BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, September 21, 2013

Burma's Parliament Watch Part (35)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၆၃၊ စက်တင်ဘာလ ၁၉ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၃၅) လွှတ်တော်၊ နိုင်ငံရေးပါတီများနှင့် အင်စတီကျူးရှင်း (Institution) (က)

ခေါင်းဆောင်ဗဟိုပြု ပြောင်းလဲမှုများ

အာဏာရှင်စနစ်ကနေ ဒီမိုကရေစနစ်ကို ပြောင်းလဲချီတက်နေပါတယ် ဆိုတဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ မြန်မာပြည်သူများနဲ့ နိုင်ငံတကာမိတ်ဆွေများ အထူးတလည်စိတ်ပူကြတာကတော့ ဒီမိုကရေစီစနစ်ဆီကို ဆက်လက်မချီတက်ပဲ အာဏာရှင်စနစ်ဆီ နောက်ကြောင်းပြန်လှည့်မှာကိုပါ၊ အချို့နိုင်ငံရေး သိပံ္ပပညာရှင်များကလည်း နောက်ကြောင်းကိုလည်း ပြန်မလှည့်၊ ရှေ့ကိုလည်း ဆက်လက် မရွေ့လျားပဲ လက်ရှိအပြောင်းအလဲကာလမှာ ကာလအတန်ကြာ ဒါမှမဟုတ် ထာဝရရပ်တန့်နေမှာကို စိတ်ပူကြပါတယ်၊ အဲဒီလို စိတ်ပူရလောက်အောင်လည်း မြန်မာနိုင်ငံရဲ့ လက်ရှိအပြောင်းအလဲများဟာ စနစ်တကျဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်းများ၊ နိုင်ငံတော်နဲ့ လူထုကိုယ်စားပြု ယန္တရားကြီးများက ဦးဆောင်ပြောင်းလဲတာမဟုတ်ပဲ လူပုဂ္ဂိုလ်အချို့ရဲ့ ဦးဆောင်မှု၊ ဆောင်ရွက်မှုနဲ့ ပြောင်းလဲတာဖြစ်နေပါတယ်၊

ဦးသိန်းစိန်အစိုးရရဲ့ ပြောင်းလဲမှုတွေကို ကြည့်ရင် အစိုးရဆိုတဲ့ အဖွဲ့အစည်းရဲ့ ခိုင်မာတဲ့လူထုကိုယ်စားပြုမှုနဲ့ ပြောင်းလဲတာမဟုတ်ပဲ သမ္မတ ဦးသိန်းစိန်ရဲ့ တိုင်းပြည်စီးပွါးရေးကျဆင်းမှုကို မြှင့်တင်ချင်တဲ့စိတ်၊ ဆင်းရဲနွမ်းပါးမှုတွေကို တိုက်ဖျက်ချင်တဲ့စိတ်၊ နိုင်ငံတကာရဲ့ အပစ်ပယ်ခံဘဝမှ လွတ်မြောက်ချင်တဲ့စိတ်၊ လူထုကို အမှန်တကယ်ကိုယ်စားပြုလိုတဲ့စိတ်၊ ငြိမ်းချမ်းရေးတည်ဆောက်သူတစ်ယောက်ဖြစ်ချင်တဲ့စိတ်တွေအပေါ် အခြေခံပြီး ပြောင်းလဲနေတာကို တွေ့ရပါတယ်၊ ဒါကြောင့် ဦးသိန်းစိန်ကို ဗဟိုပြုပြီး ဖြစ်ပေါ်နေတဲ့အပြောင်းအလဲတွေမှာ အစိုးရအဖွဲ့အတွင်းမှာတောင် တာဝန်ရှိသူအားလုံးက အပြည့်အဝပါဝင်ခြင်းမရှိတာ၊ ဗဟိုက စတဲ့အပြောင်းအလဲတွေဟာ အောက်ခြေအာဏာပိုင်အဖွဲ့အစည်းများထံ အပြည့်အဝမရောက်ရှိတာ၊ အစိုးရအဖွဲ့ဝင်အချို့က လူထုနဲ့ နီးစပ်မှု၊ လူထုဘဝကို နားလည်စာနာမှုရှိလာပေမည့် အစိုးရအဖွဲ့ဝင်အချို့က လူထုနဲ့ ဝေးကွာနေဆဲဖြစ်တာ၊ လူထုကို တန်ဘိုးမထားတာတွေကို တွေ့နေရတာပါ၊ ဦးသိန်းစိန်များမရှိခဲ့ရင် ဒီအပြောင်းအလဲတွေ ရပ်တန့်သွားမှာလား၊ ဦးသိန်းစိန် စိတ်ထဲမှာ ဒီအပြောင်းအလဲတွေ ဆက်လုပ်ဖို့ဆန္ဒမရှိတော့ဘူးဆိုရင်ကော၊ စိတ်ပူစရာဖြစ်ပါတယ်၊

ပြည်ထောင်စုလွှတ်တော်ရဲ့ ပြောင်းလဲမှုတွေကို ကြည့်မယ်ဆိုရင်လည်း လွှတ်တော်ရဲ့ တက်ကြွမှု၊ တိုးတက်မှုတွေဟာ လွှတ်တော်ဆိုတဲ့ အဖွဲ့အစည်းရဲ့ အမှန်တကယ် ပြည်သူ့ကို ကိုယ်စားပြုမှု၊ စနစ်တကျ အခိုင်အမာရှိမှုထက် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးဖြစ်တဲ့ ဦးရွှေမန်း နဲ့ ဦးခင်အောင်မြင့်တို့ ရဲ့ စိတ်သဘောထားနဲ့ ဦးဆောင်မှုတွေကြောင့်သာ ဖြစ်ပေါ်နေတာတွေ့ရပါတယ်၊ တကယ်တော့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဖွဲ့စည်းမှုကိုယ်၌က အာဏာမှန်သမျှကို ဥက္ကဋ္ဌနှစ်ယောက်ရဲ့လက်မှာ ဝကွက်အပ်နှံထားပြီး၊ အတိုက်အခံရဲ့ အခန်းကဏ္ဏမရှိ၊ ရေးရာကော်မီတီများရဲ့ အရေးပါမှုမရှိ၊ ပါတီကိုယ်စားပြု စုပေါင်းခေါင်းဆောင်မှုမရှိ၊ အဆင့်ဆင့်တာဝန်ခွဲဝေမှုမရှိဆိုတဲ့ ပုံစံနဲ့ ဖွဲ့စည်းထားတာမို့ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးရဲ့ တာဝန်သိစိတ်၊ လူထုကို အမှန်တကယ်ကိုယ်စားပြုချင်တဲ့စိတ်၊ ၊ အုပ်ချုပ်ရေးယန္တရားကို ထိန်းချုပ်ချင်တဲ့စိတ်၊ ဥပဒေပြုအာဏာကို ခိုင်မာအားကောင်းစေချင်တဲ့စိတ်တွေကြောင့်သာ ဒီကနေ့တွေ့ရတဲ့ ပြည်ထောင်စုလွှတ်တော်ဟာ ၂၀၁၁ ခုနှစ် စတင်ဖွဲ့စည်းစဉ်ကနဲ့မတူပဲ တက်ကြွအားကောင်းနေတာပါ၊ ဒီ ဥက္ကဋ္ဌနှစ်ယောက် မရှိတော့ရင်ကော၊ ဒီဥက္ကဋ္ဌနှစ်ယောက် စိတ်ပြောင်းသွားရင်ကော၊ ပြည်ထောင်စုလွှတ်တော်ဟာ ဆက်လက် တက်ကြွရှင်သန်နေပါ့မလား၊ စိတ်ပူစရာဖြစ်ပါတယ်၊

အတိုက်အခံ ဒီမိုကရေစီအင်အားစုဘက်ကြည့်လိုက်တော့လည်း အာဏာရအင်အားစုနဲ့ ဆွေးနွေးညှိနှိုင်းမှု၊ ယုံကြည်မှုတည်ဆောက်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ထဲကို ဗဟိုပြုပြီး ဖြစ်ပေါ်နေတာပါ၊ ဒီကနေ့အထိ တွေ့မြင်နေရတာက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှု၊ လွှတ်တော်ဥက္ကဋ္ဌများဖြစ်ကြတဲ့ ဦးရွှေမန်း၊ ဦးခင်အောင်မြင့် တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေပါ၊ ဒီကနေ့အထိ သမ္မတ ဦးသိန်းစိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မီတီနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ တစ်ခါမှ မကြားဖူးပါ၊ လွှတ်တော်ဥက္ကဋ္ဌများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မီတီနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ တစ်ခါမှ မရှိဖူးပါ၊ သမ္မတဦးသိန်းစိန်လက်အောက်က အင်မတန်နံမည်ကြီးလှတဲ့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီ တို့တောင်မှ အခြားသော နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်လူထုအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ မကြာခဏ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ပေမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မီတီနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ တစ်ခါမှ မကြားဖူးပါ၊ ဒါကြောင့်မို့ အတိုက်အခံအင်အားစုနဲ့ အာဏာရအင်အားစုရဲ့ အကြား နားလည်မှု၊ ဆွေးနွေးမှုတွေဟာလည်း ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းပေါ်ဗဟိုပြုဖြစ်ပေါ်နေပြီး အင်အားအကြီးဆုံးအတိုက်အခံပါတီဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခန်းကဏ္ဏလုံးဝမရှိသလို ဖြစ်နေပါတယ်၊ ဒါဆို ဒေါ်အောင်ဆန်းစုကြည် မရှိတော့ရင် လက်ရှိ ရှိနေတဲ့ အတိုက်အခံဒီမိုကရေစီအင်အားစုနဲ့ အာဏာရအင်အားစုအကြား ဆွေးနွေးမှု၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ရှိနိုင်ပါ့မလား၊ စိတ်ပူစရာဖြစ်ပါတယ်၊

မြန်မာနိုင်ငံမှာ အားကောင်းရှင်သန်စပြုနေတဲ့ အရပ်ဘက်လူထုအဖွဲ့အစည်းများကို ကြည့်တော့လည်း ဒီအတိုင်းပါပဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရှိတဲ့အဖွဲ့အစည်း၊ ဘုတ်အဖွဲ့ (Board of Directors) က ဦးဆောင်ကြီးကြပ်တဲ့အဖွဲ့အစည်း၊ ခေါင်းဆောင်မှုကို စနစ်တကျ ရွေးကောက်ပွဲနဲ့ ရွေးချယ်တင်မြှောက်တဲ့ အဖွဲ့အစည်း၊ ခေါင်းဆောင်မှုကို သက်တမ်းကန့်သတ် (Term Limit) တဲ့အဖွဲ့အစည်း၊ ငွေရေးကြေးရေး ရရှိမှု၊ ခွဲဝေသုံးစွဲမှုတွေမှာ ပွင့်လင်းမြင်သာမှုရှိတဲ့အဖွဲ့အစည်းမျိုးတွေ အင်မတန်နည်းလွန်းလှပါတယ်၊ အများစုက ရင်းနှီးရာမိတ်ဆွေ၊ သူငယ်ချင်းတစ်စု စုဝေးဖွဲ့စည်းကြ၊ ငွေကြေးအထောက်အပံ့တွေက တစ်ဦးတစ်ယောက်ကို ဗဟိုပြုရရှိပြီး အဲဒီ တစ်ဦးတစ်ယောက်ကိုပဲ အမှီပြုနေရ၊ ငွေရေးကြေးရေး ပွင့်လင်းမြင်သာမှုမရှိ၊ အလှည့်ကျခေါင်းဆောင်မှု၊ ရွေးချယ်တင်မြှောက်မှုမရှိပဲ တစ်ဦးတည်းပိုင်၊ တစ်အုပ်စုပိုင်ကုမ္ပဏီများလို ရပ်တည်နေကြတာ တွေ့ရပါတယ်၊ ဒါကြောင့်မို့ အချို့အဖွဲ့အစည်းတွေဟာ နှစ်ပေါင်းများစွာ သက်တမ်းရှည်ပေမည့် ခေါင်းဆောင်မှုမှာတော့ အပြောင်းအလဲမရှိတာတွေ့ရပါတယ်၊ အဖွဲ့အစည်းရဲ့ စနစ်တကျတည်ဆောက်မှု၊ ၊ မူဝါဒများကျစ်လစ်ခိုင်မာမှု၊ ပွင့်လင်းမြင်သာမှု၊ အချိန်မရွေးအစစ်ဆေးခံနိုင်မှု၊ အဖွဲ့ဝင်များရဲ့ ခိုင်မာအားကောင်းမှုပေါ် အမှီမပြုပဲ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ်အမှီပြုနေရတဲ့ အရပ်ဖက်လူထုအဖွဲ့အစည်းတွေဟာ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် အားကိုးလောက်တဲ့ အင်အားမဟုတ်ပါ၊

ဒီလိုစိတ်ပူပန်မှုတွေနဲ့ ကျနော်တို့ မျှော်လင့်ကြတာက ပုဂ္ဂိုလ်ဦးဆောင်တဲ့ ပြောင်းလဲမှုများကနေ စနစ်တကျခိုင်ခိုင်မာမာဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းများ (Institutions)၊ ဒီမိုကရေစီစနစ်ခိုင်မာအားကောင်းအောင် အထောက်အကူပြုဖို့ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်အဖွဲ့အစည်းများ (State Organs) က ဦးဆောင်တဲ့ အပြောင်းအလဲများဖြစ်လာဖို့ပါ၊ 

အဲဒီလို ဖြစ်ဖို့အတွက်အရေးအကြီးဆုံးကတော့ နိုင်ငံတော်အဖွဲ့အစည်းများ၊ လူထုအဖွဲ့အစည်းများဟာ ခေါင်းဆောင်ကို အမှီမပြုပဲ ရပ်တည်နိုင်တဲ့ ခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်းများဖြစ်လာဖို့ (Institutionalize) ၊ တာဝန်သိမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနဲ့ လွတ်လပ်စွာအစုံစမ်းအစစ်ဆေးခံနိုင်တဲ့ အဖွဲ့အစည်းများ (Responsibility, Accountability, Transparency and Independent Monitoring )  ဖြစ်လာဖို့ပါ၊

နိုင်ငံတော်အဖွဲ့အစည်းများ

နိုင်ငံတော်အဆင့်ရှိတဲ့ အဖွဲ့အစည်းများလို့ပြောရင် နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်စတဲ့ အာဏာသုံးရပ်ကို ကိုင်တွယ်သုံးစွဲတဲ့ အဖွဲ့အစည်းများသာမက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီများကိုလည်း ထည့်သွင်းရမှာပါ၊ အာဏာပိုင်အဖွဲ့အစည်းများ စနစ်တကျ ဖွဲ့စည်းအားကောင်းဖို့လိုအပ်သလို နိုင်ငံရေးပါတီများလည်း စနစ်တကျ ဖွဲ့စည်းအားကောင်းဖို့လိုအပ်ပါတယ်၊ 

တကယ်တော့ နိုင်ငံရေးပါတီများဟာ နိုင်ငံလုံးဆိုင်ရာအရေးကိစ္စတွေအတွက် မူဝါဒများချမှတ်တဲ့ အဖွဲ့အစည်းတွေဖြစ်ပြီး အာဏာပိုင်အဖွဲ့အစည်းများက အဲဒီမူဝါဒတွေကို အကောင်အထည်ဖော်ရတဲ့ အဖွဲ့အစည်းများ ဖြစ်ပါတယ်၊ ရှင်းပါ့မယ်၊

နိုင်ငံရေးသမားတွေအဖို့ သူတို့ယုံကြည်ရပ်တည်သလို တိုင်းပြည်ရဲ့အပြောင်းအလဲတွေကို လက်တွေ့ဖန်တီးနိုင်ဖို့ နိုင်ငံတော်အာဏာလိုအပ်ပါတယ်၊ ဒါကြောင့် နိုင်ငံရေးပါတီတွေ ဖွဲ့စည်းတည်ထောင်ကြတယ်၊ လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ဝေဘန်သုံးသပ်ရင်း သူတို့ပါတီအာဏာရရင် ဆောင်ရွက်မည့် တိုင်းပြည်ရဲ့အရေးကိစ္စတွေကို ပါတီဝင်များဆွေးနွေးပြီး ဆုံးဖြတ်ကြတယ်၊ ဒီလိုနဲ့ ပါတီအလိုက် တိုင်းပြည်အတွက် နိုင်ငံခြားရေး၊ အလုပ်သမားအရေး၊ လယ်သမားအရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေးစသဖြင့် အခန်းကဏ္ဏအလိုက် မူဝါဒတွေ ရေးဆွဲပြင်ဆင်ကြတယ်၊ ရွေးကောက်ပွဲကို ရောက်တဲ့အခါ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ သမ္မတလောင်းများ၊ ဝန်ကြီးချုပ်လောင်းများက ပါတီရဲ့ မူဝါဒတွေကို မဲဆန္ဒရှင်ပြည်သူများထံ ချပြပြီး လူထုရဲ့ ထောက်ခံမှုနဲ့ ရွေးကောက်ပွဲအနိုင်ရအောင် ကြိုးစားကြရပါတယ်၊ ရွေးကောက်ပွဲအနိုင်ရလို့ သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ်ဖြစ်လာတဲ့အခါ အစိုးရအဖွဲ့ကို ခေါင်းဆောင်ပြီး သက်ဆိုင်ရာပါတီက ချမှတ်ထားတဲ့ မူဝါဒများကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြပါတယ်၊ လွှတ်တော်ထဲမှာဆိုရင်လည်း ပါတီအသီးသီးက ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ ပါတီအလိုက်ချမှတ်ထားတဲ့ မူဝါဒတွေကို ပြိုင်ဆိုင်တင်ပြရင်း ဥပဒေဖြစ်အောင် ကြိုးပမ်းကြပါတယ်၊ ထုံးစံအတိုင်း လွှတ်တော်တွင်း အများစုအနိုင်ရထားတဲ့ပါတီက တင်ပြတဲ့ မူဝါဒတွေကပဲ မဲခွဲရာမှာ အနိုင်ရပြီး ဥပဒေတွေဖြစ်လာပါတယ်၊ တရားစီရင်ရေးမှာလည်း အနိုင်ရပါတီက ရွေးချယ်တဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံတော်တရားသူကြီးတွေ ဖြစ်လာပြီး သူတို့ရဲ့ တရားစီရင်မှုဟာ အနိုင်ရပါတီရဲ့ တရားရေးမူဝါဒနဲ့ ထပ်တူထပ်မျှဖြစ်တတ်ပါတယ်၊

အရေးနိမ့်ရတဲ့ပါတီကတော့ အနိုင်ရပါတီအစိုးရရဲ့ ဆောင်ရွက်ချက်များကို ဝေဘန်ပြစ်တင်၊ သူတို့ပါတီရဲ့ မူဝါဒများနဲ့ နှိုင်းယှဉ်ပြီး သူတို့မူဝါဒတွေက ပိုပြီးကောင်းကြောင်း သက်သေပြဖို့ကြိုးစားပြီး နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ အနိုင်ရဖို့စည်းရုံးရမှာပါ၊ ဒါကြောင့် ကျနော်က နိုင်ငံရေးပါတီ ဆိုတာ နိုင်ငံလုံးဆိုင်ရာ မူဝါဒများကို ချမှတ်တဲ့အဖွဲ့အစည်းဖြစ်ပြီး အာဏာပိုင်အဖွဲ့အစည်းများဆိုတာ အာဏာရပါတီရဲ့ မူဝါဒတွေကို အကောင်အထည်ရတဲ့ အဖွဲ့အစည်းလို့ ဆိုတာပါ၊ ဒါပေမည့် ကျနော်တို့ မြန်မာနိုင်ငံမှာတော့ အဲဒီလို မဟုတ်ပဲ နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဏက မခိုင်မာပဲ အားနည်းနေပါတယ်၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျနော်တို့နိုင်ငံမှာ အာဏာရပါတီအစိုးရဆိုတာ မရှိပါ၊ ကြံ့ခိုင်ရေးပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အမတ်နေရာအများစုအနိုင်ရခဲ့တဲ့ ပါတီဖြစ်ပေမည့် အာဏာရပါတီ မဟုတ်ပြန်ပါ၊

ဆက်ပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
စက်တင်ဘာ ၉၊ ၂၀၁၃




 


0 comments: