မြန်မာနိုင်ငံ၏
ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း
(၂၄) လွှတ်တော်နှင့် မတရားသောဥပဒေများ ဖျက်သိမ်းရေး (ဃ)
မအောင်မြင်ခဲ့သော
ဥပဒေဖျက်သိမ်းရန်ကြိုးပမ်းမှုများ
တပ်မတော်အရာရှိများနဲ့ ကြံ့ခိုင်ရေးပါတီအမတ်များက အများစုလွှမ်းမိုးထားတဲ့
ပြည်ထောင်စုလွှတ်တော်မှာ မတရားတဲ့ ဥပဒေတွေ ရုတ်သိမ်းရေး သို့မဟုတ် ပြင်ဆင်ရေး စိုက်လိုက်မတ်တပ်ကြိုးစားဆောင်ရွက်နေတဲ့
လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို ထူးထူးခြားခြားတွေ့ရပါတယ်၊ အဲဒီပုဂ္ဂိုလ်ကတော့ အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့
ခေါင်းဆောင်ဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ဖြစ်ပါတယ်၊
သူ့ရဲ့ အကြိမ်ကြိမ်ကြိုးပမ်းမှုတွေဟာ အောင်မြင်မှုအပြည့်အဝမရှိသေးပေမည့် တိုးတက်မှုတစ်စုံတစ်ရာတွေ့မြင်ရပါတယ်၊
ဒါကြောင့်မို့ ဦးသိန်းညွန့်ရဲ့ တာဝန်သိသိအားထုတ်မှုကို လေးစားအသိအမှတ်ပြုရမှာပါ၊
ပထမအကြိမ်ကြိုးစားမှု
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ဦးသိန်းညွန့်က
"၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ" ကို ဖျက်သိမ်းရန်အဆိုကို တင်သွင်းခဲ့ပြီး
မဲခွဲဆုံးဖြတ်တဲ့အခါ အရေးနိမ့်သွားခဲ့ပါတယ်၊
ဦးသိန်းညွန့်တင်သွင်းတဲ့ “အရေးပေါ်စီမံမှုအက်ဥပဒေ ဖျက်သိမ်းရေး
ဥပဒေကြမ်း” ကို ၂၀၁၁ ခုနှစ် ဩဂုတ်လ ၃၀ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်တဲ့အခါ
အစည်းအဝေးတက်သူ ၃၈၅ဦးရှိတဲ့အနက် ဦးသိန်းညွန့်အပါအဝင် (၈) ဦးပဲထောက်ခံမဲပေးပြီး တပ်မတော်သားကိုယ်စားလှယ်များအားလုံးနဲ့
ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များ စုစုပေါင်း (၃၃၆) ဦးက ကန့်ကွက်မဲပေးခဲ့ကြပါတယ်၊ ကြားနေသူက
၄၁ ဦးရှိတယ်လို့ သိရပါတယ်၊ အရေးနိမ့်ခဲ့ဦးတော့၊ တာဝန်သိသိနဲ့ ကြိုးစားခဲ့တဲ့ ဦးသိန်းညွန့်နဲ့
ထောက်ခံသူများဖြစ်ကြတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဒေါက်တာသန်းဝင်းနဲ့ ဦးခိုင်မောင်ရည်၊
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီမှ ဒေါ်နန်းဝါနု၊ အမျိုးသားဒီမိုကရေစီပါတီသစ်မှ
ဦးကြည်ညွန့်၊ ချင်းအမျိုးသားပါတီမှ ဒေါ်ဇာတလဲမ်း၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ
ဒေါ်မိမြင့်သန်းတို့ကို လေးလေးစားစားအသိအမှတ်ပြုရမှာ ဖြစ်ပါတယ်၊
ဒုတိယအကြိမ်ကြိုးပမ်းမှု
ဥပဒေတစ်ခုလုံးပယ်ဖျက်ဖို့ကြိုးစားတာ မအောင်မြင်တဲ့နောက်
ဦးသိန်းညွန့်က ဒီဥပဒေထဲက ပုဒ်မ ၅(င) နဲ့ ၅ (ည) နှစ်ခုကိုသာ ဖျက်သိမ်းရေးအဆိုပြုတဲ့
"အရေးပေါ်စီမံမှုအက်ဥပဒေ (အက်ဥပဒေအမှတ် ၁၇/၅၀) ကို ပြင်ဆင်သည့်ဥပဒေကြမ်း" အား
ပြည်သူလွှတ်တော် စတုတ္ထအကြိမ်ပုံမှန်အစည်းအဝေး ဒဿမနေ့ (၂၀၁၂ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့)
မှာ တင်သွင်းပါသေးတယ်၊ ဦးသိန်းညွန့်တင်သွင်းတဲ့
ဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ ရှမ်းပြည်နယ် ကွမ်ဟိန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်နန်းဝါနုက ထောက်ခံပြီး တာဝန်ရှိတဲ့ ဝန်ကြီးဋ္ဌာနဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက လက်ခံဆွေးနွေးရန်
သဘောတူတဲ့အတွက် လွှတ်တော်လုပ်ထုံးလုပ်နည်းများအရ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ဦးသိန်းညွန့်တင်သွင်းတဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်
ဥပဒေကြမ်းကော်မီတီသို့ လွှဲအပ်ကြောင်းကြေညာတယ်လို့ သိရပါတယ်၊ အဲဒီနေ့မှာပဲ ဦးသိန်းညွန့်ကပဲ
"မတရားအသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ်၊ အိန္ဒိယအက်ဥပဒေ ၁၄) ကိုရုတ်သိမ်းသည့်ဥပဒေကြမ်း"
ကို တင်သွင်းပြီး ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူပြီး လုပ်ထုံးလုပ်နည်းများအရ
ဥပဒေကြမ်းကော်မီတီထံ လွှဲအပ်ခဲ့ပါတယ်၊
အဲဒီနောက် (၇) လကျော်ကြာပြီးမှ ဦးသိန်းညွန့်တင်သွင်းတဲ့
ဥပဒေကြမ်းနှစ်ခုထဲက "မတရားသင်းများအက်ဥပဒေ (၁၉၀၈ခုနှစ် အိန္ဒိယအက်ဥပဒေ-၁၄) ကို
ရုပ်သိမ်းသည့်ဥပဒေကြမ်း" ကို ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ရဲ့
၂၀ရက်မြောက်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဆွေးနွေးကြပါတယ်၊ အဲဒီအစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ဥက္က္ကဋ္ဌက
လွှဲပြောင်းပေးတဲ့ ဥပဒေကြမ်းကို လေ့လာသုံးသပ်ရတဲ့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မီတီရဲ့
အဖွဲ့ဝင် ဦးဘရှိန်က သူတို့ကော်မီတီရဲ့ သုံးသပ်ချက်ကို တင်သွင်းပါတယ်၊ ဒီကော်မီတီက ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ
တာဝန်ရှိသူများ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မီတီ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မီတီ
အဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များနဲ့
ညှိနှိုင်းဆွေးနွေးပြီး ရရှိလာတဲ့အကြံပြုချက်အဖြစ် "မတရားအသင်းများအက်ဥပဒေကို ယခုအချိန်ကာလ၌
ရုပ်သိမ်းရန်မသင့်သေးကြောင်း၊ သို့ရာတွင် ဤဥပဒေကြောင့် မတရားနစ်နာဆုံးရှုံးမှုများ မဖြစ်ပွါးစေရန်အတွက်
ပြင်ဆင်သင့်သည့်အချက်အလက်များကို ထည့်သွင်းပြဋ္ဌန်းနိုင်ရန် မတရားအသင်းများအက်ဥပဒေကို
ပြင်ဆင်သည့်ဥပဒေအဖြစ်သာ တင်သွင်းဆောင်ရွက်သင့်ကြောင်း" လွှတ်တော်သို့တင်ပြပါတယ်၊
ဒီလို ကော်မီတီရဲ့ တင်ပြချက်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များရဲ့
သဘောထားကို တောင်းခံတဲ့အခါ ကန့်ကွက်သူမရှိတဲ့အတွက် ဦးသိန်းညွန့်တင်သွင်းတဲ့ "မတရားအသင်းများအက်ဥပဒေကို
ရုပ်သိမ်းသည့်ဥပဒေကြမ်း" ကို ပြဋ္ဌန်းရန်မသင့်ကြောင်းနဲ့ "မတရားအသင်းများအက်ဥပဒေကို
ပြင်ဆင်သည့်ဥပဒေကြမ်း" အဖြစ်ပြန်လည်တင်သွင်းရန် ဆုံးဖြတ်ချက်ချပါတယ်၊
ဥပဒေကြမ်းကော်မီတီက လေ့လာသုံးသပ်နေတဲ့ ဦးသိန်းညွန့်တင်သွင်းထားတဲ့
"အရေးပေါ်စီမံမှုအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း" ကိုတော့ ပြည်သူ့လွှတ်တော်
ဆဋ္ဌမပုံမှန်အစည်းအဝေးမှာ ဥပဒေကြမ်းကော်မီတီက အစီရင်ခံတင်ပြတာ၊ မဲခွဲဆုံးဖြတ်တာ မတွေ့ရပါ၊
ပြန်လည်ကျင်းပမည့် သတ္တမပုံမှန်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်၊
ဦးကျော်နိုင်ဋ္ဌေး၏
ကြိုးပမ်းမှု
အဲဒီနောက် ဆက်လက်ကျင်းပတဲ့ ပထမအကြိမ်ပြည်သူ့လွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေး၊
၂၄ရက်မြောက်နေ့၊ ၂၀၁၃ခုနှစ် မတ်လ ၈ရက်နေ့မှာ အင်းတော်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်နိုင်ဋ္ဌေးက "မတရားအသင်းများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း" ကို လက်ခံဆွေးနွေးရန်အဆိုတင်သွင်းပါတယ်၊
ထူးခြားမှုတစ်ခုအနေနဲ့ ပြောရမှာက ဦးကျော်နိုင်ဋ္ဌေးဟာ ကြံ့ခိုင်ရေးပါတီက
လွှတ်တော်ကိုယ်စားလှယ်ပါ၊ သူ့ရဲ့ ဥပဒေကြမ်းကတော့ ၁၉၀၈ခုနှစ် မတရားအသင်းများအက်ဥပဒေရဲ့
ပြစ်ဒဏ်ပေးပုဒ်မများဖြစ်ကြတဲ့ ပုဒ်မ ၁၇ (၁) နဲ့ ပုဒ်မ ၁၇ (၂) နဲ့ ပုဒ်မ ၁၈ တို့ရဲ့နောက်မှာ
ပုဒ်မ ၁၉ ဆိုပြီး ဖြည့်စွက်တာပါ၊ အဲဒီ ဖြည့်စွက်ချက်ကတော့ "ပုဒ်မ ၁၉၊ ဤဥပဒေတွင်
မည်သို့ပင် ပြဋ္ဌန်းပါရှိစေကာမူ တစ်ဦးတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်ဖြစ်စေ မိမိ၏ နေ့စဉ်ပုံမှန်စားသောက်သွားလာလုပ်ကိုင်ဆောင်ရွက်မှုအတွက်သော်လည်းကောင်း၊
မိမိ၏အသက်ဘေးအန္တရာယ်ကို ရုတ်ချည်းကြောက်ရွံ့ရသည့်အတွက်သော်လည်းကောင်း၊ မတရားအသင်းများနှင့်
ဆက်နွယ်ပါတ်သက်ဆောင်ရွက်ရခြင်းသည် ဤဥပဒေအရ ပြဋ္ဌန်းသည့်ပြစ်မှုများတွင်အကျုံးမဝင်ဟု မှတ်ယူရမည့်အပြင်
တရားစွဲဆိုခြင်းမခံထိုက်စေရ၊" ဖြစ်ပါတယ်၊
ဦးကျော်နိုင်ဋ္ဌေးရဲ့ တင်ပြချက်မှာ "ဒီနေ့ဆိုရင် ကျနော်တို့ပြည်သူများဟာ
လက်နက်ကိုင်သောင်းကျန်းသူတွေရှိနေတဲ့ဒေသမှာ မလွဲမရှောင်သာ နေထိုင်ကြရမည့် အနေအထားရှိပါတယ်၊
ပြည်သူတွေဟာ နီးရာဓားကို ကြောက်ကြရတယ်၊ ဒီတော့ကာ မတရားအသင်းအဖြစ် ကြေညာထားခြင်းခံရတဲ့
လက်နက်ကိုင်သောင်းကျန်းသူများရဲ့ အဖွဲ့အစည်းတွေကို ကူညီနေရတဲ့ ဘဝမျိုးတွေကို ရောက်တယ်၊
နီးရာဓားကို ကြောက်ရတဲ့အတွက် ရိက္ခာတောင်းရင်ပေးရတယ်၊ ငွေကောက်ခံရင်ဆောင်ကြရတယ်၊ ဒီအခါမှာ
အထက်ကျနော်တင်ပြခဲ့တဲ့ ဒီဥပဒေ ပုဒ်မ ၁၇ (၁) အရအကျုံးဝင်နေတဲ့အခါ ဒီပုဒ်မဟာ သာမန်ပြည်သူတွေရဲ့
နေ့စဉ်ဘဝ၊ စားသောက်နေထိုင်မှုကို အကာအကွယ်ပေးရုံမဟုတ်တော့ပဲနဲ့ ပြည်သူတွေကို ဒုက္ခပေးတဲ့
ဥပဒေပုဒ်မ မတရားအသင်းဥပဒေ ပုဒ်မ ၁၇ (၁) ဆိုတာဖြစ်လာတာ ဖြစ်ပါတယ်" ဆိုပြီး သူကိုယ်တိုင်
၁၉၉၅ခုနှစ်က ဖားကန့်ရတနာမြေကိုသွားတဲ့အခါမှာ လုံးခင်းမြို့နယ်ကို ဖြတ်သန်းဖို့အတွက်
လက်နက်ကိုင်သောင်းကျန်းသူများထံက မှော်နင်းလက်မှတ်လို့ခေါ်တဲ့ ဖြတ်သန်းခွင့်လက်မှတ်ကို
သတ်မှတ်ထားတဲ့ ငွေကြေးပေးဝယ်ယူဖြတ်သန်းခဲ့ရပုံကို နမူနာအဖြစ်တင်ပြပါတယ်၊
ဦးကျော်နိုင်ဋ္ဌေးရဲ့ ဥပဒေကြမ်းတင်သွင်းတာကို ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက
ရှမ်းပြည်နယ် မိုင်းရယ်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် (ခေါ်)
ဦးစိုင်းဟပ်က လွှတ်တော်မှ လက်ခံဆွေးနွေးရန် ထောက်ခံတင်ပြပါတယ်၊ အဲဒီနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက
ဒီဥပဒေကြမ်းကို လက်ခံဆွေးနွေးရန်သင့်၊ မသင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆန္ဒကို တောင်းခံရာမှာ
ကန့်ကွက်သူမရှိတဲ့အတွက် ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မီတီထံ လွှဲပြောင်းပေးလိုက်ပါတယ်၊
ဒီတော့ ပြန်လည်ကျင်းပမည့် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးမှာ ဥပဒေကြမ်းကော်မီတီက
လေ့လာသုံးသပ်ချက်တွေကို တင်ပြပြီး ဒီဥပဒေကြမ်းရဲ့ ကံကြမ္မာကို ဆုံးဖြတ်လိမ့်မယ်ထင်ပါတယ်၊
ဥပဒေကြမ်းတစ်ခုရဲ့
ခရီး
မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေတစ်ခုအတည်ပြုဖို့အတွက်
စတင်တင်သွင်းချိန်ကနေ ဆုံးဖြတ်ချက်ချချိန်အထိ ပျမ်းမျှအားဖြင့် တစ်နှစ်ကျော်ကျော်လောက်
ကြာမြင့်ပါတယ်၊ ဥပဒေပြဋ္ဌန်းရာလုပ်ငန်းစဉ်အဆင့်ဆင့်က ဒီလိုပါ၊
လွှတ်တော်နှစ်ရပ်ရှိတဲ့အထဲက ပြည်သူ့လွှတ်တော်မှာ ဥပဒေကြမ်းတစ်ခုကို
စတယ်ဆိုပါစို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်ထောင်စုလွှတ်တော်
(လွှတ်တော်နှစ်ရပ်ပေါင်းအစည်းအဝေး) ၌သာ တင်သွင်းဆုံးဖြတ်ရမည်ဟု သတ်မှတ်ပြဋ္ဌန်းထားသည့်ကိစ္စရပ်များမှအပ
ကျန်ကိစ္စများနှင့် စပ်လျင်းသော ဥပဒေကြမ်းများကို ပြည်သူ့လွှတ်တော်သို့တင်သွင်းခွင့်ရှိပါတယ်၊
အဲဒီ ဥပဒေကြမ်းတင်သွင်းမှုကို အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံတယ်ဆိုရင်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များအားလုံးရဲ့ သဘောထားကိုရယူပါတယ်၊ အများစုက
မထောက်ခံရင် အဲဒီအဆင့်မှာပဲ ဥပဒေကြမ်းအရေးနိမ့်ပါတော့တယ်၊ အများစုက လက်ခံဆွေးနွေးသင့်ကြောင်း
ထောက်ခံကြရင်တော့ အဲဒီဥပဒေကြမ်းကို လေ့လာသုံးသပ်ပြီး လွှတ်တော်ကို ပြန်လည်တင်ပြီဖို့
ဥပဒေကြမ်းကော်မီတီသို့ လွှတ်တော်ဥက္ကဋ္ဌက လွှဲပြောင်းပေးပါတယ်၊
ဥပဒေကြမ်းကော်မီတီကလည်း ဥပဒေကြမ်းတစ်ခုကို လေ့လာသုံးသပ်ဖို့
အနည်းဆုံး သုံးလ နဲ့ ခြောက်လလောက် အချိန်ယူတတ်ပါတယ်၊
ဥပဒေကြမ်းကော်မီတီက လေ့လာသုံးသပ်ပြီးတော့
ကော်မီတီရဲ့ တွေ့ရှိချက်နဲ့ အကြံပြုချက်တွေကို လွှတ်တော်သို့ ပြန်လည်တင်ပြပါတယ်၊ ကော်မီတီရဲ့
အကြံပြုချက်တွေကတော့ ဥပဒေကြမ်းကို မပြင်ဆင်ပဲ အရှိအတိုင်း အတည်ပြုသင့်ကြောင်းထောက်ခံတာ၊
သို့မဟုတ် ပြင်ဆင်ချက်များဖြည့်စွက်ဖို့အကြံပေးတာ၊ သို့မဟုတ် ဥပဒေကြမ်းကို အတည်ပြုဖို့
မသင့်လို့ ပြန်လည်ရုပ်သိမ်းဖို့ အကြံပေးတာ၊ စတာတွေ ဖြစ်ပါတယ်၊ ဥပဒေကြမ်းကော်မီတီရဲ့
အကြံပြုချက်ကို အခြေခံပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များရဲ့ သဘောထားရယူပြီး
ဥပဒေကြမ်းကို အတည်ပြုသင့်၊မပြုသင့် ဆုံးဖြတ်ပါတယ်၊ အဲဒီအဆင့်မှာ မူလဥပဒေကြမ်းတင်သွင်းသူ
လွှတ်တော်ကိုယ်စားလှယ်က ဥပဒေကြမ်းကို ကိုယ်တိုင်ပြန်ရုပ်သိမ်းတာမျိုးလဲ ရှိနိုင်ပါတယ်၊
မရုပ်သိမ်းပဲ မဲခွဲလို့ အများစုက မထောက်ခံရင် ဒီဥပဒေကြမ်း ဇာတ်သိမ်းပါပြီ၊ ထောက်ခံရင်
ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပြီး အမျိုးသားလွှတ်တော်ကို ပို့ရပါတယ်၊ ဒီအဆင့်မှာ
အများထောက်ခံမဲရဖို့ဆိုရာမှာ ပြည်သူ့လွှတ်တော်မှာ အများစုနေရာရထားတဲ့ ကြန့်ခိုင်ရေးပါတီကိုယ်စားလှယ်များရဲ့
ထောက်ခံမှုရဖို့ အင်မတန်အရေးကြီးပါတယ်၊ ဆိုတော့ ပြည်သူ့လွှတ်တော်အဆင့်မှာ ဥပဒေကြမ်းတစ်ခုကို
အတည်ပြုဖို့ အနည်းဆုံး (၇) လလောက် ကြာမြင့်ပါတယ်၊ အဲဒီမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးများမှာ
ဆွေးနွေးရမည့်အချက်များကို ဆုံးဖြတ်တာမို့ သူ့ရဲ့ စိတ်ဆန္ဒအပေါ်မူတည်ပြီး ဥပဒေကြမ်းတစ်ရပ်ကို
ဆွေးနွေးဖို့ ပိုပြီးမြန်ဆန်တာ၊ ပိုပြီးကြံ့ကြာတာလည်း ဖြစ်နိုင်ပါတယ်၊
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပေးပို့လာတဲ့
အတည်ပြုပြီးသားဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များထံ ချပြပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်၊
အဲဒီမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ၊ ဝေဘန်ကြ၊ အကြံပြုကြပြီး အရှိအတိုင်းအတည်ပြုတာ၊
သို့မဟုတ် ကန့်ကွက်ပယ်ချတာ၊ သို့မဟုတ် ပြင်ဆင်ဖြည့်စွက်ချက်များနဲ့ ပြည်သူ့လွှတ်တော်သို့ပြန်ပို့တာစတဲ့
ဆုံးဖြတ်ချက်တစ်ခုခုကို မဲခွဲဆုံးဖြတ်ပါတယ်၊ အမျိုးသားလွှတ်တော်က ပယ်ချလိုက်တယ်ဆိုရင်
ဒီဥပဒေကြမ်း ဘဝနိဂုံးချုပ်ပါပြီ၊ ပြည်သူ့လွှတ်တော်က ပေးပို့တဲ့အတိုင်း အမျိုးသားလွှတ်တော်ကလည်း
အတည်ပြုတယ်ဆိုရင်ဖြင့် ဒီဥပဒေကြမ်း ရှင်သန်ထမြောက်ပါပြီး၊
အမျိုးသားလွှတ်တော်က ပြင်ဆင်ပြီးမှအတည်ပြုတဲ့
ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ပြန်လည်ဆွေးနွေးရပါတယ်၊ ဒီလိုနဲ့လွှတ်တော်နှစ်ရပ်ကအတည်ပြုထားတဲ့
ဥပဒေကြမ်းကိုမှ နိုင်ငံတော်သမ္မတထံပေးပို့ရပါတယ်၊ နိုင်ငံတော်သမ္မတက လက်မှတ်ထိုးပြီး
ဥပဒေအဖြစ်ထုတ်ပြန်ပါတယ်၊ တစ်ခါတစ်ရံ သမ္မတက လက်မှတ်မထိုးပဲ ပြင်ဆင်ရန်အကြံပြုချက်များနဲ့
ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့တာမျိုးလည်းရှိပါတယ်၊ အဲဒါဆိုရင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေါ်ပြီး
သမ္မတရဲ့ အကြံပြုချက်များကို ပြန်လည်သုံးသပ်မဲခွဲဆုံးဖြတ်ကြပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
သမ္မတလက်မှတ်မထိုးတာတောင်မှ လွှတ်တော်နှစ်ရပ်စလုံးက အများစုမဲနဲ့ အတည်ပြုတဲ့ ဥပဒေကြမ်းဟာ
ဥပဒေဖြစ်လာပါတယ်၊ ဒါပေမည့် အဲဒီလို ဥပဒေကြမ်းကနေ ဥပဒေဖြစ်လာဖို့ တစ်နှစ်ကျော်ကျော်လောက်
ကြာမြင့်တတ်ပါတယ်၊ ပြည်ထောင်စုလွှတ်တော်ကလည်း တစ်နှစ်မှ ၂လလောက်ပဲ အလုပ်လုပ်တာမို့ ဥပဒေများရဲ့
ခရီးဟာ ဝေးလွန်းလှပါတယ်၊
ဆက်ပါဦးမည်၊
လေးစားစွာ၊
အောင်ဒင်
မေလ ၁၃ရက်၊ ၂၀၁၃
မေလ ၁၃ရက်၊ ၂၀၁၃
0 comments:
Post a Comment