BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, January 28, 2015

မြန်မာနိုင်ငံက လူထုအဖွဲ့အစည်းများသို့ မေတ္တာစာ၊ အပိုင်း (၆)

(တူမောရိုးသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၄၈၊ ဇန်နဝါရီ ၂၇၊ ၂၀၁၅၊ စာမျက်နှာ ၂၃)



မြန်မာနိုင်ငံက လူထုအဖွဲ့အစည်းများသို့ မေတ္တာစာ၊ အပိုင်း (၆)

အောင်ဒင်

#ဒီမိုကရေစီကို ချဲ့ထွင်ခြင်း (အဆက်)

ရပ်ကွက်/ကျေးရွာဆိုတာ မြန်မာနိုင်ငံရဲ့ ဒေသန္တရအုပ်ချုပ်ရေးအဆင့်ဆင့်မှာ အခြေခံအကျဆုံး နိုင်ငံတော်အဖွဲ့အစည်းဖြစ်ပါတယ်။ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာ အဲဒီ အခြေခံအကျဆုံး လူ့အဖွဲ့အစည်းရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ ရပ်ကွက်/ကျေးရွာတွင်းက ပြည်သူများရဲ့ အကျိုးစီးပွါးကို လက်တွေ့နီးနီးကပ်ကပ်ဆောင်ရွက်ပေးနေရသူဖြစ်ပြီး ရပ်ကွက်/ကျေးရွာနေ ပြည်သူများအပေါ် ဩဇာသက်ရောက်မှုအရှိဆုံးပုဂ္ဂိုလ်ပါ။ ရွေးကောက်ပွဲတွေကျင်းပပြီဆိုရင်လည်း ရပ်ကွက်/ကျေးရွာတွင်းက မဲရုံများ၊ မဲဆန္ဒပေးမှုများအပေါ် တစ်စုံတစ်ရာလွှမ်းမိုးနိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ်။ အဲဒီရာထူးကို အရင်တုန်းက အာဏာရှင်များက အပေါ်ကနေ သူတို့နှစ်သက်ရာ လူယုံတွေကို ခန့်အပ်တာဝန်ပေးခဲ့ပေမည့် အခုအချိန်မှာတော့ ပြည်သူလူထုက "တစ်ဆင့်ခံ" ရွေးကောက်တင်မြှောက်နိုင်တဲ့ အခြေအနေရောက်နေပါပြီ။ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ "ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဥပဒေ" အရ အုပ်ချုပ်ရေးမှူးများကို ပြည်ထူလူထုက တစ်ဆင့်ခံရွေးချယ်တင်မြှောက်ရမှာ ဖြစ်ပါတယ်။ တစ်ဆင့်ခံလို့ ဆိုရတာက ရပ်ကွက်တွင်းမှ နေအိမ် (၁၀) အိမ်ကို ဆယ်အိမ်စုတစ်စုအဖြစ် စုစည်း၊ ဆယ်အိမ်စုထဲက အသက် (၁၈) နှစ်ပြည့်သူ အိမ်ထောင်ဦးစီး (၁၀) ယောက်က ၎င်းတို့ထဲက တစ်ဦးကို ဆယ်အိမ်မှူးအဖြစ် ရွေးချယ်ရမှာပါ။ အဲဒီနောက် ရပ်ကွက်အတွင်းက ဆယ်အိမ်မှူးများက ၎င်းတို့အထဲမှ တစ်ယောက်ကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ရတာမို့ တစ်ဆင့်ခံရွေးချယ်တင်မြှောက်ခွင့်လို့ ဆိုရတာပါ။

ဒီဥပဒေကို ဆယ်အိမ်မှူးများက တစ်ဆင့်မဟုတ်ပဲ အသက် (၁၈) နှစ်ပြည့်ပြီးသား ရပ်ကွက်ပြည်သူများအားလုံးက ရပ်/ကျေးအုပ်ချုပ်ရေးမှူးကို တိုက်ရိုက်ရွေးချယ်တင်မြှောက်နိုင်အောင် ပြင်ဆင်နိုင်ဖို့ လွှတ်တော်တွင်းမှာ ကြိုးစားနေတာလည်း ကြားသိရပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာကိုပဲ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနေရာမှာ အမှန်တကယ်ကိုပဲ ပြည်သူလူထုအကျိုးစီးပွါးကို ဆောင်ရွက်ပေးမည့် ဖြောင့်မတ်မှန်ကန်တဲ့ ပုဂ္ဂိုလ်တွေ အရွေးချယ်ခံရနိုင်အောင် အရပ်ဘက်လူထုအဖွဲ့အစည်းများက စုပေါင်းဆောင်ရွက်သင့်ပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၆၄၉၁၇) ရှိတာမို့ အဲဒီ ရာထူးတွေမှာ ဒီမိုကရေစီအင်အားစုထဲက ပုဂ္ဂိုလ်တွေ၊ မှန်ကန်ဖြောင့်မတ်သူတွေ တာဝန်ယူနိုင်ကြမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအတွက် ပိုပြီးအားကောင်းပါလိမ့်မယ်။ အခုအချိန်အထိကတော့ အဲဒီ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရာထူးများမှာ ယခင်စစ်အာဏာရှင်အဆက်ဆက်က နေရာရခဲ့သူများနဲ့ ကြံ့ခိုင်ရေးပါတီဝင် အမာခံများပဲ နေရာရနေတာ တွေ့ရပါတယ်။

အလားတူအရေးကြီးတာက စည်ပင်သာယာရွေးကောက်ပွဲများဖြစ်ပါတယ်။ စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်ဟာ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန်ရှိတဲ့အဖွဲ့အစည်းများဖြစ်ပြီး အာဏာရှင်ခေတ်မှာတော့ အာဏာပိုင်တို့ခန့်အပ်တဲ့ မိုးကျရွှေကိုယ်များနဲ့ ဖွဲ့စည်းခဲ့ကြပါတယ်။ လာဘ်ပေးလာဘ်ယူမှု အများဆုံး အဖွဲ့အစည်းအဖြစ်လည်း နံမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ သက်ဆိုင်ရာဒေသရဲ့ လမ်းများ၊ ဈေးများ၊ သန့်ရှင်းရေး၊ ရေပေးရေး၊ လျှပ်စီးမီးပေးရေး၊ သယ်ယူပို့ဆောင်ရေး၊ အဆောက်အအုံဆောက်လုပ်ခွင့်/ပြင်ဆင်ခွင့်ပြုရေး၊ ပန်းခြံများ၊ ကစားကွင်းများ၊ ဖျော်ဖြေမှုများ၊ ကားရပ်နားရန်နေရာများ၊ တံတားများစသဖြင့် ဒေသလူထုရဲ့ နေ့စဉ်ဘဝတွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စတွေအပေါ်မှာ အာဏာရှိတာမို့ အင်မတန်အရေးကြီးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အခုတော့ အဲဒီ စည်ပင်သာယာရေးကော်မတီကို မြို့တော်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ပြန်လည်ဖွဲ့စည်းကြတော့မှာ ဖြစ်ပါတယ်။ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ ရန်ကုန်တိုင်းဒေသကြီ်း မြို့တော်အဆင့် စည်ပင်သာကော်မတီမှာ မြို့တော်ဝန်ကို သမ္မတ/ဝန်ကြီးချုပ်က ခန့်အပ်ပြီး မြို့တော်ဝန်က ကော်မတီဝင် (၄) ဦးကို ခန့်အပ်မှာဖြစ်ပါတယ်။ နောက်ထပ်ကော်မတီဝင် (၄) ဦးကို ခရိုင် (၄) ခုက တစ်ဦးစီ ရွေးကောက်တင်မြှောက်ရမှာဖြစ်ပါတယ်။ ခရိုင်အဆင့်ကော်မတီ (၄) ခုအတွက် ကော်မတီဝင် (၃) ဦးစီကို ခရိုင်တွင်းနေပြည်သူများက ရွေးကောက်တင်မြှောက်ရမှာဖြစ်ပြီး မြို့နယ်ကော်မတီ (၃၃) ခုအတွက် ကော်မတီဝင် (၃) ဦးစီကို မြို့နယ်လူထုက ရွေးကောက်တင်မြှောက်ရမှာဖြစ်ပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းအတွက် မြို့တော်အဆင့်ကော်မတီဝင် (၄) နေရာ၊ ခရိုင်အဆင့်ကော်မတီဝင် (၁၂) နေရာ၊ မြို့နယ်အဆင့်ကော်မတီဝင် (၉၉) နေရာ ရွေးကောက်တင်မြှောက်ရမှာ ဖြစ်ပါတယ်။ မြို့နယ်တစ်ခုနေ ပြည်သူတစ်ယောက်ဟာ နှစ်ပေါင်း (၆၀) ကျော်အတွင်း ပထမဆုံး ပြန်လည်ကျင်းပတဲ့ စည်ပင်သာယာရွေးကောက်ပွဲမှာ မြို့တော်အဆင့်အတွက် (၁) ဦး၊ ခရိုင်အဆင့်အတွက် (၃) ဦး၊ မြို့နယ်အဆင့်အတွက် (၃) ဦး၊ စုစုပေါင်း (၇) ဦးကို ရွေးချယ်တင်မြှောက်ပေးရမှာ ဖြစ်ပါတယ်။
စည်ပင်သာယာရေးကော်မတီဆိုတာ ဒေသခံပြည်သူများရဲ့ အကျိုးစီးပွါးကို လက်တွေ့ကျကျဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းဖြစ်သလို မသမာသူများ၊ ကိုယ်ကျိုးရှာသမားများသာ တာဝန်ယူခွင့်ရမယ်ဆိုရင် ဒေသခံပြည်သူတို့ရဲ့ နေ့စဉ်ဘဝကို ထိထိရောက်ရောက် အနှောင့်အယှက်ပေးနိုင်မည့် အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် စည်ပင်သာယာကော်မတီရွေးကောက်ပွဲများမှာ ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုတဲ့၊ ဖြောင့်မတ်စင်ကြယ်တဲ့ ပုဂ္ဂိုလ်များ အရွေးခံနိုင်ကြစေဖို့ အရပ်ဘက်လူထုအဖွဲ့အစည်းများက စုပေါင်းပြီး ကူညီဆောင်ရွက်သင့်ပါတယ်။ ရွေးကောက်ပွဲထုံးစံ ကုန်ကျစရိတ်က အရမ်းများမှာမို့ အရပ်ဘက်လူထုအဖွဲ့အစည်းများရဲ့ အပြည့်အဝထောက်ခံအားပေးမှုမပါပဲ ရိုးသားဖြောင့်မတ်ပေမည့် ပိုက်ဆံမရှိကြတဲ့ ဒီမိုကရေစီဘက်တော်သားတွေ၊ ဖြူစင်ဖြောင့်မတ်သူတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါ။

တိုင်းပြည်ရဲ့ အခြေခံကျတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများမှာ ရွေးကောက်ပွဲများကတဆင့် ပြည်သူ့ကိုယ်စားလှယ်အစစ်အမှန်များ ရွေးချယ်တင်မြှောက်ခံရအောင် စုပေါင်းကြိုးစားဆောင်ရွက်ခြင်းဟာ လက်ရှိဖွဲ့စည်းပုံဘောင်ထဲကနေ ဒီမိုကရေစီကို တိုးချဲ့ယူခြင်းဖြစ်ပါတယ်။ အခုအချိန်အထိတော့ အရပ်ဘက်လူထုအဖွဲ့အစည်းများဟာ ပိုပြီးဩဇာကြီးမားတဲ့၊ ပိုပြီးအာဏာရှိတဲ့ ပြည်ထောင်စုလွှတ်တော်ရွေးကောက်ပွဲများကိုသာ အာရုံစူးစိုက်နေတာပဲ တွေ့မြင်ရပါတယ်။

#ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ မဖြစ်ပွါးအောင် စုပေါင်းကာကွယ်ရေး

၂၀၁၂ ခုနှစ်၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုများကစလို့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ မြန်မာနိုင်ငံအနှံ့အပြားမှာ ဆက်တိုက်ဖြစ်ပွါးခဲ့ပါတယ်။ အစွန်းရောက်ဘာသာရေးခေါင်းဆောင်တွေနဲ့ အစွန်းရောက်လူမျိုးရေးဝါဒီတွေက နောက်ထပ်လည်း အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် နည်းလမ်းပေါင်းစုံနဲ့ သာမန်ပြည်သူများကြားမှာ ဆက်လက်သွေးထိုးလှုံ့ဆော်နေကြဆဲဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ဗုဒ္ဓဘာသာကိုးကွယ်သူ လူများစုနဲ့ အခြားဘာသာတရားကိုးကွယ်သူ လူနည်းစုများကြားမှာ အပြန်အလှန်မယုံကြည်မှုတွေ၊ သံသယတွေနဲ့ မလုံခြုံကြတော့ပါ။ နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြတဲ့၊ စစ်အုပ်စိုးမှုအောက်မှာ အတူတကွ ဖိနှိပ်ခံခဲ့ကြရတဲ့ ပြည်သူတွေဟာ ပြုပြင်ပြောင်းလဲရေးခေတ်ကို ရောက်ပြီဆိုမှပဲ ဘာသာရေး၊ လူမျိုးရေးကို အခြေခံလို့ ညီညွတ်မှုတွေပြိုကွဲပြီး အမုန်းတရားတွေ၊ ခြိမ်းခြောက်ရန်လိုမှုတွေအပြည့်နဲ့ ပတ်ဝန်းကျင်မှာ ခက်ခဲကြပ်တည်းစွာ ရုန်းကန်ရှင်သန်နေကြရတာဟာ အင်မတန်ဝမ်းနည်းစရာကောင်းလှပါတယ်။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို နောက်ကြောင်းပြန်လှည့်စေမည့် အကြောင်းတရားတွေထဲမှာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများကို မထိန်းချုပ်နိုင်ခြင်းဟာ အဓိက အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

သို့သော်လည်း အဲဒီပဋိပက္ခတွေကို မဖြစ်ပွါးအောင် တားဆီးကာကွယ်ဖို့၊ လွတ်    လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို အာမခံဖို့၊ လူနည်းစုများကို အကာအကွယ်ပေးဖို့၊ အမုန်းတရားဟောပြောလှုံ့ဆော်မှုတွေကို ထိထိရောက်ရောက်အရေးယူဖို့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ အင်မတန်အားနည်းနေပါသေးတယ်။ အစိုးရကို ပြည်သူလူထုက အပြည့်အဝယုံကြည်မှုမရှိသေးတာကြောင့် အစိုးရရဲ့ ဦးဆောင်မှုကို ပြည်သူလူထုက မလိုက်နာကြတာလည်း ဖြစ်နိုင်ပါတယ်။ ထင်ရှားတဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုများကျတော့လည်း ဒီပြဿနာကြီးနဲ့ ပတ်သက်ရင် အစိုးရကိုပဲ အလွယ်တကူအပြစ်တင်လိုက်တာကလွဲရင် ကိုယ်တိုင်ကိုယ်ကျဦးဆောင်ဖြေရှင်းရေး စိတ်မဝင်စားကြပါ။ ပဋိပက္ခဖြစ်မှ ဖြစ်တဲ့နေရာကို အပြေးအလွှားသွားရောက်ပြီး ဟိုဘက်၊ ဒီဘက် ရန်မဖြစ်ကြဖို့ မေတ္တာရပ်ခံဟောပြောတဲ့ တစ်ပွဲတိုးဆောင်ရွက်ချက်တွေလောက်ပဲ လုပ်နိုင်ကြပါတယ်။ 

အရပ်ဘက်လူထုအဖွဲ့အစည်းအချို့က အမုန်းတရားဟောပြောမှုတွေကို တားဆီးနိုင်ဖို့ "ပန်းစကားလှုပ်ရှားမှု" မျိုး ဆောင်ရွက်နေကြပေမည့် တစ်ဘက်က အမျိုး၊ ဘာသာ၊ သာသနာအလံထောင်ထားတဲ့ အစွန်းရောက်အင်အားစုကြီးရဲ့ ကျယ်ပြန့်တဲ့ မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးကို ယှဉ်ပြိုင်နိုင်စွမ်းမရှိပါ။

မြန်မာအစိုးရက ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများကို တားဆီးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ "ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့" ကို သာသနာရေးဝန်ကြီးဋ္ဌာနရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းထားပါတယ်။ နာယကအဖြစ် အစ္စလမ်ဘာသာဝင် အငြိမ်းစားသံအမတ်ကြီး ဦးလှမောင်၊ ဥက္ကဋ္ဌအဖြစ် ဗုဒ္ဓဘာသာဝင် အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင်၊ အတွင်းရေးမှူးချုပ်အဖြစ် ခရစ်ယာန်ဘာသာဝင် ဒေါက်တာသာဥာဏ်နဲ့ အဖွဲ့ဝင်များအဖြစ် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလမ်ဘာသာ၊ ခရစ်ယာန်ဘာသာများက ဘာသာရေးခေါင်းဆောင်များ၊ အငြိမ်းစားအရာရှိကြီးများ ပါဝင်ကြပါတယ်။ အဲဒီအဖွဲ့အနေဖြင့် တိုင်းဒေသကြီးများနဲ့ ပြည်နယ်များမှာ အဖွဲ့ခွဲများတည်ထောင်ခြင်း၊ နိုင်ငံတော်အတွင်း ဖြစ်ပေါ်လာတတ်သော ဘာသာရေးပဋိပက္ခများတွင် သက်ဆိုင်ရာ ဘာသာရေး အကြီးအကဲများနှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့နှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် သံဃာ့မဟာနာယက ဥက္ကဌ ဆရာတော်များထံ သွားရောက် လျောက်ထား သြ၀ါဒခံယူမှုများပြုလုပ်ခြင်း၊ ဒုက္ခသည်များအား သွားရောက် ကူညီထောက်ပံ့ခြင်းနှင့် နှစ်သိမ့် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။ ဘာသာပေါင်းစုံချစ်ကြည်ရေး ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေကိုလည်း မကြာခဏကျင်းပနေပါတယ်။ 

သို့သော်လည်း အစိုးရကျောထောက်နောက်ခံပြုထားတဲ့ "ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့" ဟာ အစိုးရပိုင်းဆိုင်ရာနဲ့ ပြေလည်ထောက်ခံမှုရပေမည့် သာမန်ပြည်သူများကြား အရောက်မသွားနိုင်ပါ။ သာမန်ပြည်သူများကြားမှာ နက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်နေတဲ့ အစွန်းရောက်အင်အားစုကြီးရဲ့ အမုန်းတရားလှုံ့ဆော်မှုတွေကို မယှဉ်ပြိုင်၊ မဟန့်တားနိုင်ပါ။

ဒါကြောင့်မို့ အစိုးရ ကျောထောက်နောက်ခံပြု "ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့" နဲ့ အစိုးရနဲ့ မပတ်သက်တဲ့ အရပ်ဘက်လူထုအဖွဲ့အစည်းများ ပူးပေါင်းလက်တွဲကြမယ်ဆိုရင် အင်မတန်အားကောင်းတဲ့ အင်အားစုကြီးဖြစ်လာပြီး တစ်ဘက်က အင်အားကြီးမားတဲ့ အမုန်းတရားလှုံ့ဆော်ရာ မကောင်းဆိုးဝါးအင်အားစုကြီးကို ထိထိရောက်ရောက် ယှဉ်ပြိုင်ဟန့်တားနိုင်မယ်လို့ ယုံကြည်ပါတယ်။ 

"ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့" မှာ အစိုးရပိုင်းအဆက်အသွယ်နဲ့ အာဏာပိုင်အဖွဲ့အစည်းများရဲ့ ထောက်ပံ့ကူညီမှု၊ ဘာသာရေးအဖွဲ့အစည်းပေါင်းစုံက ခေါင်းဆောင်များရဲ့ ပူးပေါင်းကူညီမှုများ စတဲ့ အရည်အသွေးများရှိနေပြီး အရပ်ဘက်လူထုအဖွဲ့အစည်းများမှာ ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့်ထိုးဖောက်ရောက်ရှိနိုင်တဲ့ အရည်အသွေးနဲ့ မကောင်းဆိုးဝါးအင်အားစုကြီးကို သတ္တိရှိရှိရင်ဆိုင်ရဲတဲ့ အရည်အသွေးတွေရှိနေပါတယ်။ ဒီအင်အားစုနှစ်စုရဲ့ အရည်အသွေးတွေကို စနစ်တကျပေါင်းစပ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံတဝှမ်းလုံးကို အရိပ်မိုးနေတဲ့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတိမ်တိုက်မည်းကြီးကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

Monday, January 26, 2015

Burma's Parliament Watch Part (81)



(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၊ ဇန်နဝါရီ ၂၂၊ ၂၀၁၅)
 
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၈၁) ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်စစ်တမ်း၊ (ခ)

#အငြင်းပွါးဖွယ် ဥပဒေများ

၂၀၁၄ ခုနှစ်အတွင်းအတည်ပြုခဲ့တဲ့ ဥပဒေများထဲမှာ လွှတ်တော်တွင်း အချိန်အတော်ယူဆွေးနွေးရရုံတင်မကပဲ အများပြည်သူကပါ ဝေဘန်ကန့်ကွက်ခဲ့၊ ကန့်ကွက်နေကြတဲ့ ဥပဒေများရှိတာ တွေ့ရပါတယ်။ အဲဒီဥပဒေတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

#ပြည်ထောင်စုလွှတ်တော်ဥပဒေ (၆/၂၀၁၄)၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ

မူရင်းဥပဒေကို နအဖစစ်အစိုးရက ၂၀၀၄ခုနှစ် ဧပြီလ ၃၀ရက်နေ့မှာ ဥပဒေအမှတ် ၅/၂၀၀၄ အဖြစ်နဲ့ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်မှတ်ထိုးပြီး ပြဋ္ဌန်းခဲ့ပါတယ်။ ဒီဥပဒေရဲ့ သက်ရောက်မှုကို အဓိကခံစားခဲ့ရသူများက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေပါ၊ ကိုသူရ (ခေါ်) ဇာဂနာ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျ၊ ဌေးကြွယ်၊ ပြုံးချို၊ နေဖုန်းလတ် စတဲ့ ဒီမိုကရေစီရေး အကြမ်းမဖက်လှုပ်ရှားသူတွေကို စစ်အစိုးရက ၂၀၀၇ ခုနှစ်မှာ ဖမ်းဆီးပြီး ပုဒ်မတွေအများကြီးနဲ့ တရားစွဲဆိုပြီး ကြီးမားတဲ့ ထောင်ဒဏ်တွေချမှတ်ရာမှာ  ဒီဥပဒေရဲ့ ပြစ်ဒဏ်ပေးပုဒ်မ ၃၃ (က) နဲ့ ပုဒ်မ (၃၈) တွေကိုလည်းအသုံးချခဲ့ပါတယ်၊ ဒီဥပဒေရဲ့ အမြင့်ဆုံးပြစ်ဒဏ်က ထောင်ဒဏ် (၁၅) နှစ်ဖြစ်ပြီး မင်းကိုနိုင်အပါအဝင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို ထောင်ဒဏ် (၆၅) နှစ် နဲ့ (၆) လအပြစ်ပေးရာမှာ အနှစ် (၆၀) က အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက် (၄) ခုအတွက်ပါ။ 

အဲဒီဥပဒေကို ပြင်ဆင်တာက ပြစ်ဒဏ်များကို လျှော့ချပေးတာလောက်ပဲ ဖြစ်လို့ ကျေနပ်စရာသိပ်မရှိပါ။
မူလဥပဒေ ပုဒ်မ (၃၃) မှာ “မည်သူမဆို (က) နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်စီးပွါးရေးနဲ့ အမျိုးသားယဉ်ကျေးမှုတွေကို နှောက်ယှက်ဖျက်ဆီးတဲ့ အပြုအမူတစ်ခုခုကို လျှပ်စစ်ဆက်သွယ်ရေးနည်းလမ်းများနဲ့ ဆောင်ရွက်တယ်ဆိုရင်၊ (ခ)  နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်စီးပွါးရေးနဲ့ အမျိုးသားယဉ်ကျေးမှုတွေကို နှောက်ယှက်ဖျက်ဆီးတဲ့ သတင်းအချက်အလက်တွေကို လျှပ်စစ်ဆက်သွယ်ရေးနည်းလမ်းများနဲ့လက်ခံရရှိရင်၊ ပေးပို့ရင်၊ တဆင့်ထပ်မံဖြန့်ချိတယ်ဆိုရင်၊ ထောင်ဒဏ်အနည်းဆုံး (၇) နှစ်ကနေ အများဆုံး (၁၅) နှစ်အထိကျခံစေရမည်၊ ဒဏ်ငွေလည်းပေးဆောင်ရနိုင်သည်” လို့ ပြဋ္ဌာန်းထားတာကို ပြင်ဆင်ချက်ဥပဒေမှာ "ထောင်ဒဏ် အနည်းဆုံး (၅) နှစ်မှ အများဆုံး (၇) နှစ်အထိ" လို့ ပြင်ဆင်ပါတယ်။

မူလဥပဒေပုဒ်မ (၃၄) မှာ "လျှပ်စစ်ဆက်သွယ်ရေးတွေကို ဝင်ရောက်ဖျက်ဆီးရင်၊ သတင်းအချက်အလက်တွေကို ခိုးယူရင်၊ စသဖြင့် ကွန်ပြူတာကွန်ယက်ဆိုင်ရာပြစ်မှုတွေကို ကျူးလွန်ရင် ထောင်ဒဏ် (၅) နှစ်အထိ သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံးချမှတ်နိုင်သည်" လို့ ပြဋ္ဌာန်းထားတာကို "ငွေဒဏ် ကျပ်သိန်းငါးဆယ်မှ သိန်းတစ်ရာအထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင်နိုင်ပါက ထောင်ဒဏ်အနည်းဆုံး (၆) လမှ အများဆုံး (၁) နှစ်အထိ ချမှတ်ရမည်" လို့ ပြင်ဆင်ပါတယ်။ မူလဥပဒေပါ ကြီးကြပ်ရေးဘုတ်အဖွဲ့က ထုတ်ပေးတဲ့ ခွင့်ပြုချက်လိုင်စင်ပါ စည်းကမ်းသတ်မှတ်ချက်တွေကို ချိုးဖောက်ရင် "ပုဒ်မ (၃၅)။ ထောင်ဒဏ် (၃) နှစ် သို့မဟုတ် ငွေဒဏ်သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံး ကျခံစေရမည်" ဆိုတာကို "ငွေဒဏ် ကျပ်တစ်ဆယ်သိန်းမှ သိန်းငါးဆယ်အထိ ချမှတ်ရမည်" လို့ ပြင်ဆင်ပါတယ်။ ပုဒ်မ (၃၆) နဲ့ (၃၇) အတွက် " ထောင်ဒဏ် တစ်နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံးဖြစ်စေ ချမှတ်ရမည်" ဆိုတာကို "ငွေဒဏ် ကျပ်တစ်သိန်းမှ ကျပ် သုံးသိန်းအထိချမှတ်ရမည်။ ငွေဒဏ်မဆောင်နိုင်ပါက ထောင်ဒဏ် (၃) လအထိချမှတ်ရမည်" လို့ ပြင်ဆင်ပါတယ်။

မူလဥပဒေအရ ဖွဲ့စည်းတဲ့ ဗဟိုအဖွဲ့နဲ့ ကြီးကြပ်ကွပ်ကဲရေးဘုတ်အဖွဲ့တွေဟာ နိုင်ငံသားများရဲ့ ကွန်ပြူတာပိုင်ဆိုင်မှု၊ အသုံးချမှု၊ အင်တာနက်သုံးစွဲမှု၊ ကွန်ပြူတာကွန်ယက်များကို သုံးစွဲမှုတွေကို ခွင့်ပြုနိုင်၊ ငြင်းပယ်နိုင်၊ တားဆီးနိုင်၊ ကန့်သတ်နိုင်၊ အရေးယူနိုင်တဲ့ အာဏာပိုင်အဖွဲ့အစည်းများဖြစ်လာပါတယ်။ တစ်နည်းပြောရရင်တော့ နိုင်ငံသားများရဲ့ နေ့တဓူဝ သွားလာလှုပ်ရှားဆောင်ရွက်မှုတွေကို ကန့်သတ်ချုပ်သောဥပဒေများနဲ့တင် မလုံလောက်တော့လို့ နိုင်ငံသားများရဲ့ ကွန်ပြူတာများ၊ အီးမေးများ၊ အီလက်ထရောနစ်ဆက်သွယ်မှုများကို ဒီဥပဒေနဲ့ ကန့်သတ်ချုပ်ချယ်တာပါ။ ဒါကြောင့်မို့ ဒီဥပဒေကို အသုံးချပြီး အစိုးရက နိုင်ငံသားများရဲ့ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများကို ချိုးဖောက်အရေးယူနိုင်တာမို့ ဒီ "အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ" ဟာ လုံးဝဖျက်သိမ်းသင့်တဲ့ ဥပဒေဖြစ်ပါတယ်။ အခုလို ပြည်ထောင်စုလွှတ်တော်က ဒီဥပဒေကို မဖျက်သိမ်းပဲ ပြစ်ဒဏ်များကို အနည်းငယ်လျှော့ချပြီး ပြင်ဆင်လိုက်တာမို့  အစိုးရအာဏာပိုင်တွေ အလိုမတွေ့တဲ့ အီးမေးတစ်စောင်ကို ပေးပို့ရုံ၊ လက်ခံရရှိရုံ၊ တဆင့်ဖြန့်ဝေရုံ၊ မိမိရဲ့ ကွန်ပြူတာထဲမှာ ရှိနေရုံနဲ့ ထောင်ဒဏ် အနည်းဆုံး (၅) နှစ်ကျခံရမည့် ဥပဒေဆိုးကြီးတစ်ခုကဖြင့် လွတ်မြောက်နေဆဲ၊ ရှင်သန်နေဆဲ၊ ဒီမိုကရေစီလှုပ်ရှားသူများကို အန္တရာယ်ပြုဖို့ အသင့်ရှိနေဆဲဖြစ်ပါတယ်။

#ပြည်ထောင်စုလွှတ်တော်ဥပဒေ (၉/၂၀၁၄)။ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေ

ဒီဥပဒေက သမ္မတနဲ့ လွှတ်တော်ကြား အငြင်းပွါးခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ လွှတ်တော်မဲဆန္ဒနယ် တစ်ခုစီအတွက် လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင် မြို့နယ်အာဏာပိုင်များကို ဦးဆောင်ပြီး စီမံခန့်ခွဲသုံးစွဲရမည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ တစ်နှစ်ကို ကျပ် သိန်း (၁,၀၀၀) စီ ခွဲဝေသတ်မှတ်ပေးတဲ့ ဥပဒေဖြစ်ပါတယ်။ မြို့နယ်ပေါင်း (၃၃၀) ရှိလို့ တစ်နှစ်ကို နိုင်ငံတော် ဘဏ္ဍာငွေထဲကနေ ကျပ် သိန်းပေါင်း (၃၃၀,၀၀၀) ခွဲဝေသုံးစွဲရမည့် ဥပဒေပါ။ ၂၀၁၃ ခုနှစ်အတွင်းမှာ ပြည်ထောင်စုလွှတ်တော်က ဥပဒေအဖြစ်အတည်ပြုပြီး သမ္မတထံ လက်မှတ်ရေးထိုးထုတ်ပြန်ဖို့ ပေးပို့ခဲ့ပေမည့် သမ္မတက လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ပြီး ပြင်ဆင်ရန် မှတ်ချက်များနဲ့ ပြန်ပို့ပေးခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ အဲဒီလို ဒေသအလိုက် လွှတ်တော်ကိုယ်စားလှယ်များအတွက် ဖွံ့ဖြိုးရေးရန်ပုံငွေ ခွဲဝေပေးမှုဟာ လက်ရှိအာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ်များကို နိုင်ငံတော်ဘဏ္ဍာငွေတွေ သုံးစွဲပြီး မဲဆွယ်ခွင့်ပေးသလို ဖြစ်လိမ့်မယ်လို့  နိုင်ငံရေးပါတီငယ်များက ကန့်ကွက်ကြပါတယ်။ ဒါပေမည့် သမ္မတရဲ့မှတ်ချက်များနဲ့ နိုင်ငံရေးပါတီငယ်များရဲ့ ကန့်ကွက်ချက်များကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုလွှတ်တော်က ဒီဥပဒေကို မူလအတိုင်း မတ်လ (၄) ရက်နေ့မှာ ထပ်မံအတည်ပြုပြီး သမ္မတထံ ပြန်ပို့လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သမ္မတက ထပ်မံမှတ်ချက်တွေ မပေးတော့ပဲ မတ်လ (၁၂) ရက်နေ့မှာ လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ရပါတယ်။   

#ပြည်ထောင်စုလွှတ်တော်ဥပဒေ (၁၃/၂၀၁၄)။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ

ဒီဥပဒေကို သတင်းမီဒီယာများက အတော်ဝေဘန်ကြပါတယ်။ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများနဲ့ ပါတ်သက်ပြီး ခွင့်ပြုခွင့်၊ ရုပ်သိမ်းခွင့်တွေကို ပြန်ကြားရေးဝန်ကြီးဋ္ဌာနကို အာဏာပေးထားတဲ့ ဥပဒေမို့ပါ။ ပြည်ထောင်စုလွှတ်တော်အတွင်းမှာလည်း အချိန်ကာလ တစ်နှစ်ကျော် အကြိတ်အနယ်ဆွေးနွေးခဲ့ရပါတယ်။ ဒီဥပဒေအရ မြန်မာနိုင်ငံမှာ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများကို လွတ်လပ်စွာဆောင်ရွက်ခွင့် မရှိပါ။ ပြန်ကြားရေးဝန်ကြီးဋ္ဌာနရဲ့ ခွင့်ပြုချက်ရမှသာ ဆောင်ရွက်ခွင့်ရှိပြီး ပြန်ကြားရေးဝန်ကြီးဋ္ဌာနက ခွင့်ပြုချက်ကို ရုပ်သိမ်းခွင့်လည်း ရှိပါတယ်။ အရင်ရှိခဲ့တဲ့ ပုံနှိပ်ဥပဒေနဲ့ နှိုင်းယှဉ်ရင် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဋ္ဌာနအစား ပြန်ကြားရေးဝန်ကြီးဋ္ဌာနက ကိုင်တွယ်တာနဲ့ စည်းကမ်းချိုးဖောက်ခြင်းများအတွက် ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ခြင်းမရှိပဲ ပုံနှိပ်ခွင့်၊ ထုတ်ဝေခွင့်ကို ရုပ်သိမ်းတာပဲ ကွာခြားပါတယ်။

#အခွန်အကောက်ဥပဒေများ။ ပြည်ထောင်စုလွှတ်တော်ဥပဒေ (၁၅/၂၀၁၄) ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ နှင့်  ပြည်ထောင်စုလွှတ်တော်ဥပဒေ (၁၆/၂၀၁၄) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

ထူးခြားချက်ကတော့ ၂၀၁၄ ခုနှစ် မတ်လအတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဒီအခွန်အကောက်ဥပဒေကြမ်းများကို အတည်ပြုနိုင်ရေး ဆွေးနွေးရာမှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများဖြစ်နေကြတဲ့ စီးပွါးရေးလုပ်ငန်းရှင်ကြီးများက လုပ်ငန်းရှင်များအပေါ် ကောက်ခံနေတဲ့ အခွန်အကောက်များကို လျှော့ချပေးဖို့ ရုတ်တရက်ထပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ မတ်လ (၁၀) ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာပါ။ "ရုတ်တရက်" လို့ အထူးပြုရတာက အဲဒီ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်လုပ်ထုံးလုပ်နည်းများအတိုင်း ဆွေးနွေးဖို့ ကြိုတင်စာရင်းပေးထားခြင်းမရှိလို့ပါ။ မတ်လ (၁၀) ရက်နေ့အစည်းအဝေးမှာ ကြိုတင်စာရင်းပေးထားခြင်းမရှိပဲ ရုတ်တရက်ထပြီး ဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်များက ဇေကမ္ဘာကုမ္ပဏီများရဲ့ ပိုင်ရှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ (ရန်ကုန်တိုင်းဒေသကြီး)၊ ပတ္တမြားနဂါးကျောက်မျက်ရတနာကုမ္ပဏီပိုင်ရှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းထွန်း (ရှမ်းပြည်နယ်)၊ ဆီလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့် (လှိုင်မြို့နယ်) တို့ဖြစ်ကြပါတယ်။ သုံးဦးစလုံးဟာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်များဖြစ်ကြပါတယ်။ ဇေကမ္ဘာဦးခင်ရွှေက ဆောက်လုပ်ရေးလုပ်ငန်းတွေကို အခွန်လျှော့ဖို့ တောင်းဆိုပါတယ်။ ဦးနေဝင်းထွန်းက ကျောက်မျက်အချောကိုင်လုပ်ငန်းများအပေါ် အခွန်လျှော့ဖို့ ဆွေးနွေးပါတယ်။ ဒေါက်တာဦးဝင်းမြင့်က နိုင်ငံခြားက တင်သွင်းတဲ့ ဆီများကို အခွန်ပိုကောက်ဖို့ တောင်းဆိုပါတယ်။ အဲဒီပုဂ္ဂိုလ်များရဲ့ ဆွေးနွေးမှုတွေကြောင့် အဲဒီနေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးဟာ စံချိန်တင်ပြီး ည (၈) နာရီအထိ ကြာမြင့်ခဲ့တယ်လို့ ဧရာဝတီသတင်းဋ္ဌာနက သတင်းပေးပို့ပါတယ်။

ဒီဖြစ်ရပ်က ပြည်ထောင်စုလွှတ်တော်ကြီးအတွင်းက အကျိုးစီးပွါးပဋိပက္ခတွေကို သက်သေပြနေပါတယ်။ အကျိုးစီးပွါးပဋ္ဋိပက္ခဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင်တော့ တစ်ချိန်တည်းမှာ အလုပ်နှစ်ခု တစ်ပြိုင်တည်းရှိနေတာလို့ ပြောရမှာပါ။ သာမန်ပြည်သူတစ်ယောက်အဖို့တော့ အလုပ်နှစ်ခု သို့မဟုတ် နှစ်ခုထက်မက တစ်ပြိုင်တည်းလုပ်ကိုင်တာ ပြဿနာမဟုတ်ပါ။ ဒါပေမဲ့ *** ပြည်သူလူထုရဲ့ အကျိုးစီးပွါးကို ဆောင်ရွက်ပါ့မယ်ဆိုပြီး တိုင်းပြည်ရဲ့ အာဏာကို ကိုင်တွယ်ကျင့်သုံးနေကြတဲ့ ၊ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ အာဏာပိုင်အဖွဲ့အစည်းများမှာ ပါဝင်လှုပ်ရှားနေကြတဲ့ ပုဂ္ဂိလ်များအနေနဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်တာဝန်ပေးထားတဲ့ အလုပ်အပြင် သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွါးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်အလုပ်များ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းမှာ ရှိနေမယ်ဆိုရင် အကျိုးစီးပွါးပဋ္ဋိပက္ခဖြစ်နေပြီလို့ ဆိုရမှာပါ။

မြန်မာနိုင်ငံမှာက လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပတ်သက်လို့ သတ်မှတ်ထားတဲ့ အရည်အချင်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိတဲ့ ကန့်သတ်ချက်တွေ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားပေမည့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီး တာဝန်ထမ်းဆောင်နေတဲ့ ကာလတစ်လျှောက်လုံးမှာ ငွေကြေး၊ စရိတ်၊ လစာရတဲ့ အခြားမည်သည့်အလုပ်မှ လုပ်ခွင့်မရှိလို့ ပြဋ္ဌာန်းမထားပါ။ ဒါကြောင့်မို့ လွှတ်တော်ကိုယ်စားလှယ်တာဝန်နဲ့ တစ်ချိန်တည်းမှာ ကုမ္ပဏီပိုင်ရှင်ကြီး၊ မြေပိုင်ရှင်ကြီး၊ သတ္တုတွင်းပိုင်ရှင်ကြီး၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်၊ ရှေ့နေကြီး၊ ပြည်သူ့စစ်ခေါင်းဆောင် စသည်ဖြင့် ကိုယ်ကျိုးစီးပွါးဆိုင်ရာ အလုပ်တွေကို တွဲဖက်ဆောင်ရွက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်အများအပြားကို တွေ့နေရပါတယ်။ ဒါကြောင့်မို့ လွှတ်တော်တွင်းမှာ စီးပွါးရေးလုပ်ငန်းရှင်ကြီးများက သူတို့ရဲ့ အကျိုးစီးပွါးကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားတာကို ဆက်ပြီး တွေ့မြင်နေရဦးမှာပါ။


Thursday, January 22, 2015

မြန်မာနိုင်ငံက လူထုအဖွဲ့အစည်းများသို့ မေတ္တာစာ၊ အပိုင်း (၅)

(တူမောရိုးသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၄၇၊ ဇန်နဝါရီ ၂၀၊ ၂၀၁၅)



မြန်မာနိုင်ငံက လူထုအဖွဲ့အစည်းများသို့ မေတ္တာစာ၊ အပိုင်း (၅)

အောင်ဒင်

#ငွေရေးကြေးရေး ပွင့်လင်းမြင်သာမှု (အဆက်)

ငွေကြေးဆိုတာ အဖွဲ့အစည်းတစ်ခု တည်ရှိဖို့အတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သလို အဖွဲ့အစည်းတစ်ခုကို ပြိုကွဲစေတဲ့ အကြောင်းတရားတစ်ခုလည်း ဖြစ်ပါတယ်။ အဖွဲ့အစည်းအတွက်၊ အများပြည်သူအတွက် လှူဒါန်းငွေတွေကို လက်ထဲကိုင်ထားရသူတစ်ယောက်အဖို့ ငွေထုပ်ကြီးရဲ့ ဆွဲဆောင်မှုအောက်မှာ အမှားတွေ ကျူးလွန်တတ်ပါတယ်။ နည်းနည်းမှားရာကစလို့ တဖြည်းဖြည်းနဲ့ များများမှားတတ်ပါတယ်။ ဒါကြောင့်မို့ ငွေရေးကြေးရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနဲ့ တာဝန်ခံမှုတွေဟာ အဖွဲ့အစည်းများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဂုဏ်သိက္ခာမြင့်မြင့်မားမားရှင်သန်ရေးအတွက် အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ 

အခုဆိုရင် ပြည်သူလူထုက အင်မတန်မုန်းတီးတဲ့ ခရိုနီ (ခေါ်) အလိုတော်ရိစီးပွါးရေးသမားကြီးတွေကပါ အရပ်ဘက်လူထုအဖွဲ့အစည်းများကို ငွေကြေးလှူဒါန်းထောက်ပံ့နေကြပါတယ်။ ဒါပေမဲ့ လှူသူကလည်း သူလှူတာကို တစ်ဘက်က အာဏာရှင်တွေ သိမှာစိုးတော့ လျှို့ဝှက်လှူပြီး လက်ခံရရှိတဲ့ အဖွဲ့အစည်းများကလည်း ပြည်သူလူထုရဲ့ အထင်အမြင်အလွဲခံကြရမှာကိုစိုးလို့ အလှူရတာကို လျှို့ဝှက်ချင်ကြပါတယ်။ အဲဒီလို မရိုးသားတဲ့ အလှူခံမှု၊ လှူဒါန်းမှု အလေ့အကျင့်ဟာ အင်မတန်ဆိုးဝါးလှပါတယ်။ လှူဒါန်းသူရော၊ အလှူငွေလက်ခံရရှိတဲ့ အဖွဲ့အစည်းရော နှစ်ဘက်စလုံး ရိုးရိုးသားသား ပွင့်လင်းမြင်သာကြဖို့ လိုအပ်ပါတယ်။
တကယ်တော့ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပြည်တွင်း၊ ပြည်ပအလှူရှင်များရဲ့ ထောက်ပံ့လှူဒါန်းငွေများနဲ့ ရပ်တည်လှုပ်ရှားနေကြရတဲ့ လူထုအဖွဲ့အစည်းများအားလုံးဟာ လှူဒါန်းငွေတွေကို ဘယ်လိုရရှိတယ်၊ ဘယ်လိုဘယ်ပုံသုံးစွဲလိုက်တယ်၊ ဘယ်လောက်ကျန်ရှိတယ် ဆိုတာကို ပြည်တွင်း၊ ပြည်ပအလှူရှင်များကိုရော၊ ၎င်းတို့ရဲ့ အဖွဲ့အစည်းဝင်များကိုပါ ရှင်းပြဖို့ တာဝန်ရှိပါတယ်။ ငွေကြေးသုံးစွဲမှုများနဲ့ ပတ်သက်တဲ့ ငွေပေးပြေစာများ၊ ဘောက်ချာများ၊ တစ်နှစ်တာငွေစာရင်းရှင်းတမ်းများကို အချိန်မရွေး အစစ်ဆေးခံနိုင်ရပါမယ်။ အဲဒီလို ငွေရေးကြေးရေးဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုတွေ မပြည့်စုံပဲနဲ့ အင်စတီကျူးရှင်းမဖြစ်နိုင်ပါ။

#ရည်ရွယ်ချက်၊ ရပ်တည်ချက်ခိုင်မာပြတ်သားဖို့လို

လူထုအဖွဲ့အစည်းများ အင်စတီကျူးရှင်းဖြစ်လာဖို့ နောက်ထပ်လိုအပ်ချက်တစ်ရပ်ကတော့ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်၊ ရပ်တည်ချက်များအပေါ်မှာ အခိုင်အမာရပ်တည်ဖို့ပဲ ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပဖိအားပေးမှုများကြောင့်ဖြစ်စေ၊ အစိုးရရဲ့ ဖိအားပေးမှုကြောင့်ဖြစ်စေ တရားဝင်ကြေညာထားတဲ့ ရည်ရွယ်ချက်၊ ရပ်တည်ချက်များပေါ်က ယိမ်းယိုင်သွေဖည်သွားမယ်ဆိုရင် အင်စတီကျူးရှင်းများ ဖြစ်လာဖို့ အားနည်းပါလိမ့်မယ်။
မြန်မာနိုင်ငံက လူထုအဖွဲ့အစည်းအတော်များများဟာ နိုင်ငံတကာအဖွဲ့အစည်းများထံက အကူအညီ၊ အထောက်အပံ့တွေ ရနေကြပါပြီ။ အဖွဲ့အစည်းရေရှည်ရပ်တည်နိုင်ဖို့နဲ့ ရည်ရွယ်ထားတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာအကူအညီများကို လက်ခံယူရမှာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ မူဝါဒရေးရာလွှမ်းမိုးမှု၊ ထိန်းချုပ်မှုကိုတော့ လက်မခံသင့်ပါ။ အချို့နိုင်ငံတကာအဖွဲ့အစည်းများက ပြည်တွင်းက အဖွဲ့အစည်းများဆောင်ရွက်ချင်တဲ့၊ ဆောင်ရွက်နေတဲ့ လုပ်ငန်းများအောင်မြင်ရေးအတွက် ရိုးရိုးသားသား ဘာနှောင်ကြိုးမှ ချည်နှောင်ခြင်းမရှိပဲ ကူညီနေကြပေမည့် အချို့ နိုင်ငံတကာအဖွဲ့အစည်းများကတော့ ၎င်းတို့ ဖြစ်စေချင်တာကို ပြည်တွင်းအဖွဲအစည်းများကို ငွေကြေးထောက်ပံ့ပြီး ဆောင်ရွက်ခိုင်းနေတာမျိုးလည်း တွေ့နေရပါတယ်။ နိုင်ငံတကာအကူအညီများကို ပြည်တွင်းက အဖွဲ့အစည်းများ ပြည်တွင်းလိုအပ်ချက်နဲ့အညီ လက်တွေ့ဆောင်ရွက်နေတဲ့ လုပ်ငန်းများအတွက်သာ လက်ခံသင့်ပါတယ်။ ကိုယ့်ရဲ့ ရပ်တည်ချက်၊ ရည်ရွယ်ချက်နဲ့ မကိုက်ညီပဲ နိုင်ငံတကာအဖွဲ့အစည်းက ငွေကြေးထောက်ပံ့လို့ ဆောင်ရွက်ရတာမျိုး မဖြစ်သင့်ပါ။

၂၀၁၂ ခုနှစ်၊ ရခိုင်ပြည်နယ်မှာဖြစ်ပွါးခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေရဲ့ ရလဒ်တစ်ခုဖြစ်တဲ့ သိန်းနဲ့ချီတဲ့ဒုက္ခသည်တွေအတွက် အကူအညီတွေလိုအပ်လာပါတယ်။ နိုင်ငံတဝှမ်းက ပြည်သူများကလည်း ဒုက္ခသည်များအတွက် တတ်နိုင်သလောက် ရက်ရက်ရောရောကူညီလှူဒါန်းကြပြီး အဲဒီ အများပြည်သူ လှူဒါန်းမှုတွေကို လူထုအဖွဲ့အစည်းအချို့က စုပေါင်းလက်ခံပြီး ဒုက္ခသည်များရှိရာကို ပင်ပင်ပမ်းပမ်း၊ ခက်ခက်ခဲခဲသွားရောက်လှူဒါန်းပေးကြပါတယ်။ အဲဒီလို အင်မတန်မွန်မြတ်တဲ့ လှူဒါန်းမှုမျိုးမှာ မလိုလားအပ်တဲ့ ဖိအားပေးမှုတွေကြောင့် ဝမ်းနည်းစရာ ဖြစ်ခဲ့ရတာတွေရှိပါတယ်။ ပြည်သူလူထုရဲ့ အလှူပစ္စည်းများကို လက်ခံတဲ့ အဖွဲ့အစည်းအချို့ဟာ လှူဒါန်းသူအချို့ရဲ့ "ဒီအလှူများကို ဗုဒ္ဓဘာသာ၊ ရခိုင်လူမျိုးများကိုသာ လှူဒါန်းရမယ်" ဆိုတဲ့ ကန့်သတ်ချက်ကို လိုက်နာခဲ့ကြပြီး ဘာသာ၊ လူမျိုး မခွဲမခြားအကူအညီပေးရမယ်ဆိုတဲ့ လူထုအဖွဲ့အစည်းများရဲ့ အခြေခံမူဝါဒကနေ သွေဖည်ခဲ့ကြပါတယ်။ 

"ဘယ်သူ့အတွက်လို့ ခေါင်းစဉ်တပ်ပြီး မလှူပါနဲ့။ အများအတွက် လှူဒါန်းချင်တယ်ဆိုရင် လာပါ။ ခင်ဗျားတို့အကူအညီတွေကို ရခိုင်ပြည်နယ်က ဒုက္ခသည်တွေဆီ ဘာသာ၊ လူမျိုးမခွဲခြားပဲ အပြည့်အဝ ရောက်ရှိစေရမယ်" လို့ ခိုင်ခိုင်မာမာရပ်တည်ပြီး အမျိုးသားရေးခေါင်းစဉ်အောက်က ဖိအားပေးမှုတွေကို တင်းခံရဲတဲ့ အဖွဲ့အစည်းအချို့ရှိပေမည့် နည်းလှပါတယ်။ ဒီလိုနဲ့ ပြည်တွင်းအလှူရှင်များရဲ့ အလှူဒါနအများစုဟာ ရခိုင်၊ ဗုဒ္ဓဘာသာများဆီသာ ရောက်ရှိပြီး မွတ်စလင်ဒုက္ခသည်အများစုထံ မရောက်ရှိခဲ့ပါ။

#လူထုနှင့် တစ်သားတည်းရှိဖို့လို

လူထုအဖွဲ့အစည်းများ အင်စတီကျူးရှင်းဖြစ်ဖို့ နောက်ထပ်လိုအပ်ချက်တစ်ခုကတော့ လူထုအခြေပြုအဖွဲ့အစည်းများပီသစွာ ပြည်သူလူထုနဲ့ တစ်သားတည်းရှိနေဖို့ ဖြစ်ပါတယ်။ အခုအချိန်မှာ အရပ်ဘက်လူထုအဖွဲ့အစည်းများရဲ့ လှုပ်ရှားမှုများကို အများဆုံးတွေ့မြင်နေရတာက ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးများမှာသာဖြစ်ပြီး လှုပ်ရှားမှုအများစုကလည်း ဟိုတယ်အခြေစိုက် စွမ်းရည်မြှင့်သင်တန်းပေးတာတွေ၊ ဟိုတယ်အခြေစိုက် ဆွေးနွေးပွဲတွေ၊ ဟိုတယ်အခြေစိုက် အထိမ်းအမှတ်နေ့အခမ်းအနားကျင်းပတာတွေ၊ ဟိုတယ်အခြေစိုက်ဆုပေးပွဲတွေနဲ့ နိုင်ငံခြားခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ဟိုတယ်ခန်းမ (သို့မဟုတ်) သံရုံးအဆောက်အအုံမှာ တွေ့ဆုံတာတွေပဲဖြစ်ပါတယ်။ နေပြည်တော်က ဟိုတယ်ကြီးထဲမှာ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ခန်းခန်းနားနားဆွေးနွေးနေတာလည်း တွေ့ရတတ်ပါတယ်။ မြန်မာနိုင်ငံကို အခုလို ပွင့်လင်းမှပဲ ရောက်ရှိလာနိုင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများက မြန်မာနိုင်ငံ အနှံ့အပြားလှည့်ပတ်သွားလာလို့ အခြေခံပြည်သူလူထုရဲ့ ဘဝကို လေ့လာနေကြချိန်မှာ ရန်ကုန်မြို့၊ ရုံးခန်းနဲ့ အစည်းအဝေးများကျင်းပရာ ဟိုတယ်ခန်းမကလွဲလို့ ဘယ်ကိုမှ မရောက်တဲ့ လူထုအဖွဲ့အစည်းခေါင်းဆောင်များလည်း အများအပြားရှိနေပါတယ်။

ငြိမ်းချမ်းရေးအတွက် လှုံ့ဆော်စည်းရုံးသူများဟာ စစ်ဖြစ်ပွါးရာဒေသက ပြည်သူတွေနဲ့ ထိစပ်နေဖို့လိုပါတယ်။ အမျိုးသမီးဘဝမြှင့်တင်ရေးကြိုးပမ်းသူများဟာ ရပ်ကွက်၊ ကျေးရွာများထဲက အမျိုးသမီးများရဲ့ လက်တွေ့ဒုက္ခတွေကို သွားရောက်နားထောင်ဖို့လိုပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းနေကြသူတွေဟာ လူကုန်ကူးခံရတဲ့ အမျိုးသမီးများရဲ့ ဘဝအတွေ့အကြုံကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ တောင်သူလယ်သမားများရဲ့ အကျိုးစီးပွါးဆောင်ရွက်သူတွေဟာ လယ်သမားများရဲ့ လယ်ကွင်းထဲကဒုက္ခ၊ လယ်မရှိတဲ့ ဒုက္ခတွေကို မှန်မှန်ကန်ကန်သိနားလည်ဖို့ လိုပါတယ်။ တိုင်းရင်းသားလူမျိုးစုများရဲ့ ရသင့်ရထိုက်သော အခွင့်အရေးများအတွက် လှုံ့ဆော်စည်းရုံးသူတွေဟာ တိုင်းရင်းသားများရဲ့ ခေတ်အဆက်ဆက် အခွင့်အရေးဆုံးရှုံးမှုများ၊ အဖိနှိပ်ခံရမှုများနဲ့ နာကျင်ခံစားရမှုများကို နက်နက်ရှိုင်းရှိုင်းနားလည်ဖို့ လိုပါတယ်။ ပြည်သူနဲ့ တစ်သားတည်းရှိမှ ပြည်သူ့ဘဝကို မှန်မှန်ကန်ကန်နားလည်ပြီး ပြည်သူ့အကျိုးစီးပွါးအတွက် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးနိုင်မှာပါ။ အဲဒီ ပြည်သူများကတော့ ရန်ကုန်မြို့က ဟိုတယ်ကြီးထဲကို လာရောက်နိုင်ကြမှာ မဟုတ်ပါ။

#ဒီမိုကရေစီကို ချဲ့ထွင်ခြင်း

အရပ်ဘက်လူထုအဖွဲ့အစည်းများ အင်စတီကျူးရှင်းများဖြစ်လာစေဖို့ လိုအပ်တာတွေကို အကြံပြုပြီးတဲ့နောက် ဆက်လက်ဆောင်ရွက်သင့်တဲ့ အရေးကိစ္စတွေကိုလည်း အကြံပြုချင်ပါတယ်။ ပထမအကြံပြုချက်က "ဒီမိုကရေစီကို ချဲ့ထွင်ခြင်း" ဖြစ်ပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံချိန်စံညွှန်းများနဲ့ မကိုက်ညီပဲ တပ်မတော်ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကိုသာ ကြီးကြီးမားမား ထည့်သွင်းရေးဆွဲထားတာပါ။ ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးငြင်းခုန်နေကြတာ တွေ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှာ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်အစည်းအဝေးမှာ တင်သွင်းပြီး ဆွေးနွေးဆုံးဖြတ်ကြမယ်လို့ သိရပါတယ်။ အရပ်ဘက်လူထုအဖွဲ့အစည်းများကလည်း "ပြည်သူများ၏ ဆန္ဒနှင့် အတည်ပြုထားခြင်းမရှိသော ၂၀၀၈ ဖွဲ့စည်းပုံအား ၂၀၁၅ မတိုင်မီ ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ ပြည်သူ့ဆန္ဒခံယူပြီး ပြင်ဆင်ရန်" ဆိုပြီး အကြံပြုထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီနည်းလမ်းကျကျ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင်းလှုပ်ရှားမှုတွေ ဆောင်ရွက်နေချိန်မှာ အရပ်ဘက်လူထုအဖွဲ့အစည်းများကလည်း လွှတ်တော်ပြင်ပလှုပ်ရှားမှုများ ဆောင်ရွက်နေကြတာ တွေ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ လက်ရှိဖွဲ့စည်းပုံက ခွင့်ပြုထားတဲ့ ဘောင်ထဲက ဒီမိုကရေစီအခွင့်အလမ်းတွေကို တိုးချဲ့ဖို့ အရပ်ဘက်လူထုအဖွဲ့အစည်းများ စုပေါင်းမူဝါဒချမှတ်ပြီး ကြိုးစားကြစေချင်ပါတယ်။ အထူးသဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ၊ စည်ပင်သာယာကော်မတီရွေးကောက်ပွဲများမှာပါ။

Saturday, January 17, 2015

ကိုကာကိုလာ



ကိုကာကိုလာ

အောင်ဒင်

စက်ထဲကို တစ်ဒေါ်လာထည့်ပြီး
ခလုတ်ကို နှိပ်တဲ့အခါ
ဘာတစ်ခုမှ ထွက်ကျမလာ…။

စက်ထဲကို နောက်ထပ် တစ်ဒေါ်လာထည့်ပြီး
ခလုပ်ကို ထပ်နှိပ်တဲ့အခါ
ဘာတစ်ခုမှ ထွက်ကျမလာ…။

ဆုံးရှုံးသွားတဲ့ နှစ်ဒေါ်လာကို နှမျောတသ
ခံစားချက်ကမောက်ကမနဲ့
ခလုပ်ကို ထပ်ခါထပ်ခါ နှိပ်ပြန်တဲ့အခါ
ဘာတစ်ခုမှ ထွက်ကျမလာ…။

ဒေါသတွေ တနင့်တပိုးနဲ့
စက်ကြီးကို ကန်ကြောက်မိတဲ့အခါ
ကျနော့်ခြေထောက်တွေပဲနာ
ဘာတစ်ခုမှ ထွက်ကျမလာ…။

စက်နဲ့ လူရဲ့ ဆက်ဆံရေးမှာ
ချစ်ခြင်းမေတ္တာဆိုတာ
ရှိဖို့ လိုသေးသလားဗျာ…။ ။ ။

(ဇန်နဝါရီ ၁၇၊ ၂၀၁၅)