BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, March 23, 2011

15 Minutes of Fame for Myanmar MPs (Burmese Translation)


မြန်မာနိုင်ငံက ရာဘာတံဆိပ်တုံး လွှတ်တော်အကြောင်း

အောင်ဒင်

မတ် ၂၃၊ ၂၀၁၁

(Asia Times Online မှာဖော်ပြတဲ့ 15 Minutes of Fame for Myanmar MPs, http://atimes.com/atimes/Southeast_Asia/MC24Ae01.html, ဆောင်းပါးကို ကိုယ်တိုင် မြန်မာဘာသာ ပြန်ဆိုပါတယ်၊)

ဦးကကြီး တယောက် မနက် ၆ နာရီခွဲမှာ အိပ်ရာက ထပါတယ်၊ သူရောက်နေတာက မြန်မာနိုင်ငံက စစ်အာဏာရှင်တွေ မကြာသေးခင်က အသစ်ဆောက်လုပ်ထားတဲ့ နေပြည်တော်ဆိုတဲ့ မြို့တော်က စည်ပင်သာယာတည်းခိုခန်း တခုမှာပါ၊ အဲဒီ တည်းခိုခန်းမှာ သူနဲ့အတူ သူ့လိုပဲ မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အသေးစားနိုင်ငံရေးပါတီများက လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုနေကြတာပါ၊ သူ ရေချိုးဖို့ စဉ်းစားပါသေးတယ်၊ ဒါပေမည့် ရေပိုက်က ကျလာတဲ့ ရေက သံချေးရောင်ထပြီး ညစ်ပတ်နေတော့ ရေချိုးချင်စိတ်ကို နှိတ်ကွပ်လိုက်ရပါတယ်၊ ရေသန့်ဗူးထဲက ရေကိုပဲသုံးပြီး မျက်နှာသစ်၊ သွားတိုက် လိုက်ပါတယ်၊ အဲဒီနောက်တော့ သူ့ရဲ့ စာရွက်စာတမ်းတွေ ကို လက်ဆွဲအိပ်ကြီးထဲ ထည့်ပြီး အပြင်မှာ စောင့်နေတဲ့ ဘတ်စ်ကားကြီးတွေ နဲ့ အခြားလွှတ်တော်အမတ်များနဲ့ အတူ လွှတ်တော်အစည်းအဝေးကျင်းပမည့် လွှတ်တော်အဆောက်အအုံကြီး ရှိရာကို ထွက်ခွါလာကြပါတယ်၊

သူတို့အားလုံး သူတို့ရဲ့ လက်တော့ကွန်ပြူတာတွေ၊ လက်ကိုင်ဖုန်းတွေ၊ ကင်မရာတွေ ကို တည်းခိုခန်းမှာပဲ ထားခဲ့ရပါတယ်၊ အဲဒီ ပစ္စည်းတွေကို လွှတ်တော်ဝင်းကြီးထဲ ယူဆောင်ဖို့ အာဏာပိုင်များက ခွင့်မပြုပါ၊

မိနစ် ၂၀ လောက် ကားစီးပြီးတဲ့နောက် လွှတ်တော်ဝင်းကြီးရဲ့ ဂိတ်ဝ ကိုရောက်ပါပြီ၊ အဲဒီမှာ မြင့်မားခိုင်ခန့်လှတဲ့ သံမဏိတံခါးကြီး နှစ်ထပ်ကို သူတို့ ဖြတ်သန်းကြရပါတယ်၊ လုံခြုံရေးအစောင့်များက သူတို့ရဲ့ မှတ်ပုံတင်ကဒ်တွေကိုစစ်ကြည့်ပြီး သူတို့ရဲ့ အိပ်တွေနဲ့ ခန္ဓာကိုယ်ကို ဗုံးရှာဖွေရေး ကြိယာတွေနဲ့ ရှာဖွေပါသေးတယ်၊ အဲဒီနောက်မှာတော့ သံတံခါးကြီး နှစ်ထပ်ကို ကျော်ဖြတ်ခွင့်ရပြီး လွှတ်တော်ဝင်းကြီးအတွင်းထဲကို သူတို့ စတင်ရောက်ရှိပါပြီ၊ အသင့်စောင့်နေတဲ့ ဘတ်စ်ကားငယ်ကလေးများကို စီးပြီးတဲ့နောက် သူတို့အားလုံး လွှတ်တော်အစည်းအဝေးကျင်းပမည့် အစည်းအဝေးခန်းမကြီးကို ရောက်ပါပြီ၊

မနက် ၉နာရီ တိတိမှာ လွှတ်တော် ဥက္ကဋ္ဌကြီးက အစည်းအဝေးစတင်ကြောင်း ကြေညာပါတယ်၊ ၁၅ မိနစ်လောက်ကြာပြီးတဲ့အခါ မှာတော့ ဥက္ကဋ္ဌကြီးက ဒီကနေ့အတွက် အစည်းအဝေးပြီးဆုံးကြောင်းနဲ့ အစည်းအဝေးကို နောက်တနေ့ကို ရွှေ့ဆိုင်းကြောင်းကြေညာပါတယ်၊ ၁၅ မိနစ်ကြာအစည်းအဝေးကာလအတွင်း ဒီလွှတ်တော်ကြီးက နိုင်ငံတော်သမ္မတ က တင်သွင်းထားတဲ့ ပြည်ထောင်စုအဆင့်ရာထူးများမှာ ခန့်အပ်မည့် ပုဂ္ဂိုလ်များကို ကန့်ကွက်သူမရှိ အတည်ပြုပြီး သမ္မတက နောက်ထပ် အသစ်တင်သွင်းတဲ့ အမည်စာရင်းကို လက်ခံခဲ့ပါတယ်၊

အဲဒီနောက်မှာတော့ ဦးကကြီး နဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံးဟာ သူတို့ရဲ့ တည်းခိုခန်းများကို လွတ်လပ်စွာ ပြန်နိုင်ကြပါပြီ၊ မပြန်ရင်လဲ သူတို့မှာ ဒီလွှတ်တော်အဆောက်အအုံကြီးထဲမှာ တခြားဘာမှလုပ်စရာ မရှိပါ၊ ဒီလွှတ်တော်ဝင်းအတွင်းမှာ သူတို့ အတွက် ကိုယ်ပိုင်ရုံးခန်းတွေ၊ သူတို့ကို ကူညီမည့် ရုံးအဖွဲ့ဝင်တွေ မရှိပါ၊ သူတို့ အားလုံးဟာလဲ လွှတ်တော်ဝင်းကြီးအတွင်းမှာ အစည်းအဝေးခန်းမ နှစ်ခု၊ စားရိပ်သာ နှစ်ခုနဲ့ အိမ်သာခန်းများကိုသာ သွားခွင့်ရှိပါတယ်၊ အခြားနေရာများကို ယောင်မှားပြီး ခြေဆန့်မိရင်ဖြင့် အာဏာပိုင်တွေက သူတို့ကို အရေးယူပါလိမ့်မယ်၊ သတင်းထောက်တွေ၊ စာနယ်ဇင်းသမားတွေဟာလဲ လွှတ်တော်အစည်းအဝေးကို မှတ်တမ်းတင်ဖို့၊ သတင်းယူဖို့မပြောနဲ့ လွှတ်တော်ဝင်းထဲကိုတောင် ဝင်ခွင့်မရကြပါ၊

ဒါဟာဖြင့် အခု နေပြည်တော်မှာ ဇန္နဝါရီလ ၃၁ ရက်နေ့က စပြီး လွှတ်တော်အစည်းအဝေး တက်နေတဲ့ အမတ်တွေ ရဲ့ နေ့စဉ်ပုံမှန်လှုပ်ရှားမှုပါပဲ၊ သူတို့အားလုံးဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ နှစ် ၂၀ အတွင်းမှာ ပထမဆုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြသူတွေပါ၊ အဲဒီရွေးကောက်ပွဲက လဲ လုံးဝ လွတ်လပ်မှု၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲလို့ တကမ္ဘာလုံးက၊ မြန်မာပြည်သူများက ကန့်ကွက်ရှုံ့ချခဲ့ကြတာပါ၊ စစ်အုပ်စုရဲ့ ကိုယ်ပွါးပါတီ ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က မဲခိုးမှု၊ မဲလိမ်မှု၊ မဲဝယ်မှု၊ ခြိမ်းခြောက်မှု နဲ့ အလုံးစုံသော မတရားမှုများကို ဗြောင်ကျကျကျူးလွန်ပြီး အနိုင်ရပါတီ အဖြစ် ကြေညာခဲ့တာပါ၊

အဲဒီလို ကြံ့ဖွံ့အနိုင်ရနိုင်ဖို့အတွက် အာဏာပိုင်တွေက မတရား၊ မမျှတဲ့ ရွေးကောက်ပွဲဥပဒေတွေ၊ နည်းဥပဒေ တွေကို ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဓိက ဒီမိုကရေစီအင်အားစုများ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမပြုအောင် ကန့်သတ်ခဲ့ပါသေးတယ်၊

အဲဒီလို ဘက်ပေါင်းစုံက သေချာအောင် ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့က အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်) မှာ အမတ်နေရာ ၂၆၀ နဲ့ အထက်လွှတ်တော် (အမျိုးသားလွှတ်တော်) မှာ အမတ်နေရာ ၁၂၉ အနိုင်ရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပေးခဲ့ပါတယ်၊ စစ်တပ်အတွက်လျာထားတဲ့ ၂၅% အမတ်နေရာနဲ့ပေါင်းလိုက်ရင် စစ်တပ်နဲ့ ကြံ့ဖွံ့က ပြည်သူ့လွှတ်တော်မှာ ၈၄%၊နဲ့ အမျိုးသားလွှတ်တော်မှာ ၈၃% စိုးမိုးထားကြပါတယ်၊ စစ်တပ်ရဲ့ လက်ဝေခံပါတီ တခုဖြစ်တဲ့ တိုင်းရင်းသားညီညွတ်ရေးပါတီက ပြည်သူ့လွှတ်တော်မှာ ၁၁ နေရာ နဲ့ အမျိုးသားလွှတ်တော်မှာ ၅ နေရာ ရထားပါသေးတယ်၊ ကျန်တဲ့အမတ်နေရာ အနည်းငယ်ကိုသာ အသေးစားနိုင်ငံရေးပါတီ ၁၅ ခုက ခွဲဝေရကြတာပါ၊

ပြီးခဲ့တဲ့ ရွေးကောက်ပွဲက စစ်အုပ်စုရဲ့ လမ်းပြမြေပုံ ၇ ဆင့်ထဲက နောက်ဆုံးကျန်တဲ့ အဆင့် တွေထဲက တခုပါ၊ စစ်အုပ်စုက နိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ်တည်ဆောက်မည့် လမ်းပြမြေပုံလို့ ကြွေးကြော်ပေမည့် အမှန်တကယ်က စစ်အုပ်စု ရဲ့ နိုင်ငံတော်အာဏာကို ထာဝရသိမ်းပိုက်ရေး၊ နိုင်ငံတော်ကို ထာဝရစစ်ကျွန်ပြုရေး လမ်းပြမြေပုံသာ ဖြစ်ပါတယ်၊၂၀၀၈ ခုနှစ်မှာ စစ်အုပ်စုက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အဆုံးစွန်သောအာဏာတွေ အပ်နှင်းထားတဲ့၊ စစ်တပ်ကို နိုင်ငံရဲ့ လွှတ်တော်အဆင့်ဆင့်မှာ ၂၅% ကို ရွေးကောက်ပွဲဝင်စရာမလိုပဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ခန့်အပ်မှုနဲ့ ပါဝင်လွှမ်းမိုးနိုင်ခွင့်တွေ အပ်နှင်းထားတဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီးမြောက်ခဲ့ပါတယ်၊ ပြီးတော့ ၂၀၀၈ ခုနှစ် မေလ မှာ မြန်မာနိုင်ငံတနိုင်ငံလုံး နာဂစ် ဆိုင်ကလုံးကြီးရဲ့ တိုက်ခိုက်မှုကြောင့် အတိဒုက္ခရောက်နေချိန်၊ ပြည်သူ ၁၄၀၀၀၀ လောက်သေဆုံးပြီး ပြည်သူ သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်နေချိန်မှာ အတင်းအဓမ္မအတည်ပြုခဲ့တာပါ၊

အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေက စစ်အုပ်စုလမ်းပြမြေပုံရဲ့ ဒုတိယနောက်ဆုံးအဆင့်ပါ၊ တလောက ရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတ ဦးသိန်းစိန် ကို တရားဝင်အာဏာလွှဲပြီးရင်ဖြင့် အဲဒီလမ်းပြမြေပုံအပြီးသတ် အောင်မြင် ပါပြီ၊ လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန် ဟာ အခုကာလမှာကိုပဲ ဗိုလ်သန်ရွှေ ရဲ့အမိန့်အောက်မှာ ခိုင်းတာလုပ်နေရသူပါ၊ သမ္မတဖြစ်လာပြီးရင်လဲ စစ်အုပ်စုရဲ့ ခေါင်းဆောင်ကြီး သန်းရွှေ ရဲ့ အမိန့်အောက်မှာပဲ ဆက်လက်လှုပ်ရှားနေရမည့်သူပါ၊

ရွေးကောက်ပွဲ နဲ့ လွှတ်တော်အစည်းအဝေးတွေက မြန်မာနိုင်ငံမှာ အပြောင်းအလဲ တခုတော့ဖြစ်နေပြီလို့ သက်သေပြနေပါတယ်၊ ဒါပေမည့် စစ်အုပ်စုက အကြိမ်ကြိမ်အဖန်ဖန် ကတိပေးထားတဲ့၊ ကျနော်တို့ ပြည်သူတွေအမြတ်တနိုးလိုချင်လှတဲ့၊ စစ်မှန်တဲ့ ဒီမိုကရေစီအပြောင်းအလဲတော့မဟုတ်ပါ၊ အရင်တုံးက မြန်မာနိုင်ငံဟာ စစ်တပ် ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိခဲ့ရပါတယ်၊ အခုပြောင်းလဲမှုကတော့ မြန်မာနိုင်ငံဟာ စစ်တပ် နဲ့ ကြံ့ဖွံ့ ရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်ရှိသွားတွာပါ၊ တကယ်တော့ စစ်အုပ်စုက သူ့ကိုယ်သူ နှစ်ကိုယ်ခွဲလိုက်တာပါ၊ လက်ရှိပခုံးပေါ်မှာ ကြယ်ပွင့်တွေနဲ့ ဗိုလ်ချုပ်တွေ နဲ့ စစ်တပ်က အနားယူပြီး အရပ်သားဝတ်စုံဝတ်၊ နိုင်ငံရေးသမားယောင် ဆောင်ထားတဲ့ ဗိုလ်ချုပ်ဟောင်းတွေက မြန်မာပြည်သူတွေကို အမည်နှစ်မျိုးနဲ့ နှစ်ဆတိုးပြီး ဆက်လက်အနိုင်ကျင့်ကြ၊ နှိပ်စက်ကြမှာပါ၊

တဖြေးဖြေးနဲ့ စစ်အုပ်စုက “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” လို့ နံမည်ပေးထားတဲ့ အာဏာရှင်စနစ်အသစ်တခုက မြန်မာနိုင်ငံမှာ ပုံဖော်စပြုလာပါပြီ၊ လွှတ်တော်အစည်းအဝေးများ စတင်ကတည်းက အစည်းအဝေးများဟာ ပျမ်းမျှ တနေ့ကို ၁၅ မိနစ်ခန့်သာ ကြာမြင့်ပါတယ်၊ အစပိုင်းရက်အစည်းအဝေးများမှာ အသေအချာ ဇာတ်တိုက်ထားတဲ့ သမ္မတရွေးကောက်ပွဲက နေရာယူခဲ့ပါတယ်၊ အဲဒီနောက်မှာလဲ သမ္မတက အဆိုပြုတင်သွင်းတဲ့ သူ့ရဲ့ ဝန်ကြီးလောင်းများ နဲ့ ပြည်ထောင်စုအဆင့်ရာထူးရှင်လောင်းများ အမည်စာရင်းကို လွှတ်တော်က လက်ခံတာနဲ့ ကန့်ကွက်သူမရှိအတည်ပြုတာတွေပဲ နေ့စဉ် ၁၅မိနစ်အတွင်း လုပ်ခဲ့ကြတာပါ၊

ဒီလောက်တိုတောင်းတဲ့ အစည်းအဝေးကာလမှာကိုပဲ အချို့အမတ်တွေက ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပါတ်သက်တဲ့ မေးခွန်းတွေမေးဖို့ ကြိုးစားခဲ့ကြပါတယ်၊ ဒါပေမည့် လွှတ်တော်ဥက္ကဋ္ဌက မေးခွန်းများကို ၁၅ ရက်ကြိုတင်တင်သွင်းဖို့ ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်၊ ၁၅ ရက်ဆိုတာ သက်ဆိုင်ရာ ဝန်ကြီးများအတွက် အင်မတန်လုံလောက်တဲ့ကာလပါ၊ သူတို့က လွှတ်တော်အမတ်များရဲ့ မေးခွန်းတွေကို ပြန်ဖြေတဲ့အခါမှာတော့ မြန်မာ့အလင်း နဲ့ ကြေးမုံသတင်းစာမှာ စစ်အုပ်စုက ဖော်ပြတဲ့ ဝါဒဖြန့်ဆောင်းပါးရှည်ကြီးတွေအတိုင်း ကိန်းဂဏန်းတွေ၊ အောင်မြင်မှုတွေ နဲ့ ရှည်ရှည်လျားလျား ပြန်ဖြေကြတာပါ၊ ပြီးတဲ့နောက် လွှတ်တော်ဥက္ကဋ္ဌက မေးခွန်းထုတ်တဲ့ အမတ်တွေကို သူတို့ရဲ့ မေးခွန်းတွေကို ပြန်ရုတ်သိမ်းဖို့တောင်းဆိုပြီး အမတ်များကလဲ ရိုကျိုးစွာ ပြန်ရုတ်သိမ်းကြပါတယ်၊

တကယ်တော့ လွှတ်တော်ဆိုတာ ဥပဒေများရဲ့ မြစ်ဖျားခံရာ၊ ဥပဒေများကို ဖန်တီးရာနေရာ ဖြစ်ရမှာပါ၊ ဒါပေမည့် မြန်မာနိုင်ငံက စစ်အုပ်စုဖန်တီးနေတဲ့ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်” ရဲ့ လွှတ်တော်မှာတော့ ဥပဒေပြုစရာ ဘာမှမရှိပါ၊ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်သန်းရွှေက ဥပဒေအတော်များများကို လွှတ်တော်အစည်းအဝေးမစခင်ကတည်းက နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ရဲ့ ဥက္ကဋ္ဌအနေနဲ့ ထုတ်ပြန်သွားပြီးခဲ့လို့ပါပဲ၊

အဲဒီဥပဒေတွေထဲက တခုကတော့ ဖေဖော်ဝါရီ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ၂၀၁၁-၁၂ နိုင်ငံတော် ရသုံးငွေစာရင်း State Budget (2011-12) ပါ၊ အဲဒီ ဘတ်ဂျက် မှာ သန်းရွှေက စစ်တပ်အသုံးစားရိတ်အတွက် စုစုပေါင်းဘတ်ဂျက်ရဲ့ ၂၅% လောက်ကို လျာထားပြီး ပြည်သူများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် တစ် ဒဿမ ၃ ရာခိုင်နှုံးသာ လျာထားပါတယ်၊ နောက်ဥပဒေတခုကတော့ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၄ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၂၇/၂၀၁၀) ဖြစ်ပါတယ်၊ အဲဒီ ဥပဒေအရ မြန်မာနိုင်ငံသား (အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားများ နဲ့ အသက် ၁၈ မှ ၃၅ နှစ်အတွင်းအမျိုးသမီးများ) အားလုံးဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ညွှန်ကြားချက်အရ စစ်တပ်မှာ အနည်းဆုံး ၂နှစ် ကနေ အများဆုံး ၃နှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပါတယ်၊

နောက်ဥပဒေ တခုရှိပါသေးတယ်၊ အရန်တပ်ဖွဲ့များဥပဒေ ပါ၊ ဒီဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဥပဒေ အမှတ် ၂၈/၂၀၁၀) အရ စစ်တပ်က အငြိမ်းစားယူတဲ့ စစ်မှုထမ်းဟောင်းတွေဟာ သူတို့ စစ်တပ်ထဲမှာ နောက်ဆုံးထမ်းဆောင်ခဲ့တဲ့ ရာထူးအတိုင်း အရန်တပ်ဖွဲ့မှာ အနည်းဆုံး ၅နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်၊ ဒီဥပဒေအရ ဗိုလ်သန်းရွှေဟာ စစ်တပ်ကအနားယူရင်တောင်မှ ဗိုလ်ချုပ်မှူးကြီး ရာထူးကို ဆက်လက်ဆွဲကိုင်ထားနိုင်မှာပါ၊ အဲဒီဥပဒေကိုလဲ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ၊ ပိုပြီးဆိုးတဲ့ ဥပဒေကတော့ ၂၀၁၁ ခုနှစ် ဇန္နဝါရီ ၂၇ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ "နိုင်ငံတော်၏ အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သောအသုံးစားရိတ်ဆိုင်ရာ အထူးရန်ပုံငွေ ဥပဒေ" (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဥပဒေ အမှတ် ၁၀/၂၀၁၁) ဖြစ်ပါတယ်၊ အဲဒီ ဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်ဟာ နိုင်ငံဘဏ္ဏငွေထဲက အရေအတွက်မဖော်ပြထားတဲ့ လျှို့ဝှက်ရန်ပုံငွေ တရပ်ကို စိတ်တိုင်းကျကိုင်တွယ်သုံးစွဲခွင့်ရမှာဖြစ်ပြီး သူဘယ်လိုသုံးတယ်၊ ဘယ်နေရာမှာသုံးတယ်ဆိုတာကို ဘယ်သူကမှ၊ ဘယ်အဖွဲ့အစည်းကမှ စစ်ဆေးခွင့်မရှိပါ၊ အဲဒါအပြင် သမ္မတက သူသုံးလို့လျော့သွားတဲ့ ငွေပမာဏကို နှစ်စဉ် ဖြည့်တင်းပေးရမယ်လို့လဲ ညွှန်ကြားထားပါတယ်၊ ဆိုလိုတာကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တိုင်းပြည်ဘဏ္ဏာကို၊ လူထုရဲ့ အခွန်အခတွေကို သူသုံးချင်သလို စိတ်တိုင်းကျ အကန့်အသတ်မရှိသုံးဖို့ လိုင်စင်ပေးလိုက်တာပါပဲ၊ အဲဒီ ဥပဒေတွေအားလုံးဟာ ချက်ချင်းအာဏာတည်တဲ့ ဥပဒေများလဲ ဖြစ်ပါတယ်၊

တကယ်တော့ ရွေးကောက်ပွဲမှာ အနည်းစုအနိုင်ရတဲ့ အမတ်တွေဟာ လွှတ်တော်အတွင်း အတိုက်အခံအင်အားစုဖြစ်ပြီး အာဏာရအစိုးရ ကို စောင့်ကြည့်ဝေဘန်ရမှာပါ၊ ဒါပေမည့် အဲဒီလို အတိုက်အခံအင်အားစုကို မြန်မာနိုင်ငံမှာ အခုဖွဲ့စည်းထားတဲ့ လွှတ်တော်မှာ တွေ့ရမှာမဟုတ်ပါဘူး၊ ဦးကကြီးအပါအဝင် လူနည်းစုအမတ်တွေဟာ သူတို့ပြောမည့်စကားတွေ၊ မေးမည့်မေးခွန်းတွေ ကို အာဏာပိုင်တွေ စိတ်မကွက်လောက်အောင် ကိုယ့်ဘာသာ အရင် ဆင်ဆာလုပ်ရပါတယ်၊ ပြီးတော့ သူတို့ဟာ နိုင်ငံတော်အတွက် အင်မတန် အရေးကြီးတဲ့ အရေးအရာတွေကို မဆွေးနွေးဖို့၊ မတင်ပြဖို့ ခြိမ်းခြောက်ဟန့်တားတာတွေလဲ ခံနေကြရပါတယ်၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အင်မတန် အရေးကြီးလှတဲ့ ကိစ္စတွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွှတ်ရေး၊ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းစစ်ကို တွေ့ဆုံဆွေးနွေး ငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ မတရားဖမ်းဆီးချုပ်နှောင်မှုများနှင့် တိုင်းရင်းသားလူမျိုးစုများအပေါ် အနိုင်ကျင့်သတ်ဖြတ်မှုများကို ရပ်တန့်ရေး စတာတွေကို လွှတ်တော်အစည်းအဝေးများအတွင်း ဆွေးနွေးကြတာ မရှိပါ၊ ဒီအမတ်တွေ စိတ်အားထက်သံစွာ ကျယ်ကျယ်လောင်လောင်ဆွေးနွေးရဲကြတဲ့ ကိစ္စက တခုထဲရှိပါတယ်၊ အဲဒါကတော့ မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စု နဲ့ အနောက်ဥရောပ နိုင်ငံများရဲ့ စီးပွါးရေးပိတ်ဆို့မှုတွေ ကို ရုတ်သိမ်းပေးဖို့ တောင်းဆိုကြတာပါ၊

ဒါကြောင့်လဲ ဗိုလ်သန်းရွှေက ဒီလွှတ်တော်အမတ်တွေကို ဥပဒေပြဋ္ဌန်းပြီး ဆုချခဲ့ပါတယ်၊ ၂၀၁၁ ခုနှစ် ဇန္နဝါရီလ ၁၀ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ "နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဥပဒေ အမှတ် ၆/၂၀၁၁" အရ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဟာ လစဉ် ကျပ် သုံးသိန်း လခရရှိမှာဖြစ်ပါတယ်၊ လက်ရှိ မှောင်ခိုငွေလဲနှုံးနဲ့ တွက်ရင် အမတ်တယောက်ဟာ တလကို အမေရိကန်ဒေါ်လာ ၃၄၅ ရရှိမှာဖြစ်ပါတယ်၊ ဒါပေမည့် တရားဝင်ငွေလဲနှုံးက တဒေါ်လာကို ၆ ကျပ်နှုံးမှာပဲ ရှိနေသေးတော့ အမတ်တွေဟာ တလကို အမေရိကန်ဒေါ်လာ ငါးသောင်းလောက် ရတယ်လို့လဲ ပြောနိုင်ပါတယ်၊ အစိုးရဝန်ထမ်းများရဲ့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံးလစာက ကျပ် ၁၅၀၀၀ နဲ့ ကျပ် ၂သိန်း ဖြစ်လို့ အမတ်တယောက် ရဲ့ ကျပ် ၃သိန်းလစာဟာ များတယ်လို့ဆိုရမှာပါ၊ လစာအပြင် ခရီးစားရိတ်၊ နဲ့ အစည်းအဝေးစားရိတ်များကိုလဲ သီးခြားခံစားရဦးမှာပါ၊

ဗိုလ်သန်းရွှေ က သူ့ရဲ့ နောက်လိုက်တွေကိုတော့ ပိုပြီးရက်ရောပါတယ်၊ သူ ထုတ်ပြန်ထားတဲ့" နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဥပဒေ အမှတ် ၂/၂၀၁၁" အရ နိုင်ငံတော်သမ္မတဦးသိန်းစိန် ဟာ တလကို ကျပ် ၅သန်း ရမှာဖြစ်ပြီး ဒုသမ္မတ ၂ယောက်ကတော့ ကျပ် ၄သန်းဆီရကြမှာပါ၊ အခြားအဆင့်မြင့်ရာထူးများဖြစ်ကြတဲ့ ဝန်ကြီးများ၊ တရားသူကြီးချုပ် နဲ့ တရားသူကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ စတဲ့ပုဂ္ဂိုလ်တွေဟာလဲ တလကို ကျပ် ၂သန်း ကနေ ၃သန်း ခွဲ အထိရကြမှာပါ၊ အိမ်တွေ၊ ကားတွေ၊ ဝတ်စုံစားရိတ်တွေ၊ အဆောင်အယောင်တွေ၊ အခိုင်းအစေတွေ လဲ တပြုံကြီးရဦးမှာပါ၊ တရားဝင်ငွေလဲနှုံးနဲ့ တွက်မယ်ဆိုရင် သမ္မတဦးသိန်းစိန် ရဲ့လစာဟာ တလကို အမေရိကန်ဒေါ်လာ ၈သိန်း ၃သောင်းနဲ့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၀သန်း နီးပါး ပါ၊ ဒါဟာဖြင့် နိုင်ငံတကာမှာ လခအများဆုံးရတဲ့ နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြတဲ့ အမေရိကန်သမ္မတ နဲ့ စင်္ကာပူဝန်ကြီးချုပ်တို့ရဲ့ လစာများထက် အပုံကြီးများပါတယ်၊

သိတ်မကြာခင်မှာပဲ အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေ ဘာဥပဒေမှ ရေးစွဲပြဋ္ဌန်းနိုင်ခြင်းမရှိပဲ ရပ်နားပြီး ဦးကကြီးနဲ့ အပေါင်းအပါတွေ နေရပ်ပြန်ကြရမှာပါ၊ သူတို့ရဲ့ မဲဆန္ဒနယ်တွေမှာလဲ သူတို့အတွက် ကိုယ်ပိုင်ရုံးခန်းတွေ၊ လက်ထောက်ဝန်ထမ်းတွေ မရှိကြပါ၊ ဘာပဲဖြစ်ဖြစ် ဦးကကြီး နဲ့အပေါင်းအပါများကတော့ သူတို့ဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွါးအတွက် စွမ်းစွမ်းတမန် တာဝန်ထမ်းဆောင်နေပါတယ်လို့ ဆက်လက်ကြွေးကြော်ကြပါလိမ့်မယ်၊ ပြီးတော့လဲ နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေကို ရည်စူးပြီး သူတို့ဟာ လွှတ်တော်ကြီးအတွင်းကနေ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ထွန်းကားလာအောင် ဆောင်ရွက်နေပါတယ်လို့ နှုတ်ဖျားကလေးကနေ တဖွဖွပြောနေကြပါလိမ့်မယ်၊ ဦးကကြီးကတော့ နောက်တခါ နေပြည်တော်ကို ပြန်လာရရင် သူ့အခန်းမှာ ရေကောင်းရေသန့် ရရှိဖို့ တိတ်တိတ်လေး ဆုတောင်းနေပါလိမ့်မယ်၊ ဒါမှပဲ သူ ရေမှန်မှန်ချိုး နိုင်ပြီး စည်းကမ်းပြည့်ဝရုံမက သန့်ရှင်းစင်ကြယ်တဲ့ လွှတ်တော်အမတ်ကြီး ဖြစ်လာမှာပါ။။။

0 comments: