BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, December 10, 2014

ဆက်၍ ရွေ့ခြင်း၊ မရွေ့ခြင်း၊ အပိုင်း (၂)

[7 Days ဂျာနယ်၊ အတွဲ (၁၃)၊ အမှတ် (၂၀)၊ ဒီဇင်ဘာလ (၁၀)၊ ၂၀၁၄]



ဆက်၍ ရွေ့ခြင်း၊ မရွေ့ခြင်း၊ အပိုင်း (၂)

အောင်ဒင်

# လေထုညစ်ညမ်းမှုကို သန့်စင်ရေး

ညစ်ထေးနေတဲ့ လေထုကြီးကို သန့်စင်ဖို့၊ ပိုပြီးကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် အစိုးရနဲ့ ပြည်သူ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်တယ်ဆိုပေမယ့် တာဝန်အရှိဆုံးကတော့ အစိုးရပဲ ဖြစ်ပါတယ်။ ပြည်သူလူထုက အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ပို၍ကောင်းတဲ့ အပြောင်းအလဲများဆီ ရှေ့ရှူနိုင်ကြဖို့အတွက် အစိုးရကို ပြည်သူလူထုက ကြည်ဖြူလက်ခံမှ ဖြစ်ပါလိမ့်မယ်။ လက်ရှိအစိုးရက ဘယ်လောက်ပဲ ဒီမိုကရေစီနိုင်ငံတည်ဆောက်မယ်လို့ ကြွေးကြော်နေပစေ၊ ပြည်သူလူထုရဲ့ အမြင်မှာတော့ ဦးသိန်းစိန် အစိုးရဟာ ပြီးခဲ့တဲ့ စစ်အစိုးရကို အရပ်သားအသွင်ပြောင်းထားတာသာ ဖြစ်ပြီး စစ်အစိုးရအဆက်ဆက် ပြည်သူလူထုခံစားနေရတဲ့ ဆင်းရဲ၊ ဒုက္ခများကို ဖန်တီးပေးခဲ့ရာမှာ ပါဝင်ခဲ့သူများသာဖြစ်ပါတယ်။ ဒီလိုအမြင်မျိုးနဲ့ ပြည်သူလူထုက အစိုးရကို ကြည်ဖြူလက်ခံဖို့၊ အစိုးရရဲ့ ကတိကဝတ်တွေကို ယုံကြည်ဖို့၊ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို နားလည်ဖို့ မဖြစ်နိုင်ပါ။ ဒါ့အပြင် ဒေသဆိုင်ရာ အစိုးရအဆင့်ဆင့်မှာ အပြောင်းအလဲများနဲ့ မကိုက်ညီတဲ့၊ အာဏာရှင်ဆန်ဆန်အုပ်ချုပ်မှုတွေက ပြည်ထောင်စုအစိုးရအပေါ် ပြည်သူလူထုရဲ့ သံသယနဲ့ မယုံကြည်မှုတွေကို ပိုပြီးကြီးမားစေပါတယ်။ ဒီအတွက် အစိုးရဘက်က အကောင်းဆုံး ဆောင်ရွက်သင့်တာက (၁) ပြည်သူလူထုအပေါ် အစွမ်းကုန်သည်းခံဖို့နဲ့ (၂) အစိုးရယန္တယားအတွင်းက နောက်ကြောင်းပြန်လှည့်ချင်သူတွေနဲ့ အာဏာအလွဲသုံးစားလုပ်သူတွေ၊ အဂတိလိုက်စားသူတွေကို ပြတ်ပြတ်သားသားအရေးယူရဲဖို့ပဲ ဖြစ်ပါတယ်။ ဒီအချက် နှစ်ချက်စလုံးဟာ အပြန်အလှန်ဆက်စပ်ပတ်သက်ပြီး အပြန်အလှန်အထောက်အကူပြုနေပါတယ်။ ပြည်သူလူထုဆိုရာမှာ သမ္မတကိုယ်တိုင်က စတုတ္ထမဏ္ဍိုင်နဲ့ ပဉ္စမမဏ္ဍိုင်ရယ်လို့ အသိအမှတ်ပြုထားတဲ့ သတင်းမီဒီယာများနဲ့ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ၊ အလုပ်သမား၊ လယ်သမားသမဂ္ဂများလည်း အပါအဝင်ဖြစ်ပါတယ်။

သိပ်မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ တင်းမာမှုတွေက စိုးရိမ်စရာဖြစ်ပါတယ်။ ယူနတီဂျာနယ်က သတင်းသမားတွေကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုပြီး နှစ်ရှည် ထောင်ဒဏ်တွေ အပြစ်ပေးတာ၊ မြန်မာငြိမ်းချမ်းရေးဗဟိုဋ္ဌာနရှေ့မှာ အသံတိတ်ဆန္ဒပြတဲ့ သတင်းသမားတွေကို တရားစွဲဆိုတာ၊ ဗကသကျောင်းသူလေး ဖြူနှင်းထွေးကို ဖမ်းဆီးတရားစွဲတာ၊ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်မရေးထိုးနိုင်ရင် ၂၀၁၅ ရွေးကောက်ပွဲလုပ်ဖို့ မသေချာဘူးလို့ သမ္မတကိုယ်တိုင်က လစဉ်မိန့်ခွန်းထဲမှာ ပြောဆိုတာ၊ ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲကျင်းပရေးကို ဖျက်သိမ်းတာ၊ အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ပြီး သတ်ပစ်လိုက်တာ၊ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကြားက မြန်မာစစ်တပ်ရဲ့ အမြောက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့က ဗိုလ်လောင်း ၂၀ ကျော် သေဆုံးကြရတာ၊ ဗကသနဲ့ တကသ ကျောင်းသားများက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြတာ၊ စတဲ့ အဖြစ်အပျက်တွေဟာ စိုးရိမ်စရာဖြစ်ပါတယ်။

စိုးရိမ်စရာဖြစ်ရတာက ဒီပြဿနာတွေအားလုံးဟာ အစိုးရက သဘောထားကြီးရင်၊ ပြည်သူလူထုအပေါ် စိတ်ရှည်သည်းခံရင် ဒီလောက်အထိ ဖြစ်လာစရာအကြောင်းမရှိလို့ပါ။ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဆိုတာ သမ္မတရဲ့ ညွှန်ကြားချက်နဲ့သာ တရားစွဲဆိုနိုင်တဲ့ ဥပဒေဖြစ်ပါတယ်။ ယူနတီဂျာနယ်မှာ ဖော်ပြတဲ့ သတင်းဟာ မှားယွင်းကြောင်း အစိုးရဘက်က သတင်းဋ္ဌာနများကို ရှင်းလင်းပြီး အဲဒီလို သတင်းမှားတွေ၊ အထောက်အထားမခိုင်လုံတဲ့ သတင်းတွေ နောက်မရေးဖို့ စာနယ်ဇင်းကောင်စီက တဆင့် သတိပေးရင် လုံလောက်ပါတယ်။ အသံတိတ်ဆန္ဒပြတဲ့ သတင်းသမားတွေကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဥပဒေ၊ ပုဒ်မ (၁၈) နဲ့ တရားစွဲတာလည်း အစိုးရရဲ့ သဘောထားတင်းမာမှုကို ဖော်ပြနေပါတယ်။ နောက်ပိုင်းမှာ နိုင်ငံတကာကန့်ကွက်မှုတွေရှိလာတော့မှ တရားစွဲတာကို ရုပ်သိမ်းပေးခဲ့ပေမည့် အစိုးရရဲ့ မီဒီယာအပေါ် တင်းမာမှုက အထင်အရှားကျန်ရစ်ခဲ့ပါတယ်။ ကျောင်းသူလေး ဖြူနှင်းထွေးကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက တရုတ်ဝန်ထမ်းနှစ်ယောက်ကို ပြန်ပေးဆွဲရာမှာ ပါဝင်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲဆိုတာဟာလည်း အင်မတန် စိတ်ပျက်စရာကောင်းတဲ့ ကိစ္စပါ။ စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်တပ်က သိမ်းထားတဲ့ လယ်မြေပေါ်မှာ ဝမ်းစာအတွက် စပါးစိုက်ပျိုးကြပြီး ထွန်တုံးသပိတ်ဆင်နွှဲခဲ့ကြတဲ့ လယ်သမားကြီးတွေကို ပြစ်ဒဏ်ပေး၊ ထောင်ချတာဟာလည်း ရက်စက်လွန်းပါတယ်။ လယ်သမားကြီး (၅၇) ယောက်ကို ထောင်ဒဏ် သုံးလကနေ သုံးနှစ်အတွင်း ပြစ်ဒဏ်ချမှတ်ခဲ့ပြီး နောက်ထပ် (၁၇၃) ယောက်ဟာလည်း ပြစ်ဒဏ်ချမှာကို စောင့်ဆိုင်းနေကြရပါတယ်။ ချင်းပြည်နယ်မှာ မုဒိန်းအကျင့်ခံရတဲ့ ချင်းအမျိုးသမီးတစ်ယောက်ဘက်က ရပ်တည် ဆန္ဒပြတဲ့ ချင်းလူမျိုးတစ်ယောက်ဟာလည်း ထောင်ဒဏ်အပြစ်ပေးခံရပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုပြီး ဘာပဲဖြစ်ဖြစ် တည်ဆဲဥပဒေများကို အသုံးပြုပြီး အစိုးရကိုယ်တိုင်က တရားစွဲ၊ မလွတ်လပ်တဲ့ တရားရုံးက ပြည်သူတွေကို ပြစ်ဒဏ်ချတာ လေးစားစရာကောင်းတဲ့ အလေ့အကျင့်မဟုတ်ပါ။ ကြီးတဲ့ အမှုကို ငယ်အောင်၊ ငယ်တဲ့အမှုကို ပပျောက်အောင်ဆောင်ရွက်မှ အစိုးရက တိုင်းသူပြည်သားများအပေါ် စိတ်စေတနာကောင်းထားရာ ရောက်ပါလိမ့်မယ်။

