BLOGGER TEMPLATES AND TWITTER BACKGROUNDS

Sunday, March 27, 2011

Eternal Rose


ထာဝရ နှင်းဆီ
အောင်ဒင်/ဒတ္ထ
(၁၉၈၇)

ခွင့်လွှတ်ပါလေ
ကြေကွဲမွန်းကြပ်၊ အလွမ်းဇာတ်ထဲ
လက်တွဲမခေါ်၊ မပျော်ရက်ဘူး
ပန်းဦးသန့်သန့် ဝေပါစေကွယ်...။

အဖြေမဲ့စွာ၊ ဒဏ်ရာထွေးပွေ့
အောက်မေ့တတ်ခြင်း
နက်ရှိုင်းထွင်းဖောက်
မရောက်နိုင်သော၊ ပန်းတို့တောဟာ
ဟိုးမှာ အဝေး၊ ငေးရင်း...ငေးရင်း...။

ချစ်ခြင်းမေတ္တာ
ကဗျာလိုလှ၊ ပန်းလိုလှရဲ့
ဘဝနဲ့ရင်း၊ ပူလောင်ခြင်းမှ
ရယူရန်ထက်၊ စွန့်လွှတ်ရက်တာ
အချစ်ပါဆို၊ မင်းငိုမယ်လား...။

နှလုံးသားမှ
ထာဝရ နှင်းဆီရယ်....။

အငိုလွယ်သော၊ အိပ်မကတောမှ
အိပ်ပျက်ညများ၊ ချန်ထားရစ်ခဲ့
ရှေ့ဆက်မယ့်လမ်း၊ နှင်းဆီပန်းဦး
ဆူးခက်ခြံရံ၊ ရှင်သန်ရုန်းထ
ဘဝမှတ်တိုင်၊ ကြံ့ကြံ့ခိုင်စေ
မျှော်လင့်နေမယ်....။












History of an Old Bell


ခေါင်းလောင်းသံအိုရဲ့ အတ္ထုပ္ပတ္တိ

အောင်ဒင်/ဒတ္ထ
(၁၉၈၅၊ မေလ၊ ရန်ကုန်စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း)


ခေါင်းလောင်းသံနဲ့ ကျောင်းခန်းအို
ဆရာပျိုကို ကြိုနေလေရဲ့။

ငိုတလှည့် ပြုံးတလှည့်
အမုန်းမဲ့ ကလေးတို့ရဲ့
တေးနွဲ့ချိုချို၊ ကျောင်းအိုတံခါး
ခြေသံများကြား၊ ယိမ်းယိုင်နေ။

လေသံနားစွင့်၊ ရင့်ကျက်သက်ပြင်း၊
လမ်းခင်းတံတား၊ ကြမ်းပေါက်ကြားမှ
ရွှံ့များလှောင်ပြောင် ရုန်းထနေ။

တခါတရံ၊ နာခံပီသ
စာအံကြတဲ့အခါ
'အလိမ္မာ' ဆိုတဲ့စကားလုံး
ပန်းကုံးပန်ဆင်၊ ရင်ခွင်ပိုက်ထွေး
အဝေးကပင်၊ ကြားမယ်ထင်ရဲ့။

ကျောက်သင်ပုန်းပေါ်မှာ
သင်ခန်းစာသစ်၊ စာချစ်တဲ့ကလေး
ဝမ်းရေးလှုပ်ရှား၊ အင်းအိုင်ကြားမှာ
ငါးရှာဖားကောက်၊ ရိုးပေါ်လျှောက်ယင်း
ပြည့်စုံခြင်းရသ၊ ကြားဖူးပါစကွယ်။

ပြောဖူးကြပါရဲ့
ရေတမာပင်တန်း၊ ကံ့ကော်လမ်းမှာ
ဖြတ်သန်းဖွဖွ၊ ခြေရာချနင်း
'တက်ကြွခြင်း' ဖွဲ့၊ သူတို့ရဲ့'တေး'
'အဝေးဆုံး'သို့ သွားကြမယ်..တဲ့လေ။

နေပူထဲက၊ ဘဝကြမ်းကြမ်း
ပန်းနွမ်းနွမ်းတို့၊ လန်းစွင့်ဝင့်ကြွား
အသိမြင့်မားဖို့၊ သူတို့ကူညီကြမယ်....တဲ့။

အဲ့ဒီလို
'တက္ကသိုလ်ကျောင်းက ငွေလမင်း'
တေးချင်းဆို၊ ငိုချင်းချ
ဪ....ဘဝဆိုတာ....။

စိတ်ကူးအိပ်မက်ထဲက
ဘဝရဲ့အကြင်နာ
ကဗျာမဆန်၊ ပန်းမပန်တဲ့
နှောင်ဖွဲ့ရစ်သိုင်း၊ မြူတံတိုင်းခြား
နှလုံးသားမှာဝေဒနာ။

ရေပေါ်ဆီမဟုတ်
ခြေသားအုတ်မြစ်၊ ကျစ်လျစ်ခိုင်ခံ့
ဝိညာဉ်သန့်စင်၊ ဖြူစင်ရိုးသား
လေးစားစရာ၊ ကျေးလက်မှာရှိ
ပကတိလူတန်းစား
ကံတရားကို၊ ကိုးစားယုံကြည်။

လွင့်ပြယ်ရောင်ပြောင်း
အဝတ်ဟောင်းတို့အောက်က
လှပတဲ့နှလုံးသား၊ ခန့်ညားတဲ့စေတနာ
မာယာမဲ့သတ္တိ
သေချာကြည့်မှ တွေ့လိမ့်မယ်။

ကျေးလက်ရင်သွေး
မျှော်လင့်ချက်တေးဆို၊ ခေတ်ကိုကြိုဖို့
ရိုကျိုးတောင့်တ၊ သက်မသက်ပြင်း
တမ်းချင်းတဖွဲ့၊
လာလှည့်ပါ၊ လာခဲ့ပါ...ဆရာ။

ခေါင်းလောင်းသံနဲ့ ကျောင်းခန်းအို
ဆရာပျိုကို ကြိုနေလေရဲ့....။



With Many Loves

အချစ်များစွာဖြင့်

အောင်ဒင်/ဒတ္ထ
(၁၉၈၇ မတ်လ)


လာမယ့်စနေနေ့မှာ
ချစ်သူဟာ
နှစ်ဆယ့်ငါးနှစ်ပြည့်ပါလိမ့်မယ်...
သူ့ကိုကျွန်တော်ချစ်ခဲ့တာကရှစ်နှစ်
သူကကျွန်တော့်ကိုပြန်ချစ်တာကခြောက်နှစ်
သူကကျွန်တော့်ထက်
အသက်တစ်နှစ်ပိုကြီးပေမယ့်
ကျွန်တော်က သူ့ထက်
အချစ်နှစ်နှစ် ပိုကြီးခဲ့တယ်...

သုံးနှစ်သုံးမိုးတဲ့
ကျွန်တော်တို့ခေတ်မှာ
သိပ်ကိုပဲ အရာမဝင်ဖြစ်ခဲ့ပါပြီ
ဒီမှာ
ကျွန်တော်တို့ရဲ့ ချစ်သူဘဝ
ခြောက်နှစ်ကို လတွေစွန်းခဲ့ပေါ့...

သူက
ဘဝကို လက်တွေ့ရင်ဆိုင်နေချိန်မှာ
ကျွန်တော်က
စာမေးပွဲတွေ ထပ်ခါထပ်ခါကျ
စိတ်ဓာတ်လည်းကျ
လုံ့လလည်းကျ
အဲဒီအခါကျမှ
သူမရဲ့စိတ်ရှည်ခွင့်လွှတ်မှုနဲ့
ကျွန်တော့်အပေါ်သည်းခံကြင်နာမှုကို
နားလည်ဂရုပြုမိတယ်...

ကြေကွဲမိရဲ့
တချို့ဘဝတွေအလံထူကြပုံများ
အားပေးစကားတစ်စုံတစ်ခုနဲ့
အလုအယက် ရှူတ်ချသံတွေကြားမှာ
နှလုံးသားဖျားနာခဲ့ပေါ့....

အားပေးထားအချစ်ရယ်
မင်းရဲ့
ကရုဏာနဲ့ သံယောဇဉ်ကို
အတိုင်းအဆမဲ့ဆွဲဆန့်လို့
ငါ့ကိုကြင်နာစမ်းပါ့
အနမ်းဖွဖွ နမ်းသမျှနဲ့
ငါ့ရဲ့အလွမ်းတွေပြေပျောက်
မနက်ဖြန်တွေရောက်ရှိလာတော့မယ်....

ဘဝဆိုတာ
ညတွေပဲကြီးစိုးနေမှာမဟုတ်ဘူး
နေ့တွေလည်းအလင်းနဲ့အတူရှိသတဲ့
အချစ်ရဲ့
မင်းပြောခဲ့စကားတစ်ခွန်းကိုတမ်းတ
ငါ ညကိုဖြတ်သန်းပါ့မယ်
တကယ်...။