မြန်မာနိုင်ငံ၏
ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း
(၈ ၂) ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်စစ်တမ်း၊
(ဂ)
#အငြင်းပွါးဖွယ်
ဥပဒေများ (အဆက်)
#ပြည်ထောင်စုလွှတ်တော်ဥပဒေ
(၂၁/၂၀၁၄)။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ
၂၀၁၄ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့မှာ သမ္မတလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တဲ့
ဒီဥပဒေကိုလည်း လူ့အခွင့်အရေးလှုပ်ရှားသူများက နိုင်ငံတကာစံသတ်မှတ်ချက်များဖြစ်တဲ့ ပဲရစ်မူဝါဒများ
(Paris Principles) နဲ့ မကိုက်ညီဘူးလို့ ဝေဘန်ကြပါတယ်။ ဥပဒေအရလည်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များကို
သမ္မတက ခန့်အပ်တာဝန်ပေးတာမို့ ဒီကော်မရှင်ဟာ သမ္မတရဲ့ အရာထမ်းများသာဖြစ်ပြီး လွတ်လပ်သောကော်မရှင်
မဖြစ်နိုင်ပါ။ ပထမအဆင့် အဖွဲ့ဝင် (၁၀) ဦးပါတဲ့ ကော်မရှင်အဖွဲ့ဝင်လောင်းစီစစ်ရွေးချယ်ရေးအဖွဲ့မှာ
အစိုးရကိုယ်စားလှယ် (၄) ယောက် (ရှေ့နေချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီး၊ တရားသူကြီးချုပ်)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၂)
ယောက်၊ အစိုးရကျောထောက်နောက်ခံပြု မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ (၁) ဦး၊
တရားလွှတ်တော်ရှေ့နေများကောင်စီမှ (၁) ဦး၊ ဥပဒေနှင့်အညီဖွဲ့စည်းထားသော အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ
(၂) ဦး ပါဝင်ပါတယ်။ ဒီ (၁၀) ဦးအဖွဲ့မှာ အာဏာပိုင်အဖွဲ့အစည်းကိုယ်စားပြုပုဂ္ဂိုလ်က
အနည်းဆုံး (၇) ယောက်ရှိနေပြီး အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ (၂) ဦးဆိုတာကလည်း တရားဝင်
မှတ်ပုံတင်ထားတဲ့ အဖွဲ့များကို ဆိုလိုတာမို့ "အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဥပဒေကြမ်း"
အတည်မပြုသေးလို့ မှတ်ပုံမတင်ရသေးတဲ့ အရပ်ဘက်လူထုအဖွဲ့အစည်းများ ပါဝင်ခွင့်မရှိပြန်ပါ။
အဲဒီ (၁၀) ဦးအဖွဲ့က သတ်မှတ်ချက်များနဲ့ ကိုက်ညီတဲ့ ကိုယ်စားလှယ်လောင်း
(၃၀) ကို ပဏာမရွေးချယ်ပြီး သမ္မတထံတင်ပြပြီး သမ္မတက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများနဲ့
ညှိနှိုင်းတိုင်ပင်ပြီး သင့်လျော်ရာ ပုဂ္ဂိုလ်များကို ကော်မရှင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်အပ်ရမှာ၊
ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌရာထူးများကို ရွေးချယ်တာဝန်ပေးရမှာ ဖြစ်ပါတယ်။ အရပ်ဘက်လူထုအဖွဲ့အစည်းများကို
ကိုယ်စားပြုနိုင်သူ မရှိသလောက်နည်းပါးတဲ့ (၁၀) ဦးအဖွဲ့က စီစစ်ရွေးချယ်ပေးသူများထဲမှာ
လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ်ခံစားနေရတဲ့ ပြည်သူလူထုကိုယ်စားပြုသူများ ပါဝင်ဖို့
အင်မတန်အခွင့်အရေးနည်းလှပါတယ်။ စက်တင်ဘာ (၂၄) ရက်နေ့မှာ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးထုတ်ပြန်တဲ့
လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် (၁၁) ဦးရဲ့ အမည်စာရင်းကို ကြည့်လိုက်တော့လည်း ဒီကော်မရှင်ရဲ့
လူထုအကျိုးဆောင်ရွက်နိုင်စွမ်းကို သံသယဖြစ်စရာရှိပါတယ်။ ဥက္ကဋ္ဌအဖြစ် မြန်မာစစ်အစိုးရရဲ့
လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်တို့မှာ
နှစ်ပေါင်းများစွာ ကာကွယ်ခဲ့တဲ့ သံအမတ်ကြီးဟောင်း ဦးဝင်းမြ၊ ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးက
အငြိမ်းစားအစိုးရအရာရှိကြီးများ ဖြစ်ကြပါတယ်။ အရပ်ဘက်လူထုအဖွဲ့အစည်းများကို ကိုယ်စားပြုသူ
တစ်ယောက်မှ မပါဝင်ပါ။ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းဟာ စစ်အစိုးရလက်ထက်
နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာ ညှင်းပန်းနှိပ်စက်ခံခဲ့ကြရတဲ့ အကျဉ်းထောင်ကြီးများကို
တာဝန်ခံအုပ်ချုပ်ခဲ့သူပါ။ နောက်ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးညွန့်ဆွေဟာလည်း ဦးဝင်းမြ
(ဦးဝင်းမရ) လို စစ်အစိုးရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂအစည်းအဝေးတွေမှာ
ကာကွယ်ခဲ့တဲ့ သံအမတ်ကြီးဟောင်းတစ်ယောက်ဖြစ်ပါတယ်။
#ပြည်ထောင်စုလွှတ်တော်
ဥပဒေ (၂၆/၂၀၁၄)။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို
ပြင်ဆင်သည့်ဥပဒေ
ဒီဥပဒေကို " ငြိမ်းစုစီ" လို့ အတိုကောက်ခေါ်ကြပါတယ်။
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ထုတ်ပြန်တဲ့ မူလဥပဒေမှာ ပုဒ်မ (၁၈) က အင်မတန်နံမည်ကြီးပါတယ်။
"မည်သူမဆို ခွင့်ပြုမိန့်မရရှိပဲ ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခြင်းပြုကြောင်း ပြစ်မှုထင်ရှားခြင်းစီရင်ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော
ထောင်ဒါဏ်ဖြစ်စေ၊ ကျပ် သုံးသောင်းထက် မပိုသော ငွေဒါဏ်ဖြစ်စေ၊ ဒါဏ်နှစ်ရပ်စလုံးဖြစ်စေ
ချမှတ်ရမည်၊" လို့ ပြဋ္ဌန်းထားပါတယ်။ ပြင်ဆင်ချက်ဥပဒေမှာတော့ အဲဒီ ပုဒ်မ (၁၈) ရဲ့
ထောင်ဒဏ်ကို "(၁) နှစ်ထက်မပိုသော ထောင်ဒဏ်"
အစား "(၆) လထက်မပိုသော ထောင်ဒဏ်" နဲ့ ပြင်ဆင်လိုက်ပါတယ်။ ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်သူများကို နှောက်ယှက်တိုက်ခိုက်သူများကို ပုဒ်မ (၁၇) မှာ "နှစ်နှစ်ထက်မပိုသော
ထောင်ဒဏ်ဖြစ်စေ"၊ ကျပ် ငါးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဖြင့် အရေးယူရမည်လို့
ပြဋ္ဌာန်းထားတာကို ထောင်ဒဏ်ကို "တစ်နှစ်ထက်မပိုသော ထောင်ဒဏ်" ဖြင့် အစားထိုးပြင်ဆင်ပါတယ်။
ခွင့်ပြုထားတဲ့ နေရာ၊ ခွင့်ပြုထားတဲ့ လမ်းကြောင်း၊ သတ်မှတ်ထားတဲ့စည်းကမ်းများကို ချိုးဖောက်ရင်
ပုဒ်မ (၁၉) အရ "(၆) လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊
ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်" လို့ ပြဋ္ဌာန်းထားရာမှာ ထောင်ဒဏ်ကို "(၃)
လထက်မပိုသော ထောင်ဒဏ်" လို့ ပြင်ဆင်ပါတယ်။
မူလဥပဒေ ပုဒ်မ (၅) မှာ "သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးကို
စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်များ တင်ပြလျှောက်ထားရာမှာ ခွင့်ပြုခွင့်၊ ငြင်းပယ်ခွင့်
အာဏာအပ်နှင်းထားပါတယ်။ ပြင်ဆင်ချက်မှာတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးဟာ သတ်မှတ်ချက်များနဲ့
အညီ တင်ပြလျှောက်ထားချက်ကို သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရဲ့ အတည်ပြုချက်နဲ့
ခွင့်ပြုချက်ပေးရမှာ ဖြစ်ပါတယ်။ ငြင်းပယ်ခွင့်မရှိတော့ပါ။
တချိန်က အရေး ပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅ (ည) ဆိုတာ နိုင်ငံရေးလှုပ်ရှားသူများကို
အနည်းဆုံး ထောင် ၇ နှစ် ဖမ်းဆီးထောင်ချတဲ့ ဥပဒေ ဖြစ်ပြီး နိုင်ငံတဝှမ်း အမည်ဆိုးနဲ့
ကျော်ကြားခဲ့ပါတယ်။ အခုလဲ အဲဒီ ဥပဒေဆက်လက် တည်ရှိနေတုံးပါပဲ။ ဒါပေမည့် နိုင်ငံရေးလှုပ်ရှားသူများအကြား
ပိုပြီး အမည်ဆိုးနဲ့ ကျော်ကြားလာပြီး ဒီနေ့ အာဏာပိုင်များရဲ့ လူထုလှုပ်ရှားမှု ဖြိုခွင်းရေးလက်နက်က
တော့ငြိမ်းစုစီ ဥပဒေ ပုဒ်မ (၁၈) နဲ့ (၁၉) ဖြစ်လာပါတယ်။ ပြင်ဆင်ချက်အရ ပြစ်ဒဏ်ကာလ နည်းသွားပေမည့်
ပြစ်ဒဏ်တွေက ရှိနေတုံးပဲဖြစ်ပြီး ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်တွေကို
စည်းမျဉ်းစည်းကမ်းများ၊ ပြစ်ဒဏ်များနဲ့ ကန့်သတ်ချုပ်ချယ်ထားဆဲ ဖြစ်ပါတယ်။
#ပြည်ထောင်စုလွှတ်တော်ဥပဒေ
(၃၁)။ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ
ဒီဥပဒေရဲ့ ထူးခြားချက်တစ်ခုကတော့ ဥပဒေကြမ်း စတင်ကတည်းက
မြန်မာနိုင်ငံက အရပ်ဘက်လူထုအဖွဲ့အစည်းများ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကလည်း
အရပ်ဘက်လူထုအဖွဲ့အစည်းများရဲ့ အသံကို လေးလေးစားစားနားထောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ထုတ် အစိုးရသတင်းစာများမှာ ထုတ်ပြန်ကြေညာခဲ့တဲ့
"အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ" (သင်းဖွဲ့ဥပဒေ) ဟာ ၂၀၁၃ ခုနှစ်
ဇူလိုင်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ "အသင်းအဖွဲ့များဆိုင်ရာဥပဒေကြမ်း" ထက်တော့
အများကြီးပိုကောင်းလာပါတယ်။ ဒါပေမဲ့လဲ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများရဲ့ တောင်းဆိုချက်တွေကို ပစ်ပယ်ပြီး ကန့်သတ်ချုပ်ချယ်မှုလို့
ယူဆရမည့် အချက်တွေကို ထည့်သွင်းပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။ အခု နောက်ဆုံးအတည်ပြုလိုက်တဲ့
သင်းဖွဲ့ဥပဒေဟာ ဆိုးဝါးတဲ့ ဥပဒေတစ်ခုမဟုတ်ပေမည့် ရာနှုံးပြည့် ကောင်းမွန်ပြည့်စုံသော
ဥပဒေတစ်ခုလည်း မဟုတ်ပြန်ပါ။
ဒီဥပဒေအရ အသင်းအဖွဲ့များ မှတ်ပုံတင်ရေးနဲ့ ပတ်သက်ပြီး အဓိကအာဏာအပ်နှင်းထားတာက
ပြည်ထဲရေးဝန်ကြီးနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနတို့ ဖြစ်ကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
ပြည်ထဲရေးဝန်ကြီးဟာ နိုင်ငံတော်သမ္မတက ရွေးချယ်တာဝန်ပေးသူမဟုတ်ပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
ခန့်အပ်တာဝန်ပေးသူဖြစ်ပါတယ်။ ထွေ/အုပ်ဋ္ဌာနဟာ ပြည်ထဲရေးဝန်ကြီးဋ္ဌာန လက်အောက်ခံဖြစ်ပြီး
တစ်နိုင်ငံလုံးရဲ့ ဒေသန္တရအုပ်ချုပ်ရေးကို လက်တွေ့ဆောင်ရွက်နေတဲ့
အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်က ပြည်ထဲရေးဝန်ကြီးနဲ့ ထွေ/အုပ်ဋ္ဌာနက
တဆင့် တစ်နိုင်ငံလုံးကို သွယ်ဝိုက်အုပ်ချုပ်နေတယ်လို့ ပြောကြပါတယ်။ အခုလည်း ဒီဥပဒေအရ
ကာကွယ်ရေးဦးစီးချုပ်ဟာ ပြည်ထဲရေးဝန်ကြီးနဲ့ ထွေ/အုပ်ဋ္ဌာနက တဆင့် မြန်မာနိုင်ငံရဲ့ အရပ်ဘက်အဖွဲ့အစည်းများကို သွယ်ဝိုက်ပြီး ထိန်းချုပ်ခွင့်ရှိသလို
ဖြစ်နေပါတယ်။
ဒီဥပဒေ အခန်း (၄)၊ ပုဒ်မ (၈)၊ ပုဒ်မခွဲ (က) မှာ "နိုင်ငံတော်၏
တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို ထိခိုက်နိုင်ရန်အကြောင်းမရှိပါက အသင်းအဖွဲ့အဖြစ်
မှတ်ပုံတင်ခြင်းကို စည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြုနိုင်သည်။" ဆိုပြီး ဖော်ပြထားပါတယ်။
အလားတူပဲ၊ အခန်း (၅)၊ ပုဒ်မ (၁၇)၊ ပုဒ်မခွဲ (က) မှာလည်း အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့များကို
"စည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြုနိုင်သည်" လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီနေရာမှာ
"စည်းကမ်းချက်များ သတ်မှတ်၍" ဆိုတဲ့ ပြဋ္ဌာန်းချက်အပေါ်မှာ စိုးရိမ်ပူပန်စရာဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်မှာ အသင်းအဖွဲ့များကို "နိုင်ငံရေးကင်းရှင်းရမည်"
"ဦးဆောင်နာယကအဖွဲ့တွင် ရဟန်းသံဃာများ မပါဝင်ရ" စတဲ့ မတရားတဲ့ စည်းကမ်းချက်တွေ
သတ်မှတ်ခဲ့တာကို ပြန်သတိရမိပါတယ်။ အသေးစိတ်ရှင်းလင်းချက်မပါဝင်တာမို့ အဲဒီ "စည်းကမ်းချက်များ"
ဆိုတာ မှတ်ပုံတင်ရေးအဖွဲ့ကို ခေါင်းဆောင်တဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ ထွေ/အုပ်အရာရှိများရဲ့ ဆန္ဒ၊ ဒေါသ၊ အာဃာတတွေအပေါ် မူတည်ပြီး အတိုင်းအဆမရှိ
ကျယ်ပြန့်နိုင်ပါတယ်။ ဒါကြောင့် ဒီဥပဒေပါ "စည်းကမ်းချက်များဖြင့်" ဆိုတဲ့
စကားလုံးကို လုံးဝ ဖြုတ်ဖို့၊ ဒါမှမဟုတ် "စည်းကမ်းချက်များ" ဆိုတာကို ဒီဥပဒေထဲမှာတင်
အသေးစိတ်ရှင်းလင်းဖွဲ့ဆိုဖို့ လိုအပ်ပါတယ်။
#ပြည်ထောင်စုလွှတ်တော်
ဥပဒေ (၃၈/၂၀၁၄)။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ
ဒီပြင်ဆင်ချက်ဥပဒေရဲ့ အနှစ်သာရက မူလဥပဒေမှာ "ဧည့်နိုင်ငံသား၊
နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများ" ကို
နိုင်ငံရေးပါတီများ တည်ထောင်ခွင့်၊ နိုင်ငံရေးပါတီများမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ပြုထားတာကို
ပယ်ဖျက်တာဖြစ်ပါတယ်။ ဒီပြင်ဆင်ချက်ဥပဒေအရ "ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ
သို့မဟုတ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများ" ဟာ နိုင်ငံရေးပါတီများကို ဦးစီးတည်ထောင်ခွင့်
မရှိတော့ပါ။ "ဧည့်နိုင်ငံသားနဲ့ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများ"
ဟာ နိုင်ငံရေးပါတီများမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်လည်း မရှိပါ။ " နိုင်ငံသားပြုခွင့်ရသူ"
များကိုတော့ ပါတီဝင်ဖြစ်ခွင့်ပြုထားပါတယ်။ အံ့ဩစရာကောင်းတာက "ဧည့်နိုင်ငံသား၊
နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများ" ဟာ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသက် (၁၈) နှစ် ပြည့်တယ်ဆိုရင် ရွေးကောက်ပွဲမှာ၊ ဆန္ဒခံယူပွဲမှာ
မဲဆန္ဒပေးခွင့်ရှိနေပါတယ်။
ပြင်ဆင်ချက်ဥပဒေရဲ့ ပုဒ်မ (၂၅-က) မှာ "မူလနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ တည်ရှိခဲ့သည့် နိုင်ငံရေးပါတီများသည် ဤပြင်ဆင်သည့်ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများဖြစ်သည်ဟု မှတ်ယူရမည်။ ယင်းပါတီများကို ဤပြင်ဆင်သည့်ဥပဒေနှင့်အညီ ပြင်ဆင်လုပ်ကိုင်ဆောင်ရွက်ရန်အတွက် သင့်လျော်သည့်အချိန်ကာလကို ရွေးကောက်ပွဲကော်မရှင်က ညှိနှိုင်းသတ်မှတ်ပေးရမည်" လို့ ပြဋ္ဌာန်းထားပါတယ်။ ဆိုလိုတာက တရားဝင်တည်ရှိနေတဲ့ နိုင်ငံရေးပါတီများမှာ ခေါင်းဆောင်ပိုင်းမှာ "ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများ" ရှိနေရင်၊ ပါတီဝင်များထဲမှာပါ "ဧည့်နိုင်ငံသား သို့မဟုတ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများ" ရှိနေရင် ကော်မရှင်က သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုအတွင်းမှာ ပါတီမှ ထုတ်ပယ်ရန်ဖြစ်ပါတယ်။ အခုအချိန်အထိတော့ ဒီပြင်ဆင်ချက်ဥပဒေကို နိုင်ငံရေးပါတီများက လိုက်နာခြင်းရှိ၊ မရှိဆိုတာ မသိရပါ။
0 comments:
Post a Comment