BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, September 27, 2013

Burma's Parliament Watch Part 36

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၆၄၊ စက်တင်ဘာလ ၂၆ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၃၆) လွှတ်တော်၊ နိုင်ငံရေးပါတီများနှင့် အင်စတီကျူးရှင်း (Institution) (ခ)

နိုင်ငံတော်သမ္မတကို ပါတီကိုယ်စားပြုခွင့်မပြုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အောက်ပါအတိုင်း ပြဋ္ဌန်းထားပါတယ်၊
"ပုဒ်မ ၆၄။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင်  နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ၊"
အဲဒီပြဋ္ဌန်းချက်က နိုင်ငံတော်သမ္မတကို သမ္မတအဖြစ် အရွေးချယ်ခံရပြီးတဲ့နေ့ကစလို့ သမ္မတသက်တမ်းကုန်ဆုံးတဲ့နေ့အထိ သက်ဆိုင်ရာပါတီရဲ့ တာဝန်များက အနားယူခိုင်းတာ၊ ပါတီအရေးကိစ္စများကို ဆောင်ရွက်ခွင့်မပြုတာ၊ ပါတီကို ကိုယ်စားပြုခွင့်မပေးတာဖြစ်ပါတယ်၊ ဒါကြောင့် သမ္မတ ဦးသိန်းစိန်က ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌတာဝန်ကနေ အနားယူပြီး သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးခဲ့ရတာပါ၊ ဒီဖွဲ့စည်းပုံကို ရေးဆွဲစဉ်တုံးက ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီပြဋ္ဌန်းချက်ကို ထည့်သွင်းရေးဆွဲခဲ့တယ်မသိပါ၊ ဒါပေမည့် ဒီပြဋ္ဌန်းချက်ကြောင့် ပါတီကို ကိုယ်စားပြုပြီး ရွေးချယ်ခံရတဲ့ နိုင်ငံတော်သမ္မတဟာ သက်ဆိုင်ရာပါတီနဲ့ ပါတီရဲ့ မူဝါဒများနဲ့ ကင်းလွတ်ခွင့်ရသွားပါတယ်၊ သူဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ပါတီရဲ့ သဘောထားမလိုပဲ စိတ်ကြိုက်ဖွဲ့စည်းခွင့်၊ နိုင်ငံတော်မူဝါဒများကို သူ့စိတ်ကြိုက်ဖန်တီးအကောင်အထည်ဖော်ခွင့်၊ ပါတီကို တာဝန်ခံစရာမလိုတော့တဲ့ အခွင့်အရေးတွေ ရသွားပါတယ်၊

ဒီပြဋ္ဌန်းချက်ဟာ သမ္မတကို မွေးထုတ်ပေးတဲ့ နိုင်ငံရေးပါတီအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေပါတယ်၊ ဦးသိန်းစိန်အစိုးရဟာ ကြံ့ခိုင်ရေးပါတီရဲ့ အစိုးရမဟုတ်တော့ပါ၊ ကြံ့ခိုင်ရေးပါတီဟာ အာဏာရပါတီ မဟုတ်တော့ပါ၊ ဦးသိန်းစိန်ဟာ ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုခွင့်မရှိတော့တဲ့အတွက် ဦးသိန်းစိန်ရဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူလူထုက ထောက်ခံရင်တောင်မှ ကြံ့ခိုင်ရေးပါတီက “ဒါ၊ ကျုပ်တို့ပါတီရဲ့ ဆောင်ရွက်ချက်တွေပေါ့” လို့ ဂုဏ်ယူပြီး လူထုထောက်ခံမှုကို တောင်းဆိုလို့ မရနိုင်တော့ပါ၊ ဦးသိန်းစိန်ကလည်း နောက်လာမည့်ရွေးကောက်ပွဲမှာ “ကျနော်တို့ပါတီက ဒါတွေ၊ ဒါတွေလုပ်ခဲ့ပါတယ်”ဆိုပြီး ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်ပေးလို့မရပါ၊

သမ္မတတင်မကပါ၊ ပြည်ထောင်စုဝန်ကြီးများဟာလဲ ပါတီကို ကိုယ်စားပြုခွင့်မရှိပါ၊ ၂၀၀၈ ဖွဲ့စည်းပုံ၊ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ဋ) မှာ "ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခု၏ အဖွဲ့ဝင်ဖြစ်လျင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ" လို့ ပြဋ္ဌန်းထားပါတယ်၊ ဒါကြောင့်မို့ ကြံ့ခိုင်ရေးပါတီဝင် ပြည်ထောင်စုဝန်ကြီးများဟာ နိုင်ငံတော်သမ္မတနည်းတူ ကြံ့ခိုင်ရေးပါတီရဲ့ လုပ်ငန်းများမှာ ပါဝင်ခွင့်မရှိတော့ပါ၊

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် အရွေးခံနိုင်ခွင့်ရှိအောင် ပြင်ပေးပြီး ဒီပုဒ်မ (၆၄) ကို မပြင်ဆင်၊ မဖျက်သိမ်းရင်ဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် အရွေးချယ်ခံရရင် သမ္မတဒေါ်အောင်ဆန်းစုကြည်က သတ်သတ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတ်သတ် ဖြစ်သွားပါလိမ့်မယ်၊ လက်ရှိအခြေအနေမှာကိုပဲ သက်တမ်း ၂၅ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ခိုင်မာအားကောင်းတဲ့ စနစ်တကျဖွဲ့စည်းတည်ဆောက်မှုမရှိပဲ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကိုသာ အမှီပြုရပ်တည်နေတာမို့ ဒေါ်အောင်ဆန်းစုကြည်သာ ပါတီကို ခေါင်းဆောင်ခွင့်၊ ကိုယ်စားပြုခွင့်မရတော့တဲ့ အချိန်မျိုးမှာဆိုရင်ဖြင့် အဖွဲ့ချုပ်ရဲ့ ရပ်တည်မှုဟာ စိုးရိမ်စရာဖြစ်ပါတယ်၊

အမေရိကန် ပြောင်းပြန်

အမေရိကန်ပြည်ထောင်စုမှာတော့ မြန်မာနိုင်ငံနဲ့ ပြောင်းပြန် နိုင်ငံတော်သမ္မတဟာ ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်လာပါတယ်၊ အမေရိကန်ပြည်ထောင်စုမှာ အင်အားကြီးနိုင်ငံရေးပါတီကြီး နှစ်ခုပဲ ရှိပါတယ်၊ ရီပါတ်ဘလီကန်ပါတီ နဲ့ ဒီမိုကရက်တစ်ပါတီပါ၊ သမ္မတရွေးကောက်ပွဲကို လေးနှစ်တစ်ကြိမ် ကျင်းပတာနဲ့ တိုက်ဆိုင်ပြီး ပါတီများရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံများကိုလည်း လေးနှစ်တစ်ကြိမ်၊ သမ္မတရွေးကောက်ပွဲနေ့ မတိုင်ခင် သုံးလလောက် ကြိုပြီး ကျင်းပကြပါတယ်၊

အမေရိကန်ရွေးကောက်ပွဲစနစ်မှာ နိုင်ငံရေးပါတီကြီး နှစ်ခုစလုံးက Primary လို့ခေါ်တဲ့ ပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်းရွေးချယ်ပွဲတွေကို အရင်ကျင်းပရပါတယ်၊ ဒေသအလိုက် အောက်လွှတ်တော်အမတ်နေရာတွေ၊ အထက်လွှတ်တော်အမတ်နေရာတွေမှာ ပါတီကို ကိုယ်စားပြုပြီး ဘယ်သူဝင်ရောက်ရွေးချယ်ခံခွင့်ရမလဲဆိုတာကို ပါတီဝင်ထု ဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ကြတာမို့ အင်မတန်အရေးကြီးပါတယ်၊ မြန်မာနိုင်ငံမှာလို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပါတီခေါင်းဆောင်အဖွဲ့က ရွေးချယ်တာဝန်ပေးတာမဟုတ်ပဲ သက်ဆိုင်ရာပါတီရဲ့ အောက်ခြေပါတီဝင်များက ရွေးချယ်ပေးတာပါ၊ အဲဒီ Primary ပါတီတွင်း ရွေးကောက်ပွဲတွေမှာ အနိုင်ရမှ ပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ခွင့်ရတာပါ၊ နိုင်ငံတော်သမ္မတဖြစ်ချင်သူလည်း အဲဒီလို ပါတီတွင်းရွေးကောက်ပွဲတွေကို အရင်ဖြတ်သန်းရပါတယ်၊ အောက်လွှတ်တော်၊ အထက်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံချင်သူများကတော့ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ပါတီတွင်းရွေးကောက်ပွဲတစ်ခုထဲကိုသာ ဖြတ်သန်းရပေမည့် သမ္မတလောင်းဖြစ်ချင်သူကတော့ ပြည်နယ် ငါးဆယ်စလုံးမှာ ပါတီတွင်းရွေးကောက်ပွဲတွေကို ယှဉ်ပြိုင်ဖြတ်သန်းရပါတယ်၊

ဒီပါတီကြီးနှစ်ခုရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွေ (Party National Convention ) ကနေ ပါတီရဲ့ သမ္မတလောင်းကို ရွေးချယ်တာဖြစ်ပါတယ်၊ ပြည်နယ် ၅၀ စလုံးက တက်ရောက်လာတဲ့ ပါတီကိုယ်စားလှယ်များက ပါတီကိုယ်စားပြု သမ္မတလောင်းကို အများစုထောက်ခံမဲနဲ့ ရွေးချယ်ကြပြီး အရွေးချယ်ခံရတဲ့ ပါတီသမ္မတလောင်းဟာ ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်လာပါတယ်၊ နိုင်ငံလုံးဆိုင်ရာညီလာခံရဲ့ နောက်အဓိကတာဝန်တစ်ခုက ပါတီရဲ့ နိုင်ငံတော်အရေးမူဝါဒ (Party Political Platform) တွေ ချမှတ်အတည်ပြုတာဖြစ်ပါတယ်၊ ဒီတော့ ပါတီညီလာခံကနေ ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာမူဝါဒတွေကိုချမှတ်ပြီး အဲဒီမူဝါဒတွေကို အကောင်အထည်ဖော်ဖို့အတွက် သမ္မတနေရာကို သိမ်းပိုက်ဖို့ ပါတီကိုယ်စားပြု သမ္မတလောင်းတစ်ယောက်ကို ရွေးချယ်ပြီး သမ္မတရွေးကောက်ပွဲဆီ ချီတက်ကြပါတယ်၊ ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတဟာ သူ့ပါတီက ချမှတ်ထားတဲ့ မူဝါဒတွေကို သူ့ရဲ့ အိမ်ဖြူတော်လေးနှစ်သက်တမ်းအတွင်း အကောင်အထည်ဖော်ရမှာပါ၊ သမ္မတဟာ ပါတီခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ ပါတီရဲ့မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ တာဝန်အရှိဆုံးသူဖြစ်ပြီး ပါတီကို ဆက်လက်တာဝန်ခံရပါတယ်၊ ပါတီကလည်း သမ္မတရဲ့ လှုပ်ရှားမှုတွေကို ထောက်ခံအားပြုပေးရပါတယ်၊ သမ္မတရဲ့ အောင်မြင်မှုဟာ ပါတီရဲ့ အောင်မြင်မှုဖြစ်ပါတယ်၊ သမ္မတရဲ့ အရေးနိမ့်မှုဟာ ပါတီရဲ့ အရေးနိမ့်မှုလည်းဖြစ်ပါတယ်၊

အင်စတီကျူးရှင်းများ အားကောင်းခိုင်မာဖို့

ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတစ်ခုရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးစတဲ့ အာဏာပိုင်အဖွဲ့အစည်းများ စနစ်တကျ၊ ဒီမိုကရေစီနည်းလမ်းတကျ ခိုင်မာအားကောင်းဖို့ဆိုတာ အာဏာပိုင်အဖွဲ့အစည်းများရဲ့ အရင်းအမြစ်ဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်တိုင်က ဒီမိုကရေစီနည်းကျ၊ ခိုင်မာမျှတဖို့လိုပါတယ်၊ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ အာဏာပိုင်အဖွဲ့အစည်းများရဲ့ မညီညွတ်မှု၊ အားပြိုင်မှု၊ မသေချာမှုနဲ့ ပဋိပက္ခတွေကို ဖန်တီးပေးထားတယ်လို့ ကျနော်မြင်ပါတယ်၊ ဒါကြောင့်လည်း လက်ရှိအာဏာပိုင်အဖွဲ့အစည်းများဟာ ဒီမိုကရေစီစနစ်ရှင်သန်အားကောင်းမှုကို အထောက်အကူမပြုပဲ လူပုဂ္ဂိုလ်အမှီပြု အဆောက်အအုံများအဖြစ် ရပ်တည်နေကြရပြီး ပါတီ တစ်ခုတည်းက ဖြစ်လျက်နဲ့ အပြန်အလှန် တိုက်ခိုက် (ဦးသိန်းစိန်စကားနဲ့ ဆိုရင် ပွတ်တိုက်) နေကြတာပါ၊

ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတစ်ခုမှာ နိုင်ငံရေးပါတီများဟာ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး အဖွဲ့အစည်းများဖြစ်ပါတယ်၊ နိုင်ငံရေးပါတီများ စနစ်တကျ ဖွဲ့စည်းရပ်တည်နိုင်မှ၊ စုပေါင်းခေါင်းဆောင်မှုစနစ်နဲ့ အားကောင်းခိုင်မာမှ၊ ကောင်းမွန်တဲ့ နိုင်ငံလုံးဆိုင်ရာမူဝါဒတွေကို အကောင်းဆုံး ဦးဏှောက်တွေကို စည်းရုံးစုဝေးဆွေးနွေးပြီး ချမှတ်နိုင်မှ၊ ဒီမူဝါဒတွေကို အကောင်အထည်ဖော်ဖို့ ခေါင်းဆောင်ကောင်းတွေကို ရွေးချယ်တာဝန်ပေးနိုင်မှာ ဖြစ်ပါတယ်၊ နိုင်ငံရေးပါတီတစ်ခုဟာ စုပေါင်းခေါင်းဆောင်မှု၊ အပြန်အလှန်တာဝန်ယူမှု၊ အပြန်အလှန်တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ အထက်အောက်ဆက်ဆံရေး၊ ဒေါင်လိုက်ဆက်ဆံရေး မျှတနွေးထွေးမှု၊ စည်းကမ်းပြတ်သားမှုတွေ မရှိပဲ လူထုကြား ကျော်ကြားတဲ့ ခေါင်းဆောင်တစ်ယောက်ကိုပဲ အမှီပြုရပ်တည်နေမယ်ဆိုရင် အဲဒီပါတီရဲ့ ကျန်းမာရေး စိတ်မချရသလို ဒီပါတီအပေါ် မျှော်လင့်ချက်ထားတဲ့ ပြည်သူလူထုနဲ့ တိုင်းပြည်အတွက်လည်း မကောင်းလှပါ၊ ၂၀၀၈ ဖွဲ့စည်းပုံပါ သမ္မတ နဲ့ သူ့ရဲ့အစိုးရအဖွဲ့ကို ပါတီတာဝန်များမှ ကင်းလွတ်စေတဲ့ ပြဋ္ဌန်းချက်က နိုင်ငံရေးပါတီများကို ပိုပြီးအားနည်းအောင် ထပ်မံအားဖြည့်ဖန်တီးပေးသလို ဖြစ်နေပြန်ပါတယ်၊

ဆက်ပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
စက်တင်ဘာ ၁၀၊ ၂၀၁၃
 


Wednesday, September 25, 2013

Future of The Irrawaddy, Part Four


ဧရာဝတီရဲ့ အနာဂတ် (၄)
အောင်ဒင်
 
(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၂၅၊ စက်တင်ဘာလ ၂၄ ရက်၊ ၂၀၁၃)

ကွယ်လွန်သွားသော မြစ်ကြီးများ

မြစ်ကြီး တစ်စင်းရဲ့ အဓိက ရှင်သန်မှုက ခရီးမိုင်ပေါင်းများစွာ၊ တောင်တန်းတွေ၊ တောအုပ်တွေ၊ ရှိုမြောင်တွေ၊ လွင်ပြင်တွေ၊ မြို့ရွာတွေ၊ အကွေ့အကောက် ထောင်ပေါင်းများစွာကို ဖြတ်သန်းစီးဆင်းပြီး ပင်လယ် (သို့မဟုတ်) သမုဒ္ဒရာ ထံ ပေါင်းစပ်ခိုလှုံရခြင်းပါ၊ ပင်လယ်ထံ ရောက်အောင်မစီးဆင်းနိုင်တော့တဲ့ မြစ်ကြီးတွေကို သေဆုံးတယ်လို့ သတ်မှတ်ကြပါတယ်၊ မြစ်ကြီးသေဆုံးသလို မြစ်ကိုအမှီပြုရှင်သန်ကြတဲ့ ပြည်သူများရဲ့ ဘဝရပ်တည်မှုတွေလဲ အကြီးအကျယ်ပျက်ဆီးကြရတာပါ၊ သဘာဝတရားကြောင့်ဖြစ်စေ၊ လူတို့ရဲ့ ဖန်တီးမှုကြောင့်ဖြစ်စေ လူ့သမိုင်းတလျှောက်မှာ သေဆုံးခဲ့ရတဲ့ မြစ်ကြီးတွေအများကြီး ရှိခဲ့ပါတယ်၊ လူ့ပယောဂကြောင့် သေဆုံးခဲ့ရတဲ့ ထင်ရှားတဲ့ မြစ်ကြီး တစင်းကတော့ တရုတ်ပြည်က မြစ်ဝါမြစ် ကြီး (Yellow River) ပဲဖြစ်ပါတယ်၊

တရုတ်ပြည်ရဲ့ အဓိကမြစ်ကြီး သုံးစင်း (ယန်ဇီ၊ မဲခေါင် နဲ့ မြစ်ဝါ) ထဲက မြစ်ဝါမြစ်ကြီးကို တရုတ်ပြည်ရဲ့ မိခင်မြစ်ကြီးလို့ သတ်မှက်တင်စားကြပါတယ်၊ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိခဲ့ပြီး တရုတ်ပြည်မြောက်ပိုင်း တိဘက်ဒေသက ရေခဲတောင်များဆီက အစပြု၊ တရုတ်ပြည်ကြီး တခုလုံးကို မိုင်ပေါင်း ၃၄၀၀ ကျော်ဖြတ်သန်းပြီး ဘိုဟိုင်းပင်လယ် (The Bo Hai Sea) ထံ စီးဝင်ခဲ့တာပါ၊ တရုတ်နိုင်ငံသားတွေအတွက် ဒီမြစ်ကြီးဟာ အီဂျစ်နိုင်ငံက နိုင်းမြစ်ကြီးလိုပါပဲ၊ ယဉ်ကျေးမှုတို့မွေးဖွားရှင်သန်ရာ၊ နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့တဲ့ အောင်မြင်မှုများရဲ့ အထိမ်းအမှတ်၊ ကြောက်ရွံ့ပြီး ခန့်ငြားရတဲ့ သဘာဝအင်အားစုကြီး၊ ဖြစ်ခဲ့ပါတယ်၊ အခုတော့ အဲဒီ မြစ်ဝါမြစ်ကြီးဟာ သေဆုံးနေပါပြီ၊ လူတွေဖန်တီးတဲ့ အညစ်အကြေးတွေ စွန်းထင်း၊ အမှိုက်သရိုက်တွေပြည့်နှက်၊ မြောက်များလှစွာသော ဆည်ကြီးများ၊ ရေကာတာကြီးများရဲ့ လည်မျိုညှစ် အနိုင်ကျင့်ခံရမှုတွေ နဲ့ သူ့ရေဟာ အရင်လိုမသန့်ရှင်းတော့၊ သူ့ရေစီးဟာအရင်လို မတည်ညိမ်တော့၊ သူ့ရေပမာဏဟာ အရင်လိုမများပြားတော့၊ သူ့ရဲ့ ခရီး ဟာလဲ ပင်လယ်ဆီ မရောက်နိုင်တော့၊ 

ဒီနေ့မှာတော့ သေဆုံးနေတဲ့ မြစ်ဝါမြစ်ကြီးဟာ တရုတ်ပြည်ရဲ့ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဂရုမစိုက်မှုကို အထင်အရှားပြသတဲ့ အမှတ်အသားတခုအဖြစ်နဲ့သာ ရပ်တည်နေရပါပြီ၊ တရုတ်ပြည်သူများ နဲ့ ကမ္ဘာတဝှမ်းက တာဝန်သိအဖွဲ့အစည်းများ၊ အစိုးရများက အပြင်းအထန် ထောက်ပြဝေဘန်ကြလို့ အလန့်တကြားနိုးထလာတဲ့ တရုတ်အစိုးရက မြစ်ဝါမြစ်ပြန်လည်ထူထောင်ရေး စီမံကိန်းတွေ စတင်ဆောင်ရွက်နေပေမည့် အလွန်ကိုပဲ နောက်ကျခဲ့ပါပြီ၊

ကျနော်တို့ရဲ့ ဧရာဝတီမြစ်ကြီးလဲ မြစ်ဝါမြစ်ကြီးလို ပင်လယ်ဆီမရောက်နိုင်တော့တဲ့ ဘဝမျိုး ကြုံရလောက်အောင်ကိုပဲ အနိုင်ကျင့်ခံနေရပါပြီ၊ ကချင်ပြည်နယ်က မေခ၊ မလိခ မြစ်ဆုံဒေသမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီများက ဆောက်လုပ် ဖို့ ကြိုးစားနေတဲ့ မြစ်ဆုံဆည်စီမံကိန်းကြီး အောင်မြင်ပြီးမြောက်သွားခဲ့ရင် ယူနန်ပြည်နယ်ကြီး လျှပ်စစ်ဓာတ်အားတွေအလုံအလောက်ရပြီး စီးပွါးရေးပိုမိုတိုးတက်၊ မြန်မာစစ်ဗိုလ်တွေ နဲ့ အလိုတော်ရိစီးပွါးရေးသမားတွေ အကျိုးအမြတ်ဖြစ်ထွန်းပြီး ဧရာဝတီမြစ်ကြီးကတော့ ကွယ်လွန်သွားတဲ့ မြစ်များစာရင်းထဲ နောက်တိုး ဝင်ရောက်၊ မြန်မာပြည်သူတွေကတော့ လက်ရှိဆင်းရဲနွမ်းပါးမှုထက်အဆပေါင်းများစွာ နိမ့်ကျပြီး ကုန်းကောက်စရာမရှိလောက်အောင်ကို ဆင်းရဲကြ၊ ပျက်ဆီးကြရမှာပါ၊ ဧရာဝတီ ကို မြစ်ဝါမြစ် လိုဘဝမျိုးမရောက်အောင် ကျနော်တို့ အချိန်မီ ကာကွယ်ကြဖို့ အ ရေးတကြီး လိုအပ်နေပါပြီ၊

ဆည်၊ ရေကာတာ၊ ရေလှောင်တမံ

စကားလုံး သုံးလုံးကွဲနေပေမည့် အဓိပ္ပာယ်ကအတူတူပါပဲ၊ မြစ်ကို ဖြတ်ပြီး မြစ်ရေစီးကို ဟန့်တားဖို့ တည်ဆောက်ထားတဲ့ နံရံကြီးတခုပါ၊ အဲဒီနံရံကြီးနဲ့ မြစ်ရေစီးကို တားပြီး အဲဒီမြစ်ရေတွေကို စုဆောင်းဖို့ရေလှောင်ကန် (Reservoir) ခေါ်တဲ့ လူလုပ်ရေကန်ကြီး (Artificial Lake) တခုကို ဆက်စပ်တည်ဆောက်ရပါတယ်၊ အဲဒီလို မြစ်ရေစီးကို ဆည် (သို့) ရေကာတာ (Dam) နဲ့ဟန့်တား၊ မြစ်ထဲက ရေတွေကို ရေလှောင်ကန် (Reservoir) ထဲမှာ စုဆောင်းပြီး ရေလှောင်ကန်နံဘေးမှာ ကပ်လျှက်တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေး တာဘိုင် (Turbine) ကြီးများနဲ့ လျှပ်စစ်ဓာတ်ထုတ်လုပ်ပြီး သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းများနဲ့ အလိုရှိတဲ့နေရာကို ပို့ဆောင်ပါတယ်၊ ဒီမြစ်ဆုံဆည်ကရမည့် လျှပ်စစ်ဓာတ်အား အားလုံးနီးပါးကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တင်ပို့မှာပါ၊ ရေကာတာမှာ ရေတံခါးကြီးများရှိပါတယ်၊ တာဘိုင်များထဲ ရေတွေ ဖြတ်သန်းပြီး လျှပ်စစ်ဓာတ်အားထုတ်ပြီးတဲ့အခါ အဲဒီ ရေတံခါးကြီးများကတဆင့် မြစ်ထဲကို မလိုအပ်တော့တဲ့ရေတွေ ပြန်ထုတ်ပေးမှာပါ၊ 

ဒီတော့ မြစ်အထက်က ကျလာတဲ့ ရေကို ရေကာတာကြီးနဲ့ ပိတ်ဆို့ဟန့်တား၊ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ပမာဏရတဲ့အထိ စုဆောင်း၊ လိုအပ်တဲ့ပမာဏရတော့မှ အဲဒီရေတွေကို လျှပ်စစ်ဓာတ်အားထုတ်မည့် တာဘိုင်ကြီးတွေကို ဖြတ်သန်း၊ ပြီးတော့မှ မလိုအပ်တော့တဲ့ရေတွေကို ရေတံခါးကြီးများကတဆင့် မြစ်ရဲ့ အောက်ပိုင်းဆီကို ပြန်လည် ထုတ်လွှတ်ပေးမှာပါ၊ ဒါဟာဖြင့် ရေအားလျှပ်စစ်ဓာတ်ထုတ်မည့် ဆည်စီမံကိန်းတခုရဲ့ ယေဘူယျလုပ်ငန်းစဉ်ပါ၊

ဒီတော့ လျှပ်စစ်ဓာတ်အား များများထုတ်ချင်တာနဲ့အမျှ၊ စုဆောင်းရမဲ့ ရေပမာဏက ပိုပြီးများ ပြား၊ ရေကာတာကြီးက ပိုပြီး မြင့်မား၊ ရေလှောင်ကန်ကြီးရဲ့အကျယ်အဝန်းကပိုပြီး ကြီးမားကျယ်ပြန့်၊ အဲဒီရေကာတာကြီး ဆောက်လုပ်ဖို့အတွက် ဆည်ဆောက်လုပ်မည့် နေရာက ဖယ်ရှားပေးရမည့် လူထုရဲ့ ပေးဆပ်ရမှုက ပိုပြီးများပြားပြီး မြစ်အောက်ပိုင်းက လူထုရဲ့ ခံစားနာကျင်ရမှု၊ ဆုံးရှုံးမှုတွေကလဲ ပိုပြီး ကြီးမားနက်ရှိုင်းပါလိမ့်မယ်၊ အခု မြစ်ဆုံဆည် ကိစ္စကို ကြည့်မယ်ဆိုရင် ရေအားလျှပ်စစ် ကီလိုဝတ် ၃သန်း ၆ သိန်း ကနေ ၆ သန်း (3.6 million kw-6 million kw) နှစ်စဉ် ထုတ်လုပ်ဖို့ မျှော်လင့်ထားတာမို့ ဆည်ကြီးရဲ့ အလျား နဲ့ အမြင့်က အင်မတန် ကြီးမားပါတယ်၊ အလျား ပေ ၅၀၀၊ အမြင့် ပေ ၅၀၀ ဆိုတာ အထပ် ၅၀ ထပ် အဆောက်အအုံတခုလောက် မြင့်ပါတယ်၊ ပြီးတော့ ရေလှောင်ကန်ကြီးရဲ့ ဧရိယာ အကျယ်အဝန်းကလဲ ၂၉၅ ဒဿမ ၈ စတုရန်းမိုင် ဆိုတော့ ဧရိယာစတုရန်းမိုင် ၂၃၁ ဒဿမ ၂ ရှိတဲ့ မဟာရန်ကုန်မြို့တော်ထက်လဲကြီး၊ ဧရိယာစတုရန်းမိုင် ၂၆၈ ရှိတဲ့ စင်္ကာပူမြို့ကြီးထက်လဲ ကြီးပြီး၊ အမေရိကန်ပြည်ထောင်စုက ဧရိယာစတုရန်းမိုင် ၃၀၁ ရှိတဲ့ နယူးယောက်မြို့တော်ကြီးလောက်ကို ကျယ်ဝန်းလှပါတယ်၊ 

ဒီလောက်ကြီးမားတဲ့ ရေလှောင်ကန်ကြီးကို ဆောက်ဖို့ မြစ်ဆုံဒေသတဝိုက်က ကျေးရွာပေါင်း ၄၇ရွာ ရွှေ့ပြောင်းပေးရမှာဖြစ်ပြီး ကချင်လူမျိုး ၂၀၀၀၀ ကျော် သူတို့ရဲ့ ဇာတိမြေ၊ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်က အမွေအနှစ်တွေကို ဆုံးရှုံးကြရမှာပါ၊ ပိုပြီးကြီးမားတဲ့ ဆုံးရှုံးမှုကတော့ ရေအောက်ရောက်သွားတော့မည့် အမြဲစိမ်းသစ်တောကြီးတွေ၊ တောင်တန်းတွေ ၊လွင်ပြင်တွေနဲ့ ကချင်လူမျိုးများအမွန်အမြတ်တန်ဘိုးထားကြတဲ့ ဖခင်နဂါးကြီးနဲ့ သား နဂါးနှစ်ကောင် မွေးဘွားရာ၊ ပျော်မြူးရာ မြစ်ဆုံဒေသကို ဆုံးရှုံးရမှာပါ၊ ဒီဆုံးရှုံးမှုတွေကို ဘယ်လို လျော်ကြေးနဲ့မှ အစားထိုးလို့မရနိုင်ပါ၊

မြစ်အောက်ပိုင်းမှ ဆုံးရှုံးမှုများ

ပိုပြီးရှင်းအောင် အမှတ်စဉ်ထိုးပြီး ပြောပြချင်ပါတယ်၊

(က) အလျား ပေ ၅၀၀၊ အမြင့်ပေ ၅၀၀ ရှိတဲ့ ရေကာတာကြီးက မေခနဲ့ မလိခ မြစ်ကြီး နှစ်စင်းက စီးဆင်းလာတဲ့ရေတွေကို ပိတ်ဆို့ဟန့်တားပြီး နယူးယောက်မြို့ကြီး လောက် ကျယ်ပြန့်ပြီး ၆၆ ထပ် အဆောက်အအုံတခုလောက်မြင့် (ပေ ၉၅၀) တဲ့ ရေလှောင်ကန်ကြီးထဲမှာ အရင်သိမ်းဆည်းထားလိုက်မှာပါ၊ ဒါကြောင့်မို့ ဧရာဝတီမြစ်ကြီးရဲ့ ပင်မအစဟာ မေခ နဲ့ မလိခမဟုတ်တော့ပါ၊ မြစ်ဆုံဆည်ကြီး ဖြစ်သွားပါပြီ၊ မြစ်ဆုံဆည်ကြီးက ရေလွှတ်ပေးမှသာ ဧရာဝတီ ဆက်လက်စီးဆင်းနိုင်မှာပါ၊

(ခ) အဲဒီ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ရေပမာဏရဖို့ အချိန်အတော်ကြာ စုဆောင်းရမှာပါ၊ အချို့ ဆည်ကြီးတွေ မှာ ရေကာတာအပြည့် ရေစုချိန် တနှစ်ကနေ တနှစ်ခွဲ ကြာပါတယ်၊ ရေလှောင်ကန်ကြီး ရေစုနေတဲ့အချိန်မှာ ဧရာဝတီမြစ်ကြီးထဲ ရေစီးမှာမဟုတ်ပါ၊

(ဂ) ရေလှောင်ကန်ထဲမှာ ရေပြည့်ပြီးတဲ့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး မလိုတော့တဲ့ ရေကို ရေတံခါးကြီးများက တဆင့် ဧရာဝတီမြစ်ထဲ ထုတ်လွှတ်မှာဖြစ်ပါတယ်၊ ဧရာဝတီ ပြန်လည်စီးဆင်းနိုင်ပါလိမ့်မယ်၊ ဒါပေမည့် ရေတွေက ညစ်ပါတ် ပြီး မသန့်ရှင်းတော့ပါ၊

(ဃ) ရေကာတာက ထုတ်လွှတ်တဲ့ ရေက မသန့်ရှင်းတော့လို့အဲဒီရေ (Polluted Water) ကို သောက်သုံးကြရမည့် လူတွေ၊ တိရိစ္ဆာန် တွေ အတွက် ရောဂါဘယတွေ ရစေပါတယ်၊ ရေလှောင်ကန်ကြီးကိုယ်တိုင်က ခြင်လို ငှက်ဖျား စတဲ့ ရောဂါဘယဖြန့်ဝေတတ်တဲ့ ပိုးမွှားတွေ စုဝေးပွါးများရာ ဒေသကြီးဖြစ်လာပြီး ပါတ်ဝန်းကျင်လူထုရဲ့ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်၊

(င) မေခ နဲ့ မလိခ မြစ်များက စီးဆင်းလာတဲ့ ရေဟာ နုံးများ၊ သဲများကိုပါသယ်ဆောင်လာခဲ့ပြီး အဲဒီ နုံးတွေ၊ သဲတွေ (Sediment) က ဧရာဝတီမြစ်ကြောင်း တလျှောက် မြစ်ညာပိုင်းမှာ မြေဩဇာအင်မတန်ကောင်းတဲ့ နုံးတင်မြေနုတွေ ဖန်တီးပေးပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အကြီးအကျယ် ထောက်ပံ့နေတာတာပါ၊ ဆည်ကြီး ပြီးသွားရင်တော့ အဲဒီ နုံးတွေဟာ ရေလှောင်ကန်ကြီးရဲ့ အောက်ခြေမှာပဲ အနည်ထိုင်ကျန်ရစ်ခဲ့ပြီး မြစ်အောက်ပိုင်းကို ဘယ်လိုမှ ရောက်မှာမဟုတ်တော့ပါ၊ နုံးတင်မြေနုပါးရှားသွားမည့် မြစ်ဝကျွန်းပေါ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပါလိမ့်မယ်၊

(စ) ဆည်ကြီးကပဲ မြစ်အတွင်း ငါးအပါအဝင် ရေနေသတ္တဝါ များရဲ့ မြစ်ဖျားကနေ မြစ်ကြောင်းတလျှောက် ရွှေ့ပြောင်းသွားလာမှုကို ပိတ်ဆို့ဟန့်တားလိုက်ပါလိမ့်မယ်၊ ငါးမျိုးဆက်တုံးမှု၊ အရေအတွက်ရှားပါးမှုတွေက ရေလုပ်ငန်းလုပ်ကိုင်သူများကို အကြီးအကျယ် ထိခိုက်ပါလိမ့်မယ်၊

(ဆ) မြစ်ရေပမာဏ နဲ့ ရေစီးကို ဆည်ကြီး က ထိန်းချုပ်လိုက်ပြီမို့လို့ မြစ်အတွင်း သင်္ဘောများ၊ မော်တော်များ၊ လှေ များနဲ့ ခရီးသွားလာမှုဟာ ပိုပြီးခက်ခဲလာပါလိမ့်မယ်၊ မြန်မာနိုင်ငံရဲ့ မြို့ပေါင်း၊ ရွာပေါင်းများစွာ၊ ဆိပ်ကမ်းပေါင်းများစွာဟာ ဧရာဝတီ မြစ်ကြောင်းတလျှောက် ဝဲ၊ယာ တဘက်တချက်မှာ တည်ရှိနေကြပြီး ခရီးသွားလာရေး နဲ့ ကုန်စည်စီးဆင်းမှု အတွက် ဒီမြစ်ကြီးကို မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၀%က အားကိုးနေရတာပါ၊ ရေနည်းသွားတဲ့ မြစ်ကြီးအတွင်း၊ ရေတိမ်သွားတဲ့ မြစ်ကြီးအတွင်း၊ ရေစီးနည်းပြီး မမှန်တဲ့ မြစ်ကြီးအတွင်းမှာ သင်္ဘောများ၊ မော်တော်များ၊ လှေ များ မိုးရာသီကလွဲရင် ကျန်တဲ့အချိန်တွေမှာ သွားလာနိုင်မှာမဟုတ်တော့ပါ၊

(ဈ) ရေစီးနှေးပြီး ရေပမာဏနဲ သွားတဲ့ မြစ်ကြီးရဲ့ ကမ်းပါးတဖက်တချက်က မြစ်ရေကိုအမှီပြုပြီးပေါက်နေတဲ့ ဒီရောက်တောတွေ ပျက်စီး ကုန်ပါလိမ့်မယ်၊ ဒီရောက်တောတွေ မရှိတော့တဲ့အတွက် ကမ်းပါးတွေ ပြိုကျပြီး ဧရာဝတီ မြစ်နဲ့ မြစ်လက်တက်များအတွင်းမှာ သောင်ထွန်းပြီး အဲဒီ မြေပမာဏက ရေပမာဏထက် ပိုများးလာပါလိမ့်မယ်၊ ရေနည်းသွားတဲ့ မြစ်ကြီးနဲ့ ဒီရောက်တောတွေ ပျက်သုံးမှုက ဧရာဝတီမြစ်ဝှမ်းဒေသ ကို ခြောက်သွေ့ဇုံအဖြစ် အသွင်ပြောင်းလိုက်ပါလိမ့်မယ်၊

(ည) တခါတရံ မိုးအပြင်းအထန် နဲ့ အဆက်မပြတ်ရွာသွန်းတဲ့ အခါ ဆည်ထဲမှာ ရေပမာဏက ဆည်က ထိန်းထားနိုင်တာထတ် အဆမတန်ပိုများလာတတ်ပါတယ်၊ အဲဒီအခါမှာ ရေအင်အားကြောင့် ဆည်ပြိုကျမှာကို ရှောင်တဲ့အနေနဲ့ ဆည်ရေတံခါးတွေကို ဖွင့်ပြီး ရေတွေ ရုတ်တရက် ထုတ်ပစ်တတ်ကြပါတယ်၊ အဲဒီ အရေးပေါ်ရေထုတ်မှုက ဧရာဝတီမြစ်ထဲကို တောင်ကျချောင်းရေတွေ ဒလဟော အရှိန်အဟုန်ကြီးမားစွာ စီးဆင်းလာသလိုမျိုး ဖြစ်ပါလိမ့်မယ်၊ မြစ်ထဲမှာလဲ ကမ်းပြိုထားလို့ သောင်တွေက ကမ်းပါးထက်ပိုမြင့်နေတဲ့ အချိန်၊ ကမ်းပါးမှာလဲ ဒီရောက်တောတွေ မရှိတော့တဲ့ အချိန်မှာ ဒီ ရေစီးဆင်းမှုက မြစ်နဲ့ မလှမ်းမကမ်းက မြို့ရွာများကို ရေလွှမ်းမိုးတဲ့ အထိ ဖြစ်နိုင်ပါတယ်၊ကချင်ပြည်နယ်အတွင်းက မြို့ကြီးများ အားလုံးနီးပါး ဒီရုတ်တရက်ရေလွှမ်းမိုးမှုဒဏ်ကို မကြာခဏ ခံစားကြရမှာပါ၊

(ဋ) မြန်မာနိုင်ငံမှာ ခြောက်သွေ့တဲ့အချိန်၊နွေရာသီ (ဖေဖော်ဝါရီ လ ကနေ မေ လအတွင်း) ဆည်ထဲမှာလဲ ရေနည်းမှာမို့ ဆည်က ရေပြန်ထုတ်တာလဲ အလွန်နည်းပြီး ဧရာဝတီမြစ်အတွင်း ရေစီးဆင်းမှု မရှိသလောက်ဖြစ်တော့မှာပါ၊ အဲဒီအချိန်မှာ ဧရာဝတီမြစ် စီးဝင်ရမည့် ဘင်္ဂလားပင်လယ် (Andaman Sea) က ရေတွေက ဧရာဝတီမြစ်ဘက်ကို ပြန်လည်စီးဝင်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်တခုလုံး ဆားငံရေတွေ လွှမ်းသွားပါလိမ့်မယ်၊ နွေကုန်လို့ မိုးရာသီ စပါးစိုက်ပျိုးရမည့်အချိန်မှာ ဆားငံရေလွှမ်းပြီး ပျက်ဆီးနေတဲ့ လယ်မြေတွေက မြန်မာနိုင်ငံ လယ်သမားထုကြီးရဲ့ အကျိုးစီးပွါးကို အကြီးအကျယ်ထိခိုက်မှာ ဖြစ်သလို မြန်မာတနိုင်ငံလုံး ဆန်စပါးရှားပါးမှု၊ စားနပ်ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်ပါလိမ့်မယ်၊

အထက်မှာ တင်ပြထားတာတွေနဲ့ သဘာဝပါတ်ဝန်းကျင် ပျက်ဆီးမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ရှားပါး သစ်ပင်များ၊ ပန်းများ၊ရေနေသတ္တဝါများ၊ ငှက်မျိုးစုများ မျိုးတုန်းပျောက်ကွယ်မှု၊ တွေပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်အစိုးရရဲ့ ဧရာဝတီမြစ်ဖျားမှာ မြစ်ဆုံဆည် တည်ဆောက်ခြင်းဟာ မြန်မာပြည်သူ သန်းပေါင်းများစွာ ကို စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အသက်ရှင်သန်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံရေး အဘက်ဘက်က အတိုင်းအဆမရှိပျက်စီးစေမှာပါ၊ သူတို့ရဲ့ နိုင်ငံမှာ မြစ်ဝါမြစ် ကြီး သေဆုံးသွားတဲ့ သာဓက အထင်အရှားရှိရက်နဲ့ ကျနော်တို့နိုင်ငံက မိခင်မြစ်ကြီးကို သတ်ဖို့ကြိုးစားနေတာဟာ တရုတ်အစိုးရက မြန်မာပြည်သူများကို တိုက်ရိုက်ဖိနှိပ်စော်ကားနေတာလို့ ကျနော် ယူဆပါတယ်၊ တရုတ်အစိုးရ နဲ့ပူးပေါင်းပြီး မြန်မာ ပြည်သူများကို လူ့အခွင့်အရေးချိုးဖောက် ခဲ့တဲ့၊ မြန်မာနိုင်ငံရဲ့ မိခင်မြစ်ကြီးကို တရုတ်အစိုးရထံ ရောင်းစားခဲ့တဲ့ မြန်မာ နအဖ စစ်ခေါင်းဆောင်တွေကိုလဲ အလွန်အံ့ဩမိပါတယ်၊ တကယ်တော့ သူတို့တွေ လဲ မျိုးရိုးစဉ်ဆက် ဧရာဝတီ နဲ့ ကြီးပြင်းပြီး ဧရာဝတီရဲ့ စောင့်ရှောက်မှုကို ခံယူခဲ့ကြရသူတွေပါ၊ ဧရာဝတီ ဟာကျနော်တို့ အားလုံးရဲ့ အမေ ဖြစ်သလို့ သူတို့ရဲ့ အမေလဲ ဖြစ်ပါတယ်၊ ဧရာဝတီ ရဲ့ကျေးဇူးတွေ သူတို့အပေါ်မှာလဲ အများကြီးရှိပါတယ်၊

ဧရာဝတီကို ကယ်တင်ပါ

အခုတော့ ဧရာဝတီကို ကယ်တင်ရေးတာဝန်ဟာ လက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနဲ့ ၂၀၁၅ မှာ သမ္မတဖြစ်ချင်သူများရဲ့ ပုခုန်းပေါ်မှာ လုံးလုံးလျားလျားကြီး ကျရောက်နေပါပြီ၊

သမ္မတဦးသိန်းစိန်အနေနဲ့ ကျန်ရှိနေသေးတဲ့ လပေါင်း ၃၀ သက်တမ်းအတွင်းမှာ မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကြီးကို အပြီးတိုင် ဖျက်သိမ်းဖို့ ကြိုးစားဖို့ ကျနော်တောင်းဆိုပါတယ်၊ နိုင်ငံတကာဥပဒေကျွမ်းကျင်သူများရဲ့ အကူအညီနဲ့ နအဖနဲ့ တရုတ်အစိုးရ ချုပ်ဆိုခဲ့တဲ့ စာချုပ်ကို ပြန်လည်လေ့လာရင်း တရုတ်ကုမ္ပဏီရဲ့ မှားယွင်းမှု၊ တာဝန်ပျက်ကွက်မှု၊ ကန်ထရိုက်စာချုပ်ချိုးဖောက်မှုတွေ၊ တိုင်းပြည်အတွက် အကျိုးနဲ့ အပြစ်မညီမျှမှုတွေ၊ မသေချာတဲ့ ကတိကဝတ်တွေကို ရှာဖွေဖော်ထုတ်ပြီး တရုတ်အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးပြီး စာချုပ်ကို ဖျက်သိမ်းသင့်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကလည်း နိုင်ငံတော်သမ္မတကို ကြယ်ပွင့်ပြမေးခွန်းများမေးလို့၊ အရေးပေါ်အဆိုများတင်သွင်းလို့ မြစ်ဆုံဆည်အရေး ဘာတွေလုပ်နေသလဲဆိုတာကို စောင့်ကြပ်လေ့လာ၊ တွန်းအားပေးသင့်ပါတယ်၊ လိုအပ်ရင် ဧရာဝတီမြစ်ကြီးကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ အဆိုပြု ပြဋ္ဌန်းသင့်ပါတယ်၊ တကယ်လို့ သမ္မတဦးသိန်းစိန်က သူ့ရဲ့ ကျန်တဲ့ သက်တမ်းအတွင်းမှာ မြစ်ဆုံဆည်အရေး ပြတ်ပြတ်သားသားဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ကျနော်တို့ရဲ့ ၂၀၁၅ ခုနှစ် သမ္မတလောင်းများက ဧရာဝတီမြစ်ကြီးကို ကယ်တင်ဖို့ တာဝန်ယူမည့်အကြောင်း ရွေးကောက်ပွဲမတိုင်ခင် ကတိပေးစေချင်ပါတယ်၊

လေးစားစွာ၊
 
အောင်ဒင်
ဩဂုတ်လ ၁၈၊ ၂၀၁၃


Saturday, September 21, 2013

Burma's Parliament Watch Part (35)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၆၃၊ စက်တင်ဘာလ ၁၉ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၃၅) လွှတ်တော်၊ နိုင်ငံရေးပါတီများနှင့် အင်စတီကျူးရှင်း (Institution) (က)

ခေါင်းဆောင်ဗဟိုပြု ပြောင်းလဲမှုများ

အာဏာရှင်စနစ်ကနေ ဒီမိုကရေစနစ်ကို ပြောင်းလဲချီတက်နေပါတယ် ဆိုတဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ မြန်မာပြည်သူများနဲ့ နိုင်ငံတကာမိတ်ဆွေများ အထူးတလည်စိတ်ပူကြတာကတော့ ဒီမိုကရေစီစနစ်ဆီကို ဆက်လက်မချီတက်ပဲ အာဏာရှင်စနစ်ဆီ နောက်ကြောင်းပြန်လှည့်မှာကိုပါ၊ အချို့နိုင်ငံရေး သိပံ္ပပညာရှင်များကလည်း နောက်ကြောင်းကိုလည်း ပြန်မလှည့်၊ ရှေ့ကိုလည်း ဆက်လက် မရွေ့လျားပဲ လက်ရှိအပြောင်းအလဲကာလမှာ ကာလအတန်ကြာ ဒါမှမဟုတ် ထာဝရရပ်တန့်နေမှာကို စိတ်ပူကြပါတယ်၊ အဲဒီလို စိတ်ပူရလောက်အောင်လည်း မြန်မာနိုင်ငံရဲ့ လက်ရှိအပြောင်းအလဲများဟာ စနစ်တကျဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်းများ၊ နိုင်ငံတော်နဲ့ လူထုကိုယ်စားပြု ယန္တရားကြီးများက ဦးဆောင်ပြောင်းလဲတာမဟုတ်ပဲ လူပုဂ္ဂိုလ်အချို့ရဲ့ ဦးဆောင်မှု၊ ဆောင်ရွက်မှုနဲ့ ပြောင်းလဲတာဖြစ်နေပါတယ်၊

ဦးသိန်းစိန်အစိုးရရဲ့ ပြောင်းလဲမှုတွေကို ကြည့်ရင် အစိုးရဆိုတဲ့ အဖွဲ့အစည်းရဲ့ ခိုင်မာတဲ့လူထုကိုယ်စားပြုမှုနဲ့ ပြောင်းလဲတာမဟုတ်ပဲ သမ္မတ ဦးသိန်းစိန်ရဲ့ တိုင်းပြည်စီးပွါးရေးကျဆင်းမှုကို မြှင့်တင်ချင်တဲ့စိတ်၊ ဆင်းရဲနွမ်းပါးမှုတွေကို တိုက်ဖျက်ချင်တဲ့စိတ်၊ နိုင်ငံတကာရဲ့ အပစ်ပယ်ခံဘဝမှ လွတ်မြောက်ချင်တဲ့စိတ်၊ လူထုကို အမှန်တကယ်ကိုယ်စားပြုလိုတဲ့စိတ်၊ ငြိမ်းချမ်းရေးတည်ဆောက်သူတစ်ယောက်ဖြစ်ချင်တဲ့စိတ်တွေအပေါ် အခြေခံပြီး ပြောင်းလဲနေတာကို တွေ့ရပါတယ်၊ ဒါကြောင့် ဦးသိန်းစိန်ကို ဗဟိုပြုပြီး ဖြစ်ပေါ်နေတဲ့အပြောင်းအလဲတွေမှာ အစိုးရအဖွဲ့အတွင်းမှာတောင် တာဝန်ရှိသူအားလုံးက အပြည့်အဝပါဝင်ခြင်းမရှိတာ၊ ဗဟိုက စတဲ့အပြောင်းအလဲတွေဟာ အောက်ခြေအာဏာပိုင်အဖွဲ့အစည်းများထံ အပြည့်အဝမရောက်ရှိတာ၊ အစိုးရအဖွဲ့ဝင်အချို့က လူထုနဲ့ နီးစပ်မှု၊ လူထုဘဝကို နားလည်စာနာမှုရှိလာပေမည့် အစိုးရအဖွဲ့ဝင်အချို့က လူထုနဲ့ ဝေးကွာနေဆဲဖြစ်တာ၊ လူထုကို တန်ဘိုးမထားတာတွေကို တွေ့နေရတာပါ၊ ဦးသိန်းစိန်များမရှိခဲ့ရင် ဒီအပြောင်းအလဲတွေ ရပ်တန့်သွားမှာလား၊ ဦးသိန်းစိန် စိတ်ထဲမှာ ဒီအပြောင်းအလဲတွေ ဆက်လုပ်ဖို့ဆန္ဒမရှိတော့ဘူးဆိုရင်ကော၊ စိတ်ပူစရာဖြစ်ပါတယ်၊

ပြည်ထောင်စုလွှတ်တော်ရဲ့ ပြောင်းလဲမှုတွေကို ကြည့်မယ်ဆိုရင်လည်း လွှတ်တော်ရဲ့ တက်ကြွမှု၊ တိုးတက်မှုတွေဟာ လွှတ်တော်ဆိုတဲ့ အဖွဲ့အစည်းရဲ့ အမှန်တကယ် ပြည်သူ့ကို ကိုယ်စားပြုမှု၊ စနစ်တကျ အခိုင်အမာရှိမှုထက် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးဖြစ်တဲ့ ဦးရွှေမန်း နဲ့ ဦးခင်အောင်မြင့်တို့ ရဲ့ စိတ်သဘောထားနဲ့ ဦးဆောင်မှုတွေကြောင့်သာ ဖြစ်ပေါ်နေတာတွေ့ရပါတယ်၊ တကယ်တော့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဖွဲ့စည်းမှုကိုယ်၌က အာဏာမှန်သမျှကို ဥက္ကဋ္ဌနှစ်ယောက်ရဲ့လက်မှာ ဝကွက်အပ်နှံထားပြီး၊ အတိုက်အခံရဲ့ အခန်းကဏ္ဏမရှိ၊ ရေးရာကော်မီတီများရဲ့ အရေးပါမှုမရှိ၊ ပါတီကိုယ်စားပြု စုပေါင်းခေါင်းဆောင်မှုမရှိ၊ အဆင့်ဆင့်တာဝန်ခွဲဝေမှုမရှိဆိုတဲ့ ပုံစံနဲ့ ဖွဲ့စည်းထားတာမို့ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးရဲ့ တာဝန်သိစိတ်၊ လူထုကို အမှန်တကယ်ကိုယ်စားပြုချင်တဲ့စိတ်၊ ၊ အုပ်ချုပ်ရေးယန္တရားကို ထိန်းချုပ်ချင်တဲ့စိတ်၊ ဥပဒေပြုအာဏာကို ခိုင်မာအားကောင်းစေချင်တဲ့စိတ်တွေကြောင့်သာ ဒီကနေ့တွေ့ရတဲ့ ပြည်ထောင်စုလွှတ်တော်ဟာ ၂၀၁၁ ခုနှစ် စတင်ဖွဲ့စည်းစဉ်ကနဲ့မတူပဲ တက်ကြွအားကောင်းနေတာပါ၊ ဒီ ဥက္ကဋ္ဌနှစ်ယောက် မရှိတော့ရင်ကော၊ ဒီဥက္ကဋ္ဌနှစ်ယောက် စိတ်ပြောင်းသွားရင်ကော၊ ပြည်ထောင်စုလွှတ်တော်ဟာ ဆက်လက် တက်ကြွရှင်သန်နေပါ့မလား၊ စိတ်ပူစရာဖြစ်ပါတယ်၊

အတိုက်အခံ ဒီမိုကရေစီအင်အားစုဘက်ကြည့်လိုက်တော့လည်း အာဏာရအင်အားစုနဲ့ ဆွေးနွေးညှိနှိုင်းမှု၊ ယုံကြည်မှုတည်ဆောက်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ထဲကို ဗဟိုပြုပြီး ဖြစ်ပေါ်နေတာပါ၊ ဒီကနေ့အထိ တွေ့မြင်နေရတာက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှု၊ လွှတ်တော်ဥက္ကဋ္ဌများဖြစ်ကြတဲ့ ဦးရွှေမန်း၊ ဦးခင်အောင်မြင့် တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေပါ၊ ဒီကနေ့အထိ သမ္မတ ဦးသိန်းစိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မီတီနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ တစ်ခါမှ မကြားဖူးပါ၊ လွှတ်တော်ဥက္ကဋ္ဌများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မီတီနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ တစ်ခါမှ မရှိဖူးပါ၊ သမ္မတဦးသိန်းစိန်လက်အောက်က အင်မတန်နံမည်ကြီးလှတဲ့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီ တို့တောင်မှ အခြားသော နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်လူထုအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ မကြာခဏ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ပေမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မီတီနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ တစ်ခါမှ မကြားဖူးပါ၊ ဒါကြောင့်မို့ အတိုက်အခံအင်အားစုနဲ့ အာဏာရအင်အားစုရဲ့ အကြား နားလည်မှု၊ ဆွေးနွေးမှုတွေဟာလည်း ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းပေါ်ဗဟိုပြုဖြစ်ပေါ်နေပြီး အင်အားအကြီးဆုံးအတိုက်အခံပါတီဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခန်းကဏ္ဏလုံးဝမရှိသလို ဖြစ်နေပါတယ်၊ ဒါဆို ဒေါ်အောင်ဆန်းစုကြည် မရှိတော့ရင် လက်ရှိ ရှိနေတဲ့ အတိုက်အခံဒီမိုကရေစီအင်အားစုနဲ့ အာဏာရအင်အားစုအကြား ဆွေးနွေးမှု၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ရှိနိုင်ပါ့မလား၊ စိတ်ပူစရာဖြစ်ပါတယ်၊

မြန်မာနိုင်ငံမှာ အားကောင်းရှင်သန်စပြုနေတဲ့ အရပ်ဘက်လူထုအဖွဲ့အစည်းများကို ကြည့်တော့လည်း ဒီအတိုင်းပါပဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရှိတဲ့အဖွဲ့အစည်း၊ ဘုတ်အဖွဲ့ (Board of Directors) က ဦးဆောင်ကြီးကြပ်တဲ့အဖွဲ့အစည်း၊ ခေါင်းဆောင်မှုကို စနစ်တကျ ရွေးကောက်ပွဲနဲ့ ရွေးချယ်တင်မြှောက်တဲ့ အဖွဲ့အစည်း၊ ခေါင်းဆောင်မှုကို သက်တမ်းကန့်သတ် (Term Limit) တဲ့အဖွဲ့အစည်း၊ ငွေရေးကြေးရေး ရရှိမှု၊ ခွဲဝေသုံးစွဲမှုတွေမှာ ပွင့်လင်းမြင်သာမှုရှိတဲ့အဖွဲ့အစည်းမျိုးတွေ အင်မတန်နည်းလွန်းလှပါတယ်၊ အများစုက ရင်းနှီးရာမိတ်ဆွေ၊ သူငယ်ချင်းတစ်စု စုဝေးဖွဲ့စည်းကြ၊ ငွေကြေးအထောက်အပံ့တွေက တစ်ဦးတစ်ယောက်ကို ဗဟိုပြုရရှိပြီး အဲဒီ တစ်ဦးတစ်ယောက်ကိုပဲ အမှီပြုနေရ၊ ငွေရေးကြေးရေး ပွင့်လင်းမြင်သာမှုမရှိ၊ အလှည့်ကျခေါင်းဆောင်မှု၊ ရွေးချယ်တင်မြှောက်မှုမရှိပဲ တစ်ဦးတည်းပိုင်၊ တစ်အုပ်စုပိုင်ကုမ္ပဏီများလို ရပ်တည်နေကြတာ တွေ့ရပါတယ်၊ ဒါကြောင့်မို့ အချို့အဖွဲ့အစည်းတွေဟာ နှစ်ပေါင်းများစွာ သက်တမ်းရှည်ပေမည့် ခေါင်းဆောင်မှုမှာတော့ အပြောင်းအလဲမရှိတာတွေ့ရပါတယ်၊ အဖွဲ့အစည်းရဲ့ စနစ်တကျတည်ဆောက်မှု၊ ၊ မူဝါဒများကျစ်လစ်ခိုင်မာမှု၊ ပွင့်လင်းမြင်သာမှု၊ အချိန်မရွေးအစစ်ဆေးခံနိုင်မှု၊ အဖွဲ့ဝင်များရဲ့ ခိုင်မာအားကောင်းမှုပေါ် အမှီမပြုပဲ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ်အမှီပြုနေရတဲ့ အရပ်ဖက်လူထုအဖွဲ့အစည်းတွေဟာ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် အားကိုးလောက်တဲ့ အင်အားမဟုတ်ပါ၊

ဒီလိုစိတ်ပူပန်မှုတွေနဲ့ ကျနော်တို့ မျှော်လင့်ကြတာက ပုဂ္ဂိုလ်ဦးဆောင်တဲ့ ပြောင်းလဲမှုများကနေ စနစ်တကျခိုင်ခိုင်မာမာဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းများ (Institutions)၊ ဒီမိုကရေစီစနစ်ခိုင်မာအားကောင်းအောင် အထောက်အကူပြုဖို့ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်အဖွဲ့အစည်းများ (State Organs) က ဦးဆောင်တဲ့ အပြောင်းအလဲများဖြစ်လာဖို့ပါ၊ 

အဲဒီလို ဖြစ်ဖို့အတွက်အရေးအကြီးဆုံးကတော့ နိုင်ငံတော်အဖွဲ့အစည်းများ၊ လူထုအဖွဲ့အစည်းများဟာ ခေါင်းဆောင်ကို အမှီမပြုပဲ ရပ်တည်နိုင်တဲ့ ခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်းများဖြစ်လာဖို့ (Institutionalize) ၊ တာဝန်သိမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနဲ့ လွတ်လပ်စွာအစုံစမ်းအစစ်ဆေးခံနိုင်တဲ့ အဖွဲ့အစည်းများ (Responsibility, Accountability, Transparency and Independent Monitoring )  ဖြစ်လာဖို့ပါ၊

နိုင်ငံတော်အဖွဲ့အစည်းများ

နိုင်ငံတော်အဆင့်ရှိတဲ့ အဖွဲ့အစည်းများလို့ပြောရင် နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်စတဲ့ အာဏာသုံးရပ်ကို ကိုင်တွယ်သုံးစွဲတဲ့ အဖွဲ့အစည်းများသာမက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီများကိုလည်း ထည့်သွင်းရမှာပါ၊ အာဏာပိုင်အဖွဲ့အစည်းများ စနစ်တကျ ဖွဲ့စည်းအားကောင်းဖို့လိုအပ်သလို နိုင်ငံရေးပါတီများလည်း စနစ်တကျ ဖွဲ့စည်းအားကောင်းဖို့လိုအပ်ပါတယ်၊ 

တကယ်တော့ နိုင်ငံရေးပါတီများဟာ နိုင်ငံလုံးဆိုင်ရာအရေးကိစ္စတွေအတွက် မူဝါဒများချမှတ်တဲ့ အဖွဲ့အစည်းတွေဖြစ်ပြီး အာဏာပိုင်အဖွဲ့အစည်းများက အဲဒီမူဝါဒတွေကို အကောင်အထည်ဖော်ရတဲ့ အဖွဲ့အစည်းများ ဖြစ်ပါတယ်၊ ရှင်းပါ့မယ်၊

နိုင်ငံရေးသမားတွေအဖို့ သူတို့ယုံကြည်ရပ်တည်သလို တိုင်းပြည်ရဲ့အပြောင်းအလဲတွေကို လက်တွေ့ဖန်တီးနိုင်ဖို့ နိုင်ငံတော်အာဏာလိုအပ်ပါတယ်၊ ဒါကြောင့် နိုင်ငံရေးပါတီတွေ ဖွဲ့စည်းတည်ထောင်ကြတယ်၊ လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ဝေဘန်သုံးသပ်ရင်း သူတို့ပါတီအာဏာရရင် ဆောင်ရွက်မည့် တိုင်းပြည်ရဲ့အရေးကိစ္စတွေကို ပါတီဝင်များဆွေးနွေးပြီး ဆုံးဖြတ်ကြတယ်၊ ဒီလိုနဲ့ ပါတီအလိုက် တိုင်းပြည်အတွက် နိုင်ငံခြားရေး၊ အလုပ်သမားအရေး၊ လယ်သမားအရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေးစသဖြင့် အခန်းကဏ္ဏအလိုက် မူဝါဒတွေ ရေးဆွဲပြင်ဆင်ကြတယ်၊ ရွေးကောက်ပွဲကို ရောက်တဲ့အခါ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ သမ္မတလောင်းများ၊ ဝန်ကြီးချုပ်လောင်းများက ပါတီရဲ့ မူဝါဒတွေကို မဲဆန္ဒရှင်ပြည်သူများထံ ချပြပြီး လူထုရဲ့ ထောက်ခံမှုနဲ့ ရွေးကောက်ပွဲအနိုင်ရအောင် ကြိုးစားကြရပါတယ်၊ ရွေးကောက်ပွဲအနိုင်ရလို့ သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ်ဖြစ်လာတဲ့အခါ အစိုးရအဖွဲ့ကို ခေါင်းဆောင်ပြီး သက်ဆိုင်ရာပါတီက ချမှတ်ထားတဲ့ မူဝါဒများကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြပါတယ်၊ လွှတ်တော်ထဲမှာဆိုရင်လည်း ပါတီအသီးသီးက ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ ပါတီအလိုက်ချမှတ်ထားတဲ့ မူဝါဒတွေကို ပြိုင်ဆိုင်တင်ပြရင်း ဥပဒေဖြစ်အောင် ကြိုးပမ်းကြပါတယ်၊ ထုံးစံအတိုင်း လွှတ်တော်တွင်း အများစုအနိုင်ရထားတဲ့ပါတီက တင်ပြတဲ့ မူဝါဒတွေကပဲ မဲခွဲရာမှာ အနိုင်ရပြီး ဥပဒေတွေဖြစ်လာပါတယ်၊ တရားစီရင်ရေးမှာလည်း အနိုင်ရပါတီက ရွေးချယ်တဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံတော်တရားသူကြီးတွေ ဖြစ်လာပြီး သူတို့ရဲ့ တရားစီရင်မှုဟာ အနိုင်ရပါတီရဲ့ တရားရေးမူဝါဒနဲ့ ထပ်တူထပ်မျှဖြစ်တတ်ပါတယ်၊

အရေးနိမ့်ရတဲ့ပါတီကတော့ အနိုင်ရပါတီအစိုးရရဲ့ ဆောင်ရွက်ချက်များကို ဝေဘန်ပြစ်တင်၊ သူတို့ပါတီရဲ့ မူဝါဒများနဲ့ နှိုင်းယှဉ်ပြီး သူတို့မူဝါဒတွေက ပိုပြီးကောင်းကြောင်း သက်သေပြဖို့ကြိုးစားပြီး နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ အနိုင်ရဖို့စည်းရုံးရမှာပါ၊ ဒါကြောင့် ကျနော်က နိုင်ငံရေးပါတီ ဆိုတာ နိုင်ငံလုံးဆိုင်ရာ မူဝါဒများကို ချမှတ်တဲ့အဖွဲ့အစည်းဖြစ်ပြီး အာဏာပိုင်အဖွဲ့အစည်းများဆိုတာ အာဏာရပါတီရဲ့ မူဝါဒတွေကို အကောင်အထည်ရတဲ့ အဖွဲ့အစည်းလို့ ဆိုတာပါ၊ ဒါပေမည့် ကျနော်တို့ မြန်မာနိုင်ငံမှာတော့ အဲဒီလို မဟုတ်ပဲ နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဏက မခိုင်မာပဲ အားနည်းနေပါတယ်၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျနော်တို့နိုင်ငံမှာ အာဏာရပါတီအစိုးရဆိုတာ မရှိပါ၊ ကြံ့ခိုင်ရေးပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အမတ်နေရာအများစုအနိုင်ရခဲ့တဲ့ ပါတီဖြစ်ပေမည့် အာဏာရပါတီ မဟုတ်ပြန်ပါ၊

ဆက်ပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
စက်တင်ဘာ ၉၊ ၂၀၁၃