ခေါင်းလောင်းသံအိုရဲ့ အတ္ထုပ္ပတ္တိ
အောင်ဒင်/ဒတ္ထ
(၁၉၈၅၊ မေလ၊ ရန်ကုန်စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း)
ခေါင်းလောင်းသံနဲ့ ကျောင်းခန်းအို
ဆရာပျိုကို ကြိုနေလေရဲ့။
ငိုတလှည့် ပြုံးတလှည့်
အမုန်းမဲ့ ကလေးတို့ရဲ့
တေးနွဲ့ချိုချို၊ ကျောင်းအိုတံခါး
ခြေသံများကြား၊ ယိမ်းယိုင်နေ။
လေသံနားစွင့်၊ ရင့်ကျက်သက်ပြင်း၊
လမ်းခင်းတံတား၊ ကြမ်းပေါက်ကြားမှ
ရွှံ့များလှောင်ပြောင် ရုန်းထနေ။
တခါတရံ၊ နာခံပီသ
စာအံကြတဲ့အခါ
'အလိမ္မာ' ဆိုတဲ့စကားလုံး
ပန်းကုံးပန်ဆင်၊ ရင်ခွင်ပိုက်ထွေး
အဝေးကပင်၊ ကြားမယ်ထင်ရဲ့။
ကျောက်သင်ပုန်းပေါ်မှာ
သင်ခန်းစာသစ်၊ စာချစ်တဲ့ကလေး
ဝမ်းရေးလှုပ်ရှား၊ အင်းအိုင်ကြားမှာ
ငါးရှာဖားကောက်၊ ရိုးပေါ်လျှောက်ယင်း
ပြည့်စုံခြင်းရသ၊ ကြားဖူးပါစကွယ်။
ပြောဖူးကြပါရဲ့
ရေတမာပင်တန်း၊ ကံ့ကော်လမ်းမှာ
ဖြတ်သန်းဖွဖွ၊ ခြေရာချနင်း
'တက်ကြွခြင်း' ဖွဲ့၊ သူတို့ရဲ့'တေး'
'အဝေးဆုံး'သို့ သွားကြမယ်..တဲ့လေ။
နေပူထဲက၊ ဘဝကြမ်းကြမ်း
ပန်းနွမ်းနွမ်းတို့၊ လန်းစွင့်ဝင့်ကြွား
အသိမြင့်မားဖို့၊ သူတို့ကူညီကြမယ်....တဲ့။
အဲ့ဒီလို
'တက္ကသိုလ်ကျောင်းက ငွေလမင်း'
တေးချင်းဆို၊ ငိုချင်းချ
ဪ....ဘဝဆိုတာ....။
စိတ်ကူးအိပ်မက်ထဲက
ဘဝရဲ့အကြင်နာ
ကဗျာမဆန်၊ ပန်းမပန်တဲ့
နှောင်ဖွဲ့ရစ်သိုင်း၊ မြူတံတိုင်းခြား
နှလုံးသားမှာဝေဒနာ။
ရေပေါ်ဆီမဟုတ်
ခြေသားအုတ်မြစ်၊ ကျစ်လျစ်ခိုင်ခံ့
ဝိညာဉ်သန့်စင်၊ ဖြူစင်ရိုးသား
လေးစားစရာ၊ ကျေးလက်မှာရှိ
ပကတိလူတန်းစား
ကံတရားကို၊ ကိုးစားယုံကြည်။
လွင့်ပြယ်ရောင်ပြောင်း
အဝတ်ဟောင်းတို့အောက်က
လှပတဲ့နှလုံးသား၊ ခန့်ညားတဲ့စေတနာ
မာယာမဲ့သတ္တိ
သေချာကြည့်မှ တွေ့လိမ့်မယ်။
ကျေးလက်ရင်သွေး
မျှော်လင့်ချက်တေးဆို၊ ခေတ်ကိုကြိုဖို့
ရိုကျိုးတောင့်တ၊ သက်မသက်ပြင်း
တမ်းချင်းတဖွဲ့၊
လာလှည့်ပါ၊ လာခဲ့ပါ...ဆရာ။
ခေါင်းလောင်းသံနဲ့ ကျောင်းခန်းအို
ဆရာပျိုကို ကြိုနေလေရဲ့....။
0 comments:
Post a Comment