BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, August 27, 2013

Burma's Parliament Watch Part 34

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၉၊ ဩဂုတ်လ ၂၂ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၃၄) လွှတ်တော် နှင့် အသင်းအဖွဲ့များ ဆိုင်ရာ ဥပဒေကြမ်း

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို အစိုးရသတင်းစာတွေမှာ ဇူလိုင် ၂၇ ရက်နေ့က ဖော်ပြပါတယ်၊ အဲဒီဥပဒေကြမ်းနဲ့ပါတ်သက်ပြီး ဆွေးနွေးအကြံပြုချင်သူတွေကို ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မီတီ ရုံးခန်းမှာ ဩဂုတ်လ ၁ ရက်နေ့ကနေ ၄ ရက်နေ့အတွင်း လာရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားတာလည်း တွေ့ရပါတယ်၊ အဲဒီ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဇူလိုင်လ ၃၁ ရက်နေ့မှာ ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်း များက "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို ဆန့်ကျင်သဖြင့် လက်မခံနိုင်ကြောင်း" ထုတ်ပြန်ကြေညာတာကိုလည်း တွေ့ရပါတယ်၊ အဲဒီ သဘောထားထုတ်ပြန်ချက်ကို ပြည်တွင်းအသင်းအဖွဲ့ပေါင်း ၅၂ ဖွဲ့က ထောက်ခံသဘောတူထားပြီး သူတို့ရဲ့ကိုယ်စားလှယ်များကို နေပြည်တော်ကို စေလွှတ်ပြီး တာဝန်ရှိသူများနဲ့ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့လည်း ကြားသိရပါတယ်၊

ဒီဥဒေကြမ်းကို လေ့လာကြည့်တော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌများကိုယ်တိုင်က တိုင်းပြည်ရဲ့ ပဉ္စမ မဏ္ဏိုင်လို့ တင်စားကြတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများ လွတ်လပ်စွာ ရှင်သန်ကြီးထွားရေးကို အကန့်အသတ်ပြုမည့်၊ ထိန်းချုပ်မည့် ဥပဒေကြမ်းတစ်ခုဖြစ်နေတာ ဝမ်းနည်းဖွယ် တွေ့မြင်လိုက်ရပါတယ်၊ 

အရပ်ဘက်လူ့အဖွဲ့အစည်းများက တောင်းဆိုသလို ပြည်သူ့လွှတ်တော်က လက်ရှိ "အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း" ကို ဆွေးနွေးခြင်း၊ အတည်ပြုခြင်းမှ ဆိုင်းငံ့ပြီး ပိုပြီးကောင်းမွန်တဲ့ ဥပဒေကြမ်းအသစ်တစ်ခုကို အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ ပြည်သူလူထုပူးပေါင်းပါဝင်မှုနဲ့ ပြန်လည်ရေးဆွဲဖို့ မျှော်လင့်ပါတယ်၊

အသင်းအဖွဲ့များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း

ဒီဥပဒေကြမ်းရဲ့ အခန်း (၂) ရည်ရွယ်ချက်များ၊ ပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ) မှာ "အသင်းအဖွဲ့များသည် နိုင်ငံတော်၏ လူမှုစီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်ရန်" လို့ ဖော်ပြပါတယ်၊ တစ်ခါ အခန်း (၃) ပုဒ်မ ၅၊ ပုဒ်မခွဲ (စ) မှာ "ဖွဲ့စည်းခွင့်လက်မှတ် သို့မဟုတ် မှတ်ပုံတင်လက်မှတ်ရရှိသည့်အသင်းအဖွဲ့များသည် ယင်းတို့၏ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များတွင် ပါရှိသည့် အများပြည်သူဆိုင်ရာ လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်မှုရှိစေမည့် ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မိသားစုဝင်ငွေတိုးရေး၊ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သောက်သုံးရေရရှိရေး၊ အာဟာရဖွံ့ဖြိုးရေး၊ သက်ကြီးရွယ်အိုများနှင့် ခိုကိုးရာမဲ့ ကလေးသူငယ်များအား စောင့်ရှောက်ရေး၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ် လျှော့ချရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသိပညာ ဗဟုသုတများ ပျံ့နှံ့စေရေး၊ လူနေမှုဘဝတိုးတက်မြင့်မားစေရေး၊ နာရေးကူညီမှုများ ဆောင်ရွက်ပေးရေး၊ အခြားလူမှုရေးလုပ်ငန်းဆောင်ရွက်မှုများ  စသည်တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ လုပ်ငန်းများလွယ်ကူချောမွေ့စေရန် လမ်းညွှန်ပေးခြင်း" ဆိုပြီး ဗဟိုအဖွဲ့ရဲ့ တာဝန်တစ်ရပ်အဖြစ် ဖော်ပြထားပါတယ်၊

အထက်ပါ ဥပဒေပုဒ်မ နှစ်ခုကို ကြည့်မယ်ဆိုရင် ဒီဥပဒေကြမ်းပါ အသင်းအဖွဲ့များဆိုတာ လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် အဖွဲ့များလို့ အဓိပ္ပါယ်သက်ရောက်နေပါတယ်၊
အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုများ (လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လွပ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် စတာတွေ)၊ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့လှုပ်ရှားမှုများ (နိုင်ငံရေးပါတီများကို စောင့်ကြည့်ဝေဘန်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များကို စောင့်ကြည့်ဝေဘန်ခြင်း၊ ရွေးကောက်ပွဲများကို စောင့်ကြပ်ကြည့်ရှူခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးခြင်း၊ မူဝါဒဆိုင်ရာအကြံပေးခြင်း၊ လွှတ်တော်မှပြဋ္ဌန်းသည့်ဥပဒေများကို ဝေဘန်ခြင်း၊ အစိုးရ၏ မတရားမှုများကို ဖော်ထုတ်ဝေဘန်ခြင်း၊)၊ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ ပါတ်သက်တဲ့ အဖွဲ့အစည်းတွေ ( တိုင်းရင်းသား ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွေ၊ အပစ်အခတ်ရပ်စဲရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ၊ ဒုက္ခသည်များကူညီစောင့်ရှောက်ရေးအဖွဲ့တွေ၊ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအဖွဲ့တွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေ)၊ နိုင်ငံတကာဆက်ဆံရေးနဲ့ပါတ်သက်တဲ့အဖွဲ့အစည်းတွေ (အာဆီယံ လူမှုအသိုင်းအဝိုင်းဆိုင်ရာအဖွဲ့တွေ၊ နှစ်နိုင်ငံချစ်ကြည်ရေးအသင်းတွေ)၊ သဘာဝ မြေပေါ်မြေအောက်သယံဇာတပစ္စည်းများ မပျက်သုံးအောင် စောင့်ကြပ်ကြည့်ရှူတဲ့အဖွဲ့တွေ၊ လူမှုပဋ္ဋိပက္ခများတားဆီးကာကွယ်ရေးအဖွဲ့တွေ (ဥပမာ ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်း)၊ နိုင်ငံရေးကျွမ်းကျင်သူများရဲ့ မူဝါဒအကြံပေးအဖွဲ့တွေ (Think Tanks)၊ နဲ့ ကျောင်းသားသမဂ္ဂများ၊ လူငယ်အဖွဲ့အစည်းများ၊ အကျုံးမဝင်သလို ဖြစ်နေပါတယ်၊ ဒါကြောင့်မို့ ဒီဥပဒေမှာ အခန်းကဏ္ဏပေါင်းစုံမှာ လှုပ်ရှားနေတဲ့ အသင်းအဖွဲ့များအားလုံး အကျုံးဝင်အောင် ရှင်းရှင်းလင်းလင်းဖော်ပြသင့်ပါတယ်၊

အရပ်ဘက်အဖွဲ့အစည်းများကို ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ထိန်းချုပ်ခြင်း

ဥပဒေကြမ်းရဲ့ အခန်း (၃) ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ပုဒ်မ ၄ မှာ "ဗဟိုအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊ အခြားဝန်ကြီးဋ္ဌာနများမှ ဝန်ကြီး၊ ဒုဝန်ကြီးများက ဒုဥက္ကဋ္ဌ ၂ ယောက်နဲ့ အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရဲ့ ညွန်ကြားရေးမှူးချုပ်နဲ့ ညွှန်ကြားရေးမှူးက အတွင်းရေးမှူး နဲ့ တွဲဘက်အတွင်းရေးမှူးအဖြစ် ဖွဲ့စည်းရမည်" လို့ ဆိုပါတယ်၊

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းကို ဗဟိုအဖွဲ့နဲ့ ဆောင်ရွက်မည်ဆိုရင် အဲဒီအဖွဲ့ဟာ နိုင်ငံတော်သမ္မတက ရွေးချယ်ခန့်အပ်ပြီး အစိုးရဝန်ထမ်းမဟုတ်တဲ့၊ ပြည်သူလူထုက လေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းသင့်ပါတယ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် နဲ့ စာနယ်ဇင်းကောင်စီဖွဲ့စည်းသလိုမျိုးပါ၊ အရပ်ဘက် အသင်းအဖွဲ့များဟာ အစိုးရအဖွဲ့အစည်းမဟုတ်ကြတဲ့အတွက် အစိုးရဝန်ကြီးဋ္ဌာနရဲ့ အုပ်ချုပ်မှုအောက်မှာ ထားရှိတာ မသင့်တော်ပါ၊

ကန့်သတ်ခြင်း၊ တားမြစ်ခြင်း၊ အရေးယူခြင်း

ဗဟိုအဖွဲ့ရဲ့လုပ်ငန်းတာဝန် တစ်ရပ်အနေနဲ့ ပုဒ်မ ၅၊ ပုဒ်မခွဲ (ဆ) မှာ "ဤဥပဒေနှင့် အညီ ဖွဲ့စည်းခွင့်လက်မှတ် သို့မဟုတ် မှတ်ပုံတင်လက်မှတ်မရှိပဲ ရပ်တည်လှုပ်ရှားဆောင်ရွက်သည့် အသင်းအဖွဲ့များအား ဥပဒေနှင့်အညီ အရေးယူခြင်း" လို့ ဖော်ပြထားပါတယ်၊ အခန်း (၈) တားမြစ်ချက်မှာ ပုဒ်မ ၁၄၊ ပုဒ်မ ၁၅ တို့နဲ့ “မည်သူမျှ ဖွဲ့စည်းခွင့်လက်မှတ်မရှိပဲ အသင်းအဖွဲ့အဖြစ်ဖွဲ့စည်းခြင်း၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတာဝန်ယူခြင်း၊ အဖွဲ့ဝင်ခြင်း၊ မပြုလုပ်ရလို့” တားမြစ်ထားပါတယ်၊ အခန်း (၉) ပြစ်မှုနဲ့ ပြစ်ဒဏ်များ ၊ ပုဒ်မ (၁၈) နဲ့ ပုဒ်မ (၁၉) မှာတော့ အဆိုပါကန့်သတ်ချက်တွေကို ဖောက်ဖျက်ရင် တာဝန်ခံပုဂ္ဂိုလ်ဆိုရင် ထောင် သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ်ငါးသိန်းအထိဖြစ်စေ၊ အဖွဲ့ဝင် ဆိုရင် ထောင် ၆ လအထိဖြစ်စေ၊ ငွေဒဏ် ကျပ် တစ်သိန်းအထိဖြစ်စေ၊ ပြစ်ဒဏ်ကျခံရမယ်လို့ ဆိုပါတယ်၊

အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်မရပဲနဲ့ ရပ်တည်လှုပ်ရှားရင် ပြစ်ဒဏ်ကျခံရမယ်ဆိုတာ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ မရှိသင့်ပါ၊ လွတ်လပ်စွာဖွဲ့စည်းလှုပ်ရှားခွင့်ဆိုတာ ပြည်သူလူထုရဲ့ အခြေခံအခွင့်အရေးပါ၊ ဒီအရေးယူမှုနဲ့ ပြစ်ဒဏ်များ၊ တားမြစ်ချက်များကို လုံးဝပယ်ဖျက်သင့်ပါတယ်၊

အမေရိကန်ပြည်ထောင်စုမှာ အဖွဲအစည်းများဖွဲ့စည်း မှတ်ပုံတင်ကြသလို မှတ်ပုံတင်ခြင်းမပြုပဲ ရပ်တည်ခွင့်လည်းရှိပါတယ်၊ မှတ်ပုံတင်တဲ့အခါ ရတဲ့အခွင့်အရေးက (၁) မိမိတို့အဖွဲ့အစည်း နံမည်နဲ့ ဘဏ်ငွေစာရင်းဖွင့်ခွင့်ရှိတယ်၊ (၂) ပြည်သူလူထုဆီက အလှူငွေကောက်ခံခွင့်ရှိတယ်၊ (၃) အစိုးရနဲ့ ပုဂ္ဂလိက ဖောင်ဒေးရှင်းများထံက Grants တွေ လက်ခံခွင့်ရှိတယ်၊ (၄) အဖွဲ့အစည်းရဲ့ နှစ်စဉ်ဝင်ငွေအပေါ်မှာ အခွန်ကင်းလွတ်ခွင့်ရှိတယ်၊ (၅) အဖွဲ့အစည်းကို လှူဒါန်းကြတဲ့ ပြည်သူတွေ၊ ဖောင်ဒေးရှင်းတွေလည်း အဲဒီ လှူဒါန်းငွေအပေါ်မှာ အခွန်ကင်းလွတ်ခွင့်ရှိပါတယ်၊ ဒါပါပဲ၊ အဖွဲ့အစည်းကို မှတ်ပုံတင်ရင် အဆိုပါအခွင့်အရေးတွေ ရမယ်၊ မှတ်ပုံမတင်ရင် အဲဒီအခွင့်အရေးတွေမရဘူး၊ မှတ်ပုံမတင်လို့ ထောင်မချပါ၊ ဒဏ်ငွေမတပ်ပါ၊ အရေးမယူပါ၊
မြန်မာနိုင်ငံမှာလည်း လူထုအခြေပြု အဖွဲ့အစည်းများကို လွတ်လပ်စွာ ရပ်တည်ရှင်သန်ခွင့် ပေးသင့်ပါတယ်၊ မှတ်ပုံတင်ရင် တင်တဲ့အလျောက် အစိုးရက အသိအမှတ်ပြူ၊ အားပေးကူညီ၊ အခွင့်အရေးတွေပေးပြီး မှတ်ပုံမတင်ရင်လည်း ဓားပြဂိုဏ်း၊ မူးယစ်ဆေးဝါးဂိုဏ်း၊ လူမှောင်ခိုဏ်း၊ မဟုတ်သ၍ အပြစ်ပေးစရာမလိုပါ၊

မှတ်ပုံတင်ရန် မလိုသောအဖွဲ့အစည်းများ

အခန်း (၆)၊ ပုဒ်မ (၁၀) မှာ " ဤဥပဒေအရ ဖွဲ့စည်းခွင့် သို့မဟုတ် မှတ်ပုံတင်ခွင့်လျှောက်ထားရင် မလိုသော အသင်းအဖွဲ့များ" ကို ဖော်ပြထားပါတယ်၊ ဒီပြဋ္ဌန်းချက်အရ (က) ၁၉၈၈ ခုနှစ် အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေအရ မှတ်ပုံတင်သက်တမ်းတည်လျက်ရှိသော အသင်းအဖွဲ့၊ (ခ) ဘာသာ၊ သာသနာရေးသက်သက်ကိုသာ ကျင့်သုံးဆောင်ရွက်သောအသင်းအဖွဲ့၊ (ဂ) စီးပွါးရေးသက်သက်ကိုသာ လုပ်ကိုင်ဆောင်ရွက်သောအသင်းအဖွဲ့၊ (ဃ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင်ထားသောအသင်းအဖွဲ့များနဲ့ (င) နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားရမည့်နိုင်ငံရေးအသင်းအဖွဲ့များဟာ ဒီဥပဒေသစ်အရ ဖွဲ့စည်းခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားရန် မလိုအပ်လို့ ဆိုပါတယ်၊

အင်မတန် ကျဉ်းမြောင်းပါတယ်၊ (က) မှာပါတဲ့ ၁၉၈၈ ခုနှစ် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေဟာ စစ်အာဏာရှင်စနစ်ရဲ့ အကြွင်းအကျန်အမွေအနှစ်တစ်ခုဖြစ်လို့ ဖျက်သိမ်းပစ်ရမှာပါ၊ နာရေးကူညီမှုအသင်းလို၊ ပညာဒါနကျောင်းတွေလို၊ ဒုက္ခရောက်နေသူများကို စောင့်ရှောက်ကူညီတဲ့ ပရဟိတအဖွဲ့အစည်းများဟာ မှတ်ပုံတင်ရန်မလိုပဲ ဖွဲ့စည်းရပ်တည်ခွင့်ရှိရမှာပါ၊ အဲဒီလိုပဲ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု၊ စာပေအဖွဲ့အစည်းတွေ၊ စာဖတ်အသင်းတွေ၊ လည်း ဖွဲ့စည်းခွင့်တောင်းခံရန်မလိုပဲ ရပ်တည်ခွင့်ရှိသင့်ပါတယ်၊

အဲဒီစာရင်းထဲမှာ ကျောင်းသား သမဂ္ဂများကို လည်း ထည့်သင့်ပါတယ်၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းတည်ထောင်ရပ်တည်ခြင်းဟာ ကျောင်းသားများရဲ့ အခွင့်အရေးဖြစ်ပြီး အဲဒီအခွင့်အရေးကို "တက္ကသိုလ်၊ ကောလိပ်များ ဥပဒေ"၊ "အခြေခံပညာကျောင်းများဥပဒေ"၊ "အခြေခံပညာရေးဥပဒေ"၊ "အဆင့်မြင့်ပညာရေးဥပဒေ" စတဲ့ သီးခြားဥပဒေများမှာ ထည့်သွင်းပြဋ္ဌန်းသင့်ပါတယ်၊

အခြားကန့်သတ်ချက်များ

ဒီဥပဒေကြမ်းမှာ အများစိုးရိမ်ပူပန်ကြတဲ့ "နိုင်ငံရေးကင်းရှင်းရန် ကန့်သတ်ချက်"၊ "သတ်မှတ်ထားသော ကဏ္ဏနှင့် ဒေသမှတပါး အခြားကဏ္ဏများ၊ အခြားနယ်မြေဒေသများတွင် ဆောင်ရွက်ခွင့်မပြုတဲ့ကန့်သတ်ချက်"၊ "မြင့်မားတဲ့ မှတ်ပုံတင်ကြေး ကျပ် ငါးသိန်း" ဆိုတာတွေ မပါဝင်ပါ၊ ဒါပေမည့် ဒီဥပဒေကြမ်းကို အတည်ပြုပြီးရင် ဆက်လက်ထုတ်ပြန်မည့် "နည်းဥပဒေ" မှာ ပါလာလိမ့်မယ်ထင်ပါတယ်၊ ဒါကြောင့်မို့ ဒီ "ဥပဒေကြမ်း" မှာပဲ  "နိုင်ငံရေးနှင့် ဆက်နွယ်သော လုပ်ငန်းများ ဆောင်ရွက်ခွင့်၊ ကဏ္ဏမျိုးစုံ၊ ဒေသမျိုးစုံလှုပ်ရှားခွင့်၊ မှတ်ပုံတင်ကြေးကို အနိမ့်ဆုံးသတ်မှတ်ခြင်း၊" တွေ ပါဝင်သင့်ပါတယ်၊ နည်းဥပဒေဆိုတာ "ပင်မဥပဒေ" ကို အခြေခံရေးဆွဲရတာမို့ "ပင်မဥပဒေ" ကိုယ်၌က ရှင်းလင်းစင်ကြယ်ပြီး ပြည့်စုံဖို့လိုအပ်ပါတယ်၊

ဒီဥပဒေကြမ်းမှာ အသင်းအဖွဲ့များ ရန်ပုံငွေရှာဖွေခြင်းနဲ့ ပါတ်သက်ပြီး ဘာမှ မရေးထားပါ၊ ဒါကြောင့်မို့ မှတ်ပုံတင်ပြီး ရပ်တည်တဲ့ အသင်းအဖွဲ့များဟာ အဖွဲ့ဝင်များ၊ ပြည်သူများဆီက အဖွဲ့ဝင်ကြေး နဲ့ အလှူငွေကောက်ခံခွင့်၊ နိုင်ငံတကာက အစိုးရမဟုတ်သောအဖွဲ့များထံက ငွေကြေးလက်ခံခွင့်" တွေရှိကြောင်း ထည့်သွင်းပြဋ္ဌန်းသင့်ပါတယ်၊

အရပ်ဘက်လူ့အဖွဲ့အစည်းများ လွတ်လပ်စွာ အားကောင်းရှင်သန်ပါစေ

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြောင်းလဲတိုးတက်မှုတွေ ရပ်တန့်ပြီး နောက်ကြောင်းပြန်မလှည့်ဖို့အတွက် အရပ်ဘက်အဖွဲ့အစည်းများ ခိုင်မာအားကောင်းဖို့လိုပါတယ်၊ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှူရေးနဲ့ ငြိမ်းချမ်းရေးပြဿနာတွေ၊ ဘာသာရေး၊ လူမျိုးရေးပဋ္ဋိပက္ခတွေကို အစိုးရနဲ့ လွှတ်တော်အားသက်သက်နဲ့ ဖြေရှင်းလို့ မအောင်မြင်နိုင်ပါ၊ အစိုးရ နဲ့ လွှတ်တော်က အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ မဟာမိတ်ပြု၊ အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့ အားကိုယူပြီး ပြဿနာပေါင်းစုံကို ပြည်သူလူထုပါဝင်မှုနဲ့ ပူးပေါင်းဖြေရှင်းမှ အောင်မြင်ပါလိမ့်မယ်၊ ဒါကြောင့်မို့ အရပ်ဘက်လူ့အဖွဲ့အစည်းများ လွတ်လွတ်လပ်လပ်ရှင်သန်ကြီးထွားနိုင်အောင် လွှတ်တော်က အထောက်အပံ့ပေးတဲ့ ဥပဒေမျိုးကိုသာ ပြဋ္ဌန်းသင့်ပါကြောင်း၊

လေးစားစွာ၊

အောင်ဒင်
ဩဂုတ်လ ၂ ရက်၊ ၂၀၁၃
 


Tuesday, August 20, 2013

Burma's Parliament Watch Part 33

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၈၊ ဩဂုတ်လ ၁၅ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၃၃) လွှတ်တော် နှင့် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်း (ဂ)

နိုင်ငံတကာမှာ အရွယ်မရောက်သေးသူတွေ၊ ကလေးသူငယ်တွေ လိင်ဆက်ဆံတာကို တားမြစ်ဖို့၊ လိင်ပိုင်းဆိုင်ရာ အစော်ကားမခံရအောင် အကာအကွယ်ပေးဖို့ “The Age of Consent Act” လို့ခေါ်တဲ့ ဥပဒေတွေ ပြဋ္ဌန်းကြပါတယ်၊ “The Age of Consent” ဆိုတာကို အင်္ဂလိပ်လို “The age at which one is legally competent to give consent especially to marriage or to sexual intercourse” လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်၊ မြန်မာလို ဘာသာပြန်ရင်တော့ ရှည်လျားပါတယ်၊ " လက်ထပ်ထိန်းမြားဖို့ ဖြစ်စေ၊ လိင်ဆက်ဆံဖို့ဖြစ်စေ မိမိ၏ ကိုယ်ပိုင်ဆန္ဒဖြင့် ဆောင်ရွက်ကြောင်းသေချာရန် လိုအပ်သည့် အသက်" လို့ ခေါ်ရမယ်ထင်ပါတယ်၊ တကယ်တော့ ဒီအသက်ကန့်သတ်ချက်ဟာ "ကလေးသူငယ်များဆိုင်ရာ ဥပဒေ" ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သင့်ပါတယ်၊

ဒီဥပဒေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကလေးသူငယ်တစ်ယောက်၊ အရွယ်မရောက်သူတစ်ယောက်ဟာ ဘယ်အသက်အရွယ်မှာ လိင်ဆက်ဆံဖို့ဖြစ်စေ၊ အိမ်ထောင်ပြုဖို့ဖြစ်စေ ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချနိုင်ဖို့ လုံလောက်ပြီလဲ ဆိုတာကို ဆုံးဖြတ်တာပါ၊ ဒီအသက်ကန့်သတ်ချက်က နိုင်ငံအများစုမှာ အသက် ၁၄ နှစ်နဲ့ ၁၈ နှစ်အတွင်း ကွဲပြားကြပါတယ်၊ အသက် ၁၂ နှစ်အထိ သတ်မှတ်တဲ့ နိုင်ငံအချို့ရှိသလို အသက် ၂၁ နှစ်အထိ ကန့်သတ်တဲ့ နိုင်ငံအနည်းငယ်လည်းရှိပါတယ်၊ ဒီကန့်သတ်ချက်ကို ချိုးဖောက်ရင် ကျရောက်မည့်ပြစ်ဒဏ်ကလည်း နိုင်ငံအလိုက် ကွဲပြားပါတယ်၊ အချို့နိုင်ငံတွေမှာ အရွယ်မရောက်သူအချင်းချင်း လိင်ဆက်ဆံတာကို အပြစ်လို့မသတ်မှတ်ပါ၊ ဒါပေမည့် အရွယ်ရောက်ပြီးသူ လူကြီးက အရွယ်မရောက်သေးသူ တစ်ယောက်နဲ့ လိင်ဆက်ဆံတယ်ဆိုရင်တော့ လူကြီးအတွက် ရာဇဝတ်မှုဖြစ်ပါတယ်၊ (Statutory Rape) မုဒိန်းမှုမြောက်ပါတယ်၊ ပြစ်ဒဏ်ကြီးကြီးမားမားကျခံရမှာပါ၊

အားအနည်းဆုံးကလေးများကို ကာကွယ်ပါ

ကလေးသူငယ်များဟာ အားအနည်းဆုံးလူသားများဖြစ်ကြပါတယ်၊ သူတို့ကလေးတွေကို မာယာများတဲ့၊ ပရိယယ်ကြွယ်ဝတဲ့ လူကြီးအချို့က ဖျက်ဆီးဖို့ ချောင်းနေကြတာပါ၊ ကလေးတွေရဲ့ ဖြူစင်တဲ့နှလုံးသားကို နွမ်းညစ်အောင် ဖန်တီးမည့် မသမာသူတွေဟာ ကလေးတွေရဲ့ ပါတ်ဝန်းကျင်မှာ မျက်နှာဖုံးမစွပ်ပဲ တည်ရှိနေကြတာပါ၊ ဒီကလေးသူငယ်တွေကို လူသားမုဆိုးတွေရဲ့ ရန်ကကာကွယ်ဖို့ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းမှာ အပြည့်အဝတာဝန်ရှိပါတယ်၊

ကျနော်ငယ်ငယ် ငါးတန်းကျောင်းသားဘဝက ကြုံဘူးတာတစ်ခုရှိပါတယ်၊ အဲဒီတုံးက အသက် ၁၁ နှစ်အရွယ် ကြုံခဲ့ရတဲ့အဖြစ်အပျက်ကို အခု အသက် ၅၀ အရွယ်အထိ သတိရပြီး နာကျည်းနေဆဲပါ၊ ကျနော်တို့ရဲ့ အတန်းကို လုပ်အားပေးဆရာတစ်ယောက် ရောက်လာပါတယ်၊ အဲဒီတုံးက တက္ကသိုလ်၊ ကောလိပ်တွေ ကျောင်းပိတ်ချိန်မှာ တက္ကသိုလ်ကျောင်းသားကြီးတွေက သူတို့နေထိုင်ရာမြို့နယ်က မူလတန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေမှာ လာရောက်ပြီး လုပ်အားပေးဆရာများအဖြစ် ကူညီစာသင်ကြပါတယ်၊ အဲဒီ ဆရာက အသက် ၂၀ ကျော်ပါပြီ၊ သူက ကျနော်တို့ တစ်တန်းလုံးကို စာသင်ချိန်မှာ အိပ်ခိုင်းပါတယ်၊ သူ့အပြောအရတော့ သူ တွက်ခိုင်းတဲ့ သင်္ချာပုစ္ဆာကို ကျနော်တို့ တစ်တန်းလုံးက မှန်အောင်တွက်နိုင်ကြလို့ ဆုချတဲ့အနေနဲ့ စားပွဲပေါ်မှာ လက်တင်၊ ခေါင်းစိုက်ပြီး အိပ်စက်အနားယူခွင့်ပေးတာပါ၊ ဒါပေမည့် ကျနော်တို့ကို အိပ်ခိုင်းထားချိန်မှာ ကျနော်တို့ သူငယ်ချင်း မိန်းကလေး တစ်ယောက်ကို သူက အတန်းရှေ့ခေါ်ပြီး သူ့ စားပွဲဘေးမှာ ထိုင်ခိုင်းတတ်ပါတယ်၊ ကျနော်တို့က တကယ်အိပ်ပျော်ကြတာမဟုတ်လို့ ခေါင်းလေးဖော်ပြီး ချောင်းကြည့်တဲ့အခါ အဲဒီ ဆရာက ကျနော်တို့ သူငယ်ချင်းမကလေးကို သူ့ပေါင်ပေါ်ဆွဲတင်ပြီး ပွတ်သတ်နေတာ၊ နှုတ်ခမ်းကို နမ်းနေတာတွေ တွေ့ရပါတယ်၊ ကျနော်တို့ သူငယ်ချင်းမကလေးအတွက် ဝမ်းနည်းပြီး အဲဒီ ဆရာကို မုန်းတီးရွံရှာကြပါတယ်၊ ကျောင်းက ဆရာကြီးတစ်ယောက်ကို အဲဒီကိစ္စတိုင်တန်းတော့ ဆရာကြီးက ကျနော်တို့ကို မယုံကြည်ပါ၊ မယုံကြည်တဲ့အပြင် အတန်းထဲမှာ ဆရာက ခိုင်းတဲ့အတိုင်းလုပ်ဖို့၊ အိပ်ဆိုရင် အိပ်ဖို့ ကျနော်တို့ကို ဆုံးမလိုက်ပါသေးတယ်၊

ဒါဟာ တစ်ကယ်တော့ ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားတာပါ၊ ကျနော်တို့ သူငယ်ချင်းမလေးက ဒီဆရာက ပွတ်သတ်ကိုင်တွယ်တာ၊ နမ်းတာကို ကြောက်လို့ခံယူခဲ့ရတာပါ၊ သူ့ကို ဘယ်သူမှ မကယ်နိုင်ခဲ့ကြပါ၊ ကလေးကို စော်ကားတဲ့ အဲဒီ ဆရာကိုလည်း ဘယ်သူကမှ အရေးမယူခဲ့ကြပါ၊ ဒီဆရာက နောက်ထပ် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ကို ဆက်လက်ဖျက်ဆီးလိမ့်မယ်ဆိုတာလည်း အသေအချာပါ၊ ဒါပေမည့် ကျနော်တို့ ဘာမှ မတတ်နိုင်ခဲ့ပါ၊ ကျနော်တို့ရဲ့ သူငယ်ချင်းမကလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရခဲ့တဲ့ ဒီစိတ်ဒဏ်ရာတွေနဲ့ ဘဝကို ဘယ်လို ဖြတ်သန်းခဲ့သလဲ၊ ကျနော်မသိတော့ပါ၊


