အပြာရောင်မိုးကောင်းကင်သို့ အလွမ်း
အောင်ဒင်/ဒတ္ထ
(၁၉၈၇)
သစ်ရွက်ကြွေတွေကလည်း
မြောက်ပြန်လေရဲ့ စီးကြောင်းနဲ့အတူ
ရှေ့တူရူလမ်းဖွင့်
မျောပါဝေးလွင့်သွားကြပြန်ပါပြီ။
ဒီကနေ့ဟာ
သားရဲ့နှစ်ဆယ့်သုံးနှစ်ပြည့်မွေးနေ့ပ၊
ပြတင်းဝကလှမ်းမြင်ရတဲ့
ပြာလဲ့လဲ့ကောင်းကင်မှာ
ရင်ခုန်သံများစွာရဲ့ ကဗျာအသစ်
သားမျက်နှာလေးဖြစ်နေပေါ့။
သတိရတယ် သားရယ်
ဆန္ဒရဲ့ကျယ်ပြန့်တဲ့နယ်ပယ်မှာ
နာရီတွေဟာကျိန်စာသင့်ခဲ့
ကံကြမ္မာအင်္ကျီလည်း အရောင်လွင့်ပြယ်ခဲ့
လူနာအိုကြီးတစ်ယောက်ရဲ့
ကြေကွဲတမ်းတသံဟာ
အောက်မေ့ခြင်းကို
အကျည်းတန်စေမလား။
စာကြိုးစားပါ သားရယ်
ခေတ်မီသိပံ္ပပညာရပ်တွေနဲ့
ဘဝရဲ့ ဘာသာဗေဒ
နားလည်ခွင့်ရှိချိန်မှာ
မာနဖြင့်လိမ္မာကျက်မှတ်
'မြတ်နိုးခြင်းကိုဆုံးရှုံးရဲရမယ်
အမုန်းရုပ်ထု ထုဆစ်ရဲရမယ်'
လောကကြီးက ကျယ်ပြန့်တယ်သား။
ဟောဒီဆေးရုံခုတင်ထက်က
ဘဝကိုချစ်တတ်တဲ့ မျက်ဝန်းတစုံမှာ
မျက်ရည်များစွာစိမ့်အန်ယိုစီးခဲ့
အဝေးကျောင်းကသားရဲ့
လက်ဆောင်မဲ့ မွေးနေ့များအတွက်
ကျွန်တော့် အိပ်မက်တွေနာကျင်နေပေါ့။
အို....ဒီလိုနဲ့
နုပျိုရှင်သန်ဆဲပန်းကလေးတစ်ပွင့်ဟာ
သူ့ရဲ့မွေးနေ့ပေါင်းများစွာကို
အမှတ်တမဲ့ကျော်လွန်ဖြတ်သန်း
ကျွန်တော့်ရဲ့
သတိတရ အလွမ်းတွေကြောင့်
ပန်းကလေး နွမ်းမှာစိုးမိပါရဲ့။
ဟောဟိုမှာ
ဆရာဝန်ငယ်လေးတစ်ယောက်
လွင့်ပျောက်သွားတဲ့ပန်းတစ်ပွင့်ကို
တမ်းတခြင်းတွေနဲ့
လူနာတွေဆီလာနေရဲ့
ကျွန်တော့်ခုတင်ဆီရောက်တဲ့အခါ
'နေကောင်းပါတယ်ဆရာ
ကျွန်တော့်မှာလေ
ဆရာဝန်လေးနဲ့ရွယ်တူလောက်
ပညာသင်ဆဲသားတစ်ယောက်ရှိရဲ့
ဒီကနေ့ဟာသားရဲ့
နှစ်ဆယ့်သုံးနှစ်ပြည့် မွေးနေ့ပဲဗျ' လို့...
အားပါးတရ ပြောရဦးမယ်။
မွေးနေ့မှာ
စိတ်ဓာတ်ကိုယ်ခန္ဓာနဲ့ နှလုံးသား
ကျန်းမာမြင့်မြတ်
အနာဂတ်ကို ချစ်တတ်စေကွယ်။ ။
0 comments:
Post a Comment