အောင်ဒင်/ဒတ္ထ
(၁၉၈၇ မတ်လ)
လာမယ့်စနေနေ့မှာ
ချစ်သူဟာ
နှစ်ဆယ့်ငါးနှစ်ပြည့်ပါလိမ့်မယ်...
သူ့ကိုကျွန်တော်ချစ်ခဲ့တာကရှစ်နှစ်
သူကကျွန်တော့်ကိုပြန်ချစ်တာကခြောက်နှစ်
သူကကျွန်တော့်ထက်
အသက်တစ်နှစ်ပိုကြီးပေမယ့်
ကျွန်တော်က သူ့ထက်
အချစ်နှစ်နှစ် ပိုကြီးခဲ့တယ်...
သုံးနှစ်သုံးမိုးတဲ့
ကျွန်တော်တို့ခေတ်မှာ
သိပ်ကိုပဲ အရာမဝင်ဖြစ်ခဲ့ပါပြီ
ဒီမှာ
ကျွန်တော်တို့ရဲ့ ချစ်သူဘဝ
ခြောက်နှစ်ကို လတွေစွန်းခဲ့ပေါ့...
သူက
ဘဝကို လက်တွေ့ရင်ဆိုင်နေချိန်မှာ
ကျွန်တော်က
စာမေးပွဲတွေ ထပ်ခါထပ်ခါကျ
စိတ်ဓာတ်လည်းကျ
လုံ့လလည်းကျ
အဲဒီအခါကျမှ
သူမရဲ့စိတ်ရှည်ခွင့်လွှတ်မှုနဲ့
ကျွန်တော့်အပေါ်သည်းခံကြင်နာမှုကို
နားလည်ဂရုပြုမိတယ်...
ကြေကွဲမိရဲ့
တချို့ဘဝတွေအလံထူကြပုံများ
အားပေးစကားတစ်စုံတစ်ခုနဲ့
အလုအယက် ရှူတ်ချသံတွေကြားမှာ
နှလုံးသားဖျားနာခဲ့ပေါ့....
အားပေးထားအချစ်ရယ်
မင်းရဲ့
ကရုဏာနဲ့ သံယောဇဉ်ကို
အတိုင်းအဆမဲ့ဆွဲဆန့်လို့
ငါ့ကိုကြင်နာစမ်းပါ့
အနမ်းဖွဖွ နမ်းသမျှနဲ့
ငါ့ရဲ့အလွမ်းတွေပြေပျောက်
မနက်ဖြန်တွေရောက်ရှိလာတော့မယ်....
ဘဝဆိုတာ
ညတွေပဲကြီးစိုးနေမှာမဟုတ်ဘူး
နေ့တွေလည်းအလင်းနဲ့အတူရှိသတဲ့
အချစ်ရဲ့
မင်းပြောခဲ့စကားတစ်ခွန်းကိုတမ်းတ
ငါ ညကိုဖြတ်သန်းပါ့မယ်
တကယ်...။
0 comments:
Post a Comment