မိတ်ဆွေများသို့ မေတ္တာစာ
အောင်ဒင်
ဇန်နဝါရီ ၂ဝ၊ ၂ဝဝ၂ ညနေ ၆း၅၅ နာရီ
ငါတို့ဘာလုပ်ကြမလဲ ?
ပင်လယ်လို ငိုညည်းနေကြမှာလား၊
မုန်တိုင်းလို ရမ်းကား ရူးသွပ်မှာလား၊
ခန့်မှန်းရခက်တဲ့ မိုးတိမ်တွေလို
မတည်မငြိမ် ရွေ့လျားနေကြမှာလား၊
မီးတောင်လို
အချိန်စောင့်ပြီးမှ ပေါက်ကွဲရမှာလား ?
တချို့က
အတိတ်ကို လှလှပပပြန်ရေး
ကိုယ်ရည်သွေးတီးလုံးတွေနဲ့ မွမ်းမံ
ပြတိုက်နံရံမှာ ချိတ်ဆွဲကျန်ရစ်ခဲ့ ….
တချို့က
ပညာရှိဝတ် ရုံခြုံလွှမ်း
ကျမ်း စာတွေ၊ နှီးနှောဖလှယ်ပွဲတွေ
စက္ကူပေါ်ကစီမံကိန်းတွေနဲ့
လိုက်လို့မမီအောင် ချီတက်သွားကြပြီ …
တချို့လည်း
နာကျည်းဆဲ၊ ငိုကြွေးဆဲ
အလွမ်းတွေထဲမှာ နေသားတကျ
ဖန်ဆင်းခံရတဲ့ ဘဝတခုလို …
ငါ့စပယ်ရုံလေးကတော့
အပွင့်တွေဝေလိုက်
အပွင့်တွေကြွေလိုက်
အရာခပ်သိမ်းကို နားလည်ပေးလိုက်နဲ့
မိုက်မိုက်မဲမဲ သင်းပျံ့ဆဲ … ။
မိတ်ဆွေတို့ရေ
ဆောင်းပီသအောင်
နှင်းတွေကျလိုက်ကြပါစို့ … ။ ။
0 comments:
Post a Comment