုပ်စုတွေမှာ ဒေသခံပြည်သူတွေရဲ့ သဘောဆန္ဒမပါပဲ ကျေးရွာပြည်သူ့စစ်တပ်ဖွဲ့တွေကို ဖွဲ့စည်းထားပြီး ၎င်းအဖွဲ့များကို ထောက်ပံ့ဖို့အတွက် ပြည်သူများထံက အတင်းအဓမ္မငွေကြေးကောက်ခံမှုများ ရှိနေပါတယ် တဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက ပြည်သူများအား သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်ကြိမ်းမောင်းဆဲဆိုရင်းက သေနတ်ကျည်ဆံထွက်သွားတဲ့အဖြစ်မျိုး ရှိခဲ့ပါတယ်တဲ့၊ အဲဒီကိစ္စနဲ့ပါတ်သက်ပြီး ပြည်သူများက ရဲစခန်းသို့ တိုင်ကြားရာမှာ ရဲစခန်းမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဖြစ်နေတဲ့အတွက် တပ်မတော်ရဲ့ ညွှန်ကြားချက်ရပြီးမှ ဆက်လက်အရေးယူဆောင်ရွက်နိုင်မယ်လို့ အကြောင်းပြန်ပါတယ်တဲ့၊ 

ဒါ့အပြင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များဟာ တရားမဝင်သယ်ယူလာတဲ့ သစ်မှောင်ခိုများ၊ နွားမှောင်ခိုများကို လက်နက်ပြပြီး ငွေကြေးကောက်ခံမှုတွေ ရှိနေပါတယ်တဲ့၊ ဒီပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကပဲ အရက်သေစာမူးယစ်သောက်စားရမ်းကားတာတွေလည်း ရှိနေပါတယ်တဲ့၊ အဲဒီလို ဖြစ်ပျက်နေတာတွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်တင်ပြခဲ့သော်လည်း နယ်စပ်ရေးရာဝန်ကြီးက ပြည်သူ့စစ်တပ်ဖွဲ့ဝင်များရှိနေတာကို သူမသိဘူးလို့ ပြောကြားပါသတဲ့၊ အဲဒီ ပြည်သူ့စစ်တွေဟာ လိုင်စင်မဲ့ မော်တော်ကားများကို မောင်းနှင်နေတဲ့အတွက်ကြောင့် မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေထံ တိုင်ကြားပြန်တော့လည်း မည်သူကမျှ အရေးယူဖမ်းဆီးခြင်းမရှိပါတဲ့၊ ဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်က "မြန်မာနိုင်ငံမှာ တရားဝင်ပြည်သူ့စစ်အဖွဲ့ ဘယ်နှစ်ဖွဲ့ရှိပါသလဲ၊ ပြည်သူ့စစ်တပ်ဖွဲ့ကို ဖွဲ့စည်းတဲ့အခါ အခြေခံရမည့်မူရှိပါသလား၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေနဲ့ တည်ဆဲတရားဥပဒေများကို ကျူးလွန်ပါက ရဲစခန်းမှာ အမှုဖွင့်တဲ့အခါ ရဲစခန်းမှ တပ်မတော်ရဲ့ ညွန်ကြားချက်ရမှသာ အရေးယူရမယ်ဆိုပြီး ဥပဒေပြဋ္ဌန်းသတ်မှတ်ထားတာရှိပါသလား၊" လို့ မေးခွန်းထုတ်ပါတယ်၊

အင်မတန်ကောင်းတဲ့ မေးခွန်းများဖြစ်ပါတယ်၊ ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်များဆိုတာလည်း ထင်ရှားလှပါတယ်၊ ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်းများစွာတည်ရှိနေတဲ့ ရောဂါဆိုးကြီးတစ်ခုကို ပြည်သူ့လွှတ်တော်စင်မြင့်ကနေ တရားဝင်ဖော်ထုတ်လိုက်တာပါ၊ ပြည်သူ့စစ် ဆိုတာ ဘာနဲ့အလားသဏ္ဏန်တူသလဲဆိုတော့ အကျဉ်းထောင်ထဲမှာ  အကျဉ်းသားအရာရှိများဆိုပြီး နှစ်ကြီးရာဇဝတ်အကျဉ်းသားတွေကို တန်းစီးချုပ်၊ တန်းစီး၊ အခန်းလူကြီး၊ အခန်းစာရေး၊ ဘုတ်ကိုင်၊ စသဖြင့်ရာထူးတွေခန့်ပြီး အကျဉ်းသားအချင်းချင်းပြန်အုပ်ချုပ်ခိုင်းတာမျိုးပါ၊ အဲဒီအကျဉ်းသားအရာရှိတွေက သာမာန်အကျဉ်းသားတွေကို ငြိမ်နေအောင်အုပ်ချုပ်နိုင်ရင် ထောင်အာဏာပိုင်တွေရဲ့ အခွင့်အရေးပေးမှုကို ရတယ်၊ သာမာန်အကျဉ်းသားတွေဆီက မိုက်ကြေးခွဲပြီး ထောင်အာဏာပိုင်တွေကို ရန်ပုံငွေဆက်သတယ်၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ သတင်းကို စုံစမ်းထောက်လှမ်းပြီး မဟုတ်တဲ့သတင်းတွေကို ထောင်အာဏာပိုင်တွေထံ ပေးပို့တယ်၊ အဲဒီလို အသုံးကျလို့လည်း ဒီအကျဉ်းသားအရာရှိတွေ မတရားလုပ်သမျှကို ထောင်အာဏာပိုင်တွေက ဘယ်လိုတိုင်တိုင် အရေးမယူ၊ မသိချင်ယောင်ဆောင်နေတတ်ကြတယ်၊ အဲဒီလို အာဏာပိုင်တွေက လူမိုက်မွေးပြီး လူသားအချင်းချင်းပြန်လည်နှိပ်စက်စေတဲ့ရောဂါဆိုးကြီးက ထောင်ထဲမှာ သာမာန်အကျဉ်းသားတွေကို၊ ပြင်ပမှာတော့ သာမာန်ပြည်သူတွေကို နှိပ်စက်နေတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ၊ ထောင်ထဲမှာ အကျဉ်းသားအရာရှိ၊ တိုင်းရင်းသားဒေသတွေမှာတော့ ပြည်သူ့စစ်၊ မြေပြန့်မှာတော့ စွမ်းအားရှင်ပေါ့၊
အဲဒီရောဂါဆိုးကြီးက ဘယ်လောက်ကြီးမားသလဲ၊ ဘယ်လောက်ကုသဖို့ခက်သလဲဆိုတာကို ကာကွယ်ရေးဝန်ကြီးဋ္ဌာနကိုယ်စားလှယ်ရဲ့ အဖြေကိုကြည့်ရင် သိနိုင်ပါတယ်၊

ကာကွယ်ရေး ဒုဝန်ကြီး၏အဖြေ
 
ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီးဖြစ်တဲ့ ဗိုလ်မှူးချုပ်အောင်သော်က လွှတ်တော်ကိုယ်စားလှယ်ရဲ့အမေးကို ဖြေကြားတော့မှ ပြည်သူ့စစ်နဲ့ပါတ်သက်ပြီး အောက်ပါအချက်များကိုသိရပါတယ်၊

(က) မြန်မာနိုင်ငံမှာ ဋ္ဌာနေ ပြည်သူ့စစ်အဖွဲ့ပေါင်း ၅၀၃၅ ဖွဲ့ရှိပါတယ်တဲ့၊
(ခ) ပြည်သူ့စစ်ဖွဲ့စည်းရေးအခြေခံမူများရှိပါတယ်၊ အဲဒီမူတွေကတော့ (၁) ကျေးရွာလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးကိစ္စရပ်များကို စည်းရုံးတက်ကြွသောအသိစိတ်ဖြင့် ဆောင်ရွက်လိုသောကျေးရွာလူထုရဲ့တင်ပြချက်၊ (၂) သောင်းကျန်းသူများအား ပြည်သူ့စစ်များဖြင့် တိုက်ခိုက်ရန်လိုအပ်ခြင်း၊ (၃) လက်နက်တပ်ဆင်နိုင်လောက်ရန် လုံလောက်သောယုံကြည်ရမှု၊ (၄) ပါတ်ဝန်းကျင်တွင် အထောက်အကူပြုမည့် တပ်ရင်း၊ တပ်ဖွဲ့ရှိခြင်း၊ စတဲ့မူတွေနဲ့ ပြည့်စုံရပါမယ်တဲ့၊
(ဂ) ပြည်သူ့စစ်တပ်ဖွဲ့ဝင်က တည်ဆဲဥပဒေကို ဖောက်ဖျက်ကျူးလွန်လျင် သက်ဆိုင်ရာရဲစခန်းမှ သက်ဆိုင်ရာနယ်မြေခံ တိုင်းစစ်ဋ္ဌာနချုပ်၊ တပ်ရင်းတပ်ဖွဲ့များကို အသိပေးပြီး အရေးယူဆောင်ရွက်နိုင်ပါတယ်၊ တပ်မတော်၏ ညွန်ကြားချက်ရပြီးမှ အရေးယူနိုင်တယ်ဆိုတဲ့ ဥပဒေမျိုး ပြဋ္ဌန်းထားတာမရှိပါတဲ့၊

စဉ်းစားဆင်ခြင်စရာများ

ဒီဖြေကြားချက်အရ မြန်မာနိုင်ငံမှာ ပြည်သူ့စစ်အဖွဲ့ပေါင်း ၅၀၃၅ ဖွဲ့ရှိတယ်လို့သိရပါတယ်၊ တစ်ဖွဲ့ကို အနည်းဆုံးအင်အား ငါးယောက်နဲ့တွက်ရင်တောင် စုစုပေါင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်သောင်းငါးထောင်ကျော်ရှိတယ်လို့ နားလည်ရမှာပါ၊ မြန်မာနိုင်ငံတစ်ဝှမ်းမှာ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေ ရှိရဲ့သားနဲ့ လက်နက်ကိုင်ပြည်သူ့စစ် နှစ်သောင်းငါးထောင်ကျော်ရှိနေတယ်ဆိုတာ ဖြစ်သင့်မဖြစ်သင့် စဉ်းစားစရာပါ၊

ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာမူဝါဒများမှာ (၁) ကျေးရွာလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးကိစ္စရပ်များကို စည်းရုံးတက်ကြွသောအသိစိတ်ဖြင့် ဆောင်ရွက်လိုသောကျေးရွာလူထုရဲ့တင်ပြချက်ရှိရမယ်လို့ ပါဝင်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းအရဆိုရင် ကျောက်မဲမြို့နယ်ဒေသက ဟိုပုန်းကျေးရွာအုပ်စု၊ မိုင်းငေါ့ကျေးရွာအုပ်စု၊ မိုင်းပြင်းကျေးရွာအုပ်စုတွေက ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ဒေသခံပြည်သူတွေရဲ့ သဘောဆန္ဒမပါပဲ ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်၊ မြန်မာနိုင်ငံမှာ လူထုရဲ့ ဆန္ဒကို အလေးထားလာတာ၊ လူထုရဲ့အသံကို ထည့်သွင်းစဉ်းစားလာတာ သိပ်မကြာသေးပါ၊ ဒီပြည်သူ့စစ်တပ်ဖွဲ့ပေါင်း ၅၀၀၀ ကျော်ဟာလည်း ပြီးခဲ့တဲ့ စစ်အစိုးရများက ဖွဲ့စည်းခဲ့တာပါ၊ ဒါကြောင့်မို့ ဒီပြည်သူ့စစ်တပ်ဖွဲ့များဟာ အမှန်တကယ်ပဲ ဒေသခံလူထုက တင်ပြတောင်းဆိုလို့ ဖွဲ့စည်းတာမဟုတ်နိုင်ဘူးလို့ စဉ်းစားစရာဖြစ်လာပါတယ်၊ အနည်းဆုံး ပွင့်လင်းမှုတွေစတင်လာတဲ့ ဒီဘက်ခေတ်မှာ ပြည်သူလူထုက ဒီပြည်သူ့စစ်တပ်ဖွဲ့တွေကို အလိုရှိရဲ့လားဆိုတာ ဆန္ဒခံယူသင့်ပါတယ်၊

နောက်တစ်ခါ ပြည်သူ့စစ်တပ်ဖွဲ့တွေကို တပ်မတော်က ဖွဲ့စည်းတာဝန်ပေးတာမို့ ဒီပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ စားဝတ်နေရေးကိုရော တပ်မတော်က တာဝန်ယူရဲ့လားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တင်ပြချက်အရ သူတို့ဒေသက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက သူတို့ကို ထောက်ပံ့ဖို့ ပြည်သူလူထုထံက အတင်းအဓမ္မ ငွေကြေးကောက်ခံမှုတွေရှိတယ်၊ သစ်မှောင်ခို၊ နွားမှောင်ခိုတွေဆီက လက်နက်ပြပြီး ငွေကြေးကောက်ခံမှုတွေရှိတယ်လို့ သိရပါတယ်၊ ဒါဆိုရင် နယ်မြေလုံခြုံရေးအတွက်ဖွဲ့စည်းတဲ့ ပြည်သူ့စစ်တွေဟာ ဒေသခံလူထုကို အနိုင်ကျင့်နေတဲ့ ဝန်ထုတ်ဝန်ပိုးကြီးတွေဖြစ်ပြီး တရားမဝင် မှောင်ခိုလုပ်ကြသူတွေကို ထောက်ခံအားပေးတဲ့၊ တရားဝင်ဥပဒေချိုးဖောက်ကြသူများ ဖြစ်နေပါတယ်၊

လွှတ်တော်ကိုယ်စားလှယ်ရဲ့ တင်ပြချက်အရ ရှမ်းပြည်နယ်အစိုးရရဲ့ နယ်စပ်ဒေသရေးရာဝန်ကြီးက သူ့ပြည်နယ်ထဲမှာ ဒီပြည်သူ့စစ်တပ်ဖွဲ့တွေ ရှိကြောင်းမသိဘူးလို့ ဆိုပါတယ်၊ အင်မတန် အံ့ဩစရာပါ၊ ပြည်သူ့စစ်တွေကို တပ်မတော်က ဖွဲ့စည်းထားပြီး ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများရဲ့ နယ်စပ်ဒေသရေးရာဝန်ကြီးတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တာပါ၊ ဒီတော့ နယ်စပ်ရေးရာဝန်ကြီးများတောင်မှ ပြည်သူ့စစ်တပ်ဖွဲ့များအပေါ် ဩဇာသက်ရောက်မှုမရှိဘူးလို့ တွေ့မြင်ရပါတယ်၊ ဒါကြောင့်မို့လည်း မြို့နယ်အဆင့်၊ ခရိုင်အဆင့်အာဏာပိုင်တွေက ပြည်သူ့စစ်တပ်ဖွဲ့များရဲ့ တရားဥပဒေချိုးဖောက်မှုကို အရေးမယူရဲကြတာ ဖြစ်ပါလိမ့်မယ်၊ တပ်မတော်ရဲ့ ညွှန်ကြားချက်ရမှ အရေးယူခွင့်ရှိတယ်ဆိုတဲ့ "တရားဝင်" ဥပဒေတော့မရှိဘူးလို့ ဗိုလ်မှူးချုပ်အောင်သော်က ရှင်းပြပါတယ်၊ ဒါပေမည့် "တရားမဝင်" တဲ့ "စာနဲ့ရေးမထား" တဲ့ အလိုအလျောက်နားလည်မှုတွေ ရှိနေလိမ့်မယ်ထင်ပါတယ်၊

အမေး၊ အဖြေနဲ့ မပြီးပါ၊ အရေးယူဖို့ လိုပါပြီ၊

ပြည်သူ့စစ်အဖွဲ့များနဲ့ပါတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီးရဲ့ အဖြေက ကျေနပ်ဖွယ်ရာမရှိပါ၊ လက်နက်ရှိတဲ့လူတွေရဲ့ အနိုင်ကျင့်မှုများကို ဆက်လက်ခံစားနေရဆဲ တိုင်းရင်းသားပြည်သူများကို ကယ်တင်ဖို့ ပြည်ထောင်စုလွှတ်တော်က အောက်ပါအချက်များကို ဥပဒေပြုပြဋ္ဌန်းဆောင်ရွက်သင့်ပါတယ်၊

(၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၈ အရ နိုင်ငံတော်အတွင်းလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရတာမို့ လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့များဟာလည်း တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေပါတယ်၊ ဒါပေမည့် ပြည်သူ့စစ်တပ်ဖွဲ့များဟာ နိုင်ငံတော်ရဲ့အခြေခံအကျဆုံး လူ့အဖွဲ့အစည်းဖြစ်တဲ့ ကျေးရွာများမှာ တည်ရှိတာမို့ ၎င်းတပ်ဖွဲ့များဟာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများရဲ့ ကွပ်ကဲမှုအောက်မှာလည်း ရှိသင့်ပါတယ်၊

(၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၀ အရ "တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်" လို့ ဆိုပါတယ်၊ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်က ကာကွယ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးကို တပ်မတော်ရဲ့ ပြည်သူ့စစ်မဟာဗျူဟာကို လွှတ်တော်သို့ တင်သွင်းဖို့ တောင်းဆိုသင့်ပါတယ်၊ အဲဒီ မဟာဗျူဟာမှာ ချမှတ်ထားတဲ့ အခြေခံမူတွေကို လွှတ်တော်ကိုယ်စားလှယ်များရဲ့ အကြံပြုတင်ပြချက်များနဲ့ ပိုပြီးခိုင်မာပြည့်စုံအောင် ပြင်ဆင်သင့်ပါတယ်၊ လူထုကို အနိုင်ကျင့်တဲ့၊ ဥပဒေချိုးဖောက်သူတွေကို ကူညီအားပေးတဲ့၊ အာဏာပိုင်ကို အထောက်အကူပြုတဲ့ လက်ကိုင်တုတ်တပ်ဖွဲ့တွေ မဖြစ်ရအောင် ပြင်းထန်တိကျတဲ့ စည်းကမ်းချက်တွေ၊ ပြစ်ဒါဏ်တွေကို ချမှတ်သင့်ပါတယ်၊

(၃) တည်ဆဲ ပြည်သူ့စစ်တပ်ဖွဲ့များအပေါ်မှာ ဒေသခံပြည်သူများရဲ့ သဘောထားကို တောင်းခံသင့်ပါတယ်၊ ဒေသခံပြည်သူများက မလိုလားတဲ့ ပြည်သူ့စစ်အဖွဲ့များကို အမြန်ဆုံး ဖျက်သိမ်းသင့်ပါတယ်၊

(၄) လူထုကလည်း အမှန်တကယ်လိုလားလို့၊ နယ်မြေလုံခြုံရေးအတွက်လည်း အမှန်တကယ်အထောက်အကူပြုတာမို့ အချို့ဒေသတွေမှာ ပြည်သူ့စစ်တပ်ဖွဲ့များ  ဖွဲ့စည်းခွင့်ပေးမယ်ဆိုရင်လည်း ၎င်းတပ်ဖွဲ့ဝင်များရဲ့ စားဝတ်နေရေးကို နိုင်ငံတော်က လစာ၊ ရိက္ခာထောက်ပံ့ပြီး ဖြေရှင်းပေးသင့်ပါတယ်၊ လက်နက်တွေသာ ထုတ်ပေးပြီး သင့်တော်သလို ရပ်တည်ကြဆိုရင် ဒေသခံပြည်သူတွေကိုပဲ အနုနည်းနဲ့ဖြစ်စေ၊ အကြမ်းနည်းနဲ့ဖြစ်စေ ငွေကြေးထောက်ပံ့စေမှာဖြစ်ပါတယ်၊

(၅) အရေးအကြီးဆုံးက ပြည်သူ့စစ်တပ်ဖွဲ့ဝင်များဟာ ပြည်သူများပဲဖြစ်ပါတယ်၊ တပ်မတော်သားများမဟုတ်ကြပါ၊ ဒါကြောင့် ၎င်းတပ်ဖွဲ့ဝင်များအားလုံးဟာ အရပ်ဘက်တရားစီရင်ရေးရဲ့အောက်မှာ အများပြည်သူများနည်းတူရှိပါတယ်၊ ဒီတော့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ တရားဥပဒေချိုးဖောက်ရင် မြို့နယ်အဆင့်၊ ခရိုင်အဆင့်အာဏာပိုင်များက တရားဥပဒေအရ အမှုဖွင့်၊ အရေးယူဖို့နဲ့ အဲဒီလို တရားစီရင်ရာမှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ရှင်းရှင်းလင်းလင်း ပြဋ္ဌန်းကြေညာဖို့လိုပါတယ်၊

“အများပြည်သူအပေါ် အကျိုးသက်ရောက်မှုရှိအောင် လွှတ်တော်သည် အုပ်ချုပ်ရေးပိုင်းကို ပို၍ သြဇာရှိနိုင်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၁၁ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ရပ်နားချိန်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ပြောဆိုသည်”လို့ The Weekly Eleven သတင်းဂျာနယ်မှာ ဖော်ပြထားတာ ဖတ်ရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က ''လွှတ်တော်က ဘာပဲလုပ်လုပ် အုပ်ချုပ်ရေးပိုင်းနဲ့ ပြည်သူက အရင်အတိုင်းပဲဆိုတော့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာရဲ့လုပ်ပုံကိုင်ပုံတွေ အပေါ်မှာ လွှတ်တော်က ပိုပြီးတော့ သြဇာရှိနိုင်ဖို့ လိုတာပဲနော်။ လွှတ်တော်က လုပ်သမျှက ထိရောက်မှု မရှိဘူးဆိုရင် ပိုပြီးတော့ သြဇာရှိအောင်၊ ထိရောက်မှုရှိအောင် ကြိုးစားရမှာပေါ့။” လို့ ပြောတယ်လို့ ဆိုပါတယ်၊ ကျနော်ကတော့ လွှတ်တော်က တပ်မတော်အပေါ်မှာ ဩဇာသက်ရောက်မှုရှိဖို့က ပိုပြီးအရေးကြီးတယ်လို့ ထောက်ပြချင်ပါတယ်၊ လက်နက်ကိုင်သူတွေကို လက်နက်မဲ့ပြည်သူတွေက ကြောက်ရွံ့နေရတဲ့ အမှောင်ခေတ်ကြီးကုန်ဆုံးသွားဖို့ တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ အရပ်ဘက်အုပ်ချုပ်ရေးရဲ့ လက်အောက်ခံ ဝန်ထမ်းအဖွဲ့အစည်းများအဖြစ် ပြန်လည်ရပ်တည်ဖို့၊ လွှတ်တော်က ပြဋ္ဌန်းတဲ့ဥပဒေတွေကို လေးစားလိုက်နာတဲ့အဖွဲ့အစည်းတွေဖြစ်ဖို့ လိုအပ်ပါတယ်၊

လေးစားစွာ၊

အောင်ဒင်
ဇူလိုင် ၁၄၊ ၂၀၁၃