(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၂၆၊ စာမျက်နှာ ၁၈၊ ဒီဇင်ဘာ ၂၇၊ ၂၀၁၂)
မြန်မာနိုင်ငံ ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့်အဝေးကြည့်
အောင်ဒင်
အပိုင်း (၃) ဗဟိုချုပ်ကိုင်မှု ကြီးမားခြင်း
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၁ နဲ့ ၁၄၃ များအရ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်မှာ ဥက္ကဌ နဲ့ ဒု- ဥက္ကဌ များကို သက်ဆိုင်ရာ ကိုယ်စားလှယ်များထဲက ရွေးချယ် တင်မြှောက်ရပြီး အဆိုပါ ဥက္ကဌ နဲ့ ဒု ဥက္ကဌ များဟာ သက်ဆိုင်ရာ လွှတ်တော်များရဲ့ အကြီးအကဲများဖြစ်လာပါတယ်၊ လွှတ်တော်သက်တမ်း တလျှောက်လုံးမှာ လွှတ်တော်အကြီးအကဲများအတွက် ပေးအပ်ထားတဲ့ အာဏာများက ကြီးမား ကျယ်ပြန့်လှတာမို့ မြန်မာနိုင်ငံရဲ့ လွှတ်တော်နှစ်ရပ်ဟာ ပြည်သူ့ကိုယ်စားလှယ်များ စုပေါင်းတာဝန်ယူခြင်း၊ စုပေါင်း ခေါင်းဆောင်ခြင်း ဆိုတဲ့အသွင်မဆောင်ပဲ ဥက္ကဌများ ဦးဆောင်တဲ့ ဗဟိုဦးစီး စနစ်နဲ့ မောင်းနှင်နေတာကို တွေ့ရပါတယ်၊
လွှတ်တော်
ဥက္ကဋ္ဌ များဟာ သူတို့ ကြိုက်နှစ်သက် တဲ့အချိန်မှာ လွှတ်တော်အစည်းအဝေးများ ခေါ်ယူနိုင်ပြီး
သူတို့ကြိုက်နှစ်သက်တဲ့အချိန်မှာ အစည်းအဝေးများကို ရပ်ဆိုင်းနိုင်ပါတယ်၊ လွှတ်တော်အစည်းအဝေးများကျင်းပချိန်မှာလဲ
အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲပါတယ်၊ လွှတ်တော် ရဲ့ အမြဲတမ်းကော်မီတီ လေးရပ် ဖြစ်တဲ့
ဥပဒေကြမ်းကော်မီတီ၊ ပြည်သူ့ငွေစာရင်းကော်မီတီ၊ လွှတ်တော်အခွင့်အရေးကော်မီတီ နဲ့ အစိုးရ၏
အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များ စီစစ်ရေးကော်မီတီ များကို သူတို့ စိတ်တိုင်းကျ
ကိုယ်စားလှယ်များ နဲ့ စိတ်ကြိုက်ဖွဲ့စည်းတာဝန် ပေးခွင့်ရှိပါတယ်၊ လွှတ်တော် ရေးရာကော်မီတီများကိုလဲ
သူတို့ စိတ်တိုင်းကျ ကိုယ်စားလှယ်များ နဲ့ ဖွဲ့စည်းပြီး သက်တမ်းသတ်မှတ် ပေးနိုင်၊ သက်တမ်းတိုးမြှင့်ပေးနိုင်ပါတယ်၊
အဲဒါအပြင် လွှတ်တော် ကော်မရှင်များ၊ အဖွဲ့များကိုလဲ ၎င်းတို့ စိတ်တိုင်းကျ ကိုယ်စားလှယ်များ၊
လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများ နဲ့ ဖွဲ့စည်းပြီး သက်တမ်းသတ်မှတ်တာဝန်ပေးနိုင်၊ လိုအပ်သလို
သက်တမ်းတိုးမြှင့်ပေးနိုင်ပါတယ်၊ တခါ အစိုးရအဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်များကိုလဲ လွှတ်တော်အစည်းအဝေးကို
တက်ရောက်ပြီး ဋ္ဌာနဆိုင်ရာ ဆောင်ရွက်မှုများ ကို ရှင်းလင်းတင်ပြဖို့ နဲ့ မေးခွန်းများကို
ဖြေကြားဖို့ ဆင့်ခေါ်နိုင်ပါတယ်၊
လွှတ်တော်
ဥက္ကဋ္ဌ နှစ်ဦး (ဦးရွှေမန်း နဲ့ ဦးခင်အောင်မြင့်) ဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်ရဲ့
အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ "အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ"
ရဲ့ အဖွဲ့ဝင် ၁၁ ဦးမှာ ပါဝင်တာမို့ ဥပဒေပြုရေးမှာ အမြင့်ဆုံးအာဏာတွေ ရထားတဲ့အပြင် အမြင့်ဆုံး
အုပ်ချုပ်ရေးအာဏာတွေကိုလဲ ပိုင်ဆိုင်ခွင့်ရှိတာ တွေ့ရပါတယ်၊ ဒါကြောင့်မို့ လွှတ်တော်
ဥက္ကဋ္ဌများကို ၂၀၀၈ ဖွဲ့စည်းပုံက ပေးအပ်ထားတဲ့ အာဏာတွေဟာ ဥပဒေပြုရေးမှာရော၊အုပ်ချုပ်ရေးမှာပါ
များပြားလွန်းလှတာ တွေ့ရပါတယ်၊
အမေရိကန်
ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှာ အောက်လွှတ်တော် နဲ့ အထက်လွှတ်တော် ဥက္ကဋ္ဌတာဝန်များကို
လူများစုအနိုင်ရပါတီ ရဲ့ ခေါင်းဆောင် (Majority Leader) က ရရှိပါတယ်၊ အောက်လွှတ်တော်ကို
လူများစုပါတီခေါင်းဆောင်က Speaker of the House
ရာထူးနဲ့ ဦးဆောင်ပါတယ်၊ အထက်လွှတ်တော်
ရဲ့ တရားဝင် ဥက္ကဋ္ဌက အမေရိကန်ပြည်ထောင်စု ရဲ့ ဒုတိယ သမ္မတ ဖြစ်ပါတယ်၊ ဒုတိယ သမ္မတ က အထက်လွှတ်တော်
မှာ အရေးကြီးတဲ့ ဥပဒေမူကြမ်းတွေကို မဲခွဲရာမှာ ထောက်ခံ မဲ နဲ့ ကန့်ကွက်မဲ ညီမျှနေရင်
အဆုံးအဖြတ်မဲ ပေးနိုင်ဖို့သာဖြစ်ပြီး ကျန်တဲ့အချိန်တွေမှာ လူများစုပါတီခေါင်းဆောင်က
တာဝန်ပေးတဲ့ အထက်လွှတ်တော်အမတ် တစ်ယောက်က ဥက္ကဋ္ဌ (President Pro Tempore) အဖြစ်တာဝန်ထမ်းဆောင်ပါတယ်၊
ဒါကြောင့် အထက်လွှတ်တော်ရဲ့ အကြီးအကဲက လူများစုပါတီခေါင်းဆောင်ဖြစ်ပါတယ်၊ ဒါပေမည့် အမေရိကန်ပြည်ထောင်စု
