BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, February 25, 2014

Burma Disunited Part (1)


အပြိုပြို အကွဲကွဲ တိုင်းပြည်
အောင်ဒင်
 
အပိုင်း (၁) Tomorrow သတင်းဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၁)၊ ဖေဖော်ဝါရီ (၂၅)၊ ၂၀၁၄

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ဆန်းကာလအထိ မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာလေ့လာသူတွေ သုံးသပ်လေ့ရှိတာက အဖြူ၊ အမည်း ရှင်းရှင်းလင်းလင်းကွဲပြားတဲ့ ပြဿနာတစ်ခုအဖြစ် (Black and White Case) နဲ့ပါ၊ တစ်ဖက်မှာ အမည်းရောင်စစ်စစ်ဖြစ်တဲ့ စစ်အာဏာရှင်တွေ၊ ပြည်သူလူထုကို လက်နက်အားကိုး အနိုင်ကျင့်သူတွေ၊ ကိုယ်ကျိုးရှာ အလိုတော်ရိစီးပွါးရေးသမားတွေ၊ တစ်ဖက်မှာ အဖြူရောင်စစ်စစ်ဖြစ်တဲ့ အဖိနှိပ်ခံပြည်သူတွေ၊ အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေတဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ၁၉၈၈ ခုနှစ် ဩဂုတ်လ (၈) ရက်ကစလို့ နှစ်ဆယ့်ငါးနှစ်ကျော်ကာလအတွင်း ကျနော်တို့ရဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးဟာ အောင်ပွဲ မရခဲ့ပေမည့် အဖြူစစ်စစ်ဖြစ်ခဲ့ပါတယ်၊ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသား၊ ပြည်သူတွေ၊ ရဟန်းသံဃာတွေ၊ တိုင်းရင်းသားတွေ၊ အလုပ်သမား၊ လယ်သမားတွေ၊ နိုင်ငံရေးပါတီဝင်တွေ အားလုံးဟာလည်း နိုင်ငံတကာက အဖိနှိပ်ခံပြည်သူတွေ၊ လူ့အခွင့်အရေးတောင်းဆိုသူတွေက လေးစားကြည်ညိုကြရတဲ့ သူရဲကောင်းတွေ ဖြစ်ခဲ့ကြပါတယ်၊ တစ်ခါတုံးကပါ၊

ဒီကနေ့ မှာတော့ မြန်မာနိုင်ငံအခြေအနေကို အဖြူ၊ အမည်း သဲကွဲတဲ့ပြဿနာလို့ ဘယ်သူကမှ မမြင်ကြတော့ပါ၊ အဖြူစစ်စစ်တွေ ရှိနေတုန်းပါ၊ အမည်းရောင်စစ်စစ်တွေလည်း ရှိနေတုန်းပါ၊ တစ်ချိန်တည်းမှာပဲ အဖြူမစစ်တော့တဲ့ အဖြူညစ်ညစ်တွေ၊ အဖြူဖျော့ဖျော့တွေ၊ အဖြူနဲ့ အမည်းကြားက မီးခိုးရောင်တွေ၊ အဖြူ အမည်း မသဲကွဲသူတွေ၊ အမည်းရောင်မစစ်တော့တဲ့ မှိုင်းပြာပြာအရောင်တွေ၊ မည်းရာကနေ ဖြူလာသူတွေ၊ ဖြူရာကနေ မည်းသွားသူတွေ၊ အရောင်မျိုးစုံနဲ့ ရှုပ်ထွေးနေတဲ့ ပြဿနာထုတ်ကြီးဖြစ်နေပါတယ်၊ ကမ္ဘာ့ပြည်သူတွေရဲ့ မြန်မာ့ဒီမိုကရေစီသူရဲကောင်းများကို လေးစားတန်ဘိုးထားမှုတွေ လျော့ကျပြီး သူတို့အမြင်မှာ မြန်မာနိုင်ငံဟာ ဘာသာရေးအစွန်းရောက်တွေ၊ လူမျိုးရေးခွဲခြားသူတွေ၊ အမုန်းတရားကြီးမားသူတွေ လွှမ်းမိုး နေထိုင်တဲ့၊ အများစုက အနည်းစုကို အနိုင်ကျင့်နေတဲ့ နိုင်ငံတစ်ခုလို မြင်နေကြပါပြီ၊ အရေးကြီးလို့ သွေးစည်းကြရမည့်အချိန်မှာ တစ်တိုင်းတစ်ပြည်လုံး ညီညွတ်ရေးဆိုတာနဲ့ ဝေးသထက်ဝေးကွာပြီး ဖရိုဖရဲပြိုကွဲနေကြတာကို အောက်ပါအတိုင်း ထောက်ပြချင်ပါတယ်၊



# စစ်အုပ်စု၏ အကွဲအပြဲများ

၂၀၁၀ ရွေးကောက်ပွဲက တဆင့် ၂၀၀၈ ဖွဲ့စည်းပုံကို အသက်ဝင်စေပြီးတဲ့နောက်ပိုင်း စစ်အာဏာရှင်စနစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဖွဲ့စည်းတဲ့ တပ်မတော်ဗဟိုပြု ပါတီစုံစနစ်သို့ ကူးပြောင်းခဲ့ပါတယ်၊ " တပ်မတော်ဗဟိုပြု" လို့ ဆိုရတာက တပ်မတော်ကို ရွေးကောက်ခံမဟုတ်ပဲ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအာဏာအားလုံးမှာ ပါဝင်ဦးဆောင်ခွင့်ပေးထားလို့ပါ၊ ဒီလိုနဲ့ အရင်ရှိခဲ့တဲ့ စစ်အာဏာရှင်တွေက တပ်မတော်ဗဟိုပြုအာဏာပိုင်စိုးမှုကနေ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် ဆိုပြီး နိုင်ငံတော်အာဏာကို အဖွဲ့အစည်းသုံးရပ်ခွဲဝေအုပ်ချုပ်တဲ့ စနစ်ကို ကူးပြောင်းခဲ့ပါတယ်၊ အစိုးရအာဏာနဲ့ လွှတ်တော်အာဏာကို ရွေးကောက်ပွဲများကနေ ရယူဖို့ “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ" (ကြံ့ခိုင်ရေး) ကို ဖွဲ့စည်းပါတယ်၊ ဒါကြောင့်မို့ အရင်ရှိခဲ့တဲ့ စစ်အာဏာရှင်တွေဟာ ဒီနေ့ခေတ်မှာတော့ တပ်မတော် နဲ့ ကြံ့ခိုင်ရေးပါတီ ဆိုပြီး အင်အားစုနှစ်စုခွဲပြီး ရပ်တည် လှုပ်ရှားနေပါတယ်၊ အဲဒီအင်အားစုနှစ်ခုပူးတွဲပြီး နိုင်ငံတော်အာဏာသုံးရပ်စလုံးကို ထိန်းချုပ်ထားတာပါ၊

ဗိုလ်ချုပ်ဟောင်းများရဲ့ ကြံ့ခိုင်ရေးပါတီက ၂၀၁၀ ရွေးကောက်ပွဲမှာ အများစုအနိုင်ရလို့ လွှတ်တော်အာဏာရော၊ အစိုးရအာဏာရော ရရှိနေပါတယ်၊ ဒါပေမည့် လွှတ်တော်နဲ့ အစိုးရကြား အားပြိုင်မှုတွေကို ထင်ထင်ရှားရှားမြင်တွေ့နေရပါတယ်၊ ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်ခေါင်းဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်က ဦးသိန်းစိန်အစိုးရကို ဥပဒေပြုအာဏာနဲ့ လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားနေသလို ဦးသိန်းစိန်အစိုးရကလည်း လွှတ်တော်ရဲ့ စွက်ဖက်မှုကို ငြင်းပယ်နေတာ တွေ့ရပါတယ်၊ ပါတီတစ်ခုတည်း၊ တစ်ဘက်တည်းကဖြစ်ပြီး အပြန်အလှန်ပွတ်တိုက်နေကြတာ အံ့ဩဖို့ကောင်းပါတယ်၊ ဒီအကွဲအပြဲက ကြံ့ခိုင်ရေးပါတီထဲမှာ အကြီးအကျယ်သက်ရောက်မှုရှိပါတယ်၊ ဦးရွှေမန်းကို ထောက်ခံတဲ့အုပ်စုနဲ့ ဦးသိန်းစိန်အပေါ်သစ္စာရှိသူများအုပ်စုဆိုပြီး ကြံ့ခိုင်ရေးပါတီအတွင်းမှာ အုပ်စုဖွဲ့မှု၊ ပြိုကွဲမှုတွေ ရှိလာပါတယ်၊ တစ်ခါ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်ကြားမှာလည်း အဆင်မပြေမှုတွေ ရှိလာပြန်ပါတယ်၊ ဒီကနေ့အထိ တွေ့မြင်နေရတာက တပ်မတော်က ဦးသိန်းစိန်ကို ထောက်ခံတဲ့ ဘက်မှာရှိပါတယ်၊ 

ဒါကြောင့်မို့ ကြံ့ခိုင်ရေးပါတီထဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဏကို လျှော့ချချင်တဲ့သူတွေ ပေါ်ပေါက်လာပါတယ်၊
ယေဘူယျအမြင်နဲ့ကြည့်ရင် အာဏာရှင်တွေအကြား အာဏာပြိုင်ရင်း၊ အာဏာလုရင်း ပြိုကွဲလာတယ် ဆိုတာ အတိုက်အခံအင်အားစုအတွက် ကျေနပ်စရာပါ၊ ဒါပေမည့် အတိုက်အခံ ဒီမိုကရေစီအင်အားစုဘက်ပြန်ကြည့်တော့လည်း အာဏာရှင်တွေထက်တောင်မှ ပိုပြီး ပြိုကွဲနေတာ တွေ့ရပါတယ်၊

# ဒီမိုကရေစီပါတီများ

၁၉၈၈ ခုနှစ်ကစလို့ ဒီကနေ့အချိန်အထိ "အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်" (အဖွဲ့ချုပ်) ဟာ ဒီမိုကရေစီပါတီများထဲမှာ အင်အားအကြီးမားဆုံးပါတီဖြစ်ပါတယ်၊ ဒါပေမည့် ဒီနေ့ အဖွဲ့ချုပ်မှာ ၁၉၈၈ ခုနှစ်ကရှိခဲ့တဲ့ အင်အားမျိုး၊ စည်းလုံးညီညွတ်မှုမျိုး မရှိတော့ပါဘူး၊ ၂၀၁၀ ရွေးကောက်ပွဲကို အဖွဲ့ချုပ်က သပိတ်မှောက်တဲ့ အခါမှာ သဘောမတူသူတွေက ပါတီက နှုတ်ထွက်ပြီး သီးခြားပါတီတွေ ထူထောင်လို့ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့ကြပါတယ်၊ ၂၀၁၂ ခုနှစ်မှာ အဖွဲ့ချုပ်က တရားဝင်ပြန်လည်မှတ်ပုံတင်လို့ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်လာပေမည့် ခွဲထွက်သွားတဲ့ အင်အားစုများနဲ့ ပြန်လည်ပေါင်းစည်းခြင်းမရှိပါ၊ အသစ်ပြန်လည်ဖွဲ့စည်းတဲ့ အဖွဲ့ချုပ်မှာလည်း နှစ်ပေါင်းများစွာ ဘဝတွေပျက်၊ အသက်တွေစတေးပြီး ပါဝင်ရပ်တည်ခဲ့ကြတဲ့ အမာခံပါတီဝင်တွေက အသစ်ဝင်ရောက်လာတဲ့ ပိုက်ဆံရှိ၊ ပညာတတ်၊ ကျော်ကြားသူများကို မယှဉ်နိုင်ပဲ တဖြေးဖြေးဘေးရောက်ကုန်ကြပါတယ်၊ ၂၀၁၅ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ အဖွဲ့ချုပ်တွင်း ပဋ္ဋိပက္ခတွေ ပိုပြီးများပြားလာနိုင်ပါတယ်၊

အဖွဲ့ချုပ်ကနေ ခွဲထွက်သွားတဲ့ အင်အားစုများကလည်း ထပ်ပြီးကွဲကြပြန်ပါသေးတယ်၊ အဲဒီနောက် ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများစုပေါင်းပြီး ပါတီတပ်ပေါင်းစုတွေ ဖွဲ့ကြပေမည့် ခိုင်မာတဲ့ စုစည်းမှုမရှိပါ၊ စုစည်းလိုက်၊ ပြိုကွဲလိုက်၊ အသစ်ဝင်လာလိုက်၊ အဟောင်းက ထွက်သွားလိုက်ပါ၊ ဒီပါတီတွေရဲ့ ရပ်တည်ချက်ကလည်း တပ်မတော်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီကို အတိုက်အခံမပြုပဲ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအလားအလာကို အတိုက်အခံပြုသလို ဖြစ်နေပါတယ်၊

# တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားများ

တိုင်းရင်းသားပါတီများမှာလည်း ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ ပါတီများနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီများဆိုပြီး အကြမ်းဖျဉ်း အုပ်စုနှစ်စု ကွဲပြားနေပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တောင်းဆိုတာတောင်မှ ဗမာပြည်နယ်အပါအဝင် ရှစ်ပြည်နယ်စနစ်ကို တောင်းဆိုသူနဲ့ ပြည်နယ် (၇) ခု၊ ဒေသကြီး (၇) ခုကို ပြည်နယ် (၁၄) ခုအဖြစ် တန်းတူသတ်မှတ်ဖို့တောင်းဆိုသူ ကွဲပြားကြပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနဲ့ အသစ်ရေးဆွဲရေး ကွဲပြားကြပါတယ်၊ ပြည်နယ်အားလုံးမှာ သက်ဆိုင်ရာ တိုင်းရင်းသားပါတီတွေက တစ်ခုထက်ပိုပြီး တည်ရှိနေတာမို့ သက်ဆိုင်ရာတိုင်းရင်းသားများက ကိုယ်စားပြုပါတီ တစ်ခုတည်းရှိရေး ဝိုင်းဝန်းဖိအားပေး တောင်းဆိုနေကြပါတယ်၊ ဒါကြောင့်မို့ လူမျိုးအုပ်စုတူ တိုင်းရင်းသားပါတီများ ပူးပေါင်းရေး ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ခဲ့၊ လုပ်နေကြပေမည့် အောင်မြင်မှုသိပ်မတွေ့ရပါ၊ 

အများဆန္ဒကို လိုက်လျောပြီး တိုင်းရင်းသားလူမျိုးစုတစ်စုမှာ ပါတီတစ်ခုတည်း ဖြစ်လာရင်တောင်မှ ရေရှည်ညီညွတ်မယ် မထင်ပါ၊
တိုင်းရင်းသားလူမျိုးစုတိုင်း အတွင်းမှာလည်း ကွဲပြားမှုတွေ ရှိနေပြန်ပါတယ်၊ အထူးသဖြင့် မကြာခင်စတင်မည့် သန်းခေါင်စာရင်း ကောက်ခံမှုမှာ မိမိတို့ရဲ့ လူမျိုးအမည်ကို ဘယ်လိုသတ်မှတ်မလဲဆိုတာမှာ သဘောထားတွေ မတူညီကြပါ၊ ပြည်နယ်အဆင့်ရပြီးသား လူမျိုးစုများကနေ သီးခြားခွဲထွက်ချင်တဲ့ လူမျိုးစုငယ်တွေ၊ မှိန်ပျောက်နေတဲ့ လူမျိုးစုနံမည်ကို ပြန်လည်ဖော်ထုတ်ချင်သူတွေ၊ စသဖြင့် ကြားသိနေရပါတယ်၊ တိုင်းရင်းသားလူမျိုးစုများ ပိုပြီး မညီမညွတ်၊ ကွဲပြားကြမှာကို စိုးရိမ်လို့ သန်းခေါင်စာရင်းကောက်ယူမည့်အစီအစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုတာတွေလည်း ကြားသိရပါတယ်၊

# လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများ

ဦးသိန်းစိန်အစိုးရက နှစ်ပေါင်း (၆၀) ကျော်ပြီ ဖြစ်တဲ့ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်နိုင်ဖို့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နေပါတယ်၊ အစပိုင်းမှာ ကမ်းလှမ်းချက်က အစိုးရကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်း သီးခြားဆွေးနွေးပြီး ဒေသအဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲဖို့၊ ပြီးမှ နိုင်ငံရေးကိစ္စတွေကို တရားဝင်ပါတီဖွဲ့၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ပါ၊ နောက်ပိုင်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ တောင်းဆိုမှုအတိုင်း အစိုးရကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး တစ်ပြိုင်တည်း တွေ့ဆုံဆွေးနွေးဖို့၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အရင်လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပဖို့ အစိုးရဘက်က လိုက်လျောခဲ့ပေမည့် တိုင်းရင်းသားလက်နက်ကိုင်များဘက်က တိုးတက်မှု သိပ်မရှိပါ၊

အစိုးရရဲ့ ခွင့်ပြုချက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးရဲ့ ခေါင်းဆောင်များ ထိပ်သီးညီလာခံကို ကချင်ပြည်နယ်က ကေအိုင်အေဋ္ဌာနချုပ်၊ လိုင်ဇာမှာ တစ်ကြိမ်နဲ့ ကရင်ပြည်နယ်က ကေအန်ယူနယ်မြေ လော်ခီးလာမှာ တစ်ကြိမ် ကျင်းပနိုင်ခဲ့ပေမည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ မိုင်းလားအုပ်စု စတဲ့ အင်အားကြီးတပ်ဖွဲ့များ ပါဝင်အောင် မစည်းရုံးနိုင်ခဲ့ပါ၊ အများစု သဘောတူတဲ့ မူဝါဒများကို လက်မှတ်ထိုးဖို့ ရှောင်လွှဲတဲ့၊ ငြင်းဆန်တဲ့ အဖွဲ့တွေလည်း ရှိပါတယ်၊ ကေအန်ယူခေါင်းဆောင်များရဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) အပေါ် မကြိုက်နှစ်သက်မှုကလည်း အထင်အရှား၊ ဖက်ဒရယ်ကောင်စီနဲ့ တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်ကော်မီတီ (WGEC) တို့အဆင်မပြေမှုကလည်း အထင်အရှားပါ၊ လော်ခီးလာညီလာခံပြီးတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးအလုပ်ကော်မီတီတို့ ကရင်ပြည်နယ်၊ ဖားအံမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ကိုလည်း တိုင်းရင်းသားများဘက်က အကြိမ်ကြိမ် ရွှေ့ဆိုင်းနေဆဲပါ၊

# အရပ်ဘက်လူထုအဖွဲ့အစည်းများ

လက်ရှိအခြေအနေမှာ အားတက်စရာကောင်းတာ တစ်ခုကတော့ အရပ်ဘက်လူထုအဖွဲ့အစည်းများ အရှိန်အဟုန်နဲ့ ဖွဲ့စည်းတည်ရှိမှုနဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို တက်ကြွစွာပါဝင်ဖြည့်ဆီးမှုဖြစ်ပါတယ်၊ ဒါပေမည့်လည်း ဒီအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စနစ်ကျမှု၊ အားကောင်းရှင်သန်မှုကို အထောက်အကူပြုမည့်၊ အရပ်ဘက်အဖွဲ့အစည်းများကို အကာအကွယ်ပေးမည့် ဥပဒေက ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်းအဆင့်မှာသာ ရှိနေပါသေးတယ်၊

စိုးရိမ်စရာက ဒီအဖွဲ့အစည်းအတော်များများဟာ ပြည်ပအစိုးရများ၊ ပြည်ပအဖွဲ့အစည်းများရဲ့ ထောက်ပံ့မှုကို မှီခိုရပ်တည်နေကြတာဖြစ်ပြီး အချို့အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေမှာ မပြည့်မစုံဘဝ၊ အန္တရာယ်တွေနဲ့ လှုပ်ရှားနေရတုံးက ရှိခဲ့တဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်ကလေးတွေ ပျောက်ဆုံးပြီး နိုင်ငံခြားသား အလှူရှင်ရဲ့ လခစားဝန်ထမ်းအသွင်ရပ်တည်လာကြတာ၊ ပိုက်ဆံမရရင် ဘာကိုမှ အခမဲ့မလုပ်ချင်တော့တာ၊ တိုင်းပြည်အတွက် သင့်တော်တာကို ကိုယ်တိုင် ရွေးချယ်ဆောင်ရွက်ရမည့်အစား ပြည်ပအဖွဲ့အစည်းက ဖြစ်စေချင်တာကို ထောက်ပံ့ငွေယူပြီး ဆောင်ရွက်ပေးနေကြတာကို ဝမ်းနည်းဖွယ်တွေ့မြင်နေရပါတယ်၊ ဒီလိုနဲ့ ရန်ကုန်မြို့ပေါ်က ဟော်တယ်တွေဟာ စွမ်းရည်မြှင့်သင်တန်းခန်းမတွေ ဖြစ်လာပြီး သင်တန်းပေးစားသူနဲ့ သင်တန်းတက်စားသူ ဆိုတဲ့လူတန်းစားသစ်တွေ ရှိလာကြပါတယ်၊ သင်တန်းပို့ချတာတွေကို ဓာတ်ပုံရိုက်ပြီး အောင်မြင်စွာ ကျင်းပပြီးစီးပါကြောင်း အဆင့်ဆင့်လိမ်ညာ အစီရင်ခံကြတဲ့ ယဉ်ကျေးမှုလည်း မြန်မာနိုင်ငံမှာ ထွန်းကားနေပါပြီ၊



လေးစားစွာ၊

အောင်ဒင်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄

0 comments: