ကိုယ့်အကြောင်းကိုယ်ရေးတဲ့ကဗျာ
အောင်ဒင်
(၈၊မတ်၊၂ဝဝ၃)
၁။
နှင်းတွေ၊ သဲသဲမဲမဲပြိုကြ
ကောင်းကင်တခုလုံးလည်းဖြူဖွေးဝင်းပ
ညဖြစ်ရဲ့နဲ့ညမဆန်တော့တဲ့ည
ဒီည
အနှစ်လေးဆယ်ပြည့်တဲ့ည --။
ဒါဟာဖြင့်
အရိုးအပြိုင်းပြိုင်းလောကထဲ
သာမာန်ပြည်သူတယောက်ရဲ့
ချစ်ခြင်းမေတ္တာအကြောင်းနားလည်သယောင်
လူ့ဘဝရဲ့ ခပ်မှောင်မှောင်သောကတွေထဲ
ကြွေကွဲရသလို၊ခံစားရသလို
မြိုသိပ်စုစည်းထားတဲ့အလွမ်း
အခန်းဆက်နေ့ စဉ်မှတ်တမ်းရဲ့
ဖြတ်သန်းကုန်ဆုံးခဲ့သော (ဒါမှမဟုတ် )
မပြီးဆုံးခဲ့သောစာမျက်နာများ ---။
၂။
ဘဝတိုတိုကလေးတဲ့
ငါတို့ခဏခဏပြောကြ
ငါတို့နေ့တဓူဝကြားရ။
တကယ့်တကယ်တော့
အနစ်လေးဆယ်ဆိုတာ
စစ်ပွဲတွေအများကြီးဖြစ်ဖို့ လုံ လောက်ခဲ့
ကပ် တွေ အများကြီး ကျရောက်ခဲ့
လူတွေအများကြီးသေဆုံးခဲ့
နိင်ငံတွေအများကြီးပျက်ဆီးပျောက်ဆုံးခဲ့
နိင်ငံတွေအများကြီးအသစ်မွေးဖွားခဲ့
ငါ့မှာလည်း
သဘောင်္မှောက်တဲ့နေ့တွေ
မီးတောင်ပေါက်ကွဲ တဲ့နေ့တွေ
ကောင်းကင်တခုလုံးပြိုကျ ခဲ့နေ့ရက်တွေနဲ့
မတိုတောင်းဘူးကွယ့်၊ ဘဝဆိုတာ ---။
၃။
ငယ်ငယ်ကတော့
အိုမာခယမ်ဖြစ်ချင်တယ်၊
ကဗျာတပုဒ်စပ်လိုက်၊ ဝိုင်တခွက်သောက်လိုက်
ပင်လယ်ဓမြလည်းဖြစ်ချင်တယ်၊
ပျောက်ဆုံးနေတဲ့ရတနာသိုက်ကိုရှာဖွေဖို့
ရောဘင်ဟုဒ်လည်းဖြစ်ချင်ခဲ့တယ်
လူတွေကိုကယ်တင်ချင်ခဲ့တာကိုး။
နည်းနည်းသိတတ်လာတော့
အောင်ဆန်းဖြစ်ချင်တယ၊်
သန်းထွန်းဖြစ်ချင်တယ်၊
ဒေါက်တာရေချမ်းဖြစ်ချင်တယ်၊
ရဲဘော်အောင်ဒင်ဖြစ်ချင်တယ်၊
ရှယ်လီဝေလင်ရဲ့ ကွိလည်းဖြစ်ချင်ခဲ့တယ်။
အခုတော့
ဘီလ်ဂိတ်ပဲဖြစ်ချင်တော့တယ်။
ဖြစ်ချင်တာတွေဖြစ်ဖို့
အချိန်ကလည်းသိပ်မကျန်တော့
ဖြစ်အောင်တည်ဆောက်နိင်စွမ်းလည်းမရှိတော့
ဖြစ်နေတာကိုပဲလက်ခံ
ဖြစ်သင့်တာကိုပဲဆက်ဖြစ်
မဖြစ်ခြင်တာတွေမဖြစ်ရင်ပဲကျေနပ်တော့--- တဲ့
အဲဒီတရားကို
အသက်လေးဆယ်ပြည့်တဲ့နေ့မှာ
ငါရှာဖွေတွေ့ရှိတော့တယ် ---။
မိတ်ဆွေတို့ရေ
ခင်ဗျားတို့လည်း
ကျနော် နဲ့ တခေတ်ထဲဖြတ်သန်းခဲ့ကြတာပါ၊
ကျနော်နဲ့တပြိုင်ထည်းခံစားခဲ့ကြတာပါ၊
ကျနော့်လိုပဲအိမ်မက်တွေမက်ဖူးကြမှာပါ၊
ကျနော့်လိုပဲဒီတရားကို
ဒီလိုအချိန်မှာရခဲ့ကြ၊ ရကြဦးမှာပါ၊
ကျနော်ကခင်ဗျားတို့ထက်ပိုနိင်တာဆိုလို့
အခုလိုဖြူဖွေးအေးစက်နေတဲ့ညမှာ
အရာအားလုံးကိုပြန်သတိရနေမိတော့တာပါပဲ ---။
၎။
ညီမလေးဂျီနာ
ငါကချစ်တယ်ပြောလို့
မင်းစိတ်တွေရှုပ်ထွေးကြေမွသွားပြီလား၊
ခွင့်လွတ်ပါကွာ
ဒီအမိုက်အမဲကြီးကိုခွင့်လွတ်ပြီးပြန်ချစ်လိုက်စမ်းပါ
ခဏပဲဖြစ်ဖြစ်ပေါ့
လူတယောက်ရဲ့ဘဝကိုကယ်တင်ကောင်းပါရဲ့
လူသားချင်းစာနာထောက်ထားတဲ့အကူ အညီဆိုလား----။
အဲဒီလို
ကိုယ်ပိုင်အရေးအခင်းကလေးတွေကလည်းဖြစ်လိုက်ပျက်လိုက်
ကောင်းကင်ကြီးကလည်းမတည်မငြိမ်ရွေ့လျား
လောကဓံတရားရဲ့ဖျားယောင်းသွေးဆောင်မူအောက်မှာ
ပင်လယ်ကြီးတွေလည်းပြာသင့်သလောက်မပြာတော့
ပိတောက်ပွင့် တွေလည်း မဝင့်ကြ၊ မဝါကြ
ငါစပယ်ရုံကလေးသာ
သေးသေး ကျစ် ကျစ်နဲ့ ဖွေးဆွတ် မွှေးမြ၊
ဒါပဲဟေ့ ---ဘဝဆိုတာ။
၅။
တောင်တွေကိုကျော်ရ
မုန်တိုင်းတွေ ၊ မိုးကြိုးမီးတောက်တွေကိုဖြတ်သန်းရ
ပြီးတော့၊ တောင်အသစ်တွေကိုထပ်ကျော်ရ
မုန်တိုင်းအသစ်တွေ
မိုးကြိုးမီးတောက်အသစ်တွေကိုထပ်မံဖြတ်သန်းရ
ဒါ ဘဝလား
ဒါ ဘဝရဲ့အဓိပ္မါယ်လား
အဓိပ္မါယ်ဟာ၊ ဘဝရဲ့အသက်လား
ဘဝဟာ၊ အဓိပ္မါယ်ရှိဖို့လိုသလား
င့ါမှာလည်း၊ မေးခွန်းတွေကအများသား --။
သတိရမိတာမှားယွင်းသွားခဲ့ပြီ
ကြေကွဲစရာများများ
မဖြစ်စလောက်တောက်ပြောင်မှုက မှုန်ဝါးဝါး
အဲဒီဒြပ်သားတွေနဲ့ ငါဟာ၊ ငါဖြစ်ခဲ့တာပါ၊
င့ါကိုယ် ငါတည်ဆောက်ခဲ့ရတာပါ၊
မနက်ခင်းတခုမှာ၊ နေရောင်ပါးပါးရှိဖို့လိုတယ်ဆိုရင်
စစ်ပွဲတခုဖြစ်ဖို့၊ အမုန်းတရားတွေရှိဖို့လိုတယ်ဆိုရင်
ဟော့ဒီအနစ်လေးဆယ်ဟာလည်း
ငါ့ဘဝအတွက်မရှိမဖြစ်လိုအပ်ခဲ့တာပေါ့
ပြန်မရနိင်တော့တဲ့နေ့ရက်များ ။ ။