(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၇၊ ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)
မြန်မာနိုင်ငံ၏
ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း
(၁၀၃) လွှတ်တော်နှင့်
အကျဉ်းထောင်များဥပဒေကြမ်း (ဃ)
#အကျဉ်းထောင်တွင်း
ပြစ်မှုများ
ဒီဥပဒေကြမ်းရဲ့ အခန်း (၄) မှာ အကျဉ်းထောင်ပြစ်မှုများနဲ့
ပြစ်ဒဏ်များကို ဖော်ပြထားပါတယ်။ ပုဒ်မ (၄၃) မှာ ပုဒ်မခွဲ (က) ကနေ (ဏ) အထိ အကျဉ်းထောင်တွင်းမှာ
အကျဉ်းသားတို့ရှောင်ကျဉ်ရမည့် ပြစ်မှု (၁၅) မျိုးကို ဖော်ပြထားပြီး ပုဒ်မ (၄၄)၊ ပုဒ်မခွဲ
(က)၊ ပုဒ်မငယ် (၁) ကနေ (၈) အထိ ပြစ်ဒဏ်အမျိုးအစား (၈) မျိုးကို ဖော်ပြထားပါတယ်။ ပုဒ်မ
(၄၄)၊ ပုဒ်မခွဲ (ခ) မှာတော့ တာဝန်ခံအရာရှိက ပြစ်ဒဏ်ပေးခြင်းခံရတဲ့ အကျဉ်းသားဟာ ပြစ်ဒဏ်က
မမျှတဘူးထင်ရင် ညွှန်ကြားရေးမှူးချုပ်ထံ အယူခံခွင့်ရှိပြီး ညွန်ကြားရေးမှူးရဲ့ အဆုံးအဖြတ်သည်
အပြီးအပြတ်ဖြစ်သည်လို့ ဖော်ပြထားပါတယ်။ မလုံလောက်ပါ။
ထောင်ထဲမှာ ၄ နှစ်ကျော်နေခဲ့ရတဲ့ အတွေ့အကြုံအရ အကျဉ်းသားတစ်ယောက်အတွက်
ထောင်တွင်းမှာ ဆုရဖို့မလွယ်ပေမည့် အပြစ်ရဖို့ အင်မတန်လွယ်ပါတယ်။ သက်ဆိုင်ရာ ထောင်မှူး၊
ထောင်ပိုင်၊ ထောင်ဝန်ထမ်းက အကျဉ်းသားတစ်ဦးတစ်ယောက်အပေါ် မကြည်မလင် မျက်မာန်ရှပြီဆိုရင်
အပြစ်တွေ့တော့တာပါပဲ။ နိုင်ငံရေးအကျဉ်းသားတွေဘဝက ပိုဆိုးပါတယ်။ ထောင်အာဏာပိုင်တွေရဲ့
တာဝန်ပေးချက်အရ ရာဇဝတ်အကျဉ်းသားတွေက နိုင်ငံရေးအကျဉ်းသားများကို မသိမသာ စုံစမ်းထောက်လှမ်းနေကြပြီး
ထောင်အာဏာပိုင်တွေဆီက ဆုလဒ်ရအောင် မဟုတ်မမှန်သတင်းတွေ လုပ်ကြံပေးတတ်ကြပါတယ်။ အဲဒီ သတင်းမှားတွေကို
ထောင်အာဏာပိုင်တွေက အလွယ်တကူ ယုံကြည်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပြစ်ဒဏ်ပေးကြပါတယ်။
အပြစ်ရှိတယ်ဆိုပြီး ထောင်တွင်းရုံးမှာ စစ်ဆေးခံရတဲ့ အကျဉ်းသားမှာလည်း ကိုယ့်ကိုယ်ကို
ခုခံကာကွယ်ဖြေရှင်းခွင့်မရှိပဲ ထောင်အာဏာပိုင်များ တချက်လွှတ်အမိန့်နဲ့ ချမှတ်တဲ့ ပြစ်ဒဏ်ကို
ခါးစီးခံစားကြရပါတယ်။ ပြစ်ဒဏ်တွေကလည်း ရိုက်နှက်ကန်ကြောက်တာ၊ ခြေသလုံးကို ကြိမ်လုံးနဲ့
ရိုက်တာ၊ ခြေထောက်နှစ်ချောင်းကို သံခြေချင်းခတ်တာ၊ သံခြေချင်းကိုမှ နှစ်ပိသာအလေး၊ သုံးပိသာအလေး၊