ရဲ့ လွှတ်တော်အကြီးအကဲများဟာ မြန်မာနိုင်ငံက လွှတ်တော်ဥက္ကဋ္ဌများလို အကြွင်းမဲ့ အာဏာမရှိကြပါ၊
သူတို့ဟာ လွှတ်တော်အစည်းအဝေး အချိန်ဇယား ရေးဆွဲရာမှာ လူနည်းစုပါတီခေါင်းဆောင်
(Minority Leader) များနဲ့ ညှိနှိုင်းရေးဆွဲရပါတယ်၊ လွှတ်တော်ယန္တရား ကြီးကို မောင်းနှင်ရာမှာလဲ
လွှတ်တော်အကြီးအကဲများရဲ့ အောက်မှာ အဆင့်ဆင့်သော ခေါင်းဆောင်များကို သက်ဆိုင်ရာပါတီအလိုက်
ရွေးချယ်ပြီး စုပေါင်းခေါင်းဆောင်မှုနဲ့ မောင်းနှင်ကြတာပါ၊
လူများစုခေါင်းဆောင်၊
လူနည်းစုခေါင်းဆောင်များရဲ့ အောက်မှာ Whip လို့ ခေါ်တဲ့ ဒုတိယခေါင်းဆောင်များ ရှိပြီး
အဲဒီ Majority Whip နဲ့ Minority Whip များက
လွှတ်တော်အလုပ်လုပ်ချိန် ရက်များ (Congress in Session) အတွင်း ဥပဒေကြမ်းများကို မဲခွဲမည့်
အချိန်ဇယား (Floor Voting Schedule) ကို တာဝန်ခံ ပြင်ဆင်ကြရတာပါ၊ သူတို့ရဲ့အောက်မှာ
တတိယအဆင့် ခေါင်းဆောင်များဖြစ်ကြတဲ့ ပါတီမူဝါဒရေးရာကော်မီတီ ဥက္ကဋ္ဌများ (Policy
Committee Chairs) နဲ့ စတုတ္ထအဆင့်ခေါင်းဆောင်များဖြစ်ကြတဲ့ ပါတီ စုံညီအစည်းအဝေး ဥက္ကဋ္ဌများ
(Conference Chairs) ရှိကြပါတယ်၊ဒီတော့ လွှတ်တော်အကြီးအကဲ များက လွှတ်တော်ယန္တရား မှန်မှန်လည်ပါတ်နိုင်အောင်
လိုအပ်တဲ့ လမ်းညွှန်မှု ကိုပဲ ပေးပြီး လွှတ်တော်ယန္တရားကြီး တစ်ခုလုံးရဲ့ နေ့စဉ်လုပ်ငန်းများကိုတော့
အဆင့်ဆင့်သော ခေါင်းဆောင်များက အသေးစိတ် အကောင်အထည်ဖော်ကြတာပါ၊
အောက်လွှတ်တော်မှာ
ရေးရာကော်မီတီ (Committee ) ပေါင်း ၂၁ ခုရှိပြီး ဆပ်ကော်မီတီ (Sub Committee) ပေါင်း
၁၀၄ ခု ရှိပါတယ်၊ အထက်လွှတ်တော်မှာ ရေးရာကော်မီတီပေါင်း ၂၀ နဲ့ ဆပ်ကော်မီတီ ၇၃ ခု ရှိပါတယ်၊
အောက်လွှတ်တော် နဲ့အထက်လွှတ်တော် ပူးတွဲကော်မီတီ (Joint Committee) ၄ ခု ရှိပါတယ်၊အဲဒီ
ကော်မီတီ တွေ၊ ဆပ်ကော်မီတီ တွေမှာ လူများစုပါတီ
နဲ့ လူနည်းစုပါတီများက လွှတ်တော်အမတ်များ အချိုးကျပါဝင်ကြပါတယ်၊ လူများစုပါတီ
က ရွေးချယ်တာဝန်ပေးခံရသူက ကော်မီတီ၊ ဆပ်ကော်မီတီ ဥက္ကဋ္ဌများ (Chairperson) အဖြစ် တာဝန်ယူကြပြီး
လူနည်းစုပါတီက လွှတ်တော်ကိုယ်စားလှယ်များရဲ့ ခေါင်းဆောင် (Ranking Member) နဲ့ တိုင်ပင်ပြီး
ကော်မီတီ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြပါတယ်၊ နိုင်ငံတော်သမ္မတ သက်တမ်းမကုန်ဆုံးခင်
နှုတ်ထွက်သွားရင်၊ သေဆုံးသွားရင် ရာထူးဆက်ခံရမည့် အစီအစဉ် (U.S. Presidential Line
of Succession) မှာ အောက်လွှတ်တော် ဥက္ကဋ္ဌ က နံပါတ် ၂ နဲ့ အထက်လွှတ်တော် ဥက္ကဋ္ဌ က နံပါတ်
၃ မှာ ရှိတာကလွဲရင် အမေရိကန် ကွန်ဂရက်လွှတ်တော်အကြီးအကဲများမှာ အုပ်ချုပ်ရေးအာဏာ (Executive
Power) မရှိပါ၊
အမေရိကန်
ကွန်ဂရက်လွှတ်တော်မှာ လွှတ်တော် နှစ်ရပ်ပေါင်းအစည်းအဝေး (Joint Session of Congress )
ကို နိုင်ငံတော် သမ္မတရဲ့ ကျမ်းသစ္စာကျိမ်ဆိုပွဲ (Inauguration) နဲ့ တစ်နှစ် တစ်ခါ နိုင်ငံတော်
သမ္မတ ရဲ့ နိုင်ငံတော်၏အခြေအနေ (State of the Union) အစီရင်ခံစာ တင်သွင်းရာမှာ၊ ပြည်ပက
ထင်ရှားတဲ့ ပုဂ္ဂိုလ်များကို ဖိတ်ကြားဂုဏ်ပြုရာမှာပဲ ကျင်းပလေ့ ရှိပါတယ်၊ မြန်မာနိုင်ငံမှာလို
ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ဆိုပြီး မကြာခဏကျင်းပတာမျိုး မရှိပါ၊ ဥပဒေကြမ်း တစ်ခုကို
အတည်ပြုရာမှာ အောက်လွှတ်တော် နဲ့ အထက်လွှတ်တော်မှာ သီးခြားဆီ မဲခွဲဆုံးဖြတ်ကြပြီး မတူညီမှု၊
ကွဲပြားမှုတွေ ရှိရင် လွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ်အရေအတွက် အတူတူပါဝင်တဲ့ ပူးတွဲကော်မီတီ
တစ်ရပ် (Conference Committee) ကို ဖွဲ့စည်းပြီး မတူညီမှုတွေကို ညှိနှိုင်းဖြေရှင်းကြပါတယ်၊
ပူးတွဲကော်မီတီ ရဲ့ ညှိနှိုင်းမှုနဲ့ အားလုံးသဘောတူတဲ့ အခြေအနေရောက်ပြီဆိုရင် လွှတ်တော်နှစ်ရပ်မှာ
ပြင်ဆင်ထားတဲ့ ဥပဒေမူကြမ်း တစ်ခုထဲကို ပြန်လည် မဲခွဲပြီး အများစုထောက်ခံမဲ ရရင် သမ္မတစီ
ပေးပို့ပါတယ်၊
လွှတ်တော်
တခုချင်းရဲ့ အစည်းအဝေးတွေ (Floor Meeting) ကိုလဲ မြန်မာနိုင်ငံမှာလို နေ့တိုင်းခေါ်ယူကျင်းပနေတာ
မဟုတ်ပါ၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အဓိက တာဝန်ဖြစ်တဲ့ ဥပဒေကြမ်းများ ရေး
ဆွဲ ရေး၊ အစိုးရဋ္ဌာနများရဲ့ လုပ်ငန်းဆောင်ရွက်မှုများကို
စောင့်ကြည့်ဝေဘန်ရေး နဲ့ နိုင်ငံတော် နှစ်စဉ်အသုံးစားရိတ် ခွဲဝေသတ်မှတ်ရေး လုပ်ငန်းတွေ
ကို သက်ဆိုင်ရာ ရေးရာ ကော်မီတီ များမှာပဲ စတင်အခြေပြု ဆောင်ရွက်ကြရတာပါ၊ အစိုးရက တင်သွင်းတဲ့
ဥပဒေမူကြမ်းပဲဖြစ်ဖြစ်၊ လွှတ်တော်အမတ် များက တင်သွင်းတဲ့ ဥပဒေမူကြမ်းပဲ ဖြစ်ဖြစ် အားလုံးသော
ဥပဒေမူကြမ်းများကို ကော်မီတီ အဆင့်မှာ စတင် ဆွေးနွေး၊ ငြင်းခုန် ကြတာပါ၊ ကော်မီတီ အဆင့်မှာ
အကြေအလည် ဆွေးနွေးပြီး မဲခွဲလို့ အနိုင်ရတဲ့ ဥပဒေမူကြမ်းမှပဲ လွှတ်တော် တစ်ရပ်လုံးက
ဝိုင်းဝန်းဆွေးနွေး၊ မဲခွဲ နိုင်တဲ့ အဆင့် (Floor Debate and Voting) ကို ရောက်တာပါ၊
ကော်မီတီအဆင့်မှာ အရေးနိမ့်သွားတဲ့ ဥပဒေမူကြမ်းများဟာ လွှတ်တော်တစ်ခုလုံး မဲခွဲရမည့်အဆင့်ကို
ရောက်မလာတော့ပါ၊
မြန်မာနိုင်ငံမှာတော့
လွှတ်တော်ဥက္ကဋ္ဌများ က အစစအရာရာ ထိန်းချုပ်ထားတာမို့ လွှတ်တော်ကော်မီတီ များရဲ့ အခန်းကဏ္ဏဟာ
အင်မတန်အားနည်းပါတယ်၊ အမြဲတမ်းကော်မီတီများကလဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လေးခုသာ ဖွဲ့ခွင့်ရှိပြီး
ကျန်တဲ့ ကော်မီတီများ၊ ကော်မရှင်များ၊ အဖွဲ့များဟာ လွှတ်တော်ဥက္ကဋ္ဌများ က စိတ်တိုင်းကျ
သက်တမ်းသတ်မှတ်ပြီး ဖွဲ့စည်းခွင့်၊ ကန့်သတ်ခွင့်၊ ဖျက်သိမ်းခွင့်၊ရှိတဲ့ ယာယီကော်မီတီ
များသာ ဖြစ်ကြပါတယ်၊ ဒါကြောင့်လဲ နှုတ်ထွက်သွားတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ
ဆိုင်ရာခုံရုံး က အဲဒီ ယာယီ ကော်မီတီများ၊ ကော်မရှင်များ၊ အဖွဲ့များဟာ ပြည်ထောင်စုအဆင့်
အဖွဲ့များမဟုတ်ကြဘူးလို့ ဆုံးဖြတ်ခဲ့တာပါ၊ ကော်မီတီများကို စနစ်တကျ တာဝန်ခွဲဝေ မပေးထားတာကြောင့်
မလိုအပ်ပဲ စုံညီအစည်းအဝေးတွေကို နေ့စဉ်ခေါ်ယူနေရတာ တိုင်းပြည်အတွက် ကုန်ကျစားရိတ်တွေ
ကြီးမားလှပါတယ်၊
ဒါပေမည့်လဲ
ဒီလောက် လွှတ်တော် ဥက္ကဋ္ဌ များကို ဩဇာအာဏာတွေ အများကြီးပေးထားပြီး မှ ကန့်သတ်ထားတွေလဲ
ရှိပါတယ်၊ အဲဒါကတော့လွှတ်တော် ဥက္ကဋ္ဌများဟာ
တပ်မတော်သားကိုယ်စားလှယ်တွေအပေါ်မှာ လုံးဝ ဩဇာ သက်ရောက်မှု မရှိတာပါပဲ၊လွှတ်တော်
ဥက္ကဋ္ဌ များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
အမြဲတမ်းကော်မီတီတွေ၊ အခြားကော်မီတီတွေ၊ ကော်မရှင်တွေကို သူတို့ စိတ်တိုင်းကျ ဖွဲ့စည်းတာဝန်ပေးခွင့်ရှိပေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၅ (ခ) နဲ့ ၁၄၇ (ခ)
အရ ကာကွယ်ရေး နဲ့ လုံခြုံရေးရာ ကိစ္စများ၊ တပ်မတော်ဆိုင်ရာ ကိစ္စများနဲ့ ပါတ်သက်ရင် ကာကွယ်ရေးနှင့်
လုံခြုံရေးရာကော်မီတီ ကို တပ်မတော်သားကိုယ်စားလှယ်များဖြင့် သာ ဖွဲ့စည်းတာဝန်ပေးရမှာပါ၊
လုပ်ငန်းလိုအပ်ချက်များအရ တပ်မတော်သားမဟုတ်သော လွှတ်တော်ကိုယ်စားလှယ်များကိုလဲ ထည့်သွင်း
ဖွဲ့စည်းနိုင်သည်လို့ ဆိုထားပေမည့် လက်တွေ့မှာ တပ်မတော်သားကိုယ်စားလှယ်များက လက်ခံလိမ့်မယ်
မထင်ပါ၊ နှစ်နှစ်တာ သက်တမ်းအတွင်း လွှတ်တော် နှစ်ရပ်မှာ ဖွဲ့စည်းထားတဲ့ အမြဲတမ်းကော်မီ
တီ တွေ၊ အခြားကော်မီတီတွေ၊ ကော်မရှင်
တွေကို ကြည့်တော့လဲ တပ်မတော်သားကိုယ်စားလှယ် တစ်ယောက်မှ မပါဝင်ပါ၊ လွှတ်တော်
ဥက္ကဋ္ဌများ ကတမင်တကာ မထည့်တာလဲ
မဖြစ်နိုင်ပါ၊ ကာကွယ်ရေးဦးစီးချုပ်က သဘောမတူလို့ပဲ ဖြစ်ပါလိမ့်မယ်၊ ဒီတော့ လွှတ်တော်နှစ်ရပ်စလုံးမှာ
တပ်မတော်သားကိုယ်စားလှယ်တွေဟာ ဘယ်ရေးရာကော်မီတီ မှာမှမပါပဲ လွှတ်တော် ဥက္ကဋ္ဌများ ထိတွေ့ခွင့်မရှိတဲ့ သီးခြားအင်အားစုများအဖြစ်
ရပ်တည်နေတာ အထင်အရှားဖြစ်ပါတယ်၊
မြန်မာနိုင်ငံရဲ့
လွှတ်တော်ဖွဲ့စည်းပုံက လွှတ်တော်ဥက္ကဋ္ဌများကို အာဏာအလွန်အမင်းပေးထားပြီး အထက်ကအောက် ကို
(Top-down) စီးဆင်းတဲ့ ဗဟိုဦးစီးစနစ် (Centralization) ဖြစ်နေပါတယ်၊ အဲဒီ စနစ်ကို ပယ်ဖျက်ပြီး
လွှတ်တော်ဥက္ကဋ္ဌများရဲ့ အာဏာကို အတိုင်းအတာတစ်ခုထိ လျှော့ချ၊ ရေးရာကော်မီတီများကို လုပ်ပိုင်ခွင့်တွေပိုပေးပြီး
အောက်က အထက် ကို (Bottom-up) ပြန်လည် စီးဆင်းစေမှပဲ လွှတ်တော်ဟာ အမှန်တကယ်ကို ကျန်းမာသန်စွမ်းတဲ့
လူထုအကျိုးပြု ဥပဒေပြုအဖွဲ့အစည်းဖြစ်လာပါလိမ့်မယ်၊
လေးစားစွာ၊
အောင်ဒင်
ဒီဇင်ဘာ ၁၊ ၂၀၁၂
ဒီဇင်ဘာ ၁၊ ၂၀၁၂