ညီမလေး
အောင်ဒင်
ဇွန်၊ ၈၊ ၂ဝဝ၎
ညီမလေး
မနက်ခင်းတခုဟာ ဘယ်လောက်ပဲ
အပြာရောင်ကောင်းကင်ကြီးအောက်မှာ
ဝင်းလက်တောက်ပနေပါစေ
မင်းမပါပဲနဲ့တော့
ပြည့်စုံလှပမှာ မဟုတ်ဘူး ။
ညီမလေး
ပင်လယ်ထဲကလာတဲ့ လေပြေညှင်း
သန့်သန့်ရှင်းရှင်း၊ သင်းသင်း ပျံ့ပျံ့
မင်းရှိရာအရပ်ကို ဖြတ်သန်းတိုက်ခတ်မှသာ
ပိုပြီး မွှေးမြလာလိမ့်မယ် ။
ညီမလေး
ရန်ဖြစ်နေတဲ့နိုင်ငံတွေ
မင်းသီချင်းသံကြားတော့ ငြိမ်းချမ်း
အယဉ်ကျေးဆုံးပန်းတွေ
မင်းရဲ့အနမ်းနဲ့ လန်းဆန်း
ငါ့ရဲ့ ခြေလှမ်းတိုင်း ၊ ခြေလှမ်းတိုင်းဟာ
မင်းရဲ့ အသက်ရှူသံအောက်မှာ
ဒူးထောက်ဖို့ ၊ နာခံဖို့ပါကွယ့် ။
ညီမလေး
တိုးတိုးတိတ်တိတ် ခေါ်မယ် ။
ညီမလေး
မြတ်မြတ်နိုးနိုးခေါ်မယ် ။
ညီမလေး
အနွေးထွေးဆုံး
မင်းအပြုံးများရဲ့ ကျေးကျွန်
ရင်ခုန်သံကို မလွန်ဆန်တတ်တဲ့လူတယောက်
ခြောက်ခြောက်ချားချားကြေကွဲ
အိပ်မက်ထဲမှာ ခေါ်မယ်
ညီမလေး...
ညီမလေး
ဘဝတခုလုံး ပုံပြီးပေးဆပ်ချင်ပေမယ့်
ငါက နောက်ကျခဲ့ပြီကွယ့်
ယိုင်နဲ့နဲ့နှလုံးသား ရဲ့ နံရံမှာ
မင်းနာမည်ကို ငါရေးမယ်
တယောက်တည်းဖတ်တဲ့ သွေးပျက်မှတ်တမ်းမှာ
မင်းနာမည်ကို ငါရေးမယ်
အလုံခြုံဆုံးအတွေးတွေထဲ
မင်းနာမည်ကို ငါတေးဖွဲ့မယ်
ခွင့်ပြုပါ မိန်းကလေးရယ် ။
ချစ်ခြင်းမေတ္တာ
စင်္ကြာဝဠာလို ကျယ်ပြန့်
သမုဒ္ဒရာလို နက်ရှိုင်း
လူ့သမိုင်းလို ရိုင်းစိုင်း ၊ ခန်းနား
လှပသော၊ လျှို့ဝှက်သော ပန်းဥယျာဉ်
တခါတရံမတော့ မှောင်မှောင်မဲမဲ တောအုပ်
အဲ့ဒီတောအုပ်ကြီးထဲ
ရဲရဲရင့်ရင့်ထားရစ်ခဲ့
အလွမ်းတွေနဲ့ ကျန်ရစ်ရမယ့်လူပါ ။
ညီမလေး
အိပ်မရတဲ့ညတွေ ငါ့ကိုပေး
မေ့ပျေက်ဖို့ခက်တဲ့ မျက်နှာကလေး
ငေးကြည့်ရင်းနဲ့ တဖြေးဖြေးဝေး
ဝေးရဦးမယ့် ညီမလေး ။
1 comments:
တယ်ကဗျာဆန်တဲ့ နူးညံ့တဲ့ သူပုန်ကြီးပါလား..
Post a Comment