(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၄၊ ဇူလိုင်လ ၉ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)
မြန်မာနိုင်ငံ၏
ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း
(၁၀၀) လွှတ်တော်နှင့် အကျဉ်းထောင်များဥပဒေကြမ်း (က)
#မြန်မာနိုင်ငံနှင့်
အကျဉ်းထောင်များ
၂၀၁၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာများမှာ
ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းထားတဲ့ "အကျဉ်းထောင်များဥပဒေကြမ်း"
ကို ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန်ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ အကျဉ်းထောင်ဆိုတာ
တရားဥပဒေနဲ့ ဖွဲ့စည်းတဲ့ နိုင်ငံတစ်ခုအတွက်၊ လူ့အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်လိုအပ်တဲ့
အုပ်ချုပ်ရေး ယန္တရားတစ်ခုဖြစ်ပါတယ်။ နိုင်ငံတစ်ခုအတွင်းမှာ နေထိုင်ကြတဲ့ နိုင်ငံသားများအားလုံးဟာ ဥပဒေပြုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့၊ နိုင်ငံတဝှမ်းဩဇာသက်ရောက်တဲ့
ဥပဒေများကို လိုက်နာဖို့ တာဝန်ရှိပါတယ်။ ဥပဒေချိုးဖောက်သူများ၊ ဥပဒေကို အလွဲသုံးစားလုပ်သူများကို
အုပ်ချုပ်ရေးအာဏာကိုင်စွဲတဲ့ အစိုးရက ဖမ်းဆီးပြီး တရားစီရင်ရေးအာဏာပိုင်များထံမှာ တရားစွဲဆိုပါတယ်။
တရားရုံးများက စွပ်စွဲခံရသူမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီးတဲ့နောက် ဥပဒေအရ ထိုက်သင့်တဲ့
ပြစ်ဒဏ်ချမှတ်ပြီး ထောင်ဒဏ်ချမှတ်ခံရသူဖြစ်ရင် အကျဉ်းဦးစီးဋ္ဌာနအား အကျဉ်းသားအား သတ်မှတ်ထားတဲ့
ပြစ်ဒဏ်ကာလမှာ ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ပေးအပ်ပါတယ်။ အကျဉ်းဦးစီးဋ္ဌာနက တရားရုံးများမှာ
တရားရင်ဆိုင်နေဆဲ အချုပ်သားများနဲ့ တရားရုံးများမှ ပြစ်ဒဏ်ချမှတ်ခံရတဲ့ အကျဉ်းသားများကို
အကျဉ်းထောင်များမှာ တာဝန်ယူချုပ်နှောင်ထိန်းသိမ်းရပါတယ်။
ထောင်ဒဏ်ဆိုတာက တစ်စုံတစ်ယောက်ကို လူ့အဖွဲအစည်းအတွင်းကနေ
ကာလအကန့်အသတ်နဲ့ ထုတ်ပယ်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် တရားရုံးများမှ ထောင်ဒဏ်ချမှတ်လိုက်သူများကို
လူ့အဖွဲ့အစည်းနဲ့ ခွဲခြားပြီး ကန့်သတ်ချုပ်နှောင်ဖို့ အကျဉ်းထောင်ဆိုတာ လိုအပ်လာပါတယ်။
ဒါပေမည့် အဲဒီ အကျဉ်းထောင်များဟာ ပြစ်ဒဏ်ကျခံရသူများကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ
ညှင်းပန်းနှိပ်စက်ရာ ဋ္ဌာနကြီးများ မဖြစ်ရပါ။ ဥပဒေချိုးဖောက်သူကို အာဏာပိုင်များက ဂလဲ့စားချေရာ
ဋ္ဌာနကြီးများ မဖြစ်ရပါ။ ပြစ်ဒဏ်ကျခံရသူများဟာ ကာလအကန့်အသတ်နဲ့ ပြစ်ဒဏ်ကျခံရတာမို့ သူတို့ရဲ့
ပြစ်ဒဏ်ကာလပြည့်မြောက်ပြီး လူ့အဖွဲ့အစည်းထဲ ပြန်လည်ဝင်ရောက်ကြတဲ့ အချိန်မှာ အရင်ကမှားခဲ့တာတွေကို