အမေရိကန်ပြည်ထောင်စ

အမေရိကန် ပြည်ထောင်စုမှာတော့ The Age of Consent ဟာ ပြည်နယ်လွှတ်တော်များရဲ့ ဥပဒေပြုခွင့်ဖြစ်ပါတယ်၊ ပြည်နယ်အားလုံးမှာ လက်ထပ်ထိန်းမြားဖို့ သို့မဟုတ် လိင်ဆက်ဆံဖို့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတဲ့အသက်ကို ၁၆ နှစ်ကနေ ၁၈ နှစ်အတွင်း သတ်မှတ်ကြပါတယ်၊ ပြည်နယ်ပေါင်း ၂၉ခု က အသက် ၁၆ နှစ်သတ်မှတ်ပြီး အသက် ၁၇ နှစ်သတ်မှတ်တာ ၉ ပြည်နယ်၊ အသက် ၁၆ နှစ်သတ်မှတ်တာ၁၂ ပြည်နယ်ဖြစ်ပါတယ်၊ ပြည်ထောင်စုဥပဒေအနေနဲ့ကတော့ ပြည်ထောင်စုအစိုးရရဲ့ စာတိုက်ဋ္ဌာနနဲ့ အခြား ဆက်သွယ်ရေးနည်းလမ်းများကိုသုံးပြီး အသက် ၁၈နှစ်အောက်၊ အရွယ်မရောက်သေးသူကို လိင်ပိုင်းဆိုင်ရာ ဆက်သွယ်စည်းရုံးတာကို လုံးဝတားမြစ်ပါတယ်၊ ပြီးတော့ အသက် ၁၈ နှစ်မပြည့်သေးသူကို အမေရိကန်ပြည်ထောင်စုအတွင်း လိင်ကိစ္စဆောင်ရွက်ရန်ရည်ရွယ်ချက်ဖြင့် သယ်ယူပို့ဆောင်ခြင်းကိုလည်း တားမြစ်ပါတယ်၊ အလားတူပဲ အမေရိကန်နိုင်ငံသားတွေ အမေရိကန်နိုင်ငံအတွင်းမှာရော၊ ပြည်ပနိုင်ငံများကိုပါ အရွယ်မရောက်သေးတဲ့ကလေးသူငယ်များနဲ့ လိင်ဆက်ဆံရန် ရည်ရွယ်ချက်ဖြင့် ခရီးသွားလာခြင်းကိုလည်း တားမြစ်ပါတယ်၊

အမေရိကန်ပြည်ထောင်စုမှာလည်း ကလေးသူငယ်တွေကိုမှ ပစ်မှတ်ထားပြီး ဖျားယောင်းသွေးဆောင်တဲ့ လိင်ပွဲစားတွေ၊ ကာမဓားပြတွေ အများကြီးရှိတာပါ၊ ပြည်ထောင်စုထောက်လှမ်းရေးဗျူရို (Federal Bureau of Investigation/FBI) က ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် လုံခြုံရေးအဖွဲ့များနဲ့ ပူးပေါင်းပြီး ဇူလိုင်လ ၂၆ ကနေ ဇူလိုင်လ ၂၈ ရက်နေ့ သုံးရက်တိုင် အမေရိကန်မြို့ကြီး ၇၆ မြို့မှာ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲပြီး အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များကို ပြည့်တန်ဆာအဖြစ် ခိုင်းစားနေတဲ့ လူဆိုးဂိုဏ်းကြီးကို နှိမ်နင်းခဲ့ပါတယ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ ပြည်ထောင်စုထောက်လှမ်းရေးဗျူရိုရဲ့ သတင်းစာရှင်းလင်းပွဲမှတ်တမ်းများအရ အရွယ်မရောက်သေးတဲ့ မိန်းကလေးပေါင်း ၁၀၆ ယောက်ကို ဒီပြည့်တန်ဆာခန်းတွေက ကယ်တင်နိုင်ခဲ့ပြီး ဒီမိန်းကလေးများကို အတင်းအဓမ္မ ပြည့်တန်ဆာအဖြစ် သိမ်းသွင်းခိုင်းစားတဲ့ လူဆိုး ၁၅၂ ယောက်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်၊ မိန်းကလေးတွေကိုတော့ သူတို့ရဲ့ သက်ဆိုင်ရာ မိဘ၊ အုပ်ထိန်းသူများထံပြန်ပို့ပေးမှာ ဖြစ်ပြီး တစ်စုံတစ်ရာအရေးယူမှာ မဟုတ်ပါ၊ ပြည့်တန်ဆာခေါင်း ၁၅၂ ယောက်ကတော့ ရာဇဝတ်မှုပေါင်းများစွာနဲ့ တရားရင်ဆိုင်ရမှာဖြစ်ပြီး နှစ်ပေါင်းများစွာ အကျဉ်းကျခံရမှာ ဖြစ်ပါတယ်၊

အမေရိကန်ပြည်ထောင်စုမှာ အရွယ်မရောက်သေးသူ ကလေးသူငယ်များနဲ့ လိင်ဆက်ဆံသူများဟာ ထောင်ဒဏ်ကျခံရရုံနဲ့တင် မပြီးပါ၊ သူတို့ကို လိင်ဖောက်ပြန်သူများ (Sex Offenders)၊ ကလေးများကို စော်ကားသူများ (Child Molesters) အဖြစ် နံမည်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံများနဲ့တကွ မှတ်ပုံတင်ရပါတယ်၊ မြို့တိုင်း၊ နယ်တိုင်းမှာ အဲဒီ လိင်ဖောက်ပြန်သူများကို အများပြည်သူက အလွယ်တကူ သိရှိနိုင်ပြီး မိမိတို့ရဲ့ ကလေးများကို ယင်းပုဂ္ဂိုလ်များနဲ့ ဆက်စပ်ပါတ်သက်မှုမရှိရအောင် အကာအကွယ်ပေးနိုင်ကြပါတယ်၊ အဲဒီ လိင်ဖောက်ပြန်သူများကိုလည်း စာသင်ကျောင်းများနဲ့ နီးနီးမှာ နေထိုင်ခွင့်မပေးပါ၊ စာသင်ကျောင်းများမှာ အလုပ်လုပ်ခွင့်မပေးပါ၊ နေရပ်လိပ်စာပြောင်းရင်လည်း သက်ဆိုင်ရာ မြို့နယ်ကောင်စီကို အကြောင်းကြားရပါတယ်၊ ဒေသအလိုက်ဖွဲ့စည်းကြတဲ့ မိသားစုကာကွယ်ရေးအဖွဲ့အစည်းများကလည်း မိမိတို့ဒေသထဲကို လိင်ဖောက်ပြန်သူတစ်ယောက် ရောက်လာပြီဆိုရင် ပိုစတာတွေကပ်ပြီး ဒေသခံမိသားစုများကို သတိပေးလှုန့်ဆော်ကြပါတယ်၊ အောက်ပါပုံကို ကြည့်ပါ၊


ကျနော်တို့ နိုင်ငံရဲ့ အခြေအနေ

ဇူလိုင်လ ၂၉ ရက်နေ့ထုတ် The Voice Weekly မှာပါတဲ့ သတင်းတစ်ပုဒ်မှာ မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် အထိ ၁၀ နှစ်အတွင်း မုဒိန်းမှုပေါင်း ၄၆၉၈ ဖြစ်ပွါးခဲ့ပြီး အဲဒီအထဲမှာ အရွယ်မရောက်သူ ကလေးသူငယ်များနဲ့ ပါတ်သက်တဲ့ မုဒိန်းမှုပေါင်း ၂၃၀၂ မှု (၄၉ ရာခိုင်နှုံး) ရှိတယ်လို့ သိရပါတယ်၊ အကျူးလွန်ခံရသူများထဲမှာ အသက် နှစ်နှစ်မှ ငါးနှစ်အထိ ၁၆၇ ဦး၊ ခြောက်နှစ်မှ ၁၀ နှစ်အထိ ၅၃၁ ဦး၊ ၁၁ နှစ်မှ ၁၃ နှစ်အထိ ၇၃၇ ဦး၊ ၁၄နှစ်အထက် (၁၈နှစ်အောက်) ၈၆၇ ဦးရှိ ပါတယ်၊ ကျူးလွန်သူများထဲမှာ အရပ်သား (သူစိမ်း) ၁၉၄၈ ဦး၊ ဝန်ထမ်း ၁၄ ဦး၊ တပ်မတော်သား ၂၉ ဦး၊ သံဃာ ၃၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ကျောင်းသား ၁၁ ဦး၊ ဖခင် ၈၅ဦး၊ ပထွေး ၁၁၇ ဦးနဲ့ ဆွေမျိုး ၁၂၂ ဦးတို့ ဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် ကလေးသူငယ် ၇၆ ဦးလည်း ကျူးလွန်သူများထဲမှာ ပါဝင်ကြောင်းသိရပါတယ်၊ ဒါ အင်မတန် ကြောက်စရာကောင်းတဲ့ ကိန်းဂဏန်းတွေပါ၊ 

ယဉ်ကျေးသိမ်မွေ့ပါတယ်ဆိုတဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အကျည်းတန်တဲ့ မျက်နှာစာပါ၊ ရဲစခန်းကို မတိုင်ကြားဖြစ်တဲ့ အမှုတွေက အများကြီးရှိဦးမှာမို့ တကယ့်အမှန် ကလေးသူငယ်မုဒိန်းမှုတွေရဲ့ အရေအတွက်ဟာ  ပိုပြီးများပြားပါလိမ့်မယ်၊ ကျနော် သရက်ထောင်တွင်းမှာ အကျဉ်းကျခဲ့တဲ့ ၁၉၉၂၊ ၁၉၉၃ ကာလတွေမှာလည်း ထောင်ထဲမှာ သမီးမုဒိန်း၊ မြေးမုဒိန်း ဆိုတာတွေ တွေ့ခဲ့ဘူးပါတယ်၊
တစ်ဖက်မှာ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ များသလောက် ဒီလိုအဖြစ်မျိုးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တားဆီးမှုတွေက မရှိသလောက်ပါ၊ ပြစ်မှုကျူးလွန်သူတွေကိုလည်း လက်ရှိတည်ဆဲဥပဒေများက ထိထိရောက်ရောက် အရေးမယူနိုင်ပါ၊

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ၁၉၉၃ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ "ကလေးသူငယ်ဥပဒေ" ရဲ့ အခန်း (၁၇)၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ပုဒ်မ (၆၆) ပုဒ်မခွဲ (က) နဲ့ (ခ) မှာ "မိမိအုပ်ထိန်းမှုအောက်ရှိ အသက် ၁၆ နှစ်မပြည့်သေးသော မိန်းကလေးသည် ပြည့်တန်ဆာအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသည်ကို သိလျက်နှင့် တမင်လှစ်လျူရှူထားခြင်း၊ မိမိအုပ်ထိန်းမှုအောက်ရှိ ကလေးသူငယ်အား ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူနှင့် အတူနေထိုင်စေရန် သို့မဟုတ် ပေါင်းသင်းသွားလာစေရန် ခွင့်ပြုခြင်း" စသည်တို့ကို ပြုလုပ်သူ မည်သူကိုမဆို "ထောင်ဒဏ် နှစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် တစ်သောင်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်၊" လို့ ပြဋ္ဌန်းထားပါတယ်၊ ဒီဥပဒေကို ကြည့်ရင်လည်း ကလေးသူငယ်တစ်ယောက်ရဲ့ အနာဂတ်ကို ဖျက်ဆီးသူများအပေါ် ချမှတ်မည့် ပြစ်ဒဏ်က အင်မတန်ကို နည်းလွန်းတာကို တွေ့ရပါတယ်၊
ပြီးတော့ ဒီဥပဒေမှာ အသက်မပြည့်တဲ့ မိန်းကလေးများအတွက်ပဲ ပြဋ္ဌန်းထားပြီး အသက်မပြည့်တဲ့ ယောက်ကျားကလေးများအတွက် ပြဋ္ဌန်းချက်မရှိပါ၊ တကယ်တော့ လိင်တူဆက်ဆံရေးတွေ ထွန်းကားနေတဲ့ ဒီနေ့ခေတ်မှာ အသက်မပြည့်သေးတဲ့ ယောက်ကျားကလေး များကိုလည်း မိန်းကလေးများနည်းတူ ဥပဒေနဲ့ အကာအကွယ်ပေးရမှာပါ၊ ပြီးတော့ ဒီဥပဒေမှာ အရွယ်မရောက်သူကလေးသူငယ်များနဲ့ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်တဲ့ လူကြီးကို၊ အရွယ်မရောက်သူနဲ့ လိင်ဆက်ဆံတဲ့၊ လိင်ဆက်ဆံဖို့ ကြိုးစားတဲ့ လူကြီး (ယောက်ကျားဖြစ်စေ၊ မိန်းမဖြစ်စေ) ကို ဘယ်လို အရေးယူရမယ် ဆိုတာ မပါဝင်ပါ၊

ပြည်ထောင်စုလွှတ်တော်ရဲ့ တာဝန်

နှစ်ပေါင်းများစွာ ဥပဒေပြုလွှတ်တော်မရှိခဲ့ရာက ၂၀၁၁ ခုနှစ်က စပြီး မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုလွှတ်တော်အဖွဲ့အစည်းတွေ ပေါ်ပေါက်လာပါပြီ၊ မျှော်လင့်ထားတာထက်ပိုတဲ့ လွှတ်တော်တွေရဲ့ တက်ကြွမှု၊ အသက်ဝင်လှုပ်ရှားမှု၊ ဥပဒေပြုမှုတွေကိုလည်း တွေ့မြင်နေရပါပြီ၊ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော် နဲ့ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်များက မြန်မာနိုင်ငံက ကလေးသူငယ်များကို အကာအကွယ်ပေးဖို့ လုံလောက်တဲ့၊ ခိုင်မာတဲ့ ဥပဒေတွေ ပြဋ္ဌန်းအတည်ပြုလိမ့်မယ်လို့ မျှော်လင့်မိကြောင်းပါ၊

လေးစားစွာ၊

အောင်ဒင်
ဩဂုတ်လ ၁ရက်၊ ၂၀၁၃
 


Wednesday, August 14, 2013

Burma's Parliament Watch Part 32

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၇၊ ဩဂုတ်လ ၈ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)




မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၃ ၂) လွှတ်တော် နှင့် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်း (ခ)

အရက်နှင့် ယဉ်ပါးကြရသော မြန်မာကလေးသူငယ်များ

အရက် ဆိုတာလည်း မြန်မာကလေးသူငယ်များ ငယ်ငယ်ကတည်းက ယဉ်ပါးတဲ့ အရာတစ်ခုဖြစ်သလို နိုင်ငံတစ်ဝှမ်းမှာ ပေါပေါများများ၊ လွယ်လွယ်ကူကူဝယ်ယူနိုင်တဲ့ ရောင်းကုန်ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်၊
ကလေးသူငယ်ရဲ့ အိမ်မှာ အရက်သောက်တဲ့ မိဘ၊ ဆွေမျိုးရှိတတ်ကြပါတယ်၊ ကလေးရဲ့ ပါတ်ဝန်းကျင်၊ရပ်ကွက်ထဲမှာ အရက်ကြိုက်တဲ့ လူကြီးတွေ ရှိကြပါလိမ့်မယ်၊ ဝတ္ထုစာအုပ်တွေ ဖတ်တတ်တဲ့အချိန်မှာ ဝတ္ထုထဲက ဇာတ်လိုက်က ရည်းစားနဲ့ကွဲလို့ ဝမ်းနည်းရတဲ့အခါ အရက်သောက်ပြီး လောကကြီးကို စိန်ခေါ်တယ်ဆိုတာမျိုး ဖတ်မိပါလိမ့်မယ်၊ မိဘက ဖြစ်စေ၊ လူကြီးတစ်ယောက်ယောက်က ဖြစ်စေ ကလေးသူငယ်တစ်ယောက်ကို ပိုက်ဆံပေးပြီး အရက်ဆိုင်က အရက်ဝယ်ခိုင်းတာမျိုးလည်း ရှိပါလိမ့်မယ်၊ လမ်းဘေးက ကြော်ငြာဆိုင်းဘုတ်ကြီးတွေမှာလည်း မင်းသား၊ မင်းသမီး လှလှလေးတွေက အရက်ပုလင်း၊ ဘီယာပုလင်းတွေနဲ့ သရုပ်ဆောင်ပြနေတာ ၊ ကံစမ်းမဲတွေနဲ့ ဖျားယောင်းနေတာ တွေ့ရပါလိမ့်မယ်၊ ဒီလိုနဲ့ အရက်ကို ရင်းနှီး၊ အရက်နံ့ကို ရင်းနှီး၊ အရက်ဆိုင်နဲ့ ရင်းနှီးနေရတဲ့ ကလေးတစ်ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်တတ်လာတာ သိပ်တော့မဆန်းလှပါ၊ ပိုဆိုးတာက ကလေးသူငယ်တွေ၊ အရွယ်မရောက်သေးသူတွေ၊ ကျောင်းသားအရွယ်လေးတွေလာရောက်ပြီး အရက်ဝယ်တာကို ဈေးရောင်းသူက လွယ်လွယ်ကူကူ ရောင်းချပေးနေတာပါပဲ၊ ဈေးသည်အတွက်တော့ သူရောင်းလိုက်တဲ့ အရက်ပုလင်းက ရမည့်အမြတ်ငွေကိုပဲ စိတ်ဝင်စားပါလိမ့်မယ်၊ သူ ဒီကလေးကို အရက်ရောင်းလိုက်လို့၊ ဒီကလေးကို အရက်နဲ့ ရင်းနှီးကျွမ်းဝင်အောင် သင်ကြားပေးလိုက်သလိုဖြစ်ပြီး သူကြောင့် ဒီကလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သမားတစ်ယောက်ဖြစ်လာနိုင်တယ်၊ ဒီကလေးရဲ့ အနာဂတ် ပျက်စီးသွားနိုင်တယ် ဆိုတာမျိုး တွေးမိမယ်မထင်ပါ၊

အရက်နှင့်ပါတ်သက်သော အသက်ကန့်သတ်ချက်

ကမ္ဘာ့နိုင်ငံအများစုမှာ တရားဝင်အရက်သေစာသောက်သုံးခွင့်ရှိသော အသက် (Legal Drinking Age) ကို ဥပဒေပြဋ္ဌန်း သတ်မှတ်ထားကြပါတယ်၊ ဒီဥပဒေမှာ တရားဝင် အရက်သေစာသောက်သုံးခွင့်ပြုသော အသက်နဲ့ တရားဝင် အရက်သေစာဝယ်ယူခွင့်ရှိသော အသက် ဆိုပြီး နှစ်ပိုင်းခွဲခြားထားပြီး အသက်ကန့်သတ်ချက်တွေက နိုင်ငံအလိုက် ကွဲပြားမှုရှိကြပါတယ်၊ မွတ်ဆလင်နိုင်ငံအများစုမှာတော့ အရက်သောက်ခြင်းကို လုံးဝပိတ်ပင်တားဆီးပါတယ်၊ နိုင်ငံအများစုရဲ့ တရားဝင် အရက်သေစာသောက်သုံးခွင့်၊ ဝယ်ယူခွင့်ပြုတဲ့ အသက်က ၁၈ နှစ်ပါ၊ အမေရိကန်ပြည်ထောင်စုရဲ့ အရက်သောက်ခွင့် အသက်ကန့်သတ်ချက်က ၂၁ နှစ်ဖြစ်ပြီး ဂျပန်နဲ့ အိုင်းစလန် နိုင်ငံများမှာ အသက် ၂၀ ဖြစ်ပါတယ်၊

အမေရိကန်ပြည်ထောင်စုမှာ "နိုင်ငံတော်အတွင်း အရက်သေစာသောက်သုံးခြင်းနှင့်ပါတ်သက်၍ အနည်းဆုံး အသက်ကန့်သတ်ချက်ဥပဒေ" (National Minimum Drinking Age Act of 1984) ကို ၁၉၈၄ ခုနှစ်မှာ ကွန်ဂရက်လွှတ်တော်က အတည်ပြုပြဋ္ဌန်းပါတယ်၊ ဒီဥပဒေက ပြည်ထောင်စုအတွင်းမှာ ပါဝင်တဲ့ ပြည်နယ်များမှာ အသက် ၂၁နှစ် ပြည့်ပြီးသူများကိုသာအရက်သေစာဝယ်ယူခွင့်နဲ့ လက်ဝယ်ပိုင်ဆိုင်ခွင့်ပြုဖို့ ဥပဒေတွေ ပြည်နယ်အလိုက် သီးခြားဆီပြဋ္ဌန်းကြဖို့ ညွှန်ကြားတာ ဖြစ်ပါတယ်၊
ဒီဥပဒေအရ အသက် ၂၁ နှစ်ပြည့်ပြီးမှသာ အရက်ဝယ်ခွင့်၊ အရက်ပုလင်းပိုင်ဆိုင်ခွင့်ရှိပေမည့် အသက် ၂၁နှစ်အောက် အရက်သေစာသောက်သုံးမှုကိုတော့ ပြည်ထောင်စုအစိုးရအနေနဲ့ ဥပဒေပြုတားမြစ်ခြင်းမရှိပါဘူး၊ ဒီလို ကိစ္စမျိုးဟာ ပြည်နယ်လွှတ်တော်များရဲ့ ဥပဒေပြုခွင့်ဖြစ်ပါတယ်၊ 




ဒီဥပဒေကို ပြည်နယ်လွှတ်တော်များက သက်ဆိုင်ရာ ပြည်နယ်အလိုက်ဥပဒေများအဖြစ် ပြဋ္ဌန်းကြရာမှာ ဝါရှင်တန်ဒီစီ နဲ့ ပြည်နယ် ၇ ခု (အလာဘားမား၊ အိုင်ဒါဟို၊ အင်ဒီယားနား၊ ကဲန်းဆတ်၊ မြောက်ကယ်ရိုလိုင်းနား၊ ဗားမောင့် နဲ့ ပင်ဆယ်ဗေးနီးယား) တို့က အသက် ၂၁နှစ်ပြည့်ပြီးမှသာ အရက်သေစာ ဝယ်ယူခွင့်၊ ပိုင်ဆိုင်ခွင့်၊ သောက်သုံးခွင့်ပြုမယ်လို့ ဥပဒေပြုကြပါတယ်၊ ကယ်လီဖိုးနီးယား၊ ကိုလိုရာဒို၊ မေရီလန်း၊ မွန်တားနား၊ နယူးယောက်၊ တက်ဆတ်၊ အနောက်ဗာဂျီးနီးယား၊ ဝိုင်အိုမင်း နဲ့ ဝစ်စကွန်ဆင်ပြည်နယ်တွေမှာတော့ အနည်းဆုံးအရက်ဝယ်ခွင့်၊ ပိုင်ဆိုင်ခွင့်ကို အသက် ၂၁နှစ်လို့ ကန့်သတ်ထားပေမည့် အသက် ၂၁နှစ် အောက်အရက်သေစာသောက်သုံးမှုကို အုပ်ထိန်းသူ၊ မိဘရဲ့ ခွင့်ပြုချက်လည်းရှိမယ်၊ အုပ်ထိန်းသူ၊ မိဘကိုယ်တိုင်လည်းအနားမှာ ရှိမယ်ဆိုရင် သတ်မှတ်ထားတဲ့ နေရာအချို့မှာ ခွင့်ပြုပါတယ်၊ အသက် ၂၁နှစ်အောက် အရက်သောက်ခွင့်ပြုခြင်းနဲ့ပါတ်သက်ပြီး ပြည်နယ်တွေကြား ကွဲပြားမှုအနည်းငယ်ရှိစေကာမူ ပြည်နယ်အားလုံးနဲ့ ပြည်ထောင်စုတစ်ခုလုံးမှာ အသက် ၂၁ နှစ်အောက်ကို အရက်ရောင်းခွင့်မရှိပါ၊ အသက် ၂၁နှစ်အောက် လူငယ်များဟာ အရက်သေစာ လက်ဝယ်ပိုင်ဆိုင်ခွင့်မရှိပါ၊
ဒီအသက်ကန့်သတ်ချက်ဟာ ဥပဒေမို့ ဒီဥပဒေကို ချိုးဖောက်ရင် အပြစ်ဖြစ်ပါတယ်၊ အရေးယူခံရပါမယ်၊ ဒါဏ်ငွေ ဒေါ်လာ ငါးထောင် (သို့မဟုတ်) ထောင်ဒဏ်တစ်နှစ်အထိ ကျခံရနိုင်ပါတယ်၊ဒါကြောင့်မို့ အမေရိကန်ပြည်ထောင်စုက အရက်ဆိုင်တွေမှာ၊ စားသောက်ဆိုင်တွေမှာ "အသက် ၂၁နှစ်မပြည့်ရင် အရက်မရောင်းပါ" လို့ အတိအလင်း ကြေညာထားကြသလို အရက်ဝယ်ယူသူကိုလည်း အသက်ပြည့်မပြည့်စစ်ဖို့ မှတ်ပုံတင်တောင်းယူ စစ်ဆေးကြပါတယ်၊



နယူးယောက်ပြည်နယ်တက္ကသိုလ်က ပါမောက္ခ ဒေးဗစ်ဟန်ဆန် (Professor David J. Hanson, Ph.D, State University of New York) ပြုစုတဲ့ စစ်တမ်းတစ်ခုအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၂ နိုင်ငံကို လေ့လာရာမှာ အနည်းဆုံးအရက်သောက်ခွင့်ပြုတဲ့အသက်ကို ၁၈ နှစ်အဖြစ် သတ်မှတ်တဲ့ နိုင်ငံပေါင်း ၁၀၄ နိုင်ငံရှိပြီး ၁၆နှစ် သတ်မှတ်တာက ၁၅ နိုင်ငံ၊ ၁၇နှစ် သတ်မှတ်တာက ၂ နိုင်ငံ၊ ၁၉ နှစ်သတ်မှတ်တာက ၂ နိုင်ငံ၊ ၂၀ နှစ်သတ်မှတ်တာက ၃ နိုင်ငံ၊ ၂၁ နှစ်သတ်မှတ်တာက ၇ နိုင်ငံနဲ့ အသက်သတ်မှတ်ချက်မရှိတာက ၁၉ နိုင်ငံရှိပါတယ်၊ အဲဒီစာရင်းထဲမှာ မြန်မာနိုင်ငံမပါဝင်ပါ၊
မူလက အသက် ၁၈ နှစ်သတ်မှတ်ခဲ့တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ၂၀၀၈ခုနှစ်မှာ အရက်နှင့် နှင့်အဖျော်ယမကာများထိန်းချုပ်ရေးဥပဒေ (The Alcoholic Beverage Control Act of 2008) ကို ပြဋ္ဌန်းပြီး အနည်းဆုံး အရက်နဲ့ အဖျော်ယမကာ ဝယ်ယူခွင့်၊ လက်ဝယ်ရှိခွင့်၊ သောက်သုံးခွင့် အသက်ကို ၁၈နှစ်ကနေ ၂၀ နှစ်အထိတိုးမြှင့်ခဲ့ပါတယ်၊

ကလေးသူငယ်များအရက်သောက်ခြင်းနှင့် မြန်မာနိုင်ငံ

ကျနော်တို့ မြန်မာနိုင်ငံမှာ ကလေးသူငယ်များ နဲ့ အရွယ်မရောက်သေးသူများ (အသက် ၁၈နှစ်အောက်) ကို အကာအကွယ်ပေးဖို့အတွက် အရက်သေစာဝယ်ယူခွင့်၊ လက်ဝယ်ပိုင်ဆိုင်ခွင့်၊ သောက်သုံးခွင့်များနဲ့ပါတ်သက်ပြီး အနည်းဆုံး အသက်ကန့်သတ်ချက်ပြဋ္ဌန်းတဲ့ ဥပဒေ မရှိသေးဘူးလို့ ထင်ပါတယ်၊ ရှိရင်လည်း အဲဒီဥပဒေကို ထိရောက်အောင် အကောင်အထည်ဖော်မှု အင်မတန်အားနည်းတယ်လို့ မြင်ပါတယ်၊ စတိုးဆိုင်တွေမှာ အရက်ဝယ်ရင် အသက်အရွယ်ကို မစစ်ဆေးပဲ အလွယ်တကူရောင်းချနေကြတုံးပါ၊ စားသောက်ဆိုင်တွေ၊ ကလပ်တွေ မှာလည်း အရက်မှာရင် အသက်ကိုမစစ်ပဲ အလွယ်တကူ ရောင်းချနေကြဆဲပါ၊ စားသောက်ဆိုင်တွေ၊ အရက်ဆိုင်တွေမှာ ကလေးသူငယ်တွေကို မရောင်းချပါလို့ ကြေညာထားတာ မတွေ့ရပါ၊

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ၁၉၉၃ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ "ကလေးသူငယ်ဥပဒေ" ရဲ့ အခန်း (၁၇)၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ပုဒ်မ (၆၅) ပုဒ်မခွဲ (ခ) မှာ "အရက်ကို သီးသန့်ရောင်းချသောနေရာသို့ ကလေးသူငယ်အား ခေါ်ဆောင်သွားခြင်း သို့မဟုတ် ဝင်ရောက်ခွင့်ပေးခြင်း၊ ကလေးသူငယ်အား အရက်ဝယ်ခိုင်းခြင်း၊ အရက်ရောင်းချခြင်း၊ အရက်သောက်ရန်ခွင့်ပြုခြင်း၊ အရက်ရောင်းဝယ်သည့်လုပ်ငန်းတွင် အလုပ်ခိုင်းစေခြင်း သို့မဟုတ် အလုပ်လုပ်ခွင့်ပြုခြင်း" ပြုလုပ်သူ မည်သူကိုမဆို "ထောင်ဒဏ် ၆လအထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် တစ်ထောင် အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်၊" လို့ ပြဋ္ဌန်းထားပါတယ်၊ ဒီဥပဒေကို ကြည့်ရင်လည်း ကလေးသူငယ်တစ်ယောက်ရဲ့ အနာဂတ်ကို ဖျက်ဆီးသူများအပေါ် ချမှတ်မည့် ပြစ်ဒဏ်က အင်မတန်ကို နည်းလွန်းလှပါတယ်၊ ပြီးတော့ ဒီဥပဒေရှိတာတောင်မှ ကလေးသူငယ်တွေကို အရက်ဆိုင်ထဲမှာ တွေ့နေရဆဲ၊ ကလေးသူငယ်တွေ အရက်ဝယ်နေကြဆဲ၊ ကလေးသူငယ်တွေ ၊ အရွယ်မရောက်သေးသူတွေ အရက်သောက်နေကြဆဲပါ၊

ဒါပေမည့် ၂၀၁၁ ခုနှစ်မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization/WHO) ရဲ့ "အရက်နှင့် ကျန်းမာရေး ကမ္ဘာ့အခြေအနေပြ အစီရင်ခံစာ" (Global Status Report on Alcohol and Health 2011) မှာ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ နောက်ခံအချက်အလက်တွေမှာတော့ မြန်မာနိုင်ငံရဲ့ အနည်းဆုံး တရားဝင် အရက်သေစာ သောက်သုံးခွင့်၊ ရောင်းချခွင့်၊ လက်ဝယ်ရှိခွင့်အသက်ကန့်သတ်ချက်ဟာ ၁၈နှစ် ဖြစ်တယ်လို့ ဆိုပါတယ်၊ အဲဒီလို အသက်ကန့်သတ်ထားတယ်ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သိရှိပြီး ကျနော်တို့ မြန်မာပြည်သူများမသိကြတာကတော့ အံ့ဩစရာပါ၊ သူတို့သိအောင်၊ ဂရုစိုက်အောင် ဥပဒေကို အကောင်အထည်ဖော်မှု၊ လက်တွေ့ကျင့်သုံးမှုတွေ အားနည်းနေတယ် ဆိုတာ ထင်ရှားပါတယ်၊ကျနော်တို့တိုင်းပြည်အတွက် အင်မတန်တန်ဖိုးရှိလှတဲ့ ကလေးသူငယ်များ၊ အရွယ်မရောက်သေးသူများကို အရက်သေစာရဲ့ ဖျားယောင်းသွေးဆောင်မှုများနောက် အရွယ်မတိုင်ခင် လိုက်ပါမသွားကြအောင် အကာအကွယ်ပေးဖို့ ပိုပြီးခိုင်မာတဲ့ ဥပဒေတွေ၊ လက်တွေ့အကောင်အထည်ဖော်မှုတွေ လိုအပ်နေကြောင်းပါ ခင်ဗျား၊

ဆက်ပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
ဇူလိုင်လ ၂၉၊ ၂၀၁၃