BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, July 31, 2014

အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၁)

(မဇ္ဈိမနေ့စဉ်သတင်းစာ၊ ဇူလိုင် ၃၁ ရက်၊ ၂၀၁၄၊ ကြာသပတေးနေ့၊ စာမျက်နှာ ၁၆)



အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၁)
အောင်ဒင်

#တိုးမြှင့်လာသော ထိတွေ့ဆက်ဆံမှုများ (More Engagement)

၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုအစိုးရ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင်နော့စကီး (Assistant Secretary of State Tom Malinowski) ခေါင်းဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို တစ်ပါတ်ကြာလာရောက်ခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရတက်ပြီး ၂၀၁၁ ခုနှစ်ကစလို့ အမေရိကန်အစိုးရရဲ့  အဆင့်မြင့်အရာရှိတွေ မြန်မာနိုင်ငံကို အကြိမ်များစွာလာရောက်ခဲ့၊ လာရောက်နေကြတာမို့ အဲဒီခရီးစဉ်ဟာ အခြားအမေရိကန်ကိုယ်စားလှယ်အဖွဲ့များရဲ့  အခြားခရီးစဉ်များလိုပဲ ပုံမှန် ခရီးစဉ်တစ်ခုလို့ ထင်စရာအကြောင်းရှိပါတယ်။ မဟုတ်ပါ။ တကယ်တော့ အဲဒီခရီးစဉ်ဟာ အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံရေးကို နောက်တစ်ဆင့် ထပ်မံတိုးမြှင့်လိုက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က စပြီး အမေရိကန်အစိုးရက မြန်မာအစိုးရ၊ ပြည်ထောင်စုလွှတ်တော်တို့နဲ့ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒုက္ခသည်များအရေး၊ တိုင်းရင်းသားအရေး အထောက်အပံ့များကို တိုးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဒီနှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံရေးတွေ တိုးတက်လာပြီးတဲ့နောက် လူ့အခွင့်အရေးအဖွဲ့များနဲ့ ကွန်ဂရက်လွှတ်တော်အမတ်များ ကန့်ကွက်နေတဲ့ကြားက အမေရိကန်အစိုးရက မြန်မာ့တပ်မတော်နဲ့ပါ အကန့်အသတ်နဲ့ စတင်ထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် နောက်ပိုင်းကစပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ မြန်မာကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးတာ၊ အမေရိကန်သံအမတ်နဲ့ အစိုးရအရာရှိကြီးများကို မြန်မာကာကွယ်ရေးဦးစီးချုပ်က လက်ခံတွေ့ဆုံတာတွေ ရှိလာပါတယ်။  မြန်မာစစ်တပ်ကို သဘာဝဘေးအန္တရာယ်များကာကွယ်တားဆီးရေး၊ မြေမြှုပ်မိုင်းများရှင်းလင်းရေး၊ လူ့အခွင့်အရေးလေးစားလိုက်နာရေးဆိုင်ရာ သင်တန်းတွေပေးဖို့ အမေရိကန်ပြည်ထောင်စုက စတင်ကြိုးပမ်းခဲ့ပါတယ်။

တွမ်မာလင်နော့စကီးဟာ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာဗျူရို (Bureau of Democracy, Human Rights and Labor) ရဲ့  အကြီးအကဲဖြစ်ပြီး သူဦးဆောင်တဲ့ အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အခြားအဆင့်မြင့်အရာရှိတွေအပြင် ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဒုလက်ထောက်ကာကွယ်ရေးဝန်ကြီး ဒေါက်တာအေမီဆီးရိုက် (Deputy Assistant Secretary of Defense Dr. Amy Searight)၊ ပစိဖိတ်ဒေသဆိုင်ရာစစ်ဋ္ဌာနချုပ် ဒုတိယတပ်မှူး ဒုဗိုလ်ချုပ်ကြီးအန်ထိုနီခရပ်ခ်ျဖီးလ် (Deputy Commander of the U.S. Pacific Command Lt. General Anthony Crutchfield)၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန ပြည်ပပိုင်ဆိုင်မှုများထိန်းချုပ်ရေးဋ္ဌာန (Office of Foreign Assets Control) တွဲဖက်ညွှန်ကြားရေးမှူး ဂျွန်စမစ် (John Smith)၊ အမျိုးသားလုံခြုံရေးကောင်စီ စီးပွါးရေးပိတ်ဆို့မှုဆိုင်ရာအရာရှိ ဒေးဗစ်မော့တ်လော့က် (David Mortlock) စတဲ့ ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ နဲ့ အိမ်ဖြူတော်တို့က အဆင့်မြင့်အရာရှိကြီးများ ပါဝင်ခဲ့ပါတယ်။ ခရီးစဉ်အတွင်းမှာ တွမ်မာလင်နော့စကီးနဲ့ ဒေါက်တာ အေမီဆီးရိုက်၊ ဒုဗိုလ်ချုပ်ကြီး အန်ထိုနီခရပ်ခ်ျဖီးလ်၊ သံအမတ်ကြီး ဒဲရက်မစ်ချယ်တို့ဟာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့  ခွင့်ပြုချက်နဲ့ ဒုဗိုလ်ချုပ်ကြီး အန်ထိုနီခရပ်ခ်ျဖီးလ်က စစ်ဦးစီးတက္ကသိုလ်မှာ မြန်မာ့တပ်မတော်အရာရှိကြီးများကို ဇွန်လ ၂၅ ရက်နေ့မှာ မိန့်ခွန်းပြောခွင့်ရခဲ့ပါတယ်။ 

U.S. Lt. General Anthony Crutchfield Meeting Senior General Min Aung Hlaing (Photo: The Irrawaddy)

ဟောပြောအပြီးမှာ မြန်မာစစ်အရာရှိကြီးများက အမေရိကန်တပ်မတော်ဖွဲ့စည်းပုံနဲ့ ပါတ်သက်ပြီး မေးခွန်းတွေ စိတ်ဝင်တစားမေးမြန်းကြတာကို အမေရိကန်ဗိုလ်ချုပ်ကြီးက ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို အမေးအဖြေလုပ်ရင်းနဲ့ အမေရိကန်ဗိုလ်ချုပ်ကြီးက "ကျုပ်က ဒု-ဗိုလ်ချုပ်ကြီးဖြစ်ပေမည့် မူဝါဒပိုင်းဆိုင်ရာ တာဝန်မရှိဘူး၊ (အတူပါလာတဲ့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကို လက်ညှိုးထိုးပြပြီး) တွမ်မာလင်နော့စကီးလို အရပ်သား ဝန်ကြီးက မူဝါဒတွေကို ချမှတ်တယ်။ ကျုပ်တို့စစ်အရာရှိတွေက အဲဒီ မူဝါဒတွေကို အကောင်အထည်ဖော်ရတယ်" ဆိုပြီး အမေရိကန်ပြည်ထောင်စုမှာ လက်နက်ကိုင်တပ်ဖွဲ့များဟာ အရပ်သားအုပ်ချုပ်ရေးရဲ့  ဦးဆောင်မှုကို ခံယူကြောင်း နမူနာပြရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ ဒါဟာဖြင့် အမေရိကန်စစ်တပ်ရဲ့ အဆင့်မြင့်အရာရှိကြီးတစ်ဦးနဲ့ အလယ်အလတ်တန်း မြန်မာစစ်အရာရှိများ ပထမဆုံးအကြိမ် ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း စကားပြောနိုင်ကြတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက မြန်မာ့တပ်မတော်နဲ့ ထိတွေ့ဆက်ဆံရေးအရှိန်အဟုန်ကို သိသိသာသာတိုးမြှင့်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ တွမ်မာလင်နော့စကီးဟာ အမျိုးသားလုံခြုံရေးကောင်စီအရာရှိ ဒေးဗစ်မော့တ်လော့က်၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနအရာရှိ ဂျွန်စမစ်တို့နဲ့အတူ အမေရိကန်ပြည်ထောင်စုက နံမည်ပျက်စာရင်းသွင်းပြီး စီးပွါးရေးပိတ်ဆို့အရေးယူထားဆဲဖြစ်တဲ့ မြန်မာစီးပွါးရေးလုပ်ငန်းရှင် (၁၀) ဦးကို ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ သီးခြားစီတွေ့ဆုံပြီး သူတို့ကို ဘာကြောင့် အမေရိကန်အစိုးရက အရေးယူထားတယ်၊ နံမည်ပျက်စာရင်းက လွတ်မြောက်ဖို့ ဒီစီးပွါးရေးသမားတွေက ဘာတွေလုပ်ဆောင်သင့်တယ်ဆိုတာတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါဟာဖြင့် အမေရိကန်ပြည်ထောင်စုက (Engagement Policy) မြန်မာနိုင်ငံဆိုင်ရာထိတွေ့ဆက်ဆံမှုတွေမှာ မြန်မာအစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နဲ့ အပြင် ခရိုနီစီးပွါးရေးသမားများအထိ တိုးချဲ့လိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာဖြင့် အမေရိကန်အစိုးရက မြန်မာ့ခရိုနီစီးပွါးရေးသမားများနဲ့ ပထမဆုံးအကြိမ် ထိတွေ့ဆက်ဆံမှုပဲ ဖြစ်ပါတယ်။

A U.S. Government Delegation led by Assistant Secretary of Democracy, Human Rights, and Labor Tom Malinowski and Ambassador Mitchell discussed the status of inter-faith relations and need for peaceful co-existence with Monk Bhadanta Bar La in Mon State. (Photo Credit: U.S. Embassy Rangoon Facebook)

#အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးကို ထောက်ခံအားပေးကြတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စုဟာ အားအကိုးရဆုံး၊ အခိုင်မာဆုံးဖြစ်တယ်လို့ ကျနော့်ရဲ့  ၁၀နှစ်ကျော် အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ပြီး မြန်မာ့အရေးအတွက် စည်းရုံးဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံများကို အခြေခံပြီး ရဲရဲကြီးပြောနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စု အစိုးရ၊ ကွန်ဂရက်လွှတ်တော်နဲ့ အမေရိကန်ကျောင်းသား၊ ပြည်သူများဟာ ကျနော်တို့ မြန်မာပြည်သူများဖက်က ကာလရှည်ကြာ ယုံယုံကြည်ကြည်ရပ်တည်ကြတဲ့ မိတ်ဆွေကောင်းတွေပါ။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလကစလို့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲပြီး ဒီမိုကရေစီတောင်းဆိုသူများကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့တဲ့ ကာလတလျှောက်လုံး အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရအပေါ် နိုင်ငံရေး၊ စီးပွါးရေး၊ သံတမန်ရေး ဖိအားတွေအဆက်မပြတ်ပေးပြီး ပြစ်ဒဏ်ခတ် အရေးယူခဲ့တာပါ။

မြန်မာစစ်အစိုးရရဲ့  လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ ၁၉၉၇ ခုနှစ်မှာ သမ္မတကလင်တန်က အမေရိကန်စီးပွါးရေးလုပ်ငန်းများကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုကြီးအပြီးမှာ သမ္မတ ဘွတ်ရှ်က ပိုပြီးပြင်းထန်တဲ့ စီးပွါးရေးပိတ်ဆို့မှုတွေနဲ့ အရေးယူခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို အမေရိကန်ပြည်ထောင်စုကို တင်သွင်းခြင်းမပြုဖို့ ပိတ်ပင်တားဆီးခဲ့သလို မြန်မာစစ်ခေါင်းဆောင်များနဲ့ မိသားစုဝင်များ၊ မြန်မာစစ်အစိုးရကို ငွေရေးကြေးရေးထောက်ပံ့နေတဲ့၊ မြန်မာစစ်ခေါင်းဆောင်များနဲ့ ပူးပေါင်းပြီးအကျိုးစီးပွါးဖြစ်ထွန်းနေတဲ့ အလိုတော်ရိစီးပွါးရေးသမားများကို နံမည်ပျက်စာရင်းသွင်းပြီး အမေရိကန်ပြည်ထောင်စုကို လာရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာအစည်းအဝေးများမှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် စစ်အစိုးရမှ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာမှ ဝိုင်းဝန်းဖိအားပေးကြဖို့ အမေရိကန်ပြည်ထောင်စုက ဦးဆောင်စည်းရုံးခဲ့ပါတယ်။

ရီပတ်ဘလီကန်ပါတီက သမ္မတ ဘွတ်ရှ်ရဲ့  သမ္မတသက်တမ်း (၈) နှစ် (၂၀၀၁-၂၀၀၈) မှာ ကွန်ဂရက်လွှတ်တော်ရဲ့  ဦးဆောင်မှုနဲ့ မြန်မာစစ်အစိုးရအပေါ် စီးပွါးရေးပိတ်ဆို့မှုနဲ့ ဖိအားပေးမှုကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအရေးကိစ္စကို ကမ္ဘာ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UN Security Council) က တာဝန်ယူ ဖြေရှင်းရမည့် နိုင်ငံတကာပြသနာတစ်ခုအဖြစ်လက်ခံလာအောင် ဆောင်ရွက်နိုင်ခဲ့လို့ မြန်မာစစ်အစိုးရကိုရော၊ မြန်မာစစ်အစိုးရအားကိုးအားထားပြုရာ တရုတ်အစိုးရကိုပါ နိုင်ငံရေးအရ အမြင့်ဆုံးဖိအားတွေ ပေးနိုင်ခဲ့ပါတယ်။ သမ္မတဘွတ်ရှ်ရဲ့  သက်တမ်းအတွင်းမှာ မြန်မာစစ်အစိုးရကို ဖိအားပေးမှုတွေကိုသာ အရှိန်မြှင့်ဆောင်ရွက်ခဲ့ပြီး စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေးကို ဦးစားမပေးခဲ့ပါ။ တရုတ်အစိုးရရဲ့  အစီအစဉ်နဲ့ အမေရိကန် ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အဲရစ်ဂျွန် (Deputy Assistant Secretary of State Eric John) နဲ့  နအဖဝန်ကြီး သုံးဦး (ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်း၊ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉဏ်ဝင်း) တို့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ၂၀၀၇ ခုနှစ်၊ ဇွန် ၂၅ နဲ့ ၂၆ ရက်တွေမှာ တစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပေမည့် တိုးတက်မှု တစ်စုံတစ်ရာမရှိခဲ့ပါ။

၂၀၀၉ ခုနှစ်မှာ ဒီမိုကရက်တစ်ပါတီက ဘားရက် အိုဘားမား အမေရိကန်သမ္မတဖြစ်လာပြီး ဟီလာရီကလင်တန်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ သမ္မတအိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်တို့ရဲ့  ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့  မူဝါဒများကို ပြန်လည်သုံးသပ်ပြီး မြန်မာနိုင်ငံအရေးကိစ္စကို ဝင်ရောက်ဖြေရှင်းပေးရာမှာ စစ်အစိုးရအပေါ် ဖိအားပေးမှုနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကို တွဲဖက်ကျင့်သုံးဖို့ (Pressure and Engagement Policy) ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း စစ်တပ်က တိုက်ရိုက်အုပ်ချုပ်တဲ့ စနစ်ကနေ စစ်တပ်ကကြိုးကိုင်ထားတဲ့ အရပ်သားအုပ်ချုပ်ရေးစနစ်နဲ့ အစားထိုးဖို့ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းဖို့ စတင်တဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုနဲ့ ဖိအားပေးမှုတွေကို ထိန်းသိမ်းထားရင်း အမေရိကန်အစိုးရနဲ့ မြန်မာစစ်အစိုးရအကြား ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ခဲ့ပါတယ်။ သမ္မတအိုဘားမားက ၂၀၁၁ ခုနှစ်မှာ အာရှဒေသနဲ့ မြန်မာ့ရေးရာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဒု-လက်ထောက်ကာကွယ်ရေးဝန်ကြီး ဒဲရက်မစ်ချယ် (Derek Mitchell) ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် (U.S. Special Representative and Policy Coordinator for Burma) အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံမှာ အစိုးရ၊ လွှတ်တော် စတဲ့ အရပ်သားအသွင်ဆောင် အာဏာပိုင်အဖွဲ့အစည်းများပေါ်ပေါက်လာပြီးတဲ့နောက် အမေရိကန်အစိုးရနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး စတင်ကောင်းမွန်လာပါတယ်။ အမေရိကန်ရဲ့  တောင်းဆိုချက်တွေကို လိုက်လျောတဲ့အနေနဲ့ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာ၊ စာပေလွတ်လပ်ခွင့်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လွှတ်တော်ထဲ ဝင်ရောက်ခွင့်ပေးတာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးတာတွေ ပြုလုပ်ပေးခဲ့ပါတယ်။

အပြန်အလှန်အားဖြင့် အမေရိကန်ပြည်ထောင်စုကလည်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ သမ္မတအိုဘားမားတို့ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်တာ၊ သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့ကို ဝါရှင်တန်ဒီစီကို ဖိတ်ကြားဧည့်ခံတာ၊ မြန်မာသံအမတ်ကို ဝါရှင်တန်ဒီစီမှာ ပြန်လည်လက်ခံလို့ ၂၀၁၂ ခုနှစ်၊ ဇွန်လမှာ ဒဲရက်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြင့် ခန့်အပ်ပြီး နှစ်ပေါင်း ၂၀ ကျော်အဆင့်လျှော့ချခဲ့တဲ့ သံတမန်ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းတာ၊ မြန်မာကာကွယ်ရေးဝန်ကြီးကို အမေရိကန်နဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ခွင့်ပေးတာ၊ စီးပွါးရေးပိတ်ဆို့မှုနဲ့ အရေးယူမှုတွေကို အဆင့်လိုက်လျှော့ချပေးတာတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဒီလိုနဲ့ သမ္မတအိုဘားမားလက်ထက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့  မူဝါဒဟာ ဖိအားပေးမှုတွေလျှော့ပေးပြီး တိုက်ရိုက်ဆက်ဆံမှုကို တိုးမြှင့်တဲ့ဘက်ကို ပြောင်းလဲခဲ့ပါတယ်။

Friday, July 25, 2014

Burma's Parliament Watch Part (71)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၂၀၆၊ ဇူလိုင်လ ၂၄ ရက်နေ့၊ ၂၀၁၄၊ စာမျက်နှာ ၁၈/၂၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၇၁) လွှတ်တော်၊ မီဒီယာနှင့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ (က)

# ဘေးသင့်နေတဲ့ သတင်းမီဒီယာများ

အခုတလော မြန်မာနိုင်ငံက သတင်းစာဆရာတွေ၊ သတင်းဂျာနယ်တွေ ဘေးသင့်နေတယ်ထင်ပါတယ်။ ပြည်သူ့ရဲ သတင်းတပ်ဖွဲ့က ဂျာနယ်အချို့က တာဝန်ရှိသူတွေကို ဖိတ်ခေါ်ပြီး ဂျာနယ်ထုတ်ဝေမှု ကုန်ကျစရိတ်များ၊ အရှုံးအမြတ်များအကြောင်း မေးမြန်းစုံစမ်းပါတယ်။ ဇူလိုင် ၇ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က မန္တလေးမြို့ပဋိပက္ခနဲ့ပတ်သက်ပြီး ဟောပြောတဲ့မိန့်ခွန်းမှာ "မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ်စေမည့် ရေးသားပြောဆိုမှုအစား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားလိုပါတယ်။" လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ သမ္မတက သတိပေးပြီး ၃ ရက်အကြာ၊ ဇူလိုင် ၁၀ ရက်နေ့မှာ "နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ" နဲ့ တရားစွဲဆိုခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ် ကိုတင့်ဆန်းနဲ့ သတင်းထောက် ၄ ယောက်ကို ပခုက္ကူ ခရိုင်တရားရုံးက ပြစ်မှုထင်ရှားတယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချလိုက်ပါတယ်။ အဲဒီလို သတင်းသမားတွေကို ကြီးမားတဲ့ ပြစ်ဒဏ်တွေချတာကို မကျေနပ်လို့ ဇူလိုင် ၁၂ ရက်နေ့က ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာသည်တွေကို သမ္မတဦးသိန်းစိန် လာရောက်စကားပြောတဲ့ ရန်ကုန်မြို့၊ ရွှေလီလမ်းက မြန်မာငြိမ်းချမ်းရေးစင်တာရှေ့မှာ တူညီဝတ်စုံနဲ့ အသံတိတ် ဆန္ဒပြကြတဲ့ သတင်းထောက်များဟာလည်း ခွင့်ပြုချက်မတောင်းခံပဲ ဆန္ဒပြလို့ဆိုပြီး ကမာရွတ်မြို့နယ်ရဲစခန်းက ပုဒ်မ (၁၈) နဲ့ တရားစွဲဆိုထားပါတယ်။

ဒါဟာဖြင့် တိုင်းပြည်ရဲ့ ပထမမဏ္ဍိုင်ဖြစ်တဲ့ အစိုးရက စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာများအပေါ် သဘောထားတင်းမာမှုတွေ ဖြစ်ပေါ်လာတာလို့ သုံးသပ်နိုင်ပါတယ်။ တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားစီရင်ရေးစနစ်ကလည်း အုပ်ချုပ်သူများရဲ့  လွှမ်းမိုးမှုခံနေရပြီး သတင်းသမားများကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပေးလိုက်ပါပြီ။ ဒါဆိုရင် ဒုတိယမဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကရော မီဒီယာအပေါ် ဘယ်လိုသဘောထားပါသလဲ။

#သတင်းသမားများအရေး လွှတ်တော်အစည်းအဝေးမှာ မဆွေးနွေးကြပါ

သတင်းသမားများ အခုလို အုပ်ချုပ်ရေးအဖွဲ့ရဲ့  ရန်လိုမှုခံနေရချိန်၊ ကြီးမားတဲ့ ပြစ်ဒဏ်များကျခံနေရချိန်၊ တရားစွဲဆိုခံနေရချိန်ဟာ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ ဒဿ     မပုံမှန်အစည်းအဝေးများ ကျင်းပနေချိန်ပါ။ ဒါကြောင့် သတင်းမီဒီယာများ ဖိနှိပ်ခံနေရတဲ့အရေး လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာ လွှတ်တော်အစည်းအဝေးများမှာ ဆွေးနွေးကြ၊ မေးမြန်းကြ၊ အရေးကြီးအဆိုတွေ တင်ကြမလားလို့ လေ့လာကြည့်မိပါတယ်။ မတွေ့ပါ။ လွှတ်တော်ကိုယ်စားလှယ်များအဖို့ သတင်းမီဒီယာသမားများဖိနှိပ်ခံရခြင်းထက် ပိုအရေးကြီးတဲ့ အခြားကိစ္စတွေရှိနေပါတယ်။

ဇူလိုင် ၇ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ဒဿမပုံမှန်အစည်းအဝေး၊ ၂၅ ရက်နေ့မြောက်အစည်းအဝေးမှာပါ။ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြသိန်း (ကြံ့ခိုင်ရေးပါတီ) က သူ့အတွက် အရေးကြီးတဲ့ မေးခွန်းတစ်ခုကို ကြယ်ပွင့်ပြမေးခွန်းအဖြစ်နဲ့ မေးမြန်းပါတယ်။ သူ့မေးခွန်းက "မုဒုံမြို့ပေါ်တွင် ရပ်ကွက်ကြီး လေးရပ်ကွက်ရှိပါတယ်။ ၎င်းတို့မှာ မြို့မ (၁)၊ မြို့မ (၂)၊ မြို့မ (၃) နှင့် မြို့မ (၄) တို့ဖြစ်ပါတယ်။ ဝင်းကဖိုရပ်ကွက်သည် မြို့မ (၁) တွင် မုဒုံကြီးရပ်ကွက်ရဲ့  အနောက်ဘက်တွင်ရှိပါတယ်။ ဝင်းကဖိုရပ်ကွက်တွင် လူနေအိမ်တွေကြားထဲတွင် ကြက်မွေးထားသော အိမ်သုံးအိမ်ရှိသဖြင့် ရပ်ကွက်နေ ရပ်ကွက်သူ/ရပ်ကွက်သားများ ကြက်အနံ့ကြောင့် ကျန်းမာရေးထိခိုက်လျက်ရှိပါတယ်။ သို့ဖြစ်၍ ကျနော်မေးလိုသောမေးခွန်းမှာ ယင်းကြက်မွေးထားသော အိမ်သုံးအိမ်ကို လူနေရပ်ကွက်နှင့် ဝေးသောနေရာသို့ ပြောင်းရွှေ့ပေးရန်အစီအစဉ်ရှိ/မရှိ" ဆိုပြီး ဖြစ်ပါတယ်။

ဒီမေးခွန်းကို မွန်ပြည်နယ်အစိုးရရဲ့ ကိုယ်စား သမ္မတရုံးဝန်ကြီးဋ္ဌာန-၄ ဒုဝန်ကြီး ဦးအောင်သိန်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရှေ့မှောက်မှာ လာရောက်ဖြေကြားပါတယ်။ သူ့အဖြေက "မုဒုံမြို့နယ်၊ ဝင်းကပိုရပ်ကွက် ကြက်မွေးထားတဲ့ နေအိမ်သုံးအိမ်မှ အိမ်ရှင်များကို ၁၈-၆-၂၀၁၄ ရက်နေ့မှာ မုဒုံမြို့နယ်ကော်မတီ ၄ ရပ်ရှေ့မှာ ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ကြက်ခြံပိုင်ရှင်များမှ မွေးမြူထားတဲ့ ကြက်များမှာ ၁၅ ရက်သားရှိတဲ့အတွက်ကြောင့် အချိန်ကာလတစ်ခု စောင့်ဆိုင်းပေးရန် တင်ပြခြင်းအတွက် ၂၅ ရက်သတ်မှတ်ပေးပြီးတော့ ၁၃-၇-၂၀၁၄ ရက်နေ့မှာ အပြီးဖယ်ရှားပေးရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူခံရမည်ဖြစ်ကြောင်း ကော်မတီ ၄ ရပ်ရှေ့မှာ ကတိပြုပြီးဖြစ်တဲ့အတွက်ကြောင့် ဆက်လက်မွေးမြူလိုပါက ရပ်ကွက်နှင့်ဝေးသောနေရာကို ပြောင်းရွှေ့မွေးမြူ ရန် မှာကြားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်" လို့ ဖြစ်ပါတယ်။

အံ့ဩမိပါတယ်။ ရပ်ကွက်တစ်ခုထဲက ကြက်မွေးမြူရေးလုပ်တဲ့ အိမ်သုံးအိမ်ကိစ္စဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖြေရှင်းရမည့် ကိစ္စ၊ ဒါနဲ့မှ မပြီးရင် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အဆင့်အဖွဲ့အစည်းများက ဖြေရှင်းနိုင်တဲ့ ကိစ္စပါ။ လွှတ်တော်အဆင့်မှာ ဆွေးနွေးမယ်ဆိုရင်လည်း မုဒုံမြို့နယ်ကို ကိုယ်စားပြုတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက မွန်ပြည်နယ်လွှတ်တော်မှာသာ ဆွေးနွေးသင့်ပါတယ်။ ပြည်ထောင်စုလွှတ်တော်အဆင့်မှာ ဆွေးနွေးဖြေရှင်းရမည့် ကိစ္စမဟုတ်ပါ။

အံ့ဩမိပါသေးတယ်။ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အစည်းအဝေးများမှာ လွှတ်တော်ဥက္ကဋ္ဌကတဆင့် ပြည်ထောင်စုအစိုးရကို မေးခွန်းများမေးမြန်းရာမှာ ကြယ်ပွင့်ပြမေးခွန်းနဲ့ ကြယ်ပွင့်မပြမေးခွန်းဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ အစည်းအဝေးကာလတစ်ခုမှာ ကြယ်ပွင့်ပြမေးခွန်း (၅) ခုပဲ မေးခွင့်ရပြီး အဲဒီ ကြယ်ပွင့်ပြမေးခွန်းများကို ပြည်ထောင်စုအစိုးရကိုယ်စားလှယ်များက လူကိုယ်တိုင် လာရောက်ဖြေကြားရပါတယ်။ ကျန်တဲ့ မေးခွန်းတွေရှိသေးရင် ကြယ်ပွင့်မပြမေးခွန်းအဖြစ်နဲ့ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနကို စာနဲ့ရေးသားမေးမြန်းရပြီး သက်ဆိုင်ရာဝန်ကြီးဋ္ဌာနကလည်း သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ကို စာနဲ့ရေးသားဖြေကြားပါတယ်။ ဒီတော့ လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်ဥက္ကဋ္ဌကတဆင့် ပြည်ထောင်စုအစိုးရကို တိုက်ရိုက်မေးမြန်းခွင့်ရတာ တန်ဘိုးရှိတဲ့ အခွင့်အရေးတစ်ခုပါ။ ဒါကြောင့်မို့ ကြယ်ပွင့်ပြမေးခွန်းတွေဟာ ပြည်ထောင်စုတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့အရေးကိစ္စများ၊ ပြည်နယ်၊ တိုင်းဒေသကြီးများနဲ့ တိုက်ရိုက်သက်ဆိုင်ပြီး ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရများက ဖြေရှင်းမပေးနိုင်တဲ့အရေးကိစ္စများ၊ နိုင်ငံသားများရဲ့ အခွင့်အရေးများနဲ့ပတ်သက်တဲ့ အရေးကိစ္စများသာ ဖြစ်သင့်ပါတယ်။ မုဒုံမြို့ ရပ်ကွက်တစ်ခုက ကြက်မွေးမြူသူများအရေးကိစ္စက ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်းတစ်ခုဖြစ်လာတဲ့ အတွက် မေးမြန်းသူလွှတ်တော်ကိုယ်စားလှယ်ကိုရော၊ ခွင့်ပြုသူလွှတ်တော်အကြီးအကဲများကိုရော အံ့ဩမိပါတယ်။

#တရားမျှတမှုအကြောင်း မေးမြန်းဆွေးနွေး၊ သို့သော်လည်း အကျဉ်းကျသတင်းသမားများအတွက် မဟုတ်ပြန်

ဇွန်လ (၁၆) ရက်နေ့မှာကျင်းပတဲ့ ပြည်သူ့လွှတ်တော် ဒဿမပုံမှန်အစည်းအဝေး၊ ၁၂ ရက်မြောက်နေ့မှာပါ။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ယူနတီဂျာနယ်က သတင်းထောက်များ "နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ" နဲ့ ဖမ်းဆီးတရားစွဲဆိုခံရပြီး ၄ လကျော် ကြာပြီးတဲ့အချိန်မှာပါ။ ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ရသေ့တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ) က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှတဆင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို မေးခွန်းနှစ်ခု မေးမြန်းပါတယ်။ မေးခွန်းက လူပုဂ္ဂိုလ်နှစ်ဦးကြား ငွေချေးငှါးမှုပြဿနာ နဲ့ သက်ဆိုင်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော ဒေါ်မြနှင်းဝေထံမှ ဦးမျိုးဆွေသိမ်းက ကျပ်ငွေ သိန်း ၂၅၀၀ ချေးယူခဲ့ပါတယ်။ အဲဒီ ချေးငွေကို ရွှေချောင်း ၄၄ ချောင်းအဖြစ်နဲ့ ချေးယူခဲ့ပြီး သုံးနှစ်အတွင်းမှာ ရွှေချောင်းများနဲ့ပဲ ပြန်ဆပ်ဖို့ ကတိပြုခဲ့ပါတယ်။ ဦးမျိုးဆွေသိမ်းပိုင် မန္တလေးမြို့၊ ၂၈ လမ်း၊ ၈၀-၈၁ လမ်းကြားရှိ လေးထပ်တိုက်နှင့် မြေပိုင်ဆိုင်မှုစာရွက်စာတမ်းများကို ဒေါ်မြနှင်းဝေထံ ငွေချေးငှါးမှုအာမခံအဖြစ် ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သုံးနှစ်ပြည့်ခါနီးမှာ  ဦးမျိုးဆွေသိမ်းက  ဒေါ်မြနှင်းဝေကို လူချင်းလည်းအတွေ့မခံ၊ ချေးငွေကိုလည်း ပြန်မဆပ်ပဲ ရှောင်တိမ်းနေလို့  ဒေါ်မြနှင်းဝေက  ဦးမျိုးဆွေသိမ်းကို လိမ်လည်မှု၊ ပုဒ်မ (၄၂၀) နဲ့ တရားစွဲဆိုပါတယ်တဲ့။

ဒေါ်ခင်စောဝေနဲ့  ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့  သဘောထားက “ဒီငွေချေးငှါးမှုမှာ ဦးမျိုးဆွေသိမ်းက ဒေါ်မြနှင်းဝေထံက ငွေချေးငှါးရာမှာ အာမခံပစ္စည်းပေးအပ်ပြီး ချေးငှါးတာဖြစ်လို့ ချေးငွေတွေပြန်မဆပ်တာဟာ လိမ်လည်မှုမမြောက်ပဲ သာမာန်ပဋ္ဋိညာဉ်ချိုးဖောက်မှုသာဖြစ်တယ်။ ဒါကြောင့် တရားစွဲဆိုရာမှာ တရားမမှုအဖြစ်နဲ့သာ စွဲဆိုရမှာဖြစ်ပြီး ချမ်းမြသာစည်တရားရုံးက ဦးမျိုးဆွေသိမ်းကို ပြစ်မှုကြောင်းအရ တရားစွဲဆိုထားခြင်းဟာ တရားစီရင်ရေးယန္တရားအား အလွဲသုံးစားလုပ်ရာရောက်တယ်။ ဒါကြောင့် ဦးမျိုးဆွေသိမ်းဟာ နိုင်ငံသားတစ်ဦးအနေနဲ့ တရားမျှတမှုကို ခံစားခွင့်မရပဲ နစ်နာနေတယ်” လို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်ခင်စောဝေက (၁) ဦးမျိုးဆွေသိမ်းဟာ နိုင်ငံသားတစ်ဦးအနေနဲ့ တရားမျှတမှုကို ခံစားခွင့်မရပဲ နစ်နာနေတယ်ဆိုတာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သိရှိပါသလား၊ (၂) တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ "ဦးမျိုးဆွေသိမ်း၏တင်ပြချက်အပေါ် ဥပဒေနဲ့အညီ ဆုံးဖြတ်ထားခြင်းမရှိကြောင်း၊ ပုဒ်မ ၄၂၀ ဖြင့် ဦးမျိုးဆွေသိမ်းအား ရာဇဝတ်မှုအဖြစ် အရေးယူထားခြင်းမှာ မှားယွင်းနေကြောင်း" သုံးသပ်တွေ့ရှိချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မည်ကဲ့သို့ သဘောထားပါသလဲ၊ ဆိုပြီး မေးမြန်းပါတယ်။

ဒီမေးခွန်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြသိမ်းက လာရောက်ဖြေကြားပါတယ်။ သူ့ရဲ့  အဖြေမှာ ဒေါ်မြနှင်းဝေရဲ့  တိုင်တန်းချက်အရ ချမ်းမြသာစည်မြို့နယ် အမှတ် (၁) ရဲစခန်းနဲ့ ချမ်းမြသာစည်မြို့နယ်တရားရုံးက ဦးမျိုးဆွေသိမ်းကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀ အရအမှုဖွင့်အရေးယူခဲ့တယ်။ ဦးမျိုးဆွေသိမ်းက ၎င်းအပေါ်စွဲဆိုထားသည့်အမှုအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ (၅၆၁/က) အရ ချေဖျက်ပေးရန် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ လျှောက်ထားရာ အောင်မြင်ခြင်းမရှိခဲ့၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအဖြစ်  ဦးမျိုးဆွေသိမ်းက ဆက်လက်လျှောက်ထားရာမှာလည်း  ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တိုင်းဒေသကြီးတရားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုပြီး ပြင်ဆင်ချက်ကို ပလပ်ခဲ့၊ အဲဒီနောက် ချမ်းမြသာစည်မြို့နယ်တရားရုံးက အမှုကို ဆက်လက်စစ်ဆေးပြီး ၂၀၁၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှာ ဦးမျိုးဆွေသိမ်းကို အမှုမှ အပြီးအပြတ်လွှတ် (တရားသေလွှတ်) ကြောင်း စီရင်ချက်ချခဲ့ပြီးပြီလို့ ဆိုပါတယ်။ ဒီဆုံးဖြတ်ချက်ကို တရားလိုဖြစ်တဲ့ ဒေါ်မြနှင်းဝေက မကျေနပ်ရင် အထက်တရားရုံးအဆင့်ဆင့် အယူခံတင်သွင်းနိုင်တာမို့ တရားစီရင်မှုလုံးလုံးလျားလျားမပြီးပြတ်သေးတဲ့ အခြေအနေမှာ ဒေါ်ခင်စောဝေရဲ့  သဘောထား မေးမြန်းချက်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားမပေးနိုင်ကြောင်း ဖြေကြားပါတယ်။

ထူးဆန်းနေတာက ဒေါ်ခင်စောဝေနဲ့ ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက ဦးမျိုးဆွေသိမ်းတစ်ယောက် နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးနေရတယ်၊ တရားမျှတမှုကို မခံစားရဘူး၊ ဦးမျိုးဆွေသိမ်းကို ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခြင်းဟာ မှားယွင်းတယ်ဆိုပြီး ဦးမျိုးဆွေသိမ်းဘက်က ရပ်တည်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို မေးခွန်းထုတ်တာဖြစ်ပေမည့် တကယ့်တရားခွင်မှာ ဦးမျိုးဆွေသိမ်းက အနိုင်ရသူပါ။ ချမ်းမြသာစည် တရားရုံးက ဦးမျိုးဆွေသိမ်းကို တရားသေလွှတ်တာ  ဧပြီလ ၄ ရက်နေ့ကဆိုတော့ ဒေါ်ခင်စောဝေ မေးခွန်းထုတ်တဲ့ ဇွန်လ ၁၆ရက်မတိုင်ခင် နှစ်လကျော်လောက်ကတည်းကပါ။ ဒါကို ဒေါ်ခင်စောဝေ သိပုံမရပါ။ တစ်ခါ တရားသူကြီးဦးမြသိမ်းရဲ့  အဖြေအရ ဒီအမှုမှာ တရားခံဖြစ်တဲ့ ဦးမျိုးဆွေသိမ်းဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေလေးယောက်ထဲမှာ တစ်ဦးက ဒေါ်ခင်စောဝေလိုပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး  ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဝင်တစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒေါ်ခင်စောဝေရဲ့  မေးမြန်းချက်ဟာ ရိုးသားမှုရှိပါ့မလားလို့ သံသယဖြစ်စရာရှိနေပါတယ်။

ပိုပြီးထူးဆန်းတာက ဒေါ်ခင်စောဝေ ပါဝင်တဲ့ ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဟာ နိုင်ငံသားနှစ်ဦးအကြား ငွေချေးငှါးမှုကြောင့် ဖြစ်တဲ့ ပြဿ     နာမှာ သူတို့ မှန်တယ်ထင်တဲ့ဘက်က ရပ်တည်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တရားစီရင်ရေးရာ မေးခွန်းထုတ်ပေမည့် နိုင်ငံသားများအားလုံးရဲ့  စာပေလွတ်လပ်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတဲ့ တရားစီရင်မှုများကိုတော့ မေးခွန်းထုတ်ခြင်း၊ ဝေဘန်ခြင်းမရှိတာပါ။ ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်များမှာ သက်တမ်းနုနယ်သေးတဲ့ စာပေလွတ်လပ်ခွင့်ကို မပျက်ဆီး၊ မပြိုလဲအောင် အကာအကွယ်ပေးဖို့ တာဝန်ရှိပါတယ်။

(ဇူလိုင် ၁၇၊ ၂၀၁၄)




Tuesday, July 22, 2014

ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး အပိုင်း (၅)



 (မဇ္ဈိမနေ့စဉ်သတင်းစာ၊ ဇူလိုင် ၂၂၊ ၂၀၁၄၊ စာမျက်နှာ ၁၆/၁၇)

ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး
အပိုင်း (၅)

အောင်ဒင်

#အရေးအကြီးဆုံးက တပ်မတော်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက သူတို့ရဲ့  လက်နက်ကိုင်တပ်ဖွဲ့များကို စွန့်လွှတ်ပြီး ရွေးကောက်ပွဲအခြေခံတဲ့ နိုင်ငံရေးပြောင်းလဲ လုပ်ဆောင်ဖို့မှာ အဓိအရေးကြီးဆုံးလိုအပ်ချက် (၂) ချက်က ပြည်နယ်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များရှိတဲ့ ပြည်ထောင်စုနိုင်ငံတော်နဲ့ (၂) အရပ်သားအစိုးရရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုတပ်မတော်ပဲ ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် အရေးအကြီးဆုံးက တပ်မတော်ရဲ့ သဘောထားပဲ ဖြစ်ပါတယ်။ တပ်မတော်က နိုင်ငံရေးဆွေးနွေးပွဲတွေကနေ တိုင်းရင်းသားလူမျိုးစုများအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရေးကို သဘောတူနိုင်ပါ့မလား။ တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရေးကို သဘောတူပါ့မလား။ တပ်မတော်က သဘောမတူရင်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မအောင်မြင်နိုင်ပါ။ ဒါဆို ပြည်တွင်းစစ်မရပ်စဲနိုင်ပါ။ ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ပါ။

ပြည်ထောင်စုတပ်မတော်ဆိုရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အဆိုပြုတဲ့ "တိုင်းရင်းသားလူမျိုးအသီးသီးတို့ ကြိုတင်ညှိနှိုင်းသဘောတူသတ်မှတ်ထားတဲ့ အချိုးကျစနစ်နဲ့ ဖွဲ့စည်းဖို့၊ မည်သည့်တိုင်းရင်းသားလူမျိုးကမှ တပ်ဖွဲ့ဝင်ဦးရေ ထက်ဝက်ကျော်မရှိစေရ၊ စစ်ဦးစီးများအဖွဲ့တွင် တိုင်းရင်းသားလူမျိုးအသီးသီး၏ စစ်ဦးစီးချုပ်များ အချိုးကျပါဝင်စေပြီး ၎င်းတို့အထဲမှ ကာကွယ်ရေးဦးစီးချုပ်တစ်ဦးကို တစ်နှစ်သက်တမ်းအတွက် အလှည့်ကျ ရွေးချယ်ခန့်အပ်ရမည်။" စတဲ့ အချက်တွေကို သဘောမတူ၊ လက်မခံနိုင်ရင်တောင်မှ အရပ်သားအစိုးရအုပ်ချုပ်မှုအောက်မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာစောင့်သိတဲ့၊ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိပဲ နိုင်ငံတော်ကို ပြည်ပရန်က ကာကွယ်ဖို့ စွမ်းရည်ပြည့်ဝတဲ့၊ တိုင်းပြည်ဘဏ္ဍာကို အလွန်အကျွံမဖြုံးတီးတဲ့ ပြည်ထောင်စုတပ်မတော်မျိုးကို ကျနော်တို့ မြန်မာနိုင်ငံသားအားလုံး မျှော်လင့်ကြပါတယ်။

ဒီမိုကရေစီတူဒေးသတင်းစာ အယ်ဒီတာချုပ် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) ထံ ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက အကြောင်းပြန်တဲ့ စာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့  ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ မူဝါဒ (၆) ချက်ကို ဖော်ပြပြီး "၁၃။ အဲဒီအချက် (၆) ချက်ဟာ မူကြမ်းရေးဆွဲရာမှာ ပါဖို့၊ မပါဖို့ထက် လိုက်နာဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ထာဝရငြိမ်းချမ်းရေးရမှာဖြစ်ပါတယ်။ အထက်ပါအချက်တွေကို လိုက်နာတဲ့ အဖွဲ့တွေအနေနဲ့ ၎င်းတို့အကျိုးစီးပွါးဆုတ်ယုတ်မသွားသလို လက်မခံနိုင်စရာမရှိတဲ့ အချက်တွေဖြစ်ပါတယ်။ ဒီအချက်တွေကလည်း သူတို့ကို အကျပ်ကိုင်တာမဟုတ်သလို တပ်မတော်က လက်တွေ့ကိုယ်တိုင် လိုက်နာဆောင်ရွက်နေတဲ့ အချက်တွေဖြစ်ပါတယ်။ စိတ်သဘောထားမှန်ကန်ပြီး တည်ကြည်ဖြောင့်မတ်တဲ့ ကေအန်ယူလို အဖွဲ့မျိုးဆိုရင်တော့ အားလုံးလက်ခံဆောင်ရွက်နေတဲ့ အချက်တွေဖြစ်ပါတယ်။ စောဒကတက်စရာမရှိတဲ့ အချက်တွေဖြစ်ပါတယ်။"  လို့ ထပ်ဆင့်ရှင်းပြထားပါတယ်။

အထက်ပါ အရာရှိကြီးရဲ့ ရှင်းပြချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့  ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ မူဝါဒ (၆) ချက်ကို တပ်မတော်ကိုယ်တိုင်က အပြည့်အဝလိုက်နာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း လိုက်နာသင့်တယ်လို့ ဆိုပါတယ်။ အဲဒီ ရှင်းပြချက်အတိုင်း တပ်မတော်က ဒီမူ (၆) ချက်ကို အပြည့်အဝလိုက်နာမယ်ဆိုရင်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်မှုရနိုင်ပါလိမ့်မယ်။ မူဝါဒ (က) အတိုင်း တပ်မတော်က "ထာဝရငြိမ်းချမ်းရေးရယူရန် အမှန်တကယ် ဆန္ဒရှိတယ်" ဆိုရင် တိုင်းရင်းသားလူမျိုးစုများ လိုလားတောင့်တတဲ့၊ တိုင်းရင်းသားလူမျိုးစုများ လက်နက်ကိုင်တော်လှန်ရခြင်းရဲ့  အဓိကအကြောင်းရင်းဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ အခွင့်အရေးများကို တပ်မတော်က လိုက်လျောသင့်ပါတယ်။ မူဝါဒ (စ) အတိုင်း တပ်မတော်ကလည်း "ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရများကို လက်ခံတယ်" ဆိုရင် ဒီမိုကရေစီစနစ်ရဲ့  အနှစ်သာရဖြစ်တဲ့ ရွေးကောက်ခံအရပ်သားပြည်သူ့ကိုယ်စားလှယ်များရဲ့  အုပ်ချုပ်ရေးစနစ်ကို လက်ခံရမှာဖြစ်သလို တပ်မတော်ကို အရပ်သားအစိုးရလက်အောက်က နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုအဖြစ် အသွင်ကူးပြောင်းရေး သဘောတူရမှာဖြစ်ပါတယ်။

#စိတ်ကူးထဲက ဘဝနဲ့ လက်တွေ့ဘဝ၊ မျှော်လင့်ချက်နှင့် အရှိတရား

စိတ်ကူးထဲက ဘဝနဲ့ လက်တွေ့ဘဝ အင်မတန် ကွာခြားတတ်ပါတယ်။ မျှော်လင့်ချက်နဲ့ အရှိတရားတွေကလည်း ဝေးကွာတတ်ပါတယ်။ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုမှာလည်း အစိုးရနဲ့ တပ်မတော်ရဲ့ သဘောထားနဲ့ လက်တွေ့လုပ်ဆောင်ချက်တွေက ကွာခြားလှပါတယ်။ ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်ပါတယ်ဆိုပေမည့် တိုင်းရင်းသားလူမျိုးစုများတောင်းဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေပေးဖို့ အစိုးရမှာ အဆင်သင့်ရှိပုံမရပါ။ အရပ်သားအုပ်ချုပ်ရေးစနစ်အောက်မှာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်တဲ့ စွမ်းရည်ပြည့်တပ်မတော်အဖြစ် အသွင်ပြောင်းလဲခြင်းကို လက်ခံဖို့ တပ်မတော်မှာ ဆန္ဒရှိပုံမရပါ။ အစိုးရနဲ့ တပ်မတော်ရဲ့  ရည်ရွယ်ချက်က လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တိုင်းရင်းသားတွေကို အခွင့်အရေးနည်းနည်းပိုပေးပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို တပ်မတော်လက်အောက်ခံအဖြစ် အသွင်ပြောင်းပြီး ပြည်တွင်းစစ်ကို ရပ်တန့်ဖို့သာ ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်က လက်တွေ့မှာ မအောင်မြင်နိုင်ပါ။ တိုင်းရင်းသားတွေအဖို့ သူတို့လိုလားတဲ့ နိုင်ငံရေးအာမခံချက်တွေ မရပဲနဲ့ သူတို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စွန့်လွှတ်မယ်မထင်ပါ။

တိုင်းရင်းသားလက်နက်ကိုင်တွေဘက်မှာလည်း ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်ပါတယ်ဆိုပေမည့် လက်နက်ကိုင်တပ်တွေကို မဖျက်သိမ်းပဲ ကိုယ့်ဒေသမှာ ကိုယ်ပိုင်တပ်ဖွဲ့နဲ့ စစ်ဘုရင်များအဖြစ် ဆက်လက်မင်းမူချင်သူတွေ များလှပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲအတွက် ရှိရမည့် အပေးအယူမျှတမှု၊ ရင့်ကျက်မှု၊  ခိုင်မာမှု၊ ပျော့ပြောင်းငြင်သာမှု၊ စိတ်ရှည်ကြံ့ခိုင်မှုတွေမရှိပဲ အပစ်အခတ်ရပ်စဲရေးနဲ့ ဆွေးနွေးပွဲတွေကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးစီးပွါးချဲ့ထွင်ချင်တဲ့၊ စစ်ရေးအာဏာပိုမိုထူထောင်ချင်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း ရှိပါတယ်။ အစိုးရနဲ့ တပ်မတော်ရဲ့  အထူးအခွင့်အရေးပေးမှုတွေကြောင့် စိတ်သဘောထားတွေအထူးပျော့ပြောင်းပြီး ရနိုင်သလောက်ကို လက်ခံလို့အလွန်အကျွံ ပြေလည်ချင်တဲ့ ခေါင်းဆောင်တွေ လည်းအများကြီးပါ။ မြို့ကြီးတွေကို လေယဉ်ပျံနဲ့သွား၊ ဟိုတယ်ကြီးတွေမှာ တည်းခို၊ ခန်းမကြီးတွေမှာ အစည်းအဝေးတွေ အကြိမ်ကြိမ်ကျင်းပ၊ ရန်ကုန်နဲ့ နေပြည်တော်ကို ခေါက်တုန့်ခေါက်ပြန်သွားပြီး အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်များနဲ့ ထပ်ခါထပ်ခါတွေ့နေကြသလောက် မိမိတို့ရဲ့  သက်ဆိုင်ရာတပ်ဖွဲ့များက တပ်စခန်းများ၊ တပ်ဖွဲ့ဝင်များဆီ မရောက်နိုင်တော့ပဲ ကိုယ့်တပ်နဲ့ကိုယ် အဆက်အသွယ်ပြတ်နေပြီး အောက်ခြေတပ်ဖွဲ့ဝင်များက မယုံကြည်တော့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း ရှိကြပါတယ်။ အစိုးရနဲ့ ဆွေးနွေးဖို့ဆိုပြီး နယ်စပ်ဒေသကနေ မြန်မာနိုင်ငံတွင်းကို တရားဝင် ဝင်ရောက်၊ ဆွေးနွေးပွဲက တစ်ရက်၊ နှစ်ရက်ပဲကြာပြီး နောက်ထပ် ရက်ပေါင်းများစွာ၊ အပါတ်ပေါင်းများစွာ နိုင်ငံတစ်ဝှမ်း အပျော်ခရီးထွက်နေကြတဲ့ ခေါင်းဆောင်တွေလည်း ရှိပြန်ပါတယ်။ အဲဒီခရီးတွေအတွက် အသုံးစားရိတ်ရဖို့ အစိုးရက ကားပါမစ်တွေ ချပေးတော့လည်း ဝမ်းသာအားရ လက်ခံကြပါသေးတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်တာနဲ့ ငြိမ်းချမ်းရေးလုပ်စားတာအကြား ခြားထားတဲ့ စည်းက ပါးလှပါတယ်။

#ပြည်သူအများ ပါဝင်လှုပ်ရှားကြရမည့်အချိန်

သမ္မတဦးသိန်းစိန်ရဲ့  အစိုးရသက်တမ်း သုံးနှစ်ခွဲကျော်ရှိခဲ့ပြီး အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှုသက်တမ်းလည်း သုံးနှစ်ကျော်ခဲ့ပါပြီ။ ဒီကနေ့အထိ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပါ။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပြီး ဒုက္ခသည် ထောင်ပေါင်းများစွာလည်း အိမ်မပြန်နိုင်ကြသေးပါ။ မြေမြုတ်မိုင်းတွေကိုလည်း မရှင်းနိုင်သေးတဲ့အပြင် နှစ်ဘက်တပ်ဖွဲ့များက တိုး၍တိုး၍ မြုတ်နှံနေကြပါတယ်။ ပြည်တွင်းအလှူရှင်များရဲ့  ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်များထံ ထောက်ပံ့လှူဒါန်းမှုဟာလည်း သိသိသာသာလျော့နည်းသွားပါပြီ။ ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးဗဟိုဋ္ဌာနနဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဟိုတယ်ကြီးတွေမှာ ပြုလုပ်ခဲ့၊ ပြုလုပ်နေဆဲဖြစ်တဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့  ဆွေးနွေးပွဲတွေအပေါ်မှာလည်း ပြည်သူအများစုက ယုံကြည်မှု၊ မျှော်လင့်မှု တစ်နေ့တစ်ခြားနည်းပါးလာပါပြီ။ လက်ရှိအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့  သဘောထားနဲ့ ရပ်တည်ချက်တွေ၊ ဆောင်ရွက်ချက်တွေကလည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရင်တောင်မှ လက်နက်ကိုင်ပဋိပက္ခတွေ အမှန်တကယ် အပြီးအပိုင်ချုပ်ငြိမ်းနိုင်မှာ မဟုတ်ကြောင်း တဖြေးဖြေး ထင်ရှားလာပါပြီ။

ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတဲ့ လက်နက်မဲ့ ပြည်သူများက လက်နက်ကိုင်များကို နိုင်ငံရေးဆွေးနွေးပွဲများအောင်မြင်ရေး ဖိအားပေးကြဖို့ လိုအပ်ပါပြီ။ ကျနော်တို့ တိုင်းပြည်ရဲ့  ကံကြမ္မာကို လက်နက်ကိုင်တပ်ဖွဲ့များရဲ့  လက်ထဲမှာ အပ်နှံမထားနိုင်ပါ။ လက်နက်မကိုင်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အာဏာမရှိတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ အမျိုးသားနိုင်ငံရေးအင်အားစုများ၊ စစ်ဘေးစစ်ဒဏ်ကို အဆိုးဝါးဆုံးခံစားနေကြရတဲ့ အမျိုးသမီးအဖွဲ့အစည်းများအားလုံးစုပေါင်းလို့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တန်းတူဆွေးနွေးဘက်အဖြစ် ပါဝင်ဆွေးနွေးခွင့် တောင်းဆိုသင့်ပါပြီ။ ငြိမ်းချမ်းရေး အမှန်တကယ်မရနိုင်တဲ့ လက်နက်ကိုင်တွေရဲ့ သဘောထားတွေကို ပြောင်းလဲဖို့ လက်နက်မဲ့ပြည်သူတွေက လက်နက်ကိုင်အင်အားစုတွေကို တခဲနက်တောင်းဆိုသင့်ပါပြီ။ ပြည်တွင်းစစ်ရပ်စဲရေး၊ ထာဝရငြိမ်းချမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင်အဆုံးသတ်ရေးဟာ ကျနော်တို့အားလုံးရဲ့  အရေးဖြစ်ပါတယ်။

အောင်ဒင်
ဇူလိုင် ၈၊ ၂၀၁၄ 


#အကိုးအကား၊

၁။ မြန်မာငြိမ်းချမ်းရေးဗဟိုဋ္ဌာန (Myanmar Peace Center) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) Technical Team တို့ ပူးတွဲပြုစုသော "တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်၊ ဒုတိယမူကြမ်း" (မေ ၂၃၊ ၂၀၁၄)
၂။ တိုင်းရင်းသားကွန်ဖရင့်သို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ တင်သွင်းသော ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးတပ်မတော်စာတမ်း
၃။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဖြစ်ပွါးနေသော ပဋိပက္ခများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ပတ်သက်၍ ဒီမိုကရေစီတူဒေး ၏မေးမြန်းချက်များကို တပ်မတော်က ပြန်လည်ဖြေကြားခြင်း (မေ ၄၊ ၂၀၁၄)
၎။ ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ သတ္တမပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့ အစည်းအဝေးမှတ်တမ်း
(ဇူလိုင် ၂၊ ၂၀၁၃)
၅။ အမေရိကန်ပြည်ထောင်စု၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာန ဖွဲ့စည်းပုံ
၆။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကိစ္စ ညှိနှိုင်းဆွေးနွေးပွဲအစည်းအဝေးတွင် "ဝ" ပြည်နယ်ကိုယ်စားလှယ်အဖွဲ့၏ ဆွေးနွေးချက် (ဧပြီ ၅၊ ၂၀၁၄)
၇။ ရန်ကုန်မြို့ MPC ခန်းမ၌ ကျင်းပသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အထူးဒေသ (၄) ၏ တင်ပြချက် (ဧပြီ ၅၊ ၂၀၁၄)