နောင်တရပြီး နောက်နောင် ထပ်မမှားအောင် ရှောင်ကြဉ်ဖို့ အသိတရားရှိလာသူတွေ၊ ကျူးလွန်ခဲ့မိသော
အမှားအယွင်းများအတွက် လူ့အဖွဲ့အစည်းကို အလုပ်နဲ့ ပြန်လည်ပေးဆပ်ချင်သူတွေဖြစ်လာအောင်
ပြုပြင်ပြောင်းလဲပေးရာ ဋ္ဌာနကြီးများသာ ဖြစ်သင့်ပါတယ်။
၁၉၆၂ ခုနှစ်ကစလို့ ၂၀၁၀ ခုနှစ်အထိ စစ်အစိုးရအဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာတော့ အကျဉ်းထောင်များဟာ
နိုင်ငံရေးသဘောထားမတူညီသူများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အတိုက်အခံနိုင်ငံရေးသမားများ၊
အစိုးရအာဏာကို ဖီဆန်သူများ၊ လက်နက်ကိုင်တော်လှန်ရေးသမားများကို ဖမ်းဆီးချုပ်နှောင်ပြီး
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ရာဋ္ဌာနကြီးများ ဖြစ်ခဲ့ပါတယ်။
အုပ်ချုပ်ရေးအာဏာရဲ့ စွက်ဖက်မှုကြီးမားပြီး ငွေများတရားနိုင်တဲ့ တရားစီရင်ရေးစနစ်ကြောင့်
ရိုးသားဖြောင့်မတ်သူများ၊ မတရားစွပ်စွဲခံရသူများ ပြစ်ဒဏ်ကျပြီး ဘဝဖျက်ဆီးခံရတဲ့ ဋ္ဌာနကြီးများ
ဖြစ်ခဲ့ပါတယ်။ ပြစ်ဒဏ်ကျခံရသူများကို လူသားအဖြစ်က အဆင့်နှိမ့်ချလိုက်တဲ့ ဋ္ဌာနကြီးများဖြစ်ခဲ့ပါတယ်။
အကျဉ်းထောင်တွင်း အာဏာပိုင်များရဲ့ အဂတိလိုက်စားမှုများနဲ့ အကျဉ်းသားအချင်းချင်း နိုင့်ထက်စီးနင်း
အနိုင်ကျင့်အုပ်ချုပ်စေမှုများကြောင့် သာမာန်မှားယွင်းခဲ့သူများကို ပိုပြီးကောက်ကျစ်ရက်စက်တဲ့
ရာဇဝတ်မှုကြီးများကျူးလွန်နိုင်အောင် မကောင်းမှုသင်တန်းပေးရာ ဋ္ဌာနကြီးများ ဖြစ်ခဲ့ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာ၊ အစားအသောက်နဲ့ သန့်ရှင်းတဲ့ရေ အလုံအလောက်မထောက်ပံ့နိုင်တာမို့
ကူးစက်ရောဂါများ အလွန်အမင်းကူးစက်ပျံ့ပွါးရာ ဋ္ဌာနကြီးများ၊ အင်အားချို့တဲ့သူများရဲ့
သချိုံင်းများ ဖြစ်ခဲ့ပါတယ်။ အကျဉ်းဦးစီးဝန်ထမ်းများက အကျဉ်းသားများကို ဂုတ်သွေးစုပ်ရာဋ္ဌာနကြီးများ
ဖြစ်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်အတွက် လုပ်အားပေးပေါ်တာများ ထောက်ပံ့ပေးရာ ဋ္ဌာနကြီးများ
ဖြစ်ခဲ့ပါတယ်။
ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်က အသစ်ပြဋ္ဌာန်းမည့်
"အကျဉ်းထောင်များ ဥပဒေ" မှာ ပြီးခဲ့တဲ့ အာဏာရှင်ခေတ်အကျဉ်းထောင်များမှာ ရှိခဲ့တဲ့
အမှားအယွင်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အကျင့်စရိုက်များ မပါဝင်အောင် စီစစ်ဖယ်ရှားနိုင်ဖို့
လိုအပ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ "အကျဉ်းသားများရဲ့
အခွင့်အရေးများ" ကို အာမခံထည့်သွင်းဖို့ လိုအပ်ပါတယ်။ အကျဉ်းထောင်အုပ်ချုပ်ရေးစနစ်ဟာ
အကျဉ်းသားများအနေနဲ့ အမှားတွေကို တာဝန်သိသိပြင်ဆင်ပြီး ပြစ်ဒဏ်ကာလပြီးမြောက်တဲ့အခါ
လူ့အဖွဲ့အစည်းထဲကို တာဝန်သိနိုင်ငံသားတစ်ယောက်အဖြစ် ပြန်လည်ဝင်ရောက်နိုင်ဖို့ ပြုပြင်လေ့ကျင့်ပေးတဲ့
စနစ်မျိုးဖြစ်အောင် ပြဋ္ဌာန်းပေးဖို့လိုအပ်ပါတယ်။ အဲဒီမျှော်လင့်ချက်နဲ့ "အကျဉ်းထောင်များ
ဥပဒေကြမ်း" ကို အောက်ပါအတိုင်း ဆွေးနွေးအကြံပြုချင်ပါတယ်။
#နိုင်ငံရေးအကျဉ်းသား
ဒီဥပဒေကြမ်းမှာ "နိုင်ငံရေးအကျဉ်းသား" ဆိုတဲ့
စကားလုံးကို လုံးဝရှာမတွေ့ပါ။ လွှတ်တော်ကိုယ်စားလှယ်များက "နိုင်ငံရေးအကျဉ်းသား"
နဲ့ ပါတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေကို ဥပဒေကြမ်းမှာ ဖြည့်စွက်ထည့်သွင်းဖို့ လိုအပ်ပါတယ်။
ယေဘူယျအားဖြင့် အစိုးရများက "နိုင်ငံရေးအကျဉ်းသား" ဆိုတာမရှိဘူးလို့ ငြင်းဆိုလေ့ရှိကြပါတယ်။
နဝတ၊ နဝဖစစ်အစိုးရများလက်ထက်မှာလည်း မြန်မာနိုင်ငံမှာ "နိုင်ငံရေးအကျဉ်းသား"
မရှိဘူးလို့ အကြိမ်ကြိမ်ငြင်းဆိုခဲ့ပါတယ်။ လက်ရှိ သမ္မတဦးသိန်းစိန်ကလည်း ၂၀၁၁ ခုနှစ်အထိ
အလားတူငြင်းဆိုခဲ့ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ "ယုံကြည်ချက်ကြောင့်အကျဉ်းကျသူများ"
လို့ လက်ခံခဲ့တာပါ။
တကယ်တော့ နိုင်ငံရေးအမြင်မတူသူတွေကို ဖိနှိပ်ချုပ်ချယ်ဖို့
ဖန်တီးထားတဲ့ မတရားတဲ့ဥပဒေတွေ၊ လူတစ်ယောက်ရဲ့ မွေးရာပါလူ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်တဲ့
ဥပဒေတွေရှိနေသ၍၊ ယင်းဥပဒေများကို အသုံးချပြီး ဖမ်းဆီးထောင်ချထားသူတွေရှိနေသ၍ နိုင်ငံရေးအကျဉ်းသားဆိုတာ
ရှိနေမှာပါ။ မြန်မာနိုင်ငံမှာ မတရားမမျှတတဲ့ ဥပဒေများဖြစ်ကြတဲ့ နိုင်ငံတော်အားနှောက်ယှက်ဖျက်ဆီးလိုသူများ၏
အန္တရာယ်မှ ဟန့်တားကာကွယ်သည့်ဥပဒေ (၁၉၇၅ ခုနှစ်)၊ ၁၉၀၈ မတရားသင်းအက်ဥပဒေ၊ ၁၉၅၀ ပြည့်နှစ်
အရေးပေါ်စီမံချက်အက်ဥပဒေ၊ စတဲ့ ဥပဒေများက ယနေ့အထိ တည်ဆဲဥပဒေများ ဖြစ်ကြပါတယ်။ သေဒဏ်အထိ
အပြစ်ပေးနိုင်တဲ့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်ခြင်းဆိုတဲ့ ရာဇသတ်ကြီးဥပဒေ၊ ပုဒ်မ
၁၂၂ (၁)၊ ၁၂၂ (၂)၊ ၁၂၃၊ ၁၂၄၊ ၁၂၄ (က)၊ ၁၂၄ (ခ) တို့လည်း ရှိနေပါသေးတယ်။ နိုင်ငံတော်အစိုးရကို
အကြည်ညိုပျက်စေတယ်ဆိုတဲ့ ရာဇသတ်ကြီးဥပဒေ၊ ပုဒ်မ ၅၀၅ (ခ) ဆိုတာလည်း ရှိပါသေးတယ်။ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်
ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ (၂၀၁၁ ခုနှစ်) ဆိုတာလည်း ရှိပါသေးတယ်။
စစ်အစိုးရများလက်ထက်က ဒီဥပဒေတွေကို အသုံးပြုပြီး နိုင်ငံရေးအမြင်ကွဲလွဲသူများ၊ အစိုးရကို
ဝေဘန်သူများကို ပြစ်ဒဏ်ပေး၊ ထောင်ချခဲ့တာပါ။ အရပ်သားအစိုးရလက်ထက်မှာ အထက်ပါ ပုဒ်မများအပြင်
လွှတ်တော်အသစ်က ပြဋ္ဌာန်းတဲ့ ငြိမ်းစုစီ ဥပဒေကိုပါ အသုံးချပြီး နိုင်ငံရေးလှုပ်ရှားသူများကို
ဖမ်းဆီးအရေးယူနေဆဲဖြစ်ပါတယ်။ မတရားမမျှတတဲ့ ဥပဒေများ၊ အမိန့်အာဏာများကို မဖျက်သိမ်းပဲ
ဆက်လက်ကျင့်သုံးနေသ၍၊ နိုင်ငံရေးအရ အတိုက်အခံပြုသူများကို အရေးယူဖမ်းဆီးနေသ၍
"နိုင်ငံရေးအကျဉ်းသား" ဆိုတာ မြန်မာနိုင်ငံမှာ ဆက်ရှိနေဦးမှာပါ။ ဒါကြောင့်
"အကျဉ်းထောင်များဥပဒေ" မှာ "နိုင်ငံရေးအကျဉ်းသား" များရဲ့ အခန်းကဏ္ဍကို
ထည့်သွင်းရေးဆွဲဖို့ အထူးလိုအပ်လှပါတယ်။
ဥပဒေကြမ်းရဲ့ အခန်း (၁) က "အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်များ"
ဖြစ်ပါတယ်။ ဒီအခန်းမှာ "နိင်ငံရေးအကျဉ်းသား" အဓိပ္ပာယ်ဖော်ပြချက်ထည့်သွင်းဖို့
လိုအပ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ကူညီရေးအသင်း
(အေအေပီပီ)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအသင်း (FPPS) အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ၊
လူထုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့မှာပဲ ကျင်းပခဲ့ပြီး အဲဒီဆွေးနွေးပွဲကနေ နိုင်ငံရေးအကျဉ်းသား
အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ရပ်ကို အောက်ပါအတိုင်းအများသဘောတူ သတ်မှတ်နိုင်ခဲ့ပါတယ်။
"မည်သူမဆို၊
မည်သည့်အကြောင်းကြောင့်ဖြစ်စေ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့် အရေးနှင့်
တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံသားအခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ
လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်း
တို့ကြောင့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ
ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံးကိုလည်းကောင်း၊ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ
အရဖြစ်စေ၊ ဥပဒေတစ် ရပ်ရပ် အရဖြစ်စေ၊ ဖွဲ့စည်းပေါ်ပေါက်လာသော မဏ္ဍိုင် (၃)ရပ်နှင့် လုပ်ငန်းအဖွဲ့များ
(သို့မဟုတ်) ပြည်ထောင်စုအဖွဲ့ဝင် လုပ်ငန်းအဖွဲ့များ၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်များအပေါ်
နည်းလမ်းအမျိုးမျိုးဖြင့် တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ၊ ကန့်ကွက်ခြင်း၊ ဟောပြောခြင်း၊
ရေးသားပုံနှိပ် ထုတ်ဝေဖြန့်ချီခြင်း၊ ဆန္ဒထုတ်ဖေါ်ခြင်း၊ မကျေနပ်ကြောင်း၊ ကန့်ကွက်ကြောင်းကို
အခြားပုံသဏ္ဍာန် တစ်ခုခုဖြင့်လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ခြင်း
ဆက်စပ်ပတ်သက်ခြင်း စသည်တို့ကြောင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ ဖမ်းဆီး၊
ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံးကို လည်းကောင်းနိုင်ငံရေးအကျဉ်းသားဟုသတ်မှတ်သည်။"
အထက်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို "အကျဉ်းထောင်များဥပဒေ"
ရဲ့ အခန်း (၁) မှာ ထည့်သွင်းပြဋ္ဌာန်းသင့်ပါတယ်။
0 comments:
Post a Comment