BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, July 9, 2015

အနည်းဆုံးလုပ်ခ၊ အများဆုံးဒုက္ခ

မိုးမခမီဒီယာ၊ ဇူလိုင် ၈၊ ၂၀၁၅ http://moemaka.com/archives/44478

အနည်းဆုံးလုပ်ခ၊ အများဆုံးဒုက္ခ
အောင်ဒင်

ဟောဒီ စက်ရုံကြီးထဲ
တစ်နေ့ကို အနည်းဆုံး ၁၂ နာရီ အလုပ်လုပ်ရ
ပိတ်ရက်မရှိ၊ ခွင့်တစ်ရက်တောင်မှ မယူပဲ
နေ့စဉ်ရက်ဆက် အလုပ်လုပ်ပါမှ
တစ်လဝင်ငွေ ကျပ်တစ်သိန်း နှစ်သောင်းလောက် ရသူပါ…။

အညံ့ဆုံးဆန်နဲ့၊ အသီးအရွက် ရေလုံပြုတ်နဲ့
သက်သတ်လွတ်စားကြတာတောင်မှ
တစ်လကို မိသားစု စားစရိတ်က
ကျပ် ၈ သောင်းလောက် ကုန်ကျပါတယ်…။

ဟိုး မြို့စွန်မြို့ဖျားမှာ
ဓနိမိုး ထရံကာ တဲစုတ်ကလေးက
တစ်လ ကျပ် ၄ သောင်း အိမ်ငှါးခ ပေးရပါတယ်…။

တစ်လကုန်တဲ့အခါ
စားစရိတ်နဲ့ အိမ်ငှါးခက
ရသမျှ လခနဲ့ အတူတူဆိုတော့
သားသမီးများ လိုတာဖြည့်ဆီးပေးဖို့
အတိုးကြီးကြီးနဲ့ ငွေချေးငှါးတဲ့
စက်ရုံထဲက မန်နေဂျာထံ
ဒူးထောက် အညံ့ခံရပြန်ပါတယ်…။

အဲဒီလို
ခက်ခက်ခဲခဲ ရှင်သန်နေရတဲ့ကျနော်တို့ကို
အနည်းဆုံးလုပ်ခ တစ်နေ့ ကျပ် ၃,၆၀၀ မပေးချင်တဲ့
အလုပ်ရှင်ကြီးရယ်
အံ့ဩမလားတော့မသိ
ခင်ဗျားတို့ဘဝကို ကျနော်စာနာမိပါတယ်…။

ခင်ဗျားတို့မှာလည်း
နိုင်ငံခြားက အမှာစာတွေ မလာရင် စိတ်ပူရ
ဒေါ်လာဈေးမတည်ငြိမ်ရင် စိတ်ပျက်ရ
လျှပ်စစ်မီးမမှန်လို့ ဒီဇယ်ဆီနဲ့ မောင်းနှင်ရတဲ့ စက်ရုံကြီးထဲ
မြေကြီးငှါးခကို အလွန်အကျွံပေးနေရတာ၊
ဝန်ကြီးဋ္ဌာနက လုပ်ငန်းပါမစ်ရဖို့အတွက်
ငွေတွေအများကြီး ပူဇော်ခဲ့ရတာ၊
စက်ရုံတည်ဆောက်ခွင့်ရဖို့အတွက်
သက်ဆိုင်ရာမှန်သမျှကို ကြေးပံ့ခဲ့ရတာ၊
လျှပ်စစ်မီတာတပ်ဆင်ခွင့်ရဖို့အတွက်
ငွေကို လေလို သုံးခဲ့ရတာ၊
အဘတွေကို ပေးရ၊ အမတွေကို ပေးရနဲ့
စာရင်းမပြနိုင်တဲ့ ကုန်ကျစားရိတ်တွေ ရှိခဲ့တာ…။

အဲဒီလို ရင်းနှီးမြှုပ်နှံမှုတွေကြောင့်
ကျနော်တို့ကို အနည်းဆုံးပေးရတာတောင်မှ
ခင်ဗျားတို့ရဲ့ အမြတ်အစွန်းတွေ လျော့နည်းနေရတာ
စိတ်မကောင်း ဖြစ်မိပါတယ်ဗျာ …။

ခင်ဗျားတို့နဲ့ ကျနော်တို့ဟာ
တကယ်တော့ ဘဝတူတွေပါ
(ရီစရာကောင်းနေမလား မသိ)
ခင်ဗျားတို့မပေးချင်တဲ့ ၃,၆၀၀
ကျနော်တို့လည်း မရချင်တော့ပါ…။

တစ်ခုတော့ ကူပါဗျာ
အနည်းဆုံးလုပ်ခ မပေးချင်နေ
ကျနော်တို့ကို
အများဆုံး ဒုက္ခတွေ မပေးဖို့
ခင်ဗျားတို့ရဲ့ အဘတွေ၊ အမတွေကို
ပြောပေးကြပါလားဗျာ…။ ။ ။

(ဇူလိုင်လ ၈ ရက်၊ ၂၀၁၅)

Friday, July 3, 2015

စစ်နှင့် ပြည်သူ

(ခေတ်ရနံ့မဂ္ဂဇင်း၊ ဇူလိုင်လ၊ ၂၀၁၅)



စစ်နှင့် ပြည်သူ

အောင်ဒင်

(၁)
 
ပြဿနာက
တစ်ဘက်နဲ့ တစ်ဘက် မယုံကြည်တာက စတယ်
စာချုပ်တစ်ခုကို ဖောက်ဖျက်တာက စတယ်
ကိုယ့်မြေ ကိုယ့်ဒေသမှာ
ကိုယ့်ကြမ္မာ ကိုယ်မဖန်တီးနိုင်တာက စတယ်
မဟာလူမျိုးကြီးဝါဒကို ဆန့်ကျင်ရာက စတယ်
လွတ်လပ်ရေး တကယ်စစ်မစစ်
ငြင်းခုန်ကြရာက စတယ်…။

မကျေနပ်တဲ့ အကြောင်းအမျိုးမျိုးကို
စားပွဲဝိုင်းမှာ ဆွေးနွေးတောင်းဆိုလို့ မရတော့တဲ့ အဆုံး
လက်နက်ကိုင်ကြ၊ အင်အားစုကြ၊ တိုက်ခိုက်ကြ၊
ရည်ရွယ်ချက်ရှိရှိ တော်လှန်ခဲ့ကြတာ
အနှစ်ခြောက်ဆယ်ကျော်ခဲ့ပါပြီ
ဘယ်လို အဆုံးသတ်ရမှန်း မသိကြတော့
တချို့တွေလည်း အဆုံးသတ်ဖို့ကို စိတ်မဝင်စားတော့…။

နိုင်ငံတစ်ခုကို
တည်ဆောက်ဖို့ ခက်ခဲသလောက်
ဖျက်ဆီးရတာ သိပ်လွယ်ပါတယ်
အမုန်းတရားနဲ့ ကောလာဟဠ
နေရာတိုင်းမှာ မျိုးစေ့ချ
အာဃာတအဆိပ်ပင်တွေ ရှင်သန်ကြီးထွား
အတ္တများများ အားပြိုင်
တစ်ဘက်နဲ့ တစ်ဘက် အနိုင်တိုက်ကြပါလိမ့်မယ်…။

(၂)
 
စစ်တိုက်တယ်ဆိုတာ 
အလံတွေ နေရာချကြတာပါ
ဒီဘက်တပ်က နိုင်ရင်
ဟိုဘက်တပ်ရဲ့ မြေမှာ ဒီဘက်တပ်ရဲ့ အလံကိုလွှင့်
ဟိုဘက်တပ်ကနိုင်ရင်
ဒီဘက်တပ်ရဲ့မြေမှာ ဟိုဘက်တပ်ရဲ့ အလံကိုလွှင့်…။

အဲဒီလို အလံတွေ တလူလူလွှင့်နိုင်ဖို့
ပစ်လိုက်ရတဲ့ ကျည်ဆံတွေ
ဖြုန်းလိုက်ရတဲ့ အမြောက်ဆံတွေ
သတ်လိုက်ရတဲ့ အသက်တွေ
ဖျက်ဆီးလိုက်ရတဲ့ ဘဝတွေ
ဟောဒီ တောင်ကုန်းကလေးဟာ
လူ့အသက်ပေါင်းများစွာ စတေးခဲ့ရတဲ့မြေ
ရှုံးတဲ့ဘက်က နိုင်တဲ့ဘက်ကို  ကမ္ဘာမကြေ…။

အလံနဲ့ တူတဲ့ စစ်သူကြီးတွေကတော့
လုံခြုံစိတ်ချရတဲ့ ဋ္ဌာနချုပ်စခန်းထဲက
သဲနဲ့ ဆောက်တဲ့ စစ်ဆင်ရေးမြေပုံကြီးရှေ့မှာ
ခရိုနီတစ်ယောက် လက်ဆောင်ပေးထားတဲ့
ကျူးဘားဆေးပြင်းလိပ်ကို…ဖွာ
လက်အောက်ငယ်သားတစ်ယောက်က ကန်တော့ထားတဲ့
ရွှေအနားကွပ် ကြိမ်တုတ်ကလေးကို ဝှေ့ရမ်းပြီး
စစ်ရေးစွမ်းရည်တွေ ပြနေလေရဲ့…။

(၃)
 
လက်နက်နဲ့ အနိုင်ကျင့်သူတွေကို
လက်နက်ရှာပြီး ပြန်ဆန့်ကျင်တယ်
ဒါ…သဘာဝကျပါတယ်…။

အနိုင်ကျင့်သူကို ဆန့်ကျင်ရင်း
ကိုယ်တိုင်လည်း
လက်နက်နဲ့ အနိုင်ကျင့်သူ ဖြစ်လာတတ်တယ်
ဒါလည်း…သဘာဝကျပါတယ်…။

သဘာဝမကျတာက
လက်နက်မရှိ၊ လက်နက်မရှာ
ကိုယ့်ဘဝနဲ့ကိုယ် ခက်ခဲစွာရပ်တည်ရှင်သန်နေကြရတဲ့
သာမာန်ပြည်သူတွေကပဲ
အနိုင်ကျင့်ခံရသူ သားကောင်များ ဖြစ်နေကြရတာ…။

ခက်တော့ ခက်တယ်
ကံ…ကံ၏အကျိုးဆိုပြီး၊ ကံကြမ္မာကို ရိုးမယ်ဖွဲ့ကြ
ဒီဘဝမှာ အနိုင်ကျင့်ခံရတာဟာ
အတိတ်ကံ မလှပလို့
အတိတ်ဘဝက ကောင်းတာမလုပ်ခဲ့မိလို့…ဆိုကြ…။

ဒီလိုဆိုရင်
ဒီဘဝမှာ အနိုင်ကျင့်နေကြသူတွေက
အတိတ်ဘဝမှာ ကောင်းတာလုပ်ခဲ့ကြတယ်လို့ ယူဆရမလား
ဒီဘဝမှာ ကောင်းတာတွေလုပ်ရင်
နောင်ဘဝမှာ သူများကို အနိုင်ကျင့်ရလိမ့်မယ်လို့ ယုံကြည်ရမလား…

ဘာကိုမှ မကိုးကွယ်တော့လည်း
ဘဝမှာ ကြောက်စရာတွေကများ
တစ်ခုခုကို ကိုးကွယ်တော့လည်း
သံသယနဲ့ မေးခွန်းထုတ်စရာတွေကများ
လူတိုင်းလူတိုင်းရဲ့ နှလုံးသားမှာ
ယုံကြည်မှုရှိရုံနဲ့ ဘုရားမပွင့်နိုင်ပါ…။

(၄)
 
မမျှော်လင့်၊ မတောင့်တ
စစ်လမ်းကြောင်းက
ဘယ်မြို့ပေါ်မဆို တည့်တည့်ကျနိုင်တယ်…။

ရိက္ခာဆိုလည်း
မွေးထားတဲ့ တိရိစ္ဆာန်လေးတွေ ရှာပေးရ
စစ်ကြောင်းများရန်ပုံငွေဆိုလည်း
စုဆောင်းထားတာလေးတွေ ထည့်ရ
အထမ်းသမားဆင့်ခေါ်လို့
လူငှါးမတတ်နိုင်ရင်
အိမ်ကရှိတဲ့လူပဲ မနိုင်မနင်းလိုက်ထမ်းပေးရ…။

သတင်းပေးလို့ စွပ်စွဲခံရရင်ဖြင့်
ခုခံခွင့်၊ ချေပခွင့်မရှိ
စစ်မြေပြင်တရားသူကြီးရဲ့ အမိန့်နဲ့
ကိုယ့်ကျင်းကိုယ်တူး ဘဝကူးရ…။

စစ်သားသစ်စုဆောင်းတော့
အကြောင်းပြရှောင်တိမ်းလို့မရ
မူလတန်းတက်နေတဲ့ ကလေးတောင်မှ
သူ့အရပ်ထက်မြင့်တဲ့ သေနတ်ကြီးကိုင်ရ…။

စိုက်ပျိုးခွင့်မရရှာတဲ့
မြေမြှုပ်မိုင်းအပြည့်နဲ့ လယ်ကွင်းတွေထဲမှာ
မုဆိုးမတွေ သားပျောက်ရှာနေရ
ဒါတွေဟာ တကယ်ဖြစ်နေတာပါ…။

(၅)

လက်နက်ကိုင်တွေက
ငြိမ်းချမ်းရေးကို အလိုလားဆုံးလူသားတွေဟာ
ကျုပ်တို့ပါဗျာ…လို့…ပြောကြ ။

ဒါပေမည့်
သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေးက
အနိုင်ရတဲ့ ငြိမ်းချမ်းရေး
တစ်ဘက်ဘက်က လက်နက်ချတဲ့ ငြိမ်းချမ်းရေး
ဒါမှမဟုတ်
နှစ်ဘက်အကျိုးတူ အာဏာဝေမျှတဲ့ ငြိမ်းချမ်းရေး
ဘယ်ဘက်ကမှ လက်နက်တွေနဲ့ မဝေးချင်ကြ
ဒါကြောင့်လည်း…ငြိမ်းချမ်းရေးနဲ့…ဝေးကြ…။

(၆)
 
ပြည်သူတွေကလည်း
ငြိမ်းချမ်းရေးကို လိုချင်တောင့်တ
သူတို့ ဆန္ဒက၊ ရိုးသားလွန်းလှပါတယ်…။

သူတို့ရဲ့ ဘဝတွေမှာ
ဘယ်လက်နက်ကိုင်ကိုမှ မကြောက်ရွံ့ချင်ပါ
ဘယ်စစ်တပ်ကမှ အနိုင်ကျင့်မခံရချင်ပါ
ဘယ်တပ်ဖွဲ့ကိုမှ မထောက်ပံ့ချင်ပါ
ဘယ်ပြဿနာကိုမှ လက်နက်နဲ့ မဖြေရှင်းချင်ပါ…။

သူတို့ရဲ့ ဘဝလယ်ကွင်းမှာ
မြေမြှုပ်မိုင်းတွေ ကင်းရှင်းပြီး
နှင်းရည်ဆန်းတဲ့ ကောက်ပဲသီးနှံတွေ
လတ်ဆတ် ရှင်သန်ချင်ကြတာပါ…။

သူတို့ရဲ့ ပတ်ဝန်းကျင်မှာ
ယမ်းနံ့တွေ၊ အဆိပ်ငွေ့တွေ ကင်းရှင်းပြီး
မီးခိုးနံ့သင်းတဲ့ တောင်ယာလေကို
ငြင်သာအားရ ရှူရှိုက်ချင်ကြတာပါ…။

တောင်ကုန်းပေါ်က
စာသင်ကျောင်းလေးမှာ
သူတို့ကလေးတွေရဲ့ စာအံသံတွေ
အနှောက်အရှက်မရှိ ဆူညံနေစေချင်တာပါ…။

ဘုရားကျောင်းက
ခေါင်းလောင်းသံနဲ့အတူ
သူတို့ရဲ့ တနင်္ဂနွေနေ့တွေကို
ငြိမ်ငြိမ်သက်သက် ကုန်ဆုံးချင်ကြတာပါ…။

ဆုတောင်းတာတွေ
သိပ်များ…များနေလို့လား
သူတို့ဟာ ဒီဆုတောင်းနဲ့ မထိုက်တန်လို့လား
ဒုက္ခသည်စခန်းက အလွမ်းတွေရဲ့
ပင်ပန်းနွမ်းနယ်မှုကို မျက်ကွယ်ပြုလို့
ငြိမ်းချမ်းရေးဟာ…ဟိုး…အဝေးမှာ…။။။

(ဇွန်လ ၁၀ရက်၊ ၂၀၁၅)