BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, December 26, 2014

ဦးထုပ်တစ်လုံး၏ အထုပ္ပတ္တိ





ဦးထုပ်တစ်လုံး၏ အထုပ္ပတ္တိ

အောင်ဒင်

တစ်ခါတစ်ရံမှာ
ခေါင်းပေါ်က ဖွာလန်ကျဲဆံပင်တွေကို ထိန်းကွပ်ဖို့
ကျနော်တို့ ဦးထုပ်ဆောင်းကြတယ်…။

တစ်ခါတစ်ရံမှာ
ဆံပင်မရှိတဲ့ခေါင်းကို အရိပ်မျှပေးဖို့
ကျနော်တို့ ဦးထုပ်ဆောင်းကြတယ်…။

တစ်ခါတစ်ရံမှာ
မမြင်မတွေ့ချင်သူတွေကို
မမြင်ချင်ယောင်ဆောင်နိုင်ဖို့
ကျနော်တို့ ဦးထုပ်ဆောင်းကြတယ်…။

ဦးထုပ်တစ်လုံးဟာ
ကျနော့်အတွက်တော့
အင်မတန် အသုံးဝင်တာပေါ့
ရာသီဥတုကို အကာအကွယ်ပေးဖို့ လိုအပ်တယ်
စိတ်ကျန်းမာရေးကို အထောက်အကူပြုဖို့ လိုအပ်တယ်
ရန်သူစစ်စစ်မဟုတ်ကြသူတွေကို
ဥပေက္ခာပြုဖို့ လိုအပ်တယ်…။

ပြီးတော့
နောက်ကျောမှာ အကြိမ်ကြိမ်ထိုးစိုက်တဲ့ ဓားတွေကြောင့်
နာကျင်ဝမ်းနည်းပြီး မျက်ရည်ကျမိတဲ့အချိန်
ကိုယ့်မျက်နှာကို တစ်ပါးသူမတွေ့အောင်
ကွယ်ဝှက်နိုင်ဖို့လည်း လိုအပ်သေးတယ်…။

ကျေးဇူးပါ ဦးထုပ်ကလေးရယ်…။။။

(စက်တင်ဘာ ၂၀၊ ၂၀၁၄)

Wednesday, December 24, 2014

ဆက်၍ ရွေ့ခြင်း၊ မရွေ့ခြင်း၊ အပိုင်း (၄)



[7 Days ဂျာနယ်၊ အတွဲ (၁၃)၊ အမှတ် (၂၂)၊ ဒီဇင်ဘာလ (၂၄)၊ ၂၀၁၄]

ဆက်၍ ရွေ့ခြင်း၊ မရွေ့ခြင်း၊ အပိုင်း (၄)

အောင်ဒင်

#မဖြေရှင်းနိုင်သေးသော ရခိုင်ပြည်နယ်အရေး

ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး (၁) လူ့အခွင့်အရေး (၂) လူမျိုးစုအရေး (၃) နိုင်ငံသားဖြစ်ခွင့်အရေး (၄) နိုင်ငံတော်နဲ့ နယ်နမိတ်လုံခြုံရေး (၅) နိုင်ငံမဲ့လူသားများအရေးနဲ့ (၆) နိုင်ငံတကာဆက်ဆံရေးဆိုပြီး အရေး (၆) ပါးဦးစားပေးဖြေရှင်းရမယ်လို့ ကျနော်ယူဆပါတယ်။

(၁) လူ့အခွင့်အရေးရှူထောင့်က ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်းက အစ္စလမ်ဘာသာဝင်တွေဟာ လူသားတွေပဲ ဖြစ်ကြလို့ လူ့အခွင့်အရေးတွေ ခံစားခွင့်ရှိကြရမှာပါ။ သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလိုအပ်ချက်တွေကို နိုင်ငံတော်အစိုးရက တာဝန်ယူထောက်ပံ့ပေးရမှာပါ။ သူတို့ရဲ့ ဘဝလုံခြုံရေး၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်များကိုလည်း အစိုးရက အကာအကွယ်ပေးရမှာပါ။ သူတို့ကို အကြမ်းဖက်တိုက်ခိုက်သူများရှိလာရင်၊ ခွဲခြားဆက်ဆံနှိမ့်ချသူများရှိလာရင် အစိုးရက ကျူးလွန်သူများကို ထိထိရောက်ရောက်အရေးယူရမှာဖြစ်ပြီး ဒီ အစ္စလမ်ဘာသာဝင်များထဲက ဥပဒေချိုးဖောက်ရင်လည်း အစိုးရက ထိထိရောက်ရောက်အရေးယူရမှာပါ။ သူတို့တွေ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီများ အပြည့်အဝရနိုင်ရေးကိုလည်း အစိုးရက တာဝန်ခံရမှာပါ။ သူတို့ဆီ လာရောက်အကူအညီပေးချင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းများကို အစိုးရက လွတ်လပ်စွာ သွားလာခွင့်ပြုရမှာပါ။

(၂) လူမျိုးစုအရေး ရှူထောင့်ကကြည့်မယ်ဆိုရင် ရိုဟင်ဂျာဆိုတဲ့ လူမျိုးစုတစ်စု မြန်မာနိုင်ငံမှာ အမှန်တကယ်ရှိ၊မရှိဆိုတာ သေသေချာချာဆွေးနွေးဖြေရှင်းရမည့် ပြဿနာပါ။ မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော်ရှိနေတဲ့ နိုင်ငံတစ်ခုမှာ လူမျိုးစုတစ်စုရှိခြင်း၊ မရှိခြင်းဆိုတာ အင်မတန်ကြီးမားတဲ့ ပြဿနာပါ။ အမေရိကန်အပါအဝင် အနောက်နိုင်ငံများက "လူတိုင်းလူတိုင်းဟာ သူတို့ ဘာလူမျိုးဆိုတာကို သူတို့ဘာသာ နှစ်သက်သလို အဓိပ္ပာယ်ဖွင့်ခွင့်ရှိတယ် (Self-identification)။ ဒါကြောင့်မို့ ရိုဟင်ဂျာများက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သတ်မှတ်တာကို အသိအမှတ်ပြုရမယ်" လို့ သဘောထားရှိကြပါတယ်။ 

ကုလသမဂ္ဂ၊ လူ့အခွင့်အရေးကောင်စီက ခန့်အပ်တာဝန်ပေးထားတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး ယန်ဟီလီ (UN Special Reppoeteur on the situation of Human Rights in Myanmar, Ms. Yanghee Lee) က ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို တင်သွင်းတဲ့ အစီရင်ခံစာ၊ အပိုဒ် (၅၁) မှာ အောက်ပါအတိုင်း ရေးသားတင်ပြပါတယ်။

"(၅၂)။ စကားလုံးအသုံးအနှုန်းနှင့် နိုင်ငံသားဖြစ်ခွင့်များသည် အထူးတလည် အထိအခိုက်မခံသော ကိစ္စများဖြစ်ပါသည်။ အထူးကိုယ်စားလှယ်အား အစိုးရက ရိုဟင်ဂျာ ဆိုသည်ကို အသိအမှတ်မပြုသဖြင့် ယင်းအသုံးအနှုန်းကို မသုံးစွဲရန် ထပ်ခါထပ်ခါ သတိပေးကြပါသည်။ ဤကိစ္စနှင့် ပတ်သက်ပြီး  အထူးကိုယ်စားလှယ်မှ လူနည်းစုများ၏ ၎င်းတို့၏ လူမျိုး၊ နိုင်ငံသား၊ ကိုးကွယ်ရာဘာသာနှင့် ပြောဆိုရာဘာသာစကားများအပေါ် အခြေပြု၍ မိမိကိုယ်ကို အဓိပ္ပာယ်ဖွင့်ဆိုခွင့်ကို ထောက်ပြချင်ပါသည်။ လူနည်းစုများ၏ မိမိကိုယ်ကို အဓိပ္ပာယ်ဖွင့်ဆိုခွင့်သည် နိုင်ငံအစိုးရများ လိုက်နာရန်တာဝန်ရှိသည့်၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ၏ အဓိက ပြဋ္ဌာန်းချက်လည်းဖြစ်သည့် လူတစ်ဦးချင်းစီ (သို့မဟုတ်) လူအသင်းအဖွဲ့များအပေါ် ခွဲခြားဆက်ဆံခြင်းကို တားဆီးကာကွယ်ရန်တာဝန်နှင့် ဆက်စပ်နေပါသည်။ ကုလသမဂ္ဂ၏ "ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာကော်မတီ"၊ "လူ့အခွင့်အရေးကောင်စီ" နှင့် "အထွေထွေညီလာခံ" အပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းအများအပြားက ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို လက်ခံသုံးစွဲနေကြပါသည်။ အဘယ်ကြောင့်ဆိုသော ရိုဟင်ဂျာ ဆိုသည်မှာ သက်ဆိုင်သည့် လူ့အဖွဲ့အစည်းက ၎င်းတို့ကို အဓိပ္ပာယ်ဖွင့်ဆိုရန် ၎င်းတို့ကိုယ်တိုင်ရွေးချယ်ထားခြင်းဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ရွေးချယ်မှုကို ကျမတို့က လက်ခံအသိအမှတ်ပြုရမည်ဖြစ်ပါသည်။"

ကျနော့်အမြင်မှာတော့ ကိုယ့်ကိုကိုယ်အဓိပ္ပာယ်ဖွင့်ဆိုခွင့်ဆိုတာ လူတစ်ဦးချင်းစီနဲ့ပဲ သက်ဆိုင်တယ်လို့ ယူဆပါတယ်။ ကျနော့်မှာ အောင်ဒင် ဆိုတဲ့ အမည်အပြင် အခြား အမည်သုံးမျိုးရှိပါသေးတယ်။ နောက်ထပ် အခြားအမည်တစ်ခုကို ရွေးချယ်ချင်ရင် ရွေးချယ်ခွင့်လည်းရှိပါတယ်။ ဒါတောင်မှ ကျနော်ရွေးချယ်သုံးစွဲတဲ့ အမည်တွေအပေါ် အသိအမှတ်ပြုသူတွေက မတူညီကြပါ။ ကျနော့် မေမေနဲ့ ဆွေမျိုးသားချင်းများ၊ ကျောင်းနေဘက်များအတွက်တော့ ကျနော်ဟာ "ချစ်ကိုကို" ပါ။ ကဗျာရေးဘော်ရေးဘက်များအတွက်တော့ ကျနော်ဟာ "ဒတ္ထ" ပါ။ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်များအတွက်တော့ ကျနော်ဟာ "အောင်ဒင်" ပါ။ ပြည်တွင်းက မိတ်ဆွေအချို့အတွက်တော့ ကျနော်ဟာ "ကိုသားကြီး" ဖြစ်နေပြန်ပါတယ်။ ကိုယ်တိုင် ရွေးချယ်တဲ့ နံမည်ကိုတောင်မှ အားလုံးက တညီတညွတ်တည်းအသိအမှတ်ပြုကြတာ မဟုတ်ပါ။ 

လူတစ်ဦးတစ်ယောက်အတွက် ကိုယ်ကြိုက်တဲ့အမည်ရွေးချယ်ခေါ်ဝေါ်ခွင့်ရှိပေမည့် လူမျိုးစုနံမည်ကိုတော့ ကြိုက်သလိုပေးခွင့်မရှိ။ လူမျိုးစုဆိုတာကို အသစ်ဖန်တီးခွင့်မရှိလို့ ယူဆပါတယ်။ ကျနော်တို့တိုင်းပြည်မှာ လက်ရှိ အသိအမှတ်ပြုထားတဲ့ လူမျိုးစုအားလုံးမှာ သမိုင်းအစဉ်အလာ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကား၊ နှစ်ပေါင်း ရာပေါင်း ထောင်ပေါင်းများစွာ အခြေချနေထိုင်ရာ နယ်မြေ၊ သိသာထင်ရှားတဲ့ သမိုင်းအထောက်အထားတွေ ရှိကြပါတယ်။ သူတို့ရဲ့ လူမျိုးစုအမည်တွေကလည်း ဒီဘက်ခေတ်မှာမှ တစ်ဦးတစ်ယောက်က တီထွင်ဖန်တီးတာမဟုတ်ပဲ မြန်မာနိုင်ငံသမိုင်းအတူ ဖြစ်ပေါ်တည်ရှိခဲ့ကြတာပါ။
ကုလသမဂ္ဂက ပြောသလို ရိုဟင်ဂျာလူမျိုးစုဆိုတာကို အလွယ်တကူ လက်ခံဖို့ ဆိုတာ မဖြစ်နိုင်ပါ။ ဒါပေမဲ့ မြန်မာအစိုးရက ဖြေရှင်းသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ ထပ်ခါထပ်ခါ ငြင်းဆိုနေတာလည်း မလုံလောက်ပါ။ အစိုးရက ဦးဆောင်ပြီး ရိုဟင်ဂျာရှိကြောင်း ထောက်ခံသူတွေ၊ ရိုဟင်ဂျာမရှိဘူးလို့ ကန့်ကွက်သူတွေ၊ မြန်မာ့သမိုင်းကျွမ်းကျင်သူတွေ၊ နိုင်ငံတကာလေ့လာသူတွေပါဝင်တဲ့ ညီလာခံတစ်ခုကျင်းပလို့ ဒီပြဿနာကို ဆွေးနွေးဖြေရှင်းသင့်ပါတယ်။

ကိုယ့်ကိုကိုယ် အသိအမှတ်ပြုခွင့်ရှိတယ်လို့ ကုလသမဂ္ဂက ပြောတာလွယ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ရိုဟင်ဂျာ ဆိုတာကို လူမျိုးစုတစ်ခုအနေနဲ့ အသိအမှတ်ပြုရုံနဲ့ရော ကျေနပ်ကြမှာလား။ ရိုဟင်ဂျာဆိုတာကို မြန်မာနိုင်ငံအတွင်းမှာ ရောက်ရှိနေထိုင်နေကြတဲ့ တရုတ်၊ အိန္ဒိယ၊ မလေး၊ ထိုင်း လူမျိုးများနည်းတူ နိုင်ငံခြားကရောက်လာတဲ့ လူမျိုးစု (Foreign Ethnic) တစ်ခုလို့ အသိအမှတ်ပြုရင်တောင်မှ အဲဒီပုဂ္ဂိုလ်များက ကျေနပ်ကြမယ်မထင်ပါ။ သူတို့တောင်းဆိုနေတာက တိုင်းရင်းသားလူမျိုးစု (Indegenous Ethnic) တစ်စုအဖြစ် အသိအမှတ်ပြုခံရဖို့ တောင်းဆိုနေတာပါ။ တိုင်းရင်းသားလူမျိုးစုဖြစ်လာပြီဆိုရင် လူမျိုးစုဆိုင်ရာ အခွင့်အရေးတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားနဲ့ ဥပဒေပြုလွှတ်တော်မှာ လူမျိုးစုကိုယ်စားပြုပါဝင်ခွင့်တွေ၊ လူမျိုးစုထုံးစံ (သို့မဟုတ်) ဘာသာရေးအယူအဆအရ ကိုယ်ပိုင်တရားစီရင်ခွင့်တွေ ဆက်တိုက် တောင်းဆိုလာမည့် အလားအလာရှိပါတယ်။ ကျနော်တို့ မြန်မာပြည်သူတွေ အဲဒီလောက်အထိတော့ သဘောမကောင်းနိုင်ပါ။

(၃) နိုင်ငံသားဖြစ်ခွင့်ပေးရေးနဲ့ ပတ်သက်ရင်လည်း လက်ရှိအခြေအနေမှာ အစိုးရက ၁၉၈၂ ခု နိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်နေတာရှိပါတယ်။ အဲဒီ တည်ဆဲ နိုင်ငံသားဥပဒေကိုယ်တိုင်ကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများက လူ့အခွင့်အရေးချိုးဖောက်တဲ့ ဥပဒေတစ်ရပ်အဖြစ် ကန့်ကွက်နေကြတာပါ။ ဥပဒေအရ နိုင်ငံသားအဆင့်အတန်းကို (က) နိုင်ငံသား၊ (ခ) ဧည့်နိုင်ငံသား နဲ့ (ဂ) နိုင်ငံသားဖြစ်ခွင့်ရသူဆိုပြီး အဆင့်အတန်း သုံးမျိုးခွဲခြားထားတာကို ကျနော်ကိုယ်တိုင်လည်း လက်မခံနိုင်ပါ။ အထူးသဖြင့် ဒုတိယတန်းစားနဲ့ တတိယတန်းစားနိုင်ငံသားများဖြစ်ကြတဲ့ ဧည့်နိုင်ငံသား နဲ့  နိုင်ငံသားဖြစ်ခွင့်ရသူတွေကို သူတို့ရဲ့ ဘဝသက်တမ်းအတွင်း အချိန်ကာလနဲ့ စည်းကမ်းချက်တွေသတ်မှတ်ပြီး နိုင်ငံသားအပြည့်အဝဖြစ်ခွင့်မပေးထားတဲ့ အတွက် ရက်စက်လွန်း၊ ခွဲခြားလွန်းတယ်လို့ ယူဆပါတယ်။ တစ်ဘက်မှာလည်း နိုင်ငံတကာတောင်းဆိုချက်တွေက ရိုဟင်ဂျာလို့ သူတို့အသိအမှတ်ပြုသူများကို နိုင်ငံသားအဖြစ် အပြည့်အဝအသိအမှတ်ပြုဖို့ပါ။ 

အမေရိကန်ပြည်ထောင်စုမှာတောင် အမြဲတမ်းနေထိုင်ခွင့် (Permanent Resident) ငါးနှစ်ပြည့်လို့ နိုင်ငံသား ဖြစ်ခွင့်လျှောက်ကြတဲ့အခါ စာမေးပွဲဖြေဆိုကြရပါတယ်။ စာမေးပွဲမှာ အမေရိကန်နိုင်ငံရဲ့ သမိုင်းနဲ့ လက်ရှိနိုင်ငံအုပ်ချုပ်ရေးစနစ်၊ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို နားလည်ခြင်းအတိုင်းအတာကို စစ်ဆေးပါတယ်။ အင်္ဂလိပ်စာ ရေးသားနိုင်စွမ်း၊ ပြောဆိုနိုင်စွမ်း၊ နားလည်နိုင်စွမ်း၊ ဖတ်ရှူနိုင်စွမ်းတွေကို စစ်ဆေးပါတယ်။ စာမေးပွဲကျလို့ နိုင်ငံသားဖြစ်ခွင့်မရသူတွေ အများကြီးရှိပါတယ်။ အဲဒီ စာမေးပွဲအောင်မှ နိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့ အခမ်းအနားကို တက်ရောက်ခွင့်ရပါတယ်။ အဲဒီအခမ်းအနားမှာအမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံတော်ကို သစ္စာရှိပါမည်။ လိုအပ်လျင် အမေရိကန်ပြည်ထောင်စုကို ကာကွယ်ဖို့ စစ်မှုထမ်းပါမည်လို့ ကျမ်းကျိန်ကတိကဝတ်ပြုရပါတယ်။ 

ကျနော်တို့နိုင်ငံမှာလည်း နိုင်ငံသားဖြစ်ခွင့်ပေးဖို့အတွက် မြန်မာနိုင်ငံသမိုင်း၊ မြန်မာ့ယဉ်ကျေးမှု၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွေအပေါ် နားလည်နိုင်စွမ်းတွေကို စာမေးပွဲစစ်ဖို့ လိုပါလိမ့်မယ်။ မြန်မာဘာသာစကား ကျွမ်းကျင်မှုကို စစ်ဆေးဖို့လိုအပ်ပါလိမ့်မယ်။ မြန်မာနိုင်ငံသားဖြစ်ချင်သူဟာ မြန်မာနိုင်ငံအပေါ် သစ္စာရှိဖို့၊ ပြည်ပအစိုးရများကို သစ္စာမခံဖို့၊ ပြည်ပရန်ကိုကာကွယ်ဖို့ လိုအပ်တဲ့အချိန်မှာ မြန်မာနိုင်ငံအတွက် စစ်မှုထမ်းနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ကုလသမဂ္ဂက ချွင်းချက်မရှိ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ တောင်းဆိုနေတာ သိပ်လွန်လွန်းနေပါတယ်။ သို့သော်လည်း ကျနော်တို့မြန်မာနိုင်ငံဘက်မှာလည်း အင်မတန်တင်းကြပ်လွန်းတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို နိုင်ငံတကာကျင့်ထုံးများနဲ့ အညီ ပြန်လည်ပြင်ဆင်ဖို့နဲ့ နိုင်ငံသားဖြစ်သင့်ဖြစ်ထိုက်သူများကို နိုင်ငံသားအဖြစ် မြန်မြန်ဆန်ဆန်အသိအမှတ်ပြုပြီး နိုင်ငံတွင်း ဘယ်နေရာမှာမဆို လွတ်လပ်စွာအခြေချနေထိုင်ခွင့်တွေပေးဖို့ တာဝန်ရှိပါတယ်။

(၄) နိုင်ငံတော်နဲ့ နယ်နမိတ်လုံခြုံရေးရှူထောင့်ကတော့ ရှင်းပါတယ်။ အစိုးရက ဒေသအတွင်း ပဋိပက္ခများထပ်မံမဖြစ်ပွါးအောင် လုံခြုံရေးအင်အားနဲ့ အရေးယူဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ လိုအပ်သလို နယ်နမိတ်လုံခြုံရေးအတွက် နယ်ခြားစောင့်တပ်တွေ အင်အားတိုးမြှင့်ချထားရမှာပါ။ ပဋိပက္ခများကို မဖြစ်ပွါးခင် ကြိုတင်တားဆီးနိုင်ဖို့ စုံစမ်းထောက်လှမ်းမှုတွေ နိုးနိုးကြားကြားဆောင်ရွက်ရမှာ ဖြစ်သလို ဒေသတွင်း လူ့အဖွဲအစည်းတစ်ခုက အခြားလူ့အဖွဲ့အစည်းတစ်ခုအပေါ်မှာ ရန်လိုမှု၊ ခွဲခြားဆက်ဆံမှုများကိုလည်း ထိထိရောက်ရောက်တားဆီးနိုင်ရမှာပါ။ အမုန်းတရားလှုံ့ဆော်တဲ့ ဟောပြောမှုတွေကို ဥပဒေပြဋ္ဌာန်းတားမြစ်ရမှာဖြစ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းများရဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်သူများထံ ထိထိရောက်ရောက်ရောက်ရှိနိုင်စေဖို့လည်း တာဝန်ယူရမှာဖြစ်ပါတယ်။ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်အင်အားစုများကို ပူးပေါင်းကူညီနေတဲ့ ဒေသအဆင့် အာဏာပိုင်အဖွဲ့အစည်းများကိုလည်း ထိထိရောက်ရောက်အရေးယူရမှာ ဖြစ်ပါတယ်။ အခုဆိုရင် ဒုက္ခသည်စခန်းများကနေ လှေနဲ့ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရင်း ပင်လယ်ထဲမှာ လှေမှောက်သေဆုံးကြရတာတွေ၊ အိမ်နီးချင်းနိုင်ငံမှာ လူကုန်ကူးသူများရဲ့ သားကောင်များဖြစ်ကြရသူတွေ ရှိတယ်လို့ ကြားသိရပါတယ်။ အစိုးရအနေနဲ့ အဲဒီ စွပ်စွဲချက်တွေကို အလေးအနက်ထား စုံစမ်းစစ်ဆေးအရေးယူသင့်ပါတယ်။

(၅) နိုင်ငံမဲ့လူသားများအရေးရှူထောင့်က ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံမဲ့ဖြစ်နေတဲ့ လူသား တစ်သန်းကျော်ရှိနေပါပြီ။ အဲဒီလူတွေကို ဘယ်နိုင်ငံကမှ ခေါ်ယူနေထိုင်ခွင့်ပေးမှာ မဟုတ်ပါ။ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ရော၊ လူသားချင်းစာနာထောက်ထားတတ်တဲ့ နိုင်ငံတစ်ခုအနေနဲ့ပါ ကိုယ့်နိုင်ငံတွင်းက နိုင်ငံမဲ့များကို တရားဝင်နေထိုင်ခွင့်ပြုဖို့ တာဝန်ရှိပါတယ်။ ကမ္ဘာကြီးရဲ့ ဘယ်နေရာ၊ ဘယ်ဒေသမှာမှ နိုင်ငံမဲ့လူသားဆိုတာ မရှိသင့်ပါ။ ရခိုင်ပြည်နယ်အတွင်းမှ အစ္စလမ်ဘာသာဝင်များက မြန်မာနိုင်ငံကို သူတို့ရဲ့ နိုင်ငံလို့ ခံယူချင်တယ်ဆိုရင် မြန်မာနိုင်ငံကလည်း သူတို့ကို တရားဝင်နေထိုင်ခွင်ပေးဖို့၊ နိုင်ငံသားဖြစ်ထိုက်သူကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားဖြစ်ခွင့် ချက်ချင်းမရှိသေးရင်တောင်မှ တိကျတဲ့ အချိန်ကာလတစ်ခုပြည့်လို့ သတ်မှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်များနဲ့ ကိုက်ညီရင် နိုင်ငံသားဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေပေးဖို့၊ နိုင်ငံသားဖြစ်သည်ဖြစ်စေ၊ မဖြစ်သေးသည်ဖြစ်စေ ဒီလူသားတွေ ခံစားခွင့်ရှိတဲ့ အခြေခံလူ့အခွင့်အရေးတွေကို ခံစားခွင့်ရှိစေဖို့ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ဖြစ်ချင်သူများဘက်ကလည်း မြန်မာနိုင်ငံအပေါ် သစ္စာရှိဖို့၊ တည်ဆဲဥပဒေများကို လိုက်နာဖို့၊ နိုင်ငံသားအချင်းချင်းချစ်ခင်ရင်းနှီးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံသားဖြစ်ချင်တယ်လို့ ပြောပြီး မြန်မာနိုင်ငံရဲ့ ဒေသအစိတ်အပိုင်းတစ်ခုကို သီးခြားခွဲထုတ်ချင်တာ၊ မြန်မာများနဲ့ ရခိုင်များအပေါ် မုန်းတီးရေးလှုံ့ဆော်နေတာ၊ အစ္စလမ်နိုင်ငံတည်ထောင်ရေး လျှို့ဝှက်ကြိုးပမ်းနေတာမျိုးကိုတော့ လက်ခံဖို့ မဖြစ်နိုင်ပါ။


Saturday, December 20, 2014

ဆက်၍ ရွေ့ခြင်း၊ မရွေ့ခြင်း၊ အပိုင်း (၃)

[7 Days ဂျာနယ်၊ အတွဲ (၁၃)၊ အမှတ် (၂၁)၊ ဒီဇင်ဘာလ (၁၇)၊ ၂၀၁၄]

ဆက်၍ ရွေ့ခြင်း၊ မရွေ့ခြင်း၊ အပိုင်း (၃)

အောင်ဒင်

# ပြည်သူ့အားကိုယူပါ၊ ပြည်သူကို မိတ်ဆွေဖွဲ့ပါ

အထက်ကတင်ပြခဲ့သလို မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ကြီးမားခိုင်ခန့်လှပါတယ်။ ရှေ့မှာတင်ပြခဲ့တဲ့ လိုအပ်ချက် (၈) ချက်စလုံးမှာ မပြည့်စုံ၊ အားနည်းနေတဲ့အပြင် ခေတ်ဟောင်းကို ပြန်လှည့်ချင်သူများ၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုနေသူများ၊ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေသူများက မလိုအပ်ပဲ တည်ရှိနေပြန်ပါတယ်။ လိုအပ်တာတွေ မပြည့်ဝတဲ့အပြင် မလိုအပ်တာတွေက တည်ရှိနေပြန်တော့ ဒီအခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကျော်လွှားဖြတ်သန်းနိုင်ဖို့ သမ္မတဦးသိန်းစိန်အနေနဲ့ ကျန်သေးတဲ့ သမ္မတသက်တမ်း ၁၅ လလောက်အတွင်းမှာ အလွန့်အလွန်အားသွန်ခွန်စိုက်ကြိုးပမ်းဖို့ လိုအပ်ပါတယ်။ ဒါမှပဲ သမ္မတဦးသိန်းစိန်အနေနဲ့ ဒုတိယသက်တမ်း ဆက်လက်တာဝန် ထမ်းဆောင်သည်ဖြစ်စေ၊ အနားယူသည်ဖြစ်စေ နောက်အစိုးရများအတွက် ကောင်းမွန်တဲ့ အစဉ်အလာတစ်ခုကို ချန်ထားခဲ့နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ကောင်းမွန်တဲ့အစဉ်အလာတစ်ခုကို ချန်ထားခဲ့နိုင်ဖို့အတွက် သမ္မတဦးသိန်းစိန်အတွက် ကျန်သေးတဲ့ သက်တမ်းအတွင်း ဦးစားပေးဆောင်ရွက်သင့်တာက (၁) ပြည်သူလူထုအပေါ် အစွမ်းကုန် သည်းခံဖို့နဲ့ (၂) အစိုးရယန္တယားအတွင်းက နောက်ကြောင်းပြန်လှည့်ချင်သူတွေနဲ့ အာဏာအလွဲသုံးစားလုပ်သူတွေ၊ အဂတိလိုက်စားသူတွေကို ပြတ်ပြတ်သားသားအရေးယူရဲဖို့ပဲ ဖြစ်ပါတယ်။ 

ပြည်သူလူထုဟာ အစိုးရရဲ့ ရန်သူမဖြစ်သင့်ပါ။ မဟာမိတ်များသာ ဖြစ်သင့်ပါတယ်။ စစ်အစိုးရဟောင်းများရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းဆက်ခံထားတဲ့ ဦးသိန်းစိန်အစိုးရ အနေနဲ့ ပြည်သူလူထုရဲ့ မသဲကွဲမှု၊ မကြည်ဖြူမှုကို သဘာဝကျကျအသိအမှတ်ပြုလက်ခံရင်း ပြည်သူလူထုရဲ့ ကြည်ဖြူနားလည်မှုကို လက်ခံရရှိအောင် ပြည်သူအကျိုးပြုလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်၊ ပြည်သူလူထုအပေါ် အစွမ်းကုန် သည်းခံစိတ်ရှည်ပြီး မှန်ကန်ဖြောင့်မတ်သော နည်းလမ်းများနဲ့ စည်းရုံးခေါ်ဆောင်သင့်ပါတယ်။ အစိုးရနဲ့ ပြည်သူ ကြည်ဖြူညီညွတ်မှပဲ ရှိနေတဲ့ အတားအဆီးတွေ၊ စိန်ခေါ်မှုတွေကို ကျော်လွှားဖြတ်သန်းနိုင်မှာပါ။ 
ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ရှေ့တိုးဆောင်ရွက်နိုင်မှာပါ။ နောက်ကြောင်းပြန်လှည့်ချင်သူများကို အားနည်းချိနဲ့စေမှာပါ။ အစိုးရနဲ့ ပြည်သူ ကြည်ဖြူ၊ ညီညွတ်မှပဲ မလိုလားအပ်တဲ့ နိုင်ငံတကာ ဖိအားပေးမှုအချို့ကို ရင်ဆိုင် တုံ့ပြန်နိုင်မှာပါ။ အစိုးရကိုယ်တိုင်က ပြည်သူလူထုကို၊ သတင်းမီဒီယာကို၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေကို ပြုပြင်ပြောင်းလဲရေးခရီးစဉ်အတွက် မရှိမဖြစ်လိုအပ်တဲ့ မဟာမိတ်များအဖြစ် လက်ခံလက်တွဲဖို့ပါ။

#မလိုလားအပ်သော နိုင်ငံတကာဖိအားပေးမှုများ

အထက်မှာ  မလိုလားအပ်သော နိုင်ငံတကာဖိအားပေးမှုများလို့ ဖော်ပြခဲ့ပါတယ်။ ကျနော်ဟာ စစ်အာဏာရှင်စနစ်ကြီးကို ဆန့်ကျင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်းက သာမာန်လက်ထောက်တပ်သားလေးတစ်ယောက်အနေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရများက မြန်မာအစိုးရအပေါ် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ပြုပြင်ပြောင်းလဲရေးများအတွက် ဖိအားပေးတာကို ထောက်ခံကြိုဆိုသူ တစ်ယောက်ပါ။ ကျနော်ကိုယ်တိုင်လည်း အဲဒီလို နိုင်ငံတကာဖိအားတွေ ဖြစ်ပေါ်လာအောင် တတ်နိုင်သမျှ စည်းရုံးလှုံ့ဆော်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်ကစတင်ဖြစ်ပွါးခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများနဲ့ ပတ်သက်ပြီး နိုင်ငံတကာအစိုးရများရဲ့ မြန်မာအစိုးရအပေါ် ဖိအားပေးမှုတွေအပေါ်မှာတော့ စိတ်မသက်မသာ ဖြစ်မိပါတယ်။

၂၀၁၂ ခုနှစ်က စလို့ ရခိုင်ပြည်နယ်မှာ စတင်ဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံးကို ပြန့်နှံ့သွားတဲ့ ပဋိပက္ခတွေဟာ ဝမ်းနည်းကြေကွဲစရာ အနိဋ္ဌာရုံဖြစ်ရပ်တွေပါ။ မြန်မာနိုင်ငံတွင်းက လူ့အဖွဲ့အစည်း နှစ်ခုအကြား ကောလာဟလများနဲ့ သွေးထိုးလှုံ့ဆော်မှုများကို အခြေပြုပြီး အကြမ်းဖက်မှုတွေ ပေါက်ကွဲကြတာ လူ့အသက်ပေါင်းများစွာကို ဆုံးရှုံးစေ၊ လူသိန်းပေါင်းများစွာကို အိုးအိမ်နေထိုင်ရာမဲ့စေခဲ့ပါတယ်။ ဘာသာရေးအဆောက်အအုံများ၊ လူနေအိမ်များ၊ စီးပွါးရေးလုပ်ငန်းများ အများအပြား ပျက်စီးခဲ့ပါတယ်။ တစ်နိုင်ငံတွင်းနေ ပြည်သူများအကြား ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး မယုံကြည်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ ရန်လိုမုန်းတီးမှုတွေ ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့ အသက်၊ အိုးအိမ်၊ ဘဝပျက်စီးမှုတွေနဲ့အတူ ကျနော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း ကမ္ဘာ့အလယ်မှာ စတင် ကျဆင်းခဲ့ပါတယ်။ ကျနော်တို့တိုင်းပြည်ကို ကမ္ဘာ့ပြည်သူတွေက အရင်တုန်းကလို "မွန်မြတ်ဖြူစင်သော ဗုဒ္ဓဘာသာရဲ့ အဆုံးအမအောက်က မေတ္တာတရားတွေ ပေါကြွယ်ဝတဲ့ တိုင်းပြည်" လို့ အသိအမှတ်မပြုတော့ပါဘူး။ "ဘာသာရေးအစွန်းရောက်တွေရဲ့ ထိန်းချုပ်မှုအောက်က အမုန်းတရားတွေနဲ့ အရှုံးများနေတဲ့ တိုင်းပြည်" လို့ သတ်မှတ်လိုက်ကြပါပြီ။ 

ဒီလို အခြေအနေမျိုးမှာ မြန်မာအစိုးရအပေါ် နိုင်ငံတကာအစိုးရများရဲ့ သံတမန်ရေးရာ ဖိအားပေးမှု၊ တိုက်ရိုက်ဆွေးနွေးတောင်းဆိုမှုတွေကလည်း တမျိုးတဖုံပြောင်းလဲလာပါတယ်။ အရင်တုန်းကလိုပဲ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေးမှု၊ တောင်းဆိုမှုများအပြင် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများကို ရပ်တန့်ရေးတောင်းဆိုဖိအားပေးမှုတွေ ရှိလာပါတော့တယ်။ အချို့တောင်းဆိုချက်များက သဘာဝကျပြီး လက်ခံနိုင်စရာအကြောင်းရှိပေမည့် အချို့တောင်းဆိုချက်များကတော့ မြန်မာအစိုးရတင်မက မြန်မာပြည်သူ အများစုပါ လက်ခံနိုင်မယ်မထင်ပါ။ အနီးစပ်ဆုံး ဥပမာကတော့ ကျင်းပနေဆဲ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဥရောပသမဂ္ဂနိုင်ငံများနဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၃၈ နိုင်ငံက တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်မူကြမ်းပဲ ဖြစ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်မူကြမ်းရဲ့ စာပိုဒ်အမှတ် (၈) မှာ အောက်ပါအတိုင်း တောင်းဆိုထားပါတယ်။

"(၈) အထွေထွေညီလာခံမှ ယမန်နှစ်က ထပ်မံ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအပါအဝင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာလူနည်းစုများ၏ အခြေအနေနှင့်ပတ်သက်၍ အလေးအနက်စိတ်ပူပန်မှုကို ထပ်မံအတည်ပြုသည်။ မြန်မာအစိုးရ၏ ယင်းအခြေအနေများ အပေါ် တုံ့ပြန်ဆောင်ရွက်ချက်များကို အသိအမှတ်ပြုသည့်နည်းတူ အထွေထွေညီလာခံမှ မြန်မာအစိုးရအား ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသူများအားလုံး၏ အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များအား တရားဝင်အဆင့်အတန်းရှိ၊မရှိ ခွဲခြားခြင်းမရှိပဲ အကာအကွယ်ပေးရန်၊ လူသားချင်းစာနာသည့် အကူအညီများအား ဘာသာလူမျိုးမခွဲခြားပဲ အားလုံး ချက်ချင်းရရှိနိုင်ရေးအတွက် တာဝန်ခံရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးသည့် အဖွဲ့များအား ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ပြုရန်၊ ဒေသတွင်း အိုးအိမ်မဲ့ရွှေ့ပြောင်းနေထိုင်ရသူများအားလုံးအား ၎င်းတို့၏ မူလနေထိုင်ရာ ဒေသများသို့ ၎င်းတို့၏ ဆန္ဒအလျောက် လုံခြုံစိတ်ချရစွာ  ပြန်လည်နေထိုင်နိုင်ရေးအတွက် တာဝန်ယူရန်၊ ရိုဟင်ဂျာလူမျိုးစုများအား လွတ်လပ်စွာလှုပ်ရှားခွင့်နှင့် နိုင်ငံသားဖြစ်ခွင့် အပြည့်အဝပေးရန်၊ ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒဖြင့် လူမျိုးစုအမည်သတ်မှတ်ခြင်းကို ခွင့်ပြုရန်နှင့် နိုင်ငံတော်၏ ဝန်ဆောင်မှုများအားလုံး၊ အထူးသဖြင့် ကျန်းမာရေး၊ ပညာရေးများအား တန်းတူညီမျှ ခံစားခွင့်ပြုရန်၊ ရိုဟင်ဂျာလူမျိုးစုများအား လက်ထပ်ထိန်းမြားခွင့်ပေးရန်နှင့် မွေးစာရင်းလက်မှတ်များ ထုတ်ပေးရန်၊ အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံခြင်းများ၏ အခြေခံအကြောင်းရင်းများအား ဖော်ထုတ်ဖြေရှင်းရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ပြန်လည်သင့်မြတ်ရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သည့် သတင်းပို့မှုများအားလုံးကို ပွင့်လင်းမြင်သာသော၊ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများကို အပြည့်အဝတာဝန်ယူဆောင်ရွက်ရန်  တောင်းဆိုသည်။" 

အထက်ပါ ကုလသမဂ္ဂအထွေညီလာခံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းပါ တောင်းဆိုချက်ကို ကြည့်မယ်ဆိုရင် ကမ္ဘာ့နိုင်ငံများရဲ့ ဘက်လိုက်မှုကို တွေ့မြင်နိုင်ပါတယ်။ တစ်ဘက်မှာ "ငါတို့သည် ရခိုင်ပြည်နယ်မှာ ဘိုးစဉ်ဘောင်ဆက်နေထိုင်နေတဲ့ ရိုဟင်ဂျာလူမျိုးများဖြစ်တယ်။ ရခိုင်ပြည်နယ်ကို ရခိုင်လူမျိုးများနဲ့ အတူ ရိုဟင်ဂျာလူမျိုးများလည်း ပိုင်ဆိုင်တယ်" လို့ ကြွေးကြော်နေတဲ့ လူတွေရှိတယ်။ တစ်ဘက်မှာ "ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးစု ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ရခိုင်ပြည်နယ်ဟာ ရခိုင်လူမျိုးများသာပိုင်ဆိုင်တဲ့ ဒေသဖြစ်တယ်" လို့ တုံ့ပြန်သူတွေရှိတယ်။ "မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး" လို့ မြန်မာအစိုးရက ငြင်းဆန်ပြီး မြန်မာနိုင်ငံသားအများစုက ထောက်ခံကြတယ်။ "ဝန်ကြီးချုပ်ဟောင်း ဦးနုနဲ့ သမ္မတဟောင်း စောရွှေသိုက်တို့က ရိုဟင်ဂျာကို အသိအမှတ်ပြုခဲ့တယ်" လို့ ပြန်ဖြေရှင်းကြသူတွေလည်းရှိတယ်။ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအတွင်းမှာ လူမျိုးစုတစ်ခု အမှန်တကယ်တည်ရှိခြင်း၊ မရှိခြင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာအစိုးရများအနေနဲ့ သက်ဆိုင်ရာနိုင်ငံအစိုးရက ဦးဆောင်ပြီး အငြင်းပွါးနေတဲ့ ဘက်နှစ်ဘက်ကို စားပွဲဝိုင်းမှာ စိတ်ရှည်လက်ရှည်ဆွေးနွေးဖြေရှင်းကြဖို့ တောင်းဆိုတာပဲဖြစ်သင့်ပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးစု အမှန်တကယ်တည်ရှိတယ်လို့ တစ်ဘက်သတ်ဆုံးဖြတ်ရပ်တည်ပြီး မြန်မာအစိုးရကို ရိုဟင်ဂျာလူမျိုးစုကို အသိအမှတ်ပြုဖို့၊ နိုင်ငံသားအပြည့်အဝဖြစ်ခွင့်ပေးဖို့ တောင်းဆိုတာဟာ ဘက်လိုက်မှုဖြစ်တယ်လို့ ကျနော်ခံစားရပါတယ်။

အဲဒီ ဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အထွေထွေညီလာခံ တတိယကော်မတီက ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါပြီ။ အချေအတင်ဆွေးနွေးပွဲမှာ အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံပါဝင်တဲ့ အစ္စလမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamist Cooperation/ OIC) က ပိုပြီးပြင်းထန်တဲ့ စကားလုံးတွေသုံးစွဲဖို့တောင် တောင်းဆိုခဲ့ကြပါသေးတယ်။