BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, March 6, 2015

Burma's Parliament Watch Part (85/1)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၈၊ မတ်လ ၅ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၈၅/၁)
 
အရေးတကြီးလိုအပ်နေသော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး ဥပဒေ (က)

ဒီစိုးရိမ်မှုကို ထပ်ပြီးအားဖြည့်တာက "ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်" ရဲ့ ဖွဲ့စည်းမှုပါ။ ဒီကော်မရှင်ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းတာဝန်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် ဒီကော်မရှင်ဟာ အာဏာရကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းတဲ့ ကော်မရှင်လို့ပဲ ပြောရမှာပါ။ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ကိုယ်တိုင်က နအဖစစ်အစိုးရခေတ်မှာ ဒု-ဗိုလ်ချုပ်ကြီးဖြစ်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ကော်မရှင်မှာ အရပ်သားအဖွဲ့ဝင်တွေပါဝင်ပေမည့် ကော်မရှင်ရဲ့ အတွင်းရေးမှူးရာထူးနဲ့ ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်တာဝန်ယူထားသူ နဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် နှစ်ဦးက ဒု-ဗိုလ်မှူးကြီးဟောင်းများ ဖြစ်ကြပါတယ်။ ဒါတင်မကသေးပါ။ ၂၀၁၃ ခုနဲ့ ၂၀၁၄ ခုနှစ်များမှာ တပ်မတော်မှ ဗိုလ်ကြီးနဲ့ ဗိုလ်မှူးအဆင့် အရာရှိ (၁၀၅) ဦးကို ရွေးကောက်ပွဲကော်မရှင်သို့ လွှဲပြောင်းပေးခဲ့ပြီး အခုအခါ အဆိုပါတပ်မတော်အရာရှိများဟာ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးရာထူးများနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရုံးခွဲများ၊ ခရိုင်ရုံးခွဲများ၊ မြို့နယ်ရုံးခွဲများရဲ့ အကြီးအကဲများ ဖြစ်နေကြပါတယ်။ ဒါကြောင့် အာဏာရပါတီက ဖွဲ့စည်းပေးထားပြီး တပ်မတော်အရာရှိဟောင်းများ ဦးဆောင်စီမံခန့်ခွဲတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လွတ်လပ်မှု၊ ဘက်မလိုက်မှု၊ မျှတမှုအပေါ် နိုင်ငံတကာနဲ့ ပြည်သူများက သံသယရှိနေကြတာပါ။
ဒီလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်ကို အနီးကပ်စောင့်ကြည့်လေ့လာမည့် လွတ်လပ်သောအဖွဲ့အစည်းများ ရှိဖို့လိုအပ်ပါတယ်။ အဲဒီ စောင့်ကြည့်လေ့လာရေးအဖွဲ့များဟာလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်ကြောင့်မဟုတ်ပဲ ပြည်ထောင်စုလွှတ်တော်က တရားဝင်ပြဋ္ဌာန်းထားတဲ့ ဥပဒေတစ်ရပ်ရဲ့ ခွင့်ပြုချက်နဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမှ ပိုပြီးလွတ်လွတ်လပ်လပ်၊ မှန်မှန်ကန်ကန်နဲ့ ရွေးကောက်ပွဲရဲ့ သန့်ရှင်းမျှတမှုကို အာမခံနိုင်ကြမှာပါ။

#ရွေးကောက်ပွဲကို ပြည့်စုံမှန်ကန်စွာ လေ့လာနိုင်ရန်လိုအပ်ချက်များ
 
(၁) အချိန် (Time)

ရွေးကောက်ပွဲတစ်ခုကို စနစ်တကျစောင့်ကြည့်လေ့လာနိုင်ဖို့ အဓိကကျတဲ့ လိုအပ်ချက်တစ်ခုက အချိန် ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ကော်မရှင်က နိုင်ငံတကာလေ့လာသူများကို လုံးဝခွင့်မပြုခဲ့ပါ။ ပြည်တွင်းအဖွဲ့အစည်းများကိုလည်း တရားဝင်စောင့်ကြည့်လေ့လာခွင့်မပြုခဲ့ပါ။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာဖို့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတကာအစိုးရအချို့ကို ဖိတ်ကြားတုံးက ရွေးကောက်ပွဲမတိုင်မီ တစ်ရက်၊ ရွေးကောက်ပွဲနေ့နဲ့ ရွေးကောက်ပွဲပြီးနောက်တစ်နေ့ ဆိုပြီး စုစုပေါင်း (၃) ရက်ပဲ လေ့လာခွင့်ပေးပါတယ်။

တကယ်တော့ ရွေးကောက်ပွဲတစ်ခုကို လေ့လာတယ်ဆိုတာ ရွေးကောက်ပွဲကျင်းပတဲ့ နေ့တစ်နေ့ထဲကို လေ့လာတာမဟုတ်ပါ။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးကို (က) မဲဆွယ်စည်းရုံးခွင့်မပြုခင်ကာလ (Pre-Campaign Period)၊ (ခ) မဲဆွယ်စည်းရုံးရေးကာလ (Campaign Period)၊ (ဂ) ရွေးကောက်ပွဲနေ့ (Election Day) ၊ (ဃ) ရွေးကောက်ပွဲအပြီး တိုင်ကြားချက်များကို ဖြေရှင်းသည့်ကာလ (Post Election Period) ဆိုပြီး အချိန်ကာလ (၄) ခုခွဲခြား လေ့လာရတာမို့ အနည်းဆုံး အချိန် (၆) လနဲ့ အထက် လိုအပ်ပါတယ်။ အဲဒီလို လုံလောက်တဲ့ အချိန်မပေးပဲ ရွေးကောက်ပွဲကော်မရှင်က ပြည်တွင်း၊ ပြည်ပလေ့လာသူတွေကို ရက်အနည်းငယ်သာ လေ့လာခွင့်ပြုတယ်ဆိုရင် ဒါဟာ ဟန်ဆောင်ဖိတ်ခေါ်မှုတစ်ခုသာဖြစ်ပြီး ရွေးကောက်ပွဲရဲ့ သမာသမတ်ကျမှုကို အထောက်အကူပြုမှာ မဟုတ်ပါ။ နိုင်ငံတကာအဖွဲ့အစည်းများကိုသာ ဖိတ်ကြားပြီး ပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်းများကိုတော့ စောင့်ကြည့်လေ့လာခွင့်မပြုဘူးဆိုရင်လည်း အဓိပ္ပာယ်မရှိပြန်ပါ။ ပြည်တွင်းက လွတ်လပ်သောအဖွဲ့အစည်းများရဲ့ တရားဝင်စောင့်ကြည့်လေ့လာသုံးသပ်ချက်တွေနဲ့ မပေါင်းစပ်ပဲနဲ့ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ရွေးကောက်ပွဲလေ့လာမှုဟာ မပြည့်စုံ၊ မတိကျနိုင်ပါ။
 

 

Sunday, March 1, 2015

မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့်၊ အဝေးကြည့် (၂) ဆောင်းပါးပေါင်းချုပ်

မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့်၊ အဝေးကြည့် (၂)

အောင်ဒင် 

(ပြည်သူ့ခေတ်ဂျာနယ်တွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ပုံနှိပ်ဖော်ပြခဲ့သော ဆောင်းပါးများ)

ခေတ်ပြတိုက်စာပေ (အမှတ် ၁၃၈/၁၄၀၊ ပထမထပ်-ဝဲ၊ ၄၉ လမ်း၊ အထက်ဘလောက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်၊ တယ်လီဖုန်း ၀၉-၇၃၀ ၃၇၇၂၇) မှ ၂၀၁၅ ခုနှစ်၊ မတ်လတွင် ထုတ်ဝေဖြန့်ချီပါတယ်။ အမှာစာများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကိုသိမ်းဆွေနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်းတို့က ရေးပေးကြပြီး မျက်နှာဖုန်း ပန်းချီဒီဇိုင်းကို ကာတွန်းကိုဝင်းအောင် (မန္တလေး) ကရေးဆွဲပေးပါတယ်။