တိုင်းရင်းသားပါတီများနဲ့ နိုင်ငံရေးပါတီငယ်များ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မျှော်လင့်နေကြတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပတော့ဘူးလို့ ဆုံးဖြတ်တာလည်း တာဝန်မဲ့ရာ (သို့မဟုတ်) အာဏာအလွဲသုံးရာရောက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံတစ်ဝှမ်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်စေ၊ ဒေသအချို့မှာဖြစ်စေ လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ ရွေးကောက်ပွဲများကျင်းပပေးနိုင်ဖို့ အဆင်သင့်ဖြစ်နေရမှာပါ။ အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး၊ မဲခွဲဆုံးဖြတ်ကြတော့မည့် အချိန်မှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကောင်းမှုနဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များရဲ့ အရေအတွက်ဟာ ရှိရမည့် (၇၅) ရာခိုင်နှုန်းထက်ကို လျော့နည်းနေရပါပြီ။ 

၂၀၁၅ ရွေးကောက်ပွဲကျင်းပရေးဟာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခြင်းနဲ့ ဘယ်လိုမှ မပတ်သက်ပါပဲ ရွေးကောက်ပွဲနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေးကို အတင်းဆက်နွယ်လိုက်တာလည်း မသင့်တော်တဲ့ ပြောဆိုချက်ဖြစ်ပါတယ်။
ကျောင်းသားလေးတွေက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေကြပါတယ်။ အခုလို ကျောင်းသားလေးတွေ လမ်းပေါ်ထွက်၊ ဆန္ဒပြရတဲ့ အဆင့်ကို ရောက်လာရတာဟာ အမျိုးသားပညာရေးဥပဒေကြမ်းကို ဆွေးနွေးတဲ့ အချိန်တွေမှာ ကျောင်းသားလေးများရဲ့ ပါဝင်ဆွေးနွေးမှုတွေကို လှစ်လျူရှူခဲ့လို့၊ ကျောင်းသားများရဲ့ ဆန္ဒကို ထည့်သွင်းမစဉ်းစားခဲ့လို့ ဖြစ်ပါတယ်။ ကျောင်းသားဗဟိုပြုပညာရေးစနစ်ကို ပြောင်းလဲမယ်လို့ ကြွေးကြော်ပြီး ကျောင်းသားများနဲ့ပတ်သက်တဲ့ ဥပဒေရေးဆွဲရာမှာ ကျောင်းသားများကို ပါဝင်ဆွေးနွေးခွင့်မပေးခဲ့ကြတဲ့ အစိုးရ ပညာရေးဝန်ကြီးဋ္ဌာနက အရာရှိများမှာ တာဝန်ရှိပါတယ်။ အစိုးရဟာ ကျောင်းသားတွေအပေါ် တင်းမာနေဆဲပဲလို့ မြင်စရာအကြောင်းရှိလာပါတယ်။

# ကိုယ့်တပ်ကိုယ်လည်း မရှင်းနိုင်ပြန်

အဲဒီလို အစိုးရက သတင်းမီဒီယာနဲ့ ကျောင်းသား၊ ပြည်သူများအပေါ်စိတ်မရှည်မှု၊ တင်းမာမှုတွေ ပြနေပေမည့် တစ်ဘက်မှာလည်း ကိုယ့်တပ်ကိုယ် နိုင်အောင်မထိန်းနိုင်ပြန်ပါ။ ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရ ဖြစ်ရစေမယ်လို့ ကြွေးကြော်နေတဲ့ကြားက ဝန်ကြီးဋ္ဌာန အားလုံးနီးပါးမှာ နိုင်ငံပိုင်ငွေကို အလွဲသုံးစားလုပ်နေတာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းအကြီးစားတွေကို တင်ဒါမခေါ်ပဲ နီးစပ်ရာလက်တို့အပ်နှင်းလိုက်တာတွေ၊ စီမံခန့်ခွဲမှုညံ့ဖြင်းလို့ နိုင်ငံပိုင်လုပ်ငန်းများ နှစ်ပေါင်းများစွာအရှုံးပေါ်နေတာတွေကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာမှာ အထင်အရှားတွေ့ရပါတယ်။ ဒါပေမဲ့ သမ္မတနဲ့ သက်ဆိုင်ရာဝန်ကြီးများရဲ့ အရေးယူဆောင်ရွက်မှုက အင်မတန်အားနည်းလွန်းလို့ နိုင်ငံပိုင်ငွေအလွဲသုံးစားလုပ်သူတွေ၊ ခရိုနီစီးပွါးရေးသမားတွေနဲ့ပေါင်းပြီး ကိုယ်ကျိုးစီးပွါးရှာသူတွေ၊ စီမံခန့်ခွဲမှုညံ့ဖြင်းသူတွေဟာ အစိုးရဋ္ဌာနတွေမှာ ရာထူး၊ နေရာမြဲလျက်ရှိနေပါတယ်။ တစ်ခါ နိုင်ငံတော်သမ္မတကိုယ်တိုင်က အစိုးရဝန်ထမ်းတွေကို ကျပ် သုံးသိန်းအထိ လက်ဆောင်ယူခွင့်ပြုထားပြန်တော့ အဂတိလိုက်စားမှုတွေကို တားဆီးနိုင်စရာ အကြောင်းမမြင်ပါ။ ကျပ် သုံးသိန်းဆိုတာ အစိုးရဋ္ဌာနတစ်ခုရဲ့ အဆင့်အမြင့်ဆုံးအရာရှိဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ပါမောက္ခချုပ်များရဲ့ လစာငွေ ကျပ် နှစ်သိန်း လေးသောင်းထက်များပြီး တစ်နှစ်ကို ဘယ်နှစ်ကြိမ်အထိ၊ ဘယ်လောက်ပမာဏအထိသာ လက်ဆောင်ယူခွင့်ရှိတယ်လို့ မသတ်မှတ်ထားတာမို့ အစိုးရဝန်ထမ်းများကို နိုင်ငံတော်သမ္မတကိုယ်တိုင်က တရားဝင် လာဘ်ယူခွင့် ပြုထားသလို ဖြစ်နေပါတယ်။ 

သတင်းမီဒီယာများက အစိုးရအရာရှိများရဲ့ အဂတိလိုက်စားမှုများ၊ စီးပွါးရေးသမားများရဲ့ အခွန်ရှောင်မှုများ၊ ငွေကြေးခဝါချမှုများကို ဖော်ထုတ်ရေးသားနေကြပေမည့်၊ ပြည်သူများကလည်း တိုင်တန်းနေကြပေမည့် သမ္မတခန့်အပ်တာဝန်ပေးထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့များရဲ့ အရေးယူဆောင်ရွက်မှုများက အားရကျေနပ်စရာမရှိပါ။
နိုင်ငံတော်သမ္မတနဲ့ ဒု-သမ္မတများ နိုင်ငံတစ်ဝှမ်းခရီးထွက်ပြီး ဒေသခံပြည်သူများနဲ့ တွေ့ဆုံရာမှာ နံမည် ကြီးစီးပွါးရေးသမားကြီးအချို့ အုပ်စုဖွဲ့လိုက်ပါတတ်ပါတယ်။ ပြီးတော့ သမ္မတဖြစ်စေချင်သလို သက်ဆိုင်ရာဒေသတွေမှာ ဒေသအတွက်၊ ပြည်သူများအတွက် ငွေကြေး၊ ပစ္စည်းလှူဒါန်းမှုတွေ လုပ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်များ ပြည်ပခရီးထွက်ရင်လည်း ဒီစီးပွါးရေးသမားများပဲ သမ္မတရဲ့ ကိုယ်စားလှယ်အဖွဲ့မှာ ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းရှင်များကို ကိုယ်စားပြုလိုက်ပါကြပြီး ပြည်ပနိုင်ငံများက စီးပွါးရေးသမားများနဲ့ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုအခွင့်အရေးတွေ ရကြပါတယ်။ ပြည်တွင်းမှာ အကြီးစားစီမံကိန်းများအတွက် တင်ဒါခေါ်ရင်လည်း အဲဒီစီးပွါးရေးသမားများပဲ ရကြတာပါ။ အံ့ဩစရာကောင်းတာက အဲဒီလောက်အစိုးရနဲ့ နီးစပ်ရင်းနှီးပြီး အခွင့်အရေးများရနေကြသူများဟာ နိုင်ငံတော်ရဲ့ ထိပ်တန်းအခွန်ဆောင်သူများစာရင်းမှာ မပါဝင်ကြတာပါ။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်မြို့သစ်စီမံကိန်းစတော့မယ်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို အကြောင်းကြားပါတယ်။ အမေရိကန်ဒေါ်လာ သန်း ထောင်ပေါင်းများစွာကုန်ကျမည့် ဒီစီမံကိန်းကြီးနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းလွှတ်တော်ကို ကြိုတင် တင်ပြဆွေးနွေးခြင်းလည်းမရှိ၊ ခွင့်ပြုချက်တောင်းခံခြင်းလည်းမရှိ၊ ပြည်သူလူထုရဲ့ သဘောထားရယူခြင်းလည်းမရှိ၊ လုပ်ငန်းဆောင်ရွက်ဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များကို တရားဝင်တင်ဒါခေါ်ယူခြင်းလည်းမရှိခဲ့ပဲ ဝန်ကြီးချုပ် ခေါင်းခေါက်ရွေးချယ်တာဝန်ပေးထားတဲ့ ကုမ္ပဏီတစ်ခုက ရန်ကုန် မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်တော့မယ်ဆိုတာကို ရုတ်တရက်သိလိုက်ရတဲ့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက အပြင်းအထန်ကန့်ကွက်ကြပါတယ်။ ပြည်သူလူထုကလည်း မေးခွန်းထုတ်ကြပါတယ်။ သတင်းမီဒီယာများကလည်း ဒီမမှန်မကန်ပြုမှုကို စုံစမ်းရင်း လုပ်ငန်းကန်ထရိုက်ရတဲ့ ကုမ္ပဏီဟာ ရုံးခန်းလိပ်စာတောင် အတည်တကျမရှိတာ၊ ဘယ်သူဘယ်ဝါပိုင်ဆိုင်မှန်းတောင် မသိနိုင်တာတွေကို ဖော်ထုတ်ရေးသားကြပါတယ်။ ဒီလိုနဲ့ အဲဒီ  ရန်ကုန်မြို့သစ်စီမံကိန်းကို ဆက်လက်အကောင်အထည်မဖော်ဖို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုံးဖြတ်လိုက်ရပါတယ်။ 

ဒါနဲ့တင် မပြီးသင့်ပါ။ ဒီကိစ္စမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟာ တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြဆွေးနွေးခြင်းမရှိပဲ၊ ခွင့်ပြုချက်မယူပဲ ဆောင်ရွက်ဖို့ ကြိုးစားတာဟာ အာဏာအလွဲသုံးစားလုပ်မှုဖြစ်နိုင်ပါတယ်။ ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းရှင်များ မျှမျှတတပါဝင်ယှဉ်ပြိုင်နိုင်ဖို့ တရားဝင်တင်ဒါဖိတ်ခေါ်ခြင်းမရှိပဲ ဘယ်သူမှမသိတဲ့ ကုမ္ပဏီတစ်ခုကို လုပ်ငန်းကန်ထရိုက်ပေးတာဟာ အဂတိလိုက်စားမှုမြောက်နိုင်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူကိုယ်တိုင် ရွေးချယ်ခန့်အပ်ထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေးအရေးယူသင့်ပါတယ်။ အခုထိတော့ စုံစမ်းစစ်ဆေးတာ၊ အရေးယူတာ မတွေ့ရသေးပါ။ အင်တာနက်ပေါ်မှာ လွှတ်တော်ကို ဝေဖန်ရေးသားတဲ့ "ဒေါက်တာဆိတ်ဖွား" အမည်ဝှက်နဲ့ ပုဂ္ဂိုလ်တစ်ယောက်ကိုတောင် ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေးဖို့ ကြိုးစားတာမတွေ့ရပါ။

အလွတ်သတင်းထောက် ကိုပါကြီး ဖမ်းဆီးအသတ်ခံရတဲ့ကိစ္စက အင်မတန်ကြေကွဲစရာပါ။ တိုင်းပြည် နဲ့ လူထုကို အကာအကွယ်ပေးရမည့် လက်နက်ကိုင်တပ်ဖွဲ့တွေကိုယ်တိုင်က သာမာန်ပြည်သူတွေရဲ့ ဘဝကို မလုံခြုံစေတာကို သက်သေပြနေပါတယ်။ ဇနီး မသန္တာနဲ့ သတင်းမီဒီယာများ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်များက အခိုင်အမာသက်သေပြနေတဲ့ကြားက အစိုးရနဲ့ စစ်တပ်က ကိုပါကြီးကို ရန်သူ့တပ်ဖွဲ့ဝင်တစ်ယောက်အဖြစ် အသိအမှတ်ပြုဆက်ဆံနေတာဟာ အင်မတန်ခံပြင်းစရာကောင်းလှပါတယ်။ အဲဒီအချိန်မှာပဲ ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ ဋ္ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ပတ်ဝန်းကျင်က တောင်ကုန်းတွေပေါ်မှာ အခြေချနေရာယူထားတဲ့ အစိုးရစစ်တပ်က အမြောက်ကြီးနဲ့ ပစ်ခတ်လို့ လိုင်ဇာမြို့အနီးက စစ်ရေးပြကွင်းထဲမှာ စစ်လေ့ကျင့်ခန်းတွေလုပ်နေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ က လေ့ကျင့်သင်ကြားပေးနေတဲ့ ဗိုလ်လောင်း ၂၃ ယောက် ကျဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ ကြတဲ့ သတင်းကို နားမဆန့်အောင် ကြားလိုက်ရပြန်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တပ်မတော်က ကေအိုင်အေရဲ့ စစ်ရေးနှောက်ယှက်မှုများကြောင့် "တန်ပြန်သတိပေးပစ်ခတ်ရခြင်းဖြစ်တယ်" လို့ ထုတ်ပြန်ကြေညာတော့ ပိုပြီးစိတ်ပျက်ရပါတယ်။ လူ့အသက်တွေကို ဒီလို အလွယ်တကူ သတ်နေသမျှ ငြိမ်းချမ်းရေးရဖို့ မလွယ်ကူလှပါ။


0 comments: