BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, December 20, 2014

ဆက်၍ ရွေ့ခြင်း၊ မရွေ့ခြင်း၊ အပိုင်း (၃)

[7 Days ဂျာနယ်၊ အတွဲ (၁၃)၊ အမှတ် (၂၁)၊ ဒီဇင်ဘာလ (၁၇)၊ ၂၀၁၄]

ဆက်၍ ရွေ့ခြင်း၊ မရွေ့ခြင်း၊ အပိုင်း (၃)

အောင်ဒင်

# ပြည်သူ့အားကိုယူပါ၊ ပြည်သူကို မိတ်ဆွေဖွဲ့ပါ

အထက်ကတင်ပြခဲ့သလို မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ကြီးမားခိုင်ခန့်လှပါတယ်။ ရှေ့မှာတင်ပြခဲ့တဲ့ လိုအပ်ချက် (၈) ချက်စလုံးမှာ မပြည့်စုံ၊ အားနည်းနေတဲ့အပြင် ခေတ်ဟောင်းကို ပြန်လှည့်ချင်သူများ၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုနေသူများ၊ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေသူများက မလိုအပ်ပဲ တည်ရှိနေပြန်ပါတယ်။ လိုအပ်တာတွေ မပြည့်ဝတဲ့အပြင် မလိုအပ်တာတွေက တည်ရှိနေပြန်တော့ ဒီအခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကျော်လွှားဖြတ်သန်းနိုင်ဖို့ သမ္မတဦးသိန်းစိန်အနေနဲ့ ကျန်သေးတဲ့ သမ္မတသက်တမ်း ၁၅ လလောက်အတွင်းမှာ အလွန့်အလွန်အားသွန်ခွန်စိုက်ကြိုးပမ်းဖို့ လိုအပ်ပါတယ်။ ဒါမှပဲ သမ္မတဦးသိန်းစိန်အနေနဲ့ ဒုတိယသက်တမ်း ဆက်လက်တာဝန် ထမ်းဆောင်သည်ဖြစ်စေ၊ အနားယူသည်ဖြစ်စေ နောက်အစိုးရများအတွက် ကောင်းမွန်တဲ့ အစဉ်အလာတစ်ခုကို ချန်ထားခဲ့နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ကောင်းမွန်တဲ့အစဉ်အလာတစ်ခုကို ချန်ထားခဲ့နိုင်ဖို့အတွက် သမ္မတဦးသိန်းစိန်အတွက် ကျန်သေးတဲ့ သက်တမ်းအတွင်း ဦးစားပေးဆောင်ရွက်သင့်တာက (၁) ပြည်သူလူထုအပေါ် အစွမ်းကုန် သည်းခံဖို့နဲ့ (၂) အစိုးရယန္တယားအတွင်းက နောက်ကြောင်းပြန်လှည့်ချင်သူတွေနဲ့ အာဏာအလွဲသုံးစားလုပ်သူတွေ၊ အဂတိလိုက်စားသူတွေကို ပြတ်ပြတ်သားသားအရေးယူရဲဖို့ပဲ ဖြစ်ပါတယ်။ 

ပြည်သူလူထုဟာ အစိုးရရဲ့ ရန်သူမဖြစ်သင့်ပါ။ မဟာမိတ်များသာ ဖြစ်သင့်ပါတယ်။ စစ်အစိုးရဟောင်းများရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းဆက်ခံထားတဲ့ ဦးသိန်းစိန်အစိုးရ အနေနဲ့ ပြည်သူလူထုရဲ့ မသဲကွဲမှု၊ မကြည်ဖြူမှုကို သဘာဝကျကျအသိအမှတ်ပြုလက်ခံရင်း ပြည်သူလူထုရဲ့ ကြည်ဖြူနားလည်မှုကို လက်ခံရရှိအောင် ပြည်သူအကျိုးပြုလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်၊ ပြည်သူလူထုအပေါ် အစွမ်းကုန် သည်းခံစိတ်ရှည်ပြီး မှန်ကန်ဖြောင့်မတ်သော နည်းလမ်းများနဲ့ စည်းရုံးခေါ်ဆောင်သင့်ပါတယ်။ အစိုးရနဲ့ ပြည်သူ ကြည်ဖြူညီညွတ်မှပဲ ရှိနေတဲ့ အတားအဆီးတွေ၊ စိန်ခေါ်မှုတွေကို ကျော်လွှားဖြတ်သန်းနိုင်မှာပါ။ 
ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ရှေ့တိုးဆောင်ရွက်နိုင်မှာပါ။ နောက်ကြောင်းပြန်လှည့်ချင်သူများကို အားနည်းချိနဲ့စေမှာပါ။ အစိုးရနဲ့ ပြည်သူ ကြည်ဖြူ၊ ညီညွတ်မှပဲ မလိုလားအပ်တဲ့ နိုင်ငံတကာ ဖိအားပေးမှုအချို့ကို ရင်ဆိုင် တုံ့ပြန်နိုင်မှာပါ။ အစိုးရကိုယ်တိုင်က ပြည်သူလူထုကို၊ သတင်းမီဒီယာကို၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေကို ပြုပြင်ပြောင်းလဲရေးခရီးစဉ်အတွက် မရှိမဖြစ်လိုအပ်တဲ့ မဟာမိတ်များအဖြစ် လက်ခံလက်တွဲဖို့ပါ။

#မလိုလားအပ်သော နိုင်ငံတကာဖိအားပေးမှုများ

အထက်မှာ  မလိုလားအပ်သော နိုင်ငံတကာဖိအားပေးမှုများလို့ ဖော်ပြခဲ့ပါတယ်။ ကျနော်ဟာ စစ်အာဏာရှင်စနစ်ကြီးကို ဆန့်ကျင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်းက သာမာန်လက်ထောက်တပ်သားလေးတစ်ယောက်အနေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရများက မြန်မာအစိုးရအပေါ် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ပြုပြင်ပြောင်းလဲရေးများအတွက် ဖိအားပေးတာကို ထောက်ခံကြိုဆိုသူ တစ်ယောက်ပါ။ ကျနော်ကိုယ်တိုင်လည်း အဲဒီလို နိုင်ငံတကာဖိအားတွေ ဖြစ်ပေါ်လာအောင် တတ်နိုင်သမျှ စည်းရုံးလှုံ့ဆော်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်ကစတင်ဖြစ်ပွါးခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများနဲ့ ပတ်သက်ပြီး နိုင်ငံတကာအစိုးရများရဲ့ မြန်မာအစိုးရအပေါ် ဖိအားပေးမှုတွေအပေါ်မှာတော့ စိတ်မသက်မသာ ဖြစ်မိပါတယ်။

၂၀၁၂ ခုနှစ်က စလို့ ရခိုင်ပြည်နယ်မှာ စတင်ဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံးကို ပြန့်နှံ့သွားတဲ့ ပဋိပက္ခတွေဟာ ဝမ်းနည်းကြေကွဲစရာ အနိဋ္ဌာရုံဖြစ်ရပ်တွေပါ။ မြန်မာနိုင်ငံတွင်းက လူ့အဖွဲ့အစည်း နှစ်ခုအကြား ကောလာဟလများနဲ့ သွေးထိုးလှုံ့ဆော်မှုများကို အခြေပြုပြီး အကြမ်းဖက်မှုတွေ ပေါက်ကွဲကြတာ လူ့အသက်ပေါင်းများစွာကို ဆုံးရှုံးစေ၊ လူသိန်းပေါင်းများစွာကို အိုးအိမ်နေထိုင်ရာမဲ့စေခဲ့ပါတယ်။ ဘာသာရေးအဆောက်အအုံများ၊ လူနေအိမ်များ၊ စီးပွါးရေးလုပ်ငန်းများ အများအပြား ပျက်စီးခဲ့ပါတယ်။ တစ်နိုင်ငံတွင်းနေ ပြည်သူများအကြား ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး မယုံကြည်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ ရန်လိုမုန်းတီးမှုတွေ ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့ အသက်၊ အိုးအိမ်၊ ဘဝပျက်စီးမှုတွေနဲ့အတူ ကျနော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း ကမ္ဘာ့အလယ်မှာ စတင် ကျဆင်းခဲ့ပါတယ်။ ကျနော်တို့တိုင်းပြည်ကို ကမ္ဘာ့ပြည်သူတွေက အရင်တုန်းကလို "မွန်မြတ်ဖြူစင်သော ဗုဒ္ဓဘာသာရဲ့ အဆုံးအမအောက်က မေတ္တာတရားတွေ ပေါကြွယ်ဝတဲ့ တိုင်းပြည်" လို့ အသိအမှတ်မပြုတော့ပါဘူး။ "ဘာသာရေးအစွန်းရောက်တွေရဲ့ ထိန်းချုပ်မှုအောက်က အမုန်းတရားတွေနဲ့ အရှုံးများနေတဲ့ တိုင်းပြည်" လို့ သတ်မှတ်လိုက်ကြပါပြီ။ 

ဒီလို အခြေအနေမျိုးမှာ မြန်မာအစိုးရအပေါ် နိုင်ငံတကာအစိုးရများရဲ့ သံတမန်ရေးရာ ဖိအားပေးမှု၊ တိုက်ရိုက်ဆွေးနွေးတောင်းဆိုမှုတွေကလည်း တမျိုးတဖုံပြောင်းလဲလာပါတယ်။ အရင်တုန်းကလိုပဲ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေးမှု၊ တောင်းဆိုမှုများအပြင် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများကို ရပ်တန့်ရေးတောင်းဆိုဖိအားပေးမှုတွေ ရှိလာပါတော့တယ်။ အချို့တောင်းဆိုချက်များက သဘာဝကျပြီး လက်ခံနိုင်စရာအကြောင်းရှိပေမည့် အချို့တောင်းဆိုချက်များကတော့ မြန်မာအစိုးရတင်မက မြန်မာပြည်သူ အများစုပါ လက်ခံနိုင်မယ်မထင်ပါ။ အနီးစပ်ဆုံး ဥပမာကတော့ ကျင်းပနေဆဲ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဥရောပသမဂ္ဂနိုင်ငံများနဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၃၈ နိုင်ငံက တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်မူကြမ်းပဲ ဖြစ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်မူကြမ်းရဲ့ စာပိုဒ်အမှတ် (၈) မှာ အောက်ပါအတိုင်း တောင်းဆိုထားပါတယ်။

"(၈) အထွေထွေညီလာခံမှ ယမန်နှစ်က ထပ်မံ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအပါအဝင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာလူနည်းစုများ၏ အခြေအနေနှင့်ပတ်သက်၍ အလေးအနက်စိတ်ပူပန်မှုကို ထပ်မံအတည်ပြုသည်။ မြန်မာအစိုးရ၏ ယင်းအခြေအနေများ အပေါ် တုံ့ပြန်ဆောင်ရွက်ချက်များကို အသိအမှတ်ပြုသည့်နည်းတူ အထွေထွေညီလာခံမှ မြန်မာအစိုးရအား ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသူများအားလုံး၏ အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များအား တရားဝင်အဆင့်အတန်းရှိ၊မရှိ ခွဲခြားခြင်းမရှိပဲ အကာအကွယ်ပေးရန်၊ လူသားချင်းစာနာသည့် အကူအညီများအား ဘာသာလူမျိုးမခွဲခြားပဲ အားလုံး ချက်ချင်းရရှိနိုင်ရေးအတွက် တာဝန်ခံရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးသည့် အဖွဲ့များအား ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ပြုရန်၊ ဒေသတွင်း အိုးအိမ်မဲ့ရွှေ့ပြောင်းနေထိုင်ရသူများအားလုံးအား ၎င်းတို့၏ မူလနေထိုင်ရာ ဒေသများသို့ ၎င်းတို့၏ ဆန္ဒအလျောက် လုံခြုံစိတ်ချရစွာ  ပြန်လည်နေထိုင်နိုင်ရေးအတွက် တာဝန်ယူရန်၊ ရိုဟင်ဂျာလူမျိုးစုများအား လွတ်လပ်စွာလှုပ်ရှားခွင့်နှင့် နိုင်ငံသားဖြစ်ခွင့် အပြည့်အဝပေးရန်၊ ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒဖြင့် လူမျိုးစုအမည်သတ်မှတ်ခြင်းကို ခွင့်ပြုရန်နှင့် နိုင်ငံတော်၏ ဝန်ဆောင်မှုများအားလုံး၊ အထူးသဖြင့် ကျန်းမာရေး၊ ပညာရေးများအား တန်းတူညီမျှ ခံစားခွင့်ပြုရန်၊ ရိုဟင်ဂျာလူမျိုးစုများအား လက်ထပ်ထိန်းမြားခွင့်ပေးရန်နှင့် မွေးစာရင်းလက်မှတ်များ ထုတ်ပေးရန်၊ အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံခြင်းများ၏ အခြေခံအကြောင်းရင်းများအား ဖော်ထုတ်ဖြေရှင်းရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ပြန်လည်သင့်မြတ်ရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သည့် သတင်းပို့မှုများအားလုံးကို ပွင့်လင်းမြင်သာသော၊ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများကို အပြည့်အဝတာဝန်ယူဆောင်ရွက်ရန်  တောင်းဆိုသည်။" 

အထက်ပါ ကုလသမဂ္ဂအထွေညီလာခံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းပါ တောင်းဆိုချက်ကို ကြည့်မယ်ဆိုရင် ကမ္ဘာ့နိုင်ငံများရဲ့ ဘက်လိုက်မှုကို တွေ့မြင်နိုင်ပါတယ်။ တစ်ဘက်မှာ "ငါတို့သည် ရခိုင်ပြည်နယ်မှာ ဘိုးစဉ်ဘောင်ဆက်နေထိုင်နေတဲ့ ရိုဟင်ဂျာလူမျိုးများဖြစ်တယ်။ ရခိုင်ပြည်နယ်ကို ရခိုင်လူမျိုးများနဲ့ အတူ ရိုဟင်ဂျာလူမျိုးများလည်း ပိုင်ဆိုင်တယ်" လို့ ကြွေးကြော်နေတဲ့ လူတွေရှိတယ်။ တစ်ဘက်မှာ "ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးစု ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ရခိုင်ပြည်နယ်ဟာ ရခိုင်လူမျိုးများသာပိုင်ဆိုင်တဲ့ ဒေသဖြစ်တယ်" လို့ တုံ့ပြန်သူတွေရှိတယ်။ "မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး" လို့ မြန်မာအစိုးရက ငြင်းဆန်ပြီး မြန်မာနိုင်ငံသားအများစုက ထောက်ခံကြတယ်။ "ဝန်ကြီးချုပ်ဟောင်း ဦးနုနဲ့ သမ္မတဟောင်း စောရွှေသိုက်တို့က ရိုဟင်ဂျာကို အသိအမှတ်ပြုခဲ့တယ်" လို့ ပြန်ဖြေရှင်းကြသူတွေလည်းရှိတယ်။ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအတွင်းမှာ လူမျိုးစုတစ်ခု အမှန်တကယ်တည်ရှိခြင်း၊ မရှိခြင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာအစိုးရများအနေနဲ့ သက်ဆိုင်ရာနိုင်ငံအစိုးရက ဦးဆောင်ပြီး အငြင်းပွါးနေတဲ့ ဘက်နှစ်ဘက်ကို စားပွဲဝိုင်းမှာ စိတ်ရှည်လက်ရှည်ဆွေးနွေးဖြေရှင်းကြဖို့ တောင်းဆိုတာပဲဖြစ်သင့်ပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးစု အမှန်တကယ်တည်ရှိတယ်လို့ တစ်ဘက်သတ်ဆုံးဖြတ်ရပ်တည်ပြီး မြန်မာအစိုးရကို ရိုဟင်ဂျာလူမျိုးစုကို အသိအမှတ်ပြုဖို့၊ နိုင်ငံသားအပြည့်အဝဖြစ်ခွင့်ပေးဖို့ တောင်းဆိုတာဟာ ဘက်လိုက်မှုဖြစ်တယ်လို့ ကျနော်ခံစားရပါတယ်။

အဲဒီ ဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အထွေထွေညီလာခံ တတိယကော်မတီက ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါပြီ။ အချေအတင်ဆွေးနွေးပွဲမှာ အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံပါဝင်တဲ့ အစ္စလမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamist Cooperation/ OIC) က ပိုပြီးပြင်းထန်တဲ့ စကားလုံးတွေသုံးစွဲဖို့တောင် တောင်းဆိုခဲ့ကြပါသေးတယ်။

0 comments: