BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, February 27, 2015

Burma's Parliament Watch Part (85)




(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၇၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅၊ စာမျက်နှာ ၂၂)
 
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၈၅)
 
အရေးတကြီးလိုအပ်နေသော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး ဥပဒေ (က)

#နီးကပ်လာသည့် ၂၀၁၅ ရွေးကောက်ပွဲ

အများမျှော်လင့်စောင့်စားနေကြတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန် (သို့မဟုတ်) နိုဝင်ဘာလဆန်းမှာ ကျင်းပပေးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။ ဒီဆောင်းပါးကို ဖော်ပြနိုင်မည့်  ဖေဖော်ဝါရီလဆန်းကနေ ရေတွက်ရင် ရွေးကောက်ပွဲကျင်းပဖို့ (၉) လ ဝန်းကျင်လောက်ပဲ လိုပါတော့တယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို နိုင်ငံတကာစံချိန်စံညွှန်းများနဲ့အညီ တရားမျှတသန့်ရှင်းစွာ ကျင်းပပေးမည်လို့လည်း အကြိမ်ကြိမ်ကတိပြုထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယအကြိမ်ကျင်းပမှာ ဖြစ်တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို မြန်မာပြည်သူများကတင် စောင့်စားမျှော်လင့်နေတာမဟုတ်ပဲ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများကပါ စောင့်စားမျှော်လင့်နေကြတာပါ။ ဒီရွေးကောက်ပွဲကြီးကနေ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ ဘယ်လောက်ခိုင်မာမှုရှိသလဲ၊ ဘယ်လောက်စိတ်ချရပြီလဲ၊ ဘယ်လောက်ခက်ခဲကြမ်းတမ်းဦးမလဲဆိုတာကို ပီပီပြင်ပြင် ခန့်မှန်းနားလည်နိုင်မှာပါ။ ဒီရွေးကောက်ပွဲကြီးကို သန့်ရှင်း၊ မျှတစွာနဲ့ အောင်အောင်မြင်မြင်ကျင်းပပြီး ဒုတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်နဲ့  နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများကို ၂၀၁၆ ခုနှစ်မှာ စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းနိုင်ရေးဟာ မြန်မာနိုင်ငံအပြောင်းအလဲများအတွက် အင်မတန်အရေးကြီးတဲ့ သမိုင်းမှတ်တိုင်ဖြစ်နေပါတယ်။

လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေများက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲဥပဒေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲဥပဒေများနဲ့ သက်ဆိုင်ရာ နည်းဥပဒေများ ဖြစ်ကြပါတယ်။ ရွေးကောက်ပွဲမကျင်းပမီ ပြည်ထောင်စုလွှတ်တော်က အင်မတန်အရေးကြီးတဲ့ ဥပဒေတစ်ရပ်ကို အမြန်ဆုံးပြဋ္ဌာန်းသင့်ပါတယ်။ အဲဒီဥပဒေက "မြန်မာနိုင်ငံ ရွေးကောက်ပွဲများအား ပြည်တွင်းပြည်ပအဖွဲ့အစည်းများအား စောင့်ကြည့်လေ့လာခွင့်ပြုခြင်းဥပဒေ" ဖြစ်ပါတယ်။

#ရွေးကောက်ပွဲများအား စောင့်ကြည့်လေ့လာရန် လိုအပ်ခြင်း

ရွေးကောက်ပွဲများကို လွတ်လပ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများက စောင့်ကြည့်လေ့လာတယ်ဆိုတာ အဲဒီရွေးကောက်ပွဲရဲ့ သန့်ရှင်းမျှတမှုကို အာမခံချက်ပေးတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာ မြင့်မားအောင် ကူညီထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပ လေ့လာသူများ အနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ ရွေးကောက်ပွဲတစ်ခုမှာ ရွေးကောက်ပွဲမသမာမှုများ၊ မတရား၊ မမျှတမှုများ ရှိနိုင်တာထက် ပိုပြီးနည်းတတ်ပါတယ်။ ရှိရင်လည်း အလွယ်တကူစုံစမ်းစစ်ဆေးပြီး တိတိကျကျဖော်ထုတ်ကန့်ကွက်နိုင်တာမို့ ရွေးကောက်ပွဲရဲ့ မသန့်ရှင်းမှုကို ဖြောင့်မတ်စေနိုင်ပါတယ်။ ပြည်တွင်းပြည်ပ လေ့လာသူများရှိနေတဲ့အတွက်ကြောင့် မဲဆန္ဒရှင်ပြည်သူများကလည်း ရွေးကောက်ပွဲပေါ် ပိုပြီးယုံကြည်မှုရှိလာနိုင်ပါတယ်။ မိမိတို့ရဲ့ ဆန္ဒကို လွတ်လပ်စွာဖော်ထုတ်နိုင်ကြပါတယ်။ မိမိတို့အပေါ် ခြိမ်းခြောက်မှုများ၊ ဖျားယောင်းသွေးဆောင်မှုများ၊ အကြမ်းဖက်မှုများရှိလာရင်လည်း ပြည်တွင်းပြည်ပလေ့လာသူများထံ အချိန်မီအကြောင်းကြား တိုင်တန်းရဲကြပါတယ်။ ဒါကြောင့်မို့ ပြည်တွင်း၊ ပြည်ပမှ လွတ်လပ်သောအဖွဲ့အစည်းများအား ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာခွင့်ပေးခြင်းဟာ သန့်ရှင်းမျှတသော ရွေးကောက်ပွဲတစ်ခုအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ရပ် ဖြစ်လာပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့အတွက် နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များကို ဖိတ်ခေါ်မယ်။ လူမှုအဖွဲ့အစည်းများကို လေ့ကျင့်ပညာပေးမယ်လို့ ပြောဆိုနေပါတယ်။ ကော်မရှင်က နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ရွေးကောက်ပွဲလေ့လာခြင်းဆိုင်ရာ ကျင့်ဝတ်များကို ရေးဆွဲထုတ်ပြန်သွားမှာဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ ကော်မရှင်က ပြဋ္ဌာန်းထားတဲ့ ကျင့်ဝတ်များနဲ့အညီ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို မထိခိုက်စေပဲ ၂၀၁၅ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နိုင်မယ်လို့ သိရပါတယ်။ နိုင်ငံတကာက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များကို ဖိတ်ကြားမယ်ဆိုတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံကြိုဆိုပါတယ်။

ဒါပေမည့်လည်း ဒီလောက်နဲ့ လုံလောက်မယ်မထင်ပါ။ ပြည်တွင်းပြည်ပ လွတ်လပ်သောအဖွဲ့အစည်းများက ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာခွင့်ဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်အရမဟုတ်ပဲ လွှတ်တော်ကပြဋ္ဌာန်းတဲ့ ဥပဒေတစ်ခုခုရဲ့ ခွင့်ပြုချက်အရပဲ ဖြစ်သင့်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်မည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းဆိုင်ရာ ကျင့်ဝတ်များမှာလည်း ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲလေ့လာသူများအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေအနေတွေ ပြည့်ပြည့်စုံစုံပါချင်မှ ပါမှာပါ။ ပိုဆိုးတာက အဲဒီ ကျင့်ဝတ်စည်းကမ်းတွေမှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများရဲ့ လွတ်လပ်စွာ စောင့်ကြည့်လေ့လာခွင့်ကို တားမြစ်ကန့်သတ်ထားတဲ့ အချက်တွေ ပါဝင်နိုင်ပါသေးတယ်။ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံက ရွေးကောက်ပွဲများကို ပြည်တွင်း၊ ပြည်ပ လွတ်လပ်တဲ့အဖွဲအစည်းများအား လွတ်လပ်စွာစောင့်ကြည့်လေ့လာခွင့်ပြုတဲ့ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းဖို့ အရေးတကြီးလိုအပ်နေပါတယ်။

လက်ရှိအခြေအနေကို ကြည့်ရင်လည်း ပြည်သူလူထုနဲ့ နိုင်ငံတကာအစိုးရတွေက မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို ရာနှုံးပြည့်ယုံကြည်စိတ်ချနိုင်မှာ မဟုတ်ပါ။ ပြည်သူလူထုအဖို့ ၂၀၁၀ ရွေးကောက်ပွဲမှ မတရားမှုများ၊ မမျှတမှုများကို ထင်ထင်ရှားရှား အမှတ်ရနေဆဲပါ။ ရပ်ကွက်၊ ကျေးရွာအာဏာပိုင်များက ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းကို မဲပေးဖို့ ဖိအားပေးခဲ့တာတွေ၊ ခြိမ်းခြောက်ခဲ့တာတွေ၊ ဖျားယောင်းလိမ်လည်ခဲ့တာတွေ၊ မဲပေးပိုင်ခွင့်ရှိသူအများအပြား မဲပေးခွင့်မရခဲ့ပဲ တိုင်းပြည်တွင်းမရှိတော့သူတွေ၊ သေဆုံးပြီးသူတွေရဲ့ မဲတွေက မဲပုန်းထဲရောက်နေတာတွေ၊ အဲဒီလို မတရားလုပ်တာတောင်မှ အနိုင်မရလို့ ကြိုတင်မဲတွေ အများအပြားဖန်တီးပြီး အတင်းအဓမ္မအနိုင်ယူခဲ့ကြတာတွေကို အမှတ်ရနေဆဲပါ။ နိုင်ငံရေးပါတီများအနေနဲ့လည်း လွတ်လွတ်လပ်လပ်စည်းရုံးခွင့်မရခဲ့ကြတာ၊ အစိုးရပိုင် သတင်းစာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှ စည်းရုံးလှုံ့ဆော်ခွင့် မျှမျှတတမရခဲ့တာ၊ နိုင်ငံပိုင်အဆောက်အအုံများ၊ ဘဏ္ဍာငွေများကို အသုံးပြုခွင့်ရတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ငွေကြေးကြွယ်ဝမှုနဲ့ ကျောထောက်နောက်ခံအားကောင်းမှုကို မယှဉ်နိုင်ခဲ့တာ စတဲ့ မမျှတမှုတွေကို သတိရနေကြဆဲပါ။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဟာ တရားမျှတမှုရှိတယ်လို့ ဆိုနိုင်ပေမည့် ကိုယ်စားလှယ်နေရာ (၄၀) ကျော်လောက်အတွက်သာ ကျင်းပတာမို့ အခုလာမည့် ၂၀၁၅ ရွေးကောက်ပွဲလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများ၏ ဗဟိုဦးစီးအဖွဲ့ဝင်များ (၁,၂၀၀) ကျော် ရွေးကောက်တင်မြှောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲလို့ပဲ ဖြစ်လာလေမလားလို့ သဘာဝကျကျ စိုးရိမ်နေကြမှာပါ။

Friday, February 20, 2015

Burma's Parliament Watch Part (84-B)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၆၊ ဖေဖော်ဝါရီလ ၁၉၊ ၂၀၁၅၊ စာ ၂၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၈၄-အဆက်) ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်စစ်တမ်း၊ (စ)

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တက်ရောက်ခွင့်ရှိသူ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပေါင်း (၆၄၂) ဦးရှိတဲ့အထဲက (၄၆၅) ဦးသာ တက်ရောက်ပြီး (၁၇၇) ဦး ခွင့်ယူပျက်ကွက်တယ်လို့ သိရပါတယ်။ ဒီပျက်ကွက်မှုဟာ တက်ရောက်ခွင့်ရှိသော ကိုယ်စားလှယ်စုစုပေါင်းရဲ့ (၂၈) ရာခိုင်နှုန်းပါ။ တကယ်လို့ ပျက်ကွက်သူအားလုံး (သို့မဟုတ်) အားလုံးနီးပါးဟာ တပ်မတော်သားကိုယ်စားလှယ်တွေမဟုတ်ပဲ ရွေးချယ်ခံကိုယ်စားလှယ်များဖြစ်ကြမယ် ဆိုရင် ပျက်ကွက်သူ (၁၇၇) ဦးဟာ ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ခံကိုယ်စားလှယ် (၄၉၈) ဦးရဲ့ (၃၆) ရာခိုင်နှုန်းဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်၊ (၁၄) ရက်မြောက်အစည်းအဝေးမှာ တက်ရောက်သူက (၂၇၈) ယောက်၊ (၆၆) ရာခိုင်နှုန်းသာရှိပြီး ပျက်ကွက်သူကိုယ်စားလှယ်ပေါင်းက (၁၄၄) ဦးတောင် ရှိပါတယ်။ အင်မတန်စိုးရိမ်စရာ ကောင်းလှပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေက တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော်ဦးရေ တက်ရောက်ရင် အစည်းအဝေးများ အထမြောက်တယ်လို့ ပြဋ္ဌာန်းထားတာမို့ လွှတ်တော်ကိုယ်စားလှယ် (၂၇) ရာခိုင်နှုန်း သို့မဟုတ် (၃၆) ရာခိုင်နှုန်း တက်ရောက်ဖို့ ပျက်ကွက်လည်း လွှတ်တော် အစည်းအဝေးများ ဆက်လက်ကျင်းပပြီး ဆုံးဖြတ်စရာရှိတာကို ဆုံးဖြတ်ကြမှာပါ။ ပျက်ကွက်သူများအဖို့သာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကိစ္စတွေကို ပါဝင်ဆွေးနွေးခွင့်၊ မဲပေးခွင့်၊ သူတို့ကိုယ်စားပြုရာ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို ထုတ်ဖော်ခွင့်တွေ ဆုံးရှုံးရမှာပါ။ ဒါဟာဖြင့် ဒီပျက်ကွက်သူ လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြုတဲ့ မဲဆန္ဒရှင်ပြည်သူ သန်းပေါင်းများစွာအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ၎င်းတို့ရဲ့ ခံစားခွင့်များကို တိုးမြှင့်ဖို့ အားသွန်ခွန်စိုက် ကြိုးစားကြသလို ပြည်သူလူထုရဲ့ အကျိုးစီးပွါးကို ပိုပြီး အားသွန်ခွန်စိုက်ကြိုးစားကြသင့်ပါတယ်။


#ထူးခြားဖြစ်စဉ် (၅) ဦးအောင်သောင်းကို ကာကွယ်ကြခြင်း

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ တောင်သာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးအောင်သောင်း (ဗိုလ်မှူးကြီးဟောင်း) ကို " မြန်မာနိုင်ငံ၏ စီးပွါးရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အားနည်းစေသည့်အပြုအမူများကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေသည်" ဆိုတဲ့ စွပ်စွဲချက်နဲ့ "နံမည်ပျက်စာရင်း" သွင်းကြောင်း ကြေညာလိုက်ပါတယ်။ နံမည်ပျက်စာရင်းမှာ ပါဝင်သွားတဲ့အတွက်ကြောင့် ဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုများ အမေရိကန်နိုင်ငံတွင်းမှာ ရှိနေမယ်ဆိုရင် အမေရိကန်အစိုးရက သိမ်းယူမှာဖြစ်ပြီး အမေရိကန်နိုင်ငံသားများအနေနဲ့ ဦးအောင်သောင်း (သို့) ဦးအောင်သောင်းပါဝင်တဲ့ စီးပွါးရေးလုပ်ငန်းများနဲ့ လုပ်ငန်းဆောင်ရွက်ခွင့် မရှိပါ။

ထူးခြားချက်ကတော့ ပြည်ထောင်စုလွှတ်တော်က ဦးအောင်သောင်း ဘက်က စုပေါင်းအကာအကွယ်ပေးခြင်းဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သာပေါင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက "ဦးအောင်သောင်းအား အမေရိကန်အစိုးရမှ ပိတ်ဆို့ကန့်သတ်ခံရသူများစာရင်းတွင် ထည့်သွင်းကြောင်း သတင်းထုတ်ပြန်ခြင်းသည် လွှတ်တော်အသီးသီးက အလေးထားဆောင်ရွက်လျက်ရှိသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် ပေါင်းစည်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်သည့်အပြင် လွှတ်တော်အသီးသီးနှင့် လွှတ်တော်ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာနှင့် တိုးတက်ကောင်းမွန်လျက်ရှိသည့် အမေရိကန်-မြန်မာဆက်ဆံရေးကိုပါ ထိခိုက်စေနိုင်ပါသဖြင့် ပြည်ထောင်စုလွှတ်တော်က အဆိုပါ သတင်းထုတ်ပြန်ချက်ကို ကန့်ကွက်ပါကြောင်းနှင့် ဤကဲ့သို့ဖြစ်ရပ်မျိုး ပေါ်ပေါက်စေရန် ဖန်တီးလုပ်ကိုင်သူများနှင့် ဆောင်ရွက်သူများကိုလည်း ရှုတ်ချပါကြောင်း" အဆိုတင်သွင်းပါတယ်။ အဲဒီအဆိုကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

ဦးအောင်သောင်းတစ်ဦးတည်းကို အမေရိကန်အစိုးရက အရေးယူတာဟာ ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးနဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်ဆိုတာကို နားလည်လို့ မရပါ။ ပြီးတော့ ဒီအဆိုဟာ စာသားဖော်ပြချက်အရ အမေရိကန်အစိုးရက ဦးအောင်သောင်းအပေါ် အရေးယူတာကို ကန့်ကွက်တာမဟုတ်ပဲ "အရေးယူကြောင်း သတင်းထုတ်ပြန်တာ" ကိုသာ ကန့်ကွက်သလို ဖြစ်နေပါတယ်။

#၂၀၁၄ မှ ၂၀၁၅ သို့

၂၀၁၄ ခုနှစ်ကုန်ဆုံးပြီး ၂၀၁၅ ခုနှစ်သို့ ကူးပြောင်းရောက်ရှိခဲ့ပါပြီ။ ၂၀၁၅ ခုနှစ်ဟာ လက်ရှိ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်ရဲ့ ငါးနှစ်သက်တမ်းမှာ နောက်ဆုံးနှစ်ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းမှာ မပြီးပြတ်ခဲ့တဲ့ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ အရေးကိစ္စများကို တာဝန်ယူဖြေရှင်းရမည့် နှစ်လည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အချိုးကျရွေးကောက်ပွဲစနစ်၊ မျိုးစောင့်ဥပဒေကြမ်းများ၊ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ စတဲ့ အရေးကိစ္စများဟာ တိုင်းပြည်ရဲ့ ကံကြမ္မာအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိပါလိမ့်မယ်။ 

လွှတ်တော်ရွေးကောက်ပွဲအသစ်များကို ၂၀၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ ကျင်းပမှာ ဖြစ်ပြီး လက်ရှိလွှတ်တော်ကိုယ်စားလှယ်အများစု ဝင်ရောက်ယှဉ်ပြိုင်ကြလိမ့်မယ် ထင်ပါတယ်။ ဒါကြောင့်မို့ လွှတ်တော်ကိုယ်စားလှယ်များအတွက် ၂၀၁၅ ခုနှစ်မှာ ဥပဒေပြုရေးကိစ္စများအပြင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေပါ ထပ်ပေါင်းလို့ ပိုပြီး အလုပ်များကြမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ငါးနှစ်သက်တမ်းရှိခဲ့တဲ့ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်ရဲ့ အောင်မြင်မှု၊ ကျဆုံးမှု၊ မှားယွင်းမှု၊ လိုအပ်မှု၊ တိုးတက်မှုတွေအားလုံးဟာ ၂၀၁၆ ခုနှစ်မှာ စတင်တာဝန်ယူမည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အတွက် အစဉ်အလာများအဖြစ် ကျန်ရစ်ခဲ့မှာပါ။ ကောင်းမွန်တဲ့ အစဉ်အလာကောင်းတွေ ချန်ထားရစ်ခဲ့နိုင်ဖို့ တစ်နှစ်ထဲကျန်တော့တဲ့ အချိန်ကာလ၊ ၂၀၁၅ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ ပြည်သူလူထုအကျိုးစီးပွါးကို ဆထက်ထမ်းပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း “၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်စစ်တမ်း” ဆောင်းပါးရှည်ကို နိဂုံးချုပ်လိုက်ပါတယ်။

လေးစားစွာ။

အောင်ဒင်
ဒီဇင်ဘာလ (၂၄)၊ ၂၀၁၄

Sunday, February 15, 2015

Burma's Parliament Watch Part (84)



(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၅၊ ဖေဖော်ဝါရီလ ၁၂၊ ၂၀၁၅၊ စာ ၂၃)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၈၄) ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်စစ်တမ်း၊ (င)

#ထူးခြားဖြစ်စဉ် (၄) ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ

နိုဝင်ဘာလ (၂၅) ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း (ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် ၁၀) က အရေးကြီးအဆိုတစ်ခု တင်သွင်းပါတယ်။ သူ့အဆိုက "ခေတ်စနစ်အခြေအနေ အချိန်အခါနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာနိုင်ငံတည်ဆောက်နိုင်ရေးအတွက် အခြေအနေကောင်းများ လမ်းခင်းဖန်တီးပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ ဆောလျင်စွာ တွေ့ဆုံဆွေးနွေးရေး ပြည်ထောင်စုလွှတ်တော်မှ တိုက်တွန်းကြောင်း" ဖြစ်ပါတယ်။ အဲဒီ (၆) ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအဆိုကို ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့လို့ နိုင်ငံတော်သမ္မတထံ ဆက်လက်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ တစ်ဆက်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော်နာယကရဲ့ ညွှန်ကြားချက်အရ တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များက ရခိုင်တိုင်းရင်းသားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို တိုင်းရင်းသားအစုအဖွဲ့များရဲ့ ကိုယ်စားလှယ်အဖြစ် နိုဝင်ဘာလ (၂၇) ရက်နေ့မှာ ရွေးချယ်လိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအဆိုကို သဘောတူတယ်လို့ သိရပါတယ်။

ခြောက်ပွင့်ဆိုင် ထိပ်သီး ဆွေးနွေးပွဲအတွက် လွှတ်တော်ဘက်က အဆင်သင့်ဖြစ်နေပေမည့် သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကတော့ အဆင်သင့်ဖြစ်ပုံမရပါ။ သမ္မတရုံး အဆင့်မြင့်အရာရှိတစ်ဦးက ဒီအဆိုကို သမ္မတက လေ့လာသုံးသပ်နေပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင်းမှာ ကျင်းပမည့် လွှတ်တော် (၁၂) ကြိမ်မြောက်အစည်းအဝေးမှာ တရားဝင်အကြောင်းပြန်မယ်လို့ ဆိုပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကတော့ အဲဒီလို တွေ့ဆုံဖို့ ဆန္ဒမရှိဘူးလို့ ကေအန်ယူကိုယ်စားလှယ်အဖွဲ့ကို ပြောလိုက်ပါတယ်။ တစ်ခါ လွှတ်တော်ပြင်ပက တိုင်းရင်းသားနိုင်ငံရေးအင်အားစုများကလည်း တိုင်းရင်းသားကိုယ်စားလှယ်ကို တစ်ဦးတည်းလို့ သတ်မှတ်တာ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရမယ်လို့ သတ်မှတ်တာတွေဟာ မတရား၊ မမျှတဘူးလို့ ဝေဘန်ကြပြီး တိုင်းရင်းသားလူမျိုးစု (၇) စုစလုံးကို ကိုယ်စားပြုသူတွေ ထိပ်သီးဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရဖို့ တောင်းဆိုနေကြပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်တဲ့ "အဆို" တစ်ခုကို နိုင်ငံတော်သမ္မတက မလွဲမသွေလိုက်နာအကောင်အထည်ဖော်ရမယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းမထားပါ။ အဆိုဟာ ဥပဒေမဟုတ်ပါ။ ဒါပေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၀၃) အရ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရပါတယ်။ ပြည်ထောင်စုလွှတ်တော်က တညီတညွတ်တည်း ဆုံးဖြတ်လိုက်တဲ့ "တိုက်တွန်းချက်တစ်ရပ်" ကို အကောင်အထည်ဖော်ဖို့ ငြင်းဆန်ရင် ပြည်ထောင်စုလွှတ်တော်ကလည်း နိုင်ငံတော်သမ္မတကို ဥပဒေကခွင့်ပြုထားတဲ့ နည်းလမ်းပေါင်းစုံနဲ့ အနှောက်အယှက်ပေးနိုင်ပါတယ်။ အမြင့်ဆုံးအဆင့်အနေနဲ့ ပြည်ထောင်စုလွှတ်တော်ဟာ နိုင်ငံတော်သမ္မတကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၇၁) အရ စွပ်စွဲ၊ ပြစ်တင်၊ အရေးယူပြီး ရာထူးတာဝန်က ဖယ်ရှားနိုင်ပါတယ်။

#ထူးခြားဖြစ်စဉ် (၅) လခတိုးမည့် လွှတ်တော်ကိုယ်စားလှယ်များ

၂၀၁၄ ခုနှစ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များရဲ့ ထူးခြားတဲ့ ဆောင်ရွက်ချက်တစ်ခုကတော့ သူတို့ရရှိခံစားနေရတဲ့ လစာနဲ့ အသုံးစားရိတ်များကို တိုးမြှင့်ရေး အားသွန်ခွန်စိုက်ဆွေးနွေးကြတာပါ။
လက်ရှိဥပဒေအရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဟာ လစာ ကျပ် (၃) သိန်းနဲ့ အစည်းအဝေးရှိတဲ့နေ့တွေအတွက် အသုံးစားရိတ် တစ်နေ့ကို ကျပ် တစ်သောင်းရရှိပါတယ်။ အဲဒီ လစာနဲ့ စရိတ်ငွေတွေဟာ မလုံလောက်ပါဘူးဆိုပြီး လွှတ်တော်ကိုယ်စားလှယ်အများအပြားက ၂၀၁၄ လွှတ်တော်အစည်းအဝေးများမှာ တင်ပြဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ တောင်းဆိုချက်များကို အခြေပြုပြီး ပြည်သူ့လွှတ်တော်က နိုဝင်ဘာလ (၁၈) ရက်နေ့မှာ "ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့) ဒေသဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း" ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကို ပေးပို့ထားပြီး အမျိုးသားလွှတ်တော်မှာ ၂၀၁၅ ခုနှစ်ထဲမှာမှ မဲခွဲဆုံးဖြတ်နိုင်ပါလိမ့်မယ်။

ဒီဥပဒေကြမ်း အတည်ဖြစ်သွားမယ်ဆိုရင် နိုင်ငံတော် ဘဏ္ဍာငွေထဲကနေ ပြည်ထောင်စုလွှတ်တော်အတွက် အသုံးစားရိတ် (၃၃၀) ရာခိုင်နှုန်းမြင့်တက် သုံးစွဲရမှာ ဖြစ်ပါတယ်။  ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းအရ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များရဲ့ လစာဟာ သုံးဆကျော်တိုးပြီး တစ်လကို ကျပ် (၁၀) သိန်းနဲ့ စရိတ်ငွေဟာ နှစ်ဆတိုးပြီး တစ်နေ့ကို ကျပ် (၂) သောင်း တိုးမြှင့်ခံစားရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများက တစ်နှစ်ကို (၆) လလောက် ကျင်းပတာမို့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရရှိမည့် စရိတ်ငွေဟာ တစ်နှစ်ကို ကျပ် (၃၆) သိန်းလောက် ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ တစ်နှစ်စာ လစာနဲ့ စရိတ်ငွေပေါင်းဟာ ကျပ် (၁၅၆) သိန်းလောက် ရှိပါလိမ့်မယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၆၆၄) ဦးအတွက် လစာ တစ်လကို ကျပ် သိန်းပေါင်း (၆,၆၄၀)၊ တစ်နှစ်ကို ကျပ်သိန်းပေါင်း (၇၉,၆၈၀) ဖြစ်ပြီး နေ့တွက်အသုံးစားရိတ်များက စုစုပေါင်း ကျပ်သိန်းပေါင်း (၂၄,၀၀၀) လောက် ရှိပါလိမ့်မယ်။ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအတွက် တစ်နှစ်ကို ကျပ်သိန်းပေါင်း (၁၀၃,၅၀၀) လောက် ခွဲဝေပေးရမှာ ဖြစ်ပါတယ်။ 

လစာတွေ တိုးမြှင့်ယူဖို့ ကြိုးစားနေကြပေမည့် ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုပြီး ပြည်သူ့အကျိုးစီးပွါးကို ဦးစားပေးဆောင်ရွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အရေအတွက်က သိပ်မများလှပါ။ လွှတ်တော်အစည်းအဝေးများကို စောင့်ကြပ်လေ့လာနေတဲ့ "ပွင့်လင်းမြန်မာ့ရှေ့ဆောင်" အဖွဲ့ရဲ့ အစီရင်ခံစာအရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၆၀၀) ကျော်ထဲမှာ လွှတ်တော်တွင်း မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းမပြုတဲ့ လွှတ်တော်ကိုယ်စားလှယ် (၃၀၀) ကျော်ရှိကြောင်း သိရပါတယ်။ လွှတ်တော်အစည်းအဝေးများ ကျင်းပရာမှာလည်း လွှတ်တော်ကိုယ်စားလှယ်များ ရာနှုန်းပြည့်အစည်းအဝေးတက်ရောက်ကြတဲ့ နေ့က မရှိသလောက်ဖြစ်ပြီး အစည်းအဝေးကျင်းပတဲ့နေ့တိုင်းမှာ ပျက်ကွက်သူကိုယ်စားလှယ်များက အနည်းဆုံး (၂၀) ကျော်ရှိခဲ့ပါတယ်။