BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, February 1, 2014

Burma's Parliament Watch Part (52)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၈၂၊ ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၅၂ ) လွှတ်တော်နှင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ (ဂ)

# ရက်ရောခြင်းနှင့် ရက်စက်ခြင်း

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ဧည့်နိုင်ငံသား (Associate Citizens) နဲ့ နိုင်ငံသားပြုခွင့်ရသူများ (Naturalized Citizens) ဟာ နိုင်ငံသားများ (Citizens) မဟုတ်ကြပါ၊ ပုဒ်မ (၃) အရ "၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်ရန် လျှောက်ထားသူများသည် သတ်မှတ်ချက်များနှင့် အရည်အချင်းများကိုက်ညီပါက ဧည့်နိုင်ငံသားအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်နိုင်သည်" ဟု ပြဋ္ဌန်းထားပါတယ်၊ “၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ” ကို “၁၉၈၂ နိုင်ငံသားဥပဒေ” နဲ့ ရုပ်သိမ်းလိုက်တာမို့ ဒီလိုပြဋ္ဌန်းတာဖြစ်မယ်ထင်ပါတယ်၊ ဒါပေမည့် ဧည့်နိုင်ငံသားဖြစ်ဖို့ လိုအပ်တဲ့ "သတ်မှတ်ချက်များနှင့် အရည်အချင်းများ" ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာ ဖော်ပြမထားပါ၊ ဝန်ကြီးဋ္ဌာနက ထုတ်ပြန်တဲ့ သက်ဆိုင်ရာ နည်းဥပဒေမှာတော့ ပါဝင်လိမ့်မယ် ထင်ပါတယ်၊

ပုဒ်မ (၄၂) အရ "၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီကာလတွင် နိုင်ငံတော်အတွင်း၌ ရောက်ရှိနေထိုင်သူနှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်းမွေးဖွားသည့် သားသမီးသည် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ (နိုင်ငံသားအဖြစ်) လျှောက်ထားရန် ကျန်ရှိနေကြောင်း ခိုင်လုံသော အထောက်အထားများဖြင့် လျှောက်ထားသူကို ဗဟိုအဖွဲ့က "နိုင်ငံသားပြုခွင့်ရသူ" အဖြစ် သတ်မှတ်နိုင်တယ်” လို့ ဆိုပါတယ်၊ ပုဒ်မ (၄၃) အရ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ (က) နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘ နှစ်ပါးမှ မွေးဖွားသူများ၊ (ခ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဂ) ဧည့် နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘ နှစ်ပါးမှ မွေးဖွားသူများ၊ (ဃ)  နိုင်ငံသားပြုခွင့်ရသူ မိဘ နှစ်ပါးမှ မွေးဖွားသူများ၊ (င) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘ နှစ်ပါးမှ မွေးဖွားသူများ၊ ဟာ "နိုင်ငံသားပြုခွင့်ရသူ" ဖြစ်ရန် လျှောက်ထားနိုင်သည်ဟု ဆိုပါတယ်၊

ဒီ ပြဋ္ဌန်းချက်များအရ ဧည့်နိုင်ငံသား (Associate Citizens) နဲ့ နိုင်ငံသားပြုခွင့်ရသူများ (Naturalized Citizens) ဟာ နိုင်ငံသားများ (Citizens) မဟုတ်ကြတာ ထင်ရှားပါတယ်၊ ဒါပေမည့် ပုဒ် မ (၃၀)၊ ပုဒ်မခွဲ (ဂ) နဲ့ ပုဒ်မ (၅၃)၊ ပုဒ်မခွဲ (ဂ) တို့အရ ဧည့်နိုင်ငံသားများနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ နိုင်ငံတော်ကောင်စီ (အစိုးရ) က အခါအားလျော်စွာ သတ်မှတ်သော အခွင့်အရေးများမှ အပ နိုင်ငံတော်၏ ဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိနေပါတယ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ၊ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများအရ နိုင်ငံသားမဟုတ်တဲ့ ဧည့်နိုင်ငံသားများ၊ နိုင်ငံသားပြုခွင့်ရသူများဟာ နိုင်ငံသားများနဲ့ တန်းတူ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ နိုင်ငံရေးပါတီများမှာ ပါဝင်ခွင့်၊ လွှတ်တော်ရွေးကောက်ပွဲတွေမှာ ပါတီတစ်ခုခု၊ ကိုယ်စားလှယ်လောင်းတစ်ယောက်ယောက်အတွက် မဲဆွယ်စည်းရုံးခွင့်၊ မဲပေးခွင့်တွေ ရရှိနေပါတယ်၊ နိုင်ငံတစ်ခုအနေနဲ့ နိုင်ငံသားအပြည့်အဝမဟုတ်သူများအပေါ် အခုလို အခွင့်အရေးတွေ ပေးထားတာ ရက်ရောလွန်းတယ်လို့ ပြောရမှာပါ၊

တစ်ချိန်တည်းမှာပဲ ဒီ ဧည့်နိုင်ငံသားများနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ သူတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်လုံးမှာ မြန်မာနိုင်ငံသားဖြစ်ခွင့်မရှိပါ၊ သူတို့တင်မက သူတို့က မွေးဖွားတဲ့ ဒုတိယမျိုးဆက် သားသမီးများဟာလည်း မြန်မာနိုင်ငံသားဖြစ်ခွင့်မရှိပါ၊ ဒီလို ကန့်သတ်ထားတဲ့အတွက် နိုင်ငံတစ်ခုအနေနဲ့ နိုင်ငံအတွင်းမှာ နှစ်ပေါင်းများစွာ မှီတင်းနေထိုင်တဲ့ နိုင်ငံသားမဟုတ်သူများအပေါ် ရက်စက်လွန်းရာ ရောက်ပြန်ပါတယ်၊

နိုင်ငံသားဥပဒေပါ ပြဋ္ဌန်းချက်များ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ ဧည့်နိုင်ငံသားများနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားနိုင်သူများနဲ့ ၎င်းတို့က မွေးဖွားတဲ့ သားသမီး မျိုးဆက်များဖြစ်ကြပါတယ်၊ မြန်မာနိုင်ငံတွင်းမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့ကြသူများနဲ့ ၎င်းတို့ရဲ့ မျိုးဆက်များဖြစ်ကြပါတယ်၊ တိုင်းရင်းသားစစ်စစ်များနဲ့ ခွဲခြားနိုင်ဖို့ ဥပဒေသဘောအရ နိုင်ငံသားအဆင့်အတန်း သုံးမျိုးခွဲခြားသတ်မှတ်တာကို နားလည်နိုင်ပေမည့် ဧည့်နိုင်ငံသားများနဲ့ နိုင်ငံသားပြုခွင့်ရသူများကို မျိုးဆက်နှစ်ဆက်အထိ နိုင်ငံသားဖြစ်ခွင့် မပေးတာကတော့ တင်းမာလွန်းတယ်လို့ ဆိုချင်ပါတယ်၊

တစ်ခါ ပုဒ်မ (၃၁) နဲ့ ပုဒ်မ (၅၄) များမှာ ဧည့်နိုင်ငံသားများနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ "အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိစေရ" လို့ ပြဋ္ဌန်းထားပါတယ်၊ ဒီပုဂ္ဂိုလ်များကို ကိုယ့်နိုင်ငံအတွင်းမှာလည်း တင်းပြည့်နိုင်ငံသားဖြစ်ဖို့ အခွင့်အရေးမပေးပဲ အခြားနိုင်ငံသားအဖြစ်လည်း ခံယူခွင့်မရှိစေရဆိုတာ မတရားလွန်းလှပါတယ်၊ နေထိုင်ရာ မြန်မာနိုင်ငံမှာလည်း "နိုင်ငံသား" ဖြစ်ခွင့်မရှိ၊ အခြားနိုင်ငံတစ်ခုရဲ့ နိုင်ငံသားအဖြစ်လည်း ခံယူခွင့်မရှိတဲ့ ဧည့်နိုင်ငံသားများနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ နိုင်ငံတစ်ခုအတွင်းက နိုင်ငံမဲ့များဖြစ်နေပါတယ်၊ 

အမေရိကန်ပြည်ထောင်စု၊ စင်္ကာပူ အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများမှာ အမြဲတမ်းနေထိုင်ခွင့်ရသူများ (Permanent Residents) ဟာ ၎င်းတို့ရဲ့ မူလနိုင်ငံသားအဖြစ်ကို စွန့်လွှတ်စရာမလိုပါ၊ သူတို့ရောက်ရှိနေတဲ့ နိုင်ငံရဲ့ နိုင်ငံသားများ မဟုတ်သေးပေမည့် သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတဲ့ နိုင်ငံတစ်ခုရှိနေပါတယ်၊ တစ်ချိန်တည်းမှာပဲ ၎င်းတို့ ရဲ့မူလနိုင်ငံသားဘဝကို စွန့်လွှတ်ပြီး အမေရိကန်နိုင်ငံသား၊ စင်္ကာပူနိုင်ငံသားအဖြစ်ကို ခံယူမယ်ဆိုရင်လည်း ခံယူခွင့်တွေ ရှိနေပါတယ်၊

ဒီလို တင်းကြပ်လွန်းတဲ့ ပြဋ္ဌန်းချက်တွေကို နိုင်ငံတကာ လူ့အခွင့်အရေးစံတွေ၊ နိုင်ငံတကာဥပဒေတွေနဲ့ ညှိနှိုင်းပြီး ပြင်ဆင်သင့်ပါတယ်၊ ဧည့်နိုင်ငံသားများနဲ့ နိုင်ငံသားပြုခွင့်ရသူများကို ၎င်းတို့ရဲ့ သက်တမ်းအတွင်းမှာတင် သင့်တင့်လျောက်ပါတ်တဲ့ အရည်အချင်းသတ်မှတ်ချက်များနဲ့ ပြည့်စုံရင် နိုင်ငံသားဖြစ်ခွင့်ပေးတာက ပိုပြီးတရားမျှတလိမ့်မယ်၊ တိုင်းပြည်အတွက်လည်း ပိုပြီးအကျိုးရှိပါလိမ့်မယ်၊

# နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်း

၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ၊ ပုဒ်မ (၁၆) မှာ "နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှ အပြီးအတိုင် ထွက်ခွါလျင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူလျင် သို့မဟုတ် မှတ်ပုံတင်လျင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူလျင်ဖြစ်စေ နိုင်ငံသားအဖြစ်မှ ရပ်စဲသည်" ဟု ပြဋ္ဌန်းထားပါတယ်၊ ပုဒ်မ (၂၂) မှာ "နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည် နိုင်ငံသားအဖြစ်ကိုသော်လည်းကောင်း၊ ဧည့်နိုင်ငံသားအဖြစ်သော်လည်းကောင်း၊ နိုင်ငံသားပြုခွင့်ရသူအဖြစ်ကိုသော်လည်းကောင်း ပြန်လည်လျှောက်ထားခွင့်မရှိစေရ" လို့ ပြဋ္ဌန်းထားပါတယ်၊ ဒီပြဋ္ဌန်းချက်တွေက မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ ထွက်ခွါကြရပြီး ပြည်ပနိုင်ငံများမှာ အခြေစိုက်နေထိုင်ခဲ့ကြလို့ အခုအချိန်၊ နိုင်ငံတွင်း ဒီမိုကရေစီရေး အပြောင်းအလဲများဖြစ်ချိန်မှာ ကိုယ့်နိုင်ငံကို ပြန်ပြီး အလုပ်အကြွေးပြုချင်ကြတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံးကို တံခါးပိတ်လိုက်တဲ့ ပြဋ္ဌန်းချက်တွေပါ၊

၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစလို့ ၂၀၁၁ ခုနှစ် နအဖစစ်အစိုးရ အာဏာရှိနေဆဲ အချိန်အထိ နှစ်ပေါင်း ၅၀ လောက်ကာလအတွင်းမှာ သောင်းပေါင်းများစွာသော မြန်မာနိုင်ငံသားတွေဟာ နိုင်ငံရေး၊ စီးပွါးရေးဖိနှိပ်ခံရမှုများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ တရားမျှတမှုကင်းမဲ့မှုများ စတဲ့ အကြောင်းများနဲ့ အမိနိုင်ငံကို မလွှဲမရှောင်သာ စွန့်ခွါခဲ့ကြရပါတယ်၊ တစ်ချို့က နိုင်ငံကူးလက်မှတ်နဲ့ နိုင်ငံက တရားဝင်ထွက်ခွါပြီး ရောက်တဲ့နိုင်ငံမှာ အပြီးတိုင် နေထိုင်လိုက်ကြတာပါ၊ အချို့က နယ်စပ်ဒေသ ဒုက္ခသည်စခန်းများဆီ ထွက်ပြေးခိုလှုံကြရတာပါ၊ အချို့က ဒုက္ခသည်စခန်းများက တဆင့် လူသားချင်းစာနာထောက်ထားတဲ့ နိုင်ငံများဆီမှာ နေထိုင်ခွင့်ရကြတာပါ၊ ဘယ်လိုအကြောင်းကြောင့်ပဲ နိုင်ငံကို စွန့်ခွါရသည်ဖြစ်စေ၊ အားလုံးရဲ့ ရင်ထဲမှာ တစ်ချိန်ကျရင် မွေးဖွားရာ မြန်မာနိုင်ငံမှာပဲ ပြန်လည်နေထိုင်ချင်တဲ့ စိတ်ရှိကြမှာပါ၊

ဒါပေမည့် သူတို့အတွက် မြန်မာနိုင်ငံမှာ ပြန်လည်နေထိုင်ရေးအိပ်မက်ဟာ လက်တွေ့ဖြစ်လာဖို့ မလွယ်လှပါ၊ သူတို့အနေနဲ့ လက်ရှိကိုင်ဆောင်ထားတဲ့ နိုင်ငံသားဘဝတွေ၊ နိုင်ငံကူးလက်မှတ်တွေ၊ ခရီးသွားလက်မှတ် (Travel Documents) တွေကို အပြီးတိုင် စွန့်လွှတ်ပြီး မြန်မာနိုင်ငံသားဘဝကို ပြန်လည်လျှောက်ထားမယ်ဆိုရင်တောင်မှ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေက သူတို့ရဲ့ အပြန်ခရီးကို တံခါးပိတ်ထားပါတယ်၊

ချွင်းချက်တော့ရှိပါတယ်၊ ပုဒ်မ (၈)၊ ပုဒ်မခွဲ (က) အရ "နိုင်ငံတော်ကောင်စီ (အစိုးရ) သည် " နိုင်ငံတော်၏အကျိုးငှါ" မည်သူကိုမဆို နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူအဖြစ် သတ်မှတ်နိုင်သည်" လို့ ဆိုပါတယ်၊ ဒါကြောင့်မို့လို့ သမ္မတဦးသိန်းစိန် အစိုးရရဲ့ လက်ထဲမှာ ပြည်ပရောက် မြန်မာများကို မြန်မာနိုင်ငံသားအဖြစ် ပြန်လည်အသိအမှတ်ပြုနိုင်တဲ့ အာဏာရှိနေပါတယ်၊ ဒီအာဏာကို သုံးပြီးတော့ပဲ ပြည်ပက ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားဟောင်းအချို့ကို နိုင်ငံသားအဖြစ် ပြန်လည်အသိအမှတ်ပြုထားပါတယ်၊ ဒါပေမည့်လည်း "နိုင်ငံတော်၏အကျိုးငှါ" လို့ ဝိသေသပြုထားတဲ့အတိုင်း အားလုံးအပေါ် တန်းတူညီမျှ ဆုံးဖြတ် လက်ခံလိမ့်မယ်မထင်ပါ၊ အစိုးရအတွက် အကျိုးရှိမည့်လူများကိုသာ ဦးစားပေးလက်ခံပြီး အစိုးရနဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ဝေဘန်ဆန့်ကျင်နေတဲ့  လူများကိုတော့ လက်ခံလိမ့်မယ် မထင်ပါ၊ လက်ရှိအခြေအနေမှာကိုပဲ ပြည်ပမှ ပြန်ရောက်လာသူအချို့ရဲ့ မြန်မာနိုင်ငံသားဖြစ်ခွင့် ပြန်လည်လျှောက်ထားမှုတွေဟာ အကြောင်းပြချက်မရှိပဲ ဆိုင်းငံ့ထားတာတွေ့ရပါတယ်၊ ထောင်နဲ့ သောင်းနဲ့ ချီတဲ့ ပြည်ပရောက် မြန်မာများရဲ့ မြန်မာနိုင်ငံသား ပြန်လည်ဖြစ်ခွင့်ရရေး ကံကြမ္မာကို အစိုးရအဖွဲ့ရဲ့ လက်ထဲ အပ်နှင်းထားရတာ မသင့်တော်ပါ၊

တိုင်းပြည်က စွန့်ခွါပြီး အခြားနိုင်ငံသားဘဝကို ခံယူတိုင်း တိုင်းပြည်ကို သစ္စာဖောက်တယ်၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်မရှိဘူးလို့ ဆုံးဖြတ်လို့မရပါ၊ မြန်မာနိုင်ငံရဲ့ နှစ် ၆၀ ကျော် ပြည်တွင်းစစ်နဲ့ နှစ်ပေါင်း ၅၀ နီးပါး အာဏာရှင်အုပ်စိုးမှုက မြန်မာနိုင်ငံသားများပြည်ပကို ထွက်ခွါရခြင်းအပေါ်မှာ တာဝန်အပြည့်အဝရှိပါတယ်၊ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေအရ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ထွက်ခွါနေထိုင်ရတဲ့ မြန်မာများကို မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လက်ခံ အသိအမှတ်ပြုရေးအတွက် ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေကို ပြန်လည်ပြင်ဆင်သင့်ပါတယ်၊

# သမ္မတ အရည်အချင်းနဲ့လည်း သက်ဆိုင်ပါတယ်၊

၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ရေးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်သမ္မတအဖြစ် အရွေးချယ်ခံခွင့်ဆိုင်ရာ သတ်မှတ်ချက်များနဲ့လည်း သက်ဆိုင်နေပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၅၉-စ) မှာ "မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ကျေးဇူးသစ္စာတော်ကို စောင့်ရှောက်ရိုသေသူ သို့မဟုတ်  နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည်  နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ" လို့ ပြဋ္ဌန်းထားပါတယ်၊ ဒီပြဋ္ဌန်းချက်ဟာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရှိအောင် ကန့်သတ်ထားတာ အထင်အရှားဖြစ်ပါတယ်၊

အချို့က ဒီပုဒ်မဟာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပြဋ္ဌန်းခဲ့တယ်လို့ ပြောကြပါတယ်၊ မဟုတ်ပါ၊   

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ၊ ပုဒ်မ (၄၉) မှာ (က) မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏ မိဘနှစ်ပါးသော်၎င်း ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အာဏာပိုင်နက်အတွင်းမွေးဖွားခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်း ဖြစ်သော၊ ထို့ပြင် (ခ) ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် အရည်အချင်းနှင့် ပြည့်စုံသည်လည်းဖြစ်သော" ဆိုပြီး သမ္မတအဖြစ်အရွေးချယ်ခံနိုင်ခွင့်အရည်အချင်းကို ပြဋ္ဌန်းထားပါတယ်၊ ဒီပြဋ္ဌန်းချက်အရ သမ္မတဟာ ပါလီမန်အမတ် (လွှတ်တော်ကိုယ်စားလှယ်) အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် အရည်အချင်းနှင့်လည်း ပြည့်စုံရမှာပါ၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ၊ ပုဒ်မ (၇၄)၊ ပုဒ်မခွဲ (၁-က) မှာ "နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ၊ သို့တည်းမဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ၊ သို့တည်းမဟုတ် ထိုအစိုးရ၏ နိုင်ငံသားဖြစ်သူ၊ သို့တည်းမဟုတ် ထိုအစိုးရ၏လက်အောက်ခံဖြစ်သူသော်၎င်း၊ နိုင်ငံသားသော်၎င်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ" သည် လွှတ်တော်တစ်ရပ်ရပ်၏ အမတ်အဖြစ် ရွေးချယ်ခြင်းခံရန်၎င်း၊ လွှတ်တော်တစ်ရပ်ရပ်၏ အမတ်အဖြစ်တည်မြဲစေရန်၎င်း ခွင့်မပြုရ" လို့ ပြဋ္ဌန်းထားပါတယ်၊

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံရဲ့ ဒီပြဋ္ဌန်းချက်မှာ “သမ္မတအဖြစ် အရွေးခံမည့်သူတစ်ဦးတည်း” ကိုသာ ရည်ညွှန်းပြီး ၂၀၀၈ ဖွဲ့စည်းပုံမှာလို “သမ္မတအဖြစ် အရွေးခံရန် ဆန္ဒရှိသူရဲ့ မိဘ၊ အိမ်ထောင်ဘက်၊ သားသမီးများနဲ့ ၎င်းသားသမီးများရဲ့ အိမ်ထောင်ဘက်များအထိ” မျိုးဆက်သုံးဆက်အထိ ကန့်သတ်ထားတာ မရှိပါ၊ ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံ၊ ပုဒ်မ ၅၉ (စ) ဟာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ၁၉၄၇ ခုနှစ်ကတည်းက ပြဋ္ဌန်းခဲ့တယ်လို့ ဆိုတာ မှားပါတယ်၊

ကျနော်တို့ ကြားသိရတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ သတင်းထုတ်ပြန်ချက်များအရ ကြံ့ခိုင်ရေးပါတီက ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အဆိုပြုရာမှာ ပုဒ်မ (၅၉-စ) ပါ "မိဘ၊ ကာယကံရှင်၊ သားသမီးနဲ့ သားသမီးရဲ့ အိမ်ထောင်ဘက် အားလုံးအကြုံးဝင်တဲ့ ကန့်သတ်ချက်တွေထဲက "ထိုတရားဝင်သားသမီး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း" ဆိုတာကို လျှော့ချဖို့ အဆိုပြုမယ်လို့ သိရပါတယ်၊ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တစ်ဦးရဲ့ စကားအရဆိုရင် ဒီလို ပြင်ဆင်ပေးခြင်းဖြင့် နိုင်ငံခြားသား ခင်ပွန်းသည် ကွယ်လွန်ပြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ သားနှစ်ယောက်က အင်္ဂလန်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံသားအဖြစ်ကို ရယူမယ်ဆိုရင် သမ္မတအဖြစ် အရွေးချယ်ခံနိုင်ခွင့် ရှိလာလိမ့်မယ်လို့ ဆိုပါတယ်၊ မသေချာလှပါ၊

တကယ်ကိုပဲ ပုဒ်မ (၅၉-စ) ကို ကြံ့ခိုင်ရေးပါတီက အဆိုပြုသလို ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပေးရင်တောင်မှ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်ကလည်း သူတို့ရဲ့ မိခင်အတွက် အင်္ဂလန်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံသားအဖြစ်ကို လျှောက်ထားဦးတော့ သူတို့တွေ နိုင်ငံသားဖြစ်ခွင့်ရဖို့ ဆိုတာ မသေချာပါ၊ ၁၉၈၂ ခု နိုင်ငံသားဥပဒေ၊ ပုဒ်မ (၇၂) က နိုင်ငံခြားသားများ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားခွင့်ကို ပိတ်ပင်ထားပါတယ်၊ ပုဒ်မ (၂၂) အရ နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူဟာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ အဖြစ် ပြန်လည်လျှောက်ထားခွင့်မရှိပါ၊ ပုဒ်မ (၄၃-က) အရ နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများဟာ "နိုင်ငံသားပြုခွင့်" ရရန်ပဲ လျှောက်ထားနိုင်ပါတယ်၊ နိုင်ငံသားဖြစ်ခွင့်မရှိပါ၊ ပုဒ်မ (၈-က) အရ "နိုင်ငံအကျိုးအတွက်" မည်သူကိုမဆို နိုင်ငံသားအဖြစ် သတ်မှတ်နိုင်ခွင့်အာဏာရှိတဲ့ ဦးသိန်းစိန်အစိုးရအဖွဲ့ကို လျှောက်ထားတော့ရော ခွင့်ပြုပါ့မလား၊ နိုင်ငံသားတစ်ဦးနဲ့ နိုင်ငံခြားသားတစ်ဦးတို့မှ မွေးဖွားတဲ့ သားသမီးများကို မြန်မာနိုင်ငံသားဖြစ်ခွင့်ပေးနိုင်အောင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို မပြင်ဆင်ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရှိမှာ မဟုတ်ပါ၊

# အဆုံးအဖြတ်ပေးခြင်း

၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေ၊ ပုဒ်မ (၆၆) အရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ်ဆိုတာကို ဗဟိုအဖွဲ့က အဆုံးအဖြတ်ပေးမှာဖြစ်ပြီး ပုဒ်မ (၆၆) အရ ဗဟိုအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ဝင်ဖြစ်တဲ့ ဝန်ကြီး သုံးပါးနဲ့ ဖွဲ့စည်းပါတယ်၊ ပုဒ်မ (၇၀) အရ ဗဟိုအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ဝန်ကြီးအဖွဲ့ (အစိုးရအဖွဲ့) ကို အယူခံတက်နိုင်ပြီး အစိုးရအဖွဲ့ရဲ့ အဆုံးအဖြတ်ဟာ အပြီးအပြတ်ဖြစ်တယ်လို့ ဆိုပါတယ်၊ ၁၉၉၇ ခုနှစ် မတ်လ ၂ ရက်နေ့မှာ နအဖအစိုးရက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လက်မှတ်နဲ့ ပြဋ္ဌန်းတဲ့ "မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့်ဥပဒေ"၊ ပုဒ်မ (၃) အရ ဗဟိုအဖွဲ့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန ဝန်ကြီးက ဥက္ကဋ္ဌဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးများက အဖွဲ့ဝင်၊ ဥက္ကဋ္ဌက တာဝန်ပေးသူက အတွင်းရေးမှူးအဖြစ် ပါဝင်တဲ့ အဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းပါတယ်၊

နိုင်ငံတစ်ခုအနေနဲ့ လူတစ်ယောက်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း၊ ငြင်းပယ်ခြင်းဆိုတာ အင်မတန်အရေးကြီးတဲ့ ကိစ္စပါ၊ လူတစ်ယောက်ရဲ့ ဘဝမှာလည်း နိုင်ငံတစ်ခုခုရဲ့ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာ အင်မတန်အရေးကြီးတဲ့ ကိစ္စပါ၊ နိုင်ငံတစ်ခုရဲ့ နိုင်ငံသားဖြစ်ခြင်းဟာ လူတစ်ယောက်အတွက် သူ့ကို အသိအမှတ်ပြုတဲ့ နိုင်ငံအပေါ် သစ္စာရှိမှု၊ ချစ်မြတ်နိုးမှု၊ တာဝန်ယူမှုတွေ ဖြစ်ပေါ်စေပါတယ်၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရတဲ့ လူတစ်ယောက်အဖို့မှာတော့ ဘယ်နိုင်ငံကိုမှ သစ္စာရှိစရာ၊ ချစ်မြတ်နိုးစရာ၊ တာဝန်ခံစရာမရှိတော့တဲ့အပြင် အသိအမှတ်ပြုမခံရခြင်းအပေါ် နာကျင်မှု၊ခံပြင်းမှု၊ ဒေါသထွက်မှုတွေနဲ့ နှောက်ယှက်ဖျက်ဆီးသူတွေ ဖြစ်သွားတတ်ပါတယ်၊ အကြမ်းဘက်သမားအများစုမှာ ကိုယ်စားပြုရာ နိုင်ငံမရှိပါ၊

ဒီလို တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ နိုင်ငံသားဖြစ်ခြင်းကိစ္စကို ပြည်ထောင်စုအစိုးရရဲ့ ဝန်ကြီးများက အဆုံးအဖြတ်ပေးမည့်အစား ပြည်သူလူထုကို ကိုယ်စားပြုသူများကသာ ဆုံးဖြတ်သင့်ပါတယ်၊ နိုင်ငံသားဥပဒေပါ ဗဟိုအဖွဲ့ဆိုတာကို "ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးတဲ့ လွှတ်တော်ရေးရာကော်မီတီ" အဖြစ် ပြန်လည်ဖွဲ့စည်းသင့်ပါတယ်၊ အယူခံလွှာကို ကြားနာပြီး အပြီးသတ်အဆုံးအဖြတ်ပေးရမည့် အဖွဲ့အစည်းကိုလည်း အစိုးရအဖွဲ့အစား "ပြည်ထောင်စုလွှတ်တော်" အဖြစ် ပြင်ဆင်သတ်မှတ်သင့်ပါတယ်၊

# စဉ်းစားဆင်ခြင်ကြည့်ကြပါ၊

ဒီဆောင်းပါးနဲ့ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေကို ပြင်သင့်၊ မပြင်သင့် လေ့လာသုံးသပ်ကြဖို့ ကျနော် အကြံပြုပါတယ်၊ ၁၉၈၂ ခုနှစ်တုံးက အမျိုးသားလုံခြုံရေးရှူထောင့်တစ်ခုတည်းကနေ သုံးသပ်ပြီး ရေးဆွဲခဲ့တဲ့ ဥပဒေကို ဒီနေ့ခေတ်မှာ အမျိုးသားလုံခြုံရေးရှူထောင့်အပြင် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ ရွှေ့ပြောင်းနေထိုင်သူများအခွင့်အရေး၊ နိုင်ငံပြင်ပရောက်နေရတဲ့ နိုင်ငံသားဟောင်းများအရေး၊ နိုင်ငံတကာမှ နိုင်ငံတော်အကျိုးစီးပွါးကို အထောက်အကူပြုနိုင်သူများကို ဖိတ်ခေါ်နိုင်ရေး၊ နိုင်ငံမဲ့ဖြစ်နေတဲ့ ကလေးသူငယ်များရဲ့ အရေး စတဲ့ ရှူထောင့်များနဲ့ပါ လေ့လာသုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်သင့်ကြောင်း အကြံပြုပါတယ်၊

လေးစားစွာ၊

အောင်ဒင်
ဇန်နဝါရီ ၁၀၊ ၂၀၁၄

0 comments: