BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, February 14, 2014

Burma's Parliament Watch Part (53)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၈၄၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၅၃) လွှတ်တော်နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကြမ်း

ပြည်ထောင်စုလွှတ်တော်က အခုကျင်းပနေတဲ့ နဝမအကြိမ်အစည်းအဝေး သက်တမ်းအတွင်းမှာ "အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်း" ကို အမြန်ဆုံး အတည်ပြုဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက တင်သွင်းတဲ့ ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းမရှိပဲ၊ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခြင်းပင်မရှိပဲ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီ ၊ ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီများက ဒီ ဥပဒေကြမ်းကို အမြန်ဆုံး ပြည်သူ့လွှတ်တော်အစည်းအဝေးကို တင်ပြပြီး အတည်ပြုနိုင်ရေးအတွက် လေ့လာသုံးသပ်နေတယ်လို့လည်း သိရပါတယ်၊ "အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်း" ကို အများပြည်သူ သိရှိနိုင်ဖို့ အစိုးရသတင်းစာများမှာ ဇန်နဝါရီလ ၂၀ ရက်နေ့က ဖော်ပြတာကိုလည်း ဖတ်ရှူရပါတယ်၊ ဒီဥပဒေကြမ်းကို ဖတ်ပြီးတဲ့နောက် စိတ်ပူပန်မိတာအချို့ကို တင်ပြချင်ပါတယ်၊

# ဥပဒေ နောက်တစ်မျိုးတိုး

အခန်းပေါင်း ၁၉ ခန်း၊ ပုဒ်မပေါင်း ၇၂ ခုပါဝင်တဲ့ ဒီဥပဒေကြမ်းမှာ လက်ရှိဆောင်ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းမှုဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်တဲ့ ပုဒ်မအချို့ ပါဝင်နေတာ တွေ့ရပါတယ်၊ အခန်း (၁) "အမည်၊ စီရင်ပိုင်ခွင့်နှင့် အဓိပ္ပာယ်ဖော်ပြချက်များ"၊ ပုဒ်မ (၂) မှာ ဒီဥပဒေအရ စီရင်ပိုင်ခွင့်ရှိတဲ့ အကြမ်းဖက်မှုများကို ဖော်ပြရာမှာ ပုဒ်မခွဲ (ဌ) မှာ "နိုင်ငံတော်၏ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးသည့် ဆူပူသောင်းကျန်းမှု၊ သို့မဟုတ် အတင်းအဓမ္မနည်းဖြင့် ဆောင်ရွက်မှုများ" လို့ ဖော်ပြထားပါတယ်၊ ကျနော့်အမြင်အရ ဒီပြဋ္ဌန်းချက်ဟာ လက်ရှိ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနဲ့ သက်ဆိုင်တယ်လို့ ယူဆရပါတယ်၊ နောက် ပုဒ်မခွဲ (တ) မှာ "အကြမ်းဖက်အုပ်စုတစ်ခုခုတွင် သို့မဟုတ် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရာတွင် သူတစ်ဦးဦးအား ပါဝင်စေခြင်း အလို့ငှါ တိုက်တွန်းရန်၊ စည်းရုံးသိမ်းသွင်းရန်၊ ဝါဒဖြန့်ရန် သို့မဟုတ် စုဆောင်းရန် ပြုလုပ်မှုများ"၊ (ထ) မှာ "အကြမ်းဖက်အုပ်စုဖွဲ့စည်းရန်၊ အကြမ်းဖက်အုပ်စုတစ်ခုခုတွင် သိလျက်နှင့် ပါဝင်ဆောင်ရွက်ရန် သို့မဟုတ် တာဝန်ပေး၍လှုပ်ရှားဆောင်ရွက်စေရန်ပြုလုပ်မှုများ" ကိုလည်း ဒီဥပဒေက စီရင်ပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်၊

ပုဒ်မ (၃) အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာလည်း ပုဒ်မခွဲ (ခ/၁၂) မှာ "နိုင်ငံတော်၏အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးသည့် ဆူပူသောင်းကျန်းမှု၊ သို့မဟုတ် အတင်းအဓမ္မနည်းဖြင့် ဆောင်ရွက်မှုများ"၊ ပုဒ်မခွဲ (ခ/၁၆) မှာ "အကြမ်းဖက်အုပ်စု တစ်ခုခုတွင် သို့မဟုတ် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သူတစ်ဦးဦးအား ပါဝင်စေခြင်းအလို့ငှါ တိုက်တွန်းရန်၊ စည်းရုံးသိမ်းသွင်းရန်၊ ဝါဒဖြန့်ရန် သို့မဟုတ် စုဆောင်းရန် ပြုလုပ်မှုများ"၊ ပုဒ်မခွဲ (ခ/၁၇) မှာ "အကြမ်းဖက်အုပ်စုဖွဲ့စည်းရန်၊ အကြမ်းဖက်အုပ်စုတစ်ခုခုတွင် သိလျက်နှင့် ပါဝင်ဆောင်ရွက်ရန် သို့မဟုတ် တာဝန်ပေး၍ လှုပ်ရှားဆောင်ရွက်စေရန် ပြုလုပ်မှုများ"  သည် အကြမ်းဖက်မှုဖြစ်သည်လို့ ဖော်ပြထားပါတယ်၊

ဒါကြောင့် အစိုးရကို ဆန့်ကျင်တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများအားလုံးနဲ့ ယင်းအဖွဲ့အစည်းများမှာ ပါဝင်သူ၊ အားပေးထောက်ခံသူ၊ ဝါဒဖြန့်ချိပေးသူ၊ အားလုံးဟာ အကြမ်းဖက်သမားတွေဖြစ်ကြပြီး ၎င်းတို့ရဲ့ လှုပ်ရှားမှုများဟာ အကြမ်းဖက်မှုများဖြစ်လို့ ဒီ "အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ" နဲ့ အရေးယူစီရင်ခွင့်ရှိတယ်လို့ ယူဆနိုင်ပါတယ်၊

လက်ရှိအခြေအနေမှာ အစိုးရနဲ့ လွှတ်တော်က ဗြိတိသျှနယ်ချဲ့အစိုးရ ပြဋ္ဌန်းခဲ့တဲ့ "၁၉၀၈ ခုနှစ် မတရားသင်းအက်ဥပဒေ" ကို ပယ်ဖျက်ဖို့ ငြင်းဆန်နေဆဲဖြစ်ပါတယ်၊ မတရားသင်းဥပဒေ ပုဒ်မ (၁၇/၁) အရ အစိုးရက မတရားသင်းလို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းများမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ရင်၊ အစည်းအဝေးတွေတက်ရောက်ရင်၊ လှူဒါန်းရင်၊ ကူညီရင် ထောင်ဒဏ် နှစ်နှစ်ကနေ သုံးနှစ်အထိ ပြစ်ဒဏ်ပေးနိုင်ပါတယ်၊ ပုဒ်မ (၁၇/၂) အရ မတရားသင်းအဖွဲ့အစည်းများမှာ ခေါင်းဆောင်ဖြစ်မယ်၊ စီမံခန့်ခွဲသူဖြစ်မယ်ဆိုရင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကနေ အများဆုံး ငါးနှစ်အထိ ပြစ်ဒဏ်ပေးနိုင်ပါတယ်၊ ပုဒ်မ နှစ်ခုစလုံးအတွက် ထောင်ဒဏ်အပြင် ဒဏ်ငွေပါ ချမှတ်နိုင်ပါတယ်၊ ပြီးခဲ့တဲ့ စစ်အစိုးရသက်တမ်းတလျှောက်မှာ ဒီမိုကရေစီလှုပ်ရှားသူတွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေ ရာပေါင်းများစွာဟာ အဲဒီပုဒ်မ (၁၇/၁)၊ (၁၇/၂) တွေနဲ့ ထောင်သွင်းအကျဉ်းချခံခဲ့ရပါတယ်၊ဒါကြောင့်မို့ ဒီတည်ဆဲ "မတရားသင်း အက်ဥပဒေ" ကို ဖျက်သိမ်းပေးဖို့ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များ၊ ပြည်တွင်းစစ်အဆုံးသတ်ရေး အစိုးရနဲ့ ဆွေးနွေးနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကပါ တောင်းဆိုနေကြတာပါ၊ ဒါပေမည့် အစိုးရက ဒီဥပဒေ လိုအပ်နေဆဲပဲလို့ အကြောင်းပြပြီး လွှတ်တော်တွင်းမှာလည်း ဒီဥပဒေကို ဖျက်သိမ်းနိုင်ဖို့ လုံလောက်တဲ့ ထောက်ခံမဲ မရှိသေးပါ၊ ဒီလိုအခြေအနေမှာ "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ" ပါ အကြုံးဝင်နေပြီး ပြစ်ဒဏ်ပိုများတဲ့ "အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ" ကို ထပ်မံပြဋ္ဌန်းရင်ဖြင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေနိုင်ပါတယ်၊

# ပို၍ပြင်းထန်သော ပြစ်ဒဏ်များ

"အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကြမ်း" ရဲ့ အခန်း (၁၄) မှာ "ပြစ်မှုနဲ့ ပြစ်ဒဏ်များ" ပြဌန်းထားပါတယ်၊ အထက်မှာဖော်ပြခဲ့တဲ့ ပုဒ်မ (၃)၊ ပုဒ်မခွဲ (ခ/၁၂) အရ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ပြစ်ဒဏ်က အနည်းဆုံး ထောင်ဒဏ် ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်လို့ ပုဒ်မ (၄၉/က) မှာ ပြဋ္ဌန်းထားပါတယ်၊ ပုဒ်မ (၃) ပုဒ်မခွဲ (ခ/၁၆) နဲ့ ပုဒ်မခွဲ (ခ/၁၇) များအရ အပြစ်ရှိတယ်ဆိုရင် ပြစ်ဒဏ် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကနေ အများဆုံး ထောင်ဒဏ် (၇) နှစ်ထိအပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပုဒ်မ (၅၂/က) မှာ ပြဋ္ဌန်းထားပါတယ်၊ ဒီပြစ်ဒဏ်များအားလုံးဟာ တည်ဆဲ မတရားသင်းအက်ဥပဒေမှ ခွင့်ပြုထားတဲ့ ပြစ်ဒဏ်များထက် အများကြီး ပိုပြင်းထန်ပါတယ်၊ အခုကောက်နှုတ်ဖော်ပြတဲ့ "အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်း" ထဲက ပုဒ်မတွေ (စီရင်ခွင့်၊ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပြစ်ဒဏ်များ) ဟာ "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ" ပါအကြုံးဝင်တယ်လို့ ယူဆရတဲ့ ပြဋ္ဌန်းချက်များထဲက အချို့သာဖြစ်ပါတယ်၊

# အကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး

အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို နိုင်ငံတကာပြည်သူများအားလုံးက ရွံမုန်းကြ၊ ဆန့်ကျင်ကြပါတယ်၊ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကမ္ဘာ့ကုန်သွယ်ရေးမျှော်စင် (World Trade Towers) အဆောက်အအုံကြီးနှစ်ခု တပြိုင်နက်တည်း တိုက်ခိုက်ခံခဲ့ရပြီး အပြစ်မဲ့ပြည်သူ သုံးထောင်နီးပါး သေကျေပျက်စီးခဲ့ရပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုက ဦးဆောင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး နိုင်ငံတကာလှုပ်ရှားမှုတွေ အားကောင်းလာခဲ့ပါတယ်၊ ကမ္ဘာ့နိုင်ငံတွေမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေပြဋ္ဌန်းပြီး အကြမ်းဖက်သမားတွေနဲ့ ငွေကြေးထောက်ပံ့သူတွေကို ဖော်ထုတ်အရေးယူကြပါတယ်၊ အကြမ်းဖက်သမားတွေကလည်း နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်ရှင်သန်နေပြီး အပြစ်မဲ့ပြည်သူများရဲ့ လုံခြုံရေးကို ထိပါးနှောက်ယှက်နေကြဆဲပါ၊ အခု စာရေးနေတဲ့ အချိန်မှာပဲ ရုရှားနိုင်ငံ ဆိုချီမြို့တော် (Sochi) မှာကျင်းပမည့် ဆောင်းရာသီကမ္ဘာ့အိုလံပစ်အားကစားပွဲတော်ကြီးကို အသေခံဗုံးခွဲတိုက်ခိုက်မယ်လို့ အကြမ်းဖက်သမားတွေက ခြိမ်းချောက်ထားလို့ ရုရှားအစိုးရက လုံခြုံရေးတပ်ဖွဲ့အင်အား တိုးမြှင့်ချထားပြီး ကာကွယ်မှုတွေ လုပ်နေရပါတယ်၊
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေကို ရေးဆွဲကြ၊ ပြဋ္ဌန်းကြသူတွေကလည်း အာဏာရပါတီ နဲ့ အာဏာရအစိုးရများဖြစ်ကြပါတယ်၊ ဒါကြောင့်မို့ အာဏာရအစိုးရကို လက်နက်ကိုင်တော်လှန်သူများအားလုံးဟာ အကြမ်းဖက်သမားတွေ ဖြစ်ကုန်ကြပါတယ်၊ အာဏာရအစိုးရကိုယ်တိုင်က အင်အားသုံးပြီး တိုင်းသူပြည်သားများအပေါ် အဓမ္မကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ (State-Sponsored Terrorism) ကို ဘယ်ဥပဒေကမှ အရေးမယူကြပါ၊

# အကြမ်းဖက်မှု (Terrorism) နဲ့ တော်လှန်ပုန်ကန်မှု (Insurgency)

အကြမ်းဖက်မှုဆိုတာနဲ့ ပါတ်သက်ပြီး ကမ္ဘာ့နိုင်ငံများ၊ ပြည်သူများအားလုံးက တညီတညွတ်တည်း ချွင်းချက်မရှိလက်ခံ သဘောတူတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုတာလည်း ယနေ့အထိ မရှိသေးပါ၊ အမေရိကန်ပြည်ထောင်စုမှာတော့ "အကြမ်းဖက်မှုဆိုသည်မှာ လျှို့ဝှက်စွာဖွဲ့စည်းထားသော အင်အားစုတစ်ခု သို့မဟုတ် ၎င်းအုပ်စုမှ ကိုယ်စားလှယ်များ က စစ်ပွဲနှင့်မပါတ်သက်သော ပစ်မှတ်များကို  နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ကြိုတင်ကြံစည် ပြင်ဆင်ပြီး တိုက်ခိုက်မှု" လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်၊ (U.S. Code Title 22, Ch.38, Para. 2656f (d) (2) the term “terrorism” means premeditated, politically motivated violence perpetrated against noncombatant targets by subnational groups or clandestine agents;)
အကြမ်းဖက်မှု နဲ့ တော်လှန်ပုန်ကန်မှု တို့ကိုတော့ အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်၊
အဓိကခြားနားချက်ကတော့ တော်လှန်ပုန်ကန်မှုဆိုတာ လှုပ်ရှားမှု (Movement) ဖြစ်ပြီး အကြမ်းဖက်မှုဆိုတာက နည်းလမ်း (Method) ဖြစ်ပါတယ်၊ 

တိကျပြတ်သားတဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ အာဏာရအစိုးရကို လက်နက်ကိုင်ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေထဲမှာ အကြမ်းဖက်မှုကို နည်းလမ်းတစ်ခုအဖြစ်သုံးစွဲတဲ့ အဖွဲ့အစည်းတွေရှိကြသလို အကြမ်းဖက်မှုကို ရှုံ့ချတဲ့ အဖွဲ့အစည်းများလည်း ရှိကြပါတယ်၊ ဒါကြောင့်မို့လို့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတိုင်းကို အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်လို့မဖြစ်ပါ၊ အကြမ်းဖက်မှုတွေဟာ သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ပျက်စီးစေတတ်ပါတယ်၊
လက်နက်ကိုင်တော်လှန်မှုရဲ့ အဓိကရည်ရွယ်ချက်က အာဏာရအစိုးရကို ဆန့်ကျင်ပြီး အာဏာရအစိုးရအုပ်ချုပ်ရာနယ်မြေတစ်ခုလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ထိန်းချုပ်ခွင့်ရဖို့ကြိုးစားတာ၊ ဒါမှမဟုတ် အစိုးရကို ဖိအားပေးပြီး ပူးတွဲအုပ်ချုပ်ခွင့်ရဖို့ ကြိုးစားတာဖြစ်ပါတယ်၊ ဒါကြောင့်မို့ ပုန်ကန်ထကြွသူတွေမှာ သက်ဆိုင်ရာပြည်သူများရဲ့ ထောက်ခံမှု၊ ပူးပေါင်းကူညီမှုကို အထူးတလည်လိုအပ်ပါတယ်၊ 

အကြမ်းဖက်သမားတွေမှာတော့ နိုင်ငံရေးရည်မှန်းချက်မရှိ၊ အစိုးရတပ်ဖွဲ့များကို တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ဖို့လည်း မကြိုးစား၊ ပြည်သူ့ထောက်ခံမှုကို ရလည်းမရ၊ လိုလည်းမလိုအပ်ပါ၊ ဒါဟာလည်း သိသာထင်ရှားတဲ့ ခြားနားချက်ဖြစ်ပါတယ်၊ တော်လှန်ပုန်ကန်သူတွေက တိုက်ခိုက်ရာမှာ အစိုးရဆိုတဲ့ ပစ်မှတ်များကိုသာ တိုက်ခိုက်ပြီး အစိုးရမဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်များကို ရှောင်ရှားပေမည့် အကြမ်းဖက်သမားတွေက အစိုးရမဟုတ်သောပစ်မှတ်များကိုသာ ဦးစားပေးတိုက်ခိုက်တာဟာလည်း ခြားနားချက်ဖြစ်ပါတယ်၊ နောက်ခြားနားချက်တစ်ခုကတော့ တော်လှန်ပုန်ကန်သူအဖွဲ့အစည်းများဟာ စစ်ပွဲများနဲ့ပါတ်သက်တဲ့ နိုင်ငံတကာ သဘောတူညီမှုများ၊ ဥပဒေများ၊ ဥပမာအားဖြင့် ဂျီနီဗာကွန်ဗင်းရှင်း၊ ကလေးစစ်သားမစုဆောင်းရေးသဘောတူညီချက် ၊ ကိုလေးစားလိုက်နာတတ်ပါတယ်၊ အကြမ်းဖက်သမားတွေကတော့ အဲဒီစာချုပ်တွေကို လုံးဝကိုဂရုမစိုက်ကြပါ၊

# ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ထိခိုက်နိုင်

အာဏာရပါတီနဲ့ အာဏာရအစိုးရက ရေးဆွဲတာမို့ "အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကြမ်း" က လက်နက်ကိုင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကိုပါ လွှမ်းခြုံသက်ရောက်မှုရှိနေတာကို မတားဆီးနိုင်ပါ၊ ဒါပေမည့် ဒီဥပဒေကြမ်းကို စဉ်းစားကြ၊ ဆွေးနွေးကြ၊ ဆုံးဖြတ်ကြမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို သတိပေးချင်ပါတယ်၊

သမ္မတဦးသိန်းစိန် အစိုးရတာဝန်ယူတဲ့ အချိန်ကစလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ ပြည်တွင်းစစ်ရပ်စဲရေးကမ်းလှမ်းပြီး စားပွဲဝိုင်းမှာ ဆွေးနွေးခဲ့ကြတာ အတိုင်းအတာတစ်ခုအထိ ခရီးပေါက်ခဲ့ပါပြီ၊ သမ္မတဦးသိန်းစိန်ကိုယ်တိုင်က မကြာခင်မှာ (ဖေဖော်ဝါရီလထဲမှာ) ကရင်ပြည်နယ်၊ ဘားအံမြို့တော်မှာကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု အလုပ်ကော်မီတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးပွဲကျင်းပမည့် နေ့ရက်ကို သတ်မှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေတာပါ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာပါ၊ နိုင်ငံတစ်ဝှမ်းက ပြည်သူများဟာလည်း တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့၊ နှစ် ခြောက်ဆယ်ကျော်ရှည်လျားနေတဲ့ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေကြတာပါ၊ ပြည်သူ့လွှတ်တော်ကပါ ဒီ "အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကြမ်း" မှာပါဝင်တဲ့ "တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကိုပါ လွှမ်းခြုံသက်ရောက်တဲ့ ပြဋ္ဌန်းချက်တွေကို" မပြင်ဆင်ပဲ အမျိုးသားလွှတ်တော်က ဆုံးဖြတ်သလို အရှိအတိုင်း အတည်ပြုလိုက်မယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ စားပွဲဝိုင်းပေါ်ရောက်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်များရဲ့ ယုံကြည်မှုကို လျော့နည်းစေမှာဖြစ်ပါတယ်၊ တိုင်းရင်းသားငြိမ်းချမ်းရေးအကျိုးဆောင်များရဲ့ တက်ကြွမှုကို ကန့်သတ်လိုက်သလို ဖြစ်ပါ လိမ့်မယ်၊  တည်ဆဲ "မတရားသင်းအက်ဥပဒေ" ရဲ့ ခြိမ်းချောက်မှုအပြင် အသစ်ပြဋ္ဌန်းမည့်၊ သေဒဏ်အထိ အပြစ်ပေးနိုင်တဲ့ "အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ" ရဲ့ ထပ်မံဖိစီးမှုက ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အဟန့်အတားဖြစ်စေနိုင်ကြောင်း သတိပေးချင်ပါတယ်၊

လေးစားစွာ၊

အောင်ဒင်
ဖေဖော်ဝါရီ ၃၊ ၂၀၁၄

 


0 comments: