(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၈၊ ဩဂုတ်လ ၆ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)
မြန်မာနိုင်ငံ၏
ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း
(၁၀၄) လွှတ်တော်နှင့်
အကျဉ်းထောင်များဥပဒေကြမ်း (င)
#ပြည်သူ့ဝန်ထမ်း
???
ဥပဒေကြမ်း "အခန်း (၆) အထွေထွေ" ရဲ့ ပုဒ်မ (၆၁)
မှာ "အကျဉ်းထောင်၏ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များတွင် အကျဉ်းထောင်ဝန်ထမ်းအား
အကူအညီပေးရန် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီ၍ တာဝန်ပေးအပ်ခြင်းခံရသည့် အကျဉ်းသားများအား
ဤဥပဒေအရ ပြည်သူ့ဝန်ထမ်းဟု မှတ်ယူရမည်" ဟု ဖော်ပြထားပါတယ်။ ပုဒ်မ (၆၂) မှာ
"ဤဥပဒေနှင့် ဤဥပဒေအရပြုသော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများပါ အပ်နှင်းထားသည့်
တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော အကျဉ်းထောင်ဝန်ထမ်းများအပါအဝင်
ပြည်သူ့ဝန်ထမ်းများအား ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ တရားစွဲဆိုခွင့်မရှိစေရ"
လို့ ဖော်ပြထားပါတယ်။ ဒီနေရာမှာ "ပြည်သူ့ဝန်ထမ်း" ဆိုတာကို ဆွေးနွေးချင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေ၊ စခန်းတွေမှာ အကျဉ်းထောင်ဝန်ထမ်းများရဲ့
လက်အောက်မှာ အကျဉ်းသားအချင်းချင်း ဆင့်ကဲဆင့်ကဲ အုပ်ချုပ်တဲ့ စနစ်ကို ကျင့်သုံးပါတယ်။
အကျဉ်းသားအချင်းချင်း အုပ်ချုပ်ဖို့ ခန့်အပ်တာဝန်ပေးခံရတဲ့ အကျဉ်းသားများကို အကျဉ်းသားအရာရှိများလို့
ခေါ်ကြပါတယ်။ အိပ်ဆောင်တွေမှာဆိုရင် အကျဉ်းသား ၁၀၀ ကျော်လောက် စုပြုံအိပ်ကြရတဲ့ အခန်းတွေရှိပြီး
အခန်းတိုင်းမှာ အခန်းလူကြီး ၁ ယောက်၊ အခန်းစာရေး ၁ ယောက်စီက အုပ်ချုပ်ကြပါတယ်။ အိပ်ဆောင်တစ်ခုလုံးရဲ့
အကျဉ်းသားအရာရှိအကြီးအကဲကို "တန်းစီး" လို့ ခေါ်ပြီး အဆောင်မှူးရုံးစာရေးဆိုတာ
ရှိပါတယ်။ ထောင်တစ်ထောင်လုံးရဲ့ အကျဉ်းသားအကြီးအကဲကို "တန်းစီးချုပ်" လို့
ခေါ်ပါတယ်။
အလုပ်ဋ္ဌာနများကို "ဘုတ်" လို့ခေါ်ပြီး အလုပ်ဋ္ဌာနအလိုက်
ခေါင်းဆောင်ကို "ဘုတ်ကိုင်" လို့ခေါ်ပါတယ်။ တောင်ယာဘုတ်၊ မိလ္လာဘုတ်၊ ထမင်းဘုတ်၊
သန့်ရှင်းရေးဘုတ် စတဲ့ အိပ်ဆောင်တွင်းအလုပ်ဘုတ်တွေကို ဘုတ်ကိုင်အသီးသီးက အုပ်ချုပ်ကြပါတယ်။
လက်သမား၊ စက်ချုပ်၊ မွေးမြူရေး၊ ဖိနပ်ချုပ် စတဲ့ အိပ်ဆောင်အပြင်ဘက် ထွက်အလုပ်လုပ်ရတဲ့
အလုပ်ဘုတ်များမှာလည်း ဘုတ်ကိုင်များက အုပ်ချုပ်ပါတယ်။ အိပ်ဆောင်ထဲက ရေကန်မှာ အကျဉ်းသားများရေချိုးတာကို
ကြီးကြပ်ကွပ်ကဲရတဲ့ အကျဉ်းသားကို " ရေကန်ဘာယာ" လို့ ခေါ်ပါတယ်။ ရာထူးအနိမ့်အမြင့်
အစဉ်လိုက်ပြောရရင် အခန်းစာရေး၊ အခန်းလူကြီး၊ ဘုတ်ကိုင်၊ ဘာယာ၊ အဆောင်စာရေး၊ တန်းစီး၊
တန်းစီးချုပ် စတဲ့ ရာထူးများမှာ တာဝန်ပေးခံရတဲ့ အကျဉ်းသားများကို အကျဉ်းသားအရာရှိများလို့
ခေါ်ကြပါတယ်။ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက တင်သွင်းတဲ့ အကျဉ်းထောင်များဥပဒေကြမ်းမှာတော့ ဒီအကျဉ်းသားအရာရှိများကို
"ပြည်သူ့ဝန်ထမ်း" လို့ သတ်မှတ်ပြီး ဥပဒေအရ အပ်နှင်းထားသော တာဝန်များကို သဘောရိုးဖြင့်
ထမ်းဆောင်ကြသည့် ၎င်းပြည်သူ့ဝန်ထမ်းများအား တရားစွဲဆိုခွင့်မရှိလို့ ပြဋ္ဌာန်းထားပါတယ်။
အကြီးအကျယ်မှားနေပြီ ထင်ပါတယ်။
ဥပဒေကြမ်းမှာ "သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော"
အကျဉ်းသားများအား အကျဉ်းထောင်၏ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များတွင် အကူအညီပေးရန်
"ပြည်သူ့ဝန်ထမ်းများ" အဖြစ် ခန့်အပ်တာဝန်ပေးသည်လို့ ဆိုထားပါတယ်။ "သတ်မှတ်အရည်အချင်းများ"
ကိုတော့ ဖော်ပြမထားပါ။ ကျနော့်ရဲ့ ထောင်တွင်းအတွေ့အကြုံများအရ ထောင်အာဏာပိုင်များရဲ့
အကျိုးစီးပွါးကို အထောက်အကူပြုနိုင်တဲ့ အကျဉ်းသားများကိုသာ အကျဉ်းသားအရာရှိများအဖြစ်
ခန့်အပ်တာဝန်ပေးတာပါ။ အချို့အကျဉ်းသားများက မိသားစုကြွယ်ဝချမ်းသာကြတော့ သူတို့ရဲ့ မိသားစုဝင်တစ်ယောက်
ထောင်ထဲမှာ အနေအထိုင်အဆင်ပြေစေရေးအတွက် မိသားစုများက အာဏာပိုင်များထံ ချဉ်းကပ်ကြပါတယ်။
မိသားစုထံက တန်စိုးလက်ဆောင်ရထားတဲ့အတွက် ထောင်အာဏာပိုင်က အဲဒီအကျဉ်းသားကို အကျဉ်းသားအရာရှိ
ရာထူးတစ်နေရာပေးပြီး ထောင်ထဲမှာ သက်တောင့်သက်သာနေရအောင် စောင့်ရှောက်ပါတယ်။ အဲဒါကို
"ဘောက်ချာဖွင့်တယ်" လို့ ခေါ်ပါတယ်။ အချို့အကျဉ်းသားအရာရှိများကတော့ မိသားစုများက