၅ ပိသာအလေး စတဲ့ အလေးချိန်အမျိုးမျိုးနဲ့ အညှိုးကြီးမှုအလိုက် ခြေချင်းခတ်တာ၊ သံခြေချင်းအပြင်
ခြေနှစ်ချောင်းကြားမှာ သံထောက်ထည့်တာ၊ တိုက်ပိတ်တာ၊ ဆန်ကြမ်းထမင်းကို သဲရောပြီးကျွေးတာ၊
အမှောင်တိုက်ထဲထည့်တာ၊ ထောင်ဝင်စာပိတ်တာ၊ လျှော့ရက်ဖြတ်တာ၊ နောက်မှုနဲ့ တရားစွဲတာ စတဲ့
မတရားမှုမျိုးစုံဖြစ်ပါတယ်။ အဲဒီမတရားမှုတွေ
ထပ်မံမဖြစ်ပွါးစေဖို့ ဒီအကျဉ်းထောင်များဥပဒေမှာ အကျဉ်းသားများရဲ့ ခုခံချေပခွင့်နဲ့
ပါတ်သက်ပြီး ရှင်းရှင်းလင်းလင်းထည့်သွင်းဖို့ လိုအပ်ပါတယ်။
ကုလသမဂ္ဂစီးပွါးရေးနှင့် လူမှုရေးကောင်စီက ချမှတ်ထားတဲ့ ပြဋ္ဌာန်းချက်များကို
ကိုးကားပြီး အကျဉ်းထောင်များဥပဒေကြမ်းမှာ အောက်ပါအချက်များ ထည့်သွင်းရေးဆွဲရန် အကြံပြုပါတယ်။
၁။
အကျဉ်းသားများကို ဥပဒေအရသတ်မှတ်ထားသော ထောင်တွင်းပြစ်မှုများမှ အပ အခြားပြစ်မှုများဖြင့်
အရေးယူခြင်းမပြုရ။
၂။
အကျဉ်းထောင်ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသော အကျဉ်းသားအား ၎င်းအား စွပ်စွဲထားသည့် ပြစ်မှုအကြောင်းကို
သေသေချာချာ သိရှိနားလည်စေ၍ ၎င်းစွပ်စွဲချက်ကို ခုခံဖြေရှင်းရန် အခွင့်အရေးအလုံအလောက် ပေးရမည်။
၃။
အကျဉ်းထောင်/စခန်း တာဝန်ခံအရာရှိမှ တာဝန်ပေးသော စုံစမ်းစစ်ဆေးရေးအဖွဲ့က စွပ်စွဲချက်နှင့်
ခုခံချေပချက်များကို ကြားနာပြီး အမှုဖြစ်စဉ်ကို သေချာစွာ စုံစမ်းစစ်ဆေးရမည်။
၎။
စစ်ဆေးရေးအဖွဲ့၏ အကြံပြုချက်အပေါ် အခြေခံ၍ အကျဉ်းထောင်/စခန်း တာဝန်ခံအရာရှိမှ အမှုနှင့်ပါတ်သက်သည့်
ဆုံးဖြတ်ချက်ကို ချမှတ်ရမည်။
၅။
အပြစ်ပေးခံရသူက ကျေနပ်မှုမရှိလျင် အကျဉ်းဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ်ထံ အယူခံတင်ပြခွင့်ရှိသည်။
ညွှန်ကြားရေးမှူးချုပ်မှ အခြားသော အကျဉ်းထောင်/စခန်းမှ အရာရှိများပါဝင်သည့် အဖွဲ့ဖြင့်
အမှုကို ထပ်မံစစ်ဆေးရမည်။ ၎င်းအဖွဲ့၏ အကြံပြုချက်ဖြင့် ညွှန်ကြားရေးမှူးချုပ်က အယူခံအပေါ်
အဆုံးအဖြတ်ပေးရမည်။ ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။
၆။
အကျဉ်းသားများအား အပြစ်ပေးရာတွင် ရိုက်နှက်ညှင်းပန်းခြင်း၊ အမှောင်တိုက်ထဲတွင် တိုက်ပိတ်ခြင်း၊
လူ့ဂုဏ်သိက္ခာကို ထိခိုက်စော်ကားနိမ့်ကျစေခြင်း၊ လက်ထိပ်ခတ်ခြင်း၊ သံခြေချင်းခတ်ခြင်း၊
သံခြေချင်းနှင့် သံထောက်ခတ်ခြင်း၊ မိသားစုနှင့် အလွန်ဝေးလံသော ထောင်များသို့ ပြောင်းရွှေ့ခြင်း၊
စသည်များ လုံးဝမပြုလုပ်ရ။
#ပယ်ဖျက်သင့်သော
ပြစ်ဒဏ်များ
ဒီဥပဒေကြမ်း အခန်း (၄)၊ ပုဒ်မ (၄၄)၊ ပုဒ်မခွဲ (က)၊ ပုဒ်မငယ်
(၅) မှာ "ကာလအတိုင်းအတာတစ်ခုအထိ လက်ထိပ် သို့မဟုတ် သံခြေချင်းခတ်ခြင်း စသည်တို့ဖြင့်
ပြစ်ဒဏ်ပေးခြင်း" ဆိုပြီး ဖော်ပြထားပါတယ်။ အခန်း (၂)၊ ပုဒ်မ (၆)၊ ပုဒ်မခွဲ (င)
မှာလည်း "ညွှန်ကြားရေးမှူးချုပ်သည် လုပ်ထုံးလုပ်နည်းနှင့်အညီ သုံးလအထိ သံခြေချင်းခတ်ထားသော
အကျဉ်းသားအား သုံးလထက်ကျော်လွန်၍ သံခြေချင်းခတ်သင့်ကြောင်း တာဝန်ခံအရာရှိ၏ တင်ပြချက်အပေါ်
စီစစ်၍ ခွင့်ပြုနိုင်သည်" ဟု ဖော်ပြထားပါတယ်။ ပုဒ်မ (၇)၊ ပုဒ်မခွဲ (ဆ) မှာ
"တာဝန်ခံအရာရှိသည် အကျဉ်းထောင်အခြေအနေအရဖြစ်စေ၊ အကျဉ်းသား၏ စရိုက်လက္ခဏာအရဖြစ်စေ၊
လုံခြုံစွာ ထိန်းသိမ်းထားရှိရန်လိုအပ်သည်ဟု ယူဆရသည့် မည်သည့်အကျဉ်းသားကို မဆို သံခြေချင်းခတ်ထားနိုင်သည်။
လိုအပ်ပါက သီးသန့်အခန်းတွင် သီးခြားခွဲထားနိုင်သည်" ဟု ဖော်ပြထားပါတယ်။
အထက်ပါဖော်ပြချက်များအရ ထောင်တာဝန်ခံအရာရှိဟာ မည်သည့်အကျဉ်းသားကို
မဆို "အကျဉ်းထောင်အခြေအနေအရဖြစ်စေ၊ အကျဉ်းသား၏ စရိုက်လက္ခဏာအရဖြစ်စေ၊ လုံခြုံစွာ
ထိန်းသိမ်းထားရှိရန်လိုအပ်သည်ဟု ယူဆရသည့်" ဆိုတဲ့ အင်မတန်ကျယ်ပြန့်တဲ့ အကြောင်းပြချက်နဲ့
သုံးလအထိ သံခြေချင်းခတ်နိုင်ပြီး လိုအပ်ရင် ညွှန်ကြားရေးမှူးချုပ်ရဲ့ ခွင့်ပြုချက်နဲ့
သုံးလထက်ပိုပြီး သံ ခြေချင်းခတ်နိုင်ပါတယ်။ အကျဉ်းထောင်ပြစ်ဒဏ်များမှာလည်း လက်ထိပ်၊
သံခြေချင်း၊ သံထောက်များနဲ့ ပြစ်ဒဏ်ပေးနိုင်တာ တွေ့ရပါတယ်။
ကုလသမဂ္ဂ၊ စီးပွါးရေးနှင့် လူမှုရေးကောင်စီက လက်ထိပ်၊ သံခြေချင်း၊
သံထောက် စတဲ့ လူ့လှုပ်ရှားမှုကို ကန့်သတ်ချုပ်နှောင်တဲ့ ပစ္စည်းများ (Instruments of
Restraint) ကို အကျဉ်းသားများအား အပြစ်ပေးရန် လုံးဝအသုံးမပြုရလို့ တားမြစ်ထားပါတယ်။
အကျဉ်းသားများကို ထောင်ပြောင်းရွှေ့တဲ့အခါမှာလည်း လက်ထိပ်ကလွဲလို့ သံခြေချင်း၊ သံထောက်များကို
လုံးဝအသုံးမပြုဖို့လည်း တားမြစ်ပါတယ်။ အကျဉ်းသားကို လက်ထိပ်ခတ်ပြီး ထောင်ပြောင်းရွှေ့တာတောင်မှ
ပြောင်းရွှေ့ရမည့် နေရာကို ရောက်လို့ သက်ဆိုင်ရာအာဏာပိုင်များရဲ့ အုပ်ထိန်းမှုအောက် ရောက်ရောက်ခြင်း
လက်ထိပ်ဖြုတ်ပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အကျဉ်းသားတစ်ဦးရဲ့ စိတ်ဖောက်ပြန်မှုကြောင့်
၎င်းအကျဉ်းသားကိုယ်တိုင်သော်လည်းကောင်း၊ အခြားအကျဉ်းသားများကိုသော်လည်းကောင်း အန္တရာယ်ရှိနိုင်တဲ့
အခြေအနေမျိုးမှာ ကျန်းမာရေးဝန်ထမ်းရဲ့ ထောက်ခံအကြံပြုချက်ဖြင့်သာ တာဝန်ခံအရာရှိက လက်ထိပ်ကို
အသုံးပြုရန် ညွှန်ကြားနိုင်တယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။
ဒါကြောင့်မို့ အထက်ပါ အခန်း (၄) ပုဒ်မ (၄၄) ပုဒ်မခွဲ (က)
ပုဒ်မငယ် (၅) ၊ အခန်း (၂) ပုဒ်မ (၆) ပုဒ်မခွဲ (င) ၊
ပုဒ်မ (၇) ပုဒ်မခွဲ (ဆ) စတဲ့ ပုဒ်မများကို ဒီဥပဒေကြမ်းထဲက ဖယ်ရှားသင့်ပါတယ်။
#တရားစီရင်ရေးစနစ်၏
အစစ်ဆေးခံခြင်း (Judicial Review)
လက်ရှိ ပြည်ထောင်စုတရားစီရင်ရေးဥပဒေအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်
တရားသူကြီးများဟာ ပြည်ထောင်စုတစ်ဝန်းလုံးရှိ အကျဉ်းစခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ်စခန်းများကို
အနည်းဆုံး တစ်နှစ်တစ်ကြိမ် စစ်ဆေးကြည့်ရှုနိုင်ပါတယ် (ပုဒ်မ ၆၇)။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တရားသူကြီးများ၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ခရိုင်တရားသူကြီးများဟာလည်း ၎င်းတို့ စီရင်ပိုင်ခွင့်ရှိရာဒသအတွင်းရှိ
အကျဉ်းစခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ်စခန်းများကို အနည်းဆုံး ခြောက်လတစ်ကြိမ်
စစ်ဆေးကြည့်ရှုနိုင်ပါတယ် (ပုဒ်မ ၆၈)။ ဒါဟာဖြင့် ပြည်ထောင်စုတရားစီရင်ရေးစနစ်က အကျဉ်းထောင်အုပ်ချုပ်ရေးကို
စစ်ဆေးပိုင်ခွင့်အာဏာရှိကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။ တရားသူကြီးများက အကျဉ်းထောင်များကို
စစ်ဆေးရာမှာလည်း ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ခံနေရသူများ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော
အခွင့်အရေးများ ခံစားနိုင်ရေးနှင့် အမှုများစစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေး ကို ဦးစားပေး
စစ်ဆေးမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ "အကျဉ်းထောင်များဥပဒေ" မှာ ဥပဒေအရ
ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အဝမရရှိသည့် (သို့မဟုတ်) ချိုးဖောက်ခံနေရသည့်
အကျဉ်းသား/အချုပ်သားများက သက်ဆိုင်ရာ ခရိုင်တရားသူကြီးထံ တရားဝင်တိုင်တန်းခွင့်နှင့်
ခရိုင်တရားသူကြီးမှ တိုင်တန်းချက်အား စစ်ဆေးဆုံးဖြတ်ခွင့်တွေကို အောက်ပါအတိုင်း ထည့်သွင်းရေးဆွဲသင့်ပါတယ်။
"အကျဉ်းသား
သို့မဟုတ် အချုပ်သားများသည် ဥပဒေအရ အကျဉ်းထောင်တွင်း ခံစားခွင့်ရှိသော အခွင့်အရေးများ
မရရှိခြင်း၊ အခွင့်အရေးများ ချိုးဖောက်ခံနေရခြင်း၊ အကျဉ်းထောင်အာဏာပိုင်များ၏ လူသားမဆန်သော
ဖိနှိပ်ချိုးနှိမ်ခံရခြင်းများ တွေ့ကြုံခံစားရပါက တစ်ဦးချင်းဖြစ်စေ၊ အများဖြင့်ဖြစ်စေ
မိသားစုများမှ တဆင့်၊ သို့မဟုတ် ၎င်းတို့၏ ရှေ့နေမှတဆင့် သက်ဆိုင်ရာအကျဉ်းထောင်တည်ရှိရာဒေသကို
စီရင်ပိုင်ခွင့်ရှိသော ခရိုင်တရားသူကြီးထံ တိုင်တန်းနိုင်သည်။ ခရိုင်တရားသူကြီးမှ အကျဉ်းသား၏
တိုင်တန်းချက်ကို ရရှိပြီး ရက်တစ်ပါတ်အတွင်း အကျဉ်းထောင်သို့ သွားရောက်၍ တိုင်တန်းသူ
အကျဉ်းသားများ၊ ထောင်အာဏာပိုင်များနှင့် အသိသက်သေများကို သီးခြားစီ စစ်ဆေးမေးမြန်းရမည်။
တိုင်တန်းချက်များမှန်ကန်ကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာအကျဉ်းထောင်အာဏာပိုင်များအား
လိုအပ်သလို အရေးယူရန် အကျဉ်းဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ်ထံ အကြောင်းကြားရမည်။ တိုင်တန်းသူအကျဉ်းသားများ၏
ဆုံးရှုံးနေသော အခွင့်အရေးများ မှန်မှန်ကန်ကန် ရရှိစေရန်၊ ညှင်းပန်းနှိပ်စက်မှုများကို
ရပ်တန့်ရန် ထောင်တာဝန်ခံအရာရှိအား ညွှန်ကြားရမည်။
တိုင်တန်းသူအကျဉ်းသားများအား
မည်သည်နည်းနှင့်မျှ ထောင်အာဏာပိုင်များက ဂလဲ့စားချေ၊ ဒါဏ်ခတ်ခြင်း မပြုလုပ်ရ။"
#အချုပ်အကျဉ်းသား
ဒီဥပဒေကြမ်း၊ ပုဒ်မ (၃၉) နဲ့ (၄၀) မှာ တရားမအကျဉ်းသားများနဲ့
အချုပ်အကျဉ်းသားများနဲ့ ပါတ်သက်ပြီး ဖော်ပြထားပါတယ်။ အချုပ်အကျဉ်းသားများနဲ့ ပါတ်သက်လို့
ကုလသမဂ္ဂစီးပွါးရေးနှင့် လူမှုရေးကောင်စီက အောက်ပါအတိုင်း ပြဋ္ဌာန်းထားတာကို အကျဉ်းထောင်များဥပဒေမှာ
ထည့်သွင်းပြဋ္ဌာန်းသင့်ပါတယ်။
"ရဲစခန်းအချုပ်၌
ဖမ်းဆီးထိန်းသိမ်းထားသည်ဖြစ်စေ၊ အကျဉ်းထောင်တွင်း၌ ထိန်းသိမ်းထားသည်ဖြစ်စေ တရားရုံးတွင်
အမှုရင်ဆိုင်နေရဆဲ (သို့မဟုတ်) တရားရုံးတွင် အမှုရင်ဆိုင်ရန် စောင့်နေရဆဲ အချုပ်သားတစ်ယောက်ကို
တရားရုံးမှ ပြစ်ဒဏ်မချမချင်း အပြစ်မဲ့သူဟု သတ်မှတ်ရမည်ဖြစ်၍ အပြစ်မဲ့သူအဖြစ် ဆက်ဆံရမည်။"
0 comments:
Post a Comment