BLOGGER TEMPLATES AND TWITTER BACKGROUNDS

Sunday, December 29, 2013

Burma's Parliament Watch Part (47)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၄၇) မညီမမျှလွှတ်တော်
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၇၇၊ ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)

သိပ်မကြာသေးခင်က မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်၊ တစ်ဦးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး နောက်တစ်ဦးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပါ၊ နိုင်ငံတကာမှာ သုံးနှုံးခေါ်ဝေါ်သလိုဆိုရင် ပြည်သူ့လွှတ်တော် ဆိုတာ အောက်လွှတ်တော်၊ အမျိုးသားလွှတ်တော်ဆိုတာ အထက်လွှတ်တော်လို့ ပြောရမှာပါ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မိတ်ဆွေကို "စ" ပါတယ်၊ "ခင်ဗျားကိုယ် ခင်ဗျား အထက်လွှတ်တော်အမတ်ဆိုပြီး ဘဝင်မြင့်မနေနဲ့၊ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲရင် ကျုပ်တို့ အောက်လွှတ်တော်က အမြဲနိုင်ပြီး ခင်ဗျားတို့ အထက်လွှတ်တော်က အမြဲရှုံးတာပဲ" တဲ့၊ ဒီစကားကို နားထောင်ပြီး မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်ဆိုပြီး ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဆိုတဲ့ လွှတ်တော်နှစ်ရပ်ရဲ့ အဆင့်အတန်းမညီမျှမှုကို သတိပြုမိပါတယ်၊ မှန်ပါတယ်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ဟာ ဥပဒေပြုရေးမှာရော၊ သမ္မတရွေးချယ်ရာမှာရော၊ တန်းတူညီမျှမှုမရှိပါ၊

# ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းပြီး ဖွဲ့စည်းပါတယ်၊ ပြည်သူ့လွှတ်တော်မှာ မြို့နယ်အလိုက် ရွေးချယ်တင်မြှောက်ခံကိုယ်စားလှယ် ၃၃၀ ဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦး၊ စုစုပေါင်း ၄၄၀ ဦးပါဝင်ပါတယ်၊ အမျိုးသားလွှတ်တော်မှာ ပြည်နယ်/တိုင်းဒေသကြီးတစ်ခုကို ကိုယ်စားလှယ် ၁၂ ဦးနှုံးနဲ့ ပြည်နယ်/တိုင်းဒေသကြီး ၁၄ ခုက ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ် ၁၆၈ ဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦး၊ စုစုပေါင်း ၂၂၄ ဦးပါဝင်ပါတယ်၊ ဒါကြောင့်မို့ လွှတ်တော်နှစ်ရပ်ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ရွေးချယ်တင်မြှောက်ခံကိုယ်စားလှယ် ၄၉၈ ဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦး၊ စုစုပေါင်း ၆၆၄ ဦးပါဝင်ပါတယ်၊

# ဥပဒေပြုရေး မညီမျှမှု

၂၀၀၈ ဖွဲ့စည်းပုံအရ ဥပဒေတစ်ရပ်ကို ပြဋ္ဌန်းရာမှာ ပြည်သူ့လွှတ်တော်တွင်ဖြစ်စေ၊ အမျိုးသားလွှတ်တော်တွင်ဖြစ်စေ တင်သွင်းသည့်ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုမှသာ ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပါတယ်၊ တကယ်လို့ ဥပဒေကြမ်းတစ်ရပ်နဲ့ ပါတ်သက်ပြီး လွှတ်တော်နှစ်ရပ်ကြား သဘောထားကွဲလွဲမှုတွေ ရှိရင် လွှတ်တော်နှစ်ရပ်ပေါင်းပူးတွဲအစည်းအဝေးဖြစ်တဲ့ "ပြည်ထောင်စုလွှတ်တော်" အစည်းအဝေးခေါ်ယူပြီး ဆွေးနွေးဆုံးဖြတ်ရမယ်လို့ ပြဋ္ဌန်းထားပါတယ်၊ (ပုဒ်မ ၉၅-က၊ ၉၅-ခ)
ဥပဒေကြမ်းတစ်ရပ်အပေါ် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲမှုကြောင့် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးမဲခွဲကြတဲ့အခါ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ် ၄၄၀ ဦးနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၂၄ ဦးထက် နှစ်ဆနီးပါး များပြားနေပါတယ်၊ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်အားလုံး လူတစ်ကိုယ် မဲတစ်မဲပဲ ပေးခွင့်ရှိတာမို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ မဲအရေအတွက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များရဲ့ မဲအရေအတွက်ထက် နှစ်ဆနီးပါးများပြားနေတာပါ၊ ဒါကြောင့်မို့ ဥပဒေကြမ်းတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံတဲ့ ဥပဒေကြမ်းက မဲအများအသာနဲ့ အမြဲတမ်းအနိုင်ရပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ မနှစ်သက်တဲ့ ဥပဒေကြမ်းကတော့ အမြဲတမ်း မဲရှုံးပြီး အရေးနိမ့်ရမှာပါ၊

ဥပဒေပြုလွှတ်တော် နှစ်ရပ်မှာ ဥပဒေပြုရေးနဲ့ ပါတ်သက်ပြီး တန်းတူညီမျှအခွင့်အရေး ရှိသင့်ပါတယ်၊ လွှတ်တော်နှစ်ရပ်လို့ သတ်မှတ်ဖွဲ့စည်းထားပြီး လွှတ်တော်တစ်ခုက နောက်လွှတ်တော်တစ်ခုထက် ကိုယ်စားလှယ်အရေအတွက်ပိုများလို့ ဥပဒေကြမ်းများ၊ အဆိုများ၊ ဆုံးဖြတ်ချက်များကို မဲခွဲရာမှာ အမြဲတမ်း အသာစီးရနေတာ၊ လွှတ်တော်တစ်ရပ်က အခြားလွှတ်တော်တစ်ရပ်ထက် ကိုယ်စားလှယ်အရေအတွက်ပိုနည်းလို့ ဥပဒေကြမ်းများ၊ အဆိုများကို မဲခွဲရာမှာ အမြဲတမ်းရှုံးနိမ့်နေရာတာ၊ မဖြစ်သင့်ပါ၊ ဒီမညီမျှမှုကို အမြန်ဆုံးပြင်ဆင်သင့်ပါတယ်၊ လွှတ်တော်နှစ်ရပ်စလုံးဟာ ဥပဒေပြုရေးမှာ တန်းတူညီမျှရှိရမှာပါ၊

အမေရိကန်ပြည်ထောင်စုမှာလည်း ကွန်ဂရက်လွှတ်တော်ကို အောက်လွှတ်တော်၊ အထက်လွှတ်တော် နှစ်ရပ်ပေါင်းနဲ့ ဖွဲ့စည်းထားပါတယ်၊ အောက်လွှတ်တော်မှာ မဲဆန္ဒနယ် ၄၃၅ ခုက ကိုယ်စားလှယ် ၄၃၅ ဦးပါဝင်ပြီး အထက်လွှတ်တော်မှာ ပြည်နယ်တစ်ခုကို နှစ်ဦးနှုံးနဲ့ ပြည်နယ် ၅၀ က ကိုယ်စားလှယ် ၁၀၀ ဦးပါဝင်ပါတယ်၊ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှာလည်း ဥပဒေတစ်ရပ်ကို ပြဋ္ဌန်းအတည်ပြုနိုင်ဖို့ လွှတ်တော်နှစ်ရပ်စလုံးက ထောက်ခံဖို့လိုပါတယ်၊ ဥပဒေကြမ်းတစ်ရပ်နဲ့ ပါတ်သက်ပြီး လွှတ်တော်နှစ်ရပ်ကြား သဘောထားမတူကြတဲ့အခါ မြန်မာနိုင်ငံမှာလို လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးနဲ့ မဆုံးဖြတ်ပဲ လွှတ်တော်နှစ်ရပ်က အညီအမျှရွေးချယ်တဲ့ ကိုယ်စားလှယ်တွေနဲ့ ကွန်ဖရင့်ကော်မီတီ (Conference Committee) ကို ဖွဲ့စည်းပါတယ်၊ ကွန်ဖရင့်ကော်မီတီက လွှတ်တော်နှစ်ရပ်ကို ကိုယ်စားပြုပြီး ကွာဟချက်တွေကို ညှိနှိုင်းဆွေးနွေးရပါတယ်၊ အဲဒီလို ဆွေးနွေးပွဲတွေကို စိတ်ရှည်လက်ရှည်ကျင်းပပြီး လွှတ်တော်နှစ်ရပ်စလုံးက လက်ခံနိုင်လောက်အောင် ဥပဒေကြမ်းကို ပြင်ဆင်ကြပါတယ်၊ ကွန်ဖရင့်ကော်မီတီက ညှိနှိုင်း ပြင်ဆင်ပြီး တင်သွင်းတဲ့ ဥပဒေကြမ်းကိုမှ လွှတ်တော်နှစ်ရပ်က သီးခြားအစည်းအဝေးများခေါ်ယူပြီး ဆွေးနွေးအတည်ပြုကြပါတယ်၊ အောက်လွှတ်တော်က ကိုယ်စားလှယ်ပိုများလို့ဆိုပြီး ကိုယ်စားလှယ်ဦးရေနည်းတဲ့ အထက်လွှတ်တော်ထက် ဥပဒေပြုရာမှာ အခွင့်အရေးပိုမရပါ၊ အာဏာပိုမရှိပါ၊ လွှတ်တော်နှစ်ရပ်စလုံး ဥပဒေပြုရာမှာ တန်းတူညီမျှရှိကြပါတယ်၊

မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာလည်း လွှတ်တော် နှစ်ခု တန်းတူညီမျှမှုရှိအောင် ဥပဒေကြမ်းများ၊ အဆိုများကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခြင်းမပြုပဲ အမေရိကန်ပြည်ထောင်စုမှာလို ကွန်ဖရင့်ကော်မီတီဖွဲ့စည်းပြီး လွှတ်တော်နှစ်ရပ်စလုံးက လက်ခံနိုင်တဲ့အထိ ညှိနှိုင်းဆွေးနွေးသင့်ပါတယ်၊ နောက်တစ်နည်းကတော့ ပြည်ထောင်စုလွှတ်တော်မှာပဲ မဲခွဲမယ်ဆိုရင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို တစ်ဦးလျင် နှစ်မဲနှုံး သတ်မှတ်ပေးဖို့ပါ၊ ဒါမှလည်း အမျိုးသားလွှတ်တော်ရဲ့ မဲတွေဟာ ကိုယ်စားလှယ်ဦးရေ နှစ်ဆလောက်ရှိတဲ့ ပြည်သူ့လွှတ်တော်ရဲ့ မဲများနဲ့ အရေအတွက်တူပြီ တန်းတူညီမျှမှုရှိပါလိမ့်မယ်၊

# နိုင်ငံတော်သမ္မတ ရွေးချယ်ရာတွင် မမျှတခြင်း

၂၀၀၈ ဖွဲ့စည်းပုံ၊ ပုဒ်မ (၆၀) အရ ပြည်ထောင်စုလွှတ်တော်ဟာ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ (Presidential Electoral College) လည်းဖြစ်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို (က) အမျိုးသားလွှတ်တော်မှ ရွေးကောက်ခံကိုယ်စားလှယ်များ၊ (ခ) ပြည်သူ့လွှတ်တော်မှ ရွေးကောက်ခံကိုယ်စားလှယ်များ၊ နဲ့ (ဂ) လွှတ်တော်နှစ်ရပ်စလုံးမှ ကာကွယ်ရေးဦးစီးချုပ်ခန့်အပ်သော တပ်မတော်သားကိုယ်စားလှယ်များ၊ ဆိုပြီး အစုအဖွဲ့ သုံးဖွဲ့ ခွဲခြားဖွဲ့စည်းပြီး တစ်ဖွဲ့စီက ဒုသမ္မတ (သို့မဟုတ်) သမ္မတလောင်းတစ်ယောက်စီကို အမည်စာရင်းတင်သွင်းရမှာဖြစ်ပါတယ်၊ အစုအဖွဲ့ သုံးဖွဲ့ကတင်သွင်းလာတဲ့ ဒုသမ္မတ (သို့မဟုတ်) သမ္မတလောင်း (၃) ဦးကိုမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်တဲ့  နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က မဲခွဲရွေးချယ်ရမှာပါ၊ မဲအများဆုံးရသူက နိုင်ငံတော်သမ္မတဖြစ်လာပြီး ဒုတိယမဲအများဆုံးရသူက ဒု သမ္မတ (၁)၊ ကျန်တစ်ဦးက ဒု သမ္မတ (၂) ဖြစ်လာကြမှာပါ၊

ဒီပြဋ္ဌန်းချက်အရ အမျိုးသားလွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့မှာ ကိုယ်စားလှယ် (၁၆၈) ဦးပဲရှိပြီး ပြည်သူ့လွှတ်တော်ရွေကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့မှာ ကိုယ်စားလှယ် (၃၃၀) ဦးနဲ့ တပ်မတော်သားအစုအဖွဲ့မှာ ကိုယ်စားလှယ် (၁၆၆) ဦးပါဝင်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲကြတဲ့အခါ အစုအဖွဲ့တိုင်းက ၎င်းတို့အစုအဖွဲ့က တင်သွင်းတဲ့ သမ္မတလောင်းကိုသာ ဦးစားပေး မဲပေးကြမှာမို့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းတဲ့ သမ္မတလောင်းဟာ မဲအများစုရရှိလို့ နိုင်ငံတော်သမ္မ္မတအဖြစ် ရွေးချယ်ခံရမည့် အခွင့်အရေးအပြည့်အဝရှိနေပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းတဲ့ သမ္မတလောင်းကတော့ သမ္မတအဖြစ် အရွေးချယ်ခံရဖို့ အခွင့်အရေးမရှိပါ၊ အမျိုးသားလွှတ်တော်ဟာ ပြည်နယ်/တိုင်းဒေသကြီးများကို ကိုယ်စားပြုတာမို့ အမျိုးသားလွှတ်တော်က တင်သွင်းမည့် တိုင်းရင်းသား သမ္မတလောင်းဟာ ဒီရွေးချယ်မှုမျိုးနဲ့ ဘယ်တော့မှ နိုင်ငံတော်သမ္မတ ဖြစ်မှာမဟုတ်ပါ၊

ဒီနေရာမှာလည်း လွှတ်တော်နှစ်ရပ်ကြား တန်းတူညီမျှမှုမရှိတာကို ထင်ထင်ရှားရှား ထပ်မံတွေ့ရပြန်ပါတယ်၊ ဒီမညီမျှမှုကိုလည်း အမြန်ဆုံးပြင်ဆင်သင့်ပါတယ်၊ နိုင်ငံတော်သမ္မတကို ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်တင်မြှောက်တာမျိုးဆိုရင်တော့ ပိုကောင်းပါလိမ့်မယ်၊ ဒါမှမဟုတ်ပဲ ပြည်ထောင်စုလွှတ်တော်ကပဲ ရွေးချယ်တင်မြှောက်မယ်ဆိုရင် လွှတ်တော်နှစ်ရပ် တန်းတူညီမျှနိုင်စေဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို တစ်ဦးလျင် နှစ်မဲပေးခွင့်ပြုသင့်ပါတယ်၊

# လွှတ်တော်နှစ်ရပ် တန်းတူညီမျှရေး

အထက်မှာ တင်ပြခဲ့တဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပါဝင်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်ဟာ တန်းတူညီမျှမှုမရှိပါ၊ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရာမှာရော၊ ဥပဒေကြမ်းများ၊ အဆိုများအတည်ပြုရာမှာပါ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ်ဦးရေများပြားမှုနဲ့အမျိုးသားလွှတ်တော်ကို အမြဲတမ်း အနိုင်ရနေပါတယ်၊ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌန်းခဲ့၊ အတည်ပြုခဲ့တဲ့ ဥပဒေများ၊ ဆုံးဖြတ်ချက်များ၊ ရွေးချယ်တင်မြှောက်မှုများ အားလုံးဟာ လွှတ်တော်နှစ်ရပ် အကြေအလည်ကျေနပ်ပြီး သဘောတူထောက်ခံခဲ့တဲ့ ရလာဒ်များလို့ အပြည့်အဝ မယူဆနိုင်ပါ၊  ဒါဟာဖြင့် နိုင်ငံတော်ရဲ့ ဥပဒေပြုအာဏာကို ကိုင်တွယ်ကျင့်သုံးနေတဲ့ ဥပဒေပြုအဖွဲ့အစည်းရဲ့ ကြီးမားတဲ့ အားနည်းချက်ဖြစ်ပါတယ်၊ 

ဒီအားနည်းချက်ကြီး ဆက်လက်တည်ရှိနေတာနဲ့ အမျှ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်များအားလုံးအပေါ် ပြည်သူလူထုက အပြည့်အဝလက်ခံနိုင်ဖို့ ခက်ခဲပါလိမ့်မယ်၊ အမျိုးသားလွှတ်တော်မှာ ပြည်နယ်များက တိုင်းရင်းသားကိုယ်စားလှယ်များ အများစုပါဝင်ပြီး ပြည်သူ့လွှတ်တော်မှာ ပြည်မက ဗမာလူများစုအများစုပါဝင်တာမို့  ပြည်သူ့လွှတ်တော်က အမျိုးသားလွှတ်တော်ထက် အာဏာပိုကြီးမားအောင်၊ အခွင့်အရေးပိုများအောင် ဖန်တီးထားတာဟာ တိုင်းရင်းသားများတောင်းဆိုနေတဲ့ တန်းတူညီမျှရေးကို မျက်ကွယ်ပြုသလို ဖြစ်နေပါတယ်၊ ဒီအားနည်းချက်ကြီးကို အမြန်ဆုံး ပြင်ဆင်နိုင်ဖို့ မျှော်လင့်ပါတယ်၊

လေးစားစွာ၊

အောင်ဒင်
ဒီဇင်ဘာ ၁၂၊ ၂၀၁၃

Friday, December 20, 2013

Burma's Parliament Watch Part 46



(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၇၆၊ ဒီဇင်ဘာလ ၁၉ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၄) ပြည်ထောင်စုလွှတ်တော် ၂၀၁၃ နှစ်ချုပ်သုံးသပ်ချက် ()

# ဥပဒေပြုခြင်း

၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော် ဆဋ္ဌမအစည်းအဝေးမှာ ဥပဒေကြမ်း ၃၉ ခုရှိတဲ့အထဲက ၂၉ ခုကိုသာ ဆွေးနွေးခဲ့ပြီး ဥပဒေကြမ်း ၁၅ ခုကို အတည်ပြုခဲ့ပါတယ်၊ သတ္တမအစည်းအဝေးမှာ ဥပဒေကြမ်း ၃၈ ခု ဆွေးနွေးဖို့ စီစဉ်ထားပြီး ၂၈ ခုကိုပဲ ဆွေးနွေးနိုင်ပြီး ဥပဒေကြမ်း ၁၆ခုကို အတည်ပြုနိုင်ပါတယ်၊ အဋ္ဌမအစည်းအဝေးမှာ ဥပဒေကြမ်း ၃၉ ခုဆွေးနွေးဖို့ရှိပြီး ၂၀ ခုကိုသာ ဆွေးနွေးနိုင်ပြီး ဥပဒေကြမ်း ၁၃ ခုကိုသာ အတည်ပြုနိုင်ခဲ့ပါတယ်၊ ၂၀၁၃ ခုနှစ် အမျိုးသားလွှတ်တော် ဆဋ္ဌမအစည်းအဝေးမှာ ဥပဒေကြမ်း ၂၁ ခု၊ သတ္တမအစည်းအဝေးမှာ ဥပဒေကြမ်း ၂၄၊ အဋ္ဌမအစည်းအဝေးမှာ ဥပဒေကြမ်း ၁၃ ခု ဆွေးနွေးနိုင်ခဲ့ပါတယ်၊ ဥပဒေကြမ်းတစ်ခုကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်စလုံးက သဘောတူထောက်ခံမှ အတည်ပြုနိုင်တာမို့ ၂၀၁၃ ခုနှစ်တွင်း ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုနိုင်ခဲ့တဲ့ ဥပဒေများကို အောက်ပါအတိုင်း လေ့လာတွေ့ရှိပါတယ်၊

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ကနေ မတ်လ ၂၁ ရက်နေ့အတွင်း ၂၃ ရက်ကြာကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအစည်းအဝေးက အတည်ပြုခဲ့တဲ့ ဥပဒေ ၁၆ ခုရှိပါတယ်၊ ဇူလိုင်လ ၁ ရက်နေ့ကနေ ဩဂုတ်လ ၂၉ ရက်အတွင်း ၁၈ ရက်ကြာကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် သတ္တမအစည်းအဝေးက ဥပဒေပေါင်း ၁၈ ခု အတည်ပြုနိုင်ခဲ့ပါတယ်၊ အောက်တိုဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၅ ရက်နေ့အတွင်း ၁၃ ရက်ကြာကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအစည်းအဝေးကနေ ဥပဒေပေါင်း ၉ ခုကို အတည်ပြုခဲ့ပါတယ်၊ ဒါကြောင့် ၂၀၁၃ ခုနှစ်အတွင်းမှာ ပြည်ထောင်စုလွှတ်တော်က ဥပဒေ ၄၃ ခု ပြဋ္ဌန်းနိုင်ခဲ့ပါတယ်၊ ဥပဒေကြမ်းအများစုက အစိုးရ ဝန်ကြီးဋ္ဌာနများက တင်သွင်းတဲ့ ဥပဒေကြမ်းများဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ တစ်ဦးတည်းကသော်လည်းကောင်း၊ အများစုပေါင်း၍သော်လည်းကောင်း တင်သွင်းတဲ့ ဥပဒေကြမ်းက အင်မတန်နည်းပါးလှပါတယ်၊

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှာ ၂၀၁၃ ခုနှစ်အတွင်း လွှတ်တော်အမတ်များက အောက်လွှတ်တော်မှာ ဥပဒေကြမ်း ၄၇၆၂ ခု၊ အထက်လွှတ်တော်မှာ ဥပဒေကြမ်း ၄၆၈၆ ခု တင်သွင်းခဲ့ပြီး အဲဒီ ဥပဒေကြမ်းများကို ဖြည့်စွက်ပြင်ဆင်တဲ့ ဥပဒေကြမ်း ၃၀၅၉ ခုကိုလည်း ထပ်ဆင့်တင်သွင်းခဲ့ပါတယ်၊ ဒီကိန်းဂဏန်းတွေကို ကြည့်ရုံနဲ့ သိနိုင်တာက ကွန်ဂရက်လွှတ်တော်အမတ်များအားလုံးဟာ တစ်နှစ်တာအတွင်း အနည်းဆုံး ဥပဒေကြမ်းတစ်ခုကို ကိုယ်တိုင်ရေးဆွဲ တင်သွင်းခဲ့ကြတာပါ၊ ဥပဒေကြမ်းအများစုဟာ သက်ဆိုင်ရာ ရေးရာကော်မီတီ အဆင့်မှာတင် အရေးနိမ့်ခဲ့ပြီး ဥပဒေကြမ်းအများအပြားဟာ လွှတ်တော်နှစ်ရပ် သဘောမတူမှုကြောင့် ဥပဒေဖြစ်မလာခဲ့ပါ၊ ၂၀၁၃ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စုကွန်ဂရက်လွှတ်တော်က အတည်ပြုပြီး သမ္မတလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ ဥပဒေပေါင်း (၅၆) ခုရှိပါတယ်၊

# ထူးခြားမှု၊ တိုးတက်မှုများ

၂၀၁၃ ခုနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်မှာ ထူးခြားတိုးတက်မှုတွေရှိပါတယ်၊ တစ်ခုကတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ရေးရာကော်မီတီတွေ၊ ကော်မရှင်တွေမှာ တပ်မတော်သားကိုယ်စားလှယ်တွေ ပါဝင်လာကြတာပါ၊ တပ်မတော်ကိုယ်စားလှယ်များအနေနဲ့ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုံးယူထားပြီး သီးခြားစုဖွဲ့မနေပဲ ရွေးချယ်ခံကိုယ်စားလှယ်များနဲ့ အတူတူ ရေးရာကော်မီတီများမှာ ပါဝင်ပြီး တိုင်းပြည်အရေး ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ကြတာ ကောင်းတဲ့ လက္ခဏာပါ၊ Civil-Military Relation လို့ခေါ်တဲ့ အရပ်သားနဲ့ စစ်သားများဆက်ဆံရေးနဲ့ အပြန်အလှန်နားလည်ရေးကို အထောက်အကူပြုနိုင်ပါတယ်၊ ဒါပေမည့် တပ်မတော်ကိုယ်စားလှယ်များဟာ ရွေးချယ်ခံကိုယ်စားလှယ်များနည်းတူ လွှတ်တော်သက်တမ်းတစ်ခုအတွင်း တပ်ကို ပြန်မသွားရပဲ လွှတ်တော်ထဲမှာ သက်တမ်းပြည့်တာဝန်ယူခွင့်ရရင် ပိုကောင်းပါလိမ့်မယ်၊

နောက်တိုးတက်မှုတစ်ခုက အမျိုးသားလွှတ်တော်မှာ ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ရဲ့ ဦးဆောင်မှုနဲ့ ပြင်ပကျွမ်းကျင်သူများ၊ စာရေးဆရာများကို ဖိတ်ကြားပြီး ဆွေးနွေးဟောပြောပွဲနှင့် အပြန်အလှန်ဆွေးနွေးပွဲများ ပြုလုပ်တာပါ၊ ဒါဟာဖြင့် အထောက်အကူပြု ရုံးအဖွဲ့ဝင်တွေ၊ လက်ထောက်အရာရှိတွေ၊ အကြံပေးတွေမရှိကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းဆောင်ရည်မြင့်မားရေးအတွက် အထောက်အကူပြုတဲ့ အစီအစဉ်တစ်ခုပါ၊ အမျိုးသားလွှတ်တော်အနေနဲ့ ပြည်သူ့လွှတ်တော်လိုပဲ ကိုယ်ပိုင်ဝက်ဆိုက် တစ်ခုနဲ့ လွှတ်တော်အစည်းအဝေးမှတ်တမ်းတွေကို အများပြည်သူလေ့လာခွင့်ပြုမယ်ဆိုရင်တော့ ပိုပြီးကောင်းမှာပါ၊