ထောင်အာဏာပိုင်ကို လာဘ်မထိုးနိုင်ပေမည့် သူတို့ကိုယ်တိုင်က ထောင်အာဏာပိုင်များအတွက်
ဝင်ငွေရှာဖွေပေးနိုင်စွမ်းရှိပါတယ်။ ထောင်ကျခါစ အကျဉ်းသားအသစ်တစ်ယောက်ကို အဲဒီအကျဉ်းသားအရာရှိများက
နည်းမျိုးစုံနဲ့ ခြိမ်းခြောက်အနိုင်ကျင့်ပြီး ငွေညှစ်တတ်ကြပါတယ်။ ပင်ပန်းဆင်းရဲမှုနဲ့
အနိုင်ကျင့်မှုတွေကို မခံစားနိုင်တော့တဲ့ အကျဉ်းသားအသစ်က ထောင်အာဏာပိုင်များကို မိသားစုကတဆင့်
ပိုက်ဆံပေးဖို့ သဘောတူလိုက်ရပါတယ်။ ဒီလိုနဲ့ အကျဉ်းသားက သူ့မိသားစုထံ ငွေပေးဖို့ စာရေး၊
အဲဒီစာကို အကျဉ်းသားအရာရှိက ထောင်အာဏာပိုင်ကို ပေး၊ ထောင်အာဏာပိုင်က အကျဉ်းသားရဲ့ မိသားစုနဲ့
ဆက်သွယ်ပြီး လာဘ်ငွေရယူ၊ အဲဒီလို အလုပ်ဖြစ်ကြပါတယ်။
နောက်တစ်မျိုးကတော့ ဆိုးလွန်း၊ မိုက်လွန်းလို့ ထောင်အာဏာပိုင်များက
အကျဉ်းသားအရာရှိအဖြစ် မြှောက်စားတာပါ။ ထောင်ဆိုတာ "မတစ်ထောင်သားတွေ" စုဝေးရောက်ရှိနေရာမို့
ထောင်ထဲမှာ "မေတ္တာသုတ်" ရွတ်နေလို့ မရဘူးလို့ ထောင်ဝန်ထမ်းများ ပြောဆိုလေ့ရှိပါတယ်။
လူဆိုး၊ လူမိုက်တွေကို အုပ်ချုပ်ဖို့ လူဆိုး၊ လူမိုက်တွေကိုပဲ တာဝန်ပေးကြတာပါ။ ဒါကြောင့်
ထောင်အာဏာပိုင်များက လူသတ်မှု၊ မုဒိန်းမှု၊ အလောင်းဖျောက် စတဲ့ ပြစ်မှုကြီးများနဲ့ နှစ်ကြီးကြီးထောင်ဒဏ်ကျသူများ၊
ထောင်ထဲကို အကြိမ်ကြိမ်ဝင်ထွက်နေတဲ့ ရာဇဝင်လူဆိုးကြီးများကို တန်းစီးများအဖြစ် တာဝန်ပေးတတ်ကြပါတယ်။
ထောင်အာဏာပိုင်များကလည်း သူတို့ရဲ့ အကျိုးစီးပွါးကို အထောက်အကူပြုနေတဲ့
အကျဉ်းသားအရာရှိများကို ပြန်လည်စောင့်ရှောက်ကြည့်ရှုကြပါတယ်။ လျှော့ရက်တွေ အများကြီးပေးတဲ့အပြင်
အဲဒီ အကျဉ်းသားအရာရှိတွေ ထောင်ထဲမှာ ဂိုဏ်းတွေဖွဲ့ပြီး အခြားအကျဉ်းသားတွေကို အနိုင်ကျင့်တာ၊
မူးယစ်ဆေးဝါးသုံးစွဲတာ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးတာ၊ အကျဉ်းသားငယ်လေးများကို
ခြိမ်းခြောက်ပြီး လိင်တူဆက်ဆံတာ (ဂျိုမွေးတယ်လို့ ခေါ်ပါတယ်)၊ ထောင်အပြင်မှာကျန်ရစ်ခဲ့တဲ့
လူဆိုးဂိုဏ်းဝင်များကို ထောင်ထဲကနေ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အမိန့်တွေပေးနေတာ စတဲ့
မကောင်းမှုတွေကို ထောင်အာဏာပိုင်တွေက မသိချင်ယောင်၊ မမြင်ချင်ယောင် ဆောင်နေတတ်ကြပါတယ်။
အကျဉ်းသားအရာရှိအချင်းချင်း ပြဿနာတက်၊ ခိုက်ရန်ဖြစ်ပွါးမှပဲ ထောင်အာဏာပိုင်များက အရေးယူပါတော့တယ်။
အဲဒီလို အကျဉ်းထောင်ထဲမှာ ထောင်အာဏာပိုင်များရဲ့ အကျိုးစီးပွါးကို
အထောက်အကူပြုရင်း အကျဉ်းသားအချင်းချင်း နိုင့်ထက်စီးနင်း အနိုင်ကျင့်နေကြတဲ့ အကျဉ်းသားအရာရှိများကို
"ပြည်သူ့ဝန်ထမ်း" လို့ သတ်မှတ်မယ်ဆိုတာကတော့ မဖြစ်သင့်ဘူးထင်ပါတယ်။ ပုဒ်မ
(၆၁) တစ်ခုလုံးကို လုံးဝပယ်ဖျက်ပြီး ပုဒ်မ (၆၂) မှာလည်း "ပြည်သူ့ဝန်ထမ်းများ"
ဆိုတဲ့ စကားလုံးကို ပယ်ဖျက်သင့်ပါတယ်။
#အကျဉ်းထောင်နှင့်
ပညာရေး
ဘယ်နိုင်ငံမှာမဆို ရာဇဝတ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ကျလာတဲ့
အကျဉ်းသားများကို လေ့လာကြည့်ရင် အများစုဟာ ပညာမတတ်သူများ၊ ပညာရေးအဆင့်နိမ့်ကျသူများ
ဖြစ်နေတာ တွေ့ရပါတယ်။ ဘဝပေးအခြေအနေ အကြောင်းကြောင်းကြောင့် ကျောင်းတက်ခွင့်၊ စာပေသင်ကြားခွင့်
မရှိကြသူတွေ၊ ကျောင်းစာကို နှစ်အနည်းငယ်သာ သင်ယူခွင့်ရခဲ့ကြသူတွေဖြစ်တာမို့ အသိဉာဏ်နဲ့
ဆင်ခြင်တုံတရားအားနည်းပြီး အမှားတွေကို မလွှဲမရှောင်သာ ကျူးလွန်မိခဲ့ကြသူတွေ များလှပါတယ်။
ပညာရေးအခြေခံအားနည်းတော့ ဥပဒေဆိုတာကို နားမလည်၊ ဥပဒေအရ ခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေကို
နားမလည်ပဲ ရဲတပ်ဖွဲ့ဝင်ရဲ့ ရိုက်နှက်ခြိမ်းခြောက်မှု၊ အစိုးရရှေ့နေရဲ့ လှည့်ဖျားဖိအားပေးမှုနဲ့
တရားသူကြီးရဲ့ မမျှတမှုများကြောင့် အပြစ်မရှိပဲ ထောင်ကျရသူများလည်း ရှိနိုင်ပါတယ်။ ဒါကြောင့်
အကျဉ်းသားတွေကို အကျဉ်းထောင်ထဲမှာ နာကျင်မှုတွေနဲ့ ဘဝဆုံးမသွားစေပဲ ပြစ်ဒဏ်ကာလပြီးမြောက်ပြီးတဲ့နောက်မှာ
လူ့အဖွဲ့အစည်းထဲကို တန်ဘိုးတစ်စုံတစ်ရာရှိတဲ့ လူသားများအဖြစ် ပြန်လည်ဝင်ရောက်နိုင်ဖို့
အကျဉ်းထောင်အတွင်းမှာ အကျဉ်းသားများအတွက် ပညာသင်ကြားရေးစနစ်များကို တီထွင်ဖန်တီးပေးရမှာ
ဖြစ်ပါတယ်။
အကျဉ်းသားများအတွက် ပညာသင်ကြားရေးမှာ (၁) လုံးဝစာမတတ်သူများကို
စာတတ်မြောက်အောင် သင်ကြားခြင်း၊ (၂) အခြေခံပညာ တစ်ပိုင်းတစ်စသင်ကြားခဲ့ဘူးသူများကို
အခြေခံပညာ အလယ်တန်းအဆင့်၊ အခြေခံပညာ အထက်တန်းအဆင့်များ ပြီးဆုံးအောင်မြင်အောင် သင်ကြားခြင်း၊
(၃) တက္ကသိုလ်ပညာ သင်ကြားနေဆဲ အကျဉ်းသားများကို အကျဉ်းထောင်တွင်း ကိုယ်ပိုင်လေ့လာခွင့်ဖြင့်ဖြစ်စေ၊
အဝေးသင်စနစ်ဖြင့် ဖြစ်စေ စာမေးပွဲများဖြေဆိုနိုင်အောင် စီစဉ်ပေးခြင်း၊ (၄) အသက်မွေးဝမ်းကြောင်းပညာများ
တတ်မြောက်လိုသူ အကျဉ်းသားများအတွက် အကျဉ်းထောင်တွင်း အလုပ်ဋ္ဌာနများတွင် အသက်မွေးဝမ်းကြောင်းပညာ
သင်ကြားပေးခြင်း၊ စတာတွေ အနည်းဆုံး ပါဝင်ပါတယ်။
ဥပဒေကြမ်းရဲ့ အခန်း (၂)၊ ပုဒ်မ (၁၄) မှာ "အကျဉ်းဦးစီးဋ္ဌာနသည်
ပညာတစ်ပိုင်းတစ်စဖြစ်နေသော အကျဉ်းသားများနှင့် စာပေမတတ်မြောက်သူ အကျဉ်းသားများအား စာပေပညာများ
သင်ကြားနိုင်ရန် စီမံဆောင်ရွက် ပေးရမည်" လို့ ဖော်ပြထားပါတယ်။ အကျဉ်းသားများအတွက်
ပညာသင်ကြားရေးဟာ အကျဉ်းသားများအား အသိပညာနဲ့ ဆင်ခြင်တုံတရားများ တိုးပွါးစေတဲ့အပြင်
နောင်ဖြစ်ပေါ်လာမည့် ရာဇဝတ်မှုများကိုလည်း လျော့နည်းစေနိုင်တာမို့ တိုင်းပြည်အတွက် အင်မတန်အကျိုးရှိတဲ့
ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် အကျဉ်းထောင်တွင်း ပညာသင်ကြားရေးအတွက် ဒီပုဒ်မ (၁၄) တစ်ခုတည်းနဲ့
မလုံလောက်ပါ။ အကျဉ်းဦးစီးဋ္ဌာနတစ်ခုတည်းကို တာဝန်ပေးမထားပဲ အကျဉ်းထောင် တာဝန်ခံအရာရှိများက
ဒေသအတွင်းမှာရှိတဲ့ ပညာရေးဝန်ကြီးဋ္ဌာနလက်အောက်ခံ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်/ကောလိပ်များ၊
သက်မွေးပညာသင်ကျောင်းများ၊ အရပ်ဖက်လူထုအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။
တက္ကသိုလ်ကျောင်းသားများ၊ ဆရာ/ဆရာမများ၊ အရပ်ဖက်လူထုအဖွဲ့အစည်းများကလည်း မွန်မြတ်တဲ့
အများအကျိုးပြုလုပ်ငန်းတစ်ရပ်ကို ကူညီအားပေးကြမှာပါ။ ဒါကြောင့်မို့ ဥပဒေကြမ်း၊ ပုဒ်မ
(၁၄) ရဲ့ အောက်မှာ အောက်ပါပြဋ္ဌာန်းချက်ကို ဖြည့်စွက်သင့်ပါတယ်။
"အကျဉ်းထောင်
တာဝန်ခံအရာရှိသည် မိမိအုပ်ချုပ်သည့် အကျဉ်းထောင်အတွင်းမှ အကျဉ်းသားများအား ပညာသင်ကြားပေးနိုင်ရေးအတွက်
ဒေသအတွင်းရှိ တက္ကသိုလ်/ကောလိပ်များ၊ အခြေခံပညာကျောင်းများ၊ သက်မွေးပညာကျောင်းများအား
ဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်နိုင်သည်။ အကျဉ်းသားများအား ပညာဒါနပြုရန် ကမ်းလှမ်းလာသည့်
အရပ်ဖက်လူထုအဖွဲ့အစည်းများ၏ အကူအညီများကိုလည်း ရယူရမည်။"
#ပို၍ကောင်းမွန်သော
အကျဉ်းထောင်စနစ်သို့
မြန်မာနိုင်ငံက အကျဉ်းထောင်ကြီးများကို ငရဲခန်းများလို့
ခေါ်ဆိုကြပါတယ်။ အမှန်တကယ်လည်း အကျဉ်းထောင်ကြီးများဟာ စာရိတ္တပြုပြင်ရေးစခန်းများမဟုတ်ပဲ
အကျဉ်းသားများကို လူအဆင့်ကနေ တိရိစ္ဆာန်သာသာအဆင့်အထိ လျှော့ချပစ်လိုက်တဲ့ နေရာ၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့
အနိုင့်အထက်ပြုမှုများ ကြီးစိုးရာနေရာ၊ တောရဲ့ ဥပဒေ (Law of Jungle) လို့ ဆိုကြတဲ့ အားကြီးသူနဲ့
ကောက်ကျစ်သူများက ရှင်သန်အောင်မြင်ပြီး အားနည်းသူများ၊ ရိုးဖြောင့်သူများ အတုန်းအရုံး
ကျဆုံးကြရတဲ့နေရာ၊ အပြစ်မဲ့သူတစ်ယောက်ကို မိုက်မဲတတ်အောင်၊ အနည်းငယ်မိုက်မဲသူကို ပိုပြီးမိုက်မဲအောင်
မကောင်းမှုမျိုးစုံလေ့ကျင့်သင်ကြားပေးရာ နေရာများဖြစ်နေတာကို ကိုယ်တွေ့ အတွေ့အကြုံများအရ
သိခဲ့ရပါတယ်။ ဒီမိုကရေစီစနစ်ကို ဦးတည်လျှောက်လှမ်းနေတဲ့ ခေတ်မှာ အဲဒီ ငရဲခန်းကြီးတွေကို
လူသားဘဝကို ဖေးမမြှင့်တင်တဲ့ ကယ်ဆယ်ပြုပြင်ရေးစခန်းကြီးများအဖြစ် ပြောင်းလဲနိုင်ဖို့
အထူးလိုအပ်ပါတယ်။ အဲဒီလိုအပ်ချက်ကို အကောင်အထည်ဖော်နိုင်မည့် လမ်းညွှန်ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းဖို့က
ဥပဒေပြုလွှတ်တော်ရဲ့ တာဝန်ဖြစ်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များက
ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ရေးဆွဲတင်သွင်းတဲ့ "အကျဉ်းထောင်များဥပဒေကြမ်း" ကို
ဒီဆောင်းပါးမှာ ပါဝင်တဲ့ အကြံပြုချက်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ အရပ်ဖက်လူထုအဖွဲ့အစည်းများရဲ့
အကြံပြုချက်များနဲ့ ပေါင်းစပ်၊ နှိုင်းယှဉ်စဉ်းစားပြီး ပိုပြီးကောင်းမွန်ပြည့်စုံတဲ့၊
အကျဉ်းသားများ၏ အခွင့်အရေးများကို အပြည့်အဝအာမခံတဲ့ "အကျဉ်းထောင်များဥပဒေ"
ကို ပြဋ္ဌာန်းအတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အောင်ဒင်
(ဇူလိုင် ၁ ရက်၊ ၂၀၁၅)
(ဇူလိုင် ၁ ရက်၊ ၂၀၁၅)
0 comments:
Post a Comment