BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, December 12, 2013

Interview with Kumudra News Journal, December 10, 2013




ကုမုဒြာသတင်းဂျာနယ်နှင့် အင်တာဗျူး
(အတွဲ ၃၊ အမှတ် ၃၆၊ ဒီဇင်ဘာလ ၁၀၊ ၂၀၁၃)

(ကုမုဒြာ) အမေရိကန် လွတ်တော် အမတ်တွေဟာ မြန်မာ့နိုင်ငံအပေါ် အမေရိကန်နိုင်ငံရဲ့ သဘောထားပျော့ပြောင်းမှု နဲ့ပတ်သတ်ပြီး ဝေဖန်နေကြတယ်။ အဲဒီကိစ္စ ကို ဘယ်လို ကိုင်တွယ်ဖို့လိုအပ်မယ်လို့ယူဆပါသလဲ။

(အောင်ဒင်) အမှန်ကတော့ အောက်လွှတ်တော်မှာ ရီပါတ်ဘလီကန်ပါတီက လူများစုပါတီဖြစ်ပြီး ကော်မီတီ ဥက္ကဋ္ဌနေရာတွေ ရထားတော့ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီက သမ္မတရဲ့ ဆောင်ရွက်ချက်တွေကို အမြဲတမ်း အကောင်းမပြောတတ်တဲ့ သဘော၊ ရှာကြံဝေဘန်တဲ့ သဘောပါပဲ၊ ဒီအောက်လွှတ်တော်အမတ် အချို့ရဲ့ ဝေဘန်ချက်တွေက သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ထူးထူးခြားခြား မထိခိုက်နိုင်ပါ၊ 

တချိန်တုံးက မြန်မာ့အရေးကို ကွန်ဂရက်လွှတ်တော်မှာ နှစ်ပေါင်းများစွာ ဦးဆောင်ဦးရွက်ပြုပြီး စစ်အစိုးရအပေါ် ဖိအားပေးဖို့ စီးပွါးရေးပိတ်ဆို့မှု ဥပဒေတွေချမှတ်ခဲ့တဲ့၊ အမေရိကန်အစိုးရကို မြန်မာ့အရေး ဦးစားပေးကူညီဖို့ စိုက်လိုက်မတ်တတ် ဖိအားပေးခဲ့ကြတဲ့ ဩဇာအာဏာကြီးမားတဲ့ ကွန်ဂရက်လွှတ်တော်အမတ်တွေက အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို လွှမ်းမိုးနိုင်ခဲ့ပါတယ်၊ အခု အဲဒီ ကွန်ဂရက် လွှတ်တော်ခေါင်းဆောင်တွေက (ဆီနိတ်တာ မစ်ခ်ျမက်ကော်နယ်၊ ဆီနိတ်တာ ဂျွန်မက်ကိန်း၊ ဆီနိတ်တာ ဒိုင်ယန်းဖိုင်းစတိုင်း၊ စသဖြင့်)  ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်အတိုင်း စီးပွါးရေးပိတ်ဆို့မှုဥပဒေတွေကို ရုပ်သိမ်းပေးပြီးတဲ့နောက် မြန်မာ့အရေးနဲ့ပါတ်သက်ပြီး ကွန်ဂရက်လွှတ်တော်မှာ ဘာဦးဆောင်မှုမှမပေးတော့ပဲ သမ္မတအိုဘားမားရဲ့ ဆောင်ရွက်ချက်တွေကိုသာ ထောက်ခံကြပါတယ်၊ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ကွန်ဂရက်လွှတ်တော်က အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒအပေါ်မှာ ဩဇာသက်ရောက်မှုမရှိတော့ပါ၊

သမ္မတဦးသိန်းစိန် ပေးထားတဲ့ ကတိတွေအပြည့်အဝအကောင်အထည်မဖော်နိုင်သေးတာလည်း အမှန်ပါပဲ၊ ဒါပေမည့် အိုဘားမားအစိုးရအနေနဲ့ မြန်မာအစိုးရကို ဖိအားပေးခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းက ပိုပြီးပြောင်းလဲစေလိမ့်မယ်လို့ လက်ခံယုံကြည်ထားတာမို့ ဆက်လက်ပြီး ရင်းရင်းနှီးနှီးဆက်ဆံလို့ ပြောင်းလဲရေးအတွက် အားပေး တိုက်တွန်းပါလိမ့်မယ်၊

(ကုမုဒြာ) မြန်မာနိုင်ငံနဲ့ အမေရိကန်နှစ်နိုင်ငံကြား စစ်ရေးအရပူးပေါင်းဆောင်၇ွက်မှုလုပ်ဖို့ အချိန်တန်ပြီလို့ယူဆပါသလား။

(အောင်ဒင်) အမေရိကန်အစိုးရအနေနဲ့ မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေးစတင်တာကို ကျနော်ထောက်ခံပါတယ်၊ လက်ရှိအခြေအနေမှာ အမေရိကန်အစိုးရက မြန်မာ့တပ်မတော်ကို လက်နက်တွေရောင်းမှာ၊ ထောက်ပံ့မှာ မဟုတ်ပါဘူး၊ စစ်သင်တန်းတွေပေးမှာ မဟုတ်ပါဘူး၊ အမေရိကန်ပြည်ထောင်စုအပါအဝင် ဒီမိုကရေစီနိုင်ငံတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အရပ်သားအစိုးရရဲ့အုပ်ချုပ်မှုအောက်မှာ ဘယ်လို သိက္ခာရှိရှိ ရပ်တည်ကြသလဲ၊ လူ့အခွင့်အရေးတွေကို ဘယ်လိုလေးစားလိုက်နာကြသလဲ၊ စစ်မြေပြင်မှာ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို ဘယ်လို သက်ညှာကြသလဲ၊ စစ်ပွဲဖြစ်ပွါးရာဒေသက အပြစ်မည့်ပြည်သူတွေကို ဘယ်လိုစောင့်ရှောက်ကူညီကြသလဲ၊ စတဲ့ အတွေ့အကြုံတွေကို မျှဝေပြီး လေ့ကျင့်သင်ကြားပေးဖို့ပါ၊ ဒါ့အပြင် တိုင်းပြည်မှာ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ချိန်မျိုးမှာ ပြည်သူလူထုကို ထိထိရောက်ရောက်ကူညီနိုင်မည့် နည်းလမ်းတွေကိုလည်း သင်ကြားပေးဖို့ပါ၊ 

ဒီကနေ့ မြန်မာနိုင်ငံမှာ အစိုးရ၊ လွှတ်တော် နဲ့ စစ်တပ်ဆိုပြီး အာဏာအဆောက်အအုံ သုံးခုရှိနေပါတယ်၊ အစိုးရနဲ့ လွှတ်တော်မှာ ဒီမိုကရေစီကိုဦးတည်တဲ့ အပြောင်းအလဲတွေ မြင်တွေ့နေရပါပြီ၊ စစ်တပ်ကလည်း ဒီမိုကရေစီအရေးဦးတည်ပြောင်းလဲလာအောင် ကျနော်တို့အားလုံးက လမ်းဖွင့်ပေးဖို့လိုပါတယ်၊ တစ်ဘက်မှာ အစိုးရနဲ့ လွှတ်တော်ကို ရင်းရင်းနှီးနှီးဆက်ဆံပြီး တစ်ဘက်မှာ စစ်တပ်ကို ပစ်ပယ်ထားမယ်ဆိုရင် သဘာဝကျတယ်မထင်ပါ၊ မိသားစုတစ်စုထဲမှာ အားလုံးက ပစ်ပယ်ထားတဲ့ ကလေးဟာ ပိုပြီး ဆိုးတတ်ပါတယ်၊ ရပ်ကွက်ထဲမှာလည်း အရပ်ကပစ်ပယ်ခံရသူဟာ ပိုပြီးဆိုးတတ်ပါတယ်၊
ပြီးတော့ မြန်မာ့တပ်မတော်ဟာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာအဆောက်အအုံ သုံးခုထဲမှာ အာဏာအမြင့်မားဆုံးအဖွဲ့အစည်းပါ၊ မြန်မာ့တပ်မတော်မပါပဲ ဒီမိုကရေစီအပြောင်းအလဲတွေကို အာမခံချက်ရှိရှိ မတည်ဆောက်နိုင်ပါ၊ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဆင်နိုင်ပါ၊ 

ဒီမိုကရေစီခရီးမှာ မြန်မာစစ်တပ်က သဘောတူပါဝင်ဖို့အတွက် စစ်တပ်ကို အရေးပါတဲ့ အဖွဲ့အစည်းအဖြစ်အသိအမှတ်ပြုပြီး တိုက်ရိုက်ဆက်ဆံနိုင်ဖို့ ကြိုးစားရပါမယ်၊ ပြည်တွင်းက နိုင်ငံရေးခေါင်းဆောင်များက ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခွင့်တောင်းတယ်ဆိုတာ စစ်တပ်ရဲ့ အခန်းကဏ္ဏကို အသိအမှတ်ပြုလို့ပါ၊ အမေရိကန်ပြည်ထောင်စုအစိုးရက မြန်မာ့တပ်မတော်နဲ့ ဆက်ဆံတယ်ဆိုတာ ပြည်တွင်းက ဒီမိုကရေစီရေး ပြောင်းလဲမှုများမှာ မြန်မာ့တပ်မတော်ကိုယ်တိုင် ကြည်ကြည်ဖြူဖြူပါဝင်ရေး ကူညီ ဖြောင်းဖြပေးဖို့ပါ၊

(ကုမုဒြာ) အမေရိကန် နိုင်ငံရဲ့ သဘောထားဟာ ဘာကြောင့်ဘာလို အချက်တွေ ကြောင့် မြန်မာနိုင်ငံအပေါ်မှာ ပျော့ပျောင်းမှုရှိနေတယ်လို့ ယူဆပါသလဲ။

(အောင်ဒင်) အဓိကကတော့ အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်တွေအပေါ်  မြန်မာအစိုးရက (အပြည့်အဝမဟုတ်တောင်မှ) အပြုသဘောတုန့်ပြန်တာကို ကျေနပ်လို့ပါ၊ သမ္မတ အိုဘားမား အနေနဲ့ တစ်ဘက်မှာ အာရပ်၊ အစ္စရေးပဋ္ဋိပက္ခပြေလည်ရေး ကြားဝင်ညှိနှိုင်းမှုတွေ မအောင်မြင်၊ မြောက်ကိုရီးယားရဲ့ အနုမြူလက်နက်တည်ဆောက်မှုကို မဟန့်တားနိုင်၊ တရုတ်ရဲ့ စီးပွါးရေး၊ စစ်ရေးအင်အားကြီးထွားလာမှုအပေါ် မတုန့်ပြန်နိုင်၊ စသဖြင့် နိုင်ငံတကာရေးရာပြဿနာအချို့ကို မဖြေရှင်းနိုင်ချိန်မှာ မြန်မာအစိုးရရဲ့ အပြုသဘောတုန့်ပြန်မှုတွေကြောင့် သူ့နိုင်ငံခြားရေးမူဝါဒ (Foreign Policy) မှာ အောင်ပွဲတစ်ခုရလိုက်တယ်လို့ ခံစားရပုံရပါတယ်၊

 နောက်တစ်ခုက အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒမှာ တရုတ်အစိုးရရဲ့ စစ်ရေး၊ စီးပွါးရေးတည်ဆောက်မှုတွေကို ချိန်ခွင်လျှာညှိဖို့အတွက် "အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသ" ရဲ့ အရေးပါမှုကို အသိအမှတ်ပြုလာရချိန်မှာ တရုတ်နဲ့ အိန္ဒိယ အင်အားကြီးနှစ်နိုင်ငံကြားမှာ တည်ရှိပြီး အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ အဖွဲ့ဝင်လည်းဖြစ်တဲ့ မြန်မာနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုနဲ့ ရင်းနှီးတဲ့အစိုးရတစ်ရပ်ရှိခြင်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွါးကိုရော၊ ဒေသတွင်းတည်ငြိမ်မှုကိုရော အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်လို့ပါ၊

(ကုမုဒြာ) ဦးအောင်ဒင်အနေနဲ့ အမေရိကန် နိုင်ငံက လက်ရှိ အချိန်မှာ မြန်မာနိုင်ငံအပေါ်မှာထားသင့်တဲ့ နိုင်ငံ ခြားရေးမူဝါဒ က ဘယ်လိုမျိုးဖြစ်သင့်တယ်ဆိုတာကို အကြံပေးပါဦး။ 

(အောင်ဒင်) အမေရိကန်အစိုးရက လက်ရှိကျင့်သုံးနေတဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ကျနော်ထောက်ခံပါတယ်၊ ဒီအတိုင်း ဆက်လက်ကျင့်သုံးစေချင်ပါတယ်၊
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေးကို အဆင့်ဆင့်တိုးမြှင့်ပြီး တပ်မတော်ထဲမှာ ဒီမိုကရေစီစနစ်ကို လက်ခံတဲ့ ဗိုလ်ချုပ်တွေ များပြားလာအောင် စည်းရုံးစေချင်ပါတယ်၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲ သန့်ရှင်းမျှတစွာကျင်းပနိုင်ရေးနဲ့ ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီစေချင်ပါတယ်၊ မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးအခြေအနေတိုးမြှင့်ရေးအတွက် ပိုပြီးကူညီစေချင်ပါတယ်၊

တစ်ဘက်မှာလည်း မြန်မာနိုင်ငံရဲ့ စီးပွါးရေးလောကကို အခုထိလွှမ်းမိုးချယ်လှယ်နေဆဲဖြစ်တဲ့ အလိုတော်ရိစီးပွါးရေးသမားများ၊ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်ဆဲ စစ်ခေါင်းဆောင်များ၊ ဘာသာရေး လူမျိုးရေးပဋ္ဋိပက္ခတွေကို လှုံ့ဆော်ဖန်တီးနေသူများကို ရွေးချယ်ပြီး ပစ်မှတ်ထားအရေးယူတာ (Targeted Sanctions) ကို ဆက်လုပ်သင့်ပါတယ်၊ ဘာသာရေး လူမျိုးရေးပဋ္ဋိပက္ခတွေကို လှုံ့ဆော်ဖန်တီးနေသူများကို မြန်မာအစိုးရက ထိထိရောက်ရောက်၊ သတ္တိရှိရှိ ဖော်ထုတ်အရေးယူနိုင်အောင် အားပေးတိုက်တွန်းစေချင်ပါတယ်၊ 

(ကုမုဒြာ) အခုလို အချိန်ပေးဖြေကြားတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊

နန်းလွင်

0 comments: