BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, August 8, 2014

Burma's Parliament Watch Part (73)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၂၀၈၊ ဩဂုတ်လ ၇ ရက်နေ့၊ ၂၀၁၄၊ စာမျက်နှာ ၁၄/၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၇၃) လွှတ်တော်နှင့် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ထုတ် အစိုးရသတင်းစာများမှာ ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် ၃၁/၂၀၁၄ အဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ "အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ" (သင်းဖွဲ့ဥပဒေ) ကို သမ္မတဦးသိန်းစိန်ရဲ့  လက်မှတ်နဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ၂၀၁၃ ခုနှစ် ဇူလိုင်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ "အသင်းအဖွဲ့များဆိုင်ရာဥပဒေကြမ်း" ထက်တော့ အများကြီးပိုကောင်းပါတယ်။ 

ဒါပေမည့်လည်း ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများရဲ့  တောင်းဆိုချက်တွေကို ပစ်ပယ်ပြီး ကန့်သတ်ချုပ်ချယ်မှုလို့ ယူဆရမည့် အချက်တွေကို ထည့်သွင်းပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။ အခု နောက်ဆုံးအတည်ပြုလိုက်တဲ့ သင်းဖွဲ့ဥပဒေဟာ ဆိုးဝါးတဲ့ ဥပဒေတစ်ခုမဟုတ်ပေမည့် ကောင်းမွန်ပြည့်စုံသော ဥပဒေတစ်ခုလည်း မဟုတ်ပြန်ပါ။ ပြင်ဆင်သင့်တဲ့အချက်၊ ဖြည့်စွက်သင့်တဲ့အချက်များကို ဒီဆောင်းပါးနဲ့ အကြံပြုဆွေးနွေးချင်ပါတယ်။

(က) ပြည်ထဲရေးဝန်ကြီးဋ္ဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနတို့၏ ထိန်းချုပ်မှု

ဒီဥပဒေအရ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းနဲ့ပါတ်သက်ပြီး ခွင့်ပြုချက်ပေးရန်အာဏာရှိတဲ့ အဖွဲ့များကို ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ နေပြည်တော်ကောင်စီအဆင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆိုပြီး အဆင့်ဆင့်ဖွဲ့စည်းထားပါတယ်။ ပြည်ထောင်စုအဆင့်မှာ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနက အတွင်းရေးမှူးဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်ကောင်စီနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသအဆင့်တွေမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးများ က အတွင်းရေးမှူးများဖြစ်ကြပါတယ်။ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့်မှာတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန (ထွေ/အုပ်) ခရိုင်အုပ်ချုပ်ရေးမှူးများနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌများဖြစ်ကြပြီး လက်ထောက်ညွှန်ကြားရေးမှူးများနဲ့ မြို့နယ်ဦးစီးအရာရှိများက အတွင်းရေးမှူးများ အသီးသီးဖြစ်ကြပါတယ်။ ဒီဖွဲ့စည်းပုံအရ အသင်းအဖွဲ့များ မှတ်ပုံတင်ရေးနဲ့ ပါတ်သက်ပြီး အဓိကအာဏာအပ်နှင်းထားတာက ပြည်ထဲရေးဝန်ကြီးနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနတို့ ဖြစ်ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးဟာ နိုင်ငံတော်သမ္မတက ရွေးချယ်တာဝန်ပေးသူမဟုတ်ပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တာဝန်ပေးသူဖြစ်ပါတယ်။ ထွေ/အုပ်ဋ္ဌာနဟာ ပြည်ထဲရေးဝန်ကြီးဋ္ဌာန လက်အောက်ခံဖြစ်ပြီး တစ်နိုင်ငံလုံးရဲ့  ဒေသန္တရအုပ်ချုပ်ရေးကို လက်တွေ့ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်က ပြည်ထဲရေးဝန်ကြီးနဲ့ ထွေ/အုပ်ဋ္ဌာနက တဆင့် တစ်နိုင်ငံလုံးကို သွယ်ဝိုက်အုပ်ချုပ်နေတယ်လို့ ပြောကြပါတယ်။ အခုလည်း ဒီဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်ဟာ ပြည်ထဲရေးဝန်ကြီးနဲ့ ထွေ/အုပ်ဋ္ဌာနက တဆင့် မြန်မာနိုင်ငံရဲ့  အရပ်ဘက်အဖွဲ့အစည်းများကို သွယ်ဝိုက်ပြီး ထိန်းချုပ်ခွင့်ရှိသလို ဖြစ်နေပါတယ်။  

အသင်းအဖွဲ့များဟာ အစိုးရအဖွဲ့အစည်းများ မဟုတ်ကြသလို အစိုးရလက်အောက်ခံအဖွဲ့အစည်းများလည်း မဟုတ်ကြပါ။ အသင်းအဖွဲ့များ မှတ်ပုံတင်ရေးကို ကြီးကြပ်ဖို့ အဖွဲ့များဖွဲ့မယ်ဆိုရင် ပြည်ထောင်စုအဆင့်မှာ သမ္မတက ရွေးချယ်တာဝန်ပေးတဲ့ လူ့အဖွဲ့အစည်းခေါင်းဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ အဆင့်တွေမှာ သက်ဆိုင်ရာ ဒေသအစိုးရများက ရွေးချယ်တာဝန်ပေးတဲ့ လေးစားလောက်သော အရပ်သားများ၊ ခရိုင်နဲ့ မြို့နယ်အဆင့်တွေမှာလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက ရွေးချယ်တာဝန်ပေးတဲ့ အရပ်သားများနဲ့ ဖွဲ့စည်းသင့်ပါတယ်။ တကယ်လို့ အစိုးရဝန်ကြီးဋ္ဌာနတစ်ခုခုက တာဝန်ယူမှ ဖြစ်မယ်ဆိုရင်လည်း ပြည်ထဲရေးဝန်ကြီးနဲ့ ထွေအုပ်အစား နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး (သို့မဟုတ်) အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး (သို့မဟုတ်) ပညာရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ၎င်းဝန်ကြီးဋ္ဌာနလက်အောက်ခံ ဦးစီးဋ္ဌာနတစ်ခုခုကို တာဝန်ပေးသင့်ပါတယ်။ 

(ခ) စည်းကမ်းချက်ဖြင့် ခွင့်ပြုခြင်း

ဒီဥပဒေ အခန်း (၄)၊ ပုဒ်မ (၈)၊ ပုဒ်မခွဲ (က) မှာ "နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို ထိခိုက်နိုင်ရန်အကြောင်းမရှိပါက အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ခြင်းကို စည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြုနိုင်သည်။" ဆိုပြီး ဖော်ပြထားပါတယ်။ အလားတူပဲ၊ အခန်း (၅)၊ ပုဒ်မ (၁၇)၊ ပုဒ်မခွဲ (က) မှာလည်း အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့များကို "စည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြုနိုင်သည်" လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီနေရာမှာ "စည်းကမ်းချက်များ သတ်မှတ်၍" ဆိုတဲ့ ပြဋ္ဌာန်းချက်အပေါ်မှာ စိုးရိမ်ပူပန်စရာဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်မှာ အသင်းအဖွဲ့များကို "နိုင်ငံရေးကင်းရှင်းရမည်" "ဦးဆောင်နာယကအဖွဲ့တွင် ရဟန်းသံဃာများ မပါဝင်ရ" စတဲ့ မတရားတဲ့ စည်းကမ်းချက်တွေ သတ်မှတ်ခဲ့တာကို ပြန်သတိရမိပါတယ်။ အသေးစိတ်ရှင်းလင်းချက်မပါဝင်တာမို့ အဲဒီ "စည်းကမ်းချက်များ" ဆိုတာ မှတ်ပုံတင်ရေးအဖွဲ့ကို ခေါင်းဆောင်တဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ ထွေ/အုပ်အရာရှိများရဲ့  ဆန္ဒ၊ ဒေါသ၊ အာဃာတတွေအပေါ် မူတည်ပြီး အတိုင်းအဆမရှိ ကျယ်ပြန့်နိုင်ပါတယ်။ ဒါကြောင့် ဒီဥပဒေပါ "စည်းကမ်းချက်များဖြင့်" ဆိုတဲ့ စကားလုံးကို လုံးဝ ဖြုတ်ဖို့၊ ဒါမှမဟုတ် "စည်းကမ်းချက်များ" ဆိုတာကို ဒီဥပဒေထဲမှာတင် အသေးစိတ်ရှင်းလင်းဖွဲ့ဆိုဖို့ လိုအပ်ပါတယ်။

(ဂ) မှတ်ပုံတင်ခွင့်လျှောက်ထားရန်မလိုသော အသင်းအဖွဲ့များ

အခန်း (၆)၊ ပုဒ်မ (၁၉) မှာ ဒီဥပဒေအရ မှတ်ပုံတင်ခွင့်လျှောက်ထားရန်မလိုသော အသင်းအဖွဲ့ ၃ မျိုးကို ပြဋ္ဌာန်းထားပါတယ်။ (က) ဘာသာရေး၊ သာသနာရေးနှင့် စီးပွါးရေးသက်သက်ကိုသာ ကျင့်သုံးဆောင်ရွက်သော အဖွဲ့များ၊ (ခ) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားရမည့် နိုင်ငံရေးအသင်းအဖွဲ့များ၊ (ဂ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းထားသော အသင်းအဖွဲ့များ တို့ဖြစ်ကြပါတယ်။ မလုံလောက်ပါ။ မြန်မာနိုင်ငံအတွင်းက အခြေခံပညာကျောင်းများ၊ အထက်တန်းပညာနဲ့ အသက်မွေးဝမ်းကြောင်းပညာ တက္ကသိုလ်၊ ကောလိပ်များမှာ ဖွဲ့စည်းထားတဲ့၊ ဖွဲ့စည်းကြမည့် ကျောင်းသားအဖွဲ့အစည်းများအားလုံးဟာလည်း ဒီဥပဒေအရ မှတ်ပုံတင်လျှောက်ရန် မလိုအပ်ကြောင်း ထည့်သွင်းပြဋ္ဌာန်းသင့်ပါတယ်။ နာရေးကူညီမှုအသင်းတွေလို၊ ပညာဒါနကျောင်းတွေလို ဒုက္ခရောက်နေသူများ၊ ချို့တဲ့နွမ်းပါးသူများကို ကူညီစောင့်ရှောက်ကြတဲ့ ပရဟိတအသင်းအဖွဲ့များ၊ စာဖတ်အသင်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့အစည်းများ ဟာလည်း ဒီဥပဒေအရ မှတ်ပုံတင်လျှောက်ရန် မလိုအပ်သင့်ပါ။ 

ကျောင်းသားအဖွဲ့အစည်းများနှင့် ပါတ်သက်ပြီး နောက်ပေါ်ပေါက်လာမည့် အခြေခံပညာရေးဥပဒေ၊ အဆင့်မြင့်ပညာရေးဥပဒေများမှာ ပြဋ္ဌာန်းဖို့ရှိပါတယ်လို့ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြတယ်လို့ ကြားရပါတယ်။ သက်ဆိုင်ရာပညာရေးဥပဒေများ ပေါ်ပေါက်လာဖို့ အချိန်အတော်ကြာဦးမယ် ထင်ပါတယ်။ အဲဒီ ဥပဒေတွေ မပေါ်ပေါက်သေးသ၍ ကနေ့ ကျောင်းသားများရဲ့  ကျောင်းသားသမဂ္ဂများဖွဲ့စည်းမှု၊ လှုပ်ရှားမှုများမှာ အခက်အခဲရှိနေတာမို့ ဒီအသင်းအဖွဲ့ဥပဒေမှာတင် ကျောင်းသားအဖွဲ့အစည်းများ မှတ်ပုံတင်ခွင့်လျှောက်ထားရန် မလိုအပ်ကြောင်း ထည့်သွင်းပြဋ္ဌာန်းပေးဖို့ လိုအပ်ပါတယ်။

(ဃ) အသင်းအဖွဲ့များအား အကာအကွယ်ပေးခြင်းနှင့် အကျိုးခံစားခွင့်

ဒီဥပဒေ အခန်း (၄)၊ ပုဒ်မ (၇) အရ ပြည်တွင်းအသင်းအဖွဲ့များ မှတ်ပုံတင်လျှောက်ထားခြင်းဟာ ၎င်းအဖွဲ့များရဲ့  ဆန္ဒအလျောက်ဖြစ်ပါတယ်။ အဖွဲ့တိုင်း မဖြစ်မနေမှတ်ပုံတင်ရမယ်လို့ ပြဋ္ဌာန်းမထားပါ။ ဒါကြောင့် အသင်းအဖွဲ့များဟာ မှတ်ပုံတင်လျှောက်မထားပဲ လွတ်လပ်စွာရပ်တည်ခွင့်၊ လှုပ်ရှားခွင့်ရှိပါတယ်။ ဒီနေရာမှာ မှတ်ပုံတင်တဲ့ အသင်းအဖွဲ့များကို နိုင်ငံတော်က ဘာတွေပြန်လည်ကူညီသလဲ၊ မှတ်ပုံတင်အဖွဲ့များရဲ့  အကျိုးခံစားခွင့်တွေက ဘာတွေလဲဆိုတာ အရေးကြီးပါတယ်။ အသင်းအဖွဲ့များကို မှတ်ပုံတင်ခြင်းဖြင့် နိုင်ငံတော်ရဲ့  အကာအကွယ်နဲ့ အကူအညီကို ထိထိရောက်ရောက်ရရှိမယ်၊ သိသာထင်ရှားတဲ့ အကျိုးခံစားခွင့်တွေရှိမယ်ဆိုရင် အသင်းအဖွဲ့များက မှတ်ပုံတင်ဖို့ ရွေးချယ်ကြမှာပါ။

အခန်း (၈) မှာ "အသင်းအဖွဲ့များအား အကာအကွယ်ပေးခြင်းနှင့် အကျိုးခံစားခွင့်" များကို ပြဋ္ဌာန်းထားပါတယ်။ မှတ်ပုံတင်ထားတဲ့ အသင်းအဖွဲ့များကို ဝန်ကြီးဋ္ဌာနများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများက ဥပဒေနဲ့အညီ ကူညီခြင်း၊ အကာအကွယ်ပေးခြင်း၊ နိုင်ငံတော်မှ ပေးအပ်သည့် အထောက်အပံ့များကို လက်ခံနိုင်ခြင်း၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအလှူရှင်များ၊ ပြည်တွင်းအဖွဲ့အစည်းများမှ အထောက်အပံ့ကို ရယူနိုင်ခြင်း၊ အသင်းအဖွဲ့အနေဖြင့် တရားစွဲဆိုနိုင်ခြင်း၊ တရားစွဲဆိုခံနိုင်ခြင်း၊ ရန်ပုံငွေထူထောင်ခြင်း၊ ဘဏ်ငွေစာရင်းဖွင့်နိုင်ခြင်း၊ အလှူငွေကောက်ခံနိုင်ခြင်း၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများပိုင်ဆိုင်ခွင့်ရှိခြင်း၊ အဖွဲ့အစည်း၏ ကိုယ်ပိုင်တံဆိပ်၊ ကိုယ်ပိုင်အမှတ်အသား၊ ကိုယ်ပိုင်ဝတ်စုံဒီဇိုင်းများ မူပိုင်ခွင့်ရှိခြင်း၊ စတဲ့ အကျိုးခံစားခွင့်တွေ ပြဋ္ဌာန်းထားပါတယ်။

အဲဒီ အကျိုးခံစားခွင့်မှာ မပါဝင်တာက ဝင်ငွေခွန်ကင်းလွတ်ခွင့်ဖြစ်ပါတယ်။ အင်မတန်အရေးကြီးတဲ့ အချက်ပါ။ မှတ်ပုံတင်ထားတဲ့ အသင်းအဖွဲ့များကို လှူဒါန်းတဲ့ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေနဲ့ သူတို့လှူဒါန်းတဲ့ ငွေပမာဏအပေါ်မှာ ဝင်ငွေခွန်သက်သာခွင့်ရှိရပါမယ်။ ဒါမှပဲ လှူချင်သူတွေ လှူရဲကြမှာပါ။ မှတ်ပုံတင်ထားတဲ့အသင်းအဖွဲ့က ထုတ်ပေးတဲ့ အလှူငွေ မည်၍မည်မျှရရှိကြောင်း အသိအမှတ်ပြုကျေးဇူးတင်လွှာဟာ သက်ဆိုင်ရာလှူဒါန်းသူအတွက် ဝင်ငွေခွန်ကောက်ခံတဲ့ ဋ္ဌာနကို တင်ပြစရာ ခိုင်လုံတဲ့ သက်သေအထောက်အထားဖြစ်ရပါမယ်။ အလားတူပဲ မှတ်ပုံတင်အသင်းအဖွဲ့များဟာ ၎င်းတို့ရရှိတဲ့ ဝင်ငွေအပေါ်မှာ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရှိရပါမယ်။ အဆိုပါ အသင်းအဖွဲ့များဟာ စီးပွါးရေးအကျိုးအမြတ်အတွက် တည်ရှိတဲ့အသင်းအဖွဲ့များ မဟုတ်ကြတာကြောင့် ၎င်းမှတ်ပုံတင် အဖွဲ့အစည်းများရဲ့ နှစ်စဉ်ဝင်ငွေအပေါ် ဝင်ငွေခွန် မကောက်ခံသင့်ပါ။ တစ်ဖက်မှာလည်း မှတ်ပုံတင်မထားတဲ့ အသင်းအဖွဲ့များအနေနဲ့ နှစ်စဉ်ဝင်ငွေအပေါ် ဝင်ငွေခွန်ဆောင်ရန် တာဝန်ရှိသင့်ပါတယ်။ မှတ်ပုံတင်မထားတဲ့ အဖွဲ့များကို လှူဒါန်းသူများအားလည်း ဝင်ငွေခွန်သက်သာခွင့်ပေးရန် မလိုအပ်ပါ။

ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅/၂၀၁၄ ဖြစ်တဲ့ "ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ" ကို လေ့လာကြည့်မိပါတယ်။ ပုဒ်မ (၅)၊ ပုဒ်မခွဲ (က) မှာ ပြဋ္ဌာန်းထားတဲ့ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရှိတဲ့ စာရင်းမှာ "ဒီသင်းဖွဲ့ဥပဒေအရ မှတ်ပုံတင်မည့် အသင်းအဖွဲ့များ" မပါဝင်ပါ။ ပုဒ်မ (၅)၊ ပုဒ်မခွဲ (ခ/၂) မှာတော့ "ပြည်ထောင်စုအစိုးရသည် (ကက) ပြည်တွင်း/ပြည်ပအလှူရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံတော်အတွင်း လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များအတွက် လှူဒါန်းခြင်းမှ ရသည့်ဝင်ငွေ၊ (ဃဃ) သဘာဝဘေးအန္တရာယ်များကျရောက်ချိန်တွင် ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ထောက်ပံ့လှူဒါန်းသည့် ပစ္စည်း သို့မဟုတ် အလှူငွေ" များနှင့် စပ်လျင်း၍ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးခြင်း၊ သို့မဟုတ် သက်သာခွင့်ပေးခြင်း၊ သို့မဟုတ် အခွန်နှင့်စပ်လျင်းသည့် အခြားခံစားခွင့်ပေးခြင်းတို့ကို ပြုလုပ်နိုင်သည်" ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ ဒါဟာဖြင့် မှတ်ပုံတင်အသင်းအဖွဲ့များ ဝင်ငွေခွန်ကင်းလွတ်ခွင့်နဲ့ ပါတ်သက်ပြီး ဥပဒေပြုလွှတ်တော်က အုပ်ချုပ်ရေးအဖွဲ့ကို သင့်တော်သလို ဆောင်ရွက်ဖို့ အာဏာလွှဲလိုက်သလို ဖြစ်နေပါတယ်။ ဖြစ်သင့်တာက ဥပဒေပြုလွှတ်တော်ကိုယ်တိုင်က မှတ်ပုံတင်ထားတဲ့ အသင်းအဖွဲ့များကို ဝင်ငွေခွန်မကောက်ခံဖို့ ဥပဒေထဲမှာ ရေးဆွဲပြဋ္ဌာန်းပြီး အုပ်ချုပ်ရေးအဖွဲ့ကို ညွှန်ကြားရမှာပါ။

"ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ" ပုဒ်မ (၅)၊ ပုဒ်မခွဲ (ဃ) မှာ "တည်ဆဲအခြားဥပဒေ တစ်ရပ်ရပ်တွင် ဝင်ငွေခွန်နှင့် စပ်လျင်းသည့် အကျိုးခံစားခွင့်များ ပြဋ္ဌာန်းပါရှိလျင် ယင်းပြဋ္ဌာန်းချက်များနှင့် အညီ ခံစားခွင့်ရှိစေရမည်" လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့်မို့ တည်ဆဲဖြစ်တော့မည့် "အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ" မှာ "မှတ်ပုံတင်အသင်းအဖွဲ့များအား နှစ်စဉ်ဝင်ငွေပေါ်တွင် ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ မှတ်ပုံတင်အသင်းအဖွဲ့များအား လှူဒါန်းသူများအတွက် လှူဒါန်းငွေအပေါ်တွင် ဝင်ငွေခွန်သက်သာခွင့် စတဲ့ အကျိုးခံစားခွင့်များ" ကို ဥပဒေပြုလွှတ်တော်က ထည့်သွင်းပြဋ္ဌာန်းပြီး မှတ်ပုံတင်အသင်းအဖွဲ့များကို အထောက်အပံ့ပြုသင့်ပါတယ်။

(င) နဝတရဲ့  နည်းဥပဒေ

သင်းဖွဲ့ဥပဒေရဲ့  ပုဒ်မ (၄၁) မှာ "အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ ဥပဒေ အမှတ် ၆/၈၈) (သင်းဖွဲ့ ၆) အရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်" လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါဟာလည်း စိတ်မသက်သာစရာပါ။ နဝတစစ်အစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ (သင်းဖွဲ့ ၆) ဆိုတဲ့ ဥပဒေဟာ အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ ဥပဒေတစ်ခုဖြစ်ပြီး ဒီမိုကရေစီအင်အားစုများ၊ အလုပ်သမားအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများကို ဖိနှိပ်ဖို့ ရည်ရွယ်ပြဋ္ဌာန်းခဲ့တာပါ။ မူရင်းဥပဒေက ကြမ်းကြုတ်သလို လက်အောက်ခံနည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များဟာလည်း ကြမ်းကြုတ်ပါတယ်။ မူရင်းဥပဒေကို ပုဒ်မ (၄၃) နဲ့ ရုပ်သိမ်းလိုက်ပေမည့် နည်းဥပဒေနဲ့ အမိန့်ညွှန်ကြားချက်တွေကို ဆက်လက်သုံးစွဲနိုင်တယ်ဆိုတာ ရှေ့မှာဖော်ပြထားတဲ့ "စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုနိုင်သည်" ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ ပေါင်းပြီးစဉ်းစားရင် ကြောက်စရာကောင်းလှပါတယ်။ ဒါကြောင့် နဝတဥပဒေ သင်းဖွဲ့ (၆) ရဲ့ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များကိုပါ ရုပ်သိမ်းပြီး နည်းဥပဒေအသစ်ကို အရပ်ဘက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးရှေ့နေများနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ရေးဆွဲသင့်ပါတယ်။

အောင်ဒင်
ဇူလိုင် ၃၀၊ ၂၀၁၄

Wednesday, August 6, 2014

ဝေါမြို့က ခွပ်ဒေါင်း…. သို့ အမှတ်တရ

(National Endowment for Democracy/NED ၌ ဆရာမောင်ဝံသ ဆွေးနွေးနေစဉ်။)



ဝေါမြို့က ခွပ်ဒေါင်း…. သို့ အမှတ်တရ

အောင်ဒင်

(၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့မှာ အန်ကယ်ဦးစိုးသိမ်းမိသားစုက ထုတ်ဝေတဲ့ "မောင်ဝံသ အမှတ်တရ" စာအုပ်မှ)

(၁) ၁၉၇၉ ခုနှစ်၊ ဇွန်လ ၊ ရန်ကုန်

၁၉၇၉၊ ဇွန်လရဲ့ မနက်ခင်းတစ်ခုမှာ အောင်စာရင်းထွက်တော့ ကျနော် (၁၀) တန်းစာမေးပွဲအောင်ပါတယ်၊ အင်္ဂလိပ်၊ သင်္ချာ ဂုဏ်ထူး နှစ်ဘာသာနဲ့ပါ၊ ကျနော့်ရဲ့ အောင်မြင်မှုအတွက် အင်မတန်ဂုဏ်ယူတဲ့ ကျနော့်ဖေဖေ ဦးကျော်ရှိန်က အဲဒီနေ့က ကျနော့်ကို သူနဲ့အတူ အလုပ်ကိုခေါ်သွားပါတယ်၊
အလုပ်ဆိုပေမည့် ဖေဖေ့မှာ ရုံးခန်းအတည်တကျမရှိပါ၊ ဖေဖေက မြို့နယ်သတင်းထောက်မို့လို့ မနက်ဆိုရင် တောင်ဥက္ကလာပမြို့နယ်၊ စာတိုက်လမ်းဆုံ၊ သုမင်္ဂလာလမ်းပေါ်က မြို့နယ်ရဲစခန်းကို အရင်ဝင်ပြီး စိတ်ဝင်စားစရာ အမှုအခင်းအခြေအနေကို ရဲအရာရှိများထံ စုံစမ်းမေးမြန်းပါတယ်၊ ပြီးမှ ရဲစခန်းနဲ့ ကပ်ရက်က မြို့နယ်အဖွဲ့အစည်းများစုပေါင်းရုံးကို သွားပါတယ်၊ မြို့နယ်ရုံးမှာက မြို့နယ်ကောင်စီ၊ လုပ်ငန်းစစ်ဆေးရေးအဖွဲ့၊ ဥပဒေရုံး၊ တရားရုံး၊ စည်ပင်သာယာ၊ အခွန်၊ မှတ်ပုံတင် စတဲ့ မြို့နယ်အဆင့် အစိုးရ အဖွဲ့အစည်းတွေ စုပေါင်းရုံးစိုက်ပါတယ်၊ အထူးသဖြင့် မြို့နယ်တရားရုံးတွေရှိလို့ နေ့စဉ် အမှုစစ်ရာကို လာကြတဲ့ တရားလိုတွေ၊ တရားခံတွေ၊ ရှေ့နေတွေ၊ မိသားစုဝင်တွေနဲ့ သူတို့ကိုအမှီပြုပြီးပေါ်ပေါက်လာတဲ့ လက်နှိပ်စက်လုပ်ငန်းတွေ၊ လဘက်ရည်ဆိုင်တွေနဲ့ စည်ကားလှပါတယ်၊ ဖေဖေတို့သတင်းထောက်တွေနဲ့ ရှေ့နေတွေက လက်နှိပ်စက်ရိုက်သူ ဦးဝေလွင်ရဲ့ ဆိုင်ခန်းမှာ စုဝေးလေ့ရှိကြပါတယ်၊ အဲဒီနေရာလေးမှာပဲ အမှုအခင်းတွေ၊ သတင်းတွေကို လေ့လာပြီး နေ့လည်လောက်မှာ သတင်းရေး၊ ပြီးရင် မြို့ထဲကိုထွက်ပြီး သတင်းစာတိုက်ကို သတင်းသွားပို့ရပါတယ်၊

အဲဒီနေ့က မြို့နယ်ရုံးမှာ တွေ့သမျှ သူ့မိတ်ဆွေတွေကို သူ့သားရဲ့ အောင်မြင်မှုကို ကြွားလို့ မဝသေးတဲ့ ဖေဖေက ကျနော့်ကို သူနဲ့အတူ မြို့ထဲလိုက်စေပြန်ပါတယ်၊ ကျနော်ကလည်း လိုက်ချင်ပါတယ်၊ ဘာကြောင့်ဆိုတော့ ဖေဖေ့မိတ်ဆွေတွေက ကျနော့်ကို မုန့်ဘိုးပေးကြလို့ပါ၊ ဒီလိုနဲ့ ဖေဖေနဲ့အတူ သိမ်ဖြူလမ်းပေါ်က လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတိုက်ကို ရောက်ပါတယ်၊ အဲဒီမှာ တွေ့ရတဲ့ ဖေဖေ့မိတ်ဆွေ အယ်ဒီတာတွေ၊ သတင်းစာဆရာတွေက ကျနော့်ကို ချီးမွမ်းကြ၊ မုန့်ဘိုးပေးကြနဲ့ အဲဒီနေ့က ကျနော်အတော် ချမ်းသာတဲ့နေ့ပါ၊ ညနေစောင်းလောက်ကြတော့ ဖေဖေနဲ့အတူ ရန်ကုန်မြို့တော်ခန်းမအနားက (၃၃) လမ်း အလယ်ဘလောက်ကို ရောက်ပါတယ်၊ ဖေဖေက အဲဒီမှာ ဖေဖေတို့ သတင်းစာဆရာတွေ၊ စာရေးဆရာတွေ စုဝေးရာနေရာတစ်ခုရှိတယ် ဆိုပြီး ခေါ်သွားတာပါ၊ မြေညီထပ် တိုက်ခန်းကလေးရဲ့  အဝင်ဝမှာ "ခွပ်ဒေါင်းစာပေ" ဆိုတဲ့ ဆိုင်းဘုတ်ကလေး ချိပ်ဆွဲထားတာကို တွေ့တော့ အံ့ဩကြည်နူးမိပါတယ်၊ ခွပ်ဒေါင်းဆိုတာ ကျောင်းသားသမဂ္ဂရဲ့ သင်္ကေတပါ၊ ဒါကြောင့် ခွပ်ဒေါင်းစာပေဟာ ကျောင်းသားသမဂ္ဂနဲ့ ပါတ်သက်လိမ့်မယ်လို့ ကျနော် နားလည်မိပါတယ်၊ အခန်းထဲမှာတော့ ဖေဖေ့မိတ်ဆွေအချို့ စကားပြောနေကြပြီး ဖေဖေက သူတို့ကို ကျနော်နဲ့ မိတ်ဆက်ပေးပါတယ်၊

ကျနော်မှတ်မိသူကတော့ ခွပ်ဒေါင်းစာပေတိုက်ရဲ့  ပိုင်ရှင်နဲ့ ဗိုလ်တစ်ထောင်သတင်းစာ အယ်ဒီတာ ဦးစိုးသိမ်း (ခေါ်) စာရေးဆရာ မောင်ဝံသဖြစ်ပါတယ်၊ အဲဒီနေ့က ရန်ကုန်တက္ကသိုလ်ကျောင်းသားခေါင်းဆောင်ဟောင်း အန်ကယ်ဦးစိုးသိမ်း (သို့မဟုတ်) စာရေးဆရာမောင်ဝံသကို ကျနော် ပထမဆုံး ဆုံတွေ့ဘူးတာပါ၊ ပြီးတော့ ကျနော်က အန်ကယ် ဘာသာပြန်ဆိုရေးသားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်းဂျား၊ အမေရိကန်သမ္မတ နစ်ဆင်၊ အစ္စရေးဝန်ကြီးချုပ် မိုရှေဒါယန်း၊ ချီလီသမ္မတ အာယန်းဒေး၊ ယူဂိုဆလပ်သမ္မတ မာရှယ်တီးတိုး၊ အင်္ဂလိပ်ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်၊ ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်တို့ရဲ့  အထုပတ္တိစာအုပ်တွေ၊  ရှေ့နေကြီးပယ်ရီမေဆင် ဘာသာပြန်ဝတ္ထုတွေကို ဖတ်ခဲ့ပြီး အင်မတန်ကြိုက်နှစ်သက်သူပါ၊ အဲဒီနေ့က အန်ကယ့်ဆီက ကျနော် မုန့်ဘိုးမရပါ၊ အန်ကယ့်စာအုပ်တိုက်ကထုတ်ဝေတဲ့ စာအုပ်တွေအများကြီး ရခဲ့ပါတယ်၊

(၂) ၁၉၈၈၊ ၁၉၈၉ ခုနှစ်များ ၊ ရန်ကုန်

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးပေါ်ပေါက်လာတော့ ကျနော်က ကျောင်းသားခေါင်းဆောင်လေးတစ်ဦးဖြစ်လာပြီး အန်ကယ်ကလည်း အစိုးရသတင်းစာတိုက်ပေါင်းစုံက အယ်ဒီတာများ၊ သတင်းစာဆရာများ၊ ပုံနှိပ်စက်ဝန်ထမ်းများကို စုစည်းပြီး မဆလအစိုးရကို ဆန့်ကျင်တဲ့ အလုပ်သမားခေါင်းဆောင်တစ်ယောက်ဖြစ်လာပါတယ်၊ ဒါ့အပြင် အဘဦးဝင်းတင်နဲ့ အတူ စာပေအနုပညာရှင်များရဲ့ စုစည်းမှုမှာလည်း ပါဝင်ဦးဆောင်ခဲ့ပါတယ်၊ ရလာဒ်ကတော့ အန်ကယ်တစ်ယောက် သတင်းစာတိုက်က အငြိမ်းစားပေးခံရပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုဦးစီးအဖွဲ့ဝင်နဲ့ တတ်သိပညာရှင်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာတာပါပဲ၊ အရေးတော်ပုံကာလနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေမှာ အန်ကယ်နဲ့ ကျနော် သပိတ်စခန်းတွေမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ စသည်ဖြင့် ရံဖန်ရံခါတွေ့ဆုံခဲ့ကြပါတယ်၊ ဒီအချိန်မှာတော့ အန်ကယ်က ကျနော် စစ်ထောက်လှမ်းရေးများလက်က လွတ်အောင် ပြေးလွှားရှောင်တိမ်းရင်း ငတ်ပြတ်နေတာသိလို့ကျနော့်ကို တွေ့တိုင်း မုန့်ဘိုးပေးပါတယ်၊ ထမင်းကြွေးပါတယ်၊ လဘက်ရည်တိုက်ပါတယ်၊

(၃) ၁၉၉၀ ခုနှစ်၊ ရန်ကုန်

ကျနော်က ၁၉၈၉ ခုနှစ် ဧပြီလ (၂၃) ရက်နေ့မှာ အဖမ်းခံရပြီး စစ်ထောက်လှမ်းရေးတပ် စစ်ကြောရေးစခန်းကတဆင့် အင်းစိန်ထောင်ကို ရောက်ပါတယ်၊ အန်ကယ်လည်း အခြား အဖွဲ့ချုပ်ခေါင်းဆောင်များနဲ့အတူ ၁၉၈၉ ခုနှစ် ဇူလိုင်လမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး အင်းစိန်ထောင်ထဲရောက်လာပါတယ်၊ အင်းစိန်ထောင်ထဲမှာ ကျနော်တို့ မဆုံခဲ့ကြပါ၊ ရွေးကောက်ပွဲမတိုင်ခင် တစ်လလောက်အလို၊ ၁၉၉၀ ခုနှစ် ဧပြီလမှာ အန်ကယ့်ကို စစ်အစိုးရက ပြန်လွှတ်ပေးပြီး ရွေးကောက်ပွဲဝင်ခွင့်ရလို့  သူ့ရဲ့ ဇာတိဒေသ ပဲခူးတိုင်း၊ ဝေါမြို့နယ်ကနေ ရွေးချယ်တင်မြှောက်ခံရတယ်လို့ ကြားသိရပါတယ်၊ အဲဒီအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖမ်းခံရလို့ အင်အားလျော့နည်းနေတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီကို လူစားမထိုးပဲ ဗဟိုအလုပ်အမှုဆောင်ကော်မီတီတာဝန်ကို ကိုယ်စားပြု ဆောင်ရွက်မည့် ဗဟိုအလုပ်ကော်မီတီ (Central Working Committee) ကို အန်ကယ်ဦးကြည်မောင်ခေါင်းဆောင်ပြီး ဖွဲ့စည်းတော့ အန်ကယ်ဦးစိုးသိမ်းလည်း ဗဟိုအလုပ်ကော်မီတီဝင်တစ်ဦး ဖြစ်လာပါတယ်၊

၁၉၉၀ ခုနှစ် မေလ (၂၇) ရက်နေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရတယ်ဆိုတော့ ထောင်ထဲက ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလည်း အင်မတန်ပျော်ကြတာပေါ့၊ နဝတစစ်အစိုးရက အဖွဲ့ချုပ်ကို အာဏာလွှဲပြီးတာနဲ့ ငါတို့လွတ်ပြီလို့ ယုံကြည်မှုကြီးခဲ့ကြပါတယ်၊ ထောင်အာဏာပိုင်တွေကလည်း နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဆက်ဆံရေးပြောင်းပြီး ကောင်းဟန်ဆောင်ခဲ့ကြပါသေးတယ်၊ အဲဒီအချိန်မှာ ကျနော့်ဖေဖေက ကျနော်တို့ ထောင်ဝင်စာရက်မတိုင်မီမှာ အဖွဲ့ချုပ်ရုံးကိုသွားပြီး အန်ကယ်ဦးစိုးသိမ်းနဲ့တွေ့၊ အခြေအနေတွေကို မေးမြန်းစုံစမ်းပြီး ထောင်ဝင်စာနေ့မှာ အန်ကယ်ဦးစိုးသိမ်းမှာလိုက်တာတွေကို ကျနော်တို့ကို ပြန်ပြော၊ ကျနော်တို့ကလည်း အန်ကယ်ဦးစိုးသိမ်းကတဆင့် အဖွဲ့ချုပ်ခေါင်းဆောင်တွေကို မှာချင်တာတွေကို ဖေဖေ့ကိုပြော၊ အဲဒီလိုနဲ့ ဖေဖေက ကျနော်နဲ့ အန်ကယ်ဦးစိုးသိမ်းတို့အကြား ဆက်သွယ်ရေးသမား လုပ်ပေးခဲ့ပါတယ်၊

အဲဒီအချိန်မှာ ကျနော်နဲ့ ထောင်ထဲက ကျောင်းသားတွေက ဖေဖေနဲ့ အန်ကယ်ဦးစိုးသိမ်းက တဆင့် အဖွဲ့ချုပ်ခေါင်းဆောင်များကို ပန်ကြားခဲ့တာက ၁၉၉၀ ခုနှစ်၊ ဇူလိုင်လ (၂၈) နဲ့ (၂၉) ရက်နေ့တွေမှာ ကျင်းပမည့် ဂန္ဒီခန်းမညီလာခံကနေ အဖွဲ့ချုပ်ကဦးဆောင်ပြီး လွှတ်တော်ဖွဲ့ဖို့၊ ဒါမှမဟုတ်ရင်လည်း နဝတစစ်အစိုးရကို လွှတ်တော်အစည်းအဝေးကို ဘယ်နေ့ဘယ်ရက်နောက်ဆုံးထားပြီး ခေါ်ယူပေး ရန် ရာဇသံပေးပြီး တောင်းဆိုဖို့တွေပဲ ဖြစ်ပါတယ်၊ ဂန္ဒီခန်းမညီလာခံကျင်းပတဲ့ ရက်တွေမှာ အင်းစိန် ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ မျှော်လင့်ချက်ကြီးကြီးနဲ့ တက်ကြွနေခဲ့ကြတာပါ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဂန္ဒီခန်းမကြေညာစာတမ်းမှာလည်း ပြည်သူ့လွှတ်တော်ကို ၁၉၉၀ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ခေါ်ယူဖွဲ့စည်းပေးဖို့ စစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်၊ ဒါပေမည့်လည်း သူတို့ထင်သလိုဖြစ်မလာတဲ့ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုဖို့ ပိုင်းဖြတ်ထားတဲ့ စစ်အစိုးရက အန်ကယ်ဦးစိုးသိမ်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ်အများအပြားကို စက်တင်ဘာလကစပြီး ဖမ်းဆီးထောင်ချလိုက်ပါတယ်၊ ဒီလိုနဲ့ အန်ကယ်ဦးစိုးသိမ်းတစ်ယောက် အကျဉ်းထောင်ထဲ ဒုတိယအကြိမ် ပြန်ရောက်ခဲ့ရပါတယ်၊ ၁၉၉၀ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့မှာ ထပ်မံဖမ်းဆီးခံရပြီး ဂန္ဒီခန်းမကြေညာစာတမ်းရေးသားမှုနဲ့ စစ်ခုံရုံးက ထောင်ဒဏ် (၇) နှစ် အပြစ်ပေးခံရပါတယ်၊

(၄) ၁၉၉၄၊ ၁၉၉၅ ခုနှစ်များ၊ ရန်ကုန်

စစ်အစိုးရရဲ့ ခေါင်းဆောင်အပြောင်းအလဲ၊ "ရွေးကောက်ပွဲပြီးရင် အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးပြီး ကျနော်တို့ စစ်တန်းလျားကို ပြန်ပါ့မယ်" လို့ ကတိပေးရဲခဲ့တဲ့ ဗိုလ်ချုပ်စောမောင်ကို ဖယ်ရှားပြီး ဗိုလ်ချုပ်သန်းရွှေ နဝတ ဥက္ကဋ္ဌဖြစ်လာတဲ့ ၁၉၉၂ ခုနှစ်မှာ အမိန့်အမှတ် (၁၁/၉၂) နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာမို့ ၁၉၉၂ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့မှာ အန်ကယ်ဦးစိုးသိမ်း အင်းစိန်အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ပါတယ်၊ ကျနော်ကတော့ ပြစ်ဒဏ် ထောင်လေးနှစ်ပဲကျတာမို့ ပြစ်ဒဏ်စေ့ချိန် ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့မှာ သရက်အကျဉ်းထောင်က လွတ်မြောက်ပါတယ်၊ အဲဒီနောက် ကျနော်နဲ့ အန်ကယ်ဦးစိုးသိန်းတို့ ပြန်လည်ဆုံဆည်းကြပါတယ်၊ ဒီတစ်ခါတော့ စာပေနယ်မှာပါ၊

အဲဒီအချိန် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပထမအကြိမ်နေအိမ်အကျယ်ချုပ်က ပြန်မလွတ်သေး၊ အဖွဲ့ချုပ်ခေါင်းဆောင်အတော်များများက ထောင်ထဲမှာ၊ တောထဲမှာ ရှိနေပြီး အဖွဲ့ချုပ်ဋ္ဌာနချုပ်မှာလည်း ဦးအောင်ရွှေနဲ့ ကျန်ခေါင်းဆောင်များက အဖွဲ့ချုပ်မပြိုကွဲအောင် တည်းတည်းလေးရပ်တည်နေကြရတာပါ၊ အဖွဲ့ချုပ်ရဲ့ တရားဝင်ရပ်တည်ခွင့် မပျက်ပြယ်ရေးအတွက် ဥက္ကဋ္ဌဦးအောင်ရွှေနဲ့ လက်ကျန်ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံနေရဆဲပါတီခေါင်းဆောင်များ၊ တောထဲရောက်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ပါတီက ထုတ်ပယ်ထားပါတယ်၊ ဒါကြောင့် အန်ကယ်ဦးစိုးသိမ်းက အဖွဲ့ချုပ်ဆီ ပြန်မသွားတော့ပဲ သူ့ရဲ့ မူလ စာအုပ်စာပေလုပ်ငန်းကိုပဲ ပြန်လည်လုပ်ကိုင်ပါတယ်၊ ဝမ်းနည်းစရာကောင်းတာတစ်ခုက စစ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် သူ့ရဲ့ "ခွပ်ဒေါင်းစာပေ" ကို "ဒေါင်းစာပေ" လို့ အမည်ပြောင်းလိုက်ရတာပါ၊

ကျနော်ကလည်း ၁၉၉၃ ခုနှစ်မှာ သရက်အကျဉ်းထောင်က ပြန်လွတ်လာပြီးတဲ့နောက် ဝင်ငွေရှာဖို့အတွက် မဂ္ဂဇင်းတစ်စောင်မှာ တောက်တိုမယ်ရ ဝင်လုပ်ရပါတယ်၊ ကာတွန်းဆရာအချို့အတွက် ကာတွန်းဇာတ်လမ်းတွေ အမည်မခံပဲ ရေးပေးရပါတယ်၊ အန်ကယ်ဦးစိုးသိမ်းရဲ့ "အတွေးအမြင်" လစဉ်ထုတ်မဂ္ဂဇင်းကလည်း အတော်အောင်မြင်ပြီး အထူးသဖြင့် အတွေးအမြင်မှာ ပင်တိုင်ရေးသားတဲ့ "ပထဝီမောင်တင်" နဲ့ "တာရာငြိမ်းချမ်း" ဆိုတဲ့ ကလောင်ရှင်နှစ်ဦးရဲ့ စာတွေကို အင်မတန်လူကြိုက်များပါတယ်၊ နောက်ကျမှပဲ "ပထဝီမောင်တင်" ဆိုတာ အဖွဲ့ချုပ်၊ ရန်ကုန်တိုင်းက အန်ကယ်ဦးသိန်းတင် (အကျဉ်းထောင်တွင်း သေဆုံး)၊ "တာရာငြိမ်းချမ်း" ဆိုတာ အခြေခံပညာကျောင်းသားခေါင်းဆောင် မင်းဇင် (ယခု အမေရိကန်ပြည်ထောင်စု) ဆိုတာ သိရပါတယ်၊ အန်ကယ်ဦးသိန်းတင်က "တင်သိန်းမောင်" ဆိုတဲ့ အမည်နဲ့လည်း စာတွေရေးပါတယ်၊
ကျနော်အလုပ်လုပ်နေတဲ့ မဂ္ဂဇင်းရဲ့  ထုတ်ဝေသူ၊ ပိုင်ရှင်၊အယ်ဒီတာက "ပထဝီမောင်တင်" ကို အရမ်းသဘောကျပါတယ်၊ သူ့မဂ္ဂဇင်းမှာ ပါဝင်ရေးသားစေချင်ပါတယ်၊ ကျနော်နဲ့ ရင်းနှီးမှန်းသိလို့ "ပထဝီမောင်တင်" ကို သူ့မဂ္ဂဇင်းမှာ ပါဝင်ရေးသားအောင် ဖိတ်ကြားပေးဖို့ တာဝန်ပေးတော့ ကျနော်ကလည်း လွယ်လွယ်ကူကူတာဝန်ယူခဲ့ပါတယ်၊ တစ်နေ့ (၃၃) လမ်းက အန်ကယ်ဦးစိုးသိမ်းရဲ့ တိုက်ခန်းမှာ အန်ကယ်ဦးစိုးသိမ်း၊ အန်ကယ်ဦးသိန်းတင် နှစ်ယောက်စလုံးနဲ့ ဆုံပါတယ်၊ အဲဒါနဲ့ ကျနော်က အန်ကယ်ဦးသိန်းတင်ကို ကျနော့်မဂ္ဂဇင်းထုတ်ဝေသူရဲ့ ဖိတ်ကြားချက်ကို ပြောပြတော့ အန်ကယ်ဦးသိန်းတင်က ပြုံးပြုံးလေးနဲ့ ငြင်းပါတယ်၊

အဲဒီမှာ အန်ကယ်ဦးစိုးသိမ်းက ကျနော့်ကို ပြောပါတယ်၊ "ကိုအောင်ဒင်၊ တကယ်တော့ ပထဝီမောင်တင် ဆိုတာ အန်ကယ့်ရဲ့တိုက်ပိုင်ကလောင်လေ၊ အန်ကယ့်တိုက်ပိုင်ကလောင်ကို အန်ကယ့်ကိုခွင့်မတောင်းပဲ အခြားတိုက်မှာ ရေးဖို့ကမ်းလှမ်းတာ တကယ်တော့ မလုပ်သင့်ဘူး" တဲ့၊ ကျနော် ခေါင်းနဘန်းကြီးသွားပါတယ်၊ အဲဒီလိုမျိုး ကျနော်မစဉ်းစားမိခဲ့ပါ၊ ကျနော် စာပေလောကရဲ့ ကျင့်ဝတ်တစ်ခုကို ချိုးဖောက်မိလိုက်ပါပြီ၊ ချက်ချင်းပဲ ကျနော် အန်ကယ်နှစ်ယောက်စလုံးကို အနူးအညွတ်တောင်းပန်ရပါတယ်၊ အန်ကယ်နှစ်ယောက်စလုံးက ခွင့်လွှတ်တယ်လို့ ပြောကြပါတယ်၊ သူတို့ခွင့်လွှတ်တယ်ဆိုပေမည့် ကျနော့်ရင်ထဲမှာတော့ အပြစ်ရှိသူတစ်ယောက်ရဲ့  နာကျင်မှုကို အချိန်အတော်ကြာ ခံစားခဲ့ရပါတယ်၊

အဲဒီနောက် ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျနော် စင်္ကာပူနိုင်ငံကို အလုပ်ရှာဖို့ ထွက်ခွါခဲ့ပါတယ်၊ ခရီးမထွက်ခင် အလုပ်လျှောက်ဖို့ လိုအပ်တဲ့ ကိုယ်ရေးရာဇဝင်ကို အင်္ဂလိပ်ဘာသာနဲ့ စာစီပုံနှိပ်တော့ အန်ကယ်ကပဲ ကွန်ပြူတာစာစီပြီး ပုံနှိပ်ပေးပါတယ်၊ အခကြေးငွေလုံးဝမယူပါ၊ ၁၉၉၆ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၉၈ ခုနှစ်မှာ တစ်ကြိမ်၊ မြန်မာနိုင်ငံကို ခေတ္တပြန်ရောက်ပါတယ်၊ နေရတဲ့ရက်က တိုတောင်းလွန်းလို့ အန်ကယ်နဲ့ မတွေ့နိုင်ခဲ့ပါ၊ အဲဒီနောက် ကျနော်လည်း မြန်မာပြည်ကို ပြန်မရောက်နိုင်တော့ပါ၊

(၅) ၂၀၁၀၊၂၀၁၁ ခုနှစ်များ ၊ အမေရိကန်ပြည်ထောင်စု 

တစ်ဆယ့် ငါးနှစ် ကြာခဲ့ပြီးတဲ့နောက် ၂၀၁၀ ခုနှစ်မှာ အန်ကယ်နဲ့ ကျနော် ပြန်ဆုံဆည်းခွင့်ရပါတယ်၊ ဒီတစ်ခါတော့ ကျနော်နေထိုင်တဲ့ အမေရိကန်ပြည်ထောင်စုမှာ ဆုံဆည်းကြတာပါ၊
ကျနော်တို့ မတွေ့ခဲ့ကြတဲ့ (၁၅) နှစ်အတွင်းမှာ အန်ကယ်က အကျဉ်းထောင်ထဲကို တတိယအကြိမ်ရောက်ရှိခဲ့ပါသေးတယ်၊ ၁၉၉၆ ခုနှစ်၊ မေလ (၂၁) ရက်နေ့ကနေ ၂၀၀၁ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့အထိ ငါးနှစ်ကျော် ထိန်းသိမ်းခံခဲ့ရပါတယ်၊ ထောင်က ပြန်လွတ်မြောက်လာပြီးတော့ စာပေလောကထဲ ပြန်လည်ဝင်ရောက်၊ သူအကျဉ်းကျကာလတွေမှာ "အတွေးအမြင်" မဂ္ဂဇင်းကို မှန်မှန်ဆက်ထွက်နိုင်အောင် ကြိုးစားခဲ့တဲ့ ဇနီးသည် အန်တီဒေါ်မြင့်မြင့် (သီရိဝံသ) ဆီက စာပေတာဝန်၊ မိသားစုတာဝန်တွေကို မျှဝေကူထမ်းပြီး မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ တိုင်းပြု၊ ပြည်ပြုဆောင်းပါးတွေ ဆက်လက်ရေးသားနေပါတယ်၊ အဲဒီအချိန်က အားကစားဂျာနယ်တွေသာ အလုံးအရင်းနဲ့ ရှိနေချိန်မှာ "ပြည်သူ့ခေတ်" အမည်နဲ့ ရှားရှားပါးပါးနိုင်ငံရေးဂျာနယ်တစ်စောင်ကို ဆရာဖေမြင့်၊ ကိုမော်လင်းတို့နဲ့ ပူးပေါင်းပြီး ထုတ်ဝေနိုင်ခဲ့ပါတယ်၊

(ဝါရှင်တန်ဒီစီ မြန်မာစားသောက်ဆိုင်တွင်၊ (ဝဲမှယာ)၊ အန်တီဒေါ်မြင့်မြင့်၊ ထိုက်ထိုက်စိုး၊ အောင်ဒင်၊ အန်ကယ်ဦးစိုးသိမ်း)

၂၀၁၀ ခုနှစ်မှာ အန်ကယ်က National Endowment for Democracy (NED) အဖွဲ့ကြီးရဲ့ Fellow အဖြစ် ရွေးချယ်ခံရလို့  ဝါရှင်တန်ဒီစီမြို့တော်မှာ ခြောက်လကြာ (၂၀၁၀ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၁ ခုနှစ် မတ်လအထိ) လာရောက်နေထိုင်ခဲ့ပါတယ်၊ ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ မေရီလန်းပြည်နယ်မှာရှိတဲ့ ကျနော့်ရဲ့ တိုက်ခန်းကလေးမှာ လာရောက်နေထိုင်ပြီး စကားတွေအများကြီး ပြောဖြစ်ကြပါတယ်၊ အန်ကယ်က ဖေဖေ့ရဲ့ မိတ်ဆွေဟောင်းကြီး ဖြစ်တာမို့ အန်ကယ့်ဆီက ဖေဖေ့အကြောင်းတွေလည်း ကြားသိရပါတယ်၊ အများဆုံး ပြောဖြစ်ကြတာကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့ အခန်းကဏ္ဏတွေအကြောင်းပါ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းလည်း အတော်ဆွေးနွေးဖြစ်ကြပါတယ်၊ အန်ကယ်က ထောင်ထဲမှာ မင်းကိုနိုင်နဲ့ အခန်းချင်းကပ်ပြီး အချိန်အတော်ကြာနေခဲ့ရတော့ မင်းကိုနိုင်ရဲ့  အတည်ပေါက်နဲ့ နောက်ပြောင်ဖန်တီးပြီးပြောတဲ့ အချစ်ဇာတ်လမ်းတွေကို သူ့မှာ ယုံခဲ့မိကြောင်းပြောလို့ ကျနော်တို့ ရီကြရပါသေးတယ်၊

(National Endowment for Democracy တွင်၊ (ဝဲမှယာ)၊ ထိုက်ထိုက်စိုး၊ အန်ကယ်ဦးစိုးသိမ်း၊ အန်တီဒေါ်မြင့်မြင့်)

(National Endowment for Democracy တွင်၊ (ဝဲမှယာ)၊ Sally Blair (Fellowship Program Director) အန်ကယ်ဦးစိုးသိမ်း၊ Carl Gershman (NED President)



NED မှာ အန်ကယ် ရေးသားပြုစုတင်ပြခဲ့တဲ့  စာတမ်းက "Writing Between the Lines" (စာကြောင်းများကြားမှာ ရေးဖွဲ့ခြင်း) လို့ အမည်ရပါတယ်၊ စစ်အစိုးရရဲ့  စာပေစိစစ်ရေးအဖွဲ့က စေ့စေ့စပ်စပ် ဆင်ဆာဖြတ်တောက်နေတဲ့ကြားက မြန်မာနိုင်ငံက စာရေးဆရာ၊ ကာတွန်းဆရာ၊ ကဗျာဆရာတွေ ပြည်သူ့အကျိုးပြုစာပေတွေကို ဘယ်လိုရေးဖွဲ့နေရသလဲ၊ အာဏာရှင်စနစ်ကို ဘယ်လိုလှောင်ပြောင်နေသလဲ ဆိုတာကို ထင်ရှားတဲ့ ဥပမာတွေနဲ့ ဖွဲ့စည်းတင်ပြတာမို့ အင်မတန်စိတ်ဝင်စားစရာကောင်းလှပါတယ်၊ အန်ကယ့်ကို NED က တာဝန်ရှိသူတွေနဲ့ ဝါရှင်တန်ဒီစီအခြေစိုက် အဖွဲ့အစည်းများက ပညာရှင်များ၊ မြန်မာ့အရေးစိတ်ဝင်စားသူများက လေးစားခင်မင်ကြပါတယ်၊

(၆) ၂၀၁၂ ခုနှစ်နောက်ပိုင်းကာလများ

အန်ကယ် မြန်မာနိုင်ငံကို ပြန်သွားပြီးနောက်ပိုင်းမှာလည်း ကျနော်တို့ အဆက်အသွယ်မပြတ်ကြပါ၊ အန်ကယ်တစ်ယောက် ရှိပြီးသား စာပေတာဝန်များအပြင် လူငယ်စာနယ်ဇင်းသမားများအတွက် သတင်းစာပညာသင်တန်းတစ်ခုဖွင့်ပြီး ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲပို့ချနေတာ ကြား သိရပါတယ်၊  
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲကတဆင့် အသက်ဝင်လာခဲ့ပါတယ်၊ ၂၀၁၁ ခုနှစ် အစပိုင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖွဲ့စည်းတဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်များ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများ စတင်အသက်ဝင်လာပါတယ်၊ နှစ်ပေါင်း (၄၉) နှစ်ကြာ ပျောက်ဆုံးပြီးမှ ပြန်လည်ပေါ်ပေါက်လာတဲ့ ပါတီစုံစံနစ်နဲ့ လှုပ်ရှားတဲ့ ဥပဒေပြုလွှတ်တော်ကို ကျနော် စိတ်ဝင်တစား စောင့်ကြည့်လေ့လာပါတယ်၊ 

အစပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်ဟာ မဆလအစိုးရရဲ့ တစ်ပါတီစံနစ် ပြည်သူ့လွှတ်တော်နဲ့ ထူးမခြားနားဖြစ်လို့ "၁၅ မိနစ် လွှတ်တော်" လို့တောင် ကျနော် နောက်ပြောင်ခေါ်ဆိုမိပါတယ်၊ ဒါပေမည့် ၂၀၁၁ ခုနှစ် ဩဂုတ်လလောက်လက စလို့ ပြည်ထောင်စုလွှတ်တော်ရဲ့ လှုပ်ရှားမှုတွေဟာ ပြောင်းလဲ သွက်လက်လာပါတယ်၊ လွတ်လွတ်လပ်လပ် ဆွေးနွေးတင်ပြတာတွေ၊ တိုင်းပြည်အတွက်အကျိုးရှိတဲ့ ဥပဒေအချို့ ပြဋ္ဌန်းတာတွေ၊ ပြည်သူလူထုရဲ့ အသံကို နားထောင်မယ်လို့ ကြွေးကြော်တာတွေ၊ ပွင့်လင်းမြင်သာမှုရှိတာတွေ စတင်တွေ့လာရပါတယ်၊ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်ကို အပြုသဘောဝေဘန်တဲ့ ဆောင်းပါးတွေ ရေးမည်လို့ စဉ်းစားပြီး အန်ကယ့်ကို တိုင်ပင်တော့ အန်ကယ်က သဘောတူတဲ့အပြင် သူ အတိုင်ပင်ခံအယ်ဒီတာအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ "ပြည်သူ့ခေတ်" ဂျာနယ်မှာ အပါတ်စဉ်ဖော်ပြဖို့ အယ်ဒီတာအဖွဲ့နဲ့ ဆွေးနွေးပေးမယ်လို့ ပြောပါတယ်၊

ဒီလိုနဲ့ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပထမဆုံးဆောင်းပါးကို ရေးပြီး အန်ကယ့်ဆီ ပေးပို့ခဲ့ပါတယ်၊ ကျနော်ပေးထားတဲ့ မူလအမည်က "မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို လေ့လာသုံးသတ်ခြင်း" ပါ၊ ဒါပေမည့် အန်ကယ်က "မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့်၊ အဝေးကြည့်" လို့ အမည်ပြောင်းပေးပြီး ပြည်သူ့ခေတ်ဂျာနယ်မှာ အတွဲ (၃)၊ အမှတ် (၁၂၄)၊ ဒီဇင်ဘာ ၁၃ ရက်နေ့၊ ၂၀၁၂ ကစလို့ အပါတ်စဉ်ဖော်ပြပါတယ်၊ ဒီဆောင်းပါးတွေကို အန်ကယ့်ရဲ့ အားပေးမှု၊ တည်းဖြတ်မှုတွေနဲ့ ရေးဖြစ်၊ ဖော်ပြဖြစ်ခဲ့တာမို့လို့ အန်ကယ့်ကို အထူးကျေးဇူးတင်ရပါတယ်၊

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့မှာ စင်္ကာပူနိုင်ငံကို ကျန်းမာရေးစစ်ဆေးဖို့ ရောက်နေတဲ့ အန်ကယ့်ဆီက အီးမေးတစ်စောင်ရပါတယ်၊ စင်္ကာပူဆေးရုံက အဆုတ်ကင်ဆာလို့ အတည်ပြုလိုက်ကြောင်း ကျနော့်ကို အသိပေးတာပါ၊ အဆုတ်နှစ်ဘက်စလုံးမှာပျံ့နှံ့နေပြီး ဦးခေါင်းခွံမှာပါ ရောက်ရှိနေလို့ ဆရာဝန်များက ခွဲစိတ်ကုသခြင်းမပြုပဲ ကီမိုသရပီ (Chemo Therapy) နဲ့ ကုဖို့ ဆုံးဖြတ်ကြတယ်လို့ ပြောပါတယ်၊ ကီမိုဆေးတွေကို ခြောက်ကြိမ် (Six Cycles) သွင်းရမှာဖြစ်ပြီး တစ်ကြိမ်ကို စင်္ကာပူဒေါ်လာ ၁၈၀၀၀ ခန့်၊ စုစုပေါင်း စင်္ကာပူဒေါ်လာ တစ်သိန်းကျော် အနည်းဆုံးကုန်ကျနိုင်တယ်လို့ ခန့်မှန်းပါတယ်၊

ကင်ဆာရောဂါသည်တစ်ယောက်အဖို့ ဒီဝေဒနာဆိုးကြီးကို ရင်ဆိုင်ရာမှာ အရေးတကြီးလိုအပ်ချက် (၅) ခုရှိတယ်လို့ ကျနော်ယူဆပါတယ်၊ (၁) ကာယကံရှင်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ (၂) မိသားစုရဲ့  ချစ်ခင်စည်းလုံးညီညွတ်မှု၊ (၃) မိတ်ဆွေအသိုင်းအဝိုင်ရဲ့ ရိုင်းပင်းမှု၊ (၄) ကုသနည်းမှန်ကန်မှု နဲ့ (၅) ဆေးဝါးကုသမှုကုန်ကျစားရိတ်များအတွက် ငွေကြေးအလုံအလောက်ရှိမှု ဖြစ်ပါတယ်၊ အန်ကယ်ကိုယ်တိုင်က စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ဖြစ်ပြီး အန်ကယ့်မိသားစုဟာလည်း အန်ကယ်ကို အင်မတန်ချစ်ခင်မြတ်နိုးကြ၊ စည်းလုံးကြင်နာကြပါတယ်၊ အန်ကယ့်မှာ အင်မတန်မှ ရိုင်းပင်းကူညီတတ်တဲ့ မိတ်ဆွေတွေ၊ လေးစားကြည်ညိုသူတွေ အများကြီးရှိပါတယ်၊ ရောဂါကိုလည်း ရှာဖွေတွေ့ရှိပြီး ကုသမည့်နည်းလမ်းကိုလည်း ဆုံးဖြတ်နိုင်ခဲ့ပါပြီ၊ ဒီတော့ လိုအပ်ချက်က ငွေကြေးပဲဖြစ်ပါတယ်၊ ဒီလောက်များတဲ့ ငွေကြေးပမာဏကို အန်ကယ့် မိသားစု မတတ်နိုင်လောက်ပါ၊ ဒါပေမည့်လည်း အန်ကယ့်ကို ချစ်သူ၊ ခင်သူ၊ လေးစားသူများက ဝိုင်းဝန်းကူညီကြတာတွေ့ရတော့ ဝမ်းသာကြည်နူးရပါတယ်၊

အန်ကယ့်ကို လူကိုယ်တိုင် အားပေးချင်လို့ စင်္ကာပူနိုင်ငံကို သွားဖို့ကြိုးစားပါသေးတယ်၊ ဒါပေမည့် ကျနော်က အမေရိကန်နိုင်ငံသားမဟုတ်လို့ အမေရိကန်နိုင်ငံကူးလက်မှတ် မရှိပါ၊ ကျနော်ကိုင်ဆောင်ခွင့်ရှိတဲ့ ဒုက္ခသည်ခရီးသွားလက်မှတ်ကိုလည်း စင်္ကာပူအစိုးရက ပြည်ဝင်ခွင့်မပေးပါ၊ ဒါကြောင့် ကျနော် အန်ကယ့်ကို လူကိုယ်တိုင် တွေ့ဆုံပြီး အားမပေးနိုင်ခဲ့ပါ၊  
နောက်ဆုံးတော့ ကင်ဆာဆိုတဲ့ မိစ္ဆာဒိဌိကြီးက အင်အားကြီးမားလွန်းလို့ ကျနော်တို့ အရေးနိမ့်ခဲ့ရပါတယ်၊ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့မှာ အန်ကယ့်ကို ကျနော်တို့ ဆုံးရှုံးလိုက်ရပါတယ်၊

(၇) ကင်ဆာကျဆုံးပါစေ၊

ဒီမှတ်တမ်းကို ရေးနေရင်း ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုး ပြောခဲ့ဘူးတဲ့ "ချစ်သောသူတို့ အသက်တို၏၊ မုန်းသောသူတို့ အသက်ရှည်၏" ဆိုတဲ့ စကားလေးကို အမှတ်ရမိပါတယ်၊ အမည်မမှတ်မိတော့တဲ့ ကဗျာဆရာကြီး တစ်ယောက်ရဲ့ "လူကိုသတ်တာ၊ ကင်ဆာတဲ့လား၊ ကင်ဆာ ကျဆုံးပါစေ" ဆိုတဲ့ ကဗျာတိုလေးကိုလည်း သတိရမိပါတယ်၊ ကျနော်လည်း အန်ကယ်ဦးစိုးသိမ်းကို နှမျောတသတဲ့ စိတ်နဲ့ ဒီလို ကြွေးကြော်ချင်ပါတယ်၊

“ချစ်သောသူတို့ အသက်ရှည်ပါစေ၊
ကင်ဆာ ကျဆုံးပါစေ၊”

အောင်ဒင်
ဧပြီလ (၃)၊ ၂၀၁၄

Monday, August 4, 2014

အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၅)


(မဇ္ဈိမနေ့စဉ်သတင်းစာ၊ ဩဂုတ် ၅ ရက်၊ ၂၀၁၄၊ အင်္ဂါနေ့၊ စာမျက်နှာ ၁၆)



အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၅)
အောင်ဒင်

#ပြည်သူ့သဘောထားက ပိုအရေးကြီးသည်

အမေရိကန်အစိုးရက နံမည်ပျက်စာရင်းဝင် ခရိုနီများနဲ့ စတင်ထိတွေ့ဆက်ဆံပြီးတဲ့နောက် ခရိုနီများအနေနဲ့ နံမည်ပျက်စာရင်းက လွတ်မြောက်ရေး ကြိုးစားကြလိမ့်မယ်ထင်ပါတယ်။ ရှေ့မှာ ဖော်ပြခဲ့တဲ့ လုပ်ငန်းစဉ် (၄) ခုအတိုင်း အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနကို နံမည်ပျက်စာရင်းမှ ဖယ်ရှားရေး တောင်းဆိုမှုတွေ လုပ်ကြလိမ့်မယ်ထင်ပါတယ်။ အဲဒီလို တောင်းဆိုကြတဲ့အခါ အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနကလည်း ဒီခရိုနီများရဲ့  စီးပွါးရေးလုပ်ငန်းများဟာ စစ်ခေါင်းဆောင် အဟောင်း၊ အသစ်များနဲ့ ကင်းရှင်းခြင်း ရှိ၊မရှိ၊ ၎င်းတို့ရဲ့ စီးပွါးရေးဆောင်ရွက်မှုများမှာ လူ့အခွင့်အရေးချိုးဖောက်မှုများ ကင်းရှင်းခြင်း ရှိ၊မရှိ၊ ၎င်းတို့ရဲ့ စီးပွါးရေးဆောင်ရွက်မှုများဟာ ကျင့်ဝတ်သိက္ခာနဲ့ ညီ၊ မညီ စစ်ဆေးကြပါလိမ့်မယ်။ ဖော်ပြပါ တိုင်းတာမှုများအပြင် အမေရိကန်အစိုးရက အလေးအနက်ထည့်သွင်းစဉ်းစားမည့် အချက်တစ်ချက်ရှိပါသေးတယ်။ အဲဒါကတော့ ဒီခရိုနီစီးပွါးရေးသမားများအပေါ် ပြည်သူလူထုရဲ့  သဘောထားအမြင်ဖြစ်ပါတယ်။ ပြည်သူတွေက ချစ်အောင်နေလို့ ပြည်သူတွေက လက်ခံအသိအမှတ်ပြုသူအတွက် နံမည်ပျက်စာရင်းက ဖယ်ရှားခံရရေး လွယ်ကူပါလိမ့်မယ်။ ပြည်သူတွေအပေါ် ဆက်လက်စော်ကားနေပြီး ပြည်သူလူထုကလည်း မုန်းတီးနာကျည်းဆဲဖြစ်သူများ အတွက် နံမည်ပျက်စာရင်းက လွတ်မြောက်ဖို့ ခက်ခဲမှာပါ။

မြန်မာပြည်သူတွေဟာ ခွင့်လွှတ်တတ်ကြသူတွေပါ။ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်အုပ်စိုးမှုခေတ်ကို အားကောင်းမောင်းသန်ဖြစ်အောင် ပံ့ပိုးကူညီခဲ့ကြလို့ ဒီခရိုနီစီးပွါးရေးသမားတွေကို အမုန်းကြီးမုန်းကြပေမည့် အပြောင်းအလဲကာလမှာ ဒီခရိုနီတွေ အမြင်မှန်ရပြီး ပြည်သူလူထုဘက်ကို ပူးပေါင်းပါဝင်လာကြမယ်ဆိုရင်လည်း ခွင့်လွှတ်ကြ၊ ကြိုဆိုကြမှာပါ။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလမှာ ပြည်သူ့ဘက်ကို ပူးပေါင်းလက်တွဲလာကြတဲ့ တပ်မတော်သားတွေကို ပြည်သူလူထုက ဝမ်းသာအားရ ကြိုဆိုကြသလိုပေါ့။

ဒါပေမည့် ခရိုနီများရဲ့  ပြည်သူ့ဘက်ကို ကူးပြောင်းမှုဟာ ရိုးသားစင်ကြယ်ဖို့လိုအပ်ပါတယ်။ အခုအချိန်အထိ တွေ့နေရတာကတော့ သူတို့ကိုးကွယ်ခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်းများ အနားယူသွားပြီး အချို့ အရပ်ဝတ်လဲလို့ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ပြောင်းလဲနေကြတာတောင်မှ ခရိုနီစီးပွါးရေးသမားအများစုရဲ့  အကျင့်စရိုက်တွေ မပြောင်းလဲကြသေးပါ။ သမ္မတ ၊ ဒု-သမ္မတများနဲ့ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ တိုင်းခန်းလှည့်လည်ရာကို ကောက်ကောက်ပါအောင်လိုက်ပြီး သမ္မတနဲ့ ဝန်ကြီးများ လက်ညှိုးညွှန်ရာမှာ အလှူဒါနတွေလုပ်နေကြဆဲပါ။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုတဲ့ စီးပွါးရေးလုပ်ပိုင်ခွင့်အများစုကိုလည်း အာဏာပိုင်များနဲ့ နီးစပ်တဲ့ ခရိုနီများကပဲ ရရှိနေပါတယ်။ အစိုးရက ချီးမြှင့်တဲ့ ဂုဏ်ပြုဆုတွေကိုလည်း သူတို့ပဲ အများဆုံးရရှိနေကြတာပါ။ တစ်ဖက်မှာ ဗိုလ်ချုပ်တွေနဲ့ ဂေါက်သီးအတူရိုက်၊ ဗိုလ်ချုပ်တွေရဲ့ မိသားစုတွေကို ပစ္စည်းလေးပါးထောက်ပံ့နေပြီး တစ်ဖက်မှာလည်း ဒီမိုကရေစီအင်အားစုရဲ့ နိုင်ငံရေးခေါင်းဆောင်အချို့ကို လိုအပ်တာတွေ လျှို့ဝှက်ပြီး ဖြည့်ဆီးပေးလို့ နှစ်ဖက်စလုံးကို တစ်ပြိုင်ထဲဝယ်ယူနေတဲ့ ခရိုနီတွေလည်း အများကြီးပါ။ တစ်ဖက်မှာ လယ်မြေဧကပေါင်း သောင်းနဲ့ချီပြီး အဓမ္မသိမ်းဆည်းလို့ လယ်သမားများ၊ ဆင်းရဲသားများကို လယ်မဲ့၊ ယာမဲ့၊ အိုးအိမ်မဲ့ ဖြစ်စေခဲ့ပြီး တစ်ဖက်မှာတော့ တန်ခိုးကြီးဆရာတော်တွေကို အမြင့်မားဆုံးကိုးကွယ်၊ ဘုရားတွေတည်၊ ကျောင်းတွေဆောက်ပြီး သာသနာ့ဒယကာအမည်ခံနေတဲ့ ခရိုနီများလည်း ရှိပါသေးတယ်။

ဒီခရိုနီတွေရဲ့  အကျင့်စရိုက်တွေ မပြောင်းလဲသ၍ မြန်မာပြည်သူတွေက သူတို့ကို ခွင့်လွှတ်ဖို့၊ လက်ခံဖို့ ခက်ပါလိမ့်မယ်။ မြန်မာပြည်သူတွေက ခွင့်မလွှတ်နိုင်ရင် အမေရိကန်အစိုးရကလည်း နံမည်ပျက်စာရင်းက ဖယ်ရှားပေးဖို့ ခက်ပါလိမ့်မယ်။ နံမည်ပျက်စာရင်းမှာ နောက်ထပ် ခရိုနီစီးပွါးရေးသမားတွေ ထပ်ဖြည့်ပြီး တိုးချဲ့အရေးယူတာတောင် ရှိနိုင်ပါသေးတယ်။

သမ္မတ အိုဘားမားက ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့မှာ ထုတ်ပြန်တဲ့ သမ္မတအမိန့် ၁၃၆၁၉ (Executive Order 13619) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးကို မြန်မာနိုင်ငံမှာ "လက်ရှိနိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်ကို ဟန့်တားနှောက်ယှက်သူများ၊ တိုင်းရင်းသားလူမျိုးစုများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို နှောက်ယှက်ဟန့်တားသူများ၊ မြောက်ကိုရီးယားအစိုးရနှင့် စစ်လက်နက်ရောင်းဝယ်ရေးဆိုင်ရာ ဆက်ဆံရေးရှိသူများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ပါတ်သက်သူများ၊ အထက်ဖော်ပြပါ  ပုဂ္ဂိုလ်များကို ရုပ်ပိုင်းဆိုင်ရာ၊ ငွေကြေးဆိုင်ရာ၊ နည်းပညာနှင့် စာရင်းအင်းဆိုင်ရာ ကူညီထောက်ပံ့သူများ၊ အထက်ဖော်ပြပါ ပုဂ္ဂိုလ်များအတွက် လုပ်ငန်းဆောင်ရွက်ပေးသူများ" ကို "နံမည်ပျက်စာရင်း" မှာ ထည့်သွင်းအရေးယူဖို့ အာဏာအပ်နှင်းထားပါတယ်။

#နိုင်ငံတော်အပြောင်းအလဲနှင့် ပုဂ္ဂလိကစီးပွါးရေးသမားတို့၏ အခန်းကဏ္ဍ

တကယ်တော့ ဒီမိုကရေစီစနစ်ကို ဦးတည်လျှောက်လှမ်းနေပါတယ်ဆိုတဲ့ ဈေးကွက်စီးပွါးရေးစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတစ်ခုမှာ ပုဂ္ဂလိကစီးပွါးရေးသမားများဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ တိုင်းပြည်ရဲ့  စီးပွါးရေးမူဝါဒတွေ မှန်ကန်ရင် ဈေးကွက်စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပြီး နိုင်ငံပိုင်၊ အစိုးရပိုင်လုပ်ငန်းများလျော့နည်းလို့ ဈေးကွက်ကို ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများက ဦးဆောင်ရမှာပါ။ အစိုးရက ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများ ဈေးကွက်အတွင်း သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကြဖို့ကိုသာ စောင့်ကြပ်ကြည့်ရှူပြီး လွန်လွန်ကျူးကျူး ဝင်ရောက်စွက်ဖက်မှုမပြုရင်၊ တိုင်းပြည်နဲ့ ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်တဲ့ လမ်း၊ တံတား၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး၊ ရေနက်ဆိပ်ကမ်း၊ အင်တာနက် စတဲ့ အခြေခံအဆောက်အအုံများကိုသာ တာဝန်ယူတည်ဆောက်ပေးပြီး  ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများရဲ့ လွတ်လပ်မျှတစွာ ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ကို အားပေးမယ်ဆိုရင်  ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပြီး တိုင်းပြည်ရဲ့ စီးပွါးရေးလည်း ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။

ခရိုနီဆိုတာ အာဏာရှင်စနစ်ရဲ့  အဓိကလက္ခဏာတစ်ခုပါ။ အာဏာရှိသူထံက အထူးအခွင့်အရေးတွေရလို့ စီးပွါးရေးလုပ်ငန်းများကို ပြိုင်ဖက်မရှိလုပ်ကိုင်နိုင်ပြီး အကျိုးစီးပွါးဖြစ်လာသူများဟာ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို သူတို့ရဲ့  ကျေးဇူးရှင်များကိုသာ မျှဝေကြပါတယ်။ အများပြည်သူထံ မျှဝေခြင်းမရှိပါ။ သူတို့ ချမ်းသာကြွယ်ဝမှုကို အများပြည်သူအကျိုးစီးပွါးအတွက် မျှဝေခြင်းမပြုပဲ တိုင်းပြည်တွင်းမှာ အိမ်တွေ၊ မြေတွေဝယ်ယူစုဆောင်းတာ၊ ပြည်ပနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံစုဆောင်းတာတွေပဲ လုပ်ကြပါတယ်။ သူတို့ဆောင်ရွက်သမျှစီးပွါးရေးလုပ်ငန်းတိုင်းမှာလည်း အများပြည်သူရဲ့  မြေတွေကိုသိမ်း၊ အိမ်တွေကိုဖျက်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေကို ဝါးမျိုပြီး ပြည်သူတွေရဲ့ ဘဝတွေကို ဖျက်ဆီးပစ်ခဲ့ကြတာမို့ အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတစ်ခုမှာ ခရိုနီစီးပွါးရေးသမားများနဲ့ အာဏာရှင်များက အချမ်းသာဆုံးများဖြစ်နေကြပြီး ပြည်သူအများကတော့ ဆင်းရဲတွင်းထဲ နက်ပြီးရင်း နက်နေရပါတယ်။ နဝတ၊ နအဖစစ်အစိုးရများလက်အောက်က မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်ပေမည့် ဗိုလ်ချုပ်များနဲ့  ခရိုနီများကတော့ ကမ္ဘာ့အချမ်းသာဆုံး သူဋ္ဌေးကြီးတွေပါ။ ခရိုနီတွေ၊ ဗိုလ်ချုပ်တွေက တစ်နိုင်ငံလုံးမှာ အကောင်းဆုံး၊ အကျယ်ဆုံး အိမ်တွေ၊ မြေတွေ၊ အဆောက်အအုံတွေကို ပိုင်ဆိုင်ထားလို့ တိုင်းပြည်ရဲ့  အိမ်၊ ခြံ၊ မြေဈေးကွက်ကို ချုပ်ကိုင်ထားနိုင်ပါတယ်။ စစ်အစိုးရခေတ်မှာ တိုင်းပြည်ရဲ့ ဈေးကွက်စီးပွါးရေးစနစ်ဟာ အာဏာရှင်များနဲ့ ခရိုနီများကိုသာ ကြွယ်ဝချမ်းသာစေပြီး တစ်တိုင်းပြည်လုံးကို ဆင်းရဲတွင်းနက်စေတဲ့ တစ်လမ်းသွားစီးပွါးရေးစနစ် ဖြစ်ပါတယ်။ တစ်တိုင်းတစ်ပြည်လုံး ဆင်းရဲနွမ်းပါးနေချိန်မှာ လူနည်းစုတစ်စုက ကွက်ပြီး အလွန်အကျွံချမ်းသာနေကြတာဟာ ရှက်တတ်ရင် အလွန်ရှက်စရာကောင်းတဲ့ ကိစ္စပါ။

မြန်မာနိုင်ငံရဲ့  လက်ရှိပြောင်းလဲမှုဖြစ်စဉ်မှာ ခရိုနီတွေ တစ်တပ်တစ်အားပါဝင်ကြရင် ကောင်းရဲ့လို့ စိတ်ကူးယဉ်မိပါတယ်။ စစ်တပ်ထဲက ပြည်သူတွေဖက်ကူးပြောင်းရပ်တည်မည့် သူရဲကောင်းကို ကျနော့တို့ မျှော်ခဲ့ကြသလို ခရိုနီတွေထဲက အများပြည်သူအကျိုးစီးပွါးကို ရိုးရိုးသားသား ဆောင်ရွက်ပေးမည့် သူရဲကောင်းတွေ ထွက်ပေါ်လာစေချင်ပါတယ်။ ပြည်သူတွေအတွက် ဆောင်ရွက်တယ်ဆိုရာမှာ ဖောင်ဒေးရှင်းကြီးတွေတည်ထောင်ပြီး ပညာသင်စားရိတ်တွေ ထောက်ပံ့တာ၊ ဆေးရုံကြီးတွေတည်ဆောက်ပြီး အခမဲ့ကျန်းမာရေးကုသပေးတာလောက်နဲ့ မလုံလောက်ပါ။ 

အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ် နေရိန်ဒရာမိုဒီ (Narendra Modi) က ဝန်ကြီးချုပ်ရာထူးလက်ခံပြီး မကြာခင် ဟိန္ဒူ ဘာသာကြီးစိုးတဲ့ နိုင်ငံမှာ ရဲရဲတောက်စကားတစ်ခွန်း ပြောလိုက်ပါတယ်။ "အိန္ဒိယနိုင်ငံမှာ အိမ်သာတွေတည်ဆောက်ဖို့က ဘုရားကျောင်းများတည်ဖို့ထက် ပိုအရေးကြီးတယ်" တဲ့။ အိန္ဒိယနိုင်ငံရဲ့  လူဦးရေ သန်းတစ်ထောင်ကျော်ထဲက အိမ်သာတစ်လုံးတောင်မရှိကြတဲ့ ဆင်းရဲနွမ်းပါးသူ သန်း ၆၀၀ ကျော် (မိသားစုပေါင်း သန်း ၁၃၀ ကျော်) အတွက် ပြောတာပါ။ မြန်မာနိုင်ငံလည်း အလားတူပါ။ ဆင်းရဲနွမ်းပါးသော သာမာန်ပြည်သူ သန်းပေါင်းများစွာရဲ့  ဘဝတွေကို မြှင့်တင်ပေးဖို့၊ ဆင်းရဲတွင်းထဲက ကူညီဆွဲထုတ်ပေးဖို့က ဒီကနေ့ ခရိုနီကြီးအချို့နဲ့ သူတို့ကိုးကွယ်ရာ ဆရာတော်ကြီးများရဲ့  ဘုရားတည်၊ ကျောင်းဆောက်လုပ်ငန်းများထက် ပိုအရေးကြီးပါတယ်။

တိုင်းပြည်မှာ အဓိကပြသနာဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြုမည့် ဆောင်ရွက်ချက်တွေမှာ ခရိုနီများပူးပေါင်းပါဝင်ကြဖို့ မျှော်လင့်ပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ တိုက်ရိုက်ပါတ်သက်နေတဲ့ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ မြေယာမဲ့၊ အိုးအိမ်မဲ့များအတွက် နေစရာဖန်တီးပေးရေး၊ အလုပ်သမားများအတွက် လုံလောက်တဲ့ လစာနဲ့ ထိုက်တန်တဲ့ အခွင့်အရေးများရရှိရေး၊ ကျွမ်းကျင်အလုပ်သမားများဖြစ်အောင် လေ့ကျင့်သင်ကြားရေး၊ လုပ်ငန်းခွင် လုံခြုံရေး၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေးစသဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို မိမိတို့ရဲ့  စီးပွါးရေးလုပ်ငန်းများက ရရှိတဲ့ အကျိုးအမြတ်ရဲ့ (၂၅) ရာခိုင်နှုံးလောက်ကို ရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်ပေးမည့် သူရဲကောင်းမျိုးကို မျှော်လင့်ပါတယ်။
အဲဒီလို သူရဲကောင်းမျိုးပေါ်ပေါက်ခဲ့ရင်ဖြင့် အမေရိကန်အစိုးရရဲ့  နံမည်ပျက်စာရင်းက ဖယ်ရှားပေးဖို့ သူကိုယ်တိုင်က တောင်းဆိုစရာမလိုပါ။ ပြည်သူတွေက တောင်းဆိုပေးကြမှာပါ။

အောင်ဒင်
ဇူလိုင် ၂၄၊ ၂၀၁၄