တာရာမင်းဝေသို့ အလွမ်း
အောင်ဒင်
သြဂုတ်လ ၁ဝ၊ ၂ဝဝ၇
ညီလေး
သြဂတ်စ်ရဲ့ မိုးရေစက်တွေထဲ
မင်းကတော့ ခွဲခွာသွားခဲ့ပြီ
မှုံမှိုင်းအေးစက်တဲ့ ကောင်းကင်မှာ
ပြိုင်မြင်းတကောင်ရဲ့ ခွာသံတွေသာ
ပဲ့တင်ထပ်ကျန်ရစ်ခဲ့……..
ညီလေး
မင်းချစ်တဲ့ ဘဝကို
မင်းအများကြီး ပြန်ပေးဆပ်ခဲ့
မင်းချစ်တဲ့ လူ့လောကကို
မင်းအနွေးထွေးဆုံး ရှိုက်နမ်းခဲ့
ဒဏ်ရာတွေအပြည့်နဲ့၊ မင်းရဲ့နှလုံးသားက
သွေးစက်စက်ကျ၊ ငိုညည်းနေတာတောင်….မှ။
အနုပညာနဲ့ နိုင်ငံရေး
ဘဝနှစ်ခုစာ မွေးဖွား
ဘဝနှစ်ခုမှာ ကြီးပြင်း
ဘဝနှစ်ခုစလုံးကို ပခုံးပေါ်မှာထမ်း
တတ်စွမ်းသမျှ၊ မင်းတာဝန်ယူခဲ့တာ
အင်းစိန်ထောင်ကြီး သိပါတယ်…
သရက်ထောင်ကြီး သိပါတယ်…
သာယာဝတီထောင်ကြီး သိပါတယ်….
“အာလူးစားသူများ” .. သိပါတယ်…ကွယ်…
ကံကြမ္မာကို မယုံရဲခဲ့ပေမယ့်
တိုးတိုးလေးဆုတောင်းခဲ့ဖူးပါရဲ့
“တနေ့တော့ ပြန်ဆုံတွေ့ကြမယ်..” လို့
ခုတော့လည်း
ဒီကံကြမ္မာကပဲ
ငါတို့ကို ရက်ရက်စက်စက် … ခွဲ…
သွားနှင့်ကွယ်
ဘဝဆိုတာ တိုတိုလေး … လို့
မင်းသက်သေ ပြခဲ့ပြီ….
အဲ့ဒီ…. ဘဝတိုတိုလေးကိုပဲ
အနက်ရှိုင်းဆုံး ချစ်မက်ကြဖို့
အမြင့်မားဆုံး ပေးဆပ်ကြဖို့
အတောက်ပဆုံး တွယ်ဖက်ရဲကြဖို့
အရိုးသားဆုံး ကြေကွဲတတ်ကြဖို့
မင်း … ငါတို့ကို သင်ပြခဲ့ပြီပဲ …..။
2 comments:
Right, life is too short but we are playing in the long and complicated story ....
အကိုနဲ့ ထပ်တူထပ်မျှ ခံစားမိပါတယ်။ မိတ်ဆွေကောင်း တယောက်ပါ။
Post a Comment