(7 Day နေ့စဉ်သတင်းစာ၊ ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၁၆၊ http://www.7daydaily.com/story/56334)
အစိုးရသစ်နှင့်
တရားစီရင်ရေး (၁)
အောင်ဒင်
#
မလွတ်လပ်သော တရားစီရင်ရေး
မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပြုရေးမှာ
ပြောင်းလဲတိုးတက်မှုတွေ ရှိတယ်လို့ ဆိုကြပေမယ့် တရားစီရင်ရေးနဲ့ ပတ်သက်ရင်တော့ အရင်
စစ်အစိုးရလက်ထက်အတိုင်း မပြောင်းမလဲပဲ ဆက်လက်တည်ရှိနေတယ်လို့ ဆိုကြပါတယ်။ အရင်အတိုင်းပဲလို့
ဆိုကြရာမှာ လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ တရားသူကြီးများဟာ သမ္မတဦးသိန်းစိန် လက်ထက်မှာ
ခန့်အပ်တာဝန်ပေးတာ ဖြစ်ပေမယ့် တရားစီရင်ရေးဟာ အများပြည်သူ မျှော်လင့်သလို လွတ်လပ်ပြီး
မျှတတဲ့ တရားစီရင်ရေးဖြစ်မလာပဲ အုပ်ချုပ်ရေးပိုင်းရဲ့ စွက်ဖက်မှု၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့
တရားစီရင်ရေးမဏ္ဍိုင်ဟာ ဆက်လက်ယိမ်းယိုင်နေဆဲပဲလို့ ဆိုလိုတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတရားစီရင်ရေးစနစ်ရဲ့ လက်ရှိအခြေအနေကို
" ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ
စီစစ်ဆောင်ရွက်ရေးကော်မတီ" က ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်
အစည်းအဝေးကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။ ကော်မတီက
မြန်မာနိုင်ငံရဲ့ လက်ရှိတရားစီရင်ရေးစနစ်ဟာ "အဂတိတရားများ လွှမ်းခြုံလျက်ပင် ရှိနေသေးသည်"
ဟု ဝေဘန်ထောက်ပြပါတယ်။ တရားသူကြီးအဆင့်ဆင့်ဟာ အထက်တရားသူကြီးအဆင့်ဆင့်ရဲ့ ကြီးကြပ်မှုနဲ့
ဆောင်ရွက်ရာမှာ အပေးအယူ ကွင်းဆက်များရှိနေပြီး တရားရုံးများကို အထောက်အကူပြုရတဲ့ ဥပဒေဝန်ထမ်းအဆင့်ဆင့်မှာလည်း
ကြီးကြပ်သူအဆင့်ဆင့်ကြား အပေးအယူ ကွင်းဆက်များရှိနေတယ်လို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ရဲ့
သဘောတူညီမှုနဲ့ ပြည်ထောင်စုတရားစီရင်ရေးစနစ်ရဲ့
အမြင့်ဆုံးအာဏာပိုင် ပုဂ္ဂိုလ်ဖြစ်တဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ကို ရွေးချယ်ခန့်အပ်ပါတယ်။
အဲဒီနောက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး ပြည်ထောင်စုတရားသူကြီးများကို
ခန့်အပ်ပါတယ်။ နောက်တစ်ခါ သမ္မတဟာ ပြည်ထောင်စုတရားသူကြီးချုပ်၊
သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး တိုင်းဒေသကြီး/ပြည်နယ်တရားသူကြီးချုပ်ကို
ရွေးချယ်ခန့်အပ်ပါတယ်။ အဲဒီနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုတရားသူကြီးချုပ်နဲ့
ညှိနှိုင်းတိုင်ပင်ပြီး တိုင်းဒေသကြီး/ပြည်နယ်တရားသူကြီးများကို ရွေးချယ်ခန့်အပ်ပါတယ်။
ခရိုင်အဆင့်၊ မြို့နယ်အဆင့် တရားသူကြီးများကတော့ တိုင်းဒေသကြီး/ပြည်နယ်တရားသူကြီးချုပ်များရဲ့
ကြီးကြပ်ကွပ်ကဲမှုအောက်မှာ ရှိပါတယ်။ ဒါကြောင့် တရားသူကြီးအဆင့်ဆင့်ဟာ ၎င်းတို့ ရာထူးရရှိအောင်
ထောက်ခံပေးခဲ့တဲ့ အထက်တရားသူကြီးအဆင့်ဆင့်နဲ့ အုပ်ချုပ်ရေးအာဏာပိုင်အဆင့်ဆင့်ရဲ့ ဩဇာသက်ရောက်မှုအောက်မှာ
ရှိနေပါတယ်။ ၎င်းတို့ ရာထူးတည်မြဲမှု၊ နေရာပြောင်းရွှေ့မှု၊ ရာထူးတိုးမြှင့်မှုတွေအားလုံးဟာ
အထက်တရားသူကြီးအဆင့်ဆင့်နဲ့ အထက်အာဏာပိုင်အဆင့်ဆင့်အပေါ် တည်မှီနေပါတယ်။ ဒါကြောင့်လည်း
တရားစီရင်ရေးအာဏာဟာ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာများနဲ့ တန်းတူရှိတယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံမှာ
ပြဋ္ဌာန်းထားပေမယ့် လက်တွေ့တရားစီရင်ရေးကတော့ လွတ်လပ်သော၊ မျှတသော တရားစီရင်ရေး မဖြစ်နိုင်တော့ပါ။
ကော်မတီက "ယနေ့ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု
လွန်စွာအားနည်းနေသောကြောင့် ပြည်သူများအနေဖြင့် လူမှုစီးပွါးရေးဘဝ လုံခြုံမှုမရှိဟု ခံစားနေကြရသည်။
တရားဥပဒေစိုးမိုးမှု အားကောင်းလာစေရန် လိုအပ်ချက်များစွာ ရှိနေရာ တရားရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်ရန်သည်
အဓိကလိုအပ်ချက်ဖြစ်ပါသည်။ လွတ်လပ်သော၊ ဖြောင့်မတ်ကြံ့ခိုင်သော၊ တရားမျှတသော တရားရေးမဏ္ဍိုင်ဖြစ်လာမှသာ
ပြည်သူကို ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။ ထိုအခြေအနေမျိုး ရရှိရန်အတွက် တရားရုံး၊ တရားလွှတ်တော်အဆင့်ဆင့်ကို
ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ပြင်ဆင်ဖွဲ့စည်းနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ပါကြောင်း
အစီရင်ခံအပ်ပါသည်" လို့ အစီရင်ခံစာကို အဆုံးသတ်ပါတယ်။ ဒီအကြံပြုချက်အတိုင်း တရားရုံး၊
တရားလွှတ်တော်အဆင့်ဆင့်ကို ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ ပြင်ဆင်ဖွဲ့စည်းဖို့ တာဝန်ဟာ
"တိုင်းပြည်အတွက် ကောင်းသောအပြောင်းအလဲများကို အကောင်အထည်ဖော်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အစိုးရသစ်ရဲ့ ပုခုန်းပေါ်ကို ကျရောက်လာပါပြီ။
#
တရားစီရင်ရေးမဏ္ဍိုင်ကို ပြင်ဆင်ရန် အခက်အခဲများ
တကယ့် လက်တွေ့မှာ တရားစီရင်ရေးမဏ္ဍိုင်ကို ပြင်ဆင်ဖွဲ့စည်းဖို့ဆိုတာ
မလွယ်ကူလှပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက သမ္မတ၊ အစိုးရနဲ့ လွှတ်တော်များရဲ့ သက်တမ်းကို
ငါးနှစ် သတ်မှတ်ထားပေမယ့် တရားသူကြီးများကိုတော့ ကာလတာရှည် တာဝန်ထမ်းဆောင်ခွင့်ပေးထားပါတယ်။
ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပြည်ထောင်စုတရားသူကြီးများဟာ (က) ၎င်းတို့ သဘောအလျောက်
ရာထူးမှ နှုတ်ထွက်ခြင်း (ခ) စွပ်စွဲပြစ်တင်ခြင်းခံရပြီး ရာထူးမှ ရပ်စဲခံရခြင်း (ဂ) ကျန်းမာရေးချို့ယွင်းကြောင်း
ဆေးအဖွဲ့က တွေ့ရှိခြင်း (ဃ) ကွယ်လွန်ခြင်း မဟုတ်ရင် အသက် ၇၀ နှစ် ပြည့်တဲ့အထိ တာဝန်ထမ်းဆောင်နိုင်ပါတယ်။
တိုင်းဒေသကြီး/ပြည်နယ်အဆင့် တရားသူကြီးချုပ်နဲ့ တရားသူကြီးများဟာလည်း အသက် ၆၅ နှစ်ပြည့်တဲ့အထိ
တာဝန်ထမ်းဆောင်နိုင်ပါတယ်။
ဒါကြောင့်မို့ သမ္မတဦးသိန်းစိန်က ခန့်အပ်ခဲ့ပြီး လက်ရှိတာဝန်ထမ်းဆောင်နေတဲ့
ပြည်ထောင်စုတရားသူကြီးချုပ်အပါအဝင် ပြည်ထောင်စုတရားသူကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်
တရားသူကြီးချုပ်များနဲ့ တရားသူကြီးများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်က
တာဝန်က အနားပေးလို့ မရနိုင်၊ အသစ်များနဲ့ အစားထိုးလို့ မရနိုင်ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေက
ခွင့်ပြုထားတဲ့ သက်တမ်းစေ့တဲ့အထိ တာဝန်ထမ်းဆောင်ခွင့်ပြုရမှာ ဖြစ်ပါတယ်။ ဒီ တရားသူကြီးများကို
ပိုပြီးအရည်အချင်းပြည့်ဝပြီး ဖြောင့်မတ်မှန်ကန်တဲ့ တရားသူကြီးအသစ်များနဲ့ အစားမထိုးနိုင်သ၍
ပြည်သူ့လွှတ်တော်အစီရင်ခံစာက စစ်ဆေးတွေ့ရှိပြီး ထောက်ပြဝေဘန်ခဲ့တဲ့ "အဂတိတရားများ
လွှမ်းခြုံလျက်ရှိတဲ့ တရားစီရင်ရေးစနစ်" ကို ပြည်သူလူထုအားကိုးယုံကြည်နိုင်အောင်
ပြင်ဆင်ဖွဲ့စည်းဖို့ မဖြစ်နိုင်ပါ။
ဒီနေရာမှာ တရားသူကြီးများအား သမ္မတရဲ့ သက်တမ်းနဲ့အညီ မဟုတ်ပဲ
သက်တမ်းရှည်ကြာ တာဝန်ထမ်းဆောင်ခွင့်ပြုခြင်းဟာ လွတ်လပ်သော တရားစီရင်ရေးစနစ်ရဲ့ အဓိကလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံမှာ ပြည်ထောင်စုအဆင့် တရားသူကြီးများအား အသက် ၇၀ နှစ် ပြည့်တဲ့အထိ၊
တိုင်းဒေသကြီး/ပြည်နယ်အဆင့် တရားသူကြီးများအား အသက် ၆၅ နှစ် ပြည့်တဲ့အထိ တာဝန်ထမ်းဆောင်ခွင့်ပြုတာ
မှားယွင်းမှုမဟုတ်ပါ။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ပြည်ထောင်စုတရားသူကြီးများကို ရွေးချယ်ခန့်အပ်ပြီးတဲ့
အချိန်က စလို့ ၎င်းတို့ ကွယ်လွန် ချိန်၊ ကိုယ်ပိုင်ဆန္ဒအရ အနားယူတဲ့အချိန်အထိ
ရာသက်ပန်တာဝန်ထမ်းဆောင်ခွင့် (Lifetime Appointment) ပြုထားပါတယ်။ ဒါမှသာ တရားသူကြီးများဟာ
၎င်းတို့ကို ရွေးချယ်အဆိုပြုတဲ့ သမ္မတနဲ့ အတည်ပြုပေးတဲ့ အထက်လွှတ်တော်အမတ်များရဲ့ မျက်နှာကို
ကြည့်စရာမလိုပဲ၊ လေးနှစ်သက်တမ်းရှိတဲ့ သမ္မတအဆက်ဆက်၊ ကွန်ဂရက်လွှတ်တော်အဆက်ဆက်ရဲ့ လွှမ်းမိုးမှုမရှိပဲ
လွတ်လပ်စွာ တရားစီရင်နိုင်ကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြဿနာက တရားသူကြီးများအပါအဝင် နိုင်ငံတော်သမ္မတက
ပြည်ထောင်စုအဆင့်ရာထူးတွေမှာ ရွေးချယ်ခန့်အပ်ဖို့ အဆိုပြုသူတွေကို ပြည်ထောင်စုလွှတ်တော်က
အလုံအလောက် စစ်ဆေးခွင့်၊ ငြင်းပယ်ခွင့် အာဏာမရှိတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံမှာ
"သတ်မှတ်ထားတဲ့ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည်
နိုင်ငံတော်သမ္မတက ခန့်အပ်ရန်အမည်စာရင်းတင်သွင်းသူများကို ငြင်းပယ်ခွင့် မရှိစေရ"
လို့ ပြဋ္ဌာန်းထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာ သတ်မှတ်ထားတဲ့ ပြည်ထောင်စုတရားသူကြီးတစ်ယောက်ရဲ့
အရည်အချင်းကလည်း (က) အသက် ၅၀ နှစ်ထက်မငယ်၊ အသက် ၇၀ နှစ်ထက် မကြီးသူ၊ (ခ) လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းများနှင့်
ပြည့်စုံသူ၊ (ဂ) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခွင့်မရှိသော ပြဋ္ဌာန်းချက်များနှင့်
ငြိစွန်းခြင်းမရှိသူ၊ (ဃ) တိုင်းဒေသကြီး/ပြည်နယ် တရားသူကြီးအဖြစ် အနည်းဆုံး ၅ နှစ်
ဆောင်ရွက်ခဲ့သူ သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ် တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိအဖြစ်
အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး
၂၀ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ၊ (င) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်
သစ္စာရှိသူ၊ (စ) နိုင်ငံရေးပါတီဝင်မဟုတ်သူ၊ (ဆ) လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ၊ စတာတွေပဲ
ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ဟာ နိုင်ငံတော်သမ္မတတင်သွင်းတဲ့ အမည်စာရင်းပါ ပုဂ္ဂိုလ်တွေကို
အထက်ပါအရည်အချင်းများနဲ့သာ စစ်ဆေးရမှာဖြစ်ပြီး ဒီအရည်အချင်းများနဲ့ ပြည့်စုံတယ်ဆိုရင်
အတည်ပြုပေးရမှာပါ။
အမေရိကန်ပြည်ထောင်စုမှာတော့ ပြည်ထောင်စုတရားသူကြီးနေရာအတွက်
သမ္မတ အဆိုပြုသူကို အထက်လွှတ်တော်က အတည်ပြုရေးဟာ အင်မတန်ကြီးမားလှတဲ့ နိုင်ငံရေးစစ်ပွဲကြီးတစ်ခု
ဖြစ်ပါတယ်။ သမ္မတကိုယ်တိုင်က သူခန့်အပ်မယ့် တရားသူကြီးလောင်းဟာ တရားသူကြီးတစ်ယောက် ရှိသင့်ရှိထိုက်တဲ့
အရည်အချင်းများအပြင် နောက်ကြောင်းမှတ်တမ်းမှာ အမှားအယွင်းတွေ၊ အစွန်းအထင်းတွေ မရှိစေရအောင်၊
အမှုထမ်းသက်တလျှောက်လုံးမှာ ပြစ်မှုကင်းစင်သူ ဖြစ်အောင်၊ မျှတတဲ့ စီရင်ချက်များ ချမှတ်ခဲ့သူဖြစ်အောင်၊
လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းသူဖြစ်အောင်၊ လက်ရှိပိုင်ဆိုင်မှုတွေကိုလည်း တရားသဖြင့် ပိုင်ဆိုင်ထားသူဖြစ်အောင်၊
ကိုယ်ကျင့်သိက္ခာဖြောင့်မတ်စင်ကြယ်သူဖြစ်အောင်၊ မိသားစုဝင်များအတွင်းမှာလည်း အမှားအယွင်းအားနည်းချက်တွေ
ကင်းစင်သူဖြစ်အောင်၊ စသဖြင့် အဘက်ဘက်က ရှင်းလင်းစင်ကြယ်သူဖြစ်အောင် ရွေးချယ်ပြီးမှ
အထက်လွှတ်တော်ကို အဆိုပြု အမည်စာရင်း တင်သွင်းပါတယ်။ အထက်လွှတ်တော်မှာလည်း သမ္မတ အဆိုပြုသူကို
ပထမအဆင့်မှာ သက်ဆိုင်ရာ ရေးရာကော်မတီက တာဝန်ခံ စစ်ဆေးပါတယ်။ အဆိုပြုခံရသူရဲ့ လက်ရှိဆောင်ရွက်ချက်များကိုသာမက
နောက်ကြောင်းရာဇဝင်ကိုပါ သေသေချာချာ စစ်ဆေးပါတယ်။ တရားသူကြီးဟောင်းတစ်ယောက် ဖြစ်ခဲ့တယ်ဆိုရင်
သူတရားစီရင်ခဲ့သမျှမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ၊ တရားစီရင်ရေးဆိုင်ရာ အတွေးအခေါ်တွေ၊
နိုင်ငံရေးဝါဒ သို့မဟုတ် ပါတီတစ်ခုခုအပေါ် တိမ်းညွတ်မှုတွေကို သေသေချာချာ စစ်ဆေးပါတယ်။
ပြည်သူလူထုကလည်း အဲဒီ တရားသူကြီးအဖြစ် အဆိုပြုခံရသူနဲ့ ပါတ်သက်ပြီး သူတို့ရဲ့ သဘောထားအမြင်ကို
အထက်လွှတ်တော်အမတ်များထံ ပေးပို့ကြပါတယ်။ သတင်းမီဒီယာများကလည်း အဆိုပြုခံရသူရဲ့ နောက်ကြောင်းသမိုင်းမှာ
သံသယဖြစ်စရာတွေရှိရင် ဖော်ထုတ်ဖွင့်ချပါတယ်။ အဲဒီလို သေသေချာချာ စုံစမ်းစစ်ဆေးပြီးမှ
ပထမအဆင့်မှာ ရေးရာကော်မတီက ဆုံးဖြတ်ပါတယ်။ ရေးရာကော်မတီက အဆိုပြုခံရသူကို ငြင်းပယ်တယ်ဆိုရင်
သမ္မတက သူ့ရဲ့ အဆိုပြုသူကို ပြန်လည်ရုပ်သိမ်းပြီး နောက်တစ်ယောက် ထပ်မံအဆိုပြုရပါတယ်။
ရေးရာကော်မတီက အတည်ပြုတယ်ဆိုရင် ဒုတိယအဆင့်မှာ အထက်လွှတ်တော်တစ်ခုလုံးက မဲခွဲဆုံးဖြတ်ပြီး
အထက်လွှတ်တော်အမတ်အများစုက ထောက်ခံရင် အတည်ပြုပါတယ်။ အများစုက ကန့်ကွက်တယ်ဆိုရင် အဆိုပြုချက်
အရေးနိမ့်ပြီး သမ္မတက အသစ်တစ်ယောက် ထပ်မံအဆိုပြုရပါတယ်။
မြန်မာနိုင်ငံမှာတော့ သမ္မတက ရာထူးခန့်အပ်ဖို့ ရွေးချယ်အဆိုပြုသူများအပေါ်မှာ
ပြည်ထောင်စုလွှတ်တော် က စုံစမ်းစစ်ဆေးခွင့် အာဏာ
လုံးဝမရှိပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ထားတဲ့ ရာထူးအလိုက် အရည်အချင်းများဟာလည်း
ယေဘူယျဆန်လွန်းပြီး အဲဒီအရည်အချင်းများနဲ့ ပြည့်စုံရုံနဲ့ ပြည်သူလူထုက အားကိုးယုံကြည်နိုင်သူ၊
ပြည်ထောင်စုအဆင့်ရာထူးနဲ့ ထိုက်တန်သူ၊ အဆိုပြုခံရသူဟာ ဘဝတလျှောက်လုံး အမှားအယွင်းကင်းစင်ပြီး
ဖြောင့်မတ်ဖြူစင်ခဲ့သူ၊ ခေါင်းဆောင်မှုအရည်အချင်းနဲ့ ပြည့်ဝသူ၊ တရားမျှတတဲ့ ဆုံးဖြတ်ချက်များကို
ရဲရဲရင့်ရင့် ချမှတ်နိုင်သူ ဖြစ်တယ်လို့ ယုံကြည်လို့ မရနိုင်ပါ။ ဒါကို လက်ရှိ အဂတိလိုက်စားမှုများ
လွှမ်းမိုးနေဆဲဖြစ်တဲ့ တရားစီရင်ရေးစနစ်က သက်သေပြနေပါတယ်။
ပြည်သူလူထုရဲ့ ပါဝင်ပါတ်သက်မှုကိုလည်း လုံးဝ ကန့်သတ်ထားပါတယ်။
သတင်းမီဒီယာများက သမ္မတအဆိုပြုသူရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းစစ်ဆေးပြီး အမှားအယွင်းများကို
ဖော်ထုတ်တင်ပြနိုင်ဖို့ အတွက်လည်း သမ္မတဘက်က ပွင့်လင်းမြင်သာမှု မရှိသလို ပြည်ထောင်စုလွှတ်တော်ဘက်ကလည်း
အတည်ပြုခြင်းလုပ်ငန်းစဉ်က မြန်ဆန်လွန်းလှပါတယ်။ သမ္မတက သူအမည်စာရင်း တင်သွင်းသူများရဲ့
ကိုယ်ရေးရာဇဝင်အပြည့်အစုံကို အများပြည်သူ သိရှိအောင် တရားဝင်ကြိုတင်ကြေငြာခြင်း လုံးဝမရှိပါ။
သမ္မတက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ အဆိုပြုခံရသူရဲ့ ကိုယ်ရေးရာဇဝင်မှာလည်း အမည်၊
မွေးနေ့သက္ကရာဇ်၊ နေရပ်လိပ်စာ၊ ပညာအရည်အချင်း၊ အိမ်ထောင်ဘက်၊ လက်ရှိအလုပ်အကိုင် စတဲ့
အချက်အလက်တွေသာ ပါဝင်ပြီး နောက်ကြောင်းရာဇဝင်နဲ့ ဘာကြောင့် ဒီရာထူးမှာ ခန့်အပ်တာဝန်ပေးသင့်သလဲဆိုတဲ့
အကြောင်းပြချက်တွေ လုံးဝမပါဝင်ပါ။ ပြည်ထောင်စုလွှတ်တော်မှာလည်း သမ္မတ အမည်စာရင်းတင်သွင်းသူကို
ရေးရာကော်မတီအဆင့်နဲ့ စတင်စုံစမ်းခွင့်မရှိပဲ ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးက လွှတ်တော်နာယကက
သတ်မှတ်တဲ့ ရက်အနည်းငယ်အတွင်းမှာ ဆုံးဖြတ်ပေးရတာ ဖြစ်ပါတယ်။
0 comments:
Post a Comment