နောက်ထူးခြားတိုးတက်မှု တစ်ခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ သင့်/မသင့် သုံးသပ်မည့် လွှတ်တော်နှစ်ရပ်ပူးပေါင်းကော်မီတီ တစ်ရပ်ကို ဖွဲ့စည်းနိုင်တာပါ၊ ဖွဲ့စည်းပုံကို ပြင်သင့်၊ မပြင်သင့်သုံးသပ်ဖို့ ဆိုတဲ့ အဆိုကို အာဏာရ ကြံ့ခိုင်ရေးပါတီက တင်သွင်းပြီး ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်များက အခြားလွှတ်တော်ကိုယ်စားလှယ်များနဲ့ ပူးပေါင်းထောက်ခံခဲ့ကြလို့ ဒီကော်မီတီကို ဖွဲ့စည်းနိုင်တာပါ၊ ၂၀၁၄ ခုနှစ် နှစ်ဆန်းမှာ ပြန်စမည့် လွှတ်တော် နဝမပုံမှန်အစည်းအဝေးမှာ အဖွဲ့ဝင် (၁၀၉) ဦးပါဝင်တဲ့ ကော်မီတီက ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာတင်သွင်းတဲ့အခါ အများပြည်သူ စိတ်ချမ်းသာရမည့် အဖြစ်မျိုး ဖြစ်ပါစေလို့ မရဲတရဲ ဆုတောင်းမိပါတယ်၊

လွှတ်တော်ကိုယ်စားလှယ်များက အရပ်ဘက်လူထုအဖွဲ့အစည်းများကိုယ်စားလှယ်များကို နေပြည်တော်ကို ဖိတ်ကြားပြီး ရင်းရင်းနှီးနှီးဆွေးနွေးလို့ အရပ်ဘက်အဖွဲ့အစည်းများရဲ့ အကြံပြုချက်များကို လက်ခံပြီး "အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကြမ်း" ကို မျှမျှတတ ပြင်ဆင်ပေးတာဟာလည်း တိုးတက်မှုတစ်ရပ်ဖြစ်ပါတယ်၊ ၂၀၁၄ ခုနှစ် အစောပိုင်းမှာပဲ ဒီ "သင်း/ဖွဲ့" ဥပဒေအတည်ဖြစ်ပြီး စစ်အစိုးရလက်ထက်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူများကို ဖမ်းဆီးနှိပ်စက်ရာမှာ အသုံးပြုခဲ့တဲ့ "နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ (၆/၈၈)" ကို ရုပ်သိမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊

နောက်ထူးခြားမှုတစ်ခုကတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့က ၂၀၁၃ ခုနှစ် ဩဂုတ်လ ၆၊၇၊ ၈ ရက်တွေမှာ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းက မြန်မာကွန်ဗဲန်းရှင်းစင်တာ (Myanmar Convention Center) မှာ ကျင်းပတဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး နှစ်ဆယ့်ငါးနှစ်ပြည့် ငွေရတုသဘင်အထိန်းအမှတ်အခန်းအနားကို ပေးပို့တဲ့ သဝဏ်လွှာတွေပါ၊ သူရဦးရွှေမန်းရဲ့ သဝဏ်လွှာမှာဆိုရင် "ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ပြည်သူများ၏ ဒီမိုကရေစီအရေး တောင်းဆိုလှုပ်ရှားမှုများတွင် ရှစ်လေးလုံး ဒီမိုကရေစီတောင်းဆိုကြိုးပန်းမှုလည်း ပါဝင်ခဲ့သည်၊" ဟု အသိအမှတ်ပြုထားပြီး "ယင်းကဲ့သို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အား ဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည့် အကြောင်းတရားများတွင် ကျောင်းသားလူငယ်များ၏ ပြင်းပြသော စိတ်ဓာတ်၊ ခံယူချက်နှင့် အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်ခဲ့မှုများမှာ အရေးကြီးသည့် ကဏ္ဏတစ်နေရာတွင် ပါဝင်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်သည်၊" ဆိုပြီး ကျောင်းသားလူငယ်များကို ဂုဏ်ပြုထားပါတယ်၊

ဦးခင်အောင်မြင့်ရဲ့ သဝဏ်လွှာမှာလည်း "ကျွန်ပ်တို့ မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် အရေးကြီးသော မှတ်တိုင်ကြီးနှစ်ခုရှိသည်ဟု ယူဆလျင် ဤသည်တို့မှာ "၁၃၀၀ ပြည့်အရေးတော်ပုံ" နှင့် "၁၃၅၀ ပြည့်အရေးတော်ပုံ (တနည်း ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ) တို့ဖြစ်လိမ့်မည်ဟု သဘောရပါသည်၊" ဆိုပြီး ရှစ်လေးလုံးလူထုအုံကြွမှုကို အရေးတော်ပုံကြီး အဖြစ် အသိအမှတ်ပြုထားပါတယ်၊ ဒါ့အပြင် "အဆွေတော်တို့၏ "ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ကြေညာစာတမ်း" ပါ "ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးအခြေခံဖြင့်သာ အောင်မြင်နိုင်မည်ဟု ယုံကြည်သည်၊" ဆိုသော ခံယူချက်ကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ဤသဝဏ်လွှာဖြင့် ဖော်ပြအပ်ပါသည်၊ ကျွန်ပ်တို့အနေနှင့် သမိုင်းကို “အပြစ်ဖို့ အပြစ်ရှာနည်း" (Blame Game) ဖြင့်မချဉ်းကပ်ပဲ သင်ခန်းစာယူစရာ အတိတ်ကာလအဖြစ် သဘောယူကြမှသာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အကျိုးများလိမ့်မည်ဟုလည်း ဆင်ခြင်မိပါသည်၊" ဆိုပြီး သူ့သဘောထားကို ဖော်ပြပါတယ်၊

သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် နှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံကို ၁၉၈၈ ခုနှစ်ကစလို့ ၂၃ နှစ်ကြာ အနိုင်ကျင့်အုပ်ချုပ်ခဲ့တဲ့၊ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးကို အကြမ်းဘက်ဖြိုခွဲခဲ့တဲ့ မြန်မာ့တပ်မတော်မှာ ထိပ်တန်းအရာရှိကြီးတွေ ဖြစ်ခဲ့ကြတာပါ၊ အခုလည်း အရပ်ဝတ်လဲပြီး အရပ်သားတွေဖြစ်နေပြီဆိုပေမည့် ဥပဒေပြုအာဏာကို ကိုင်တွယ်ထားကြသူတွေပါ၊ သူတို့ကိုယ်တိုင်က သူတို့အကြမ်းဘက်ဖြိုခွဲခဲ့တဲ့ လူထုအုံကြွမှုကြီးကို ဒီမိုကရေစီအရေးတော်ပုံကြီးအဖြစ် အသိအမှတ်ပြုတာ၊ သူတို့ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ ကျောင်းသားလူငယ်တွေရဲ့ စိတ်ဓာတ်၊ သတ္တိနဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတာ၊ အပြုသဘော ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းတာ၊ သူတို့ကိုယ်တိုင်လည်း ဥပဒေပြုလွှတ်တော်ကို လူထုအသံ၊ လူထုခံစားမှုကို အမှန်တကယ်ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်အောင် ကြိုးစားပဲ့ကိုင်နေကြတာမို့ ထူးခြားတိုးတက်မှုလို့ ဆိုချင်ပါတယ်၊

# လိုအပ်ချက်များ

လွှတ်တော်အစည်းအဝေးတိုင်းမှာ ပျမ်းမျှခြင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ် (၆၀) ကျော်လောက် အစည်းအဝေးမတက်ပဲ ပျက်ကွက်နေတာ သိပ်မကောင်းလှပါ၊ လစ်လပ်နေတဲ့ ကိုယ်စားလှယ်များနဲ့ပေါင်းရင် လွှတ်တော်အစည်းအဝေးတိုင်းမှာ လွှတ်တော်ကိုယ်စားလှယ် (၇၀) ကျော်လောက် မတက်ပဲ ပျက်ကွက်ခဲ့ကြပါတယ်၊  မြို့နယ်ပေါင်း (၇၀) လောက်က ပြည်သူတွေ (တစ်မြို့နယ် လူတစ်သိန်းနဲ့ တွက်ရင်တောင် ပြည်သူ ၇ သန်းလောက်) ဟာ သူတို့ကို ကိုယ်စားပြုမည့် ကိုယ်စားလှယ် လွှတ်တော်ထဲမှာ မရှိသလို ဖြစ်နေပါတယ်၊ 

လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာများ (ပြည်သူ့လွှတ်တော် ၁၆ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်များမှာ အနည်းဆုံး ၁၅နေရာ) ကို ကြားဖြတ်ရွေးကောက်ပွဲများနဲ့ အစားထိုးဖြည့်စွက်ခြင်းမပြုတာဟာလည်း သိပ်မကောင်းလှပါ၊ ကြားဖြတ်ရွေးကောက်ပွဲများကျင်းပရေးနဲ့ ပါတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်အချိန်မှာ ဘယ်လိုကျင်းပရမယ်လို့ အတိအကျပြဋ္ဌန်းမထားပါ၊ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွေကို လစ်လပ်နေရာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်နေရာ အကြောင်းအမျိုးမျိုးနဲ့ လစ်လပ်ပြီး သုံးလအတွင်း (သို့မဟုတ်) သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုအတွင်းမှာ ရွေးကောက်ပွဲကော်မရှင်က မပျက်မကွက်ကျင်းပပေးဖို့ကို ပြည်ထောင်စုလွှတ်တော်က ရွေးကောက်ပွဲကော်မရှင်ဥပဒေမှာ ဖြည့်စွက်ပြဋ္ဌန်းသင့်ပါတယ်၊ 

တစ်ခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၃၉၆) မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို မဲဆန္ဒရှင်ပြည်သူများက ကျေနပ်မှုမရှိရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းခွင့်၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခွင့်နဲ့ ၎င်းတိုင်တန်းချက်တွေအပေါ် ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးပြီး လိုအပ်သလို အရေးယူခွင့်တွေ အတိအလင်းပြဋ္ဌန်းထားပေမည့် ဒီပြဋ္ဌန်းချက်တွေကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ "ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျင်း၍လည်းကောင်း၊ တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျင်း၍လည်းကောင်း လိုအပ်သောဥပဒေ" များကို ပြည်ထောင်စုလွှတ်တော်က ရေးဆွဲပြဋ္ဌန်းဖို့ ပျက်ကွက်နေတာဟာ ပြည်သူ့လူထုရဲ့ အခွင့်အရေးကို ပြည်ထောင်စုလွှတ်တော်က ငြင်းပယ်သလို ဖြစ်နေပါတယ်၊

ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကိုယ်ကျင့်တရားနဲ့ အကျိုးစီးပွါးပဋ္ဋိပက္ခတွေ၊ အဂတိလိုက်စားမှုတွေကို စုံစမ်းစစ်ဆေးအရေးယူဖို့ "လွှတ်တော် ကျင့်ဝတ်ကော်မီတီ" များကိုလည်း မဖွဲ့စည်းသေးပါ၊ လွှတ်တော်ထဲကို ကြည့်လိုက်တော့လည်း ဘိန်းဘုရင်လို့ ကျော်ကြားသူတွေ၊ ပြည်သူလူထုကို လက်နက်အားကိုးအနိုင်ကျင့်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေ၊ စစ်အစိုးရသက်တမ်းတလျှောက်လုံးမှာ အထူးအခွင့်အရေးတွေရလို့ တိုင်းပြည်ရဲ့ စီးပွါးရေးကို လက်ဝါးကြီးအုပ်ချယ်လှယ်နိုင်ခဲ့၊ ချယ်လှယ်နေဆဲဖြစ်တဲ့ ခရိုနီခေါ် အလိုတော်ရိစီးပွါးရေးသမားကြီးတွေကို ပြည်သူ့ကိုယ်စားလှယ်ကြီးများအဖြစ် တွေ့မြင်နေရတာ စိတ်မသက်သာစရာပါ၊

လွှတ်တော်ကိုယ်စားလှယ်များဟာ နိုင်ငံတော်က ချီးမြှင့်တဲ့ လစာနဲ့ ထောက်ပံ့ကြေးတွေကို ခံစားနေရတာပါ၊ ဒါကြောင့် သူတို့ဟာ လွှတ်တော်အစည်းအဝေးကျင်းပချိန်မှာသာ တာဝန်ရှိတာမဟုတ်ပဲ တစ်နှစ်မှာ ၁၂ လလုံး၊ တစ်ပါတ်မှာ ငါးရက်လုံး တာဝန်ရှိသူတွေဖြစ်ကြပါတယ်၊ လွှတ်တော်အစည်းအဝေးမရှိချိန်မှာ လွှတ်တော်ကိုယ်စားလှယ်များဟာ သူတို့ကိုယ်စားပြုရာ မဲဆန္ဒနယ်တွင်းက ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံပြီး ပြည်သူ့အသံတွေ၊ ပြည်သူ့ခံစားချက်တွေကို နားထောင်ဖို့၊ ပြည်သူတွေရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ဖြစ်ပါတယ်၊ လွှတ်တော်အတွင်းမှာ သက်ဆိုင်ရာမဲဆန္ဒနယ်မြေအတွက် သူဘာတွေဆောင်ရွက်ခဲ့တယ်ဆိုတာကို ပြည်သူများကို ရှင်းပြရပါမယ်၊ လွှတ်တော်အစည်းအဝေး အသစ်တစ်ခုမစခင်မှာ ပြည်သူလူထုအကျိုးအတွက် လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌန်းနိုင်ဖို့ ဥပဒေကြမ်းတွေ ရေးဆွဲပြင်ဆင်ရပါမယ်၊ အခုအချိန်အထိတော့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံမှုကို များများစားစားမတွေ့ရသေးပါ၊

လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ နိုင်ငံတော်ရဲ့ လစာ၊ ထောက်ပံ့ကြေးကို လက်ခံရရှိနေတာမို့ သီးခြားအလုပ်တာဝန်မရှိသင့်ပါ၊ အခုတော့ လွှတ်တော်ကိုယ်စားလှယ်အတော်များများဟာ လွှတ်တော်ကိုယ်စားလှယ်အလုပ်အပြင်  ရှေ့နေ၊ ကုမ္ပဏီပိုင်ရှင်၊ ဘဏ်လုပ်ငန်းရှင်၊ ဟိုတယ်ပိုင်ရှင်၊ သတ္တုတွင်းပိုင်ရှင်၊ ဆရာဝန်၊ ကျောင်းဆရာ၊ စသဖြင့် သီးခြားကိုယ်ပိုင်လုပ်ငန်းတွေ ရှိနေကြပါတယ်၊ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်အတွင်းမှာ အကျိုးစီးပွါးပဋ္ဋိပက္ခတွေ မြင့်မားပြီး လွှတ်တော်ရဲ့ သမာသမတ်ရှိမှု၊ တရားမျှတမှုကို ထိခိုက်စေပါတယ်၊ အချို့က လွှတ်တော်ကိုယ်စားလှယ်လစာဟာ မလောက်ငှဘူးလို့ ပြောကြပါတယ်၊ ဒီအကြောင်းပြချက်ကို လက်ခံလို့မရပါ၊ 

အမေရိကန်ပြည်ထောင်စုမှာလည်း ပြည်သူ့ဝန်ထမ်းတစ်ယောက်၊ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်ရဲ့  (Public Sector) လစာက ပုဂ္ဂလိက ကုမ္ပဏီများက (Private Sector)  ပေးတဲ့ လစာထက် အများကြီးနည်းပါတယ်၊ ဒီနေရာမှာ ကိုယ်ပိုင်ရွေးချယ်မှုပဲ ဖြစ်ပါတယ်၊ ပြည်သူလူထုကို ကိုယ်စားပြုချင်တယ်ဆိုရင် လစာနည်းတာကို လက်ခံရမှာပါ၊ လစာများများလိုချင်ရင် ပုဂ္ဂလိကလုပ်ငန်းကို ရွေးချယ်ရမှာပါ၊ အလုပ်နှစ်ခုကို တပြိုင်တည်းလုပ်လို့ မရပါ၊ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ လစာနဲ့ ခရီးစားရိတ်၊ အစည်းအဝေးစားရိတ်တွေကို နှစ်ဆတိုးမည့် ဥပဒေပြုပြီးချိန်မှာ လွှတ်တော်ကိုယ်စားလှယ်များအားလုံး အခြားအလုပ်တွေ မလုပ်ကြဖို့ စည်းကမ်းသတ်မှတ်သင့်ပါတယ်၊

# လက်ကျန် သက်တမ်း တာဝန်များ

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ ငါးနှစ်သက်တမ်းမှာ သုံးနှစ်နီးပါးကုန်ဆုံးခဲ့ပြီး နှစ်နှစ်ကျော်သက်တမ်း ကျန်ရှိပါတယ်၊ ပြီးခဲ့တဲ့ကာလအတွင်း မအောင်မြင်ခဲ့တဲ့၊ မဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေကို လက်ကျန်သက်တမ်းအတွင်းမှာ ဆောင်ရွက်နိုင်ကြဖို့ မျှော်လင့်ပါတယ်၊ အထူးသဖြင့် စစ်အစိုးရအဆက်ဆက်က ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ကန့်သတ်ချုပ်ချယ်ဖို့ ပြဋ္ဌန်းခဲ့တဲ့ အရေးပေါ်စီမံချက်အက်ဥပဒေ၊ မတရားသင်းဥပဒေ၊ နိုင်ငံတော်အားနှောက်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှ ဟန့်တားကာကွယ်သည့်ဥပဒေ၊ တယ်လီဗေးရှင်းနှင့် ဗီဒီယိုဥပဒေ၊ စတဲ့ မတရား မမျှတတဲ့ တည်ဆဲဥပဒေတွေကို ပြင်ဆင်နိုင်၊ ဖျက်သိမ်းနိုင်ဖို့ မျှော်လင့်ပါတယ်၊ 

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌန်းပြီးသား "ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ" မှ ပြည်သူလူထုရဲ့ လွတ်လပ်စွာ စုဝေးခွင့်ကို ကန့်သတ်တဲ့ ပုဒ်မ (၄) နဲ့ ပုဒ်မ (၁၈) ကို ဖျက်သိမ်းပေးဖို့ မျှော်လင့်ပါတယ်၊ "ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ" မှာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ခွင့်ရှိဖို့ ပြင်ဆင်ပေးသင့်ပါတယ်၊ လွှတ်တော်ကို ရောက်ရှိပြီးဖြစ်တဲ့ "အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်း" ကို အမြန်ဆုံး အတည်ပြုပေးသင့်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း မေးခွန်းမေးတာတွေကို လျှော့ပြီး ဥပဒေအသစ်ပြုရေး၊ တည်ဆဲဥပဒေပြင်ဆင် ဖျက်သိမ်းရေးကို ပိုပြီးဆောင်ရွက်ကြဖို့ မျှော်လင့်ပါတယ်၊

လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်စလုံးက တိုင်းရင်းသားလူမျိုးစုများရဲ့ ရပိုင်ခွင့်တွေနဲ့ပါတ်သက်ပြီး စိတ်ဝင်တစားရှိကြတာ၊ စာနာမှုရှိကြတာတွေ့ရပါတယ်၊ ပြည်ထောင်စုလွှတ်တော် နာယကရဲ့ ဦးဆောင်မှုနဲ့ "တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း" ကို လွှတ်တော်မှာ တင်သွင်းထားတာ တွေ့ရပါတယ်၊ ဒီ ဥပဒေကြမ်းကို လေ့လာကြည့်တော့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုတာ "စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ကိုးကွယ်သည့်ဘာသာ သာသနာ၊ တိုင်းရင်းဆေးပညာ၊ ရှေးဟောင်းအမွေအနှစ်၊ နေ့ထူးနေ့မြတ်၊" စသည်များကို သာ ရည်ညွှန်းတာကို တွေ့ရပါတယ်၊ တကယ်တော့ တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေးဆိုတာ " ပြည်ထောင်စုကြီးအတွင်းမှာ တန်းတူညီမျှနေထိုင်ခွင့်၊ သက်ဆိုင်ရာလူမျိုးအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်၊ ကိုယ်ပိုင်တရားစီရင်ခွင့်" တွေဖြစ်ပါတယ်၊ အမှန်တကယ်ပဲ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုရင် တိုင်းရင်းသားလူမျိုးများကို ဗမာလူများစုရဲ့ လက်အောက်ခံအဖြစ် ဖန်တီးထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမှာ ဖြစ်ကြောင်းပါ၊

လေးစားစွာ၊

အောင်ဒင်
ဒီဇင်ဘာ ၅၊ ၂၀၁၃    

Thursday, December 12, 2013

Burma's Parliament Watch; Part (45)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၄၅) ပြည်ထောင်စုလွှတ်တော် ၂၀၁၃ နှစ်ချုပ်သုံးသပ်ချက် (က)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၇၅၊ ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)

၂၀၁၃ ခုနှစ်အတွက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါတယ်၊ ဒီဆောင်းပါးမှာ ပြည်ထောင်စုလွှတ်တော်ရဲ့ တစ်နှစ်တာဆောင်ရွက်ချက်များကို သုံးသပ်တင်ပြချင်ပါတယ်၊

# အစည်းအဝေးကျင်းပရက်များ

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကို ဇန်နဝါရီလ ၉ ရက်ကနေ မတ်လ ၂၂ ရက်နေ့အတွင်း စုစုပေါင်း ၃၀ ရက်ကျင်းပခဲ့ပါတယ်၊ သတ္တမအကြိမ်အစည်းအဝေးကို ဇွန်လ ၂၅ ရက်နေ့ကနေ ဩဂုတ်လ ၃၀ ရက်နေ့အတွင်း စုစုပေါင်း ၂၈ ရက်ကျင်းပခဲ့ပါတယ်၊ အဋ္ဌမအကြိမ်အစည်းအဝေးကို အောက်တိုဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၄ ရက်နေ့အတွင်း စုစုပေါင်း ၂၂ ရက် ကျင်းပခဲ့ပါတယ်၊ ဒါကြောင့် ပြည်သူ့လွှတ်တော်အစည်းအဝေးများကို ၂၀၁၃ ခုနှစ်အတွင်း ရက်ပေါင်း ၈၀ ကျင်းပခဲ့ပါတယ်၊

ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကို ဇန်နဝါရီလ ၉ ရက်ကနေ မတ်လ ၂၂ ရက်နေ့အတွင်း စုစုပေါင်း ၃၂ ရက်ကျင်းပခဲ့ပါတယ်၊ သတ္တမအကြိမ်အစည်းအဝေးကို ဇွန်လ ၂၅ ရက်နေ့ကနေ ဩဂုတ်လ ၃၀ ရက်နေ့အတွင်း စုစုပေါင်း ၂၈ ရက်ကျင်းပခဲ့ပါတယ်၊ အဋ္ဌမအကြိမ်အစည်းအဝေးကို အောက်တိုဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၄ ရက်နေ့အတွင်း စုစုပေါင်း ၁၈ ရက် ကျင်းပခဲ့ပါတယ်၊ ဒါကြောင့် အမျိုးသားလွှတ်တော်အစည်းအဝေးများကို ၂၀၁၃ ခုနှစ်အတွင်း ရက်ပေါင်း ၇၈ ရက် ကျင်းပခဲ့ပါတယ်၊

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကို ဇန်နဝါရီလ ၁၀ ရက်ကနေ မတ်လ ၂၁ ရက်နေ့အတွင်း စုစုပေါင်း ၂၃ ရက်ကျင်းပခဲ့ပါတယ်၊ သတ္တမအကြိမ်အစည်းအဝေးကို ဇူလိုင်လ ၁ ရက်နေ့ကနေ ဩဂုတ်လ ၂၉ ရက်နေ့အတွင်း စုစုပေါင်း ၁၈ ရက်ကျင်းပခဲ့ပါတယ်၊ အဋ္ဌမအကြိမ်အစည်းအဝေးကို အောက်တိုဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၅ ရက်နေ့အတွင်း စုစုပေါင်း ၁၃ ရက် ကျင်းပခဲ့ပါတယ်၊ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို ၂၀၁၃ ခုနှစ်အတွင်း ရက်ပေါင်း ၅၄ ရက် ကျင်းပခဲ့ပါတယ်၊

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဟာ သက်ဆိုင်ရာလွှတ်တော် အစည်းအဝေးများအပြင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကိုလည်း တက်ရပါတယ်၊ ဒါကြောင့် ၂၀၁၃ ခုနှစ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူ့လွှတ်တော်အစည်းအဝေး ၈၀ ရက်နဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ၅၄ ရက်၊ စုစုပေါင်း ၁၃၄ ရက် အစည်းအဝေးတက်ခဲ့ကြပါတယ်၊ တစ်နှစ်လုံးမှာ လွှတ်တော်တက် အလုပ်လုပ်ချိန် ၄ လခွဲလောက် ရှိတယ်လို့ ပြောရမှာပါ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ၂၀၁၃ ခုနှစ်မှာ အမျိုးသားလွှတ်တော်အစည်းအဝေး ၇၈ ရက်နဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ၅၄ ရက်၊ စုစုပေါင်း ၁၃၂ ရက် အစည်းအဝေးတက်ခဲ့ကြလို့ တစ်နှစ်အတွင်း လွှတ်တော်တက်အလုပ်လုပ်ချိန် ၄လခွဲလောက် ရှိပါတယ်၊ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များရဲ့ ၂၀၁၃ ခုနှစ်အတွင်း လွှတ်တော်အစည်းအဝေးတက်တဲ့ ရက်ပေါင်း လေးလခွဲလောက် ရှိပါတယ်၊ ၂၀၁၁ ခုနှစ်မှာ လွှတ်တော်အစည်းအဝေးကာလ သုံးလလောက်သာ ရှိခဲ့တာမို့ လွှတ်တော်အလုပ်ချိန်အားဖြင့် တိုးတက်မှုရှိတယ်လို့ ဆိုရမှာပါ၊ 

နှိုင်းယှဉ်ချက်အနေနဲ့ ပြောရရင် အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်က ၂၀၁၃ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ အလုပ်လုပ်ရက် ၁၄၇ ရက်ရှိခဲ့ပြီး ဒီဇင်ဘာလအတွက် သတ်မှတ်ထားတဲ့ အလုပ်လုပ်ရက် ၈ ရက်အပါအဝင်ဆိုရင် ၂၀၁၃ ခုနှစ်မှာ စုစုပေါင်း လွှတ်တော်တက် အလုပ်လုပ်ရက် ၁၅၅ ရက်၊ လအားဖြင့် ၅ လကျော်ရှိပါတယ်၊ ဆီးနိတ်လို့ခေါ်တဲ့ အထက်လွှတ်တော်က ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ကနေ နိုဝင်ဘာလအထိ ၁၄၂ ရက် အလုပ်လုပ်ရက်ရှိပြီး ဒီဇင်ဘာလအတွက် သတ်မှတ်ထားတဲ့ အလုပ်လုပ်ရက် ၁ ရက်ပါရင် စုစုပေါင်း ၂၀၁၃ ခုနှစ်မှာ လွှတ်တော်တက်အလုပ်လုပ်ရက် ၁၄၃ ရက်၊ လအားဖြင့် ငါးလနီးပါးရှိပါတယ်၊ ကျန်တဲ့ရက်တွေက သက်ဆိုင်ရာမဲဆန္ဒနယ်မှာ မဲဆန္ဒရှင်ပြည်သူများနဲ့ ထိတွေ့ဆက်ဆံဖို့ ဖြစ်ပါတယ်၊

နှိုင်းယှဉ်ချက်အနေနဲ့ပဲ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က ၂၀၁၄ ခုနှစ်အတွက် အလုပ်အချိန်ဇယား (2014 Work Schedule) ကို လူများစုပါတီခေါင်းဆောင်နဲ့ လူနည်းစုပါတီခေါင်းဆောင်များ ညှိနှိုင်းတိုင်ပင်ပြီး ထုတ်ပြန်ပြီးပါပြီ၊ မြန်မာနိုင်ငံမှာတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ ၂၀၁၄ ခုနှစ် အစည်းအဝေးများကို လွှတ်တော်ဥက္ကဋ္ဌနှစ်ယောက်ရဲ့ သဘောထားနဲ့ပဲ အစည်းအဝေးတစ်ခုချင်းအတွက် စီစဉ်လိမ့်ဦးမယ်ထင်ပါတယ်၊

# ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်နှုံး

ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၄၄၀ ရှိပေမည့် လစ်လပ်နေတာက ၁၄ နေရာရှိပါတယ်၊ ဒါကြောင့် အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ၄၂၆ ဦးပဲရှိပါတယ်၊ (ဒီနှစ်ကုန်ပိုင်းလောက်မှာ ကွယ်လွန်သွားကြတဲ့ လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်နဲ့ဆိုရင် ပြည်သူ့လွှတ်တော်မှာ လစ်လပ်နေရာ ၁၆ နေရာရှိပါတယ်၊) ဒါပေမည့် ခွင့်နဲ့ပျက်ကွက်သူများရှိလို့ အစည်းအဝေးများကို တက်ခွင့်ရှိသူများအားလုံး မတက်နိုင်ကြပါ၊ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာကျင်းပတဲ့ ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး၊ (၃၀) ရက်မြောက်နေ့မှာ တက်ရောက်ခွင့်ရှိသူကိုယ်စားလှယ် ၄၂၆ ဦးရှိတဲ့အနက် ၃၆၁ ဦးပဲ တက်ရောက်ပါတယ်၊ ရာခိုင်နှုံးအားဖြင့် ၈၂ ရာခိုင်နှုံးပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်စုစုပေါင်းရဲ့ ထက်ဝက်ကျော်ဦးရေ တက်ရောက်တဲ့အတွက် အစည်းအဝေးအထမြောက်ပေမည့် ဒီနှုံးနဲ့ကြည့်မယ်ဆိုရင် မြို့နယ်ပေါင်း (၇၀) ကျော်က ပြည်သူများဟာ ပြည်သူ့လွှတ်တော်အစည်းအဝေးတွေမှာ သူတို့ကို ကိုယ်စားပြုသူမရှိတာကို တွေ့ရပါတယ်၊

အမျိုးသားလွှတ်တော်မှာလည်း ကိုယ်စားလှယ် ၂၂၄ ဦးရှိပေမည့် (၄) နေရာလစ်လပ်နေလို့ တက်ရောက်ခွင့်ရှိသူ ၂၂၀ ဦးပဲရှိပါတယ်၊ အမျိုးသားလွှတ်တော်အစည်းအဝေးတွေမှာ ခွင့်နဲ့ပျက်ကွက်သူအချို့ရှိကြပေမည့် ပျမ်းမျှခြင်းအားဖြင့် တက်ရောက်သူနှုံးက ရာနှုံးပြည့်နီးပါးရှိပါတယ်၊
လွှတ်တော်အစည်းအဝေးများမှာ ခွင့်တိုင်ပျက်ကွက်ကြတဲ့ ကိုယ်စားလှယ်များကို လေ့လာကြည့်တော့ အများစုက ကျန်းမာရေးအခြေအနေကြောင့်ဖြစ်တာကို တွေ့ရပါတယ်၊ ဒါပေမည့် ကိုယ်ပိုင်အရေးကိစ္စနဲ့ ရက်ပေါင်းများစွာ ခွင့်တိုင်ပျက်ကွက်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များလည်း ရှိကြပါတယ်၊ အောက်တိုဘာလအတွင်း ပြည်သူ့လွှတ်တော် အဋ္ဌမအစည်းအဝေးကျင်းပနေတဲ့ ကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရာပနိုင်ငံများကို ဂုဏ်ပြုဆုတွေယူဖို့ ခရီးရှည်ထွက်ခွါခဲ့ပါတယ်၊ အလားတူပဲ လွှတ်တော် သတ္တမအစည်းအဝေးကျင်းပနေတဲ့ ကာလတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် လေးယောက်ဟာ အမေရိကန်ပြည်ထောင်စုမှာ သုံးလကျော် အင်္ဂလိပ်စာ လာရောက်သင်ကြားခဲ့ကြပါတယ်၊ အတိုက်အခံလွှတ်တော်ကိုယ်စားလှယ်အရေအတွက် နည်းနည်းလေးပဲရှိတဲ့ လွှတ်တော်မှာ ဒီကိုယ်စားလှယ်တွေ ရက်ပေါင်းများစွာ အစည်းအဝေးတက်ဖို့ ပျက်ကွက်ခဲ့တာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုပါ၊ မဲဆန္ဒရှင်ပြည်သူတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အဓိကတာဝန်က သူတို့ကိုယ်စားပြုတဲ့ ပြည်သူများရဲ့ အရေးကိစ္စတွေကို လွှတ်တော်တွင်းမှာ ဆွေးနွေးပြီး လိုအပ်သလို ဥပဒေပြုနိုင်ရေး ကြိုးစားဆောင်ရွက်ရမှာပါ၊ ကျန်းမာရေးအခြေအနေကြောင့် အစည်းအဝေးမတက်နိုင်တာကို နားလည်နိုင်ပေမည့် ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဦးစားပေးပြီး လွှတ်တော်အစည်းအဝေးတက်ဖို့ ရက်ရှည်ပျက်ကွက်တာကိုတော့ နားမလည်နိုင်ပါ၊

လွှတ်တော်အစည်းအဝေးတက်ရောက်နှုံးအမြင့်မားဆုံးကတော့ တပ်မတော်ကိုယ်စားလှယ်များဖြစ်ကြပါတယ်၊ ရွေးချယ်တင်မြှောက်ခံကိုယ်စားလှယ်များက အကြောင်းအမျိုးမျိုးနဲ့ အစည်းအဝေးတိုင်းကို အင်အားပြည့် (၇၅ ရာခိုင်နှုံး) မတက်နိုင်ကြပေမည့် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုံးကတော့ အစည်းအဝေးတိုင်းကို အင်အားပြည့်နီးပါး တက်နိုင်ကြပါတယ်၊ ဒါပေမည့်လည်း လူတွေကတော့ မတည်မြဲပါ၊ လွှတ်တော် ပုံမှန်အစည်းအဝေးများရဲ့ ပထမဆုံးနေ့တွေမှာ အမြဲတွေ့ရတာက ကာကွယ်ရေးဦးစီးချုပ်က အစားထိုးခန့်အပ်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုကြတာဖြစ်ပါတယ်၊

# မေးခွန်းများ၊ အဆိုပြုချက်များ

လွှတ်တော်အစည်းအဝေးများရဲ့ အချိန်အများစုကို လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်းခြင်းနဲ့ ပြည်ထောင်စုအစိုးရ ဝန်ကြီးများ (သို့မဟုတ်) ဒု ဝန်ကြီးများက ဖြေကြားခြင်းဖြင့် ကုန်ဆုံးခဲ့ပါတယ်၊
ပြည်သူ့လွှတ်တော်ရဲ့ ၂၀၁၃ ခုနှစ်အတွင်း ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမ အစည်းအဝေး သုံးကြိမ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက  ကြယ်ပွင့်ပြမေးခွန်းပေါင်း ၁၁၆၆ ခုမေးမြန်းခဲ့ပြီး ပြည်ထောင်စုအစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များက မေးခွန်းပေါင်း ၅၈၈ ခုဖြေကြားခဲ့လို့ မေးခွန်းပေါင်း  ၅၇၈ ခု ဖြေကြားရန် ကျန်ရှိပါတယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်မပြမေးခွန်းပေါင်း ၁၈၂၈ ခုမေးမြန်းခဲ့ပြီး ပြည်ထောင်စုအစိုးရတာဝန်ရှိပုဂ္ဂိုလ်များက မေးခွန်း ၁၁၁၃ ခုကို ဖြေကြားခဲ့ပြီး မေးခွန်းပေါင်း ၇၁၅ ခု ဖြေကြားရန် ကျန်ရှိပါသေးတယ်၊

အမျိုးသားလွှတ်တော်ရဲ့ ၂၀၁၃ ခုနှစ်အတွင်း ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမ အစည်းအဝေး သုံးကြိမ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက  ကြယ်ပွင့်ပြမေးခွန်းပေါင်း ၂၇၃ ခု၊ ကြယ်ပွင့်မပြမေးခွန်းပေါင်း ၆၇၄ ခုမေးမြန်းခဲ့ပြီး ပြည်ထောင်စုအစိုးရတာဝန်ရှိပုဂ္ဂိုလ်များက မေးခွန်းများအားလုံးကို လူကိုယ်တိုင် (သို့မဟုတ်) စာဖြင့်ရေးသား၍ ဖြေကြားခဲ့ပါတယ်၊ အမျိုးသားလွှတ်တော်မှာ မေးမြန်းကြတဲ့ မေးခွန်းများက ပြည်သူ့လွှတ်တော်ထက် အများကြီးပိုနည်းတာ တွေ့ရပါတယ်၊

မေးခွန်းအများစုကတော့ မဲဆန္ဒနယ်တစ်ခုချင်းနဲ့ သက်ဆိုင်တဲ့ ဒေသဆိုင်ရာကိစ္စများဖြစ်ပါတယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်များမှာ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသင့်ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဆင့် ပုဂ္ဂိုလ်များက တာဝန်ယူ ဖြေကြားသင့်တဲ့ ကိစ္စတွေလည်း ဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ သက်ဆိုင်ရာ လွှတ်တော်အလိုက် ဥပဒေပြုစာရင်းများကို ကွဲကွဲပြားပြားနားမလည်ကြတာနဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများက တိုင်းဒေသကြီး/ပြည်နယ်အတွင်းအစိုးရဋ္ဌာနများအပေါ်မှာ အမှန်တကယ် ဩဇာအာဏာမရှိတာကြောင့် အခုလို ပြည်ထောင်စုလွှတ်တော်မှာ ဒေသဆိုင်ရာ မေးခွန်းတွေမေးမြန်းနေကြတာ ဖြစ်ပါတယ်၊ ပြည်ထောင်စုအစိုးရ တာဝန်ရှိပုဂ္ဂိုလ်များရဲ့ ဖြေကြားချက်တွေဟာလည်း အားရစရာမရှိပါ၊ မေးခွန်းကို တိတိကျကျ ဖြေကြားတာမျိုးမဟုတ်ပဲ ကိန်းဂဏန်းတွေကိုသာ ဖတ်ပြနေတာတွေ့ရပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ပြည်ထောင်စုဝန်ကြီးများရဲ့ အဖြေများကို ကျေနပ်လိမ့်မယ်မထင်ပါ၊ ဒါပေမည့် ထပ်ဆင့်မေးခွန်းထုတ်တာ သိပ်မတွေ့ရပါ၊ မေးခွန်းတွေကိုလည်း လွှတ်တော် ဥက္ကဋ္ဌကို ဦးတည်ပြီး မေးရတော့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်ထောင်စုဝန်ကြီးကို ကျေနပ်လောက်တဲ့အဖြေရတဲ့အထိ ဆွေးနွေး၊ မေးမြန်းနိုင်တဲ့ အခွင့်အရေးလည်းမရှိပါ၊ အဖြေကို မကျေနပ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြည်ထောင်စုဝန်ကြီးကို တိုက်ရိုက်မေးခွန်းထုတ်ရင်လည်း လွှတ်တော်ဥက္ကဋ္ဌရဲ့ အဆူခံရတတ်ပါတယ်၊

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်အစည်းအဝေးတွေမှာ မေးခွန်းများမေးမြန်းခြင်းဆိုတဲ့ အစီအစဉ်မရှိပါ၊ ကွန်ဂရက်လွှတ်တော်အမတ်များဟာ ၎င်းတို့သိချင်တဲ့ မဲဆန္ဒနယ်ဆိုင်ရာ အရေးကိစ္စတွေကို သက်ဆိုင်ရာ အစိုးရဝန်ကြီးဋ္ဌာနများကို တိုက်ရိုက် စာရေးသားပေးပို့ပြီးသော်လည်းကောင်း၊ တာဝန်ရှိသူများကို လွှတ်တော်အမတ်ရဲ့ ရုံးခန်းကို ဖိတ်ခေါ်ပြီးသော်လည်းကောင်း မေးမြန်းနိုင်ပါတယ်၊ 

အစိုးရဋ္ဌာနများဟာလည်း ပြည်သူ့ကိုယ်စားလှယ်များရဲ့ မေးမြန်းချက်များကို လေးလေးစားစားနဲ့ ကျေနပ်လောက်တဲ့အထိ အဖြေပေးဖို့ တာဝန်ရှိကြပါတယ်၊ ကွန်ဂရက်လွှတ်တော်ရဲ့ ရေးရာကော်မီတီများက တာဝန်ယူရတဲ့ ကိစ္စများအတွက် သက်ဆိုင်ရာ အစိုးရအရာရှိများ၊ ပြင်ပကျွမ်းကျင်သူများကို ကော်မီတီအလိုက်ဆင့်ခေါ်ပြီး အများပြည်သူတက်ရောက်နားထောင်ခွင့်ရှိတဲ့ ကြားနာပွဲများကျင်းပပြီး မေးမြန်းကြပါတယ်၊အင်မတန် တန်ဘိုးရှိလှတဲ့ လွှတ်တော်အစည်းအဝေးကျင်းပချိန်များကို ဥပဒေကြမ်းများ တင်သွင်းခြင်း၊ ဆွေးနွေးငြင်းခုန်ခြင်း၊ ဝေဘန်ခြင်း၊အတည်ပြုခြင်းများအတွက်ပဲ သုံးကြပါတယ်၊

ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာတော့ ၂၀၁၄ ခုနှစ်မှာလည်း တန်ဘိုးရှိလှတဲ့ အစည်းအဝေးကျင်းပချိန်အများစုကို မေးခွန်းမေးမြန်းခြင်းများနဲ့ ကုန်ဆုံးလိမ့်ဦးမယ် ထင်ပါတယ်၊ ၂၀၁၃ ခုနှစ်မှာ မေးမြန်းပြီး မဖြေနိုင်ခဲ့တဲ့ မေးခွန်းများက တစ်ထောင်ကျော်ကျန်ရှိပါသေးတယ်၊ ၂၀၁၄ ခုနှစ်မှာ အသစ်မေးဦးမည့် မေးခွန်းတွေကလည်း ထောင်နဲ့ချီပြီး ရှိမှာပါ၊ ဒီမေးခွန်းတွေကို မေးမြန်းဖို့အတွက် အခြားနည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိပြီး လွှတ်တော်အစည်းအဝေးကျင်းပချိန်အားလုံးကို ဥပဒေပြုရေးအတွက်သာ ဦးစားပေးကြရင် ဘယ်လောက်ကောင်းမလဲ လို့ တွေးမိပါတယ်၊

ဆက်ရေးပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
ဒီဇင်ဘာ ၄၊ ၂၀၁၃