BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, February 6, 2015

Burma's Parliament Watch Part (83)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၄၊ ၊ ဖေဖော်ဝါရီ ၅၊ ၂၀၁၅၊ စာမျက်နှာ ၂၂/၂၆)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၈၃) ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်စစ်တမ်း၊ (ဃ)

#အငြင်းပွါးဖွယ် ဥပဒေများ (အဆက်)
#ပြည်ထောင်စုလွှတ်တော် ဥပဒေ (၄၁/၂၀၁၄)။ အမျိုးသားပညာရေးဥပဒေ

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့မှာ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ အမျိုးသားပညာရေးဥပဒေကိုလည်း တက္ကသိုလ်ကျောင်းသားသမဂ္ဂများနဲ့ ဆရာ/ဆရာမများက ကန့်ကွက်နေတာမို့ အငြင်းပွါးဖွယ် ဥပဒေတစ်ခု ဖြစ်ပါတယ်။ အဓိကကန့်ကွက်တာကတော့ ဒီဥပဒေမှာ အစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ "အမျိုးသားပညာရေးကော်မရှင်" ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားခြင်းဟာ အစိုးရက ပညာရေးစနစ်ကို ဗဟိုက ထိန်းချုပ်ဖို့ ကြံစည်တာဖြစ်တယ်၊ ပညာရေးလွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့ကြိုးစားတာဖြစ်တယ်လို့ ကျောင်းသားများက သဘောပေါက်လို့ပါ။ နောက်တစ်ချက်ကတော့ ပညာရေးဥပဒေများအားလုံးရဲ့ ပင်မဥပဒေလို့ ဆိုရမည့် ဒီ "အမျိုးသားပညာရေးဥပဒေ" မှာ ကျောင်းသားထုတောင်းဆိုနေတဲ့ 'ကျောင်းသားသမဂ္ဂများဖွဲ့စည်းတည်ထောင်ခွင့်" ကို ပြဋ္ဌာန်းမထားလို့ ဖြစ်ပါတယ်။ ပြီးတော့ အမျိုးသားပညာရေးဥပဒေကြမ်းအဆင့်မှာ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်များက ကျောင်းသားကိုယ်စားလှယ်များနဲ့ ဆရာ/ဆရာမကိုယ်စားလှယ်များ၊ ပညာရေးလွတ်လပ်ခွင့်တောင်းဆိုသူများနဲ့ အလေးအနက် ဆွေးနွေးညှိနှိုင်းခြင်းမရှိခဲ့တာလည်း အားနည်းချက်တစ်ခု ဖြစ်ပါတယ်။

#ထူးခြားဖြစ်စဉ်များ (၁) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်မှု

၂၀၁၃ ခုနှစ်ကုန်ပိုင်းမှာ စတင်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုဟာ ၂၀၁၄ ခုနှစ်အတွင်းမှာ အရှိန်ရ သက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်အတွင်းမှာ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်၊" ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီ" က ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပြဋ္ဌာန်းချက်အချို့ကို ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်သင့်ကြောင်း ထောက်ခံတင်ပြတဲ့ အစီရင်ခံစာတင်သွင်းခဲ့ပါတယ်။ 

အဲဒီအစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြပြီးတဲ့နောက် ဖေဖော်ဝါရီလ (၃) ရက်နေ့မှာ အဖွဲ့ဝင် (၃၁) ဦးပါဝင်တဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ" ကို ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းက ဖွဲ့စည်းပေးပါတယ်။ ကော်မတီကို ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကနဲ့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဦးနန္ဒကျော်စွာက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး အာဏာရကြံ့ခိုင်ရေးပါတီက (၁၄) ဦး၊ တပ်မတော်ကိုယ်စားလှယ် (၇) ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၂) ဦးနဲ့ အခြားပါတီများမှ (၈) ဦး ပါဝင်ကြပါတယ်။ ယင်းကော်မတီကို တိုင်းရင်းသားရေးရာကိစ္စများအကြံပေးဖို့အတွက် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် (၉) ဦးပါတဲ့ အထောက်အကူပြုအဖွဲ့ကိုလည်း ဖွဲ့စည်းပေးပါတယ်။ အထောက်အကူပြုအဖွဲ့ဟာ ကော်မတီအစည်းအဝေးတွေမှာ တက်ရောက်ခွင့်၊ ပါဝင်ဆွေးနွေးခွင့်ရှိပေမည့် မဲပေးခွင့်တော့ မရှိပါ။ ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းက ကော်မတီရဲ့ လုပ်ငန်းဆိုင်ရာ အခြေခံမူ (၁၈) ချက်ကို လမ်းညွှန်ပေးခဲ့ပါတယ်။

ယင်းကော်မတီက ပြည်သူလူထုနှင့် နိုင်ငံရေးအဖွဲ့အစည်းများထံမှ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အကြံဉဏ်များ၊ သဘောထားများကို ဖိတ်ခေါ်တောင်းဆိုခဲ့ပါတယ်။ အစည်းအဝေးပေါင်း အကြိမ် (၃၀) ကျင်းပပြီးတဲ့နောက် ဇူလိုင်လ (၂၂) ရက်နေ့မှာ ကော်မတီက ကနဦးအစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာလ (၂၁) ရက်နေ့မှာ ကော်မတီရဲ့ "ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မှုအစီရင်ခံစာ" ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပါတယ်။ အဲဒီအစီရင်ခံစာမှာ အဖွဲ့အစည်းအသီးသီးနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအကြံပြုချက်များနဲ့ ကော်မတီရဲ့ သဘောထားများကို အသေးစိတ်တင်ပြထားပါတယ်။ အဲဒီနောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တပ်မတော်သားကိုယ်စားလှယ်များအပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပေါင်း (၁၀၀) ကျော်က ဖွဲ့စည်းပုံပြင်ဆင်ရေး အကြိတ်အနယ်ဆွေးနွေးကြပါတယ်။ အဓိကငြင်းခုန်ကြတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ခက်ခဲအောင် ရေးဆွဲထားတဲ့ ပုဒ်မ (၄၃၆)၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေးအတွက် အတားအဆီးဖြစ်နေတဲ့ ပုဒ်မ (၅၉/စ)၊ တပ်မတော်ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ပြဋ္ဌာန်းထားတဲ့ ပုဒ်မ (၆/စ) တို့ဖြစ်ကြပါတယ်။ 

တပ်မတော်ကိုယ်စားလှယ်များက တင်သွင်းတဲ့ ပုဒ်မ (၂၀၁) မှာ ကာ/လုံ လို့ခေါ်ကြတဲ့ "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ" ရဲ့ အာဏာများကို "လွှတ်တော်ကို ဖျက်သိမ်းနိုင်တဲ့အဆင့်အထိ" တိုးချဲ့ရေး အကြံပြုချက်များကိုလည်း လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ကြပါတယ်။

နိုဝင်ဘာလ (၁၈) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းက သတင်းထောက်များနဲ့ တွေ့ဆုံပြီး မေးခွန်းများကို ဖြေကြားခဲ့ပါတယ်။ သူ့ရဲ့ ရှင်းပြချက်များအရ "ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း" ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှာ ကျင်းပမည့် (၁၂) ကြိမ်မြောက်အစည်းအဝေးမှာ တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက မဲခွဲဆုံးဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို ပြည်ထောင်စုလွှတ်တော်က မဲခွဲအတည်ပြုမည့်ဥပဒေပြင်ဆင်ချက်တွေထဲမှာ ပြည်သူ့ဆန္ဒခံယူဖို့ လိုအပ်တဲ့ ဥပဒေပြင်ဆင်ချက်များပါဝင်ရင်  ပြည်သူ့ဆန္ဒခံယူပွဲကို ၂၀၁၅ ခုနှစ်၊ မေလလောက်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွေအားလုံးဟာ ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်အသစ် စတင်မှသာ အာဏာတည်မှာဖြစ်ကြောင်း သိရပါတယ်။
"၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကြမ်း" ကို နိုဝင်ဘာလအတွင်းမှာ လွှတ်တော်နှစ်ရပ်က သီးခြားစီ ပြင်ဆင်ချက်မရှိ အတည်ပြုလိုက်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူပြီး နိုင်ငံတော်သမ္မတထံ လက်မှတ်ရေးထိုးဖို့ ပေးပို့လိုက်ပါတယ်။ ဒါပေမည့် သမ္မတက လက်မှတ်မထိုးပဲ မှတ်ချက်များနဲ့ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်စဉ်းစားရန် ပြန်ပို့လိုက်ပါတယ်။ 

#ထူးခြားဖြစ်စဉ်များ (၂) အချိုးကျကိုယ်စားပြုစနစ်

(PR) လို့ အတိုကောက် ခေါ်ကြတဲ့ အချိုးကျကိုယ်စားပြုစနစ် (Proportional Representation) အကြောင်း ဆွေးနွေးမှုများဟာလည်း ၂၀၁၄ ခုနှစ် လွှတ်တော်အစည်းအဝေးများကို အတော်လွှမ်းမိုးခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ရွေးကောက်ပွဲများမှာ ကျင့်သုံးနေတာက (FPTP/ First-Pass-The-Post) လို့ခေါ်တဲ့ မဲဆန္ဒအများဆုံးရသူ အနိုင်ရတဲ့ စနစ်ပါ။ အဲဒီစနစ်အစား မဲဆန္ဒနယ်အားလုံးမှ ပါတီအလိုက်ရတဲ့ မဲများကို စုပေါင်းပြီး အချိုးချလို့ ရရှိတဲ့အချိုးအစား ရာခိုင်နှုန်းအလိုက် ကိုယ်စားလှယ်နေရာခွဲဝေသတ်မှတ်တဲ့ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင် (ပုဇွန်တောင်မြို့နယ်) က ပြည်သူ့လွှတ်တော်မှာ၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် (ရန်ကုန်တိုင်း၊ အမှတ် ၁ မဲဆန္ဒနယ်) က အမျိုးသားလွှတ်တော်မှာ၊ (၁၀) ကြိမ်မြောက်အစည်းအဝေးကာလအတွင်းမှာ အသီးသီးအဆိုပြု တင်ပြခဲ့ကြပါတယ်။ နှစ်ဦးစလုံးဟာ အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီကပါ။ လွှတ်တော်ကိုယ်စားလှယ်များ အပြင်းအထန် ဆွေးနွေးငြင်းခုန်ခဲ့ကြအပြီး ပြည်သူ့လွှတ်တော်က ဇူလိုင်လ (၂၉) ရက်နေ့မှာ၊ အမျိုးသားလွှတ်တော်က ဇွန်လ (၁၁) ရက်နေ့မှာ အဆိုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်နေတဲ့ကြားက အတည်ပြုခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်က "ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေး ကော်မရှင်" ကို ဇူလိုင်လ (၃၁) ရက်နေ့မှာ ဖွဲ့စည်းပြီး ပြည်သူ့လွှတ်တော်ကို စက်တင်ဘာလ (၃၀) ရက် နောက်ဆုံးထားပြီး အစီရင်ခံတင်ပြဖို့ တာဝန်ပေးခဲ့ပါတယ်။ အဲဒီကော်မရှင်က စက်တင်ဘာလ (၂၄) ရက်နေ့မှာ ရွေးကောက်ပွဲစနစ် (၃) မျိုးပါဝင်တဲ့ အစီရင်ခံစာကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ပေမည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားနိုင်ဖို့ ရွေးကောက်ပွဲစနစ် အနည်းဆုံး (၇) မျိုးအထိ လေ့လာတင်ပြစေဖို့ ကော်မရှင်ကို အောက်တိုဘာလ (၂၀) ရက်အထိ အချိန်ပေးခဲ့ပါတယ်။

အဲဒီနောက် ကော်မရှင်က လက်ရှိကျင့်သုံးနေတဲ့ များသူအနိုင်ယူစနစ်၊ အချိုးကျစနစ်၊ အချိုးကျနှင့် များသူအနိုင်ယူစနစ်များ ပေါင်းစပ်ထားတဲ့ စနစ်များပါဝင်တဲ့ ရွေးကောက်ပွဲစနစ် (၈) မျိုးကို ထပ်မံတင်သွင်းခဲ့ပါတယ်။ အဲဒီ စနစ် (၈) မျိုးနဲ့ ပါတ်သက်ပြီး နိုဝင်ဘာလအတွင်း ပြည်သူ့လွှတ်တော်မှာ အကြိတ်အနယ်ဆွေးနွေးနေကြစဉ် နိုဝင်ဘာလ (၁၅) ရက်နေ့မှာ ဥက္ကဋ္ဌ ဦးရွှေမန်းက စနစ် (၈) မျိုးထဲမှာ လက်ရှိကျင့်သုံးနေတဲ့ များသူအနိုင်ယူစနစ်ကလွဲရင် ကျန်စနစ် (၇) မျိုးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက အကြောင်းပြန်တယ်ဆိုပြီး ဆွေးနွေးပွဲကို အပြီးသတ်လိုက်ပါတယ်။ ဒီလိုနဲ့ အချိုးကျစနစ်ကျင့်သုံးရေးကိစ္စ ပြည်သူ့လွှတ်တော်မှာ ပျက်ပြယ်သွားခဲ့ပေမည့် အမျိုးသားလွှတ်တော်မှာတော့ မပြီးဆုံးသေးပါ။

အမျိုးသားလွှတ်တော်က ရွေးကောက်ပွဲများမှာ အချိုးကျစနစ်ကျင့်သုံးရေးအဆိုကို ဇွန် (၁၁) ရက်နေ့မှာ တက်ရောက်သူကိုယ်စားလှယ် (၂၀၄) ဦးမှာ ကန့်ကွက်သူ (၈၅) ဦးပဲရှိလို့ ထောက်ခံမဲအများစုနဲ့ အတည်ပြုလိုက်ပြီး "အချိုးကျစနစ် အကောင်အထည်ဖော်ရေးကော်မတီ" ကို လွှတ်တော်ကိုယ်စားလှယ် (၄၀) ကျော်နဲ့ ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီကော်မတီက တင်သွင်းတဲ့ အချိုးကျ ရွေးကောက်ပွဲစနစ် (၂) မျိုးပါဝင်တဲ့အစီရင်ခံစာကို အမျိုးသားလွှတ်တော်မှာ တင်သွင်းပြီးနောက် နိုဝင်ဘာလ (၂၄) ရက်နေ့မှာ "အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ်ကို တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် တပြေးညီကျင့်သုံးရန်" ထောက်ခံမဲ (၁၃၈) မဲ၊ ကန့်ကွက်မဲ (၂၄) မဲ၊ ကြားနေမဲ (၅) မဲ နဲ့ အတည်ပြုလိုက်ပါတယ်။ ဒါပေမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် (၂၆) ဦးက "အချိုးကျကိုယ်စားပြုစနစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီခြင်းရှိ၊ မရှိ ဆုံးဖြတ်ပေးဖို့ ဒီဇင်ဘာလ (၁) ရက်နေ့မှာ "ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး" ကို တင်သွင်းတောင်းဆိုထားပါတယ်။

#ထူးခြားဖြစ်စဉ် (၃) မျိုးစောင့်ဥပဒေများ

၂၀၁၄ လွှတ်တော်အစည်းအဝေးများမှာ  ပြည်သူလူထုနဲ့ ရဟန်းသံဃာများအကြား သွေးကွဲစရာအကြောင်းဖြစ်တဲ့ မျိုးစောင့်ဥပဒေကြမ်းများအရေးဟာလည်း အတော်စိတ်ရှုတ်ထွေးစရာ ဖြစ်ခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီလ (၂၅) ရက်နေ့စွဲနဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော်ဦးတိလောကာဘိဝံသရဲ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုးပေးပို့တဲ့ စာကိုရည်ညွှန်းထားတဲ့ အကြောင်းကြားစာတစ်စောင် ပေးပို့ပါတယ်။ ဆရာတော်က "မြန်မာနိုင်ငံအတွင်း၌ လက်ရှိဖြစ်ပေါ်လျက်ရှိသော ပဋ္ဋိပက္ခများကို ဖြေရှင်းရာတွင် အဓိကအကြောင်းရင်းဖြစ်သော လူမှုရေးမညီမျှမှုများကို ပြေလည်စေရန် ရည်ရွယ်၍ ဥပဒေ (၄) ရပ်ကို မဖြစ်မနေ ပြဋ္ဌာန်းပေးစေလိုကြောင်း" တောင်းဆိုပြီး ထောက်ခံသူ (၁၃) သိန်းကျော်ရဲ့ လက်မှတ်များလည်း ပူးတွဲပါရှိပါတယ်။ ဆရာတော်နှင့် ထောက်ခံသူများက ပြဋ္ဌာန်းပေးစေလိုသော ဥပဒေ (၄) ရပ်မှာ (က) ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ (ခ) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ (ဂ) တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေနဲ့ (ဃ) လူဦးရေတိုးပွါးနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေများ ဖြစ်ကြပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယကက သမ္မတကို အကြောင်းပြန်ဖို့ အချိန် နှစ်ရက်ပဲယူပါတယ်။ အဆိုပါ ဥပဒေများအတွက် အစိုးရနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့မှ ဥပဒေ မူကြမ်းများရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းဖို့ အကြောင်းပြန်စာကို ပြည်ထောင်စုလွှတ်တော်နာယကက သမ္မတဦးသိန်းစိန်ထံ ဖေဖော်ဝါရီလ (၂၇) ရက်နေ့စွဲနဲ့ ပေးပို့လိုက်ပါတယ်။

သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံ မတ်လ (၆) ရက်နေ့စွဲနဲ့ အကြောင်းပြန်ပါတယ်။ သူ့အနေနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌာနများကို ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ လူဦးရေတိုးပွါးနှုန်းထိန်းညှိခြင်းဆိုင်ရာဥပဒေကြမ်းများကို ရေးဆွဲဖို့ ညွှန်ကြားထားပြီး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာနဲ့ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းများရေးဆွဲခြင်းအတွက် ပြည်ထောင်စုလွှတ်တော်မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ တိုက်ရိုက်အကြောင်းကြားသင့်ကြောင်း ပြန်ကြားပါတယ်။ ဒီလိုနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနက ရေးဆွဲတဲ့ "ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်း"၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌာနက ရေးဆွဲတဲ့ " လူဦးရေတိုးပွါးနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်း"၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရေးဆွဲတဲ့ "မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများအထူးထိန်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း" နဲ့ "တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကြမ်း" များကို နိုဝင်ဘာလအတွင်းမှာ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းလိုက်ပါပြီ။ ၂၀၁၅ ခုနှစ် လွှတ်တော်အစည်းအဝေးများမှာ ဒီမျိုးစောင့်ဥပဒေကြမ်းများကို ဆွေးနွေးဆုံးဖြတ်ကြပါလိမ့်မယ်။ 

သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်နာယက ဦးရွှေမန်းတို့ရဲ့ ဆောင်ရွက်ချက်များကို ကြည့်ရတာလည်း "ဒီဥပဒေတွေကို မထောက်ခံရင် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲမရစေရဘူး" လို့ ကြွေးကြော်နေတဲ့ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်သူများရဲ့  ခြိမ်းခြောက်မှုတွေကို အထူးဂရုစိုက်နေပုံရပါတယ်။ တစ်ဖက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအလားအလာက အလွန်မြင့်မားနေတာမို့ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်သူများရဲ့  အလိုကိုလိုက်လျောခြင်းဖြင့် ကြံ့ခိုင်ရေးပါတီ အာဏာဆက်လက်ရနိုင်ရေး မျှော်လင့်နေကြမယ် ထင်ပါတယ်။

0 comments: