BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, February 28, 2014

Burma's Parliament Watch Part (55)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၈၆၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်

အပိုင်း (၅၅)
လွှတ်တော်နှင့် အစည်းအဝေးမတက်သော လွှတ်တော်ကိုယ်စားလှယ်များ (ခ)

# အမျိုးသားလွှတ်တော်မှ ပျက်ကွက်မှုများ

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က ပြောဖူးပါတယ်၊ သူတို့လွှတ်တော်က ပြည်သူ့လွှတ်တော်ထက် ပိုပြီး ပွင့်လင်း၊ လွတ်လပ်တယ်တဲ့၊ လွှတ်တော်တွင်းအစည်းအဝေးတွေမှာတော့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်၊ ဒါပေမည့် လွှတ်တော်အစည်းအဝေးမှတ်တမ်းတွေကို အများပြည်သူသိရှိနိုင်အောင် ထုတ်ပြန်တဲ့ ပွင့်လင်းမြင်သာမှုမှာတော့ အမျိုးသားလွှတ်တော်ဟာ ပြည်သူ့လွှတ်တော်လို တာဝန်မကျေလှပါ၊ အမျိုးသားလွှတ်တော်မှာ ပြည်သူ့လွှတ်တော်လို ကိုယ်ပိုင် ဝက်ဆိုက်မရှိ၊ ကိုယ်ပိုင် လူမှုကွန်ယက် (Face Book or Social Media Network) မရှိ၊  အမျိုးသားလွှတ်တော်နဲ့ ပါတ်သက်တဲ့ မှတ်တမ်းတွေ၊ သတင်းတွေကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ၊ အစိုးရသတင်းစာတွေမှာ ဖော်ပြတာတွေကလည်း အကျဉ်းချုံးသတင်းတွေပဲ ဖြစ်ပါတယ်၊ ဒါကြောင့်မို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးပျက်ကွက်မှုကို စာရင်းဇယားနဲ့ အတိအကျ မဖော်ပြနိုင်ပါ၊ ဒါပေမည့် ရနိုင်သမျှအချက်အလက်များနဲ့ ခန့်မှန်းကြည့်ပါ့မယ်၊

ဖေဖော်ဝါရီလ (၁၀) ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ်စုစုပေါင်း (၁၇၇) ဦး ပျက်ကွက်တယ်လို့ သိရပါတယ်၊ အဲဒီနေ့က တနင်္လာနေ့ပါ၊ အဲဒီနေ့မတိုင်ခင် ဖေဖော်ဝါရီလ (၇) ရက်နေ့ (သောကြာနေ့) က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေး (၁၂) ရက်မြောက်နေ့မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၀၄) ဦး ပျက်ကွက်ခဲ့ပါတယ်၊ ဒါကြောင့် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမတက်နိုင်တဲ့ ကိုယ်စားလှယ် (၁၇၇) ဦးထဲက (၁၀၄) ဦးဟာ ဖေဖော်ဝါရီလ (၇) ရက်နေ့ထဲက ပျက်ကွက်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၀၄) ဦးလို့ ယူဆရင် ကျန်တဲ့ ပျက်ကွက်သူ (၇၃) ဦးဟာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်နိုင်ပါတယ်၊ လစ်လပ်နေရာ (၄) နေရာရှိလို့ အစည်းအဝေးတက်ရောက်ခွင့်ရှိသူ (၂၂၀) ဦးရှိတဲ့ အမျိုးသားလွှတ်တော်မှာ ဒီ ပျက်ကွက်မှုဟာ (၃၃) ရာခိုင်နှုံးဖြစ်ပါတယ်၊

ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးကနေ ပြည်သူ့လွှတ်တော်က အတည်ပြုပြီး ပေးပို့လာတဲ့ "ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေကြမ်း" ကို ထောက်ခံမဲ (၉၇) မဲ၊ ကန့်ကွက်မဲ (၆၁) မဲ၊ ကြားနေမဲ (၁) မဲ နဲ့ အတည်ပြုတယ်လို့ The Myanmar Times သတင်းဋ္ဌာနက ဖော်ပြပါတယ်၊ အစည်းအဝေးကို တက်ရောက်မဲပေးသူ ကိုယ်စားလှယ်ပေါင်း (၁၅၉) ဦးရှိလို့ အဲဒီနေ့အစည်းအဝေးကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၆၁) ဦး တက်ရောက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ယူဆရမှာပါ၊ ဒါဟာဖြင့် တက်ရောက်ခွင့်ရှိသူ စုစုပေါင်းရဲ့ (၂၈) ရာခိုင်နှုံးဖြစ်ပါတယ်၊

အထက်ပါ အချက်အလက်နှစ်ခုကို အခြေခံပြီး အမျိုးသားလွှတ်တော်မှာလည်း နဝမအစည်းအဝေးသက်တမ်းအတွင်း၊ ဇန်နဝါရီလ (၁၃) ရက်နေ့ကနေ ဖေဖော်ဝါရီလ (၁၄) ရက်နေ့အထိ (၃၃) ရက်တာကာအတွင်း နေ့စဉ် ခွင့်တိုင်ပျက်ကွက်သူပေါင်း ပျမ်းမျှခြင်းအားဖြင့် (၆၀) ကျော်လောက်၊ အစည်းအဝေးတက်ခွင့်ရှိသူပေါင်း၏ (၂၇) ရာခိုင်နှုံးလောက်ရှိတယ်လို့ ခန့်မှန်းနိုင်ပါတယ်၊ များလှပါတယ်၊ ဘာကြောင့် အခုလို လွှတ်တော်ကိုယ်စားလှယ် အများအပြား အစည်းအဝေးတက်ဖို့ ရက်ပေါင်းများစွာ ပျက်ကွက်ကြရသလဲ ဆိုတာ စဉ်းစားစရာဖြစ်ပါတယ်၊ လွှတ်တော်အကြီးအကဲများကလည်း အခုလို လွှတ်တော်ကိုယ်စားလှယ်များ ရက်ပေါင်းများစွာ ခွင့်ယူပျက်ကွက်နေတာကို ဆက်လက် ခွင့်ပြုဖို့ သင့်၊ မသင့် စဉ်းစားဖို့ လိုအပ်နေပါတယ်၊

# ကျန်းမာရေး

ခွင့်တိုင်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ် အများစု အကြောင်းပြကြမှာကတော့ "ကျန်းမာရေး" ပဲ ဖြစ်မယ်ထင်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ဆိုတာလည်း သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ်မို့ နေထိုင်မကောင်းဖြစ်တတ်ကြမှာပါ၊ ကျန်းမာရေးအခြေအနေအရ တစ်ခါတစ်ရံမှာ ခွင့်ယူပျက်ကွက်တာ သဘာဝကျပေမည့် အစည်းအဝေး အစအဆုံး တစ်ခုလုံးမတက်နိုင်လောက်အောင် ကျန်းမာရေးချို့တဲ့နေမယ် ဆိုရင်တော့ စိုးရိမ်စရာဖြစ်ပါတယ်၊

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်မှာ ရှိရမည့် အရည်အချင်းတွေထဲမှာ ထည့်ရေးမထားပေမည့် အင်မတန်အရေးကြီးတဲ့၊ မရှိမဖြစ်တဲ့  အရည်အချင်းတစ်ခုကတော့ ကောင်းမွန်တဲ့ ကျန်းမာရေးပဲ ဖြစ်ပါတယ်၊ မဲဆန္ဒရှင်များကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်မှာ မဲဆန္ဒရှင်များက နှင်းအပ်လိုက်တဲ့ ဥပဒေပြုရေးတာဝန်များကို လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း ကျေပွန်စွာထမ်းဆောင်နိုင်ဖို့ လုံလောက် ကောင်းမွန်တဲ့ ကျန်းမာရေးအခြေအနေနဲ့ ကြံ့ခိုင်မှု ရှိဖို့လိုပါတယ်၊ ကင်ဆာလို၊ နှလုံးရောဂါလို သေစေလောက်တဲ့၊ လူကို အမြဲတမ်းပင်ပန်းနွမ်းနယ်စေတဲ့ နာတာရှည် ရောဂါကြီးတွေရှိနေသူတွေအဖို့ အစကတည်းက ရွေးကောက်ပွဲမဝင်သင့်ပါ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီးမှ ရောဂါဆိုးကြီးတွေ စွဲကပ်ပြီး လွှတ်တော်တာဝန်တွေကို ကျေပွန်စွာ မထမ်းဆောင်နိုင်တော့ရင်လည်း  မဲဆန္ဒရှင်များရဲ့ အကျိုးစီးပွါးအတွက် တာဝန်က အနားယူသင့်ပါတယ်၊ 

ကျန်းမာရေးအခြေအနေ မကောင်းပဲ၊ လွှတ်တော်အစည်းအဝေးတွေ မှန်မှန်မတက်နိုင်ပဲ၊ မဲဆန္ဒရှင်ပြည်သူများကို အမှန်တကယ်ကိုယ်စားမပြုနိုင်ပဲ လွှတ်တော်ကိုယ်စားလှယ်တာဝန်ကို ဆက်လက်ထမ်းဆောင်နေဖို့ မသင့်ပါ၊ လွှတ်တော်အကြီးအကဲများကလည်း ကျန်းမာရေးအကြောင်းပြချက်နဲ့ ရက်ပေါင်းများစွာ အစည်းအဝေးတက်ဖို့ ပျက်ကွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆေးကုသမှုမှတ်တမ်းတွေကို စစ်ဆေးကြည့်ရှူပြီး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည့် အခြေအနေမရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှအနားယူဖို့ တိုက်တွန်းသင့်ပါတယ်၊

# လွှတ်တော် အချိန်စာရင်းမရှိခြင်း

လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးမတက်နိုင်၊ ပျက်ကွက်ရခြင်းမှာ လွှတ်တော်အကြီးအကဲများက လွှတ်တော်ရဲ့ တစ်နှစ်တာ အချိန်စာရင်းကို ကြိုတင်ထုတ်ပြန်နိုင်ခြင်း မရှိတာလည်း အကြောင်းတစ်ခု ဖြစ်ပါလိမ့်မယ်၊ နိုင်ငံတကာက လွှတ်တော်တွေမှာ နှစ်တစ်နှစ်စာအတွက် လွှတ်တော်လုပ်ငန်းခွင် အချိန်စာရင်းကို ကြိုတင်ထုတ်ပြန်လေ့ ရှိကြပါတယ်၊ အဲဒီ အချိန်စာရင်းကို လွှတ်တော် လူများစုခေါင်းဆောင်နဲ့ လူနည်းစုခေါင်းဆောင်တို့ ညှိနှိုင်းတိုင်ပင်ပြီး နှစ်တစ်နှစ်အတွင်း မြို့တော်က ပါလီမန်အဆောက်အအုံမှာ အစည်းအဝေးများကျင်းပမည့် နေ့ရက်များ၊ သက်ဆိုင်ရာမဲဆန္ဒနယ်မြေမှာ ရုံးထိုင်ဆောင်ရွက်ရမည့် အချိန်ကာလများနဲ့ လွှတ်တော်ကိုယ်စားလှယ်များ အနားယူခွင့်ရှိတဲ့ ကာလများကို အတိအကျ ဖော်ပြထားပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီအချိန်စာရင်းကို လေ့လာပြီး သူတို့ရဲ့ တစ်နှစ်တာအချိန်ကာလများကို သင့်တော်စွာ စီမံခန့်ခွဲနိုင်ကြပါတယ်၊

မြန်မာနိုင်ငံမှာတော့ လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဟာ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ရဲ့ အဆုံးအဖြတ်ပဲ ဖြစ်ပါတယ်၊ သူတို့ စချင်တဲ့ အချိန်မှာ စပြီး သူတို့ ဆုံးချင်တဲ့အချိန်မှာ ဆုံးလို့ရပါတယ်၊ အစည်းအဝေးမစခင် (၂၁) ရက် ကြိုတင်အကြောင်းကြားဖို့ပဲ လိုအပ်ပါတယ်၊ (၂၁) ရက်ကြိုတင်အကြောင်းကြားလို့ နေပြည်တော်ကို အရောက်လာရမည့်နေ့၊ အစည်းအဝေးစမည့်နေ့ကို ကြိုသိရပေမည့် တစ်ကြိမ်မှာ အစည်းအဝေး ဘယ်နှစ်ရက်ကျင်းပမယ်၊ အချိန်ကာလ ဘယ်လောက်ကြာမယ်၊ ဒီတစ်ရက်အစည်းအဝေးပြီးရင် နောက်အစည်းအဝေးကို ဘယ်နေ့မှာ ကျင်းပမယ်၊ ဘယ်နေ့မှာ ပြီးဆုံးလို့ ဘယ်အချိန် အိမ်ပြန်လို့ရမယ် ဆိုတာကို လွှတ်တော်ကိုယ်စားလှယ်များ ကြိုတင်မသိကြရပါ၊ လွှတ်တော်ရဲ့ တစ်နှစ်စာအချိန်စာရင်းကို စနစ်တကျ ကြိုတင်ရေးဆွဲပြီး ကြိုတင်ထုတ်ပြန်ပေးရင်ဖြင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ အချိန်စီမံခန့်ခွဲမှုတိုးတက်လာပြီး အစည်းအဝေးပျက်ကွက်မှုကို လျှော့ချနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊

#အခြားတာဝန်များ ရှိနေခြင်း

အချို့လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ဖို့ ပျက်ကွက်တာဟာ သူတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းများကို လုပ်ဆောင်နေရလို့လည်း ဖြစ်နိုင်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အချိန်ပြည့်အလုပ်ပါ၊ အစိုးရဋ္ဌာနတွေက အဆင့်မြင့်ဆုံး အရာရှိများဖြစ်ကြတဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ ဦးဆောင်ညွှန်ကြားရေးမှူး တွေရဲ့ လစာက ကျပ် နှစ်သိန်းသုံးသောင်း ကနေ ကျပ် နှစ်သိန်းလေးသောင်း အထိသာ ရှိပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ လစာက ကျပ် သုံးသိန်းဖြစ်ပါတယ်၊ အစည်းအဝေးတက်တဲ့ နေ့များအတွက် တစ်ရက်ကို ကျပ် တစ်သောင်း ရပါသေးတယ်၊ လစာကိုလည်း ကျပ် ခြောက်သိန်း အထိ တိုးမြှင့်ဖို့ စီစဉ်နေတာ ကြားရပါတယ်၊ နိုင်ငံ့ဝန်ထမ်းများလိုပဲ အချိန်ပြည့်တာဝန်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို အခြားအလုပ်များ မရှိစေရလို့ ကန့်သတ်တားမြစ်ထားတာ မရှိတဲ့အတွက် အချို့ကိုယ်စားလှယ်များအဖို့ ရှေ့နေ့၊ ဆရာဝန်၊ ကိုယ်ပိုင်ကျောင်းပိုင်ရှင်၊ စီးပွါးရေးလုပ်ငန်းပိုင်ရှင်၊ သတ္တုတွင်းပိုင်ရှင်၊ ဟိုတယ်လုပ်ငန်းရှင်၊ ပြည်သူ့စစ်ခေါင်းဆောင်စတဲ့ ကိုယ်ပိုင်လုပ်ငန်းများ ရှိနေပြီး လွှတ်တော်ကိုယ်စားလှယ်တာဝန်ကို သူတို့ရဲ့ အချိန်ပိုင်းအလုပ်လို သဘောထားနေတာ တွေ့ရပါတယ်၊ သူတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းများအတွက် လိုအပ်တယ်ဆိုရင် လွှတ်တော်အစည်းအဝေးများကို ခွင့်တိုင်ပျက်ကွက်ပါလိမ့်မယ်၊

ဒီလို ပျက်ကွက်တာကို တားမြစ်နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်တာဝန်မှအပ အခြားအလုပ်တာဝန်များ မရှိစေရလို့ ပြဋ္ဌန်းဖို့ လိုအပ်ပါတယ်၊ မဲဆန္ဒရှင်ပြည်သူများကလည်း ကိုယ်စားလှယ်လောင်းတစ်ယောက်ကို မဲမပေးခင် မိမိတို့မဲဆန္ဒနယ်မြေကို လွှတ်တော်သက်တမ်းအတွင်း အချိန်ပြည့် ကိုယ်စားပြုဆောင်ရွက်နိုင်သူ ဟုတ်၊ မဟုတ် မေးခွန်းထုတ်ဖို့လိုအပ်ပါတယ်၊ ကိုယ်စားလှယ်လောင်းတစ်ဦးဟာလည်း လွှတ်တော်ကိုယ်စားလှယ်တာဝန်ကို အချိန်ပြည့်မထမ်းဆောင်နိုင်ဖူးဆိုရင် အစကတည်းက ရွေးကောက်ပွဲမဝင်သင့်ပါ၊

# ပါတီအရေး ဆောင်ရွက်ခြင်း

အချို့ကိုယ်စားလှယ်များ ပျက်ကွက်တာဟာ သက်ဆိုင်ရာပါတီရဲ့ အရေးကိစ္စများကို ဆောင်ရွက်ဖို့ ပျက်ကွက်တာ ဖြစ်နိုင်ပါတယ်၊ လွှတ်တော်အကြီးအကဲများက လွှတ်တော်အစည်းအဝေးကျင်းပနေချိန်မှာ ပါတီလုပ်ငန်းများကို ဆောင်ရွက်ဖို့ လွှတ်တော်အစည်းအဝေး  "ရက်ပေါင်းများစွာ" မတက်နိုင်ကြသူတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူသင့်ပါတယ်၊

# မဲဆန္ဒရှင်များ၏ လတ်တလော ပြဿနာကို ဖြေရှင်းခြင်း

တစ်ခါတစ်ရံမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်မှာပဲ သက်ဆိုင်ရာ မဲဆန္ဒနယ်က မဲဆန္ဒရှင်ပြည်သူများရဲ့ လတ်တလော ပြဿနာကို ဖြေရှင်းပေးဖို့ သက်ဆိုင်ရာမဲဆန္ဒနယ်ကို ခရီးထွက်ရတာမျိုး ရှိနိုင်ပါတယ်၊ ဒီလို အခြေအနေမျိုးကို တစ်ခါတစ်ရံမှာ ခွင့်ပြုသင့်ပေမည့် ရက်ပေါင်းများစွာ ပျက်ကွက်မယ်ဆိုရင်တော့ ခွင့်မပြုသင့်ပါ၊ တကယ်လို့ အဲဒီလွှတ်တော်ကိုယ်စားလှယ်များမှာ ကိုယ်ပိုင်ရုံးအဖွဲ့နဲ့အထောက်အကူပြုဝန်ထမ်းများ ရှိမယ်ဆိုရင် လွှတ်တော်အစည်းအဝေးများကို ကိုယ်တိုင်တက်ပြီး ဒေသဆိုင်ရာပြဿနာများကို ကိုယ်စားလှယ်လွှတ် ဖြေရှင်းနိုင်မှာပါ၊

# ပြည်ပခရီးစဉ်များ

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ ပြည်ပက အဖွဲ့အစည်းများ၊ မိတ်ဆွေများက သီးခြားဖိတ်ကြားလို့ ပြည်ပနိုင်ငံများကို ခရီးထွက်ရတာ ရှိနိုင်ပါတယ်၊ လွှတ်တော်အစည်းအဝေးကျင်းပစဉ်အချိန်များမှာ အဲဒီလို ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ပြည်ပခရီးထွက်တာကို ရက်တိုအတွက်သာ ခွင့်ပြုသင့်ပြီး လွှတ်တော်အစည်းအဝေး ရက်ပေါင်းများစွာ ပျက်ကွက်မည့် ခရီးစဉ်မျိုးဆိုရင်တော့ ခွင့်မပြုသင့်ပါ၊ လွှတ်တော်လုပ်ငန်းခွင်ရဲ့ တစ်နှစ်တာအချိန်စာရင်းကို ကြိုတင်ထုတ်ပြန်ထားမယ်ဆိုရင်တော့ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ပြည်ပခရီးထွက်ချင်သူ လွှတ်တော်ကိုယ်စားလှယ်များအတွက် သူတို့ ခရီးထွက်တဲ့ အချိန်ကို လွှတ်တော်အစည်းအဝေးများနဲ့ မတိုက်ဆိုင်အောင် စီစဉ်နိုင်မှာပါ၊

# စိတ်ကောက်ကြသူများ

လွှတ်တော်ကိုယ်စားလှယ်များဟာ လွှတ်တော်အစည်းအဝေးတစ်ခုမှာ သူတို့တင်သွင်းချင်တဲ့ ကြယ်ပွင့်ပြမေးခွန်းတွေ၊ ကြယ်ပွင့်မပြမေးခွန်းတွေ၊ အဆိုတွေကို လွှတ်တော်အစည်းအဝေးမစခင် ကြိုတင် တင်သွင်းရပါတယ်၊ အစည်းအဝေးမစခင်မှာပဲ လွှတ်တော်အကြီးအကဲများက စစ်ဆေးပြီး အစည်းအဝေးကျင်းပမည့် အချိန်အတိုင်းအတာနဲ့ နှိုင်းယှဉ်လို့ မြောက်များစွာသော မေးခွန်းများ၊ အဆိုများကို တင်သွင်းခွင့် မပြုပါ၊ ဒီလိုနဲ့ အစည်းအဝေးကာလ တလျှောက်လုံးမှာ ဘာတစ်ခုမှ မေးမြန်းခွင့်၊ အဆိုပြုခွင့် မရကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိကြပါတယ်၊ မနေနိုင်လို့ အစည်းအဝေးမှာ အစီအစဉ်မှာ မပါပဲ ဇွတ်ကြီး ကြားဖြတ်တင်ပြတော့လည်း လွှတ်တော်ဥက္ကဋ္ဌများက ဆူပူကြိမ်းမောင်းတာ ခံရတတ်ပါတယ်၊ ဒါကြောင့်မို့ အချို့လွှတ်တော်ကိုယ်စားလှယ်များက ဘာမှ ပြောခွင့်၊ ဆိုခွင့်မရတဲ့ အတူတူ အစည်းအဝေးလုံးဝမတက်တော့ဘူး ဆိုပြီး စိတ်ကောက်ပြီး ခွင့်တိုင်လို့ နေပြည်တော်ကို ရောက်မလာကြတာမျိုးလည်း ရှိတယ်လို့လည်း ကြားသိရပါတယ်၊

အံ့ဩစရာပါ၊ မိမိကို ရွေးချယ်တာဝန်ပေးလိုက်တဲ့ မဲဆန္ဒရှင်ပြည်သူများရဲ့ အကျိုးစီးပွါးကို မိမိရဲ့ နေအိမ်ထဲကနေ ဆောင်ရွက်လို့ မရပါ၊ ဥပဒေပြုလွှတ်တော်ရဲ့ အစီအစဉ်တွေမှာ ချို့ယွင်းချက်တွေ၊ မတရားမှုတွေရှိတယ်ဆိုရင် လွှတ်တော်ထဲမှာပဲ ပြုပြင်နိုင်အောင် ကြိုးစားရမှာပါ၊ လွှတ်တော်အကြီးအကဲများကလည်း လွှတ်တော်ကိုယ်စားလှယ်များကို သူတို့ရဲ့ မဲဆန္ဒနယ်မြေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ မေးခွန်းတွေကို သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများကို တိုက်ရိုက်မေးခွင့်ပြုရင် အစည်းအဝေးကျင်းပတဲ့ အချိန်အတော်များများကို မေးခွန်းများမေးမြန်းခြင်း၊ ဖြေကြားခြင်းနဲ့ ကုန်ဆုံးနေရတဲ့အခြေအနေမျိုးကနေ ရုန်းထွက်နိုင်ပြီး ဥပဒေကြမ်းတွေကို ပိုပြီးဆွေးနွေးနိုင်၊ အတည်ပြုနိုင်မှာပါ၊ သေချာတာကတော့ စိတ်ကောက်ပြီး အိမ်ထဲထိုင်နေရုံနဲ့ အပြောင်းအလဲကို မဖန်တီးနိုင်ပါ၊

# ပြည်သူများရဲ့ ဆုံးရှုံးမှု

ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေပြုတာဝန်များကို ကျေကျေပွန်ပွန်မထမ်းဆောင်နိုင်ပဲ အကြောင်းအမျိုးမျိုးနဲ့ လွှတ်တော်အစည်းအဝေးများကို ရက်ပေါင်းများစွာ ပျက်ကွက်နေမယ်ဆိုရင် အဓိကနစ်နာဆုံးရှုံးရမှာက မဲဆန္ဒရှင်ပြည်သူများပဲ ဖြစ်ပါလိမ့်မယ်၊ ဒါကြောင့်မို့ လွှတ်တော်ကိုယ်စားလှယ်များဟာ လွှတ်တော်အစည်းအဝေးများ မပျက်ကွက်အောင် ကြိုးစားသင့်ပြီး လွှတ်တော်အကြီးအကဲများကလည်း လွှတ်တော်ကိုယ်စားလှယ်တွေ အစည်းအဝေးမှန်မှန်တက်နိုင်ဖို့ လိုအပ်တဲ့ အစီအစဉ်တွေ (တစ်နှစ်စာအချိန်စာရင်း၊ အထောက်အကူပြုဝန်ထမ်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု) ဆောင်ရွက်ပေးသင့်ပါတယ်၊ နာတာရှည်ရောဂါကြောင့် တာဝန်ကို ထိထိရောက်ရောက်မထမ်းဆောင်နိုင်တော့တဲ့ ကိုယ်စားလှယ်များရှိရင်လည်း တာဝန်သိသိ နှုတ်ထွက်ပေးသင့်ပါတယ်၊

သိပ်မကြာခင်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွေကို မဲခွဲဆုံးဖြတ်ရမည့် အချိန်ရောက်လာပါလိမ့်မယ်၊ အားလုံး သိတဲ့ အတိုင်း ဖွဲ့စည်းပုံပြင်ဆင်ချက်တွေဟာ အနည်းဆုံးအဆင့် (၇၅) ရာခိုင်နှုံးကျော်တဲ့ ထောက်ခံမဲရမှ အတည်ပြုနိုင်မှာပါ၊ အခုလက်ရှိအခြေအနေမှာ တပ်မတော်သားကိုယ်စားလှယ်များက (၁၆၆) ဦး၊ (၂၅) ရာခိုင်နှုံးအပြည့်ရှိပြီး၊ ရွေးကောက်ခံကိုယ်စားလှယ်များက အမျိုးသားလွှတ်တော်မှာ (၄) နေရာ၊ ပြည်သူ့လွှတ်တော်မှာ (၁၈) နေရာ၊ စုစုပေါင်း (၂၂) နေရာ လစ်လပ်နေလို့ (၄၇၆) ဦးပဲရှိပြီး (၇၂) ရာခိုင်နှုံးပဲ ရှိပါတယ်၊ တပ်မတော်သားကိုယ်စားလှယ်များကို အင်အားပြနိုင်ဖို့ (၇၅) ရာခိုင်နှုံးတောင် အပြည့်မရှိပါ၊ အဲဒီမှာမှ အခုလိုမျိုး အစည်းအဝေးတိုင်းမှာ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် (၆၀) လောက်၊ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် (၁၀၀) လောက် ဆက်လက် ပျက်ကွက်နေမယ်ဆိုရင် တပ်မတော်သားကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဏဟာ ပိုပြီးကြီးမားလာပါလိမ့်မယ်၊ 

တပ်မတော်သားကိုယ်စားလှယ်များက ရွေးကောက်ခံကိုယ်စားလှယ်များအပေါ် အထင်အမြင်သေးလာလိမ့်မယ်၊ လေးစားမှုလျော့နည်းလာလိမ့်မယ် ထင်ပါတယ်၊ရွေးကောက်ခံကိုယ်စားလှယ်များမှာလည်း သက်ဆိုင်ရာ ပါတီရဲ့ သဘောထားကို အခြေပြုပြီး ပြင်ဆင်ချက်အားလုံးကို တညီတညွတ်တည်း ထောက်ခံကြမှာ မဟုတ်ပါ၊ ရွေးကောက်ခံကိုယ်စားလှယ်များဘက်က (၇၅) ရာခိုင်နှုံးအပြည့် ထောက်ခံမဲပြနိုင်မှသာ တပ်မတော်သားကိုယ်စားလှယ်များရဲ့ လေးစားမှုနဲ့ ထောက်ခံမဲကို မျှော်လင့်နိုင်မှာပါ၊

လေးစားစွာ၊

အောင်ဒင်
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄


 


Thursday, February 27, 2014

The Irrawaddy, Peace and Memories, E-Book

 ဧရာဝတီ၊ ငြိမ်းချမ်းရေးနှင့် အမှတ်တရများ (အောင်ဒင်) အီးဘွတ်အဖြစ် ရယူနိုင်ပြီ
မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄

Tuesday, February 25, 2014

Burma Disunited Part (1)


အပြိုပြို အကွဲကွဲ တိုင်းပြည်
အောင်ဒင်
 
အပိုင်း (၁) Tomorrow သတင်းဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၁)၊ ဖေဖော်ဝါရီ (၂၅)၊ ၂၀၁၄

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ဆန်းကာလအထိ မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာလေ့လာသူတွေ သုံးသပ်လေ့ရှိတာက အဖြူ၊ အမည်း ရှင်းရှင်းလင်းလင်းကွဲပြားတဲ့ ပြဿနာတစ်ခုအဖြစ် (Black and White Case) နဲ့ပါ၊ တစ်ဖက်မှာ အမည်းရောင်စစ်စစ်ဖြစ်တဲ့ စစ်အာဏာရှင်တွေ၊ ပြည်သူလူထုကို လက်နက်အားကိုး အနိုင်ကျင့်သူတွေ၊ ကိုယ်ကျိုးရှာ အလိုတော်ရိစီးပွါးရေးသမားတွေ၊ တစ်ဖက်မှာ အဖြူရောင်စစ်စစ်ဖြစ်တဲ့ အဖိနှိပ်ခံပြည်သူတွေ၊ အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေတဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ၁၉၈၈ ခုနှစ် ဩဂုတ်လ (၈) ရက်ကစလို့ နှစ်ဆယ့်ငါးနှစ်ကျော်ကာလအတွင်း ကျနော်တို့ရဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးဟာ အောင်ပွဲ မရခဲ့ပေမည့် အဖြူစစ်စစ်ဖြစ်ခဲ့ပါတယ်၊ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသား၊ ပြည်သူတွေ၊ ရဟန်းသံဃာတွေ၊ တိုင်းရင်းသားတွေ၊ အလုပ်သမား၊ လယ်သမားတွေ၊ နိုင်ငံရေးပါတီဝင်တွေ အားလုံးဟာလည်း နိုင်ငံတကာက အဖိနှိပ်ခံပြည်သူတွေ၊ လူ့အခွင့်အရေးတောင်းဆိုသူတွေက လေးစားကြည်ညိုကြရတဲ့ သူရဲကောင်းတွေ ဖြစ်ခဲ့ကြပါတယ်၊ တစ်ခါတုံးကပါ၊

ဒီကနေ့ မှာတော့ မြန်မာနိုင်ငံအခြေအနေကို အဖြူ၊ အမည်း သဲကွဲတဲ့ပြဿနာလို့ ဘယ်သူကမှ မမြင်ကြတော့ပါ၊ အဖြူစစ်စစ်တွေ ရှိနေတုန်းပါ၊ အမည်းရောင်စစ်စစ်တွေလည်း ရှိနေတုန်းပါ၊ တစ်ချိန်တည်းမှာပဲ အဖြူမစစ်တော့တဲ့ အဖြူညစ်ညစ်တွေ၊ အဖြူဖျော့ဖျော့တွေ၊ အဖြူနဲ့ အမည်းကြားက မီးခိုးရောင်တွေ၊ အဖြူ အမည်း မသဲကွဲသူတွေ၊ အမည်းရောင်မစစ်တော့တဲ့ မှိုင်းပြာပြာအရောင်တွေ၊ မည်းရာကနေ ဖြူလာသူတွေ၊ ဖြူရာကနေ မည်းသွားသူတွေ၊ အရောင်မျိုးစုံနဲ့ ရှုပ်ထွေးနေတဲ့ ပြဿနာထုတ်ကြီးဖြစ်နေပါတယ်၊ ကမ္ဘာ့ပြည်သူတွေရဲ့ မြန်မာ့ဒီမိုကရေစီသူရဲကောင်းများကို လေးစားတန်ဘိုးထားမှုတွေ လျော့ကျပြီး သူတို့အမြင်မှာ မြန်မာနိုင်ငံဟာ ဘာသာရေးအစွန်းရောက်တွေ၊ လူမျိုးရေးခွဲခြားသူတွေ၊ အမုန်းတရားကြီးမားသူတွေ လွှမ်းမိုး နေထိုင်တဲ့၊ အများစုက အနည်းစုကို အနိုင်ကျင့်နေတဲ့ နိုင်ငံတစ်ခုလို မြင်နေကြပါပြီ၊ အရေးကြီးလို့ သွေးစည်းကြရမည့်အချိန်မှာ တစ်တိုင်းတစ်ပြည်လုံး ညီညွတ်ရေးဆိုတာနဲ့ ဝေးသထက်ဝေးကွာပြီး ဖရိုဖရဲပြိုကွဲနေကြတာကို အောက်ပါအတိုင်း ထောက်ပြချင်ပါတယ်၊



# စစ်အုပ်စု၏ အကွဲအပြဲများ

၂၀၁၀ ရွေးကောက်ပွဲက တဆင့် ၂၀၀၈ ဖွဲ့စည်းပုံကို အသက်ဝင်စေပြီးတဲ့နောက်ပိုင်း စစ်အာဏာရှင်စနစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဖွဲ့စည်းတဲ့ တပ်မတော်ဗဟိုပြု ပါတီစုံစနစ်သို့ ကူးပြောင်းခဲ့ပါတယ်၊ " တပ်မတော်ဗဟိုပြု" လို့ ဆိုရတာက တပ်မတော်ကို ရွေးကောက်ခံမဟုတ်ပဲ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအာဏာအားလုံးမှာ ပါဝင်ဦးဆောင်ခွင့်ပေးထားလို့ပါ၊ ဒီလိုနဲ့ အရင်ရှိခဲ့တဲ့ စစ်အာဏာရှင်တွေက တပ်မတော်ဗဟိုပြုအာဏာပိုင်စိုးမှုကနေ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် ဆိုပြီး နိုင်ငံတော်အာဏာကို အဖွဲ့အစည်းသုံးရပ်ခွဲဝေအုပ်ချုပ်တဲ့ စနစ်ကို ကူးပြောင်းခဲ့ပါတယ်၊ အစိုးရအာဏာနဲ့ လွှတ်တော်အာဏာကို ရွေးကောက်ပွဲများကနေ ရယူဖို့ “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ" (ကြံ့ခိုင်ရေး) ကို ဖွဲ့စည်းပါတယ်၊ ဒါကြောင့်မို့ အရင်ရှိခဲ့တဲ့ စစ်အာဏာရှင်တွေဟာ ဒီနေ့ခေတ်မှာတော့ တပ်မတော် နဲ့ ကြံ့ခိုင်ရေးပါတီ ဆိုပြီး အင်အားစုနှစ်စုခွဲပြီး ရပ်တည် လှုပ်ရှားနေပါတယ်၊ အဲဒီအင်အားစုနှစ်ခုပူးတွဲပြီး နိုင်ငံတော်အာဏာသုံးရပ်စလုံးကို ထိန်းချုပ်ထားတာပါ၊

ဗိုလ်ချုပ်ဟောင်းများရဲ့ ကြံ့ခိုင်ရေးပါတီက ၂၀၁၀ ရွေးကောက်ပွဲမှာ အများစုအနိုင်ရလို့ လွှတ်တော်အာဏာရော၊ အစိုးရအာဏာရော ရရှိနေပါတယ်၊ ဒါပေမည့် လွှတ်တော်နဲ့ အစိုးရကြား အားပြိုင်မှုတွေကို ထင်ထင်ရှားရှားမြင်တွေ့နေရပါတယ်၊ ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်ခေါင်းဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်က ဦးသိန်းစိန်အစိုးရကို ဥပဒေပြုအာဏာနဲ့ လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားနေသလို ဦးသိန်းစိန်အစိုးရကလည်း လွှတ်တော်ရဲ့ စွက်ဖက်မှုကို ငြင်းပယ်နေတာ တွေ့ရပါတယ်၊ ပါတီတစ်ခုတည်း၊ တစ်ဘက်တည်းကဖြစ်ပြီး အပြန်အလှန်ပွတ်တိုက်နေကြတာ အံ့ဩဖို့ကောင်းပါတယ်၊ ဒီအကွဲအပြဲက ကြံ့ခိုင်ရေးပါတီထဲမှာ အကြီးအကျယ်သက်ရောက်မှုရှိပါတယ်၊ ဦးရွှေမန်းကို ထောက်ခံတဲ့အုပ်စုနဲ့ ဦးသိန်းစိန်အပေါ်သစ္စာရှိသူများအုပ်စုဆိုပြီး ကြံ့ခိုင်ရေးပါတီအတွင်းမှာ အုပ်စုဖွဲ့မှု၊ ပြိုကွဲမှုတွေ ရှိလာပါတယ်၊ တစ်ခါ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်ကြားမှာလည်း အဆင်မပြေမှုတွေ ရှိလာပြန်ပါတယ်၊ ဒီကနေ့အထိ တွေ့မြင်နေရတာက တပ်မတော်က ဦးသိန်းစိန်ကို ထောက်ခံတဲ့ ဘက်မှာရှိပါတယ်၊ 

ဒါကြောင့်မို့ ကြံ့ခိုင်ရေးပါတီထဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဏကို လျှော့ချချင်တဲ့သူတွေ ပေါ်ပေါက်လာပါတယ်၊
ယေဘူယျအမြင်နဲ့ကြည့်ရင် အာဏာရှင်တွေအကြား အာဏာပြိုင်ရင်း၊ အာဏာလုရင်း ပြိုကွဲလာတယ် ဆိုတာ အတိုက်အခံအင်အားစုအတွက် ကျေနပ်စရာပါ၊ ဒါပေမည့် အတိုက်အခံ ဒီမိုကရေစီအင်အားစုဘက်ပြန်ကြည့်တော့လည်း အာဏာရှင်တွေထက်တောင်မှ ပိုပြီး ပြိုကွဲနေတာ တွေ့ရပါတယ်၊

# ဒီမိုကရေစီပါတီများ

၁၉၈၈ ခုနှစ်ကစလို့ ဒီကနေ့အချိန်အထိ "အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်" (အဖွဲ့ချုပ်) ဟာ ဒီမိုကရေစီပါတီများထဲမှာ အင်အားအကြီးမားဆုံးပါတီဖြစ်ပါတယ်၊ ဒါပေမည့် ဒီနေ့ အဖွဲ့ချုပ်မှာ ၁၉၈၈ ခုနှစ်ကရှိခဲ့တဲ့ အင်အားမျိုး၊ စည်းလုံးညီညွတ်မှုမျိုး မရှိတော့ပါဘူး၊ ၂၀၁၀ ရွေးကောက်ပွဲကို အဖွဲ့ချုပ်က သပိတ်မှောက်တဲ့ အခါမှာ သဘောမတူသူတွေက ပါတီက နှုတ်ထွက်ပြီး သီးခြားပါတီတွေ ထူထောင်လို့ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့ကြပါတယ်၊ ၂၀၁၂ ခုနှစ်မှာ အဖွဲ့ချုပ်က တရားဝင်ပြန်လည်မှတ်ပုံတင်လို့ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်လာပေမည့် ခွဲထွက်သွားတဲ့ အင်အားစုများနဲ့ ပြန်လည်ပေါင်းစည်းခြင်းမရှိပါ၊ အသစ်ပြန်လည်ဖွဲ့စည်းတဲ့ အဖွဲ့ချုပ်မှာလည်း နှစ်ပေါင်းများစွာ ဘဝတွေပျက်၊ အသက်တွေစတေးပြီး ပါဝင်ရပ်တည်ခဲ့ကြတဲ့ အမာခံပါတီဝင်တွေက အသစ်ဝင်ရောက်လာတဲ့ ပိုက်ဆံရှိ၊ ပညာတတ်၊ ကျော်ကြားသူများကို မယှဉ်နိုင်ပဲ တဖြေးဖြေးဘေးရောက်ကုန်ကြပါတယ်၊ ၂၀၁၅ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ အဖွဲ့ချုပ်တွင်း ပဋ္ဋိပက္ခတွေ ပိုပြီးများပြားလာနိုင်ပါတယ်၊

အဖွဲ့ချုပ်ကနေ ခွဲထွက်သွားတဲ့ အင်အားစုများကလည်း ထပ်ပြီးကွဲကြပြန်ပါသေးတယ်၊ အဲဒီနောက် ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများစုပေါင်းပြီး ပါတီတပ်ပေါင်းစုတွေ ဖွဲ့ကြပေမည့် ခိုင်မာတဲ့ စုစည်းမှုမရှိပါ၊ စုစည်းလိုက်၊ ပြိုကွဲလိုက်၊ အသစ်ဝင်လာလိုက်၊ အဟောင်းက ထွက်သွားလိုက်ပါ၊ ဒီပါတီတွေရဲ့ ရပ်တည်ချက်ကလည်း တပ်မတော်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီကို အတိုက်အခံမပြုပဲ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအလားအလာကို အတိုက်အခံပြုသလို ဖြစ်နေပါတယ်၊

# တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားများ

တိုင်းရင်းသားပါတီများမှာလည်း ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ ပါတီများနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီများဆိုပြီး အကြမ်းဖျဉ်း အုပ်စုနှစ်စု ကွဲပြားနေပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တောင်းဆိုတာတောင်မှ ဗမာပြည်နယ်အပါအဝင် ရှစ်ပြည်နယ်စနစ်ကို တောင်းဆိုသူနဲ့ ပြည်နယ် (၇) ခု၊ ဒေသကြီး (၇) ခုကို ပြည်နယ် (၁၄) ခုအဖြစ် တန်းတူသတ်မှတ်ဖို့တောင်းဆိုသူ ကွဲပြားကြပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနဲ့ အသစ်ရေးဆွဲရေး ကွဲပြားကြပါတယ်၊ ပြည်နယ်အားလုံးမှာ သက်ဆိုင်ရာ တိုင်းရင်းသားပါတီတွေက တစ်ခုထက်ပိုပြီး တည်ရှိနေတာမို့ သက်ဆိုင်ရာတိုင်းရင်းသားများက ကိုယ်စားပြုပါတီ တစ်ခုတည်းရှိရေး ဝိုင်းဝန်းဖိအားပေး တောင်းဆိုနေကြပါတယ်၊ ဒါကြောင့်မို့ လူမျိုးအုပ်စုတူ တိုင်းရင်းသားပါတီများ ပူးပေါင်းရေး ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ခဲ့၊ လုပ်နေကြပေမည့် အောင်မြင်မှုသိပ်မတွေ့ရပါ၊ 

အများဆန္ဒကို လိုက်လျောပြီး တိုင်းရင်းသားလူမျိုးစုတစ်စုမှာ ပါတီတစ်ခုတည်း ဖြစ်လာရင်တောင်မှ ရေရှည်ညီညွတ်မယ် မထင်ပါ၊
တိုင်းရင်းသားလူမျိုးစုတိုင်း အတွင်းမှာလည်း ကွဲပြားမှုတွေ ရှိနေပြန်ပါတယ်၊ အထူးသဖြင့် မကြာခင်စတင်မည့် သန်းခေါင်စာရင်း ကောက်ခံမှုမှာ မိမိတို့ရဲ့ လူမျိုးအမည်ကို ဘယ်လိုသတ်မှတ်မလဲဆိုတာမှာ သဘောထားတွေ မတူညီကြပါ၊ ပြည်နယ်အဆင့်ရပြီးသား လူမျိုးစုများကနေ သီးခြားခွဲထွက်ချင်တဲ့ လူမျိုးစုငယ်တွေ၊ မှိန်ပျောက်နေတဲ့ လူမျိုးစုနံမည်ကို ပြန်လည်ဖော်ထုတ်ချင်သူတွေ၊ စသဖြင့် ကြားသိနေရပါတယ်၊ တိုင်းရင်းသားလူမျိုးစုများ ပိုပြီး မညီမညွတ်၊ ကွဲပြားကြမှာကို စိုးရိမ်လို့ သန်းခေါင်စာရင်းကောက်ယူမည့်အစီအစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုတာတွေလည်း ကြားသိရပါတယ်၊

# လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများ

ဦးသိန်းစိန်အစိုးရက နှစ်ပေါင်း (၆၀) ကျော်ပြီ ဖြစ်တဲ့ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်နိုင်ဖို့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နေပါတယ်၊ အစပိုင်းမှာ ကမ်းလှမ်းချက်က အစိုးရကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်း သီးခြားဆွေးနွေးပြီး ဒေသအဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲဖို့၊ ပြီးမှ နိုင်ငံရေးကိစ္စတွေကို တရားဝင်ပါတီဖွဲ့၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ပါ၊ နောက်ပိုင်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ တောင်းဆိုမှုအတိုင်း အစိုးရကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး တစ်ပြိုင်တည်း တွေ့ဆုံဆွေးနွေးဖို့၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အရင်လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပဖို့ အစိုးရဘက်က လိုက်လျောခဲ့ပေမည့် တိုင်းရင်းသားလက်နက်ကိုင်များဘက်က တိုးတက်မှု သိပ်မရှိပါ၊

အစိုးရရဲ့ ခွင့်ပြုချက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးရဲ့ ခေါင်းဆောင်များ ထိပ်သီးညီလာခံကို ကချင်ပြည်နယ်က ကေအိုင်အေဋ္ဌာနချုပ်၊ လိုင်ဇာမှာ တစ်ကြိမ်နဲ့ ကရင်ပြည်နယ်က ကေအန်ယူနယ်မြေ လော်ခီးလာမှာ တစ်ကြိမ် ကျင်းပနိုင်ခဲ့ပေမည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ မိုင်းလားအုပ်စု စတဲ့ အင်အားကြီးတပ်ဖွဲ့များ ပါဝင်အောင် မစည်းရုံးနိုင်ခဲ့ပါ၊ အများစု သဘောတူတဲ့ မူဝါဒများကို လက်မှတ်ထိုးဖို့ ရှောင်လွှဲတဲ့၊ ငြင်းဆန်တဲ့ အဖွဲ့တွေလည်း ရှိပါတယ်၊ ကေအန်ယူခေါင်းဆောင်များရဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) အပေါ် မကြိုက်နှစ်သက်မှုကလည်း အထင်အရှား၊ ဖက်ဒရယ်ကောင်စီနဲ့ တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်ကော်မီတီ (WGEC) တို့အဆင်မပြေမှုကလည်း အထင်အရှားပါ၊ လော်ခီးလာညီလာခံပြီးတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးအလုပ်ကော်မီတီတို့ ကရင်ပြည်နယ်၊ ဖားအံမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ကိုလည်း တိုင်းရင်းသားများဘက်က အကြိမ်ကြိမ် ရွှေ့ဆိုင်းနေဆဲပါ၊

# အရပ်ဘက်လူထုအဖွဲ့အစည်းများ

လက်ရှိအခြေအနေမှာ အားတက်စရာကောင်းတာ တစ်ခုကတော့ အရပ်ဘက်လူထုအဖွဲ့အစည်းများ အရှိန်အဟုန်နဲ့ ဖွဲ့စည်းတည်ရှိမှုနဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို တက်ကြွစွာပါဝင်ဖြည့်ဆီးမှုဖြစ်ပါတယ်၊ ဒါပေမည့်လည်း ဒီအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စနစ်ကျမှု၊ အားကောင်းရှင်သန်မှုကို အထောက်အကူပြုမည့်၊ အရပ်ဘက်အဖွဲ့အစည်းများကို အကာအကွယ်ပေးမည့် ဥပဒေက ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်းအဆင့်မှာသာ ရှိနေပါသေးတယ်၊

စိုးရိမ်စရာက ဒီအဖွဲ့အစည်းအတော်များများဟာ ပြည်ပအစိုးရများ၊ ပြည်ပအဖွဲ့အစည်းများရဲ့ ထောက်ပံ့မှုကို မှီခိုရပ်တည်နေကြတာဖြစ်ပြီး အချို့အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေမှာ မပြည့်မစုံဘဝ၊ အန္တရာယ်တွေနဲ့ လှုပ်ရှားနေရတုံးက ရှိခဲ့တဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်ကလေးတွေ ပျောက်ဆုံးပြီး နိုင်ငံခြားသား အလှူရှင်ရဲ့ လခစားဝန်ထမ်းအသွင်ရပ်တည်လာကြတာ၊ ပိုက်ဆံမရရင် ဘာကိုမှ အခမဲ့မလုပ်ချင်တော့တာ၊ တိုင်းပြည်အတွက် သင့်တော်တာကို ကိုယ်တိုင် ရွေးချယ်ဆောင်ရွက်ရမည့်အစား ပြည်ပအဖွဲ့အစည်းက ဖြစ်စေချင်တာကို ထောက်ပံ့ငွေယူပြီး ဆောင်ရွက်ပေးနေကြတာကို ဝမ်းနည်းဖွယ်တွေ့မြင်နေရပါတယ်၊ ဒီလိုနဲ့ ရန်ကုန်မြို့ပေါ်က ဟော်တယ်တွေဟာ စွမ်းရည်မြှင့်သင်တန်းခန်းမတွေ ဖြစ်လာပြီး သင်တန်းပေးစားသူနဲ့ သင်တန်းတက်စားသူ ဆိုတဲ့လူတန်းစားသစ်တွေ ရှိလာကြပါတယ်၊ သင်တန်းပို့ချတာတွေကို ဓာတ်ပုံရိုက်ပြီး အောင်မြင်စွာ ကျင်းပပြီးစီးပါကြောင်း အဆင့်ဆင့်လိမ်ညာ အစီရင်ခံကြတဲ့ ယဉ်ကျေးမှုလည်း မြန်မာနိုင်ငံမှာ ထွန်းကားနေပါပြီ၊



လေးစားစွာ၊

အောင်ဒင်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄

Friday, February 21, 2014

Burma's Parliament Watch Part (54)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၈၅၊ ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၅၄) လွှတ်တော်နှင့် အစည်းအဝေးမတက်သော လွှတ်တော်ကိုယ်စားလှယ်များ (က)

ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ The Eleven Media က သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အစည်းအဝေးတက်ရန် ပျက်ကွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များကို "ပြည်သူလူထုရဲ့ ဆန္ဒမဲပေးပိုင်ခွင့်ကို မဆုံးရှုံးစေဖို့" သတိပေးစကားပြောကြားတဲ့ သတင်းပါ၊ အဲဒီနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တက်ရောက်ခွင့်ရှိသူ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပေါင်း (၆၄၂) ဦးရှိတဲ့အထဲက (၄၆၅) ဦးသာ တက်ရောက်ပြီး (၁၇၇) ဦး ခွင့်ယူပျက်ကွက်တယ်လို့ သိရပါတယ်၊ လွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ခွင့်ယူပျက်ကွက်တတ်တာကို သတိပြုမိပေမည့် ဒီလောက်တောင်များလိမ့်မယ် မထင်ခဲ့ပါ၊ ဒီပျက်ကွက်မှုဟာ တက်ရောက်ခွင့်ရှိသော ကိုယ်စားလှယ်စုစုပေါင်းရဲ့ (၂၈) ရာခိုင်နှုံးပါ၊ တကယ်လို့ ပျက်ကွက်သူအားလုံး (သို့မဟုတ်) အားလုံးနီးပါးဟာ တပ်မတော်သားကိုယ်စားလှယ်တွေမဟုတ်ပဲ ရွေးချယ်ခံကိုယ်စားလှယ်များဖြစ်ကြမယ် ဆိုရင် ပျက်ကွက်သူ (၁၇၇) ဦးဟာ ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ခံကိုယ်စားလှယ် (၄၉၈) ဦးရဲ့ (၃၆) ရာခိုင်နှုံးဖြစ်ပါတယ်၊ တပ်မတော်သားကိုယ်စားလှယ်များဟာလည်း ခွင့်ယူခဲကြပါတယ်၊

ပိုပြီး ဆိုးဝါးတဲ့ သတင်းကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့၊ Eleven Media ရဲ့ သတင်းမှာ ကြားသိရပါတယ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်၊ (၁၄) ရက်မြောက်အစည်းအဝေးမှာ တက်ရောက်သူက (၂၇၈) ယောက်၊ (၆၆) ရာခိုင်နှုံးသာရှိပြီး ပျက်ကွက်သူကိုယ်စားလှယ်ပေါင်းက (၁၄၄) ဦးတောင် ရှိပါတယ်၊ ဒါ ပြည်ထောင်စုလွှတ်တော်နာယက သတိပေးပြီးနောက်မှာ ဖြစ်တာပါ၊ အင်မတန်စိုးရိမ်စရာ ကောင်းလှပါတယ်၊

ဖွဲ့စည်းပုံအခြေခံဥပဒေက တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော်ဦးရေ တက်ရောက်ရင် အစည်းအဝေးများ အထမြောက်တယ်လို့ ပြဋ္ဌန်းထားတာမို့ လွှတ်တော်ကိုယ်စားလှယ် (၂၇) ရာခိုင်နှုံး သို့မဟုတ် (၃၆) ရာခိုင်နှုံး တက်ရောက်ဖို့ ပျက်ကွက်လည်း လွှတ်တော် အစည်းအဝေးများ ဆက်လက်ကျင်းပပြီး ဆုံးဖြတ်စရာရှိတာကို ဆုံးဖြတ်ကြမှာပါ၊ ပျက်ကွက်သူများအဖို့သာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကိစ္စတွေကို ပါဝင်ဆွေးနွေးခွင့်၊ မဲပေးခွင့်၊ သူတို့ကိုယ်စားပြုရာ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို ထုတ်ဖော်ခွင့်တွေ ဆုံးရှုံးရမှာပါ၊ ဒါဟာဖြင့် ဒီပျက်ကွက်သူ လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြုတဲ့ မဲဆန္ဒရှင်ပြည်သူ သန်းပေါင်းများစွာအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်၊

ဒါကြောင့်မို့ လက်ရှိကျင်းပနေဆဲ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၊ နဝမအစည်းအဝေး မှတ်တမ်းများကို ရနိုင်သလောက်ရှာဖွေပြီး လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ယူပျက်ကွက်မှုအခြေအနေကို လေ့လာသုံးသပ်ကြည့်ပါတယ်၊ နဝမအစည်းအဝေးကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့က စတင်ပြီး ကျနော့်ရဲ့ လေ့လာမှုက ဖေဖော်ဝါရီလ (၁၄) ရက်နေ့အထိ (၃၃) ရက်တာ ကာလဖြစ်ပါတယ်၊ ဒီကာလအတွင်းမှာ ပြည်သူ့လွှတ်တော်အစည်းအဝေးပေါင်း (၁၄) ရက် ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မှုနဲ့ ပျက်ကွက်မှု အရေအတွက်ကို အောက်ပါဇယားမှာ ကြည့်ပါ၊

# ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ နဝမ ပုံမှန်အစည်းအဝေး
စုစုပေါင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် = ၄၄၀ ဦး
လစ်လပ်နေသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်= ၁၈ ဦး
အစည်းအဝေး တက်ခွင့်ရှိသော  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်= ၄၂၂ ဦး

နေ့
နေ့စွဲ
တက်ရောက်သူပေါင်း
ပျက်ကွက်သူပေါင်း
ပထမနေ့
၁၃/၁/၂၀၁၄
၃၈၃
၃၉
ဒုတိယနေ့
၁၆/၁/၂၀၁၄
၃၇၁
၅၁
တတိယနေ့
၂၀/၁/၂၀၁၄
၃၅၀
၇၂
စတုတ္ထနေ့
၂၂/၁/၂၀၁၄
၃၆၉
၅၃
ပဉ္စမနေ့
၂၃/၁/၂၀၁၄
၃၅၀
၇၂
ဆဋ္ဌမနေ့
၂၄/၁/၂၀၁၄
၃၃၂
၉၀
သတ္တမနေ့
၂၇/၁/၂၀၁၄
၃၄၀
၈၂
အဋ္ဌမနေ့
၂၈/၁/၂၀၁၄
၃၄၄
၇၈
နဝမနေ့
၂၉/၁/၂၀၁၄
အစည်းအဝေးမှတ်တမ်း ရှာမတွေ့ပါ၊

ဒဿမနေ့
၃/၂/၂၀၁၄
၃၂၉
၉၃
(၁၁) ရက်မြောက်နေ့
၎/၂/၂၀၁၄
အစည်းအဝေးမှတ်တမ်း ရှာမတွေ့ပါ၊

(၁၂) ရက်မြောက်နေ့
၇/၂/၂၀၁၄
၃၁၈
၁၀၄
(၁၃) ရက်မြောက်နေ့
၁၁/၂/၂၀၁၄
အစည်းအဝေးမှတ်တမ်း ရှာမတွေ့ပါ၊

(၁၄) ရက်မြောက်နေ့
၁၄/၂/၂၀၁၄
၂၇၈
အစည်းအဝေးမှတ်တမ်း ရှာမတွေ့ပါ၊
၁၄၄

အထက်ပါစာရင်းအရ (၃၃) ရက်တာ ကာလအတွင်းမှာ အစည်းအဝေးကျင်းပတဲ့ နေ့တိုင်းမှာ အနည်းဆုံး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၉) ဦးကနေ အများဆုံး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၄၄) ဦးအထိ ခွင့်ယူပျက်ကွက်ခဲ့ပါတယ်၊ ဆက်လက်ပြီး ဒီ (၃၃) ရက်တာ ကာလအတွင်းမှာ ဘယ်ကိုယ်စားလှယ်တွေ ပျက်ကွက်မှုအများဆုံးလဲလို့ လေ့လာ ကြည့်ပါတယ်၊ တွေ့ရှိချက်က အစည်းအဝေးကာလတလျှောက်လုံး မတက်ဖို့ ခွင့်တင်ပျက်ကွက်သူ (၅) ဦး၊ (၁၀) ရက်နှင့် အထက် ပျက်ကွက်သူ (၂၇) ဦး၊ (၅) ရက်မှ (၁၀) ရက်အတွင်း ပျက်ကွက်သူ (၅၅) ဦးဖြစ်ပါတယ်၊ အောက်ပါဇယားကို ကြည့်ပါ၊ အစည်းအဝေးမှတ်တမ်း လေးရက်စာကို ရှာမတွေ့လို့ ဒီစာရင်းဟာ အတိအကျတော့ မမှန်နိုင်ပါ၊

# ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ နဝမ  ပုံမှန်အစည်းအဝေး  ပထမနေ့ (၁၃/၀၁/၂၀၁၄) မှ (၁၄) ရက်မြောက်နေ့ (၁၄ /၀၂/၂၀၁၄) အထိ (၃၃) ရက်တာကာလ အတွင်း (၁၀) ရက်နှင့်အထက် ခွင့်ယူပျက်ကွက်သူများ။ (၃၂) ဦး

စဉ်
မဲဆန္ဒနယ်
လွှတ်တော်ကိုယ်စားလှယ်
ခွင့်တင်သည့်နေ့
ခွင့်ယူသည့်ရက်ပေါင်း
ကွန်ဟိန်း
ဒေါ်နန်းဝါနု
၁၃/၀၁/၂၀၁၄
အစည်းအဝေးပြီးဆုံးသည့်အထိ
မတ္တရာ
ဦးပြည့်မောင်
၁၃/၀၁/၂၀၁၄
အစည်းအဝေးပြီးဆုံးသည့်အထိ
နောင်မွန်း
ဦးဂျီဖုန်ဆားရ်
၁၃/၀၁/၂၀၁၄
အစည်းအဝေးပြီးဆုံးသည့်အထိ
တောင်ငူ
ဦးအောင်စိုးမြင့်
၁၃/၀၁/၂၀၁၄
၁၆ ရက်

တောင်ငူ
ဦးအောင်စိုးမြင့်
၀၃/၀၂/၂၀၁၄
အစည်းအဝေးပြီးဆုံးသည့်အထိ
မြိုင်
ဦးမြင့်အောင်
၁၃/၀၁/၂၀၁၄
၁၉ ရက်

မြိုင်
ဦးမြင့်အောင်
၂၄/၀၁/၂၀၁၄
၁ ရက်

မြိုင်
ဦးမြင့်အောင်
၀၃/၀၂/၂၀၁၄
၃ ရက်

မြိုင်
ဦးမြင့်အောင်
၀၇/၀၂/၂၀၁၄
၁ ရက်
 
လပွတ္တာ
ဦးဇော်ထွန်း
၂၀/၀၁/၂၀၁၄
၁၅ ရက်
မောင်တော
ဦးအောင်ဇော်ဝင်း
၂၀/၀၁/၂၀၁၄
၁၂ ရက်
ထားဝယ်
ဦးကြည်မင်း
၁၃/၀၁/၂၀၁၄
၅ ရက်

ထားဝယ်
ဦးကြည်မင်း
၂၀/၀၁/၂၀၁၄
အစည်းအဝေးပြီးဆုံးသည့်အထိ
ပူတာအို
ဦးယော်ဒီဒွေ့
၁၃/၀၁/၂၀၁၄
၂ ရက်

ပူတာအို
ဦးယော်ဒီဒွေ့
၂၀/၀၁/၂၀၁၄
၇ ရက်

ပူတာအို
ဦးယော်ဒီဒွေ့
၂၇/၀၁/၂၀၁၄
၃ ရက်
၁၀
ချီဖွေ
ဦးဇုံးတိန်
၂၂/၀၁/၂၀၁၄
၁၇ ရက်
၁၁
ဆော့လော်
ဦးဇောင်းခေါင်
၁၃/၀၁/၂၀၁၄
၂ ရက်

ဆော့လော်
ဦးဇောင်းခေါင်
၂၄/၀၁/၂၀၁၄
အစည်းအဝေးပြီးဆုံးသည့်အထိ
၁၂
ချမ်းအေးသာစံ
ဒေါက်တာကျော်မြင့်
၀၃/၀၂/၂၀၁၄
၁၂ ရက်
၁၃
တန့်ယန်း
ဦးထွန်းဆာ
၁၃/၀၁/၂၀၁၄
၁ ရက်

တန့်ယန်း
ဦးထွန်းဆာ
၀၃/၀၂/၂၀၁၄
၁၃ ရက်
၁၄
ကြည့်မြင်တိုင်
ဦးသန်းစိန်
၁၆/၀၁/၂၀၁၄
၂ ရက်

ကြည့်မြင်တိုင်
ဦးသန်းစိန်
၂၀/၀၁/၂၀၁၄
၅ ရက်

ကြည့်မြင်တိုင်
ဦးသန်းစိန်
၂၇/၀၁/၂၀၁၄
၃ ရက်

ကြည့်မြင်တိုင်
ဦးသန်းစိန်
၀၃/၀၂/၂၀၁၄
၂၆ ရက်
၁၅
ဘောလခဲ
ဦးအေးမောင်
၂၀/၀၁/၂၀၁၄
၃ ရက်

ဘောလခဲ
ဦးအေးမောင်
၂၃/၀၁/၂၀၁၄
၂ ရက်

ဘောလခဲ
ဦးအေးမောင်
၀၇/၀၂/၂၀၁၄
၈ ရက်
၁၆
သိန္နီ
ဦးစိုင်းဝင်းခိုင်
၂၀/၀၁/၂၀၁၄
၅ ရက်

သိန္နီ
ဦးစိုင်းဝင်းခိုင်
၂၇/၀၁/၂၀၁၄
၁ ရက်

သိန္နီ
ဦးစိုင်းဝင်းခိုင်
၂၈/၀၁/၂၀၁၄
၁ ရက်

သိန္နီ
ဦးစိုင်းဝင်းခိုင်
၀၃/၀၂/၂၀၁၄
၂ ရက်

သိန္နီ
ဦးစိုင်းဝင်းခိုင်
၀၇/၀၂/၂၀၁၄
၈ ရက်
၁၇
သီပေါ
ဦးရဲထွန်း
၂၇/၀၁/၂၀၁၄
၃ ရက်

သီပေါ
ဦးရဲထွန်း
၀၇/၀၂/၂၀၁၄
၈ ရက်
၁၈
နန်းယွန်း
ဦးဇင်းဝမ်
၁၃/၀၁/၂၀၁၄
၅ ရက်

နန်းယွန်း
ဦးဇင်းဝမ်
၂၀/၀၁/၂၀၁၄
၅ ရက်

နန်းယွန်း
ဦးဇင်းဝမ်
၂၇/၀၁/၂၀၁၄
၁ ရက်
၁၉
ကျောက်မဲ
ဦးနယ်လ်ဆင်
၁၃/၀၁/၂၀၁၄ 
၃ ရက်

ကျောက်မဲ
ဦးနယ်လ်ဆင် 
၁၆ /၀၁/၂၀၁၄ 
၁ ရက်

ကျောက်မဲ
ဦးနယ်လ်ဆင်
၂၀/၀၁/၂၀၁၄
၂ ရက်

ကျောက်မဲ
ဦးနယ်လ်ဆင် 
၂၂/၀၁/၂၀၁၄ 
၃ ရက်

ကျောက်မဲ
ဦးနယ်လ်ဆင် 
၂၇/၀၁/၂၀၁၄ 
၁ ရက်

ကျောက်မဲ
ဦးနယ်လ်ဆင် 
၂၈/၀၁/၂၀၁၄ 
၁ ရက်

ကျောက်မဲ
ဦးနယ်လ်ဆင်
၀၃/၀၂/၂၀၁၄
၆ ရက်
၂၀
မဟာအောင်မြေ
ဦးအုန်းကြိုင်
၁၃/၀၁/၂၀၁၄
၅ ရက်

မဟာအောင်မြေ
ဦးအုန်းကြိုင်
၂၀/၀၁/၂၀၁၄
၆ ရက်

မဟာအောင်မြေ
ဦးအုန်းကြိုင်
၀၇/၀၂/၂၀၁၄
၁ ရက်
၂၁
ဆီဆိုင်
ဦးဝင်းကို
၁၃/၀၁/၂၀၁၄
၅ ရက်

ဆီဆိုင်
ဦးဝင်းကို
၂၀/၀၁/၂၀၁၄
၅ ရက်

ဆီဆိုင်
ဦးဝင်းကို
၂၇/၀၁/၂၀၁၄
၅ ရက်

ဆီဆိုင်
ဦးဝင်းကို
၀၃/၀၂/၂၀၁၄
၅ ရက်
၂၂
မုံရွာ
ဦးခင်မောင်ဦး
၁၃/၀၁/၂၀၁၄
၅ ရက်

မုံရွာ
ဦးခင်မောင်ဦး
၂၀/၀၁/၂၀၁၄
၅ ရက်

မုံရွာ
ဦးခင်မောင်ဦး
၂၇/၀၁/၂၀၁၄
၅ ရက်

မုံရွာ
ဦးခင်မောင်ဦး
၀၃/၀၂/၂၀၁၄
၅ ရက်
၂၃
ဟိုပုန်း
ဦးခွန်သိန်းဖေ
၁၃/၀၁/၂၀၁၄
၅ ရက်

ဟိုပုန်း
ဦးခွန်သိန်းဖေ
၂၇/၀၁/၂၀၁၄
၅ ရက်

ဟိုပုန်း
ဦးခွန်သိန်းဖေ
၀၇/၀၂/၂၀၁၄
၅ ရက်
၂၄
မဘိန်း
ဦးမြင့်လှိုင်
၂၀/၀၁/၂၀၁၄
၅ ရက်

မဘိန်း
ဦးမြင့်လှိုင်
၂၇/၀၁/၂၀၁၄
၅ ရက်

မဘိန်း
ဦးမြင့်လှိုင်
၀၃/၀၂/၂၀၁၄
၅ ရက်
၂၅
ကွမ်းခြံကုန်း
ဦးလွန်းသီ
၂၇/၀၁/၂၀၁၄
၅ ရက်

ကွမ်းခြံကုန်း
ဦးလွန်းသီ
၀၃/၀၂/၂၀၁၄
၅ ရက်
၂၆
ငဖဲ
ဦးမြင့်ဋ္ဌေး
၁၃/၀၁/၂၀၁၄
၅ ရက်

ငဖဲ
ဦးမြင့်ဋ္ဌေး
၂၇/၀၁/၂၀၁၄
၅ ရက်

ငဖဲ
ဦးမြင့်ဋ္ဌေး
၀၃/၀၂/၂၀၁၄
၅ ရက်
၂၇
ချမ်းမြသာစည်
ဦးတင်မောင်
၂၀/၀၁/၂၀၁၄
၅ ရက်

ချမ်းမြသာစည်
ဦးတင်မောင်
၂၇/၀၁/၂၀၁၄
၅ ရက်

ချမ်းမြသာစည်
ဦးတင်မောင်
၀၃/၀၂/၂၀၁၄
၅ ရက်
၂၈
အောင်မြေသာစံ
ဦးကိုကိုကြီး
၂၀/၀၁/၂၀၁၄
၅ ရက်

အောင်မြေသာစံ
ဦးကိုကိုကြီး
၂၇/၀၁/၂၀၁၄
၅ ရက်

အောင်မြေသာစံ
ဦးကိုကိုကြီး
၀၃/၀၂/၂၀၁၄
၅ ရက်
၂၉
ကုန်းကြမ်း
ဦးကျန်တယ်ဝင်
၂၇/၀၁/၂၀၁၄
၅ ရက်

ကုန်းကြမ်း
ဦးကျန်တယ်ဝင်
၀၃/၀၂/၂၀၁၄
၅ ရက်
၃၀
အင်ဂျန်းယန်
ဒေါ်ဒွဲဘူ
၁၃/၀၁/၂၀၁၄
၅ ရက်

အင်ဂျန်းယန်
ဒေါ်ဒွဲဘူ
၀၃/၀၂/၂၀၁၄
၅ ရက်
၃၁
ပင်းတယ
ဦးဝင်းကြည်
၂၀/၀၁/၂၀၁၄
၅ ရက်

ပင်းတယ
ဦးဝင်းကြည်
၀၃/၀၂/၂၀၁၄
၅ ရက်
၃၂
ပင်လောင်း
ဦးခွန်မောင်သောင်း
၁၃/၀၁/၂၀၁၄
၅ ရက်

ပင်လောင်း
ဦးခွန်မောင်သောင်း
၀၃/၀၂/၂၀၁၄
၁ ရက်

ပင်လောင်း
ဦးခွန်မောင်သောင်း
၀၇/၀၂/၂၀၁၄
၅ ရက်

# ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ နဝမ  ပုံမှန်အစည်းအဝေး  ပထမနေ့ (၁၃/၀၁/၂၀၁၄) မှ (၁
၎) ရက်မြောက်နေ့ (၁၄ /၀၂/၂၀၁၄) အထိ (၃၃) ရက်တာကာလအတွင်း (၅) ရက် မှ (၁၀) ရက် ထိ ခွင့်ယူပျက်ကွက်သူများ။ (၅၅) ဦး

(၁) ဒေါ်မြင့်မြင့်စန်း (ဝါးခယ်မ)၊ (၂) ဦးတင်ဝင်း (ဒေးဒရဲ)၊ (၃) ဦးကျော်စိုးလေး (မိုးညှင်း)၊
(၄) ဒေါ်နန်းနွံ (ရှားတော)၊ (၅) ဦးဆားမူ (လဟယ်)၊ (၆) ဦးရှိသီး (လေရှီး)၊ (၇) ဦးလှထွန်း (ခနီး္တ)၊
(၈) ဦးတင်မြင့် (တန့်ဆည်)၊ (၉) ဦးပုမ်ခန့်အင် (တီးတိန်)၊ (၁၀) ဦးဇော်ထွန်း (မိုးမောက်)၊
(၁၁) ဦးသောင်းဟန် (ယင်းမာပင်)၊ (၁၂) ဦးစိန်မြင့် (ဗိုလ်တထောင်)၊ (၁၃) ဦးဆားမူ (လဟယ်)၊
(၁၄) ဦးစောဘသိန်း (သထုံ)၊ (၁၅) ဒေါက်တာခင်မောင်ဆွေ (ကျောက်တံခါး)၊
(၁၆) ဦးအောင်ကျော်စိုး (နတ်မောက်)၊ (၁၇) ဦးအောင်မြင့်သိန်း (ပေါင်းတည်)၊ (၁၈) ဦးစတီဖန် (ကျိုင်းတုံ)၊ (၁၉) ဦးဋ္ဌေးလွင် (ခ) ဦးခွန်လိန်း (ဖလမ်း)၊ (၂၀) ဦးအောင်သိန်းလင်း (တောင်ဥက္ကလာ)၊
(၂၁) ဦးစောသိန်းအောင် (လှိုင်းဘွဲ့)၊ (၂၂) ဦးခင်မောင်ညို (လွိုင်ကော်)၊ (၂၃) ဦးဟော်ရှောက်ချမ်း (ကွမ်းလုံ)၊ (၂၄) ဦးအူးရယ် (ဖရူဆို)၊ (၂၅) ဦးကျန်တယ်ဝင် (ကုန်းကြမ်း)၊ (၂၆) ဦးကျော်နီနိုင် (လောက်ကိုင်)၊
(၂၇) ဦးမြင့်လွင် (ကျိက်ထို)၊ (၂၈) ဦးသန်းစိုး (သာစည်)၊ (၂၉) ဦးစောထွဋ်ခေါင်လွင် (ကြာအင်းဆိပ်ကြီး)၊ (၃၀) ဦးရဲထွဋ်တင် (ဖားဆောင်း)၊ (၃၁) ဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ်)၊
(၃၂) ဦးအောင်သန့် (ပုသိမ်ကြီး)၊ (၃၃) ဦးခင်မောင်မြင့် (ရပ်စောက်) ၊ (၃၄) ဒေါက်တာအောင်သန်း (ရွှေဘို)၊ (၃၅) ဦးစိုးပိုင် (ဝန်းသို)၊ (၃၆) ဦးအောင်ကျော်ဦး (ရေဦး)၊ (၃၇) ဦးခင်မောင်ရွှေ (ခင်ဦး)၊
(၃၈) ဦးသာစိန် (ကျောက်တော်)၊ (၃၉) ဦးစိုင်းကျော်မြင့် (မိုးနဲ)၊ (၄၀) ဦးစိုင်းအွမ်ဆိုင်မိုင်း (ကျေးသီး)၊
(၄၁) ဦးစိုင်းမောင်တင် (လဲချား)၊ (၄၂) ဦးထွန်းမြင့်ဦး (မိုင်းပန်)၊ (၄၃) ဦးစိုင်းသိန်းအောင် (တာချီလိတ်)၊
(၄၄) ဦးစောနေကော်ကြီး (သံတောင်ကြီး)၊ (၄၅) ဦးခမိုင်မုန်ကွမ် (ခ) ဦးခမိုင်တန် (ဆွမ်ပရာဘွမ်)၊
(၄၆) ဦးစိုင်းစောတင် (မိုင်းယောင်း)၊ (၄၇) ဦးကျော်သန်း (ဗန်းမောက်)၊ (၄၈) ဦးကျော်နိုင်ဋ္ဌေး (အင်းတော်)၊ (၄၉) ဦးစံလင်း (တောင်ကြီး)၊ (၅၀) ဦးစဲကီကော် (မိုင်းခတ်)၊ (၅၁) ဦးဘဋ္ဌေး (မိုးကုတ်)၊
(၅၂) ဦးအောင်ကြိုင် (ညောင်ဦး)၊ (၅၃) ဦးစီခန်ရမ် (ခေါင်လန်ဖူး) ၊ (၅၄) ဒေါ်လဲ့လဲ့ဝင်းဆွေ (တာမွေ)၊
(၅၅) ဦးဝင်းကျော် (သရက်)၊

ဒီပျက်ကွက်မှုတွေဟာ ပြည်သူ့လွှတ်တော်အစည်းအဝေးတင်မပဲ လွှတ်တော်နှစ်ရပ်ပေါင်းအစည်းအဝေးဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများ၊ ပူးပေါင်းကော်မီတီအစည်းအဝေးများ၊ သက်ဆိုင်ရာ ရေးရာကော်မီတီ၊ ကော်မရှင် အစည်းအဝေးများပါ ပါဝင်ပါလိမ့်မယ်၊ အစည်းအဝေး
လေးရက်စာ မှတ်တမ်းတွေ ရှာမတွေ့လို့ ဒီစာရင်းမှာ မထည့်သွင်းနိုင်ခဲ့ပါ၊အဲဒီ
လေးရက်စာ ကိန်းဂဏန်းတွေပါပါရင် ပိုပြီး ပြည့်စုံမှာပါ၊ 

ဆက်ပါဦးမယ်၊

လေးစားစွာ၊


အောင်ဒင်
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