BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, March 29, 2014

Burma's Parliament Watch Part (59)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၉၀၊ မတ်လ ၂၇ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်

အပိုင်း (၅၉) ဥပဒေမပြုသော လွှတ်တော်ကိုယ်စားလှယ်များ

#အမေရိကန် အောက်လွှတ်တော်အမတ် ရောဘတ်အင်ဒရူး (Representative Robert Andrews)      

ဒီတစ်ပါတ်မှာ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော် (House of Representatives) အမတ်တစ်ဦးဖြစ်တဲ့ ရောဘတ်အင်ဒရူးအကြောင်းပြောချင်ပါတယ်၊ အင်ဒရူးလို့ပဲ ဆောင်းပါးတစ်ပုဒ်လုံးမှာ အတိုကောက် ခေါ်ဝေါ်သုံးစွဲပါ့မယ်၊ အင်ဒရူးက နယူးဂျာစီပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၁) က အောက်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်၊ ဒီမိုကရက်တစ်ပါတီကပါ၊ နှစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ အောက်လွှတ်တော်ရွေးကောက်ပွဲတွေမှာ  သူ့အသက် ၃၃ နှစ်အရွယ်၊ ၁၉၉၀ ပြည့်နှစ်ကစလို့ ဆက်တိုက်အရွေးချယ်ခံရပြီး အောက်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တာ ၂၀၁၄ ခုနှစ်မှာ သက်တမ်း ၂၃ နှစ်ရှိပါပြီ၊ သူက လက်ရှိသက်တမ်းကုန်ဆုံးတဲ့အထိ တာဝန်မထမ်းဆောင်တော့ပဲ အောက်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ဖေဖော်ဝါရီလအတွင်းမှာ အနားယူလိုက်ပါတယ်၊

ပုံ (၁)၊ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်အမတ် ရောဘတ်အင်ဒရူး (Representative Robert Andrews)

သူနဲ့ပါတ်သက်ပြီး ထူးထူးခြားခြား ပြောစမှတ်ရှိတာက သူ့ရဲ့ အောက်လွှတ်တော်သက်တမ်း ၂၃ နှစ်အတွင်းမှာ အင်ဒရူးဟာ ဥပဒေကြမ်းပေါင်း (၆၄၆) ခု အဆိုပြုတင်သွင်းခဲ့ပြီး တစ်ခုမှ ဥပဒေဖြစ်မလာခဲ့ပါ၊ ဒါကြောင့် သူ့ကို ဆယ်စုနှစ်နှစ်ခုအတွင်းမှာ အောင်မြင်မှုမရှိဆုံး လွှတ်တော်ကိုယ်စားလှယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာကြီးက ကင်ပွန်းတပ်ပါတယ်၊ ဟုတ်ပါတယ်၊ နှစ်ပေါင်း (၂၀) ကျော်အတွင်း ဥပဒေကြမ်းပေါင်း (၆၀၀) ကျော် တင်သွင်းအဆိုပြုခဲ့ပေမည့် တစ်ခုမှ ဥပဒေဖြစ်မလာခဲ့တာ အံ့ဩစရာပါ၊ ဥပဒေပြုအမတ်တစ်ယောက်ရဲ့ အရေးနိမ့်မှုဖြစ်ပါတယ်၊
အင်ဒရူးတင်သွင်းခဲ့တဲ့ ဥပဒေကြမ်းတွေက အကြောင်းအရာမျိုးစုံပါတယ်၊ တိုင်ဝမ်နဲ့ အမေရိကန်အစိုးရဆက်ဆံရေးကစလို့ ကုန်ပစ္စည်းအချို့အပေါ် အခွန်ငွေလျှော့ချကောက်ခံရေးအထိ ပါဝင်ပါတယ်၊ သူတင်သွင်းခဲ့တဲ့ ဥပဒေကြမ်းတွေထဲမှာ (၄) ခုပဲ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တော့ အနိုင်ရခဲ့ပါတယ်၊ ဒါပေမည့် အထက်လွှတ်တော်မှာ အရေးနိမ့်တာမို့ သမ္မတလက်မှတ်ထိုးတဲ့ ဥပဒေအဆင့် ကို မရောက်ခဲ့ပါ၊ သူ့လိုမျိုး လွှတ်တော်အမတ်သက်တမ်းအတွင်း ဥပဒေကြမ်းအများအပြားတင်သွင်းတဲ့ အခြားအမတ်တွေ ရှိပါသေးတယ်၊ ဒါပေမည့် အဲဒီအမတ်များက အောင်မြင်မှု တစ်စုံတစ်ရာရှိခဲ့ပါတယ်၊ 

ဒုတိယမြောက် ဥပဒေကြမ်းအများဆုံးတင်သွင်းတဲ့ အောက်လွှတ်တော်အမတ် ကယ်ရိုလင်းမလိုနီ (Representative Caroline Maloney, D-NY) ရဲ့ ဥပဒေကြမ်းတွေထဲက (၉) ခုဟာ ဥပဒေဖြစ်လာခဲ့ပါတယ်၊ တတိယမြောက်ဥပဒေကြမ်းအများဆုံးတင်သွင်းတဲ့ အောက်လွှတ်တော်အမတ် ဒွန်ယန်း (Representative Don Young, R-Alaska) ရဲ့ ဥပဒေကြမ်းတွေထဲက (၇၆) ခုဟာ ဥပဒေဖြစ်လာပြီး စတုတ္ထမြောက် ဥပဒေကြမ်းအများဆုံးတင်သွင်းတဲ့ အောက်လွှတ်တော်အမတ် ချားလ်စရိန်ဂယ် (Representative Charles Rangel, D-NY) ရဲ့ ဥပဒေကြမ်းတွေထဲက (၃၈) ခုဟာ ဥပဒေတွေဖြစ်လာခဲ့ပါတယ်၊
ပုံ (၂)၊ အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် ဥပဒေကြမ်း (Bill) မှ ဥပဒေ (Law) အဆင့်ရောက်ရှိပုံပြဇယား



အင်ဒရူးက သူ့ရဲ့ ဥပဒေပြုမှတ်တမ်းနဲ့ ပါတ်သက်ပြီး အခုလို ကာကွယ်ပြောဆိုပါတယ်၊ တကယ်က သူ့မှာ အောင်မြင်မှုတွေရှိခဲ့ပါတယ်တဲ့၊ သူက ဥပဒေကြမ်းတစ်ခုကို တင်သွင်းခြင်းဖြင့် သူ့လက်ထဲမှာ လိုအပ်ရင် အလွယ်တကူသုံးစွဲနိုင်မည့် ဥပဒေရေးရာအသုံးအနှုံး (Legislative Language) တစ်ခု အဆင်သင့်ရှိလာပါတယ်၊ သူ့ကိုယ်ပိုင် ဥပဒေကြမ်းက မဲခွဲတဲ့ အဆင့်ကို မရောက်ခဲ့တောင်မှ၊ မဲခွဲလို့ ရှုံးနိမ့်ခဲ့တာတောင်မှ ဒီဥပဒေကြမ်းထဲက စာသားတွေကို အခြားကိုယ်စားလှယ်များတင်သွင်းတဲ့ ဥပဒေကြမ်းတွေထဲမှာ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်တွေအဖြစ် ဖြည့်စွက်ဖို့ သူကြိုးစားခဲ့ပါတယ်တဲ့၊ ဒါကြောင့်ပဲ သူ့ဥပဒေကြမ်း (၆၀၀) ကျော်ထဲက အနည်းဆုံး (၁၁၀) ကို အခြားကိုယ်စားလှယ်များ တင်သွင်းတဲ့ ဥပဒေကြမ်းတွေမှာ ပြင်ဆင်ချက်အဖြစ် ထည့်သွင်းနိုင်ခဲ့ပြီး ဥပဒေတွေ ဖြစ်လာခဲ့ပါတယ်တဲ့၊ ဒါကြောင့် သူ့မှာ ဥပဒေပြုရေးအောင်ပွဲတွေရှိတယ်လို့ အင်ဒရူးက ခုခံပြောဆိုပါတယ်၊

တကယ်တော့ ဥပဒေဖြစ်မလာတဲ့ ဥပဒေကြမ်းများကို ကြည့်ပြီး သူ့ကို အောင်မြင်မှုမရှိဆုံးလွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်တာ တရားမျှတမှုမရှိပါ၊ အနည်းဆုံးတော့ သူဟာ သူ့ရဲ့ ဥပဒေပြုရေးတာဝန်ကို ကျေပွန်ခဲ့ပါတယ်၊ ဥပဒေပြုလွှတ်တော်မှာ သူ့ရဲ့ မဲဆန္ဒရှင်များကို ကိုယ်စားပြုပြီး တာဝန်ထမ်းဆောင်ရာမှာ အဓိကတာဝန်က ဥပဒေပြုခြင်းဖြစ်ပါတယ်၊ ဥပဒေပြုလွှတ်တော်အမတ်တစ်ယောက်မှာ ဒေသဆိုင်ရာပြည်သူတွေရဲ့ အကျိုးစီးပွါးကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်းတွေ၊ နိုင်ငံလုံးဆိုင်ရာ မူဝါဒများနဲ့ ပါတ်သက်တဲ့ဥပဒေကြမ်းတွေ၊ မတရားမမျှတဘူးလို့ ယူဆတဲ့ တည်ဆဲဥပဒေများကို ပြင်ဆင်တဲ့၊ ရုပ်သိမ်းတဲ့ ဥပဒေကြမ်းတွေကို တစ်ဦးတည်း (သို့မဟုတ်) အခြားကိုယ်စားလှယ်များနဲ့ လက်တွဲပြီး အဆိုပြုတင်သွင်းဖို့ တာဝန်ရှိပါတယ်၊ အင်ဒရူးအနေနဲ့ ဒီအခြေခံကျတဲ့ တာဝန်ကို ကျေပွန်ခဲ့တယ်လို့ ကျနော်မြင်ပါတယ်၊

#မြန်မာပြည်က ဥပဒေပြုအမတ်များ

အင်ဒရူးအကြောင်းပြောရင်းနဲ့ ကျနော်တို့ မြန်မာနိုင်ငံက ပြည်ထောင်စုလွှတ်တော်အမတ်များဘက်ကို လေ့လာကြည့်ပါမယ်၊ 

ပထမအကြိမ် လွှတ်တော် ပထမအစည်းအဝေးကနေ အဋ္ဌမအစည်းအဝေးအထိ (၃) နှစ်တာကာလအတွင်းမှာ လွှတ်တော်မှ "ယခင်ပြဋ္ဌန်းထားတဲ့ ဥပဒေများကို လုံးဝရုပ်သိမ်းတဲ့ ဥပဒေ (၁၁) ခု၊ ယခင်ပြဋ္ဌန်းထားတဲ့ ဥပဒေများကို အသစ်ပြန်လည်မွမ်းမံရေးဆွဲတဲ့ ဥပဒေ (၂၂) ခု၊ တည်ဆဲဥပဒေများကို အသစ်ပြင်ဆင်ရေးဆွဲတဲ့ ဥပဒေ (၃၀) ခု၊ အသစ်ရေးဆွဲတဲ့ ဥပဒေ (၁၄) ခုနဲ့ ဘတ်ဂျက် ဘဏ္ဏာရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေ (၇) ခု၊ စုစုပေါင်း ဥပဒေ (၈၄) ခု" ပြဋ္ဌန်းနိုင်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မီတီ အစီရင်ခံစာအရ သိရပါတယ်၊  
အဲဒီ ဥပဒေများကို ဥပဒေကြမ်းဘဝနဲ့ လေ့လာကြည့်တဲ့အခါ အများစုက ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုဝန်ကြီးဋ္ဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများက တင်သွင်းတဲ့ ဥပဒေကြမ်းများဖြစ်ကြပါတယ်၊ ဒုတိယအများဆုံးက လွှတ်တော်ရေးရာကော်မီတီများက တင်သွင်းတဲ့ ဥပဒေကြမ်းများဖြစ်ကြပြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦး (သို့မဟုတ်) အများစုပေါင်းပြီး တင်သွင်းတဲ့ ဥပဒေကြမ်းကတော့ အနည်းငယ်ပဲရှိတာ တွေ့ရပါတယ်၊ အောက်ပါဇယားကို ကြည့်ပါ၊ ရနိုင်သမျှ လွှတ်တော်အစည်းအဝေးမှတ်တမ်းတွေကို ရှာဖွေပြုစုရတာမို့ လိုအပ်ချက်တွေ ရှိပါလိမ့်မယ်၊

#ပထမအကြိမ် လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးမှ နဝမပုံမှန်အစည်းအဝေးကာလ အတွင်း (၂၅ ရက်မြောက် အစည်းအဝေးအထိ) လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းခဲ့သော ဥပဒေကြမ်းများ
အမှတ်စဉ်
လွှတ်တော်     
ကိုယ်စားလှယ်အမည် (မဲဆန္ဒနယ်)   
ဥပဒေကြမ်းအမည်

ပြည်သူ့
ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း) 
၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း
ပြည်သူ့
ဦးစောလှထွန်း (ချောင်းဦး)  
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေကြမ်း
ပြည်သူ့
ဦးတီခွန်မြတ် (ကွတ်ခိုင်)
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း
ပြည်သူ့
ဦးတင်မောင်ဦး (ရွှေပြည်သာ)
၁၉၅၄ ခုနှစ် နိုင်ငံတော်အထိမ်းအမှတ်များ (ဆင်ယင်ပြသမှုကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း
ပြည်သူ့
ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း) 
အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဥပဒေ အမှတ် ၅/၂၀၀၄) ကို ပြင်ဆင်သည့်ဥပဒေကြမ်း
ပြည်သူ့
ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း) 
ကလေးသူငယ်အက်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ ၉/၉၃) ကို ပြင်ဆင်သည့်ဥပဒေကြမ်း
ပြည်သူ့
ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း) 
၁၈၆၁ ခုနှစ်တွင် ပြဋ္ဌန်းခဲ့သော ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေကြမ်း
ပြည်သူ့
ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း) 
၁၉၆၃ ခုနှစ် တရားဥပဒေများ အာဏာတည်စေခြင်းနှင့် ရပ်စဲခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း
ပြည်သူ့
ဦးကျော်နိုင်ဋ္ဌေး (အင်းတော်) 
မတရားသင်းအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒိယအက်ဥပဒေ ၁၄) ကို ပြင်ဆင်သည့်ဥပဒေကြမ်း
၁၀
ပြည်သူ့
ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း) 
ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း
၁၁
ပြည်သူ့
ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း) 
မတရားသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒိယအက်ဥပဒေ ၁၄) ကို ရုပ်သိမ်းသည့်ဥပဒေကြမ်း
၁၂
ပြည်သူ့
ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း) 
အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဥပဒေ အမှတ် ၅/၂၀၀၄) ကို ရုပ်သိမ်းသည့်ဥပဒေကြမ်း
၁၃
ပြည်သူ့
ဒေါ်တင်နွယ်ဦး (ဒဂုန်မြို့သစ်မြောက်ပိုင်း) 
၁၉၉၃ ခုနှစ် စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း
၁၄
ပြည်သူ့
ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း) 
အဂတိလိုက်စားမှုတားမြစ်ရေးဥပဒေကြမ်း
၁၅
ပြည်သူ့
ဦးမောင်တိုး (မင်းလှ)
ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအား ပြင်ဆင်သည့်ဥပဒေကြမ်း
၁၆
ပြည်သူ့
ဦးသိန်းညွန့်
(သင်္ဃန်းကျွန်း) 
၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံချက်အက်ဥပဒေ (အက်ဥပဒေအမှတ် ၁၇/၅၀) ကို ပြင်ဆင်သည့်ဥပဒေကြမ်း
၁၇
အမျိုးသား
ဒေါက်တာအေးမောင် (ရခိုင်ပြည်နယ်)
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
၁၈
အမျိုးသား
ဦးနေဝင်းထွန်း (ရှမ်းပြည်နယ်) 
မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း
၁၉
အမျိုးသား
ဦးနေဝင်းထွန်း (ရှမ်းပြည်နယ်) 
မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း
၂၀
အမျိုးသား
ဦးဖုန်းမြင့်အောင် (ရန်ကုန်တိုင်းဒေသကြီး)
သတင်းမီဒီယာဥပဒေကြမ်း

ဒီစာရင်းအရ လွှတ်တော်ကိုယ်စားလှယ် (၁၀) ယောက်က ဥပဒေကြမ်း (၂၀) ခု တင်သွင်းခဲ့ပါတယ်၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဥပဒေကြမ်းအများဆုံး (၁၀) ခုတင်သွင်းခဲ့ပြီး ရှမ်းပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းထွန်းက (၂) ခု၊ ကျန်လွှတ်တော်ကိုယ်စားလှယ် (၈) ဦး က ဥပဒေကြမ်းတစ်ခုစီ တင်သွင်းခဲ့ကြပါတယ်၊ ဒီဥပဒေကြမ်းအားလုံး အောင်ပွဲရပြီး ဥပဒေဖြစ်လာတာတော့ မဟုတ်ပါ၊ ဦးတင်မောင်ဦး တင်သွင်းတဲ့ "၁၉၅၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်များ (ဆင်ယင်ပြသမှုကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း" နဲ့ ဦးသိန်းညွန့်တင်သွင်းတဲ့ "အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ (နအဖဥပဒေ အမှတ် ၅/၂၀၀၄) ကို ပြင်ဆင်သည့်ဥပဒေကြမ်း" တို့က ပြင်ဆင်ချက်များနဲ့ မဲခွဲဆုံးဖြတ်ပြီး ဥပဒေဖြစ်လာခဲ့ပါတယ်၊ ဦးသိန်းညွန့်တင်သွင်းတဲ့ "ကလေးသူငယ်အက်ဥပဒေ (နဝတဥပဒေ ၉/၉၃) ကို ပြင်ဆင်သည့်ဥပဒေကြမ်း" ကတော့ လက်ခံဆွေးနွေးဖို့ သင့်မသင့် မဲခွဲရာမှာ ထောက်ခံမဲ (၁၉) မဲပဲရလို့ အရေးနိမ့်ခဲ့ပါတယ်၊ ကျန်တဲ့ ဥပဒေကြမ်းအများစုဟာလည်း လက်ခံဆွေးနွေးဖို့ သဘောတူတဲ့အဆင့်နဲ့ ဆွေးနွေးနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်၊  

#အင်ဒရူးတွေ အများကြီးလိုသည်၊

မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း လွှတ်တော်ကိုယ်စားလှယ် (၆၀၀) ကျော်ရှိတဲ့အထဲက သုံးနှစ်တာကာလအတွင်း ဥပဒေကြမ်းတင်သွင်းသူ (၁၀) ဦးပဲ ရှိတယ်ဆိုတော့ အလွန့်အလွန်နည်းလွန်းတယ်လို့ ဆိုရမှာပါ၊ 

ဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့အတိုင်း လွှတ်တော်ရဲ့ အဓိကတာဝန်ဟာ တည်ဆဲဥပဒေတွေ ပြင်ဆင်ဖို့၊ ရုပ်သိမ်းဖို့နဲ့ ဥပဒေအသစ်တွေ ရေးဆွဲပြဋ္ဌန်းဖို့ ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များရဲ့ အဓိကတာဝန်က တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့အနေနှင့်သော်လည်းကောင်း တိုင်းပြည်အတွက် အကျိုးရှိမည့် ဥပဒေကြမ်းတွေ တင်သွင်းဖို့ဖြစ်ပါတယ်၊ လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်များဟာ ဥပဒေကြမ်းတွေ ပြုစုတင်သွင်းဖို့ထက် ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြမေးခွန်းတွေ မေးဖို့ပဲ တန်းစီစောင့်ဆိုင်းနေတာ တွေ့ရပါတယ်၊

မြန်မာနိုင်ငံမှာ ပါတီစုံစနစ်နဲ့ ဥပဒေပြုလွှတ်တော်မရှိခဲ့တာ နှစ်ပေါင်းငါးဆယ်ကျော်ခဲ့ပြီမို့ လက်ရှိလွှတ်တော်အမတ်တွေမှာ ဥပဒေပြုအတွေ့အကြုံနည်းပါးကြတယ်ဆိုတာကို နားလည်ပါတယ်၊ ပြီးတော့ အထောက်အကူပြုဝန်ထမ်းတွေ၊ ဥပဒေရေးရာအကြံပေးသူတွေ၊ ရုံးခန်းနဲ့ ရုံးအဖွဲ့တွေ မရှိကြတဲ့ အခက်အခဲတွေကိုလည်း နားလည်ပါတယ်၊ ဒါပေမည့်လည်း ဒီလွှတ်တော်ကိုယ်စားလှယ်ကြီးတွေ မုဆိုးစိုင်သင် ဆိုသလို မပြည့်မစုံမှုတွေ၊ အခက်အခဲတွေကြားကနေ ရနိုင်သမျှကို သင်ယူလေ့လာပြီး တစ်ဦးတည်းမဟုတ်တောင် စိတ်တူသူချင်းစုပေါင်းလက်တွဲလို့ ဒေသအတွက်၊ တိုင်းပြည်အတွက် အကျိုးရှိမဲ့ ဥပဒေကြမ်းတွေ တင်သွင်းဖို့၊ တိုင်းပြည်နဲ့ ဒီမိုကရေစီစနစ်အတွက် အဟန့်အတားဖြစ်နေတဲ့ တည်ဆဲဥပဒေတွေကို ပြင်ဆင်တဲ့၊ ရုပ်သိမ်းတဲ့ ဥပဒေကြမ်းတွေ ရေးဆွဲတင်သွင်းနိုင်ကြဖို့ မျှော်လင့်ပါတယ်၊ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာ အင်ဒရူးတွေ အများကြီး လိုအပ်နေပါပြီ၊

လေးစားစွာ၊

အောင်ဒင်
မတ်လ (၁၇)၊ ၂၀၁၄
 



 


Thursday, March 27, 2014

Something Good for Burma, Part 3

(တူမောရိုးသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၅၊ မတ်လ ၂၅၊ ၂၀၁၄၊ စာမျက်နှာ ၃၂)



မြန်မာနိုင်ငံအတွက် ကောင်းနိုးရာရာ (အပိုင်း ၃)
 
ဝင်ငွေခွန်ကောက်ခံခြင်းမူဝါဒ (Income Tax Policy)

အောင်ဒင်

ဒါပေမည့် မြန်မာနိုင်ငံမှာတော့ ခေတ်အဆက်ဆက် အာဏာရှင်အစိုးရများက ပြည်သူ့ဘဏ္ဏာကို ကိုယ့်ဘဏ္ဏာအဖြစ် ထင်တိုင်းကျဲ သုံးစွဲပြီး ကိုယ့်အကျိုးစီးပွါး၊ ကိုယ့်မိသားစုအကျိုးစီးပွါး၊ ကိုယ့်တပြည့်တပန်းအကျိုးစီးပွါးအတွက် မတော်မတရား အလွဲသုံးစားခဲ့ကြတော့ ပြည်သူလူထုက အစိုးရအပေါ် ယုံကြည်မှုမရှိကြတာ အစဉ်အလာဖြစ်နေပါပြီ၊ ဒါကြောင့်လည်း အခွန်ငွေပေးဆောင်ခြင်းဟာ နိုင်ငံသားတစ်ယောက်ရဲ့ အခြေခံ တာဝန်တစ်ရပ်ဖြစ်မှန်း သဘောပေါက်နားလည်တောင်မှ ကောက်ခံတဲ့ အစိုးရအပေါ် မယုံကြည်စိတ်နဲ့ ဝင်ငွေခွန်ပေးဆောင်ဖို့ ပျက်ကွက်လိမ့်မယ်၊ တုန့်နှေးလိမ့်မယ် ထင်ပါတယ်၊

သတင်းစာတွေထဲမှာလည်း နိုင်ငံတော်သမ္မတ၊ ဒုသမ္မတတွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေက နိုင်ငံတွင်း ဒေသတွေကို လှည့်လည်စစ်ဆေးကြတဲ့အခါ ဒေသဆိုင်ရာဖွံ့ဖြိုးရေးအတွက် ငွေကြေးလှူဒါန်းကြတာကို ပြည်သူလူထုပိုင်ဆိုင်တဲ့ ပိုက်ဆံတွေနဲ့ လှူဒါန်းတယ်လို့ မပြောပဲ သူတို့အိပ်ထဲက ပေးကြသလို၊ သူတို့ကိုယ်ပိုင်ပိုက်ဆံနဲ့ လှူဒါန်းတာလို ရေးနေကြတာဖတ်ရပါတယ်၊ တစ်ခါ တိုင်းပြည်မှာ အကြီးဆုံး၊ အချမ်းသာဆုံးကုမ္ပဏီပိုင်ရှင်ကြီးများက အာဏာပိုင်တွေကို လာဘ်ပေးရာမှာ သွက်လက်သလောက်၊ ထင်ရှားတဲ့၊ အလားအလာကောင်းတဲ့ နိုင်ငံရေးသမားများကို ထောက်ပံ့ရာမှာ ရက်ရောသလောက် တိုင်းပြည်အတွက် ထိုက်သင့်တဲ့ ဝင်ငွေခွန်ဆောင်ဖို့ ပျက်ကွက်နေကြတာ၊ ရှောင်လွှဲနေကြတာတွေ့မြင်နေရတော့ သာမာန်ဆင်းရဲသားပြည်သူများရဲ့ တာဝန်သိချင်စိတ်၊ ဝင်ငွေခွန်ဆောင်ချင်စိတ်ကို ချိုးနှိမ်သလို ဖြစ်နေပြန်ပါတယ်၊

#မြန်မာနိုင်ငံနှင့် အခွန်အကောက်

ဘဏ္ဏာရေးဝန်ကြီးဋ္ဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်ရဲ့ ပြောကြားချက်အရ မြန်မာနိုင်ငံမှာ ဝင်ငွေခွန်အပါအဝင် အခွန်အမျိုးအစား (၁၄) မျိုးကောက်ခံလျက်ရှိပြီး အခွန်ရရှိငွေနှင့် ဂျီဒီပီ (GDP) (စုစုပေါင်းပြည်တွင်းထုတ်ကုန်) အချိုးမှာ (၄) ရာခိုင်နှုံးသာရှိတယ်လို့ သိရပါတယ်၊ ဒီတော့ အခွန်ကောက်ခံခြင်းကရတဲ့ ပိုက်ဆံဟာ တိုင်းပြည်အတွက် အင်မတန်နည်းနေပါတယ်၊ ဒါကြောင့်မို့ အခွန်စနစ်ကို ပြန်လည်သုံးသပ်ပြီး ဝင်ငွေနည်းသူများအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်အောင်၊ ဝင်ငွေများသူများထံမှ ထိုက်သင့်တဲ့ အခွန်ငွေရအောင်၊ အခွန်ဆောင်သင့်သူများအားလုံးက တာဝန်သိသိ ကျေကျေနပ်နပ်နဲ့ အခွန်ဆောင်ချင်စိတ်ရှိအောင်၊ အခွန်ရှောင်သူများအား ထိထိရောက်ရောက်အရေးယူနိုင်အောင် ကြိုးစားသင့်ပါတယ်၊

# ပထမဆုံးလုပ်သင့်တာကတော့ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရှိတဲ့ ပမာဏကို လက်ရှိသတ်မှတ်ထားတဲ့ ဝန်ထမ်းများအတွက် ကျပ် ၁၄သိန်း ၄သောင်း၊ ကိုယ်ပိုင်နဲ့ သမဝါယမလုပ်ငန်းလုပ်ကိုင်သူများအတွက် ကျပ် ၁၂သိန်း ကနေ လက်ရှိကုန်ဈေးနှုံး၊ ကုန်ကျစားရိတ်များနဲ့ လိုက်လျောညီထွေဖြစ်မည့် ကျပ် ၂၄သိန်းအထိ ပြောင်းလဲ သတ်မှတ်ဖို့ပါ၊ ဒါဆိုရင် တစ်လမှ ကျပ် နှစ်သိန်းလောက်ပဲရပြီး ထွက်ငွေက ဝင်ငွေထက်ပိုများနေတဲ့ သာမန်ပြည်သူတွေရဲ့ ဘဝတွေကို သက်ညှာရာရောက်ပါလိမ့်မယ်၊

# ဒုတိယအနေနဲ့ ဝင်ငွေမှ သက်သာခွင့်တွေ ပိုပြီးဖန်တီးပေးသင့်ပါတယ်၊ အခြေခံသက်သာခွင့်များသည် ဝင်ငွေ၏ ၂၀ ရာခိုင်နှုံး သို့မဟုတ် ကျပ်သိန်း ၁၀၀ ထက် မပိုစေရလို့လည်း ကန့်သတ်ထားပါတယ်၊ လက်ရှိခွင့်ပြုထားတဲ့ အိမ်ထောင်ဘက်၊ သားသမီးများအတွက်အပြင် အဆင့်မြင့်ပညာရေးအသုံးစားရိတ်၊ ရွှေ့ပြောင်းစားရိတ်၊ ကျန်းမာရေးအာမခံ၊ အိမ်ထောင်ကွဲများအတွက် မယားစားရိတ်၊ ကလေးစားရိတ်၊ အိမ်ငှါးနေရသူများ၊ မြေမဲ့၊ အိမ်မဲ့များအတွက် နေထိုင်စားရိတ်၊ စသဖြင့် သက်သာခွင့်တွေ ပို၍ခွင့်ပြုခြင်းဖြင့် နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးသူ (၉၉) ရာခိုင်နှုံးထဲက အခွန်ထမ်းဆောင်ရမည့်သူတွေကို သက်ညှာစေချင်ပါတယ်၊

# အစိုးရဋ္ဌာနက ညွှန်ချုပ်၊ ဒုညွှန်ချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး စတဲ့ အမြင့်ဆုံးအရာရှိတွေတောင် တစ်နှစ် ကျပ်သိန်း (၃၀) ထက် (တရားဝင်) ပိုမရပါ၊ ပုဂ္ဂလိကလုပ်ငန်းများမှာလည်း လစာအမြင့်ဆုံးရသူ ဝန်ထမ်းဟာ တစ်လ ကျပ် (၁၀) သိန်း၊ တစ်နှစ် ကျပ် သိန်း (၁၂၀) ထက်ပိုမရပါ၊ သက်သာခွင့်တွေခုနှိမ်ပြီး တစ်နှစ်ဝင်ငွေ ကျပ် သိန်း (၁၀၀) နဲ့ အထက်ရရှိသူတွေဟာ တိုင်းပြည်လူဦးရေရဲ့ (၁) ရာခိုင်နှုံးလောက်သာရှိတဲ့ လူချမ်းသာများနဲ့ ထိပ်တန်းအစိုးရခေါင်းဆောင်များဖြစ်ကြပါတယ်၊ ဒါကြောင့် တတိယဆင့်အနေနဲ့ ဒီလူချမ်းသာများကို ဝင်ငွေခွန်ပိုပြီး ကောက်ခံသင့်ပါတယ်၊ ဝင်ငွေ ကျပ် သိန်း (၁၀၀) ကနေ သိန်း (၂၀၀) အထိကို ဝင်ငွေခွန် (၂၀) ရာခိုင်နှုံး၊ သိန်း (၂၀၀) ကနေ သိန်း (၅၀၀) အထိကို (၂၅) ရာခိုင်နှုံး၊ ကျပ် သိန်း (၅၀၀) နဲ့အထက်ကို (၃၀) ရာခိုင်နှုံး စသည်ဖြင့်ပါ၊ 

# စတုတ္ထအဆင့်ကတော့ အခွန်ထမ်းပြည်သူများကို တာဝန်သိသိ အခွန်ထမ်းဆောင်ချင်စိတ်ရှိအောင် စည်းရုံးဖို့ပါ၊ စည်းရုံးတယ်ဆိုတာ သတင်းစာထဲမှာ "သင့်တွင် ဝင်ငွေခွန်ထမ်းဆောင်ရန်တာဝန်ရှိသည်" ဆိုတဲ့ ခြိမ်းခြောက်သလို၊ သတိပေးသလို အဓိပ္ပါယ်နှစ်မျိုးထွက်တဲ့ ကြော်ညာတွေ နေ့စဉ်ဖော်ပြတာကို ပြောတာမဟုတ်ပါ၊
တိုင်းပြည်မှာ အမြင့်ဆုံးဝင်ငွေရှိတဲ့ အစိုးရထိပ်သီးခေါင်းဆောင်ကြီးတွေနဲ့ စီးပွါးရေးလုပ်ငန်းရှင်ကြီးများက တစ်နှစ်တာ သူတို့ရဲ့ ဝင်ငွေနဲ့ ဝင်ငွေခွန်ဆောင်တဲ့ ပမာဏကို အများပြည်သူသိအောင် ထုတ်ပြန်ကြေညာတာမျိုးပါ၊ အမေရိကန်ပြည်ထောင်စုမှာ သမ္မတအိုဘားမား၊ ဒုသမ္မတ ဂျိုးဘိုင်ဒင်၊ အောက်လွှတ်တော်အကြီးအကဲ ဂျွန်ဘေးနာ၊ တရားသူကြီးချုပ် စတဲ့ အစိုးရ၊ လွှတ်တော်နဲ့ တရားသူကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်လွှတ်တော်အကြီးအကဲများဟာ နှစ်စဉ်နှစ်တိုင်း တစ်နှစ်တာသူတို့ရဲ့ ဝင်ငွေနဲ့ ဝင်ငွေခွန်ဆောင်မှုကို တရားဝင်ကြေညာကြပါတယ်၊

 မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်ဆိုပါစို့၊ တစ်လကို ကျပ် သိန်း (၅၀) နဲ့ တစ်နှစ်ကို သိန်း (၆၀၀) ရပါတယ်၊ နိုင်ငံတော်က ပေးတဲ့ အဆောင်အယောင်တွေရလို့ ကားငှါးစီးစရာ၊ အိမ်ငှါးနေစရာမလိုပါ၊ ဒါကြောင့် ဇနီးအတွက်၊ သားသမီးအတွက် သက်သာခွင့်တွေ ကျပ် သိန်း (၁၀၀) ခုနှိမ်ပြီးရင်တောင် သူ့ရဲ့ တစ်နှစ်ဝင်ငွေက ကျပ် သိန်း (၅၀၀) ကျန်ပါလိမ့်မယ်၊ သူကိုယ်တိုင်က သူ့ရဲ့ စုစုပေါင်းဝင်ငွေ၊ သက်သာခွင့်များခုနှိမ်ပြီး ဝင်ငွေနဲ့ ဝင်ငွေခွန်ကို (၂၅) ရာခိုင်နှုံး၊ ကျပ် သိန်း (၁၂၅) ပေးဆောင်ကြောင်း အများပြည်သူသိအောင် ထုတ်ပြန်ကြေညာမယ်ဆိုရင် ပြည်သူလူထုက သာဓုခေါ်ပါလိမ့်မယ်၊

အလားတူ တစ်နှစ်ဝင်ငွေ ကျပ် သိန်း (၄၈၀) ရှိတဲ့ ဒုသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ တစ်နှစ်ဝင်ငွေ ကျပ် သိန်း (၃၆၀) ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ လွှတ်တော် ဒုဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊  ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တစ်နှစ်ဝင်ငွေ ကျပ် သိန်း (၂၄၀) ရှိတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊  ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဝင်များ၊  ပြည်နယ်နဲ့ တိုင်းဒေသကြီး တရားသူကြီးချုပ်၊  ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌများ၊  ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးများ၊  ပြည်နယ်နဲ့ တိုင်းဒေသကြီး ဥပဒေချုပ်နဲ့ စာရင်းစစ်ချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဒေသဥက္ကဋ္ဌများ၊  နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဒုသမ္မတနဲ့ အဆင့်အတန်းတူညီတဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဗိုလ်ချုပ်ကြီးများ၊ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးလို့ လူသိများတဲ့ စီးပွါးရေးလုပ်ငန်းရှင်ကြီးများက သူတို့ရဲ့ ဝင်ငွေနဲ့ ဝင်ငွေခွန်ပေးဆောင်မှုပမာဏကို နှစ်စဉ် စံပြအနေနဲ့ အများပြည်သူသိအောင် ထုတ်ပြန်ကြေညာမယ်ဆိုရင် အခွန်ထမ်းပြည်သူများမှာ သူတို့ကိုယ်တိုင်လည်း သင့်တင့်လျောက်ပါတ်တဲ့ ဝင်ငွေခွန်ကို ထမ်း ဆောင်ချင်စိတ် (Sense of Responsibility) ပေါ်လာပါလိမ့်မယ်၊ 

စည်းရုံးတယ်ဆိုရာမှာလည်း ဒီလောက်နဲ့မလုံလောက်သေးပါ၊ တိုင်းပြည်အတွင်းမှာ အစိုးရရဲ့ အသုံးစားရိတ်တွေအားလုံးဟာ ပြည်သူလူထုပေးဆောင်တဲ့ အခွန်ငွေတွေအပါအဝင် ပြည်သူက ပိုင်တဲ့ ပိုက်ဆံတွေ ဖြစ်ကြောင်း ပြည်သူလူထုကို သိနားလည်စေဖို့လည်း လိုအပ်ပါတယ်၊ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရက ပြည်သူလူထုရဲ့ ပိုက်ဆံတွေကို ပြည်သူလူထုအကျိုးစီးပွါးအတွက် ပြည်သူလူထုကိုယ်စား စီမံခန့်ခွဲနေတယ်၊ ပြည်သူလူထုဟာ အစိုးရကို လခပေးနေတဲ့ အလုပ်ရှင်တွေဖြစ်တယ်ဆိုတဲ့ ခံစားမှုမျိုး (Sense of Ownership) ဖြစ်ပေါ်အောင် အစိုးရခေါင်းဆောင်များက ကြိုးစားဖန်တီးဖို့ လိုအပ်ပါတယ်၊ ဆင်စွယ်နန်းတော်ကြီးတွေထဲမှာ အလုံခြုံဆုံးနေထိုင်၊ အကောင်းဆုံးတွေနဲ့ ပျော်မွေ့နေပြီး ပြည်သူ့ဘဏ္ဏာကို ကိုယ်ပိုင်ဥစ္စာလို ထင်သလိုသုံးစွဲနေကြတယ်ဆိုတဲ့ စစ်အာဏာရှင်တွေက ဖွဲ့စည်းပေးခဲ့လို့ ပြည်သူတို့ရင်ထဲမှာ အမြစ်တွယ်နေတဲ့ သံသယတွေကို ဒီကနေ့ရဲ့ ခေါင်းဆောင်များက ပြည်သူဗဟိုပြုလှုပ်ရှားမှုတွေနဲ့ ပြောင်းလဲပစ်နိုင်မှပဲ သံသယနဲ့ ပြည်သူတွေဟာ တာဝန်သိတဲ့ အခွန်ထမ်းပြည်သူများဖြစ်လာကြမှာပါ၊

# ပဉ္စမအဆင့်ကတော့ အခွန်ရှောင်တဲ့၊ အခွန်ငွေ အပြည့်အဝပေးဆောင်ဖို့ ပျက်ကွက်တဲ့ စီးပွါးရေးလုပ်ငန်းရှင်ကြီးများကို ထိထိရောက်ရောက်အရေးယူဖို့ပဲ ဖြစ်ပါတယ်၊ အခွန်ကောက်ခံမှုစီစစ်ကြီးကြပ်ရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ သူရဦးသောင်းလွင်က "ပြည်သူတွေ အခွန်ဆောင်ချင်လာအောင် လှုံ့ဆော်မှုတွေ အစိုးရကလည်း လုပ်မပေးသေးဘူး၊ လွှတ်တော်ကလည်း လုပ်မပေးနိုင်ဘူး၊ မြန်မာနိုင်ငံမှာ အခွန်တိုးမြှင့်ရရှိရေးလုပ်ဆောင်မှုမှာ အစိုးရလည်း တာဝန်မကျေဘူး၊ လွှတ်တော်ကလည်း တာဝန်မကျေဘူး" လို့ ပြောတယ်ဆိုပြီး Weekly Eleven Journal က ဖော်ပြတာ ဖတ်လိုက်ရပါတယ်၊ တရားဝင်ခွင့်ပြုချက်ဖြင့် လည်ပါတ်နေသည့် ကုမ္ပဏီပေါင်း သုံးသောင်းကျော်ရှိပြီး အမြတ်အစွန်းပြ အခွန်ဆောင်တဲ့ ကုမ္ပဏီက နှစ်ထောင် ကျော်ခန့်သာရှိတယ်လို့လည်း သိရပါတယ်၊ ဦးသောင်းလွင်ကပဲ "Group of Companies ကုမ္ပဏီအုပ်စုတွေအောက်မှာ ကုမ္ပဏီတွေ အများကြီးရှိတယ်၊ သူတို့သာ မှန်မှန်ကန်ကန်အခွန်ဆောင်မယ်ဆိုရင် လက်ရှိအခွန်ရရှိနှုံးထက် နှစ်ဆတက်လာနိုင်ပါတယ်" လို့ ပြောကြောင်းလည်း သိရပါတယ်၊

# နွမ်းပါးသူများကို မျှဝေပါ

အမေရိကန်ပြည်ထောင်စုရဲ့ ဝင်ငွေခွန်ကောက်ခံမှုမှာ ဆင်းရဲနွမ်းပါးသူများကို မျှဝေမှုလည်းပါဝင်ပါတယ်၊ ဝင်ငွေနည်းတဲ့ သူအဖို့ ပေးဆောင်ရမည့် ဝင်ငွေခွန်ကလည်း နည်းပါတယ်၊ အဲဒီမှာမှ အခွန်ထမ်းဆောင်သူဟာ မွေးကင်းစကလေးငယ်ရှိပြီး အလုပ်လည်းလုပ်နေရလို့ မွေးကင်းစကလေးငယ်ကို စောင့်ရှောက်ဖို့ ကလေးထိန်းငှါးရတယ်ဆိုရင် ထောက်ပံ့ငွေပြန်ပေးပါတယ်၊ သက်ကြီးရွယ်အို မိဘ၊ ဘိုးဘွားတွေကို စောင့်ရှောက်နေရတယ်ဆိုရင် ထောက်ပံ့ကြေးပြန်ပေးပါတယ်၊ မိသားစုထဲမှာ မသန်မစွမ်းကလေးငယ်ရှိတယ်ဆိုရင် ထောက်ပံ့ကြေး ပြန်ပေးပါတယ်၊ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးအတွက်လည်း ထောက်ပံ့ကြေး ပေးပါတယ်၊ ဆိုတော့ ပေးဆောင်ရမည့် ဝင်ငွေခွန်ထက် ပြန်ရတဲ့ ထောက်ပံ့ကြေးတွေက ပိုများတဲ့အခါ အခွန်ဆောင်သူက တစ်ပြားမှ မပေးဆောင်ရတော့ပဲ အစိုးရဆီက ပြန်ရပါတယ်၊ အဲဒီလို စနစ်မျိုး မြန်မာနိုင်ငံမှာ ဖြစ်စေချင်ပါတယ်၊ ဝင်ငွေနည်းသူများကို သက်ညှာပါ၊ ချမ်းသာသူများကို အခွန်ငွေပိုကောက်ပါ၊ ဆင်းရဲနွမ်းပါးသူများကို မျှဝေပါ၊ ဒါမှလည်း ဆင်းရဲ၊ ချမ်းသာ ကွာဟမှုကို မထိန်းနိုင်တောင်မှ ဆင်းရဲနွမ်းပါးသူများ ဘဝတွေ ပျက်စီးမသွားအောင် ကာကွယ်ပေးနိုင်မှာပါ၊

အောင်ဒင်
မတ်လ (၄)၊ ၂၀၁၄