BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, December 4, 2014

ဆက်၍ ရွေ့ခြင်း၊ မရွေ့ခြင်း ၊ အပိုင်း (၁)

[7 Days ဂျာနယ်၊ အတွဲ (၁၃)၊ အမှတ် (၁၉)၊ ဒီဇင်ဘာလ (၃)၊ ၂၀၁၄]



ဆက်၍ ရွေ့ခြင်း၊ မရွေ့ခြင်း ၊ အပိုင်း (၁)

အောင်ဒင်

#အပြောင်းအလဲများနှင့် မြန်မာနိုင်ငံ

၂၀၁၁ ခုနှစ်မှာ အစိုးရသစ်တက်တဲ့ အချိန်ကစလို့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေ အခုအချိန်မှာ ရပ်တန့်နေပြီလို့ ပြည်တွင်းက ဒီမိုကရေစီအရေးလှုပ်ရှားသူ၊ ဝေဖန်သူတွေရော၊ ပြည်ပက အစိုးရများ၊ အဖွဲ့အစည်းများကပါ တစ်ညီတစ်ညာတည်း ပြောနေကြပါတယ်။ ရပ်တန့်ရုံတင်မကဘူး၊ နောက်ကြောင်းပြန်လှည့်တဲ့ လှုပ်ရှားမှုတွေတောင် တွေ့နေရပြီလို့ စိုးရိမ်တကြီး ပြောဆိုနေကြတာလည်း ကြားသိရပါတယ်။ ဒီလို ပြောကြဆိုကြ၊ ထင်မြင်ယူဆရအောင်လည်း မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်များက စိုးရိမ်စရာကောင်းလှပါတယ်။

မြန်မာနိုင်ငံနဲ့ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ပြီးတဲ့နောက် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလအတွင်မှာ မြန်မာနိုင်ငံကို ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ်၊ အလည်အပတ်ပြန်ရောက်ခဲ့ပါတယ်။ ၂၈ ရက်ကြာ နေထိုင်ခွင့်ရတဲ့ အချိန်ကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ အခြေအနေကို နီးနီးကပ်ကပ် လေ့လာသုံးသပ်ခွင့်ရခဲ့ပါတယ်။ ကျနော်တို့နိုင်ငံနဲ့ ကျနော်တို့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီးတွေက ထုထည်ကြီးမားလှပါတယ်။ အဓိကကတော့ နှစ်ပေါင်း ၅၀ ကျော် တိုင်းပြည်ကို အဓမ္မ အုပ်စိုးခဲ့တဲ့ စစ်အစိုးရအဆက်ဆက်က ချန်ထားရစ်ခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှုတွေပါ။ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားဖြတ်သန်းနိုင်ဖို့အတွက် (၁) အမှန်တကယ်ကိုပဲ ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရတစ်ရပ်လိုအပ်ပါတယ်။ (၂) ပြည်သူလူထုကို စစ်စစ်မှန်မှန်ကိုယ်စားပြုတဲ့ ဥပဒေပြုလွှတ်တော်လိုအပ်ပါတယ်။ (၃) လွတ်လပ်ပြီး မျှတသန့်ရှင်းတဲ့ တရားစီရင်ရေးစနစ်လိုအပ်ပါတယ်။ (၄) တိုင်းပြည်ရဲ့ နိုင်ငံရေးဦးဆောင်မှုမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိပဲ နိုင်ငံတော်လုံခြုံရေးကိုသာ ထိထိရောက်ရောက်တာဝန်ယူမည့် လက်နက်ကိုင်အဖွဲ့အစည်းများ လိုအပ်ပါတယ်။ (၅) မတူညီသော နိုင်ငံရေးရပ်တည်ချက်များကို ညီညွတ်အောင်စုစည်းပြီး ပြည်သူလူထုကို မှန်ကန်သောဦးဆောင်မှုပေးနိုင်တဲ့၊ အာဏာရအစိုးရကို ရဲရဲရင့်ရင့်၊ မှန်မှန်ကန်ကန်ဝေဖန်ထောက်ပြနိုင်တဲ့ အတိုက်အခံအင်အားစု လိုအပ်ပါတယ်။ (၆) အလိုတော်ရိစီးပွါးရေးသမားတွေနဲ့ အာဏာပိုင်တွေက ချုပ်ကိုင်ထားခြင်းမရှိတဲ့ လွတ်လပ်တဲ့ ဈေးကွက်စီးပွါးရေးစနစ်ရှိဖို့ လိုအပ်ပါတယ်။ (၇) အမှန်တရားကို သမာသမတ်ကျကျ၊ မျှမျှတတ တာဝန်ယူ၊ တာဝန်ခံပြီး ဖော်ထုတ်ရေးသားတဲ့ သတင်း၊ မီဒီယာတွေ လိုအပ်ပါတယ်။ ပြီးတော့ (၈) ပြည်သူလူထုနဲ့ အုပ်ချုပ်သူများအကြား မျှမျှတတပေါင်းကူးဆက်သွယ်ပေးနိုင်မည့် အရပ်ဘက်အဖွဲ့အစည်းများရဲ့ စနစ်တကျ ကြီးထွားရှင်သန်မှုနဲ့ အားကောင်းခိုင်မာမှုလိုအပ်ပါတယ်။ အဲဒီလိုအပ်ချက်တွေ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုပြီး အားနည်းချို့ယွင်းနေသ၍ နှစ်ပေါင်းများစွာ အနည်ထိုင်တည်ရှိနေတဲ့ စိန်ခေါ်မှုကြီးတွေကို ကျော်လွှားနိုင်ဖို့ အလွန်ခက်ခဲပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကတော့ အထက်ပါလိုအပ်ချက်များအားလုံး အားနည်းချို့ယွင်းနေတာ တွေ့ရပါတယ်။

#အသက်ရှူခွင့်နဲ့ ညစ်ပတ်တဲ့ လေ

ကျနော့်အမြင်မှာတော့ လက်ရှိအခြေအနေဟာ အုပ်ချုပ်သူများနဲ့ ပြည်သူလူထု နှစ်ဘက်စလုံးမှာ အသက်ရှူခွင့်ရရှိနေတဲ့ အခြေအနေပါ။

ကျန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း စစ်အာဏာရှင်စနစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်မှာ မြန်မာပြည်သူတွေ အသက်ရှူကြပ်ခဲ့ရပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် လှုပ်ရှားအရေးဆိုသူတွေ၊ စစ်အာဏာရှင်စနစ်ကို အကြမ်းမဖက် ဆန့်ကျင်သူတွေဟာ အကြမ်းဖက်သတ်ဖြတ်ခံကြရ၊ အကျဉ်းထောင်ထဲမှာ ညှင်းပန်းနှိပ်စက်ခံကြရ၊ နယ်စပ်ဒေသများဆီ မောင်းထုတ်ခံခဲ့ကြရတာပါ။ သာမာန်ပြည်သူများအတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာမှာ နိမ့်ကျလို့ ဆင်းရဲတွင်းထဲ အနက်ရှိုင်းဆုံး ကျဆင်းခဲ့ကြရတာပါ။ တစ်နိုင်ငံလုံးကို လွှမ်းခြုံသိုင်းဖွဲ့ထားတဲ့ အကြောက်တရားမိုးတိမ်တွေရဲ့ အောက်မှာ ပြည်သူတွေအားလုံး အသက်ရှူကြပ်ခဲ့ကြတာပါ။

ပြည်သူတွေ အသက်ရှူကြပ်သလို စစ်အစိုးရ အုပ်ချုပ်သူများလည်း အသက်ရှူကြပ်ခဲ့ကြပါတယ်။ နိုင်ငံတကာအစိုးရများက စစ်အစိုးရကို မြန်မာပြည်သူများရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆိုခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပဖို့ တောင်းဆိုရင်း အမေရိကန်ပြည်ထောင်စုနဲ့ ဒီမိုကရေစီနိုင်ငံများက မြန်မာစစ်အစိုးရအပေါ် စီးပွါးရေး၊ နိုင်ငံရေး၊ သံတမန်ရေး ဖိအားတွေ ပေးခဲ့ကြပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ တရုတ်၊ ရုရှား၊ ကျူးဘား စတဲ့ ဘဝတူအာဏာရှင်အစိုးရအချို့ကလွဲပြီး နိုင်ငံတကာမှာ မိတ်ဆွေကင်းမဲ့ခဲ့ပါတယ်။ စစ်ခေါင်းဆောင်တွေအနေနဲ့ အရှေ့တောင်အာရှနိုင်ငံအချို့ကလွဲရင် ကမ္ဘာ့တစ်ဝှမ်း ဘယ်နိုင်ငံကိုမှ ခြေချနိုင်ခွင့် မရှိခဲ့ပါဘူး။ ဒါကြောင့်မို့ စစ်အစိုးရကိုယ်တိုင်လည်း နိုင်ငံတကာဖိအားပေးမှုအောက်မှာ အသက်ရှူကြပ်ခဲ့တာပါ။

ဒီကနေ့မှာတော့ နှစ်ဘက်စလုံး အသက်ရှူကြပ်ရတဲ့ အခြေအနေက လွတ်မြောက်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပြီးတဲ့နောက် နိုင်ငံတော်အာဏာကို အရပ်သား အသွင်သဏ္ဍန်ဆောင်ပြီး ဆက်လက်ချုပ်ကိုင်ထားတဲ့ စစ်ခေါင်းဆောင်ဟောင်းများက ပြည်သူလူထုနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိရေး (Legitimacy) အတွက် ဖြေလျော့မှုအချို့ကို စတင်ဆောင်ရွက်လာပါတယ်။ ပြုပြင်ပြောင်းလဲရေး (Reform) လို့ ဆိုကြတဲ့ ဖြေလျော့မှု (Liberalization) တွေထဲမှာ နိုင်ငံရေးအကျဉ်းသားအများစုကို အကျဉ်းထောင်များမှ ပြန်လွှတ်ပေးတာ၊ သတင်း၊ မီဒီယာနဲ့ အင်တာနက်လွတ်လပ်မှုများကို ခွင့်ပြုတာ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ပေးတာ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တည်ထောင်တာ၊ အတိုက်အခံခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးတာ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို သန့်ရှင်းမျှတစွာ ကျင်းပပေးတာ၊ လူထုမကျေနပ်မှုများကို ဖြေရှင်းရာမှာ အရင်ကလို အကြမ်းဖက်ဖြေရှင်းတာမျိုးကို ရှောင်ပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ ကြိုးစားတာတွေ ပါဝင်ပါတယ်။ 

အစိုးရသစ်ရဲ့ ထူးခြားချက်တစ်ခုကတော့ အရင် စစ်အစိုးရနဲ့ မတူပဲ တိုင်းပြည်ဟာ ဆင်းရဲတွင်းထဲနက်နေပြီ၊ ကမ္ဘာ့နိုင်ငံများနဲ့ နှိုင်းယှဉ်ရင် အဝေးကြီးမှာ နောက်ကျကျန်နေခဲ့ပြီလို့ ဝန်ခံအသိအမှတ်ပြုပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်နေတာပါ။ နောက်ထူးခြားတာကတော့ မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်နေတဲ့ ပြည်တွင်းစစ်ကြီးကြောင့် တိုင်းပြည်ဆင်းရဲနွမ်းပါးတာကို အသိအမှတ်ပြုပြီး တိုင်းပြည်တိုးတက်ဖွံ့ဖြိုးဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မဖြစ်မနေဆောင်ရွက်ဖို့ လိုအပ်ကြောင်း နားလည်လာခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို နားလည်မှုနဲ့အတူ ဦးသိန်းစိန်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုတွေကို ပြည်နယ်/တိုင်း ဒေသကြီးအဆင့်၊ ပြည်ထောင်စုအဆင့် စတင်ဆောင်ရွက်လာပါတယ်။

အထက်ပါ ဖြေလျော့မှု (သို့မဟုတ်) ပြုပြင်ပြောင်းလဲမှုတွေကြောင့် ကျနော်တို့ပြည်သူတွေ အသက်ရှူချောင်စပြုလာပါပြီ။ အဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်လာကြသလို စာပေစီစစ်ရေးကင်းရှင်းတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေ၊ စာအုပ်တွေကိုလည်း ဖတ်ရှူနေကြရပါပြီ။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေလည်း နိုင်ငံကူးလက်မှတ်တွေ ရပြီး နိုင်ငံတကာကို လှည့်လည်လေ့လာနိုင်ကြပါပြီ။ မြေယာသိမ်းဆည်းခံရမှုများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် ဆန္ဒဖော်ထုတ်ခွင့်တွေ ရကြပါပြီ။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပွင့်ပွင့်လင်းလင်းကန့်ကွက်နိုင်ကြပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုစည်းဝေးပွဲတွေ ကျင်းပနိုင်ကြပါပြီ။ တစ်ချိန်တုန်းက ထိုင်း-မြန်မာနယ်စပ်ကနေ မြန်မာနိုင်ငံကို ချောင်းကြည့်လေ့လာခဲ့ရတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေလည်း မြန်မာနိုင်ငံအတွင်းကို တရားဝင် ဝင်ရောက်ပြီး စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေ ပေးနိုင်ကြပါပြီ။ ထိုင်း-မြန်မာနယ်စပ်ဒေသအခြေစိုက် အတိုက်အခံအဖွဲ့အစည်းအများစု၊၊ အတိုက်အခံနိုင်ငံရေးသမား အများစုလည်း မြန်မာနိုင်ငံထဲ တရားဝင်ပြန်လည်ရောက်ရှိလို့ နိုင်ငံရေးနယ်ထဲ ပါဝင်လှုပ်ရှားနိုင်ကြပါပြီ။

ပြည်သူတွေ အသက်ရှူချောင်စပြုသလို အုပ်ချုပ်သူများလည်း အသက်ရှူချောင်လာပါတယ်။ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုတဲ့အနေနဲ့ အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံများက စီးပွါးရေးပိတ်ဆို့မှုတွေကို ဖြေလျော့ပေးပါတယ်။ အလှူရှင်နိုင်ငံများက နှစ်ပေါင်းများစွာက ပြန်မဆပ်နိုင်ခဲ့တဲ့ အကြွေးတွေကို ချေဖျက်ပေးတဲ့ အပြင် ထောက်ပံ့ငွေတွေ၊ အတိုးနည်းချေးငွေတွေ ဒေါ်လာ သန်း ရာပေါင်းများစွာ အကူအညီပေးကြပါတယ်။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် စတဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းကြီးများကလည်း အစုရှယ်ယာအများစုကို ပိုင်ဆိုင်တဲ့ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်စတဲ့ နိုင်ငံများရဲ့ ထောက်ခံမှုနဲ့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပညာနဲ့ ငွေကြေးအကူအညီများ ပေးလာကြပါတယ်။ တစ်ချိန်က ကမ္ဘာ့အလယ်မှာ အထီးကျန်ဖြစ်ခဲ့ရတဲ့၊ အပစ်ပယ်ခံခဲ့ရတဲ့ မြန်မာစစ်ခေါင်းဆောင်ဟောင်းတွေဟာ အခုတော့ ပြုပြင်ပြောင်းလဲရေးသမားများအဖြစ် အသိအမှတ်ပြုခံရပြီး ကမ္ဘာ့မြို့တော်ကြီးတွေဆီ ဖိတ်ကြားခံနေရပါပြီ။ သူတို့လည်း အသက်ရှူချောင်လာကြပါပြီ။

နှစ်ဦး နှစ်ဘက် အသက်ရှူချောင်လာကြပေမည့် မြန်မာနိုင်ငံကို လွှမ်းခြုံထားတဲ့ လေထုကြီးကတော့ ညစ်ထေးနေဆဲပါပဲ။ အဲဒီ လေထုထဲမှာ အစိုးရအဆင့်ဆင့်ရဲ့ အားနည်းပျော့ညံ့မှုတွေရှိတယ်။ အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးစားမှုတွေရှိတယ်။ နောက်ကြောင်းပြန်လှည့်ဖို့ အတွက် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေကို သွေးထိုးလှုံ့ဆော်ပေးနေသူတွေရှိတယ်။ အင်တာနက်၊ သတင်းမီယာနဲ့ လူမှုကွန်ယက်များကတဆင့် အမုန်းတရားနဲ့ ကောလာဟလများကို လွတ်လွတ်လပ်လပ် ဖြန့်ဖြူးနေတာရှိတယ်။ ဘာသာရေးကို နိုင်ငံရေးအာဏာအတွက် အသုံးချနေသူတွေရှိတယ်။ တရားမဝင်ငွေကြေးတွေကို ခဝါချပြီး မြန်မာနိုင်ငံရဲ့ မြေအများစု၊ အဆောက်အအုံအများစုကို ထိန်းချုပ်ပိုင်ဆိုင်ထားသူတွေရှိတယ်။ အာဏာပိုင်က အထူးအခွင့်အရေးပေးလို့ အလွန်အကျွန်အောင်မြင်ချမ်းသာနေတဲ့ အလိုတော်ရိစီးပွါးရေးသမားတွေရှိတယ်။ အပြစ်ရှိသူကို လွတ်မြောက်စေပြီး အပြစ်မဲ့သူကို အရေးယူတဲ့ ဥပဒေဘက်တော်သားတွေရှိတယ်။ ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ အစိုးရလုပ်လုပ်၊ ဆင်းရဲတွင်းထဲက ရုန်းထွက်ခွင့်မရလို့ အရာရာကို စိတ်တိုင်းမကျ၊ ဘယ်သူ့ကိုမှ မယုံကြည်တော့တဲ့ ပြည်သူတွေရှိတယ်။ မတရားတဲ့ စီရင်ချက်တွေကို ချမှတ်နေတဲ့ တရားသူကြီးတွေရှိတယ်။ ပြည်သူတွေက မရင့်ကျက်သေးလို့ဆိုပြီး နိုင်ငံတော်ကို ဆက်လက်ဦးဆောင်ချင်သေးတဲ့ စစ်ခေါင်းဆောင်တွေရှိတယ်။ ပြည်သူက ရွေးချယ်ပါတယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေရှိတယ်။ ခေါင်းဆောင်များက ခေါင်းဆောင်တဲ့အလုပ်ကို မလုပ်လို့ ခေါင်းဆောင်မဲ့နေကြတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေရှိတယ်။ ရင့်ကျက်မှုအားနည်းလို့ နိုင်ငံခြားအလှူရှင်ခိုင်းသမျှ လုပ်နေရတဲ့ အရပ်ဘက်အဖွဲ့အစည်းအချို့ရှိတယ်။ ကိုပါကြီးလို မတရားဖမ်းဆီးသတ်ဖြတ်ခံကြရသူတွေ ရှိတယ်။ တွေ့ဆုံဆွေးနွေးအဖြေရှာရေးလို့ ကြွေးကြော်ပြီး မတွေ့ဆုံ၊ မဆွေးနွေး၊ ဓားသွေးနေသူတွေရှိတယ်။

ဒီလောက် ညစ်ထေးတဲ့ လေထုကြီးအောက်မှာ ကျနော်တို့တွေ အသက်ရှူခွင့်ရပေမည့် လတ်ဆတ်သန့်ရှင်းတဲ့ လေကိုတော့ အားရပါးရ ရှူရှိုက်ခွင့်မရကြသေးပါ။ ဒါ့အပြင် ဒီလေထုကြီးက ညစ်ထေးနေသ၍ ကျနော်တို့တွေ အသက်ရှူရင်း ကျန်းမာရေးချို့တဲ့ကြရမှာပါ။ ဒီ ညစ်ထေးနေတဲ့ လေထုကြီးကို သန့်ရှင်းစင်ကြယ်စေဖို့ အစိုးရနဲ့ ပြည်သူ အတူတကွ ကြိုးစားအားထုတ်ကြရမှာပါ။

0 comments: