BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, August 6, 2015

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် အပိုင်း (၁၀၂)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၆၊ ဇူလိုင်လ ၂၃ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)


မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၁၀၂) လွှတ်တော်နှင့် အကျဉ်းထောင်များဥပဒေကြမ်း (ဂ)

#အကျဉ်းသားများအား ဆက်ဆံရာတွင် ထားရှိရမည့် အနည်းဆုံးအဆင့်လိုအပ်ချက်များ

ကုလသမဂ္ဂစီးပွါးရေးနှင့် လူမှုရေးကောင်စီ (United Nations Economic and Social Council) က ၁၉၅၇ ခုနှစ်က စတင်အတည်ပြုခဲ့ပြီး ၁၉၇၇ ခုနှစ်မှာ ထပ်မံအတည်ပြုခဲ့တဲ့ "အကျဉ်းသားများအား ဆက်ဆံရာတွင် ထားရှိရမည့် အနည်းဆုံးအဆင့် လိုက်နာရမည့်စည်းမျဉ်းများ" (Standard Minimum Rules for the Treatment of Prisoners) မှာ အကျဉ်းသားများအား စီမံခန့်ခွဲခြင်းနဲ့ ပါတ်သက်ပြီး  "အိပ်စက်ရန် နေရာချထားခြင်း" (Accommodation)၊ သန့်ရှင်းရေး (Personal Hygiene)၊ အဝတ်အထည်နှင့် အိပ်ယာ (Clothing and Bedding)၊ အစားအသောက် (Food)၊ လေ့ကျင့်ခန်းနှင့် အားကစား (Exercise and Sport)၊ ကျန်းမာရေးစောင့်ရှောက်မှု (Medical Services)  စတဲ့ ခေါင်းစဉ်ခွဲတွေနဲ့ စုစုပေါင်း စည်းမျဉ်း (၁၈) ခု ပြဋ္ဌာန်းထားပေမည့် ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ရေးဆွဲတဲ့ ဒီဥပဒေကြမ်းမှာတော့ ပုဒ်မ (၂၅) တစ်ခုထဲ ဖော်ပြထားပါတယ်။ မလုံလောက်ပါ။ ကုလသမဂ္ဂစီးပွါးရေးနှင့် လူမှုရေးကောင်စီက ချမှတ်ထားတဲ့ ပြဋ္ဌာန်းချက်များကို ကိုးကားပြီး၊ ကျနော်တို့ အကျဉ်းထောင်ထဲမှာ နေခဲ့ရတဲ့ အတွေ့အကြုံများကို သတိရပြီး အကျဉ်းထောင်များဥပဒေကြမ်းမှာ အောက်ပါအချက်များ ထည့်သွင်းရေးဆွဲရန် အကြံပြုပါတယ်။

၁။ အကျဉ်းသားများ၏ အိပ်စက်ရာနေရာသည် တိုက်ခန်းများ ဖြစ်ပါက ၎င်းတိုက်ခန်းများတွင် ညအိပ်ချိန်၌ အကျဉ်းသားတစ်ဦးတည်းသာ အိပ်စက်စေရမည်။ တစ်ခါတစ်ရံ ထောင်တွင် အကျဉ်းသားဦးရေအလွန်များပြားသည့်အချိန်မျိုးတွင် ထောင်အာဏာပိုင်များက ဤသတ်မှတ်ချက်ကို ချိုးဖောက်နိုင်သော်လည်း အကျဉ်းသား နှစ်ဦးကို တိုက်ခန်းတစ်ခုအတွင်း အတူအိပ်စေခြင်းအား တတ်နိုင်သမျှ ရှောင်ကျဉ်ရမည်။
၂။ အကျဉ်းသားများ၏ အိပ်စက်ရာနေရာသည် အိပ်ဆောင်ဖြစ်ပါက တစ်ယောက်နှင့်တစ်ယောက် သင့်မြတ်မည်ဟုယုံကြည်ရသော အကျဉ်းသားများအား အိပ်ဆောင်က လက်ခံနိုင်သမျှသာ ရွေးချယ်ထားရှိရမည်။ ၎င်းအိပ်ဆောင်များသည် ညဖက်တွင် ထောင်အာဏာပိုင်များ၏ အနီးကပ်စောင့်ကြပ်ကြည့်ရှူမှုအောက်တွင် ရှိရမည်။
၃။ အကျဉ်းသားများ၏ အိပ်စက်ရန်နေရာများသည် တိုက်ခန်းဖြစ်စေ၊ အိပ်ဆောင်ဖြစ်စေ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ သန့်ရှင်းခြင်း၊ လူတစ်ကိုယ်အိပ်စက်ရန် လုံလောက်သောအကျယ်အဝန်း၊ မီးအလင်းရောင်၊ အပူဓာတ်၊ အအေးဓာတ် စသည့် ကျန်းမာရေးအတွက် လိုအပ်ချက်များအားလုံး ပြည့်စုံရမည်။
၎။ အကျဉ်းသားများ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကူးစက်ရောဂါများ မဖြစ်ပွါးစေရေးအတွက် နေ့စဉ် သန့်ရှင်းသော သောက်ရေအလုံအလောက်ရရှိရေး၊ ချိုးရေအလုံအလောက် ရရှိရေး၊ သန့်ရှင်းစင်ကြယ်သော အိမ်သာများ အသုံးပြုခွင့်ရှိရေးများကို အကျဉ်းထောင်တာဝန်ခံက တာဝန်ယူရမည်။ အိမ်သာသုံးပစ္စည်းများကို အကျဉ်းထောင်/စခန်းမှ အလုံအလောက် ထောက်ပံ့ရမည်။
၅။ မိမိတို့၏ ကိုယ်ပိုင်အဝတ်ကို ဝတ်ဆင်ခွင့်မရသော အကျဉ်းသားများအတွက် ရာသီဥတုနှင့်ကိုက်ညီသော အဝတ်အထည်များကို အကျဉ်းထောင်/စခန်းမှ အလုံအလောက် ထောက်ပံ့ရမည်။ ၎င်းအဝတ်အထည်များ သန့်ရှင်းသပ်ရပ်နေအောင် ပုံမှန် လျှော်ဖွတ်ပေးရမည်။
၆။ မိမိတို့၏ ကိုယ်ပိုင်အဝတ်အထည်များကို ဝတ်ဆင်ခွင့်ရှိသော အချုပ်အကျဉ်းသားများအတွက် လုံလောက်သော အဝတ်အထည်များ ရရှိရေး ထောင်အာဏာဏာပိုင်များက ၎င်းတို့၏ မိသားစုများနှင့် ဆက်သွယ်စီစဉ်ပေးရမည်။ ၎င်းအဝတ်အထည်များ သန့်ရှင်းသပ်ရပ်နေအောင် ပုံမှန် လျှော်ဖွတ်ပေးရမည်။
၇။ အကျဉ်းသားအားလုံးအတွက် သန့်ရှင်းစင်ကြယ်သော သီးခြားမွေ့ယာ၊ စောင်၊ ခြင်ထောင်နှင့် ကုတင်/ကွပ်ပျစ်များကို အကျဉ်းထောင်/စခန်းမှ ထောက်ပံ့ပေးရမည်။ ယင်းပစ္စည်းများကို အချိန်ကာလသတ်မှတ်ချက်ဖြင့်သော်လည်းကောင်း၊ ပျက်စီးဆွေးမြေ့ခြင်းကြောင့်သော်လည်းကောင်း အစားထိုးလဲလှယ်ပေးရန် အကျဉ်းထောင်/စခန်းတွင် တာဝန်ရှိသည်။ 
၈။ အကျဉ်းသားများအတွက် သတ်မှတ်ထားသော အစားအသောက်များကို နေ့စဉ် ပုံမှန် အလုံအလောက်၊ အချိန်မှန်မှန်ရရှိရေးအတွက် အကျဉ်းထောင်/စခန်းတာဝန်ခံမှ တာဝန်ယူရမည်။ ၎င်းအစားအသောက်များသည် ကျန်းမာရေးလိုအပ်ချက်များနှင့် ပြည့်စုံ၍ အရည်အသွေးပြည့်ဝရန် အကျဉ်းထောင်/စခန်းမှ တာဝန်ယူရမည်။
၉။ အကျဉ်းသားများသည် သတ်မှတ်ချိန်အတွင်း အစာစားသောက်ရာတွင် စားပွဲရှည်၊ ထိုင်ခုံတန်းရှည်များပါဝင်သည့် အကျဉ်းထောင်တွင်း စားသောက်ဆောင်များ၌ စည်းကမ်းတကျစားသောက်ရမည်။ သန့်ရှင်းစင်ကြယ်သော၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ဆောင်များကို အကျဉ်းထောင်/စခန်းတာဝန်ခံက အကျဉ်းထောင်အတွင်း ဖွဲ့စည်း/ တည်ဆောက်ပေးရမည်။ 
၁၀။ အကျဉ်းသားများ၏ ကျန်းမာရေးအတွက် အကျဉ်းထောင်/စခန်းထဲတွင် အားကစားလေ့ကျင့်ရန် နေရာများ အကျဉ်းထောင်မှ စီစဉ်ပေးရမည်။ တိုက်ခန်းများ၌ နေရသော အကျဉ်းသားများအား တစ်နေ့လျင် အနည်းဆုံး နှစ်နာရီ တိုက်ခန်းပြင်ပ၌ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ခွင့်ပေးရမည်။
၁၁။ အကျဉ်းသားများ၏ ကျန်းမာရေးအတွက် အကျဉ်းထောင်/စခန်းတိုင်းတွင် ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ အသိအမှတ်ပြုသော ဆရာဝန် အနည်းဆုံးတစ်ယောက် ထားရှိရမည်။ ဆေးဝါးပစ္စည်းအပြည့်အစုံရှိသော ဆေးခန်း သို့မဟုတ် ဆေးရုံနှင့် ကျွမ်းကျင်သော သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများကိုလည်း ခန့်ထားပေးရမည်။ အကျဉ်းသားများအား ဆေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းကို လုံးဝမပြုလုပ်ရ။
၁၂။ အထူးကုဆရာဝန်ကြီးများ၏ ကုသမှုလိုအပ်သော အကျဉ်းသားလူနာများအား အထူးကုဆရာဝန်ကြီးများတာဝန်ကျသည့် ပြင်ပဆေးရုံများသို့ လွှဲပြောင်းကုသပေးရမည်။
၁၃။ သွား၊ ခံတွင်းနှင့်ပါတ်သက်သော ရောဂါခံစားနေရသည့် အကျဉ်းသားများအား ပြင်ပမှ သွားဖက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းများသို့ ရွှေ့ပြောင်းကုသပေးရမည်။
၁၄။ အကျဉ်းထောင်၏ ကျန်းမာရေးဝန်ထမ်း (ဆရာဝန်) သည်
(က) အကျဉ်းသားများအားကျွေးသော အစားအစာများ၏ ချက်ပြုတ် ပြင်ဆင်မှု၊ အရည်အသွေး၊ ပမာဏ
(ခ) အကျဉ်းသားများနှင့် အကျဉ်းထောင်၏ သန့်ရှင်းစင်ကြယ်မှု၊ အနံ့အသက်
(ဂ) အကျဉ်းထောင်၏ ရေဆိုးစွန့်စနစ်၊ အမှိုက်သိမ်းစနစ်၊ မိလ္လာစနစ်၊ အလင်းရောင်၊ အပူ၊ အအေး၊ လေဝင်လေထွက်
(ဃ) အကျဉ်းသားများ၏ အဝတ်အထည်နှင့် အိပ်ယာများ
(င) အကျဉ်းသားများ၏ ကျန်းမာရေးလေ့ကျင့်မှုများ
(စ) အကျဉ်းသားများ အလုပ်လုပ်ရသည့် လုပ်ငန်းခွင်များ
ကို ပုံမှန်စစ်ဆေးပြီး လိုအပ်သည်များကို အကျဉ်းထောင်/စခန်း တာဝန်ခံအရာရှိအား အကြံပေးရမည်။
၁၅။ အကျဉ်းထောင်/စခန်း တာဝန်ခံအရာရှိသည် ကျန်းမာရေးဝန်ထမ်း၏ အကြံပြုချက်များကို ၎င်း၏ လုပ်ပိုင်ခွင့်အတွင်းဖြစ်ပါက ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်။ ၎င်း၏ လုပ်ပိုင်ခွင့်အာဏာထက် ကျော်လွန်နေပါက ကျန်းမာရေးဝန်ထမ်း၏ ထောက်ခံချက်ဖြင့် အကျဉ်းဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ်ထံ အစီရင်ခံတင်ပြရမည်။  
၁၆။ အကျဉ်းထောင်/စခန်းများတွင် အကျဉ်းသားများအတွက် စာကြည့်တိုက်များ ထားရှိပေးရမည်။ ယင်းစာကြည့်တိုက်များတွင် နေ့စဉ်သတင်းစာများ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် စာအုပ်များစုဆောင်းထားရှိပြီး အကျဉ်းသားများအား အချိန်သတ်မှတ်၍ ဖတ်ရှုခွင့်ပေးရမည်။
၁၇။ အကျဉ်းသားများအား မိသားစုနှင့် ပုံမှန် ထောင်ဝင်စာတွေ့ဆုံခွင့်နှင့် စာရေးဆက်သွယ်ခွင့် ပေးရမည်။
၁၈။ အကျဉ်းသားများအား သက်ဆိုင်ရာ ဘာသာတရားအလိုက် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးရမည်။ အကျဉ်းထောင်/စခန်းတာဝန်ခံအရာရှိသည် လူများစုဖြစ်သော ဗုဒ္ဓဘာသာဝင်များအတွက် တရားဟောပြောပွဲများ၊ တရားစခန်းများ၊ ဘာသာရေးအခန်းအနားများ အခါအားလျော်စွာ စီစဉ်ပေးသလို အခြားဘာသာကိုးကွယ်သူများအတွက်လည်း သင့်တင့်လျောက်ပတ်သည့် ဘာသာရေးအခန်းအနားများ၊ ဝတ်ပြုဆုတောင်းပွဲများ ဆောင်ရွက်ခွင့်ပြုရမည်။
၁၉။ အကျဉ်းသားများအား မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများအတွက် ရှေ့တန်းလုပ်အားပေးပေါ်တာများအဖြစ် အသုံးချခြင်း လုံးဝမပြုလုပ်ရ။

၁၉၈၉ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ အင်းစိန်ထောင်နဲ့ သရက်ထောင်များမှာ လေးနှစ်ကျော်အကျဉ်းကျခဲ့စဉ်က ကျနော်ဟာ အလျား ၈ ပေ၊ အနံ ၁၂ ပေလောက်ရှိတဲ့ တိုက်ခန်းထဲမှာ ငါးယောက်အထိ စုပြုံနေခဲ့ရပါတယ်။ သံမံတလင်းကြမ်းပြင်ပေါ်မှာ ဝါးဖျာကြမ်းတစ်ချပ်ခင်းပြီး အိပ်ကြရပါတယ်။ အိပ်ဆောင်ကို ရောက်တော့ အခန်းတစ်ခန်းမှာ အကျဉ်းသား ၁၅၀ လောက် သံမံတလင်းကြမ်းပြင်ပေါ်မှာ ကြပ်ကြပ်သိပ်သိပ် ပူးကပ်ပြီး အိပ်ကြရပါတယ်။ တိုက်မှာ ထမင်းစားတော့ အခန်းအပြင်ကနေ တံခါးကြားက ထိုးပေးတဲ့ ထမင်းပန်းကန်ကို ယူပြီး အခန်းတွင်းမှာပဲ စားရပါတယ်။ အိပ်ဆောင်မှာကျတော့ အကျဉ်းသား တစ်ထောင်ကျော်လောက်ဟာ အိပ်ဆောင်ရဲ့ ကော်ရစ်ဒါကြမ်းပြင်ပေါ်မှာပဲ ယင်ကောင်တွေ၊ ပုရွက်ဆိတ်တွေ ထောင်ပေါင်းများစွာဝိုင်းရံပြီး အလုအယက် ထိုင်စားကြရပါတယ်။ ဒီလို လူသားမဆန် နှိမ့်ချခံရမှုတွေ အကျဉ်းထောင်များအတွင်းမှာ ပျောက်ကွယ်စေချင်ပါတယ်။ 

0 comments: