BLOGGER TEMPLATES AND TWITTER BACKGROUNDS

Sunday, January 24, 2016

အစိုးရသစ်နှင့် တရားစီရင်ရေး (၂)




(7 Day Daily နေ့စဉ်သတင်းစာ၊ ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၁၆, http://www.7daydaily.com/story/56398)
အစိုးရသစ်နှင့် တရားစီရင်ရေး (၂)
အောင်ဒင်

# ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်ခြင်း

အဂတိလိုက်စားမှုတွေ လွှမ်းမိုးနေဆဲဖြစ်တဲ့ တရားရေးမဏ္ဍိုင်ကို ဖြောင့်မတ်ခိုင်မာအောင် ပြင်ဆင်ဖွဲ့စည်းဖို့အတွက် အဓိကလိုအပ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတက အဆိုပြုသူများကို သတ်မှတ်ထားတဲ့အရည်အချင်းများနဲ့ ကိုက်ညီရင် ပြည်ထောင်စုလွှတ်တော်က ငြင်းပယ်ခွင့်မရှိတဲ့ ပြဋ္ဌာန်းချက်တွေကို ဖျက်သိမ်းရမှာ ဖြစ်ပါတယ်။ ပြီးတော့ သမ္မတက ပြည်ထောင်စုအဆင့်ရာထူးများမှာ ခန့်အပ်ဖို့ အဆိုပြုသူတွေကို အများပြည်သူ လေ့လာသိရှိနိုင်အောင် အချက်အလက်
အပြည့်အစုံ၊ ကိုယ်ရေးရာဇဝင်အပြည့်အစုံနဲ့ ကြိုတင်ထုတ်ပြန်ကြေငြာဖို့၊ ပြည်ထောင်စုလွှတ်တော်ကလည်း သက်ဆိုင်ရာ ရေးရာကော်မတီများကို သင့်တော်တဲ့ အချိန်ကာလတစ်ခုအတွင်းမှာ အဆိုပြုခံရသူရဲ့ နောက်ကြောင်းရာဇဝင်ကို စနစ်တကျ စုံစမ်းစစ်ဆေးရန် တာဝန်ပေးဖို့၊ ပြည်သူလူထုရဲ့ အကြံပြုချက်များကို လက်ခံဖို့၊ သတင်းမီဒီယာများရဲ့ ဖော်ထုတ်ချက်များကို ထည့်သွင်းစဉ်းစားဖို့၊ အဆိုပြုခံရသူကိုယ်တိုင်ရဲ့ ရှင်းလင်းချက်ကို ကြားနာပွဲများမှ တဆင့် နားထောင်ဖို့၊ ပထမ ကော်မတီအဆင့်၊ ဒုတိယ လွှတ်တော်တစ်ခုလုံးအဆင့် မဲခွဲဆုံးဖြတ်ဖို့၊ စတဲ့ အချက်အလက်တွေကို ထည့်သွင်းပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။

ဒါပေမယ့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ကိုယ်စားလှယ်အားလုံး စိတ်တူကိုယ်တူ ပြင်ဆင်နိုင်ကြဖို့ အချိန်တစ်ခု စောင့်ရဦးမယ် ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်နိုင်သေးခင်မှာ တရားစီရင်ရေးစနစ်ကို လွတ်လပ်မှန်ကန်အောင် တည်ဆောက်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘောင်ထဲကနေ ဆောင်ရွက်သင့်တာကတော့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အခန်းကဏ္ဍကို တိုးမြှင့်ခြင်းပဲ ဖြစ်ပါတယ်။  

# ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

တရားစီရင်ရေးစနစ်တစ်ခုကို ကြည့်မယ်ဆိုရင် (က) တရားလို သို့မဟုတ် တရားစွဲအဖွဲ့အစည်းနဲ့ တရားလိုရှေ့နေ၊ (ခ) တရားခံနဲ့ တရားခံရှေ့နေ၊ (ဂ) အဆုံးအဖြတ်ပေးမယ့် တရားသူကြီး ဆိုပြီး သုံးပွင့်ဆိုင် ပါဝင်နေတာ တွေ့ရမှာပါ။ ကာယကံရှင်တစ်ဦး သို့မဟုတ် တစ်ဖွဲ့က တရားစွဲဆိုတဲ့ အမှုများကလွဲရင် ကျန်တဲ့အမှုအတော်များများမှာ နိုင်ငံတော်အစိုးရက တရားလိုအဖြစ် ပါဝင်ပါတယ်။ နိုင်ငံတော်က တရားလိုဖြစ်တဲ့အမှုတွေမှာ နိုင်ငံတော်ရဲ့ တရားစွဲအဖွဲ့အစည်းများဖြစ်ကြတဲ့ ပြည်သူ့ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး
ဦးစီးဋ္ဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စတဲ့ အစိုးရကိုယ်စားပြုအဖွဲ့များက တရားလိုများ ဖြစ်ကြပါတယ်။ အဲဒီ အမှုတွေအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့အဆင့်ဆင့်သော ဥပဒေရုံးများမှ အစိုးရရှေ့နေများက တရားလို ရှေ့နေများအဖြစ် ဆောင်ရွက်ကြပါတယ်။ နိုင်ငံတော်က တရားခံဖြစ်ရင်လည်း အစိုးရရှေ့နေများက နိုင်ငံတော်ဘက်က ခုခံကာကွယ်တဲ့ တရားခံရှေ့နေများ ဖြစ်ကြပါတယ်။

ဒီတရားစီရင်ရေးစနစ်မှာ တရားစွဲဆိုတဲ့ သို့မဟုတ် တရားစွဲခံရတဲ့ အစိုးရဋ္ဌာနများနဲ့ အစိုးရရှေ့နေများဟာ နိုင်ငံတော်အစိုးရကို ကိုယ်စားပြုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတက ပြည်ထောင်စုရှေ့နေချုပ်ကို ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီမှုနဲ့ ခန့်အပ်တာဝန်ပေးပြီး ဒုတိယရှေ့နေချုပ်ကိုတော့ သမ္မတက ပြည်ထောင်စုလွှတ်တော်ကို တင်ပြစရာမလိုပဲ စိတ်ကြိုက်ခန့်အပ်နိုင်ပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ဟာ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ဖြစ်ပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ဟာ နိုင်ငံတော်သမ္မတကို တာဝန်ခံပါတယ်။ သမ္မတသက်တမ်းအတိုင်း တာဝန်ထမ်းဆောင်ရပါတယ်။ ပြည်ထောင်စုတရားသူကြီးချုပ်ကို တာဝန်မခံပါ။ အလားတူပဲ ပြည်ထောင်စုရှေ့နေချုပ်ရုံး လက်အောက်ခံ အဆင့်ဆင့်သော အစိုးရရှေ့နေများဟာ တရားသူကြီးများရဲ့ လက်အောက်ခံဝန်ထမ်းများ မဟုတ်ကြပါ။ တရားစီရင်ရေးကိစ္စတွေမှာ အစိုးရရှေ့နေများ၊ ဥပဒေဝန်ထမ်းများဟာ ရှေ့နေချုပ်ကို ကိုယ်စားပြုပါတယ်။ တာဝန်ခံပါတယ်။ ရှေ့နေချုပ်က တဆင့် နိုင်ငံတော်သမ္မတကို တာဝန်ခံရပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ တရားစီရင်ရေးစနစ်မှာတော့ အဆင့်ဆင့်သော အစိုးရရှေ့နေများဟာ တစ်ခါတစ်ရံမှာ အဆင့်ဆင့်သော တရားသူကြီးများရဲ့ လက်အောက်ခံများသဖွယ် ပြုမူဆောင်ရွက်နေကြပါတယ်။ တရားသူကြီးများရဲ့ မတော်မတရားမှုများကို ထောက်ပြဝေဘန်ရဲခြင်း မရှိပဲ တရားသူကြီးများနဲ့ ပူးပေါင်းပြီး အကျိုးစီးပွါးရှာနေကြသလို ဖြစ်နေပါတယ်။ ဦးနေဝင်းရဲ့ မဆလပါတီအစိုးရလက်ထက်မှာ အစိုးရရှေ့နေများဟာ တရားသူကြီးများကို အကြံပေးရတဲ့ ဥပဒေဝန်ထမ်းများအဖြစ်သာ အဆင့်လျှော့ချခံခဲ့ရတဲ့ ဘဝကနေ အခုထိ မလွတ်မြောက်ကြသေးသလို ဖြစ်နေပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ တရားစီရင်ရေးစနစ်မှာလည်း တရားလိုနဲ့ တရားလိုရှေ့နေ၊ တရားခံနဲ့ တရားခံရှေ့နေ၊ တရားသူကြီး ဆိုတဲ့ သုံးပွင့်ဆိုင်ပုံသဏ္ဍန်ကို တွေ့ရမှာပါ။ နိုင်ငံတော်က ပြည်သူ့ကိုယ်စား တရားစွဲဆိုတဲ့ အမှုတွေမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တရားလို ဖြစ်ပြီး သက်ဆိုင်ရာအစိုးရရှေ့နေများက ပြည်သူဘက်က လိုက်တဲ့ ရှေ့နေများ ဖြစ်ကြတာလည်း အတူတူပါပဲ။

မတူတာက အမေရိကန်အစိုးရရှေ့နေများဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အဝအသုံးချပြီး အထောက်အထားမခိုင်လုံတဲ့ အမှုများ၊ သက်သေမပြည့်စုံတဲ့အမှုများ၊ ညှင်းပန်းနှိပ်စက်လို့ ဖြောင့်ချက်ပေးရတဲ့အမှုများ၊ မတော်မတရား လုပ်ကြံဖန်တီးတဲ့အမှုများ၊ ရဲများက ကျင့်ဝတ်နဲ့ လုပ်ပိုင်ခွင့်ကို ချိုးဖောက်ပြီး ဖန်တီးတည်ဆောက်တဲ့အမှုများကို တရားရုံးကို တင်ခွင့်မပေးပဲ ပယ်ချရဲကြတာပါ။ တရားခံအဖြစ် အစွပ်စွဲခံရသူကိုလည်း သံသယအကျိုးအပြည့်အဝ ခံစားခွင့်ပြုကြပါတယ်။ တရားခံမှာ အပြစ်ရှိကြောင်း သက်သေခိုင်လုံတာတောင်မှ ကျူးလွန်တဲ့ ပြစ်မှုဟာ မပြောပလောက်တဲ့ အမှု၊ တိုင်းပြည်အကျိုးစီးပွါးနဲ့ယှဉ်ပြီး ကြီးမားတာမျိုး မဟုတ်ရင်လည်း တရားရုံးတင်ဖို့ သဘောမတူကြပါ။ တရားဆွဲချင်တဲ့ ရဲတပ်ဖွဲ့က ဘယ်လောက်ပဲ အတိုက်အခံပြုပြီး တောင်းဆိုပစေ အစိုးရရှေ့နေများဟာ သူတို့ရဲ့ အမိန့်အာဏာနဲ့ အမှုအတော်များများကို ပယ်ချရဲကြပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေမှာလည်း အလားတူ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၁၂ (စ) မှာ "ပြစ်မှုဆိုင်ရာအမှုများကို တရားရုံးသို့ ဥပဒေနှင့်အညီ တရားစွဲဆို တင်ပို့ရမည်" ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်အရ ရဲတပ်ဖွဲ့ သို့မဟုတ် အစိုးရဋ္ဌာနတစ်ခုခုက တရားစွဲဆိုဖို့ ပြင်ဆင်တင်ပြလာတဲ့ ပြစ်မှုဆိုင်ရာအမှုတွေကို ဥပဒေနဲ့ ညီ၊မညီ စစ်ဆေးဖို့၊ တရားရုံးသို့ တင်သင့်၊ မတင်သင့် ဆုံးဖြတ်ဖို့ဆိုတာ ပြည်ထောင်စုရှေ့နေချုပ်နဲ့ အဆင့်ဆင့်သော အစိုးရရှေ့နေများရဲ့ တာဝန်ဖြစ်ပါတယ်။ ပုဒ်မ ၁၃ (ခ) မှာ "တရားရုံးတွင် တရားစွဲဆိုထားသော ပြစ်မှုဆိုင်ရာအမှုတွင် အမှုတစ်ရပ်လုံးကို ဖြစ်စေ၊ စွဲချက်တစ်ရပ်ရပ်ကို ဖြစ်စေ၊ တရားခံတစ်ဦးဦးကို ဖြစ်စေ ရုပ်သိမ်းရန်လိုအပ်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်" လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၁၃ (ဂ) မှာ “တရားစွဲဆိုတင်ပို့ခြင်းမပြုနိုင်သော ပြစ်မှုဆိုင်ရာအမှုများနှင့် စပ်လျင်း၍ ပိတ်သိမ်းရန် ဆုံးဖြတ်ရမည်" လို့ ပြဋ္ဌာန်းထားပါသေးတယ်။

မြန်မာနိုင်ငံက အစိုးရရှေ့နေတွေ အဲဒီ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အမှန်တကယ် ကျေကျေပွန်ပွန်ထမ်းဆောင်ကြမယ်ဆိုရင် အခုတွေ့မြင်နေရတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူများကို အစိုးရက တရားလိုအဖြစ်နဲ့ အကြိမ်ကြိမ် အခါခါ တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်တာတွေ၊ ကျောင်းသားခေါင်းဆောင်လေးတွေကို ပုဒ်မပေါင်း မြောက်များစွာနဲ့ တရားစွဲဆိုထားတာတွေ ရှိမှာမဟုတ်ပါ။ အလားတူပဲ တရားစွဲအဖွဲ့များက မထိမတွေ့ရဲလို့ မသိချင်ယောင်ဆောင်နေတတ်ကြတဲ့၊ ဒါမှမဟုတ် ဝတ္တရားကျေ အဖမ်းပြပြီး သက်သေမခိုင်လုံလို့ဆိုပြီး ပြန်လွှတ်ပေးတတ်ကြတဲ့ မျက်နှာကြီးရာဇဝတ်မှုတွေကို တရားရုံးသို့ မပို့ပဲ ထိန်ချန်ထားကြတာလဲ ရှိမှာမဟုတ်ပါ။ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ အဆင့်ဆင့်သောအစိုးရရှေ့နေများကသာ အမှုဖွင့်ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့နဲ့ ပြစ်ဒဏ်စီရင်ချက်ချမယ့် တရားသူကြီးတို့ရဲ့ ကြားက မိမိတို့ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍ၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ဆောင်ရွက်နိုင်ကြမယ်ဆိုရင် တရားစီရင်ရေးစနစ်ဟာ အတိုင်းအတာတစ်ခုအထိ ဖြောင့်မတ်လာနိုင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်ဟာ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ တရားသူကြီးများကို အစားထိုးခန့်အပ်နိုင်မှာ မဟုတ်ပေမယ့် ပြည်ထောင်စုရှေ့နေချုပ်ကိုတော့ အသစ်ခန့်အပ်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ ဥပဒေရုံးအဆင့်ဆင့်ကို အသစ်ပြင်ဆင်ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။

အစိုးရသစ်အနေနဲ့ ပြည်သူ့လွှတ်တော်ကော်မတီရဲ့ တရားစီရင်ရေးဆိုင်ရာ အစီရင်ခံစာမှာ အစိုးရကို ကိုယ်စားပြုတဲ့ ဥပဒေဝန်ထမ်းအဆင့်ဆင့်မှာလည်း ကွင်းဆက်တွေရှိနေပြီး နားလည်မှုဖြင့် ဆောင်ရွက်နေကြကြောင်း ထောက်ပြဝေဘန်တာကို သတိပြုသင့်ပါတယ်။ ဒီအချက်ကို အထူးအလေးအနက်ပြုပြီး အစိုးရသစ်က ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ ဥပဒေရုံးအဆင့်ဆင့်ကို ပြန်လည်ဖွဲ့စည်းရာမှာ အရည်အချင်းအမှန်တကယ်ပြည့်ဝပြီး တရားဥပဒေစိုးမိုးရေးကို ရဲရဲရင့်ရင့် တာဝန်ခံဆောင်ရွက်မယ့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယ ရှေ့နေချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များနဲ့ အဆင့်ဆင့်သော အစိုးရရှေ့နေများ၊ ဥပဒေဝန်ထမ်းများကို ရွေးချယ်တာဝန်ပေးသင့်ကြောင်း တင်ပြအပ်ပါတယ်။ တကယ်လို့ အစိုးရသစ်က ခန့်အပ်တဲ့ ပြည်ထောင်စုရှေ့နေချုပ်အပါအဝင် အစိုးရရှေ့နေများရဲ့ မမှန်မကန်ပြုမှုများ၊ ဥပဒေအလွဲသုံးစားလုပ်မှုများ၊ တာဝန်မကျေပွန်မှုများကို စစ်ဆေးဖော်ထုတ်တွေ့ရှိရင်လည်း  ကျောသားရင်သား မခွဲခြားပဲ ပြတ်ပြတ်သားသား အရေးယူသင့်ပါတယ်။

(ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၁၆)



0 comments: