BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, April 27, 2013

Burma's Parliament Watch Part 18

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၂၊ ဧပြီ ၂၅ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်

အပိုင်း (၁၈) လွှတ်တော်နှင့် ငြိမ်းချမ်းရေး (ဂ)

ပြည်နယ်ဥပဒေပြုခွင့်

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ စာရင်း ၂၊ ပြည်နယ်ဥဒေပြုစာရင်း "(၁) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာကိစ္စများ" ဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြည်နယ်ကောင်စီ (သို့မဟုတ်) ပြည်နယ်လွှတ်တော်များကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌန်းချက်များကို မဆန့်ကျင်ပဲ ပြည်နယ်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပြုခွင့်၊ အခါအားလျော်စွာ ပြင်ဆင်ခွင့်ပေးထားပါတယ်၊ ပြည်နယ်ဥပဒေပြုအဖွဲ့ရွေးကောက်တင်မြှောက်ခြင်း၊ ပြည်နယ်ဝန်ထမ်းရာထူးများနှင့် ပြည်နယ်ရာထူးခန့်ထားရေးအဖွဲ့များ၊ ပြည်နယ်အငြိမ်းစားလစာငွေများ၊ အထူးသဖြင့် ပြည်နယ်ကပေးရမည်ဖြစ်သော၊ သို့မဟုတ် ပြည်နယ်အခွန်ဘဏ္ဏာတော်များမှပေးရမည်ဖြစ်သော်အငြိမ်းစားလစာငွေများ၊ ပြည်နယ်ကောင်စီဥက္ကဋ္ဌနဲ့ကောင်စီဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများရဲ့ လစာနဲ့ခံစားခွင့်များဆိုင်ရာဥပဒေပြုခွင့်တွေ အပ်နှင်းထားပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအရ ယင်းကိစ္စများအားလုံးကို ပြည်ထောင်စုလွှတ်တော်ကပဲ ဆုံးဖြတ်ပါတယ်၊ ပြည်နယ်များမှာ ကိုယ်ပိုင်ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲပြဋ္ဌန်းခွင့်မရှိပါ၊
အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်အားလုံးမှာ ကိုယ်ပိုင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေရှိကြပြီး သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များက ရေးဆွဲ၊ ပြင်ဆင်၊ ပြဋ္ဌန်းကြတာပါ၊ အမေရိကန်ပြည်ထောင်စုမှာ ပါဝင်တဲ့ ပြည်နယ်များအားလုံးဟာ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်အလက်များကို မဆန့်ကျင်ပဲ ပြည်နယ်ဆိုင်ရာဖွဲ့စည်းပုံများ ရေးဆွဲခွင့်ရှိပြီး အဲဒီပြည်နယ်ဖွဲ့စည်းပုံမှာ ပြည်နယ်အဆင့်ရွေးကောက်ပွဲများ၊ ပြည်နယ်အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ဘဏ္ဏာရေး၊ လုံခြုံရေး၊ စည်ပင်သာယာရေး စတဲ့ ပြည်နယ်ဆိုင်ရာအရေးကိစ္စတွေကို ပြဋ္ဌန်းထားပါတယ်၊ ပြည်နယ်များသာမကပါ၊ ပြည်နယ်များအတွင်းမှာ ပါဝင်ကြတဲ့ ကောင်တီ (ခရိုင်) များ၊ မြို့များရဲ့ ကောင်စီများဟာလဲ သက်ဆိုင်ရာ ကောင်တီ နဲ့ မြို့တော်ဖွဲ့စည်းပုံများရေးဆွဲခွင့်ရှိကြပါတယ်၊

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ခွင့်ပြုထားတဲ့ ပြည်နယ်ကောင်စီများ ဥပဒေပြုခွင့်များအထဲမှာ နောက်ထူးခြားတဲ့ ဥပဒေပြုခွင့်ကတော့ "လုံခြုံရေး" ပါ၊ "လုံခြုံရေး" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ "ပြည်သူ့ငြိမ်ဝပ်ပိပြားရေး (သို့သော်မြို့ပြအုပ်ချုပ်မှုတွင် ကုန်းတပ်၊ ရေတပ်၊ လေတပ်ကို အသုံးပြုခြင်းမပါ)၊  ကျေးရွာပုလိပ်အပါအဝင်ဖြစ်သော ပုလိပ်၊ ပြည်နယ်ဆိုင်ရာ တရားစီရင်ရေးစနစ် နဲ့ ဗဟိုတရားရုံးရဲ့လက်အောက်ခံပြည်နယ်အတွင်း တရားရုံးများအဆင့်ဆင့်ဖွဲ့စည်းမှု၊ ပြည်နယ်အကျဉ်းထောင်များ နဲ့ ပြစ်မှုကျူးလွန်သူများအားအရေးယူခြင်း"၊ စတဲ့ကိစ္စတွေကို ဥပဒေပြုခွင့်ပေးထားပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ ပြည်နယ်လွှတ်တော်များဟာ အဆိုပါကိစ္စများကို ဥပဒေပြုခွင့်မရပါ၊
တိုင်းရင်းသားလူမျိုးစုများတောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ဆိုတာ ပြည်ထောင်စုထဲက ခွဲမထွက်ပဲ၊ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို မဆန့်ကျင်ပဲ၊ ကိုယ်ပြည်နယ်အရေးကိစ္စကို ကိုယ့်ဖာသာ စီမံခန့်ခွဲခွင့်၊ ကိုယ့်ဘာသာ ဥပဒေပြုခွင့်ပါ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်နယ်လွှတ်တော်တွေ ဖွဲ့စည်းခွင့်ပေးထားပေမည့် ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ကိုတော့ ခွင့်မပြုထားပါ၊

ပြည်နယ်ရဲတပ်ဖွဲ့ (သို့မဟုတ်) ပြည်နယ်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းခွင့်

၁၉၄၇ ဖွဲ့စည်းပုံမှာ ပြည်နယ်ဆိုင်ရာ ရဲတပ်ဖွဲ့ (သို့မဟုတ်) လုံခြုံရေးတပ်ဖွဲ့များဖွဲ့စည်းခွင့်ပေးထားပေမည့် ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ ပြည်နယ်လုံခြုံရေးကိစ္စတွေကို ပြည်ထောင်စုအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာန၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာနများက တာဝန်ယူထားပါတယ်၊ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုရာမှာ ပြည်နယ်တွင်းလုံခြုံရေးအတွက် သက်ဆိုင်ရာပြည်နယ်များအလိုက် ပြည်နယ်အစိုးရလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းခွင့်နဲ့ ပြည်ထောင်စုအစိုးရ နဲ့ ပြည်ထောင်စုတပ်မတော်က ပြည်နယ်ဆိုင်ရာလုံခြုံရေးကိစ္စတွေမှာ ပြည်နယ်အစိုးရရဲ့ ဖိတ်ခေါ်ချက်မရှိပဲ၊ ဒါမှမဟုတ် တစ်နိုင်ငံလုံးကို ပျံ့နှံ့နိုင်တဲ့ အရေးပေါ်အခြေအနေမျိုးမရှိပဲ ဝင်ရောက်မစွက်ဖက်ဖို့ဆိုတာ အရေးကြီးတဲ့ လိုအပ်ချက်ပါ၊ 

လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ မြန်မာအစိုးရဘက်က တင်ပြတဲ့ အချက်တစ်ချက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ဖျက်သိမ်းပြီး ၂၀၀၈ဖွဲ့စည်းပုံနဲ့အညီ တစ်ခုတည်းသော လက်နက်ကိုင်တပ်မတော်ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ရေးပါ၊ ဒါ အင်မတန်အရေးကြီးတဲ့အချက်ပါ၊ ပြည်တွင်းငြိမ်းချမ်းရေးအမှန်တကယ်ရဖို့ အဓိကလိုအပ်ချက်က ပြိုင်ဘက်လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဖျက်သိမ်းပြီး တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးပါ၊ တစ်ဘက်မှာလဲ လက်နက်ကိုင်တပ်များနဲ့ အင်အားတည်ဆောက်ပြီး နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်များအဖို့ သူတို့ အမှီသဟဲပြုရာ တပ်များကို ဖျက်သိမ်းဖို့ဆိုတာ သိပ်လွယ်တဲ့ ကိစ္စမဟုတ်ပါ၊ လက်နက်ကိုင်တပ်တွေကို စွန့်လွှတ်ပြီး ရွေးကောက်ပွဲနည်းလမ်းနဲ့ အာဏာရအောင်ကြိုးစားဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု သိပ်ရှိမှာမဟုတ်ပါ၊ တပ်ရှိတုံးက ဩဇာအာဏာကြီးမားပြီး တပ်မရှိတော့တဲ့အချိန်မှာ အရှိန်အဝါလျော့ကျသွားရသူတွေကိုလဲ ရှေ့မှာ တွေ့ခဲ့ကြတာပါ၊

တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် တိုင်းရင်းသားများတောင်းဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေကို အပြည့်အဝပေးသင့်ပါတယ်၊ အဲဒီအထဲမှာ ပြည်နယ်အစိုးရလက်အောက်ခံ ပြည်နယ်ရဲတပ်ဖွဲ့ ဖွဲ့စည်းအုပ်ချုပ်ခွင့်လဲပါပြီး အဲဒီ ပြည်နယ်ရဲတပ်ဖွဲ့တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို စနစ်တကျ အသွင်ပြောင်းရာမှာ ပိုပြီးအဆင်ပြေပါလိမ့်မယ်၊ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့တွေဟာ ပြည်နယ်အစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ပြည်နယ်တွင်းလုံခြုံရေးကိစ္စများကို ပြည်နယ်ဥပဒေအရ ဆောင်ရွက်ရန်ဖြစ်ပြီး အရေးပေါ်အခြေအနေတစ်ရပ်ပေါ်ပေါက်လာရင် ပြည်ထောင်စုအစိုးရရဲ့ အမိန့်နဲ့ ပြည်ထောင်စုတပ်မတော်ရဲ့ အောက်မှာ တာဝန်ထမ်းဆောင်ရန် ဖြစ်ပါတယ်၊
သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များအနေနဲ့လည်း တောင်းဆိုတဲ့ အခွင့်အရေးများရလို့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ သဘောတူပြီဆိုရင် သူတို့ရဲ့တပ်တွေကို ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များအဖြစ် အသွင်ပြောင်းဖွဲ့စည်းခွင့်ပြုရမှာဖြစ်ပြီး သူတို့ကိုယ်တိုင်ကတော့ တပ်ကို စွန့်ခွါရမှာပါ၊ ပြည်နယ်အစိုးရအာဏာရချင်ရင် လူထုထောက်ခံမှုကို နိုင်ငံရေးနည်းနဲ့ စည်းရုံးပြီး ရွေးကောက်ပွဲကတဆင့် ကြိုးပမ်းရမှာပါ၊ ငြိမ်းချမ်းရေးသဘောတူညီပြီးတဲ့နောက် ဘယ်တိုင်းရင်းသားခေါင်းဆောင်မှ ပြည်သူ့စစ်လိုနံမည်မျိုးနဲ့ ခါးပိုက်ဆောင်တပ်တွေ မပိုင်ဆိုင်သင့်ပါ၊ 

တိုင်းရင်းသားခေါင်းဆောင်တွေက ကိုယ်ပိုင် ခါးပိုက်ဆောင်တပ်တွေနဲ့ ပြည်တွင်းမှာ တရားဝင်ရပ်တည်နေရင် လူထုနစ်နာပါတယ်၊ အခုကိုပဲ အစိုးရနဲ့ ငြိမ်းချမ်းရေးရထားတဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့ဟာ ပြည်သူ့စစ်အမည်နဲ့ သူတို့ရဲ့ တပ်တွေကို ဆက်လက်ခေါင်းဆောင်နေပြီး နယ်မြေအပိုင်စားရတဲ့ စစ်ဘုရင်တွေလို ရပ်တည်နေတဲ့အပြင် လွှတ်တော်ထဲကိုပါ ရွေးကောက်ခံကိုယ်စားလှယ်များအဖြစ် ရောက်ရှိနေတာတွေ့ရပါတယ်၊ သူတို့ရွေးကောက်ခံရတယ်ဆိုတာ လူထုက တကယ်ထောက်ခံလို့လား၊ လူထုကို လက်နက်နဲ့ ခြိမ်းချောက်ပြီးမဲပေးခိုင်းလို့လား ဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်၊

အမေရိကန်ပြည်ထောင်စု၊ ပြည်ထောင်စုအစိုးရအဖွဲ့ (Federal Government) မှာ ပြည်ထဲရေးဝန်ကြီးဋ္ဌာနဆိုတာ မရှိပါ၊ ပြည်ထောင်စုရဲတပ်ဖွဲ့ဆိုတာ မရှိပါ၊ ပြည်နယ်ရဲတပ်ဖွဲ့အသီးသီးဟာ ပြည်နယ်လွှတ်တော်က ပြဋ္ဌန်းတဲ့ ပြည် နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အခြားသက်ဆိုင်ရာဥပဒေများအရ ပြည်နယ်အစိုးရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ တည်ရှိပြီး ပြည်နယ်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေကို ဆောင်ရွက်ကြပါတယ်၊ ပြည်နယ်ရဲအဖွဲ့အကြီးအကဲများကို အချို့ပြည်နယ်တွေမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးက ခန့်အပ်ပြီး အချို့ပြည်နယ်တွေမှာ လူထုက ရွေးကောက်တင်မြှောက်ပါတယ်၊ ပြည်ထောင်စုအစိုးရဟာ ပြည်နယ်ရဲတပ်ဖွဲ့များအပေါ် တိုက်ရိုက်ဩဇာသက်ရောက်မှုမရှိပါ၊ ပြည်ထောင်စုထောက်လှမ်းရေးဗျူရို (Federal Bureau of Investigation/FBI) ဆိုတာတော့ရှိပါတယ်၊ အဲဒီဗျူရိုက ပြည်နယ်တစ်ခုရဲ့ နယ်နမိတ်အတွင်းဖြစ်ပေါ်တဲ့ ရာဇဝတ်မှုများကို မကိုင်တွယ်ပါ၊ ပြည်နယ်တစ်ခုရဲ့ နယ်နမိတ်ကိုကျော်ပြီး အခြားပြည်နယ်များကိုပါ ဆက်စပ်ဖြစ်ပွါးတဲ့ ရာဇဝတ်မှုများ၊ ပြည်နယ်တစ်ခုအတွင်းက ပြည်ထောင်စုအစိုးရရဲ့ လုပ်ငန်း၊ ဋ္ဌာနများနဲ့ ပါတ်သက်တဲ့ အမှုအခင်းများ၊ ပြည်ထောင်စုအစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အမှုအခင်းများကိုသာ ကိုင်တွယ်ဖြေရှင်းပါတယ်၊

ကိုယ်ပိုင်အုပ်ချုပ်ခွင့်

၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၂၄၈ အရ ပြည်နယ် ၇ ခုမှာ ပြည်နယ်အစိုးရအဖွဲ့တွေကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နဲ့ ပြည်နယ်ဥပဒေချုပ်တို့နဲ့ ဖွဲ့စည်းပါတယ်၊ ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတဟာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ (ရွေးကောက်တင်မြှောက်ခံရသူများနှင့် ကာကွယ်ရေးဦးစီးချုပ်မှ ခန့်အပ်သူများ) ထဲမှ သတ်မှတ်ထားသည့်အရည်အချင်းများနှင့်ပြည့်စုံသော သင့်တော်သူတစ်ဦးကို ရွေးချယ်၍ သက်ဆိုင်ရာပြည်နယ်လွှတ်တော်သို့ အမည်စာရင်းတင်သွင်းပြီး သက်ဆိုင်ရာပြည်နယ်လွှတ်တော်၏သဘောတူညီချက်ဖြင့် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမှာဖြစ်ပါတယ်၊ ဒီဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်ခွင့်အာဏာဟာ ပြည်နယ်လွှတ်တော်မှာ မတည်ရှိပဲ နိုင်ငံတော်သမ္မတထံမှာ တည်ရှိနေပါတယ်၊ ဒါကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတယ်လို့ မခေါ်နိုင်ပါ၊ တခါ ပုဒ်မ ၂၆၂ (ဌ) (၁) မှာ ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတအားတာဝန်ခံရမည်လို့ ပြဋ္ဌန်းထားပါသေးတယ်၊ မဖြစ်သင့်ပါ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ်ဆိုရင် ပြည်နယ်လွှတ်တော်များဟာ ပြည်နယ်ဝန်ကြီးချုပ်ကို မိမိတို့ဘာသာ ရွေးကောက်တင်မြှောက်ခွင့်ရှိရမှာဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဟာ ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်လူထုကိုပဲ တာဝန်ခံရမှာပါ၊

ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းရာမှာ ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခံရသူက ဦးဆောင်ဖွဲ့စည်းရပါတယ်၊ ပုဒ်မ ၂၆၂ (က) နဲ့ (ခ) အရ ပြည်နယ်ဝန်ကြီးချုပ်က (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲက ဖြစ်စေ သင့်တော်သူများ၊ (၂) လုံခြုံရေးနဲ့ နယ်စပ်ရေးရာတာဝန်ယူဖို့ ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးတဲ့ တပ်မတော်အရာရှိများ၊ (၃) ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဒေသများ၏ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ (၄) ရွေးကောက်ပွဲကော်မရှင်မှရယူသော ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသောကိုယ်စားလှယ်များ ဖြင့်ဖွဲ့စည်းပြီး ပြည်နယ်လွှတ်တော်ကို အမည်စာရင်းတင်ပြရမှာဖြစ်ပါတယ်၊ ပုဒ်မ ၂၆၂ (ဂ) အရ ဒီပြည်နယ်ဝန်ကြီးလောင်းတွေဟာ သတ်မှတ်ထားတဲ့အရည်အချင်းများနဲ့ ပြည့်စုံတယ်ဆိုရင် ပြည်နယ်လွှတ်တော်မှာ ငြင်းပယ်ခွင့်မရှိပဲ အတည်ပြုပေးရမှာပါ၊ ပုဒ်မ (၂၆၂) (င) (စ) နဲ့ (ဆ) အရ ပြည်နယ်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ပြည်နယ်ဝန်ကြီးလောင်းများစာရင်းကို ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံတင်ပြပြီး နိုင်ငံတော်သမ္မတက ယင်းဝန်ကြီးများကို တရားဝင်ခန့်အပ်ခြင်း၊ ဝန်ကြီးဋ္ဌာနများသတ်မှတ်ပေးခြင်းပြုပေးရမှာဖြစ်ပါတယ်၊

ဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတဟာ ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ခွင့်ရှိတဲ့အပြင် ပြည်နယ်ဝန်ကြီးတွေကိုပါ ဝန်ကြီးဋ္ဌာနသတ်မှတ်ပေးခွင့်ရှိနေပါတယ်၊ ပြည်နယ်ဝန်ကြီးချုပ်မှာလဲ နိုင်ငံတော်သမ္မတကို သစ္စာခံရတဲ့ အပြင် သူ့ရဲ့ ပြည်နယ်အစိုးရအဖွဲ့ကိုတောင် စိတ်ကြိုက်ဖွဲ့စည်းခွင့်မရှိပါ၊ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်အရာရှိများကို လုံခြုံရေး၊ နယ်စပ်အရေးဝန်ကြီးဋ္ဌာနများမှာ မလွဲမသွေ တာဝန်ပေးရမှာဖြစ်ပြီး ကျန်တဲ့ဝန်ကြီးတွေကိုလဲ ကိုယ်တိုင် နေရာချထားခွင့်မရှိပါ၊ တခါ ပုဒ်မ ၂၆၂ (ဌ) (၂) အရ ပြည်နယ်ဝန်ကြီးများဟာ ပြည်နယ်ဝန်ကြီးချုပ်က တဆင့် နိုင်ငံတော်သမ္မတကို တာဝန်ခံရမှာဖြစ်ပါတယ်၊ ဒါကြောင့် ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်များဟာ (တပ်မတော်ကိုယ်စားလှယ်များမပါ) နိုင်ငံတော်သမ္မတက ကြိုက်တဲ့အချိန်မှာ ရာထူးမှ ဖယ်ရှားနိုင်ပြီး အသစ်ရွေးချယ်အစားထိုးခန့်အပ်နိုင်ပါတယ်၊ 

ဒီဖွဲ့စည်းပုံအရ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ဆိုတာ နိုင်ငံတော်သမ္မတရဲ့ လက်အောက်ခံဝန်ထမ်းများ၊ ပြည်နယ်အစိုးရဆိုတာလဲ ကာကွယ်ရေးဦးစီးချုပ်က တစိတ်တပိုင်းလွှမ်းမိုးထားတဲ့ အုပ်ချုပ်ရေးယန္တရားအဆင့်တစ်ဆင့်သာ ဖြစ်ပါတယ်၊ ဒါကို ကိုယ်ပိုင်အုပ်ချုပ်ရေးလို့ မခေါ်နိုင်ပါ၊

အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်အကြီးအကဲဖြစ်တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးများ (Governor of the State) ကို လေးနှစ်တစ်ခါ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ ရွေးကောက်တင်မြှောက်ပါတယ်၊ အများဆန္ဒနဲ့ရွေးကောက်တင်မြှောက်ခံရတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ်အစိုးရအဖွဲ့ဝင်လောင်းများရဲ့ အမည်စာရင်းကို ပြည်နယ်လွှတ်တော်ကို တင်သွင်းရပါတယ်၊ ပြည်နယ်လွှတ်တော်ကလဲ အရည်အချင်းတစ်ခုထဲကြည့်တာမဟုတ်ပါ၊ အဆိုပြုခံရသူတွေရဲ့ နောက်ကြောင်းသမိုင်း၊ ကိုယ်ကျင့်တရား၊ ပိုင်ဆိုင်မှု၊ အတွေ့အကြုံတွေကို နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးပြီး မသင့်တော်ရင် ငြင်းပယ်ပါတယ်၊ ဒီလိုနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟာ သူ့ကိုရွေးကောက်တင်မြှောက်တဲ့ ပြည်နယ်လူထုကို တာဝန်ခံပြီး ပြည်နယ်အစိုးရအဖွဲ့ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးကို တာဝန်ခံပါတယ်၊ အမေရိကန်ပြည်ထောင်စုသမ္မတဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ်အစိုးရအပေါ် အာဏာမသက်ရောက်ပါ၊

ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် တိုင်းများ ကွာခြားချက်

၂၀၀၈ ဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်) နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခု (ဝ) တို့ ဖွဲ့စည်းတည်ရှိလာပါတယ်၊ ပုဒ်မ ၂၇၆ (က) အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရ ဒေသနဲ့ တိုင်းတွေဟာ အဆင့်အတန်းတူညီတယ်လို့ သတ်မှတ်ထားပါတယ်၊ ထူးခြားချက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ တိုင်းများဟာ သက်ဆိုင်ရာ အကြီးအကဲကို ကိုယ်ပိုင်ရွေးချယ်ခွင့်ရတာပါ၊ ပုဒ်မ ၂၇၆ (ခ) (ဂ) နဲ့ (ဃ) များအရ အဆိုပါဒေသများမှာ လွှတ်တော်လို့ ပြောရမည့် ဥပဒေပြုအဖွဲ့အစည်းကို "ဦးစီးအဖွဲ့" ဆိုတဲ့ အမည်နဲ့ (၁) ဒေသအတွင်းမှ မြို့နယ်အလိုက် ရွေးကောက်တင်မြှောက်ထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ (၂) လုံခြုံရေးနဲ့ နယ်စပ်ရေးရာတာဝန်ယူဖို့ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သားများ နဲ့ (၃) လိုအပ်၍ (၁) နှင့် (၂) ပါပုဂ္ဂိုလ်များက ရွေးချယ်ဖြည့်စွက်ခန့်အပ်သည့်ပုဂ္ဂိုလ်များ အပါအဝင် အနည်းဆုံး အဖွဲ့ဝင်၁၀ ဦးနဲ့ ဖွဲ့စည်းပါတယ်၊ ပုဒ်မ ၂၇၆ (င) အရ ဦးစီးအဖွဲ့ဝင်များဟာ မိမိတို့အချင်းချင်းညှိနှိုင်း၍ ရွေးကောက်တင်မြှောက်ထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနက်မှ သင့်တော်သူတစ်ဦးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သို့မဟုတ် တိုင်းရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ပြီး ယင်းပုဂ္ဂိုလ်ရဲ့အမည်စာရင်းကို နိုင်ငံတော်သမ္မတထံ တင်သွင်းရပါတယ်၊ ပုဒ်မ ၂၇၆ (စ) အရ နိုင်ငံတော်သမ္မတက ယင်းအမည်စာရင်းတင်သွင်းခံရသူကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သို့မဟုတ် တိုင်းရဲ့ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ရပါတယ်၊ 

ဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သို့မဟုတ် တိုင်းဦးစီးအဖွဲ့တွေဟာ အနည်းဆုံးတော့ သူတို့ရဲ့ အကြီးအကဲတွေကို သူတို့ရဲ့ ရွေးကောက်ခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက  ရွေးချယ်ခွင့်ရှိကြောင်းတွေ့ရပါတယ်၊ ဒီလိုအခွင့်အရေးမျိုး ပြည်နယ်တွေမှာ မရှိပါ၊ အထက်မှာ တင်ပြခဲ့တဲ့အတိုင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်ခန့်အပ်တာပါ၊ အဲဒီလိုရွေးချယ်ရာမှာလဲ တပ်မတော်သားကိုယ်စားလှယ်များပါပါဝင်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးထဲက ရွေးချယ်တာပါ၊ ဦးသိန်းစိန် နိုင်ငံတော်သမ္မတတာဝန်ယူပြီးတော့ ခန့်အပ်တဲ့ ပြည်နယ်ဝန်ကြီးချုပ်များထဲမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ရွေးကောက်ခံကိုယ်စားလှယ်မဟုတ်ပါ၊ တပ်မတော်ကိုယ်စားလှယ်ဖြစ်ပါတယ်၊ ပြည်နယ်တွေမှာ ဒီလိုအခွင့်အရေးမျိုးဘာကြောင့်မရရသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်၊

ဆက်ရေးပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
မတ်လ ၂၉၊ ၂၀၁၃
 


Tuesday, April 23, 2013

Burma's Parliament Watch Part 17

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၁၊ ဧပြီ ၄ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း (၁၇) လွှတ်တော်နှင့် ငြိမ်းချမ်းရေး (ခ)

ပြည်ထောင်စုလွှတ်တော်ဟာ မြန်မာနိုင်ငံမှာ နှစ် ၆၀ကျော်ကြာဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်နိုင်ရေးအတွက် အင်မတန်အရေးပါတဲ့ အခန်းကဏ္ဏမှာရှိကြောင်းတင်ပြခဲ့ပါတယ်၊ တိုင်းရင်းသားလူမျိုးစုများ တောင်းဆိုနေတဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေကို လွှတ်တော်ကပဲ ဥပဒေပြုအာဏာနဲ့ အာမခံဖြည့်ဆီးပေးနိုင်လို့ပါ၊ တိုင်းရင်းသားလူမျိုးစုများ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်၊ ပြဋ္ဌန်းမပေးသေးသ၍ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မှာ မဟုတ်ပါ၊ အခုလို မြန်မာနိုင်ငံရဲ့ အင်မတန်အရေးကြီးတဲ့ အပြောင်းအလဲကာလမှာ လွှတ်တော်က လုပ်သင့်လုပ်ထိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုတွေကို ရဲရဲရင့်ရင့်ဆောင်ရွက်ရင်း လွတ်လပ်ရေးနဲ့အတူမွေးဖွားခဲ့တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ပေးနိုင်ဖို့ မျှော်လင့်မိပါတယ်၊

ဒါပေမည့်လဲ  မတ်လ ၂၁ရက်နေ့ထုတ်၊ The Hot News ဂျာနယ်၊ စာမျက်နှာ ၂၃ မှာဖော်ပြထားတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအုန်းမြင့်ရဲ့ ပြောကြားချက်တွေကတော့ စိတ်မသက်သာစရာပါ၊ ဦးအုန်းမြင့်ဟာ အာဏာရ ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တစ်ယောက်လဲဖြစ်ပြီး မြန်မာ့တပ်မတော်မှာ ဗိုလ်ချုပ်အဆင့်နဲ့ တပ်မမှူးရာထူးတွေကို တာဝန်ထမ်းဆောင်ခဲ့သူပါ၊ သူက The Hot News ဂျာနယ် နဲ့အင်တာဗျူးမှာ "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးတဲ့ ရပိုင်ခွင့်နဲ့အခွင့်အရေးတွေဟာ တိုင်းရင်းသားတွေပြောနေတဲ့ ဖက်ဒရယ်နဲ့ သိပ်မကွာပါဘူး" လို့ ပြောသွားပါတယ်၊ သူ့စကားအတိအကျက "ဒီကနေ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကပေးတဲ့အထဲမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ တန်းတူညီတူအခွင့်အရေးအပြည့်အဝရှိတယ်၊ တိုင်းရင်းသားအားလုံး လွတ်လပ်စွာကိုးကွယ်ခွင့်၊ အမျိုးဘာသာအတွက် ကိုယ့်ပြည်နယ်၊ ဒေသဖွံ့ဖြိုးရေးအတွက် လွတ်လပ်စွာလုပ်ပိုင်ခွင့်တွေ ရှိပြီးသားပဲ၊ ပြည်နယ်လွှတ်တော်တွေက ဥပဒေရေးဆွဲတယ်၊ ပြည်နယ်လွှတ်တော်တွေရဲ့ ဥပဒေပြုခွင့်နဲ့အညီ ပေါ်ထွက်လာတဲ့ ဥပဒေတွေကိုလည်း ပြည်နယ်အစိုးရက စီမံတယ်၊ အဲဒီဥပဒေနဲ့ ပြည်နယ်ဖွံ့ဖြိုးရေးကို ရှေ့ရှူပြီး စီမံတာတွေလုပ်တယ်၊ နိုင်ငံတော်က အတည်ပြုပြဋ္ဌန်းထားတဲ့ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်နဲ့အခွင့်အရေးတွေဆိုတာဟာလည်း ခုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပြောနေတဲ့ ဖက်ဒရယ်ဆိုတာနဲ့ သိပ်မကွာပါဘူး၊" လို့ပြောခဲ့ပါတယ်၊

အဲဒီလို ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တစ်ယောက်လဲဖြစ်၊ တပ်မတော်ခေါင်းဆောင်ဟောင်းတစ်ယောက်လဲဖြစ်၊ တိုင်းရင်းသားပြည်နယ်တစ်ခုဖြစ်တဲ့ မွန်ပြည်နယ်အစိုးရရဲ့ ဝန်ကြီးချုပ်လဲဖြစ်ပြီး အစိုးရနဲ့ မွန်ပြည်သစ်ပါတီရဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးနေတဲ့ ဦးအုန်းမြင့်လို ပုဂ္ဂိုလ်မျိုးကတောင် "၂၀၀၈ဖွဲ့စည်းပုံမှာ ပါဝင်တဲ့ ပြဋ္ဌန်းချက်တွေဟာ တိုင်းရင်းသားလူမျိုးစုတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်မူနဲ့ သိပ်မကွာပါဘူး၊ တိုင်းရင်းသားများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေကို ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဋ္ဌန်းထားကြောင်း" ယုံကြည်လက်ခံထားတယ် ဆိုတော့ ကြံ့ခိုင်ရေးပါတီက လွှမ်းမိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ ၂၀၀၈ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး တိုင်ရင်းသားလူမျိုးစုများရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆီးလို့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးပါဝင်ဆောင်ရွက်လိမ့်မယ်ဆိုတာ မျှော်လင့်ချက် အခိုင်အမာမထားရဲပါ၊

ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံမှာ တိုင်းရင်းသားလူမျိုးစုများရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို ဘယ်လို ကန့်သတ်ချုပ်ချယ်ထားတယ်ဆိုတာ ရှင်းပြပြီး ပြင်သင့်တာတွေကို အကြံပေးချင်ပါတယ်၊ ရှေးနှစ်ပေါင်းများစွာကထဲက ကိုယ်ပိုင်အုပ်ချုပ်မှု၊ ကိုယ်ပိုင်အကြီးအကဲ၊ ကိုယ်ပိုင်ဒေသ၊ ကိုယ်ပိုင်ယဉ်ကျေးမှုတွေနဲ့ လွတ်လပ်စွာရပ်တည်ခဲ့ကြတဲ့ တိုင်းရင်းသားလူမျိုးစုများအတွက်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုနဲ့ ကတိကဝတ်တွေကို ယုံကြည်ပြီး ပင်လုံစာချုပ်ကို ၁၉၄၇ခုမှာ အတူလက်မှတ်ထိုးလို့ မြန်မာပြည်မနဲ့အတူပူးတွဲပြီး ဗြိတိသျှအစိုးရထံကနေ လွတ်လပ်ရေးရယူခဲ့ကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေအတွက်၊ ပြည်ထောင်စုကြီးထဲက ဘယ်တော့မှခွဲမထွက်ပဲ ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေရရှိရေးဆိုတာ အင်မတန် တရားမျှတတဲ့ တောင်းဆိုချက်တွေ ဖြစ်ပါတယ်၊ အဲဒီတောင်းဆိုချက်တွေကို လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားတပ်မတော်တွေကပဲ တောင်းဆိုနေတာမဟုတ်ပါ၊ လက်နက်ကိုင်မထားတဲ့ တိုင်းရင်းသားတွေကလဲ တောင်းဆိုနေတာဖြစ်တယ်ဆိုတာ အရင်ဆုံး ထောက်ပြချင်ပါတယ်၊

အခြေခံမူများ
၂၀၀၈ဖွဲ့စည်းပုံရဲ့ အခြေခံမူများအခန်း၊ ပုဒ်မ ၈ မှာ " နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်" ဟု ပြဌန်းထားပါတယ်၊ ပုဒ်မ ၉ (က) မှာ ရှိရင်းစွဲ တိုင်း ၇ တိုင်းကို တိုင်းဒေသကြီးများအဖြစ်၊ ရှိရင်းစွဲ ပြည်နယ် ၇ ခုကို ပြည်နယ်များအဖြစ် ပိုင်းခြားသတ်မှတ်ပြီး တိုင်းဒေသကြီး ၇ ခု နှင့် ပြည်နယ် ၇ ခုဟာ အဆင့်အတန်းတူညီကြသည်လို့ ပြဋ္ဌန်းထားပါတယ်၊ တကယ်တော့ ဒီပုဒ်မ ၉ (က) ပြဋ္ဌန်းချက်ဟာ ရှေ့က ပုဒ်မ ၈ နဲ့ ကွဲလွဲနေပါတယ်၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ တိုင်းရင်းသားခေါင်းဆောင်များလက်မှတ်ထိုးချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်အရ တိုင်းရင်းသားများဟာ ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်မှာ တန်းတူရည်တူ ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် ပါဝင်ကြတာပါ၊ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်များကို ပြည်ထောင်စုအဖွဲ့ဝင်များအဖြစ် သတ်မှတ်ခဲ့ပြီး နောက်ထပ်တိုင်းရင်းသားပြည်နယ်များဖွဲ့စည်းပြီး ပြည်ထောင်စုအဖွဲ့ဝင်အဖြစ်စုစည်းဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်၊ တိုင်းဒေသကြီး ၇ ခုဟာ ဗမာတိုင်းရင်းသားအများစုနေထိုင်ရာ ပြည်မဒေသဖြစ်ပါတယ်၊ ဒါကြောင့် မြန်မာပြည်မက တိုင်းဒေသကြီး ၇ ခုကို တိုင်းရင်းသား ပြည်နယ် ၇ ခုနဲ့ အဆင့်အတန်းတူတယ်လို့ သတ်မှတ်ထားတာဟာ ပြည်နယ်များရဲ့ ပြည်ထောင်စုအဖွဲ့ဝင်အဆင့်အတန်းကို နှိမ့်ချလိုက်သလို ဖြစ်နေပါတယ်၊
အခု တိုင်းရင်းသားများတောင်းဆိုနေကြသလို တိုင်းဒေသကြီး ၇ ခုကို ပေါင်းစပ်ပြီး ဗမာပြည်နယ်အဖြစ်သတ်မှတ်ပြီး ၈ ပြည်နယ်ပုံစံနဲ့ နိုင်ငံတော်ကို ပြန်လည်ဖွဲ့စည်းဖို့ဆိုတာလဲ လက်တွေ့မှာ ဖြစ်နိုင်မယ်မထင်ပါ၊ ဖြစ်သင့်တာကတော့ ပြည်နယ် ၇ ခုကို ပြည်ထောင်စုအဖွဲ့ဝင်များအဖြစ် ပြဋ္ဌန်းပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေမှာ အခွင့်အရေးတွေပိုပေးဖို့ပဲ ဖြစ်ပါတယ်၊

ဥပဒေပြုရေး
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂ (ခ) အရ ဥပဒေပြုအာဏာပိုင် ပြည်ထောင်စုလွှတ်တော်ကို လူဦးရေ (သို့မဟုတ်) မြို့နယ်ကိုအခြေခံပြီး ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော် (ပြည်သူ့လွှတ်တော်) နဲ့ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာရွေးကောက်တင်မြှောက်သည့် လွှတ်တော် (အမျိုးသားလွှတ်တော်) တို့ ပေါင်းစပ်ဖွဲ့စည်းကြောင်းပြဋ္ဌန်းထားပါတယ်၊ ဒီပြဋ္ဌန်းချက်အရ တိုင်းဒေသကြီးများဟာလဲ ပြည်နယ်များနဲ့ တန်းတူ တူညီတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရေကို ရွေးကောက်တင်မြှောက်ရပါတယ်၊ ပုဒ်မ ၁၄၁ အရ အမျိုးသားလွှတ်တော်ကို ကိုယ်စားလှယ်ဦးရေ အများဆုံး၂၂၄ ဦးဖြင့်ဖွဲ့စည်းရမှာ ဖြစ်ပြီး တိုင်းဒေသကြီး ၇ ခု နဲ့ ပြည်နယ် ၇ ခုက ၁၂ဦးစီ ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ် ၁၆၈ ဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သားကိုယ်စားလှယ် ၅၆ဦး တို့ပါဝင်ကြပါတယ်၊ ဒီဖွဲ့စည်းမှုကို ကြည့်မယ်ဆိုရင် အမျိုးသားလွှတ်တော်မှာ ဗမာတိုင်းရင်းသားအများစုနေထိုင်ရာ တိုင်းဒေသကြီး ၇ခုက ဗမာတိုင်းရင်းသားအများစုဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈၄ ဦးရှိနေပြီး ကျန် ကချင်၊ ကရင်၊ ကရင်နီ (ကယား)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ချင်း စတဲ့ တိုင်းရင်းသားများက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ဦးစီသာ ရွေးကောက်တင်မြှောက်ခွင့်ရှိပါတယ်၊ တပ်မတော်သားကိုယ်စားလှယ် ၅၆ယောက်မှာလဲ အများစုက ဗမာလူမျိုးများပဲ ဖြစ်တာမို့ လူမျိုးစုလွှတ်တော် (သို့မဟုတ်) အထက်လွှတ်တော်မှာ ဗမာတိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်က ၁၄၀နီးပါးရှိပြီး ကျန်တိုင်းရင်းသား လူမျိုး ၇ ခုကိုယ်စားလှယ်များထက် အဆပေါင်းများစွာ များပြားနေပါတယ်၊ ဒါ တန်းတူညီမျှမှုမဟုတ်ပါ၊ တဖက်သတ်အနိုင်ကျင့်မှုဖြစ်ပါတယ်၊

ပင်လုံစာချုပ်ကို အခြေခံပြီး ရေးဆွဲပြဋ္ဌန်းတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ ပြည်ထောင်စုလွှတ်တော်ကို လူဦးရေကို အခြေခံတဲ့ ပြည်သူ့လွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုးစုများကို အခြေခံတဲ့ လူမျိုးစုလွှတ်တော်များဖြင့် ဖွဲ့စည်းပါတယ်၊ လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၁၂၅ ယောက်သတ်မှတ်ထားပြီး ရှမ်းပြည်နယ်အတွက်ကိုယ်စားလှယ် ၂၅ ဦး၊ ကချင်ပြည်နယ်အတွက်ကိုယ်စားလှယ် ၁၂ ဦး၊ ချင်းဝိသေသတိုင်းအတွက် ကိုယ်စားလှယ် ၈ဦး၊ ကရင်နီပြည်နယ်အတွက် ကိုယ်စားလှယ် ၃ဦး၊ ကရင်လူမျိုးများအတွက် ကိုယ်စားလှယ် ၂၄ဦး၊ နဲ့ မြန်မာပြည်မအပါအဝင် ကျန်ဒေသများအားလုံး (ရခိုင်၊ မွန်၊ တနင်္သာရီ အပါအဝင်) အတွက် ကိုယ်စားလှယ် ၅၃ဦး ရွေးကောက်တင်မြှောက်ဖို့ သတ်မှတ်ထားပါတယ်၊ တပ်မတော်ကိုယ်စားလှယ်များလုံးဝမပါဝင်ပါ၊ ဒီဖွဲ့စည်းမှုကို ကြည့်ရင် တိုင်းရင်းသားလူမျိုးများဟာ သက်ဆိုင်ရာ ဒေသအကျယ်အဝန်းနဲ့ လူဦးရေအလိုက် သင့်တင်လျောက်ပတ်တဲ့ ကိုယ်စားလှယ်ဦးရေကို ရွေးကောက်တင်မြှောက်ခွင့်ရှိပြီး ဗမာတိုင်ရင်းသားကိုယ်စားပြုကိုယ်စားလှယ်ဟာလဲ အလွန်အကျွံမများတာတွေ့ရပါတယ်၊ ဒီကနေ့ မြန်မာနိုင်ငံရဲ့ အမျိုးသားလွှတ်တော်မှာလဲ တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှရေးမူနဲ့ ဗမာတိုင်းရင်းသားကိုယ်စားလှယ်များဦးရေကို လျှော့ချပြီး တိုင်းရင်းသားကိုယ်စားလှယ်ဦးရေကို တိုးမြှင့်ပေးသင့်ပါတယ်၊

အမေရိကန်ပြည်ထောင်စုကိုလဲ ဖက်ဒရယ် (ပြည်ထောင်စု) စနစ်နဲ့ဖွဲ့စည်းတာပါ၊ အောက်လွှတ်တော်က လူဦးရေကိုအခြေခံရွေးကောက်တင်မြှောက်ပြီး အထက်လွှတ်တော်က ပြည်နယ် ၅၀ က ကိုယ်စားလှယ် နှစ်ဦးစီနဲ့ စုစုပေါင်း ကိုယ်စားလှယ် ၁၀၀ နဲ့ ဖွဲ့စည်းပါတယ်၊ ဒါပေမည့် အမေရိကန်ပြည်ထောင်စုမှာ ကိုယ်ပိုင်တိုင်းရင်းသားလူမျိုးမရှိပါ၊ ဗြိတိသျှအင်ပါယာကြီးကို ချဲ့ထွင်ဖို့ နယ်မြေသစ်ရှာဖွေကြတဲ့ ဗြိတိသျှဘုရင်မကြီးရဲ့ သစ္စာခံတွေက အမေရိကတိုက်ကို ရှာဖွေတွေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းကလူမျိုးပေါင်းစုံရောက်ရှိနေထိုင်လို့ ဗြိတိသျှဩဇာခံ နိုင်ငံသစ်တွေတည်ထောင်ခဲ့ကြတာပါ၊ နောက်ပိုင်းမှာ  ဗြိတိသျှအင်ပါယာကို ဆန့်ကျင်ပုန်ကန်ပြီး လွတ်လပ်ရေးရခဲ့တဲ့ ပြည်နယ်တွေ စုပေါင်းဖွဲ့စည်းလို့ အမေရိကန်ပြည်ထောင်စုဆိုပြီး တည်ရှိလာတာပါ၊ အမေရိကန်လူမျိုးရယ်လို့ မရှိပါ၊ အင်္ဂလို-အမေရိကန်၊ ဂျာမန်-အမေရိကန်၊ ပြင်သစ်-အမေရိကန်၊ ချက်-အမေရိကန် စသဖြင့် သူတို့ ဘိုးဘွားဘီဘင်များရဲ့ မူလဇာတိအရင်းအမြစ်ကို မူတည်ပြီး ခေါ်ဝေါ်ကြပါတယ်၊ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ဒေသအခြေပြုပြည်နယ်များသာရှိပြီး လူမျိုးစုအခြေပြုပြည်နယ်များ မရှိပါ၊

ပြည်နယ်လွှတ်တော်များ
၂၀၀၈ ဖွဲ့စည်းပုံအရ တိုင်းဒေသကြီး ၇ ခုနဲ့ ပြည်နယ် ၇ခုမှာ တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်များ ဖွဲ့စည်းပေါ်ပေါက်လာပါတယ်၊ ဒီဆောင်းပါးက တိုင်းရင်းသားလူမျိုးစုများအရေးကို ရေးသားတာမို့ ပြည်နယ်ဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ပြည်နယ်လွှတ်တော်များဆိုင်ရာ ပြဋ္ဌန်းချက်များကိုပဲ ဝေဘန်သုံးသပ်ပါ့မယ်၊
၂၀၀၈ဖွဲ့စည်းပုံ ပုဒ်မ ၁၆၁ အရ ပြည်နယ်လွှတ်တော်ကို ပြည်နယ်အတွင်း မြို့နယ်များက တစ်မြို့နယ်ကို နှစ်ဦးကျစီ၊ ပြည်နယ်အတွင်းမှာပါဝင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ဒေသ (ရှိလျင်) ယင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသားများအနက်မှ လူဦးရေ စုစုပေါင်း နိုင်ငံတော်လူဦးရေ၏ သုညဒဿမတစ်ရာခိုင်နှုံးနှင့်အထက်ရှိသည့် တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုးတစ်မျိုးလျင် တစ်ဦးကျ ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များ၊ အဆိုပါကိုယ်စားလှယ်ဦးရေ နှစ်မျိုးပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော ကာကွယ်ရေးဦးစီးချုပ်မှအမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်လို့ ပြဋ္ဌန်းထားပါတယ်၊ 

ဆိုတော့ ပြည်နယ်လွှတ်တော်တစ်ခုမှာ ပြည်နယ်တွင်းမှ တိုင်းရင်းသားကိုယ်စားလှယ်များက လေးပုံ သုံးပုံ၊ တပ်မတော်ကိုယ်စားလှယ်များက လေးပုံတစ်ပုံပါဝင်ပါတယ်၊
တိုင်းရင်းသားလူမျိုးစုများတောင်းဆိုနေကြတဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ဆိုတာ သက်ဆိုင်ရာပြည်နယ်ရဲ့ ဥပဒေပြုလွှတ်တော်ကို သက်ဆိုင်ရာတိုင်းရင်းသားကိုယ်စားလှယ်များနဲ့ လွတ်လပ်စွာရွေးကောက်တင်မြှောက်ဖွဲ့စည်းပြီး ပြည်နယ်အရေးကိစ္စတွေကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ ဥပဒေပြုခွင့်ဘောင်ထဲကနေ လွတ်လပ်စွာ ဥပဒေပြုပြဋ္ဌန်းခွင့်ကို ဆိုလိုတာပါ၊ အခုလို ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုံးက ပြည်နယ်လွှတ်တော်ထဲမှာ နေရာယူပြီး ပြည်နယ်လွှတ်တော်ရဲ့ ဥပဒေပြုအာဏာကို ထိန်းချုပ်ထားတာဟာ တိုင်းရင်းသားများ တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ကို ညင်းပယ်လိုက်တာပါပဲ၊

ပြည်နယ်များ၏ ဥပဒေပြုခွင့်
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ နောက်ဆက်တွဲ ဇယား (၂) မှာ ပြည်နယ်လွှတ်တော်များကို အပ်နှင်းထားတဲ့ ဥပဒေပြုခွင့်တွေကို ပြဋ္ဌန်းထားပါတယ်၊ (၁) ဘဏ္ဏာရေးနှင့် စီမံကိန်း (၂) စီးပွါးရေး (၃) စိုက်ပျိုးရေးနှင့် မွေးမြူရေး (၄) စွမ်းအင်၊လျှပ်စစ်၊ သတ္တုနှင့် သစ်တော (၅) စက်မှုလက်မှု (၆) ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး (၇) လူမှုရေး နဲ့ (၈) စီမံခန့်ခွဲရေးဆိုပြီး ကဏ္ဏပေါင်း ၈ ခုခွင့်ပြုထားပါတယ်၊ အဲဒီလို ကဏ္ဏ ၈ခု၊ အကြောင်းအရာပေါင်း ၄၁ ခု ဥပဒေပြုခွင့်ပေးထားပေမည့် ပြည်နယ်လွှတ်တော်များရဲ့ ဥပဒေပြုခွင့်ဟာ အကန့်အသတ်များအတွင်းမှာသာဖြစ်တာ တွေ့ရပါတယ်၊ စီးပွါးရေးကဏ္ဏမှာ ဆိုရင်" ပြည်ထောင်စုက ပြဋ္ဌန်းသည့် ဥပဒေနှင့်အညီ ပြည်နယ်အတွင်းဆောင်ရွက်သည့် စီးပွါးရေးကိစ္စများ၊ ကူးသန်းရောင်းဝယ်ရေးကိစ္စများ၊ သမဝါယမကိစ္စများ" လို့ ခွင့်ပြုထားတော့ ပြည်နယ်အနေနဲ့ ကိုယ်တိုင်ဦးဆောင်ဦးရွက်ပြုခွင့်မရှိပဲ ပြည်ထောင်စုအစိုးရက ပြည်နယ်အတွင်းဆောင်ရွက်မည့် စီးပွါးရေး၊ ကူးသန်းရောင်းဝယ်ရေး နဲ့ သမဝါယမကိစ္စများကိုသာ တဆင့်ခံအကောင်အထည်ဖော်ပေးရတဲ့ အဆင့်မှာပဲရှိနေပါတယ်၊  စွမ်းအင်၊လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဏမှာဆိုရင်လဲ ပြည်နယ်အတွင်းမှာ ရှာဖွေ ထုတ်လုပ်နိုင်တဲ့ သတ္တုတူးဖော်ရေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး၊ သစ်ထုတ်လုပ်ရေး၊ ကျောက်မျက်ရတနာနဲ့ မြေပေါ်မြေအောက်သယံဇာတပစ္စည်းများထုတ်ဖော်ရေးအတွက် ဥပဒေပြုခွင့် မပေးထားပါ၊ 

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ် လွှတ်တော်များရဲ့ ဥပဒေပြုခွင့်ကို ဇယား (၂) မှာဖော်ပြထားရာမှာ ထူးခြားတဲ့ ကဏ္ဏနှစ်ခုကိုတွေရပါတယ်၊ အဲဒီ ကဏ္ဏနှစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံမှာ လုံးဝမပါဝင်သလို တိုင်းရင်းသားလူမျိုးစုများရသင့်တဲ့ ဥပဒေပြုခွင့်လဲ ဖြစ်ပါတယ်၊ အဲဒီ ကဏ္ဏနှစ်ခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ နဲ့ လုံခြုံရေးရာ များဖြစ်ကြပါတယ်၊

ဆက်ရေးပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
မတ်လ ၂၈၊ ၂၀၁၃
 

Saturday, April 6, 2013

Burma's Parliament Watch Part 16

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၀၊ ဧပြီ ၄ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း (၁၆) လွှတ်တော်နှင့် ငြိမ်းချမ်းရေး (က)

ပြည်ထောင်စုလွှတ်တော်ကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ရေးအတွက် ကော်မရှင် သို့မဟုတ် ကော်မီတီများဖွဲ့စည်းရေးအဆိုကို မတ်လ ၂၀ရက်နေ့က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်၊ ဘယ်လိုဖွဲ့စည်းသင့်တယ်၊ ဘယ်သူတွေပါသင့်တယ်၊ ဘာတာဝန်တွေယူပြီး ဘယ်လောက်သက်တမ်းရှိသင့်တယ်၊ ဘယ်လိုလုပ်ပိုင်ခွင့်တွေရှိသင့်တယ် ဆိုတာတွေကို ဇွန်လ ၂၅ရက်နေ့မတိုင်မီ လွှတ်တော်ညွှန်ကြားရေးမှူးချုပ်ထံ အကြံပြုစာတွေ ပေးပို့ကြဖို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က လွှတ်တော်ကိုယ်စားလှယ်များကို ပြောကြားခဲ့ပါတယ်၊ ဒီတော့ လွှတ်တော်အစည်းအဝေးတွေပြန်စပြီးနောက် ဇူလိုင်လ ၊ ဩဂုတ်လတွေလောက်အတွင်းမှာ အဆိုပါ ကော်မီတီ၊ ကော်မရှင်တွေပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်၊ ဒီသတင်းကို ကြားရသူအများစုက အံ့ဩဝမ်းသာကြိုဆိုကြပါတယ်၊ အံ့ဩဝမ်းသာရတာက " ပြင်ဆင်လို့ရလိမ့်မယ်လို့ မျှော်လင့်မထားတဲ့" ၂၀၀၈ဖွဲ့စည်းပုံကို " ပြင်ဆင်ဖို့သဘောတူမှာမဟုတ်ဘူးလို့" ယုံကြည်ထားကြတဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များက "ပြင်ဆင်ဖို့သင့်မသင့် သုံးသပ်လေ့လာသင့်ကြောင်း" အဆိုပြုတာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ နဲ့ တပ်မတော်ကိုယ်စားလှယ်များရဲ့ ထောက်ခံမှုနဲ့ အတည်ပြုလိုက်တာဖြစ်လို့ပါ၊

ကျနော်ကတော့ သံသယနဲ့ စောင့်ကြည့်နေသူပါလို့ ဝန်ခံပါရစေ၊ မတ်လ ၁၅ရက်နေ့က ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းသူ ကြံ့ခိုင်ရေးပါတီ ဒု-ဥက္ကဋ္ဌ၊ ဝက်လက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့် ရဲ့ အဆိုတင်သွင်းရာမှာရော၊ ထောက်ခံသူ မြစ်ကြီးနားမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်ရဲ့ ထောက်ခံချက်မှာရော၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ ဖြည့်စွက်ပြောကြားချက်တွေမှာရော ၂၀၀၈ဖွဲ့စည်းပုံကို ၁၉၄၇ဖွဲ့စည်းပုံ၊ ၁၉၇၄ဖွဲ့စည်းပုံများနဲ့ နှိုင်းယှဉ်ပြီး" နိုင်ငံအတွက်အကျိုးရှိတဲ့ အကောင်းဆုံးဖွဲ့စည်းပုံ၊ ပြည်သူလူထု ၉၂ ဒဿမ ၄၈ ရာခိုင်နှုံးထောက်ခံအတည်ပြုထားတဲ့ ဖွဲ့စည်းပုံ၊ အချုပ်အချာအာဏာပိုင်မှုနှင့်လွတ်လပ်ရေးကို ဦးစားပေးထားသည့်အပြင် ပြည်သူများနှင့်ပြည်ထောင်စုအရေးကို ဦးထိပ်ပန်ဆင်ထားသည့်ဖွဲ့စည်းပုံ၊ အာဏာသုံးရပ်ကို ပိုင်းခြားတာဝန်ပေးပြီး အပြန်အလှန်ထိန်းကျောင်းသည့်စံနစ်နှင့် ဒီမိုကရေစီပိုင်ခွင့်အပြည့်အဝပေးထားသည့် ဖွဲ့စည်းပုံ၊" စသဖြင့် အမွှန်းတင်သွားကြတာ ကြားလိုက်ရပါတယ်၊ ဒီတော့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များက သူတို့ကိုယ်တိုင်ရေးဆွဲခဲ့ပြီး သူတို့ကိုယ်တိုင် အကြိမ်ကြိမ်အကောင်းဆုံးလို့ချီးမွန်းထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံကို ပြင်သင့်မပြင်သင့် လေ့လာသုံးသပ်မယ်ဆိုတာဟာ ပြည်သူလူထုနဲ့ တိုင်းရင်းသားလူနည်းစုများ မျှော်လင့်ကြသလို "စစ်မှန်သောဒီမိုကရေစီ နဲ့ အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝအာမခံချက်ပေးမည့်၊ လွတ်လပ်မျှတသောတရားစီရင်ရေးစံနစ်နဲ့ တရားဥပဒေစိုးမိုးရေးကို အခိုင်အမာတည်ဆောက်မည့်၊ တိုင်းရင်းသားလူမျိုးများအတွက် တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တည်းခွင့်များကို ဆောင်ကျဉ်းပေးမည့်" ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် ပြောင်းလဲနိုင်ပါ့မလားဆိုတာ သံသယဖြစ်နေဆဲပါ၊
 
လူထုရဲ့မျှော်လင့်ချက်နဲ့ ဝေးကွာပြီး ရှေ့မှာ လက်ရှိဖွဲ့စည်းပုံနဲ့ မကိုက်ညီပဲ အတည်ပြုခဲ့တဲ့ ဥပဒေတွေ တရားဝင်အောင်ဖွဲ့စည်းပုံကိုပြင်မှာ လား၊ လွှတ်တော်က နိုင်ငံတော်သမ္မတနဲ့ တရားစီရင်ရေးစံနစ်အပေါ် ပိုပြီးထိန်းချုပ်နိုင်အောင် လွှတ်တော်ကို အာဏာပိုပေးမည့် ပြင်ဆင်မှုတွေ လုပ်မှာလားလို့လဲ စိုးရိမ်မိပါတယ်၊

နိုင်ငံတော်သမ္မတရဲ့နောက်မှာ လွှတ်တော်ရှိမရှိ

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကိုလေ့လာပြီး (ကျနော်အပါအဝင်) နိုင်ငံတကာကအကဲခတ်သူတွေ တညီတညွတ်တည်းပြောလေ့ရှိတဲ့ မှတ်ချက်တစ်ခုရှိပါတယ်၊ အဲဒါက "အပြောင်းအလဲတွေအားလုံးလိုလိုဟာ သမ္မတရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်တွေ (Personal Initiative) သာဖြစ်ပြီး လွှတ်တော်ရဲ့ ဥပဒေပြဋ္ဌန်းကျောထောက်နောက်ခံပြုမှု (Legislative Support) မရှိဘူး" လို့ပါ၊ 
ဒါကြောင့်လဲ မြန်မာနိုင်ငံရဲ့အပြောင်းအလဲတွေဟာ စိတ်ချခိုင်မာမှု (Institutionalize) မရှိဘူး၊ အချိန်မရွေးနောက်ကြောင်းပြန်လှည့်နိုင်တယ်၊ ဒါမှမဟုတ် ရှေ့လဲမတိုး၊ နောက်လဲမဆုတ်ပဲ ဒီအခြေအနေမှာတင်တန့်နေနိုင်တယ် (Permanent Transition) လို့ သုံးသပ်ကြတာပါ၊ 

ဥပမာအနေနဲ့ ပြောရရင် (၁) သမ္မတက အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့တယ်၊ ဖွဲ့တာ နှစ်နှစ်ပြည့်ပြီ၊ အခုအချိန်အထိ လွှတ်တော်က ဥပဒေပြဋ္ဌန်းပြီး အဲဒီကော်မရှင်ကို ခိုင်မာအားကောင်းအောင်လုပ်မပေးဘူး၊ လူ့အခွင့်အရေးကော်မရှင်အတွက် သမ္မတတင်သွင်းတဲ့ ဘတ်ဂျက်ကိုတောင် ဖြတ်ချပစ်ခဲ့တယ်၊ (၂) သမ္မတက နိုင်ငံရေးအကျဉ်းသားတွေကို စိစစ်ပြီး သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာနဲ့ လွှတ်ပေးနေချိန်မှာ လွှတ်တော်က နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်ဥပဒေ ပြဋ္ဌန်းခြင်းမရှိဘူး၊ (၃) တရားဥပဒေစိုးမိုးရေးလို့ ပြောနေပြီး စစ်အစိုးရအဆက်ဆက်က လူထုအခွင့်အရေးကို ချိုးနှိမ်ဖို့တီထွင်ဖန်တီးခဲ့တဲ့ ဥပဒေတွေကို အခုအချိန်အထိ လွှတ်တော်က မဖျက်သိမ်းသေးဘူး၊ (၄) သမ္မတက ဧရာဝတီ မြစ်ဆုံဆည်တည်ဆောက်ရေးကို သူ့သက်တမ်းအတွင်းမှာ ရပ်ဆိုင်းထားတယ်၊ ဒါပေမည့် လွှတ်တော်က ဥပဒေပြဋ္ဌန်းပြီး ဒီစီမံကိန်းရဲ့ တရားဝင်မှုကို စုံစမ်းစစ်ဆေးတာ၊ အပြီးတိုင်ဖျက်သိမ်းဖို့ဆောင်ရွက်တာ မရှိဘူး၊ စသဖြင့်ပေါ့၊

အခြားဥပမာတစ်ခုကတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပါတ်သက်လို့ပါ၊ ဦးသိန်းစိန်အစိုးရတက်ပြီးချိန်မှာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာ နှစ်ပေါင်း ၆၀ ကျော်ပြီဆိုတာဝန်ခံတယ်၊ ပြည်တွင်းစစ်ဖြစ်နေသ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ ဒီမိုကရေစီရေးတွေ အပြည့်အဝမဖြစ်နိုင်ဘူးလို့ ဝန်ခံတယ်၊ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ တိုက်နေတဲ့ စစ်ပွဲတွေရပ်ရမယ်၊ ဒေသဖွံ့ဖြိုးရေးတွေလုပ်ရမယ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နိုင်ငံရေးအရဆွေးနွေးရမယ်၊ တိုင်းရင်းသားလူမျိုးစုများနှစ်ပေါင်းများစွာတောင်းဆိုနေတဲ့ တန်းတူညီမျှမှုအခွင့်အရေးတွေပေးရမယ် ဆိုတဲ့ နားလည်မှုတွေနဲ့ သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို ငြိမ်းချမ်းရေးကမ်းလှမ်းတယ်၊ ဒါတွေဟာ ဝမ်းသာစရာပါ၊ နှစ်ပေါင်းများစွာ အစိုင်အခဲကြီးကြီးတည်ရှိခဲ့တဲ့ မကျေနပ်မှုတွေကို ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းနိုင်မယ်ဆိုရင် ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်ကို၊ လူ့အသက်ပေါင်း သောင်းပေါင်းများစွာသေကျေပျက်စီးခဲ့၊ ပျက်စီးနေတဲ့ ပြည်တွင်းစစ်ကို ကျနော်တို့ ထာဝရရပ်စဲနိုင်မှာပါ၊ ဒါပေမည့်လဲ လက်ရှိအခြေအနေမှာတော့ အပစ်အခတ်ရပ်စဲရေးအဆင့်ထက်ပိုဖို့ သိပ်မမြင်ပါ၊ ဘာကြောင့်လဲဆိုတော့ သမ္မတရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုနောက်မှာ လွှတ်တော်က ဥပဒေပြဋ္ဌန်းထောက်ခံမှုမရှိလို့ပါ၊ ရှင်းပြပါမယ်၊

လွှတ်တော်အပြည့်အဝမပါသေးတဲ့ ငြိမ်းချမ်းမှုဖော်ဆောင်ရေး

ပြည်နယ်အဆင့်ဆွေးနွေးပွဲတွေကနေ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် သမ္မတရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဆင့် ၈ ဆင့်ရှိပါတယ်၊ အဲဒီအထဲက (၁)  ပြည်ထောင်စုက ခွဲမထွက်ရေး (၂) ဒို့တာဝန်အရေးသုံးပါးလက်ခံရေး၊ (၃) စီးပွါးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဏတွေမှာ နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး နဲ့ (၄) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ရေး တွေကို တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက သဘောတူလက်ခံကြပါတယ်၊ ဒါပေမည့် ကျန်လေးချက်ဖြစ်တဲ့ (၅) နိုင်ငံရေးပါတီများတည်ထောင်ပြီး နိုင်ငံရေးလုပ်ရေး၊ (၆) လွှတ်တော်တွင်းရောက်လျင်အခြားတိုင်းရင်းသားများနှင့်ညှိနှိုင်းပြီး အခြေခံဥပဒေပြင်ရေး၊ (၇) ဖွဲ့စည်းပုံနဲ့အညီ တစ်ခုတည်းသောလက်နက်ကိုင်တပ်မတော်ဖြစ်ရေး ညှိနှိုင်းဆောင်ရွက်ရေး နဲ့ (၈) လွှတ်တော်မှာငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ဆိုတာတွေကို တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများက လုံးဝလက်မခံပါ၊ 

သူတို့တောင်းဆိုတာက နိုင်ငံရေး ဆွေးနွေးပွဲတွေအရင်လုပ်ဖို့၊ အဲဒီလိုဆွေးနွေးရာမှာလဲ သီးခြားစီမဟုတ်ပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကို တပ်ပေါင်းစုပုံသဏ္ဏန်တစ်စုတစ်စည်းထဲအနေနဲ့ ဆွေးနွေးဖို့၊ အဲဒီနိုင်ငံရေးဆွေးနွေးပွဲကရရှိလာတဲ့ သဘောတူညီချက်တွေအတိုင်း လက်ရှိလွှတ်တော်ကဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်အတည်ပြုဖို့ပါ၊ အဲဒီလိုနဲ့ သူတို့ရဲ့ တိုင်းရင်းသားအခွင့်အရေးတွေ၊ တန်းတူညီမျှမှုတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အာမခံမှသာ သူတို့ရဲ့ လက်နက်ကိုင်တပ်တွေဖျက်သိမ်းပြီး နိုင်ငံရေးပါတီတွေထောင်၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်လာကြမှာပါ၊ ဒီတော့မှပဲ ပြည်တွင်းစစ်ကြီးပြီးဆုံးမှာပါ၊

ဒီလို တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းလို သမ္မတရဲ့ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီမှာ ဦးဆောင်နေကြသူတွေ ကောင်းကောင်းသိကြပါတယ်၊ ဦးအောင်မင်းကလဲ တိုင်းရင်းသားခေါင်းဆောင်များနဲ့ ဆွေးနွေးပွဲတွေမှာ ဒီအခွင့်အရေးတွေရရှိရပါစေ့မယ်လို့ ကတိတွေပြုနေပါတယ်၊ မနှစ်က ရန်ကုန်ကို ကရင်အမျိုးသားအစည်းအရုံးထိပ်တန်းကိုယ်စားလှယ်အဖွဲ့ လာရောက်ဆွေးနွေးစဉ်ကဆို ဦးအောင်မင်းက "တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရရဲ့ နိုင်ငံရေးဆွေးနွေးပွဲကို လွှတ်တော်အစည်းအဝေးကြီးနဲ့ တစ်ပြိုင်တည်းကျင်းပမယ်၊ ဒီဘက်စားပွဲမှာ (နိုင်ငံရေးဆွေးနွေးပွဲမှာ) ဖြေရှင်းလို့ရတာကို ဖြေရှင်းပြီး မဖြေရှင်းနိုင်တာကို ဟိုဘက်ကစားပွဲကို (လွှတ်တော်ကို) လွှဲပို့ပြီး ဖြေရှင်းပေးမယ် (ဥပဒေပြုပေးမယ်/ပြင်ပေးမယ်) လို့တောင်ပြောခဲ့ပါတယ်၊ ဒါပေမည့် သူ့စကားကို ဘယ်သူမှ မယုံပါ၊ ဘာကြောင့်လဲဆိုတော့ ဝန်ကြီးဦးအောင်မင်းမှာရော၊ သူကိုယ်စားပြုတဲ့ သမ္မတဦးသိန်းစိန်မှာရော ၂၀၀၈ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်တဲ့ အာဏာမရှိလို့ပါ၊ ဖွဲ့စည်းပုံကို ပြင်နိုင်တဲ့အာဏာ၊ ဥပဒေပြုတဲ့ အာဏာဟာ လွှတ်တော်မှာပဲရှိပြီး လွှတ်တော်က တိုင်းရင်းသားအခွင့်အရေးတွေအတွက် ဥပဒေပြင်ပေးမည့်၊ ဥပဒေပြုမည့် ကတိကဝတ်ပြုတာမရှိလို့ပါ၊ လွှတ်တော်ရဲ့ ပါဝင်ပါတ်သက်မှုမရှိပဲ ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ပါ၊

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပါတ်သက်ပြီး လွှတ်တော်က အလေးနက်ဆုံးပြောခဲ့ဘူးတာကို ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကြားခဲ့ရပါတယ်၊ ဥက္ကဋ္ဌသူရဦးရွှေမန်းရဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဏာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့်စပ်လျင်းတဲ့ မိန့်ခွန်းထဲမှာပါ၊ အဲဒီမှာ ဦးရွှေမန်းက "ကျနော်တို့တစ်တွေ ပြည်တွင်းငြိမ်းချမ်းရေး တကယ်လိုချင်တယ်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးများရရှိဖို့အတွက် တည်ဆဲဥပဒေများကို အားလုံးကလေးစားလိုက်နာရေးနှင့် တည်ငြိမ်အေးချမ်းရေးရရှိအောင်ဆောင်ရွက်ကြဖို့ လိုပါတယ်၊ ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ရန်အတွက် ဥပဒေပြုရန် လိုအပ်၊ မလိုအပ်စဉ်းစားရန်လိုပါတယ်၊ ဥပဒေအဖြစ်ပြဋ္ဌန်းရန်မလိုအပ်သေးဟုယူဆလျင်လည်း ငြိမ်းချမ်းရေးရရှိရေးအတွက် ဆောင်ရွက်ရာမှာ ငွေကုန်ကြေးကျခံပြီးဆောင်ရွက်ရမှာဖြစ်လို့ ပြည်သူ့ငွေများမှ ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး စနစ်တကျဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါတယ်" စသဖြင့် ပြောကြားခဲ့ပါတယ်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဏာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းကတော့ မတ်လ ၂၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါပြီ၊ ငြိမ်းချမ်းရေးရန်ပုံငွေ တစ်စုံတစ်ရာသတ်မှတ်တာမတွေ့ရပါ၊ ငြိမ်းချမ်းရေးရဖို့ ဥပဒေပြုမည့်အသံလဲ မကြားရတော့ပါ၊

၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့၊ တရုတ်နိုင်ငံ ရွှေလီမြို့မှာကျင်းပတဲ့ ဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီ နဲ့ ဦးဆွမ်လွတ်ဂမ်ခေါင်းဆောင်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြရာမှာ ဦးအောင်မင်းကတဆင့် သမ္မတဦးသိန်းစိန်က ကချင်ခေါင်းဆောင်များထံပေးပို့တဲ့ သဝဏ်လွှာမှာလဲ သမ္မတဦးသိန်းစိန်က "ပြည်ထောင်စုကြီးတစ်ခုလုံး ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ရေး၊ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်များကို စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းသည်သာ တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း ကျနော့်အနေနဲ့ ရိုးသားစွာယုံကြည်ပါတယ်၊ ယခုစတင်ပြုလုပ်မည့် ဆွေးနွေးပွဲများအောင်မြင်ပါစေကြောင်း ဆန္ဒပြုပါတယ်၊ ကျနော်တို့ အစိုးရအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ပြည်သူလူထုသို့ အကြိမ်ကြိမ်အသိပေး တင်ပြထားပြီးဖြစ်ပါတယ်" လို့ ရေးသားဖော်ပြထားပါတယ်၊ ဒါဟာဖြင့် သူကိုယ်တိုင်အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၈ ချက်ထဲက ပါတီထောင်၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်မှ နိုင်ငံရေးဆွေးနွေးကြ ဆိုတာကို ပယ်ဖျက်ပြီး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်ဖို့ သဘောတူတာဖြစ်လို့ အရေးကြီးတဲ့ တိုးတက်မှုတစ်ရပ်ပါပဲ၊ ဒါပေမည့်လဲ နိုင်ငံရေးဆွေးနွေးပွဲက ရရှိလာမည့် ရလာဒ်တွေ၊ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်တဲ့ အာဏာရှိတဲ့ လွှတ်တော်အပေါ်မှာ လုံးဝတည်မှီနေတာမို့ သမ္မတရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ လွှတ်တော်က အပြည့်အဝမပါဝင်ရင်ဖြင့် ကျနော်တို့နိုင်ငံဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဦးမှာပါ၊

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာကို ကရင်နှစ်သစ်ကူးနေ့မှာ ကရင်ဝတ်စုံဝတ်ပြီး ဒုံးယိမ်းကပြရုံနဲ့၊ ကချင်ပြည်နယ်နေ့မှာ ကချင်ဝတ်စုံဝတ်ပြရုံနဲ့၊ ချင်းအမျိုးသားနေ့မှာ ချင်းလိုဝတ်ပြီး ခေါင်ရည်သောက်ပြရုံနဲ့ မရရှိနိုင်ပါ၊

ဆက်ရေးပါဦးမယ်၊
လေးစားစွာ၊

အောင်ဒင်
မတ်လ ၂၅၊ ၂၀၁၃