နာရီ
အောင်ဒင်/ဒတ္ထ
(၁၉၈၇ ဇွန်၊ ရန်ကုန်စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း)
....တစ်မှ တစ်ဆယ့်နှစ်အထိ
တိကျပြတ်သားတဲ့ ဂဏန်းများ
ပါးလှပ်လှပ် မှန်မျက်နှာပြင်
ရင်ခုန်စက်သံတချက်ချက်
လက်တံတိုရှည်သုံးချောင်း
စုပေါင်းဖွဲ့စည်းမှူဟာ
နာရီရဲ့ ရုပ်ထုဖြစ်ရဲ့။
....နာရီ....ဟာ
ကမ္ဘာ၊ နေ၊ လ
နေ့ည၊ သတ္တဝါ
ရုပ်ခန္ဓာ၊ ဒြပ်ထု၊ ဥတုရာသီ
ပထဝီမြေကြီး၊ ကံခရီးသွား
တို့များအားလုံးအတွက်
ရက်စက်တဲ့ ရင့်ရော်ခြင်း
ထက်မြက်တဲ့ နှိုးဆော်ခြင်း
ယိုရွင်းမှူနိမိတ်အို
အချိန်ကို ကိုယ်စားပြုနေရဲ့...။
....နာရီလက်တံ
ချိန်မှန်လည်ပတ်
ရပ်တန့်မနား၊ ခရီးသွားရင်း
လူသားကိုဝါးမျို၊ ဝိညဉ်ကိုခိုးဝှက်
တို့အတွက်
မနက်ဖြန်ဟာ၊ မရေရာပါဘူး....။
....မွေးဖွားခြင်း
သေဆုံးခြင်း
ယင်းမှတ်တိုင်နှစ်ခုအကြား
ကျော်လွှားဖြတ်သန်း၊ ခရီးပန်းလည်း
ရဲတဲ့ 'ယောနသန်'
စံပြုကိုးစား၊ နှလုံးသားမှာ...။
....အမှည့်လွန်ချိန်
ရွက်ကြွေချိန်
အိမ်တံခါးတို့ပိတ်ချိန်
ကြိမ်ဖန်များစွာ၊ ဥပေက္ခာပြု
မာန်ဖြင့်တုလည်း
နှောင်းရဲ့ရက်များ၊ ဝံ့စားလာရောက်
နာရီနောက်မကျတတ်ပါ....။
....ကွေးသောလက်မဆန့်ခင်
ဆန့်သောလက်မကွေးခင်...တဲ့
သင်္ခါရတရား၊ အားလုံးအတွက်
မှန်ကန်လျက်ပါပဲ
မကြိုရဲတဲ့ နောက်ဆုံးအချိန်
အိမ်ရှေ့တံခါးပေါက်
ခြေရာခြောက်လှန့်၊ မကြောက်တတ်ခင်
ပန်းတစ်ပွင့်ကိုတော့ပိုင်ချင်ရဲ့....။
....အထီးကျန်ဓလေ့
အကျည်းတန်နေ့များ
ချန်ထားခဲ့ကြ
ဘဝလှေကား၊ ညတွေခါးသက်
ဓားထက်ထက်ကိုကိုင်
သံတိုင်ကိုခုတ်ဖြတ်
လည်ပတ်ဆဲလက်တံကို
ပြောင်းပြန်လှည့်နိုင်တဲ့ ခွန်အား
သင့်မှာများရှိခဲ့ရင်....။
ဒဏ်ရာမဟုတ်၊ ကံကြမ္မာမဟုတ်
ဘဝရဲ့ အတ္ထုပ္ပတ္တိ ဖြစ်တယ်....။
0 comments:
Post a Comment