BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, July 9, 2015

အနည်းဆုံးလုပ်ခ၊ အများဆုံးဒုက္ခ

မိုးမခမီဒီယာ၊ ဇူလိုင် ၈၊ ၂၀၁၅ http://moemaka.com/archives/44478

အနည်းဆုံးလုပ်ခ၊ အများဆုံးဒုက္ခ
အောင်ဒင်

ဟောဒီ စက်ရုံကြီးထဲ
တစ်နေ့ကို အနည်းဆုံး ၁၂ နာရီ အလုပ်လုပ်ရ
ပိတ်ရက်မရှိ၊ ခွင့်တစ်ရက်တောင်မှ မယူပဲ
နေ့စဉ်ရက်ဆက် အလုပ်လုပ်ပါမှ
တစ်လဝင်ငွေ ကျပ်တစ်သိန်း နှစ်သောင်းလောက် ရသူပါ…။

အညံ့ဆုံးဆန်နဲ့၊ အသီးအရွက် ရေလုံပြုတ်နဲ့
သက်သတ်လွတ်စားကြတာတောင်မှ
တစ်လကို မိသားစု စားစရိတ်က
ကျပ် ၈ သောင်းလောက် ကုန်ကျပါတယ်…။

ဟိုး မြို့စွန်မြို့ဖျားမှာ
ဓနိမိုး ထရံကာ တဲစုတ်ကလေးက
တစ်လ ကျပ် ၄ သောင်း အိမ်ငှါးခ ပေးရပါတယ်…။

တစ်လကုန်တဲ့အခါ
စားစရိတ်နဲ့ အိမ်ငှါးခက
ရသမျှ လခနဲ့ အတူတူဆိုတော့
သားသမီးများ လိုတာဖြည့်ဆီးပေးဖို့
အတိုးကြီးကြီးနဲ့ ငွေချေးငှါးတဲ့
စက်ရုံထဲက မန်နေဂျာထံ
ဒူးထောက် အညံ့ခံရပြန်ပါတယ်…။

အဲဒီလို
ခက်ခက်ခဲခဲ ရှင်သန်နေရတဲ့ကျနော်တို့ကို
အနည်းဆုံးလုပ်ခ တစ်နေ့ ကျပ် ၃,၆၀၀ မပေးချင်တဲ့
အလုပ်ရှင်ကြီးရယ်
အံ့ဩမလားတော့မသိ
ခင်ဗျားတို့ဘဝကို ကျနော်စာနာမိပါတယ်…။

ခင်ဗျားတို့မှာလည်း
နိုင်ငံခြားက အမှာစာတွေ မလာရင် စိတ်ပူရ
ဒေါ်လာဈေးမတည်ငြိမ်ရင် စိတ်ပျက်ရ
လျှပ်စစ်မီးမမှန်လို့ ဒီဇယ်ဆီနဲ့ မောင်းနှင်ရတဲ့ စက်ရုံကြီးထဲ
မြေကြီးငှါးခကို အလွန်အကျွံပေးနေရတာ၊
ဝန်ကြီးဋ္ဌာနက လုပ်ငန်းပါမစ်ရဖို့အတွက်
ငွေတွေအများကြီး ပူဇော်ခဲ့ရတာ၊
စက်ရုံတည်ဆောက်ခွင့်ရဖို့အတွက်
သက်ဆိုင်ရာမှန်သမျှကို ကြေးပံ့ခဲ့ရတာ၊
လျှပ်စစ်မီတာတပ်ဆင်ခွင့်ရဖို့အတွက်
ငွေကို လေလို သုံးခဲ့ရတာ၊
အဘတွေကို ပေးရ၊ အမတွေကို ပေးရနဲ့
စာရင်းမပြနိုင်တဲ့ ကုန်ကျစားရိတ်တွေ ရှိခဲ့တာ…။

အဲဒီလို ရင်းနှီးမြှုပ်နှံမှုတွေကြောင့်
ကျနော်တို့ကို အနည်းဆုံးပေးရတာတောင်မှ
ခင်ဗျားတို့ရဲ့ အမြတ်အစွန်းတွေ လျော့နည်းနေရတာ
စိတ်မကောင်း ဖြစ်မိပါတယ်ဗျာ …။

ခင်ဗျားတို့နဲ့ ကျနော်တို့ဟာ
တကယ်တော့ ဘဝတူတွေပါ
(ရီစရာကောင်းနေမလား မသိ)
ခင်ဗျားတို့မပေးချင်တဲ့ ၃,၆၀၀
ကျနော်တို့လည်း မရချင်တော့ပါ…။

တစ်ခုတော့ ကူပါဗျာ
အနည်းဆုံးလုပ်ခ မပေးချင်နေ
ကျနော်တို့ကို
အများဆုံး ဒုက္ခတွေ မပေးဖို့
ခင်ဗျားတို့ရဲ့ အဘတွေ၊ အမတွေကို
ပြောပေးကြပါလားဗျာ…။ ။ ။

(ဇူလိုင်လ ၈ ရက်၊ ၂၀၁၅)

0 comments: