BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, September 30, 2014

ရုပ်ရှင်ရုံ

ရုပ်ရှင်ရုံ
အောင်ဒင်

(၁)
လူ့ဘဝဆိုတာ
အင်မတန်ကြီးမားကျယ်ပြန့်တဲ့
ရုပ်ရှင်ရုံကြီးတစ်ခု…။

အဲဒီရုံကြီးထဲမှာ
ဇာတ်လမ်းပေါင်းများစွာ၊ ဇာတ်ကောင်ပေါင်းများစွာ
မရပ်မနား၊ လှုပ်ရှားတင်ဆက်
အိပ်မက်နဲ့ ရက်လုပ်တဲ့ နေ့တွေ၊ညတွေ
မျှော်လင့်ချက်နဲ့ ဖွဲ့တဲ့ရုပ်ရှင်ဇာတ်ကားတွေ
စိတ်ကူးယဉ်သလိုထင်ရတဲ့ တကယ့်အဖြစ်အပျက်တွေ
တစ်ချိန်ထဲ၊ တစ်ပြိုင်ထဲ၊ တစ်နေရာထဲမှာ ရင်ဖွင့်ပြသနေ…။

ကျနော်တို့အားလုံးဟာ
အဲဒီရုပ်ရှင်ရုံကြီးထဲမှာ
သဘာဝအကျဆုံး ဇာတ်ကောင်တွေပေါ့
အလိုတူသည်ဖြစ်စေ၊ အလိုမတူသည်ဖြစ်စေ
ကျရာဘဝမှာ သရုပ်ဆောင်နေကြရ
ပြီးတော့
တာဝန်အကျေဆုံး ပရိသတ်တွေလည်း ဖြစ်ပြန်ပေါ့
ကြည့်ချင်သည်ဖြစ်စေ၊ မကြည့်ချင်သည်ဖြစ်စေ
ပိတ်ကားရှေ့မှာ မလှုပ်မယှက်ထိုင်နေကြရ…။

(၂)
လောကကြီးက မတရားဘူးလို့
အလွယ်တကူမပြောလိုက်နဲ့ဦး
လူတိုင်းလူတိုင်းရဲ့ ဘဝမှာ
အနည်းဆုံး တစ်ကြိမ်တစ်ခါတော့
ဇာတ်လိုက်ဖြစ်ဖူးကြမယ်…။

သူဋ္ဌေးကြီးတစ်ယောက်ရဲ့  ကားကိုမောင်းတဲ့သူဟာ
သူဋ္ဌေးကြီးအကြောင်းဇာတ်လမ်းမှာ
သာမာန်အဖြည့်ခံတစ်ယောက်ပေါ့…။

ဒါပေမည့်
တာဝန်ချိန်ပြီးဆုံးလို့ အိမ်ပြန်ရောက်တဲ့အခါ
သူ့မိသားစုရဲ့ ရင်ခွင်မှာ
သူဟာ အဓိကဇာတ်လိုက်ပေါ့
သူ့အကြောင်းကို တင်ပြတဲ့ဇာတ်လမ်းမှာ
သူဋ္ဌေးကြီးဟာ ဇာတ်ဖြည့်တစ်ယောက်လည်းဖြစ်နိုင်တယ်
ကားမောင်းသူကို အနိုင်ကျင့်တတ်တဲ့
လူကြမ်းကြီးတစ်ယောက်လည်း ဖြစ်နိုင်သေးတယ်…။

ဒီလိုပါပဲ
ကိုယ်ကိုယ်တိုင်ရဲ့ ဘဝမှာ ကိုယ်ဟာဇာတ်လိုက်
အခြားတစ်ယောက်ရဲ့ ဘဝဇာတ်လမ်းမှာတော့
ကိုယ်ဟာ
လူကြမ်းလည်း ဖြစ်ချင်ဖြစ်မယ်
အဖြည့်ခံလည်း ဖြစ်ချင်ဖြစ်မယ်
ကိုယ်မဖြစ်ချင်တာတွေ အကုန်ဖြစ်နိုင်သေးတယ်
ဖြစ်ချင်တာကိုတော့ ရွေးချယ်ခွင့်မရှိပါ…။

(၃)
ခက်ပါရဲ့
ကိုယ့်ဘဝနဲ့ကိုယ်
တိတ်တိတ်ဆိတ်ဆိတ်နေချင်သူပါ
အခြားသူတွေရဲ့  ဘဝတွေမှာ
လူကြမ်းလည်းမဖြစ်ချင်ပါ
ဇာတ်လိုက်လည်းမဖြစ်ချင်ပါ…။

ခက်ပါရဲ့
ဒီရုပ်ရှင်ရုံကြီးထဲ
ဝင်ပြီးရင် အလွယ်တကူနဲ့ ပြန်ထွက်လို့မရ
ဇာတ်လမ်းတွေထဲမှာ မပါဝင်ချင်လို့မရ
ကိုယ်ကြိုက်တဲ့ဇာတ်ရုပ်ကို ကိုယ်တိုင်ရွေးချယ်လို့မရ
ကိုယ်မျှော်လင့်သလို ဇာတ်သိမ်းလို့လည်းမရ
ကိုယ်တိုင်စီစဉ်ရိုက်ကူးလို့လည်းမရ
မကြည့်ချင်လို့ မကြည့်ပဲနေလို့လည်းမရ…။

ဒီလိုနဲ့
ပျော်ရွှင်ရ၊ ကြေကွဲရ၊
ရန်ဖြစ်ရ၊ ဝမ်းနည်းရ
စိတ်ကောက်ရ၊ နာကျည်းရ
ခံစားရလွန်းတဲ့အခါ မျက်ရည်ကျရ
ဘဝဆိုတဲ့ ရုပ်ရှင်ရုံကြီးထဲမှာ
နှစ်ပေါင်းများစွာ…။ ။ ။


(ဩဂုတ်လ ၃၁၊ ၂၀၁၄)

Saturday, September 27, 2014

Burma's Parliament Watch Part (79)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၇၉) ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် တတိယလှိုင်း (စ)

#ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ကန့်ကွက်ချက်အပေါ် ဝန်ကြီးဋ္ဌာနများ၏ တုန့်ပြန်မှု

ပြည်ထောင်စုစာရင်းစစ်ချုပ်က သူ့ရဲ့ စစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံတော်ဘဏ္ဍာငွေကို ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများကို မလိုက်နာပဲ သုံးစွဲနေတာ၊ နိုင်ငံတော်ဘဏ္ဍာငွေတွေ နစ်နာဆုံးရှုံးနေတာ၊ နိုင်ငံပိုင်လုပ်ငန်းများ အရှုံးပေါ်နေတာ၊ နိုင်ငံတော်ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်နေတာတွေကို သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများထံ ကန့်ကွက်ချက်တွေပေးပို့ပါတယ်။ စာရင်းစစ်ချုပ်ရဲ့ ကန့်ကွက်ချက်များအပေါ် ဝန်ကြီးဋ္ဌာနများရဲ့ တုန့်ပြန်မှုက အားနည်းလှပါတယ်။
ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့ တုန့်ပြန်ချက်တွေမှာ များသောအားဖြင့် "ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်"။ "ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ပါသည်"။ "ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ရန် အကြောင်းကြားပြီးဖြစ်ပါသည်"။ "ညွှန်ကြားချက်ပေးပို့ဆောင်ရွက်မည်ဖြစ်ပါသည်။" စတာတွေပဲ ဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိပါ။ အရေးယူဆောင်ရွက်မှု (၁) ခုသာရှိပါတယ်။

သတ္တုတွင်းဝန်ကြီးဋ္ဌာနရဲ့ တုန့်ပြန်ချက်တွေမှာလည်း "ပေးသွင်းရန်ကျန်ရှိသော မြေငှါးရမ်းခများရရှိရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်"။ "စာရင်းရှင်းလင်းဖျက်သိမ်းရေး ဆောင်ရွက်လျက်ရှိပါသည်"။ ကျန်ရွှေစင်များကို ပြင်ဆင်သတ်မှတ်ထားသည့် စာချုပ်အရ လစဉ်အချိန်မီ ပေးသွင်းရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်"။ "ကျန်ရှိနေသာ ရွှေစင်ကြွေးကျန်များကို ဆက်လက်ကောက်ခံလျက်ရှိပါသည်"။ "အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြရန် ဆုံးဖြတ်ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်"။ " စာချုပ်တွင်မပါဝင်သော အဆောက်အဦကို သုံးစွဲနေခြင်းအတွက် သက်ဆိုင်ရာကုမ္ပဏီ၏ အထွေထွေမန်နေဂျာနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်" စတဲ့ ယေဘူယျအကြောင်းပြန်ချက်တွေပဲ ဖြစ်ပါတယ်။ ကျပ်သန်းပေါင်းများစွာရှိတဲ့ နိုင်ငံတော်ဘဏ္ဍာနစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားပြုမှုများအတွက် မည်သူကမှ တာဝန်မခံပါ။ မည်သူ့ကိုမှ အရေးမယူပါ။ မည်သည့် ကုမ္ပဏီနှင့်မှ အဆက်အသွယ်မဖြတ်ပါ။ 

ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနရဲ့ တုန့်ပြန်မှုတွေမှာလည်း "စည်းကြပ်နှစ်အတွင်း အခွန်စည်းကြပ်ကောက်ခံမှု ပြီးပြတ်နိုင်ရန်နှင့် အခွန်ကင်းလွတ်ခြင်းမရှိစေရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်"။ "အခွန်မှူးများအနေဖြင့် ယခင်နှစ်က စည်းကြပ်ခဲ့သည့် ရောင်းရငွေအပေါ် ချင့်ချိန်၍ ခန့်မှန်းစည်းကြပ်ရခြင်းဖြစ်ပါသည်။ ဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင် ရောင်းအားချင်းကွာခြားတတ်သဖြင့် ပကတိအခြေအနေကို ကာယကံရှင်အခွန်ထမ်းမှလွဲ၍ အခွန်မှူးမှ တိကျစွာမသိနိုင်သည့်အတွက် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ (၁၄) ပါ ပြဋ္ဌာန်းချက်နှင့်အညီ စည်းကြပ်ခြင်းဖြစ်ပါသည်" စတာတွေပဲ တွေ့ရပါတယ်။ ရွှေဆိုင်ပိုင်ရှင်အချို့က စစ်အစိုးရသက်တမ်းကာလတလျှောက်လုံး သူတို့ရဲ့ ဝင်ငွေကို အနည်းဆုံးလောက်ကြေညာပြီး အခွန်ပေးဖို့ ရှောင်ခဲ့ကြတာပါ။ အမှန်ရောင်းရငွေကို မသိနိုင်လို့ ယခင်နှစ်က စည်းကြပ်ခဲ့တဲ့ အတိုင်းခန့်မှန်းပြီး အခွန်ကောက်ခံရပါတယ်ဆိုတာ အင်မတန် တာဝန်မဲ့တဲ့ တုန့်ပြန်မှုပါ။ အခွန်မှူးတစ်ယောက်ရဲ့  တာဝန်က အင်မတန်ကြီးမားပါတယ်။ လစဉ် ဝင်ငွေနည်းပြီး ထွက်ငွေများလို့ ခက်ခက်ခဲခဲရုန်းကန်ရပ်တည်နေကြရတဲ့ သာမန်ပြည်သူများ၊ သာမာန်ဝန်ထမ်းများအပေါ်မှာ အခွန်ငွေဝန်ထုတ်ဝန်ပိုးကြီး မသက်ရောက်စေအောင် ကူညီဆောင်ရွက်ဖို့နဲ့ အမြတ်ငွေ၊ဝင်ငွေအမြောက်အများရှိရက်နဲ့  အခွန်ငွေရှောင်ဖို့၊ အနည်းဆုံးလောက်ပဲ ဝတ္တရားကျေပေးဆောင်ဖို့ ကြိုးစားနေတဲ့ စီးပွါးရေးလုပ်ငန်းရှင်များရဲ့  ဝင်ငွေမှန်ကို ဖော်ထုတ်ပြီး တိတိကျကျ အခွန်စည်းကြပ်ဖို့ တာဝန်ရှိပါတယ်။ အခွန်ရှောင်သူများကိုလည်း တရားဥပဒေနဲ့ အညီအရေးယူဖို့လိုအပ်ပါတယ်။ အဂတိလိုက်စားတဲ့ အခွန်ဝန်ထမ်းများကိုလည်း ပြတ်ပြတ်သားသားအရေးယူသင့်ပါတယ်။

အခြားသော ဝန်ကြီးဋ္ဌာနများရဲ့  တုန့်ပြန်မှုများကလည်း အထက်ပါတုန့်ပြန်မှုများနည်းတူ ဝတ္တရားကျေတုန့်ပြန်မှုများဖြစ်ပါတယ်။ နိုင်ငံတော်ဘဏ္ဍာငွေအလုံးအရင်းနဲ့ သုံးစွဲရတဲ့ တည်ဆောက်ရေးလုပ်ငန်းကြီးများကို ဝန်ကြီးဋ္ဌာနများက သမ္မတရဲ့  အမိန့်"နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် (၁/၂၀၁၃)" ကို ဆန့်ကျင်ပြီး တင်ဒါမခေါ်ယူပဲ၊ ဆောက်လုပ်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီရဲ့  အတည်ပြုချက်မယူပဲ ဆောက်လုပ်ခဲ့ကြပါတယ်။ ဋ္ဌာနပိုင် အဆောက်အဦနဲ့ မြေနေရာများကို ပုဂ္ဂလိကအဖွဲ့အစည်းများသို့ "မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်" ကို အကြောင်းမကြားပဲ ငှါးရမ်းခဲ့ပါတယ်။ လုပ်ငန်းစာချုပ်တွေ၊ ပစ္စည်းဝယ်စာချုပ်တွေ ချုပ်ဆိုတဲ့အခါ သတ်မှတ်ရက်မှာ လုပ်ငန်းမပြီးဆုံးရင်၊ ပစ္စည်းမသွင်းနိုင်ရင် ဒဏ်ကြေးငွေပေးဆောင်ဖို့ မထည့်သွင်းပဲ ချုပ်ဆိုကြပါတယ်။ ပုဂ္ဂလိကကုမ္ပဏီများအပေါ် ရိုးရိုးသားသားဖြစ်စေ၊ မရိုးမသားဖြစ်စေ အထူးအခွင့်အရေးတွေ ပေးခဲ့ကြပါတယ်။ သတ်မှတ်ထားတဲ့ ခေါင်းစဉ်အောက်က ငွေကို မသက်ဆိုင်တဲ့ ကိစ္စမှာသုံးစွဲထားကြပြီး လုပ်ငန်းမှ ပိုလျှံငွေတွေကို နိုင်ငံတော်သို့ အချိန်မီပြန်မအပ်ပဲ လက်ဝယ်ကိုင်စွဲထားခဲ့ကြပါတယ်။ ဆုံးဖြတ်ချက်တွေ၊ စီမံခန့်ခွဲမှုတွေမှားယွင်းလို့ နိုင်ငံတော်စီးပွါးရေးလုပ်ငန်းများ အရှုံးပေါ်ရပါတယ်။
အဲဒီလို ကြီးမားတဲ့ အမှားအယွင်းတွေကို နိုင်ငံတော်အဖွဲ့အစည်းများက ကျူးလွန်နေကြပြီး နိုင်ငံတော်ဘဏ္ဍာနစ်နာဆုံးရှုံးမှုများအတွက် တာဝန်ရှိသူများ ဘယ်လိုမှ အရေးယူမခံကြရတာ အံ့ဩစရာဖြစ်ပါတယ်။ ဒီအမှားအယွင်းတွေအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်များဟာလည်း ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးစတဲ့ ဋ္ဌာနအကြီးအကဲများ ဖြစ်ကြပါတယ်။ ဒီလို တာဝန်ရှိသူများနဲ့ဖွဲ့စည်းထားတဲ့ အစိုးရဟာ သန့်ရှင်းသောအစိုးရ၊ ပွင့်လင်းမြင်သာသောအစိုးရဖြစ်နိုင်မှာ မဟုတ်ပါ။

#စာရင်းစစ်ချုပ် စာရင်းမစစ်နိုင်တဲ့ ဋ္ဌာန

ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့  အစီရင်ခံစာအရ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လအတွက် နိုင်ငံတော်သမ္မတရုံး၊ လွှတ်တော်ရုံး (ပြည်သူ့၊ အမျိုးသား၊ ပြည်ထောင်စု)၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဘဏ် စတဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း (၉) ခု၊ ပြည်ထောင်စုဝန်ကြီးဋ္ဌာန (၂၉) ခု နဲ့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ တို့ရဲ့  ငွေစာရင်းများကို စစ်ဆေးခဲ့ပါတယ်။ ဒါပေမည့် ပြည်ထောင်စုဝန်ကြီးဋ္ဌာနတစ်ခုဖြစ်တဲ့ "ကာကွယ်ရေးဝန်ကြီးဋ္ဌာနနဲ့ လက်အောက်ခံ ဋ္ဌာနများ" ကိုတော့ မစစ်ဆေးနိုင်ပါ။ စစ်ဆေးခွင့်လည်း မရှိပါ။ စစ်ဆေးခွင့်မရှိအောင်လည်း ဥပဒေနဲ့ တားဆီးထားပါတယ်။

နအဖစစ်အစိုးရလက်ထက်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ "၂၀၁၀ ခုနှစ် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ"၊ ပုဒ်မ (၃၉) မှာ "ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် သက်ဆိုင်ခြင်းမရှိစေရ။" လို့ ပြဋ္ဌာန်းထားပါတယ်။ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းတဲ့ "၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ" မှာလည်း အဲဒီ ပြဋ္ဌာန်းချက်ကို ဆက်လက်အတည်ပြုထားပါတယ်။ ဒါကြောင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုတစ်ခုလုံး စုစုပေါင်းအသုံးစားရိတ်ရဲ့  ၁၂ ဒသမ ၅ ရာခိုင်နှုန်း (သို့မဟုတ်) ပြည်ထောင်စုဝန်ကြီးဋ္ဌာနများအားလုံး စုစုပေါင်းအသုံးစားရိတ်ရဲ့ ၂၃ ဒသမ ၂၃ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သန်းထောင်ပေါင်း ၂,၃၆၅ ဒသမ ၈၁၃ (ကျပ် ၂,၃၆၅ ဒသမ ၈၁၃ ဘီလျံ) ခွဲဝေရရှိတဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ရရှိတဲ့ ရန်ပုံငွေတွေကို ဥပဒေ၊ နည်းဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနဲ့ အညီသုံးစွဲခြင်းရှိမရှိဆိုတာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ မသိရှိနိုင်ပါ။ ဘဏ္ဍာငွေခွဲဝေသတ်မှတ်ပေးတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်တိုင်ကတောင် ကာကွယ်ရေးဝန်ကြီးဋ္ဌာနကို စာရင်းစစ်ဆေးဖို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ကို တာဝန်မပေးနိုင်တဲ့အတွက် နိုင်ငံတော်ဘဏ္ဍာငွေရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုကို ပြည်ထောင်စုဝန်ကြီးဋ္ဌာနတစ်ခုက ဘယ်လိုဘယ်ပုံသုံးစွဲနေတယ်ဆိုတာ ဘယ်သူမှ မသိကြရပါ။ ဒါကြောင့်လည်း ပြည်ထောင်စုအစိုးရရဲ့  တာဝန်ယူမှု၊ တာဝန်ခံမှုကို အားနည်းစေပြီး ပွင့်လင်းမြင်သာမှု၊ သန့်ရှင်းမှုဆိုတာကို သံသယဖြစ်စရာရှိပါတယ်။

#ပြည်ထောင်စုလွှတ်တော်နှင့် သမ္မတ၏ တာဝန်

ပြည်ထောင်စုစာရင်းစစ်ချုပ်က တာဝန်ကျေကျေနဲ့ သူ့ရဲ့  စစ်ဆေးတွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်းခဲ့ပါပြီ။ ဒီအစီရင်ခံစာအပေါ်၊ ဒီအစီရင်ခံစာပါ စစ်ဆေးတွေ့ရှိချက်များအပေါ် သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်က ဘယ်လိုအရေးယူမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

နိုင်ငံတော်သမ္မတကရော ဝန်ကြီးဋ္ဌာနများက တုန့်ပြန်သလို ဝတ္တရားကျေ "ဟေ့၊ မင်းတို့ ပြင်စရာလေးတွေ ပြင်ကြကွ" လောက်ပဲပြောပြီး ဒီလွဲချော်မှုတွေနဲ့ တာဝန်ရှိသူတွေကို တိတိကျကျပြတ်ပြတ်သားသားအရေးမယူရင် သူအကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေး တတိယအဆင့်ဟာလည်း အောင်မြင်နိုင်စရာ အကြောင်းမမြင်ပါ။ သမ္မတရဲ့  အစိုးရအဖွဲ့ထဲက တာဝန်ရှိသူအတော်များများဟာ အာဏာရှင်ခေတ်ကအတိုင်း အမူအကျင့်တွေ မပြောင်းမလဲရပ်တည်နေကြတာကို စာရင်းစစ်ချုပ်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေက သက်သေပြနေပါတယ်။ 

ဒီအစီရင်ခံစာကပဲ သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေး ပထမဆင့်၊ ဒုတိယအဆင့်တွေ မအောင်မြင်ခဲ့ဘူးဆိုတာ ထောက်ပြနေပါတယ်။ နိုင်ငံတော်ဘဏ္ဍာငွေတွေကို ဆုံးရှုံးနစ်နာစေတဲ့သူတွေ၊ နိုင်ငံတော်ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်နေသူတွေ၊ ခရိုနီသူဋ္ဌေးကြီးများနဲ့ အပေးအယူတည့်နေဆဲသူတွေ၊ ဦးဆောင်မှုအရည်အချင်းမရှိသူတွေ၊ စီမံခန့်ခွဲမှုညံ့ဖျင်းသူတွေ၊ အဂတိလိုက်စားသူတွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့သူတွေ အစိုးရအဖွဲ့ထဲမှာ ပါဝင်နေရာယူထားခြင်းဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ကြီးမားသော အနှောက်အယှက်ဖြစ်ပါတယ်။ အခုအချိန်မှာ ပြုပြင်ပြောင်းလဲရေး မအောင်မြင်ရခြင်းဟာ စီးပွါးရေးပိတ်ဆို့မှုကြောင့်၊ နိုင်ငံတကာဖိအားတွေကြောင့်၊ ပြည်တွင်းစစ်ကြောင့်၊  အတိုက်အခံတွေကြောင့်ဆိုပြီး အကြောင်းပြလို့လည်းမရတော့ပါ။ ပြုပြင်ပြောင်းလဲမှုများ မအောင်မြင်ရခြင်းဟာ ပြုပြင်ပြောင်းလဲမှုကို လက်တွေ့အကောင်အထည်ဖော်နေသူများရဲ့  အားနည်းချက်ကြောင့်သာဖြစ်ပါတယ်။ 

ပြည်ထောင်စုလွှတ်တော်ကလည်း အရေးယူဖို့ တာဝန်ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်ဟာ နိုင်ငံတော်ရဲ့  ဘဏ္ဍာတိုက်ကြီးကို ထိန်းသိမ်းစောင့်ရှောက်နေတာပါ။ ဒီအစိုးရဋ္ဌာနများရဲ့  တစ်နှစ်တာအသုံးစားရိတ်ကို ခွဲဝေသတ်မှတ်ပေးသူပါ။ အစိုးရဋ္ဌာနများမှ ရှာဖွေပေးရန် တာဝန်ရှိငွေများကို သတ်မှတ်ပြီး ရရှိငွေများကို နိုင်ငံတော်ဘဏ္ဍာတိုက်ထဲမှာ ထည့်သွင်းသိမ်းဆည်းပြီး တိုင်းပြည်အတွက် အလိုရှိသလို သုံးစွဲဖို့ အဓိကတာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ လွှတ်တော်မှ ခွဲဝေပေးတဲ့ ရန်ပုံငွေကို တိုင်းပြည်အတွက်အကျိုးဖြစ်ထွန်းအောင် မသုံးစွဲပဲ တိုင်းပြည်အတွက် အကျိုးမဲ့စေတာကို စစ်ဆေးတွေ့ရှိရင် လွှတ်တော်ကိုယ်တိုင်က ဥပဒေပြဋ္ဌာန်းအရေးယူဖို့၊ ဒါမှမဟုတ်ရင် လွှတ်တော်မှ သမ္မတအား တာဝန်ရှိသူများအား ထိထိရောက်ရောက်အရေးယူရန် ဖိအားပေးတောင်းဆိုဖို့ လိုအပ်ပါတယ်။ အစိုးရဋ္ဌာနများက နိုင်ငံတော်ဘဏ္ဍာငွေများကို နစ်နာဆုံးရှုံးစေတာကို ဘယ်လိုမှအရေးမယူပဲ ဒီအတိုင်း သတိပေးရုံလောက်နဲ့ ကျေနပ်နေမယ်ဆိုရင် နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးမှုများ၊ အလွဲသုံးစားပြုမှုများအတွက် ပြည်ထောင်စုလွှတ်တော်မှာပါ သွယ်ဝိုက်ပြီး တာဝန်ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စု ဝန်ကြီးများကို စွပ်စွဲပြစ်တင်ခြင်းအတွက် ပုဒ်မတွေ ပြဋ္ဌာန်းထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ရဲ့ နောက်ထပ်အရေးကြီးတဲ့ တာဝန်က ပြည်ထောင်စုစာရင်းစစ်ချုပ်ကို ကာကွယ်ရေးဝန်ကြီးဋ္ဌာနအား စာရင်းစစ်ခွင့်အာဏာအပ်နှင်းဖို့ပါ။ နိုင်ငံတော်ဘဏ္ဍာရဲ့  ၂၀ ရာခိုင်နှုန်းလောက်ကို မှန်မှန်ကန်ကန်သုံးစွဲခြင်းရှိမရှိ စစ်ဆေးနိုင်ခွင့်မရှိတာ အင်မတန်မှားယွင်းတဲ့ ကိစ္စပါ။ တိုင်းပြည်ရဲ့  ဘဏ္ဍာငွေတွေကို တပ်မတော်က ဘယ်လိုသုံးစွဲနေတယ်ဆိုတာ ပြည်သူလူထု သိခွင့်ရှိပါတယ်။ ပြည်သူလူထုသိအောင်ရှင်းပြဖို့ တပ်မတော်မှာလည်း တာဝန်ရှိပါတယ်။ အဲဒီလို သိခွင့်ရအောင် ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေမှ "ပုဒ်မ (၃၉) ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် သက်ဆိုင်ခြင်းမရှိစေရ" ဆိုတဲ့ ပုဒ်မကို ဖျက်သိမ်းသင့်ပါတယ်။


(စာပြီးရက်၊ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၂၅)  

Friday, September 26, 2014

Burma's Parliament Watch Part (78)


မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၇၈) ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် တတိယလှိုင်း (င)

#အခွန်စည်းကြပ်မှုအားနည်း၍ နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးမှုများ

မြန်မာနိုင်ငံမှာ အခွန်အကောက်များ စည်းကြပ် ကောက်ခံဖို့ အဓိကတာဝန်ရှိတဲ့ အဖွဲ့အစည်းက ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနဖြစ်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက အခွန်စည်းကြပ်ကောက်ခံမှုအားနည်းတဲ့အခါ (သို့မဟုတ်) အခွန်စည်းကြပ်သူနဲ့ အခွန်ပေးဆောင်ရန်တာဝန်ရှိသူအကြား နားလည်မှုတွေ တည်ဆောက်ကြတဲ့အခါ နိုင်ငံတော်အတွက် အခွန်အကောက်လျော့နည်းရရှိပြီး နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးရပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ စစ်ဆေးတွေ့ရှိချက်များအပေါ် အခြေခံပြီး ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနရဲ့  အားနည်းချက်များကို အောက်ပါအတိုင်း ဝေဘန်ထောက်ပြပါတယ်။

စဉ်
ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန၏ အားနည်းချက်
ပြည်တွင်းအခွန်များဦးစီးဋ္ဌာန (ရန်ကုန်တိုင်းဒေသကြီး) သည် ကုမ္ပဏီများဆိုင်ရာအခွန်ရုံးတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လတွင် ဝင်ငွေခွန်အများဆုံးပေးဆောင်ရမည့် ကုမ္ပဏီများအား သက်ဆိုင်ရာစည်းကြပ်နှစ်အလိုက် အချိန်မီ စည်းကြပ်ကောက်ခံနိုင်မှု မရှိခြင်း။ ယခင်ဘဏ္ဍာရေးနှစ်တွင် စည်းကြပ်ကောက်ခံရမည်ကို လက်ရှိ ဘဏ္ဍာရေးနှစ်တွင်မှ စည်းကြပ်ကောက်ခံသည့်အတွက် အခွန်ငွေအပြည့်အဝကောက်ခံရရှိခြင်းမရှိပဲ ပေးသွင်းရန် များစွာကျန်ရှိနေခြင်း။
ကုမ္ပဏီများဆိုင်ရာအခွန်ရုံးသို့ သက်ဆိုင်ရာကုမ္ပဏီများက ဝင်ငွေကြေငြာလွှာတင်ပြရာတွင်လည်းကောင်း၊ ပြင်ပစာရင်းစစ်အဖွဲ့များ၏ နှစ်ချုပ်စာရင်းများအရလည်းကောင်း လျော့နည်းတင်ပြမှုများကြောင့် ဝင်ငွေခွန်ရရှိမှုများ လျော့နည်းနေခြင်း။
၁-၄-၂၀၁၃ နေ့အထိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဋ္ဌာနတွင် မှတ်ပုံတင်ထားသည့်  ကုမ္ပဏီပေါင်း ၃၄,၀၇၆ ရှိသော်လည်း ကုမ္ပဏီများဆိုင်ရာအခွန်ရုံးတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီပေါင်း ၁၆,၅၉၈ သာရှိ၍ ကုမ္ပဏီပေါင်း ၁၇,၄၇၈ သည် ဝင်ငွေကြေငြာခြင်း၊ အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်နေခြင်း။
ရန်ကုန်တိုင်းဒေသကြီး၊ လသာ မြို့နယ်အတွင်းရှိ ရွှေဆိုင်များ၏ ရောင်းရငွေ၊ ပုဂ္ဂလိကဆေးခန်းများ၏ ဝင်ငွေဖော်ပြရာတွင် ပကတိအခြေအနေနှင့် ဆီလျော်မှုမရှိပဲ လျော့နည်းကြေငြာခြင်းကြောင့် ဝင်ငွေခွန် လျော့နည်းရရှိခြင်း။
လသာမြို့နယ် အခွန်ဦးစီးမှူးရုံးမှ စူပါမားကတ် ဆိုင် (၁) ဆိုင်၏ ဝင်ငွေခွန်ကို တွက်ချက်စည်းကြပ်ရာတွင် ဥပဒေအရအခြေခံ သက်သာခွင့်ပြုငွေမှာ ကျပ် (၁၀) သန်းထက် မပိုရမည့်အစား ကျပ် သန်းပေါင်း ၂၆ ဒသမ ၀၆၇ အထိ သက်သာခွင့်ပြုထားခြင်း။
ပြည်တွင်းအခွန်များဦးစီးဋ္ဌာန (ပဲခူးတိုင်းဒေသကြီး)၊ ရွှေတောင်မြို့နယ်အခွန်ဦးစီးမှူးရုံး၏ လုပ်ငန်းများကို စစ်ဆေးရာတွင် မြို့နယ်တွင်း အခွန်စည်းကြပ်မှုမရှိသော လုပ်ငန်းရှင် (၄၇၅) ဦး ရှိနေခြင်း။
ပြည်တွင်းအခွန်များဦးစီးဋ္ဌာန (မန္တလေးတိုင်းဒေသကြီး)၊ အောင်မြေသာဇံမြို့နယ်အခွန်ဦးစီးမှူးရုံးမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍရေးနှစ်၊ ပထမ (၆) လအတွင်း စည်းကြပ်ကောက်ခံခဲ့သော အိမ်၊ ခြံ၊ မြေ ရောင်းဝယ်မှု (၁၁) မှုအနက် (၈) မှုတွင် အခွန် (၃၀) ရာခိုင်နှုန်းစည်းကြပ်ပြီး (၃) မှုတွင် (၈) ရာခိုင်နှုန်းသာ စည်းကြပ်ခဲ့သဖြင့် စည်းကြပ်မှုများလွဲချော်နေခြင်း။
မိုးကုတ်မြို့ နယ် အခွန်ဦးစီးမှူးရုံးမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၆) လတွင် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းအပေါ် အခွန်ကောက်ခံမှု မရှိခဲ့ခြင်း။ မြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင် (၄၀) အနက် (၂၀) ဆိုင်အပေါ် အခွန်စည်းကြပ်ကောက်ခံခြင်း မရှိခဲ့ခြင်း။ ကိုယ်ပိုင်ဆေးခန်း (၂၆) ခန်းတွင် (၆) ခန်းနှင့် ကိုယ်ပိုင်စာသင်ကျောင်း (၂၇) ကျောင်းတွင် (၁၈) ကျောင်းအား အခွန်စည်းကြပ်ကောက်ခံမှုမရှိခြင်း။
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ၂၀၁၁-၂၀၁၂ နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်များတွင် ကုန်ရောင်းရငွေ ကျပ် ၂၀၃၅ ဒသမ ၅၉၇ သန်းမှ တည်ဆောက်ရေးလုပ်ငန်းသုံးစွဲမှုမှအပ ကုန်သွယ်လုပ်ငန်းခွန် (၅) ရာခိုင်နှုန်း၊ အမြတ်ငွေအပေါ် ဝင်ငွေခွန် (၂၅) ရာခိုင်နှုန်း၊ စုစုပေါင်း ကျပ်သန်းပေါင်း ၆၅ ဒသမ ၁၈၃ ပေးဆောင်ရန် ကျန်ရှိနေခြင်း။

#စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်များနှင့် ကန့်ကွက်ချက်များအပေါ် သက်ဆိုင်ရာဋ္ဌာနများ၏ အရေးယူမှုများ

ပြည်ထောင်စုစာရင်းစစ်ချုပ်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့အတွင်းမှာ အမုန်းခံရဆုံး၊ ဒါပေမည့် အာဏာအနည်းဆုံး၊ မျက်နှာအငယ်ရဆုံး ပုဂ္ဂိုလ်ဖြစ်မယ်ထင်ပါတယ်။ စာရင်းစစ်ချုပ်ရဲ့  စစ်ဆေးတွေ့ရှိချက်များ၊ ကန့်ကွက်ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများရဲ့  အရေးယူဆောင်ရွက်မှုက အားနည်းလှပါတယ်။ ဝန်ကြီးဋ္ဌာနများရဲ့  အရေးယူမှုတွေမှာ (၁) ဋ္ဌာနအရေးယူဆောင်ရွက်မှု မရှိခြင်း၊ (၂) နောင်မဖြစ်ရန် နှုတ်ဖြင့်သတိပေးခြင်း၊ (၃) နောက်မဖြစ်ရန် သတိပေးမှတ်တမ်းရေးထိုးပြီး သတိပေးစာထုတ်ပြန်ခြင်း နဲ့ (၄) နှစ်တိုးလျှော့ခြင်း၊ ရာထူးလျှော့ခြင်းဖြင့် အရေးယူခြင်းဆိုပြီး (၄) မျိုးတွေ့ရပါတယ်။ အထူးသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေတွေကို လက်ဝယ်ကိုင်ဆောင်ထားကြပြီး စစ်ဆေးတွေ့ရှိလို့ ပြန်လည်အပ်နှံတဲ့အခါမှာ မူလငွေကြေးထက်နည်းပြီး အပ်နှံတဲ့ ငွေကြေးကွာခြားမှုတွေဟာ တကယ်ဆိုရင် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများအရရော၊ ရာဇဝတ်ဥပဒေနဲ့ပါ အရေးယူသင့်တဲ့ ပြစ်မှုတွေပါ။ စာရင်းစစ်ချုပ်ရဲ့  ကန့်ကွက်ချက်ကို မျက်ကွယ်ပြုပြီး ငွေကြေးကွာခြားသူဝန်ထမ်းအပေါ်မှာ အရေးယူဆောင်ရွက်မှုမရှိတဲ့ ဋ္ဌာနများကို အောက်ပါအတိုင်း တွေ့ရပါတယ်။

စဥ
ဝန်ကြီးဋ္ဌာန
ငွေကြေးကွာခြားသော ဦးစီးဋ္ဌာန
ငွေကြေးကွာခြားမှု ကျပ် (သန်း)
နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန
ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဋ္ဌာန 
ဝ ဒသမ ၂၀၃
ပြန်ကြားရေးဝန်ကြီးဋ္ဌာန
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
၅ ဒသမ ၇၈၂
ပြန်ကြားရေးဝန်ကြီးဋ္ဌာန
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန
ဝ ဒသမ ၆၃၄
ပြန်ကြားရေးဝန်ကြီးဋ္ဌာန
ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း
ဝ ဒသမ ၀၂၀
ပြန်ကြားရေးဝန်ကြီးဋ္ဌာန
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
ဝ ဒသမ ၇၀၆
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး
ဝန်ကြီးဋ္ဌာန
ငါးလုပ်ငန်းဦးစီးဋ္ဌာန
ဝ ဒသမ ၂၉၁
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး
ဝန်ကြီးဋ္ဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာန
ဝ ဒသမ ၄၇၉
စက်မှုဝန်ကြီးဋ္ဌာန
အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း
၈ ဒသမ ၆၂၄
အားကစားဝန်ကြီးဋ္ဌာန
ပြည်ထောင်စုဝန်ကြီးရုံး
ဝ ဒသမ ၁၇၂
၁၀
ပညာရေးဝန်ကြီးဋ္ဌာန
အဆင့်မြင့်ပညာဦးစီးဋ္ဌာန (အထက်မြန်မာပြည်)
၁၃ ဒသမ ၉၁၈
၁၁
စည်ပင်သာယာရေး
ကော်မတီ/အဖွဲ့များ
နေပြည်တော်စည်ပင်သာယာရေးကော်မတီ
၉၉ ဒသမ ၃၄၂

 
#အထွေထွေလွဲချော်မှုများ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့  အစီရင်ခံစာက စာမျက်နှာ (၄၂၉) မျက်နှာရှိပြီး ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့  အစီရင်ခံစာက စာမျက်နှာ (၅၆) မျက်နှာရှိပါတယ်။ အဲဒီအစီရင်ခံစာပါ တွေ့ရှိချက်များအားလုံးကို ဒီဆောင်းပါးရှည်မှာ အသေးစိတ်ရေးသားဖို့ မဖြစ်နိုင်ပါ။ ကျန်နေသေးတဲ့ စစ်ဆေးတွေ့ရှိချက်များထဲက အချို့ကို အထွေထွေလွဲချော်မှုများအဖြစ်နဲ့ အကျဉ်းချုံးဖော်ပြပါ့မယ်။

(၁) ပညာရေးဝန်ကြီးဋ္ဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ၏ ပြေစာများကို စစ်ဆေးရာတွင် ပြေစာနံပါတ်တူနေသော ပြေစာ (၁၁) စောင် (ကျပ် သန်းပေါင်း ၄၆ ဒသမ ၁၆၅)၊ အမျိုးအစားမတူသောပစ္စည်းများအား ပြေစာတစ်ခုတည်း၊ ရက်စွဲတစ်ခုတည်းဖြင့် ဖော်ပြထားသည့် ပြေစာ (၇) စောင် (ကျပ်သန်းပေါင်း ၃၂ ဒသမ ၂၉၈)၊ အမှတ်စဉ်အလိုက် ပြေစာရှိသော်လည်း ပြေစာရက်စွဲများ ရှေ့နောက်ဆီလျော်မှုမရှိသည့် ပြေစာများ (ကျပ်သန်းပေါင်း ၆၉ ဒသမ ၈၀၉)၊ စသည့် ယုတ္တိရှိစွာ ပြေစာမတင်ပြနိုင်သည့် တန်ဖိုး စုစုပေါင်း ကျပ်သန်းပေါင်း ၁၄၈ ဒသမ ၂၇၂ တွေ့ရှိခြင်း။
(၂) ပညာရေးဝန်ကြီးဋ္ဌာန၊ အမှတ် (၁) အခြေခံပညာဦးစီးဋ္ဌာန၊ မွန်ပြည်နယ်ပညာရေးမှူးရုံးတွင်၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ နောက်ဆက်တွဲရန်ပုံငွေမှ ကျပ်သန်းပေါင်း ၄,၀၄၃ ဒသမ ၀၉၅ ကို ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးများ၊ ကျောင်းများသို့ ၂၈-၂-၂၀၁၄ နေ့စွဲဖြင့် ခွဲဝေပေးခဲ့ပြီး ၁၅-၃-၂၀၁၄ နေ့နောက်ဆုံးထား၍ ပိုလျှံငွေများကို ရုံးချုပ်သို့ ပြန်လည်အပ်နှံရန် အကြောင်းကြားခဲ့ပါသည်။ ကျပ်သန်းပေါင်း ၄,၀၄၃ ဒသမ ၀၉၅ ကို ပြည်နယ်အတွင်းရှိကျောင်းများအား သုံးစွဲရန် (၁၅) ရက်သာအချိန်ပေးခြင်းမှာ မှန်ကန်သောလုပ်ငန်းစဉ်ဟုတ်မဟုတ် သုံးသပ်ရန် လိုအပ်နေခြင်း။
(၃) သိပံ္ပနှင့်နည်းပညာဝန်ကြီးဋ္ဌာန၊ အဆင့်မြင့်သိပံ္ပနှင့်နည်းပညာဦးစီးဋ္ဌာနလက်အောက်ရှိ ကွန်ပြူတာတက္ကသိုလ် (မန္တလေး) အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် (၁) ထပ်စာသင်ဆောင်ဆောက်လုပ်ရေးအတွက် ငွေလုံးငွေရင်းအသုံးစားရိတ် ကျပ် ၂၅၀ သန်း ခွဲဝေပေးခဲ့ရာ ကျပ် ၁၁၀ သန်း သုံးစွဲပြီးဖြစ်၍ လက်ကျန်ငွေ ကျပ် ၁၄၀ သန်း ဖြစ်ပါသည်။ သို့သော်လည်း စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးချိန်တွင် လုပ်ငန်းစာချုပ်၊ အာမခံကြေးပေးသွင်းမှု၊ ခန့်မှန်းခြေငွေစာရင်းနှင့် အဆောက်အဦဒီဇိုင်းများ တင်ပြနိုင်ခြင်းမရှိ၍ စစ်ဆေးနိုင်မှုမရှိခြင်း။
(၄) ကျန်းမာရေးဝန်ကြီးဋ္ဌာန၊ အထွေထွေရောဂါကုဆေးရုံကြီး (စစ်ကိုင်းမြို့) တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဆေးပစ္စည်းများဝယ်ယူရာ၌ တင်ဒါစည်းကမ်းအရ ဆေးဝါးများ၏ သက်တမ်းကုန်ဆုံးရက် (၂) နှစ်နှင့်အထက်ရှိရမည်ဖြစ်သော်လည်း သက်တမ်းကုန်ဆုံးရက် (၂) နှစ်မပြည့်သော ဆေးဝါးများအား လက်ခံဝယ်ယူထားခြင်း။
(၅) ကျန်းမာရေးဝန်ကြီးဋ္ဌာန၊ အထွေထွေရောဂါကုဆေးရုံကြီး (ဟားခါးမြို့) တွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၆) လတွင် ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရေးကော်မတီကို ဖွဲ့စည်းရာ၌ ညွှန်ကြားချက်အရ ကော်မတီတွင် ပါဝင်ရမည့်သူများ မပါဝင်ပဲ ဖွဲ့စည်းခြင်း၊ တင်ဒါခေါ်ယူသည့် နေ့ရက်မတိုင်မီ ဆေးဝါးများဝယ်ယူထား၍ ပြင်ပဈေးနှုန်းဖြင့် ပေးချေခြင်း၊ ချက်ချင်းငွေပေးချေရန်မလိုအပ်ပဲ ငွေများကို ဘဏ်မှထုတ်ယူ၍ လက်ဝယ်ကိုင်ဆောင်ထားခြင်း၊ အဆင့်မြင့်တိုင်းရင်းဆေးဝါးစက်ရုံတည်ဆောက်ရေးလုပ်ငန်းတွင် လုပ်ငန်းအပ်နှံသည့် စာချုပ်ချုပ်ဆိုရာ၌ သတ်မှတ်ရက်ထက်နောက်ကျပါက ဒဏ်ကြေးပေးဆောင်ရန် ထည့်သွင်းချုပ်ဆိုမှု မရှိခြင်း။
(၆) နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာနမှ ယာဉ်ယန္တရားအသစ်များဝယ်ယူရန် ကုမ္ပဏီ (၁၈) ခုနှင့် စာချုပ် (၂၄) စောင် ချုပ်ဆိုရာတွင် တင်ဒါစနစ်ဖြင့် ကုမ္ပဏီများကို ရွေးချယ်ပြီးနောက်ပိုင်းမှ ကုမ္ပဏီများ၏ ဆွေးနွေးအကြံပြုချက်များကို လက်ခံခဲ့ခြင်း၊ စာချုပ်ချုပ်ဆိုမှုမပြုခင် ယာယီပေးငွေအဖြစ် ကြိုတင်ငွေများ ပေးချေထားခြင်း။
(၇) မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဋ္ဌာန၊ မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း၊ ဒိုက်ဦးမွေးမြူရေးခြံတွင် ဝက်အစာနှင့် ဆေးလက်ကျန်ကွာခြားမှုတန်ဖိုး ကျပ် ၃,၉၉၁ ဒသမ ၉၆၁ သန်းဖြစ်ပေါ်ခဲ့ခြင်း၊ ဝက်များကြီးထွားမှုမရှိသော်လည်း စာရင်းတွင် ကြီးထွားမှုဖော်ပြခြင်း၊ သေဆုံးဝက်များအစား ဝက်သားပေါက်များဖြင့် အစားထိုးခြင်း၊ အစာနှင့် ဆေးလက်ကျန်ကွာခြားခြင်းတွင်လည်း အရှုံးပေါ်မည်စိုး၍ ပမာဏလျော့နည်းတင်ပြခြင်း။
(၈)  မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဋ္ဌာန၊ မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရရန်ကြွေးမြီများအနက် အမှန်တကယ်ရရှိရန်မရှိပဲ ကျပ်သန်းပေါင်း ၃၃၂ ဒသမ ၇၈၃ စာရင်းမှားယွင်းဖော်ပြခဲ့ခြင်း၊ ယင်းမှားယွင်းဖော်ပြငွေကို ပေးသွင်းနိုင်ရန် အစာဝယ်ခေါင်းစဉ်ဖြင့် စာရင်းလိမ်ဖော်ပြငွေထုတ်ခဲ့ခြင်း။


(စာပြီးရက်၊ ၂၀၁၄ခုနှစ်၊ ဩဂုတ်လ ၂၅) 

Thursday, September 25, 2014

Burma's Parliament Watch Part (77)


မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၇၇) ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရနှင့် တတိယလှိုင်း (ဃ)

#နိုင်ငံပိုင် စက်ရုံများ၊ အဆောက်အအုံများကို ပုဂ္ဂလိကသို့ ငှါးရမ်းရာတွင် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများ

ဈေးကွက်စီးပွါးရေးစနစ်အရ နိုင်ငံပိုင်စီးပွါးရေးလုပ်ငန်းများကို အရေအတွက်အားဖြင့် လျှော့ချပြီး ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများ ရှင်သန်အောင်မြင်ရေး အားပေးကူညီရပါတယ်။ နိုင်ငံတော်ဘဏ္ဍာငွေ တိုးပွါးရရှိရေးအတွက် ဆက်လက်ဆောင်ရွက်ခြင်းမပြုတော့တဲ့ နိုင်ငံပိုင်စီးပွါးရေးလုပ်ငန်းများ၊ အဆောက်အအုံများ ၊ မြေနေရာများကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ စာချုပ်ချုပ်ဆိုငှါးရမ်းရပါတယ်။ ဒါပေမည့် အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်အကြား ချုပ်ဆိုတဲ့ စာချုပ်များက မခိုင်မာ၊ မတိကျတဲ့အခါ၊ အစိုးရဘက်က ပုဂ္ဂလိကလုပ်ငန်းရှင်ကို အထူးတလည်အခွင့်အရေးတွေပေးရတဲ့အခါ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ နိုင်ငံတော်ကို ပေးသွင်းရမည့် အခကြေးငွေများကို မှန်မှန်မပေးသွင်းနိုင်တဲ့အခါ၊ အစိုးရကိုယ်တိုင်ကလည်း ရရန်ငွေများရရှိရေးအတွက် တိတိကျကျ ကြပ်မတ်ဆောင်ရွက်ခြင်းမရှိတဲ့အခါ နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့  စစ်ဆေးတွေ့ရှိချက်အချို့ကို အောက်ပါဇယားမှာ ကြည့်ပါ။

ရုံး/ဋ္ဌာန  
နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးမှုများ
ငွေကြေးပမာဏ (ကျပ်)
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန 
ရေအရင်းအမြစ်အသုံးချရေးဦးစီးဋ္ဌာနသည် ရေတင်ခရရန် ကြွေးကျန် ကျပ် ၁,၀၆၁ ဒသမ ၈၉ သန်းအနက်မှ ကျပ် ၂၁၆ ဒသမ ၅၅၁ သန်းကိုသာ ကောက်ခံရရှိပြီး ကြွေးကျန်ငွေ ကျပ် ၈၄၅ ဒသမ ၃၃၉ သန်းအနက်မှ ကျပ် သန်းပေါင်း ၆၉၆ ဒသမ ၆၀၈ အား ကြွေးစာရင်းမှ ပယ်ဖျက်ပေးရန် တင်ပြထားခြင်း။
သန်းပေါင်း ၆၉၆ ဒသမ ၆၀၈
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန 
စိုက်ပျိုးရေးဦးစီးဋ္ဌာနမှ တမာပိုးသတ်ဆေးစက်ရုံအား ရှမ်းမောမြေကုမ္ပဏီသို့ စာချုပ်ချုပ်ဆိုငှါးရမ်းပြီး ၃၀-၉-၂၀၁၃ နေ့တွင် ကုန်ကြမ်း/ကုန်ချောဖိုး ကျပ် ၅၂ ဒသမ ၄၆ ပေးသွင်းရန်ပျက်ကွက်နေခြင်း။ မွန်ပြည်နယ်၊ အဇင်းသီဟိုဠ်သရက်ခြံအတွင်း ရေနံပိုက်လိုင်းဖြတ်သန်းခြင်းအတွက် လျော်ကြေး ကျပ် ၃ ဒသမ ၂၄၉ သန်းတောင်းခံထားသော်လည်း ကျပ် ၆ သိန်းသာ ရရှိခြင်း။
သန်းပေါင်း ၅၃ ဒသမ ၀၆

ကျန်းမာရေးဝန်ကြီးဋ္ဌာန
မုံရွာမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၆) လတွင် ရေချမ်းဆေးအရောင်းဆိုင်အား တစ်လလျင် ကျပ် ၃ ဒသမ ၆သန်းဖြင့် စာချုပ်ချုပ်ဆိုငှါးရမ်းထားသော်လည်း ဆေးအရောင်းဆိုင်မှ တစ်လလျင် ကျပ် ၇ သိန်းနှုန်းဖြင့်သာ ပေးသွင်းသဖြင့် လစဉ် ကျပ် ၂ ဒသမ ၉သန်း နစ်နာနေခြင်း။
တစ်နှစ်အတွက် သန်းပေါင်း ၃၄ ဒသမ ၈သန်း
သတ္တုတွင်းဝန်ကြီးဋ္ဌာန
မြေငှါးရမ်းလုပ်ကိုင်နေသော ကုမ္ပဏီ (၃၅) ခုမှ ၃၁-၁၂-၂၀၁၃ နေ့အထိ မြေငှါးရမ်းခပေးသွင်းရန် အမေရိကန်ဒေါ်လာ ၆,၉၉၅ (ကျပ် ၉၆၀ နှုန်းဖြင့် ကျပ် ၆ ဒသမ ၇၁၅ သန်း) နှင့် ကျပ် သန်းပေါင်း ၂,၃၄၈ ဒသမ ၀၃၁ ကျန်ရှိနေခြင်း။
သန်းပေါင်း ၂,၃၅၄ ဒသမ ၇၄၆
သတ္တုတွင်းဝန်ကြီးဋ္ဌာန
အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ ရွှေတူးဖော်ရေးလုပ်ကွက်ပေးထားသော အမျိုးသားကြီးပွါးတိုးတက်ရေးကုမ္ပဏီ၊ ရွှေမိုးယံကုမ္ပဏီ၊ အာရှကမ္ဘာမြေကုမ္ပဏီတို့မှ ၁၇-၃-၂၀၁၄ နေ့အထိ နိုင်ငံတော်သို့ပေးသွင်းရန် ရွှေစင်ကြွေးကျန် ၉၆,၁၃၆ ဒသမ ၉၆ ကျပ်သား (၉၆၁ ဒသမ ၃၇ ပိသာ) ကျန်ရှိနေခြင်း။
ရွှေစင် ၉၆,၁၃၆ ဒသမ ၉၆ ကျပ်သား (၉၆၁ ဒသမ ၃၇ ပိသာ)
သတ္တုတွင်းဝန်ကြီးဋ္ဌာန
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အဆိုပြုလွှာရွေးချယ်ခံရသည့် ကုမ္ပဏီ/အသင်းများမှ ဘဏ္ဍာရေးနှစ်အလိုက် အရစ်ကျ ပေးသွင်းရမည့် အဆိုပြုငွေ ကျပ် ၄၇,၁၈၁ ဒသမ ၂၁၈ သန်း ရရန်ကျန်ရှိနေခြင်း။ 
သန်းပေါင်း ၄၇,၁၈၁ ဒသမ ၂၁၈

သတ္တုတွင်းဝန်ကြီးဋ္ဌာန
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ မြန်မာ VES ဖက်စပ်ကုမ္ပဏီလီမိတက်အား အမှတ် (၆၆)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်မြို့ရှိ နှစ်ထပ်အဆောက်အဦတစ်လုံးအား တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၃၆,၀၀၀ နှုန်းဖြင့် စာချုပ် ချုပ်ဆိုငှါးရမ်းထားသော်လည်း ယင်းကုမ္ပဏီမှ စာချုပ်အရငှါးရမ်းထားသော အဆောက်အဦနှင့် ခြံဝင်းတစ်ဝင်းတည်းအတွင်းရှိ စာချုပ်တွင်မပါဝင်သော (၃) ထပ်အဆောက်အအုံ (၂) လုံးကို သုံးစွဲနေခြင်းဖြစ်သဖြင့် နိုင်ငံတော်အတွက် တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၇၂၀,၀၀၀ ခန့်နစ်နာနေခြင်း။
သန်းပေါင်း ၆၉၁ ဒသမ ၂ (၉၆၀ ကျပ်နှုန်းဖြင့်)

ပြန်ကြားရေးဝန်ကြီးဋ္ဌာန
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားလုပ်ငန်း၊ MRTV နှင့် ရွှေသံလွင်ကုမ္ပဏီလီမိတက်တို့သည် MITV Channel ရုပ်သံလှိုင်းထပ်ဆင့်လွှင့်ခြင်း၊ DTH စနစ်ဖြင့် ရုပ်သံလွှင့်ခြင်းဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် သဘောတူစာချုပ်ကို ၂၈-၇-၂၀၁၀   နေ့တွင် ချုပ်ဆိုခဲ့ရာ "ဆောင်ရွက်မည့်လုပ်ငန်း၊ ထုတ်လွှင့်ပြသမည့်စနစ်၊ ဋ္ဌာနက ရသင့်ရထိုက်သည့်ဝင်ငွေရရှိရေးအတွက် ကြည့်ရှူသူထံမှ အခကြေးငွေကောက်ခံရာတွင် စက်အလုံးရေပေါ်တွင်လည်းကောင်း၊ သို့မဟုတ် အမြတ်ငွေပေါ်တွင်လည်းကောင်း  မည်သို့မည်ပုံအကျိုးအမြတ်ခွဲဝေမည်" စသည့်အရေးကြီးသည့်အချက်များ မပါဝင်ခြင်း၊ "ပုတ်ပြတ်ပေးသွင်းရမည့် ငွေပမာဏ၊ ပေးသွင်းရမည့် အချိန်ကာလ" များ တိကျစွာ သတ်မှတ်ဖော်ပြမှုမရှိခြင်း၊ တပ်ဆင်အသုံးပြုသည့် စက်အလုံးရေအပေါ် ကောက်ခံသည့်နှုန်းများ တိကျစွာ ဖော်ပြထားမှုမရှိခြင်း၊ ကုမ္ပဏီ၏ အမှန်ဝင်ငွေစာရင်းနှင့် Operational Cost များကို စာရင်းစစ်ဆေးပြီးချိန်အထိ ကုမ္ပဏီမှ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ တင်ပြမှုမရှိခြင်း၊ အကျိုးအမြတ် ခွဲဝေထားမှုမရှိခြင်း။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး
နှင့် သစ်တောရေးရာဝန်ကြီးဋ္ဌာန 
သစ်တောဦးစီးဋ္ဌာနမှ ဘုတ်ပြင်းမြို့နယ်အတွင်း ဆီအုန်းစိုက်ခင်းများကို ပိုကောင်းကုမ္ပဏီသို့ ၆,၃၀၀ ဧက၊ ဒဂုံတင်းဘား ကုမ္ပဏီသို့ ၂,၃၄၇ ဧက၊ ရွှေစင်နန်းထက်ကုမ္ပဏီသို့ ၂၀၀ ဧက ငှါးရမ်းရာတွင် စာချုပ်ချုပ်ဆိုရန်နှင့် အခွန်ငွေပေးသွင်းရန် လိုအပ်ခြင်း။

စက်မှုဝန်ကြီးဋ္ဌာန
ဆေးဝါးနှင့်စားသောက်ကုန်လုပ်ငန်းမှ ဆပ်ပြာစက်ရုံ (မကွေး) အား စိန်ရွှေထိပ်တန်းကုမ္ပဏီသို့ ငှါးရမ်းခဲ့ရာ ဆပ်ပြာကုန်ကြမ်း (၃၉) မျိုးနှင့် ဆပ်ပြာကုန်ချော (၁) မျိုးတို့ကို လွှဲပြောင်းလက်ခံရယူရန် စာချုပ်ချုပ်ဆိုခဲ့သော်လည်း လွှဲပြောင်းတန်ဖိုးများအား သတ်မှတ်ကာလအတွင်း ပေးသွင်းမှုမရှိခြင်း။

အားကစားဝန်ကြီးဋ္ဌာန
ရုံးချုပ် (နေပြည်တော်) မှ SEA Games တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စာချုပ်ချုပ်ဆိုမှုတန်ဖိုးသည် ခွင့်ပြုရန်ပုံငွေနှင့် မကိုက်ညီခြင်း၊ စာချုပ်ချုပ်ဆိုသည့် တန်ဖိုးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအသေးစိတ်များ မဖော်ပြခြင်း၊ စည်းကမ်းချက်များနှင့် စည်းကမ်းဖောက်ဖျက်မှု၊ ပျက်ကွက်မှုအတွက် ဒဏ်ကြေးသတ်မှတ်ချက်မပါဝင်ခြင်း။

ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန
အနုပညာဦးစီးဋ္ဌာနမှ ယာဉ်နှင့် စက်ပစ္စည်းများဝယ်ယူရာတွင် စာချုပ် ချုပ်ဆိုမှုမရှိခြင်း။

  
#နိုင်ငံဘဏ္ဍာကို ဆုံးရှုံးစေသည့် အစိုးရအဖွဲ့အစည်းများ

နိုင်ငံတော်အဖွဲ့အစည်းတိုင်းဟာ ပြည်ထောင်စုလွှတ်တော်က ခွဲဝေချမှတ်ပေးတဲ့ ရန်ပုံငွေကို သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးနှစ်ကာလအတွင်း ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနဲ့ အညီ စနစ်တကျ အလေအလွင့်မရှိအောင် သုံးစွဲဖို့ တာဝန်ရှိသလို ၎င်းအဖွဲ့အစည်းများဆောင်ရွက်နေတဲ့ စီးပွါးရေးလုပ်ငန်းများမှ အကျိုးအမြတ်များရှာဖွေပြီး နိုင်ငံတော်ဘဏ္ဍာထဲ မှန်မှန်ကန်ကန် ရှာဖွေဖြည့်တင်းပေးဖို့ တာဝန်ရှိပါတယ်။ ပြည်ထောင်စုအစိုးရရဲ့ ဝန်ကြီးဋ္ဌာနအချို့ဟာ ဆောင်ရွက်နေတဲ့ စီးပွါးရေးလုပ်ငန်းများကို စနစ်တကျ၊ မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းမရှိလို့ နိုင်ငံတော်ဘဏ္ဍာတွေ ဆုံးရှုံးနစ်နာနေတာကို စာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အောက်ပါဇယားကို ကြည့်ပါ။

ရုံး/ဋ္ဌာန 
နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာဆုံးရှုံးခြင်း
ငွေကြေးပမာဏ (ကျပ်)
စွမ်းအင်ဝန်ကြီးဋ္ဌာန
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ပုဂ္ဂလိကကုမ္ပဏီသို့ငှါးရမ်းထားသော ယခင်နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ (၃) ခုအား သဘာဝဓာတ်ငွေ့ရောင်းချရာတွင် ဓာတ်ငွေ့ကုဗပေ ၄၂ ဒသမ ၀၉၁ သန်းအား ပုဂ္ဂလိကဈေးနှုန်းဖြစ်သည့် ကုဗပေ ၁၆၅ လျင် ကျပ် ၁,၀၀၀ နှုန်းဖြင့် ရောင်းချရမည့်အစား အစိုးရဈေးနှုန်းဖြစ်သည့် ကုဗပေ ၁,၀၀၀ လျင် ကျပ် ၂၀၀ နှုန်းဖြင့် ရောင်းချထားသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ ကျပ် သန်းပေါင်း ၂၄၆ ဒသမ ၆၇၈ နစ်နာဆုံးရှုံးနေခြင်း။
သန်းပေါင်း ၂၄၆ ဒသမ ၆၇၈
စွမ်းအင်ဝန်ကြီးဋ္ဌာန
မြန်မာ့စီးပွါးရေးဦးပိုင်လီမိတက်၏ ၈-၁-၂၀၁၄ နေ့စွဲပါစာအရ ပုဂ္ဂလိကပိုင် စက်ရုံ (၂) ရုံသို့ ထုတ်လွှတ်ပေးသည့် သဘာဝဓာတ်ငွေ့ ကုဗပေ ၂၃၅ ဒသမ ၆၆၄ သန်းအား ပုဂ္ဂလိကဈေးနှုန်းဖြစ်သည့် ကုဗပေ ၁၆၅ လျင် ကျပ် ၁,၀၀၀ နှုန်းဖြင့် ရောင်းချရမည့်အစား အစိုးရဈေးနှုန်းဖြစ်သည့် ကုဗပေ ၁,၀၀၀ လျင် ကျပ် ၂၀၀ နှုန်းဖြင့် ရောင်းချထားသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ ကျပ် သန်းပေါင်း ၁,၃၈၁ ဒသမ ၁၃၃ နစ်နာဆုံးရှုံးနေခြင်း။
သန်းပေါင်း ၁,၃၈၁ ဒသမ ၁၃၃
စွမ်းအင်ဝန်ကြီးဋ္ဌာန
ကမ်းလွန်ရေနံရှာဖွေရေးဋ္ဌာနမှ ပုဂ္ဂလိကသို့ ငှါးရမ်းထားသည့် စက်ရုံ (၄) ရုံသို့ သဘာဝဓာတ်ငွေ့များရောင်းချရာတွင် ပုဂ္ဂလိကဈေးနှုန်းဖြင့် ရောင်းချရမည့်အစား အစိုးရဈေးနှုန်းဖြင့် ရောင်းချထား၍ နိုင်ငံတော်အတွက် အမေရိကန်ဒေါ်လာ ၁၆၆,၇၅၈ (ကျပ်ငွေ သန်းပေါင်း ၁၆၀ ဒသမ ၀၈ ခန့်) နစ်နာဆုံးရှုံးနေခြင်း။
သန်းပေါင်း ၁၆၀ ဒသမ ၀၈
စက်မှုဝန်ကြီးဋ္ဌာန
စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်းမှ စက်ဘီးစက်ရုံ (ကျောက်ဆည်) နှင့် ကုန်ထုတ်ဋ္ဌာနခွဲ (၁) ရန်ကုန်တို့မှ ကုန်ကြမ်း၊ ကုန်ချောလက်ကျန်စာရင်းတွင် တန်ဖိုး ကျပ်သန်းပေါင်း ၆,၉၀၈ ဒသမ ၆၅၈ ရှိသော်လည်း ၎င်းကုန်ကြမ်း၊ ကုန်ချောများကို ကျပ်သန်းပေါင်း ၂,၅၄၇ ဒသမ ၇၀၇ ဖြင့် စာချုပ်ချုပ်ဆို ရောင်းချခဲ့သဖြင့် နိုင်ငံတော်အတွက် ကျပ်သန်းပေါင်း ၄,၃၆၀ ဒသမ ၉၅၁ နစ်နာဆုံးရှုံးခြင်း။
သန်းပေါင်း ၄,၃၆၀ ဒသမ ၉၅၁
စက်မှုဝန်ကြီးဋ္ဌာန
ဖိနပ်စက်ရုံ (ကျောက်ဆည်) မှ ကုန်ကြမ်း၊ ကုန်ချောစာရင်းလက်ကျန် တန်ဖိုး ကျပ်သန်းပေါင်း ၄၅၄ ဒသမ ၁၀၈ ကို ကျပ်သန်းပေါင်း ၂၆၀ ဒသမ ၀၄၉ ဖြင့်  စာချုပ်ချုပ်ဆို ရောင်းချခဲ့သဖြင့် နိုင်ငံတော်အတွက် ကျပ်သန်းပေါင်း ၁၉၄ ဒသမ ၀၅၉ နစ်နာဆုံးရှုံးခြင်း။
သန်းပေါင်း ၁၉၄ ဒသမ ၀၅၉
စက်မှုဝန်ကြီးဋ္ဌာန
စက်ဘီးစက်ရုံ (ကျောက်ဆည်) နှင့် ကုန်ထုတ်ဋ္ဌာနခွဲ (၁) ရန်ကုန်တို့၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းအရ Atlantic Oversea ကုမ္ပဏီထံမှ ကုန်ကြမ်းဝယ်ရန်ကြိုတင်ပေးငွေ ကျပ်သန်းပေါင်း ၂၅၅ ဒသမ ၀၄၆ ကို ပြန်လည်မရရှိသေးခြင်း။ 
သန်းပေါင်း ၂၅၅ ဒသမ ၀၄၆
အားကစားဝန်ကြီးဋ္ဌာန
အားကစားနှင့် ကာယပညာဦးစီးဋ္ဌာန (ရုံးချုပ်) မှ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာရှိ ဋ္ဌာနပိုင်တိုက်ခန်း (၂၃) ခန်းနှင့် မြေနေရာအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီသို့ တစ်နှစ်လျင် ကျပ် ၁၂ သန်းဖြင့် ၃၀-၄-၂၀၁၂ မှ ၃၀-၄-၂၀၂၂ အထိ (၁၀) နှစ်စာချုပ်ဖြင့်ငှါးရမ်းထားပြီး ယင်းတိုက်ခန်းများနှင့် မြေနေရာအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ ပုဂ္ဂလိကပိုင်      ART WAVE TRADING CO. LTD သို့ တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၁၀၈,၀၀၀ (ကျပ်သန်းပေါင်း ၁၀၃ ဒသမ ၆၈ ခန့်) ဖြင့် ၁-၉-၂၀၁၂ မှ ၁-၉-၂၀၂၂ အထိ (၁၀) နှစ်တာ ထပ်ဆင့်ငှါးရမ်းထားသဖြင့် နိုင်ငံတော်အတွက် ကျပ်သန်းပေါင်း ၉၁၆ ဒသမ ၈ နစ်နာဆုံးရှုံးနေခြင်း။
သန်းပေါင်း ၉၁၆ ဒသမ ၈
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဋ္ဌာန 
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဋ္ဌာနသည်     Andaman Club Resort ဟိုတယ်၊ Golden Triangle ဟိုတယ်၊ Victoria Entertainment     ဟိုတယ်များမှ ငှါးရမ်းခကြွေးကျန်  စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၉ ဒသမ ၆၅၂ သန်း (ကျပ်သန်းပေါင်း ၁၈,၈၆၅ ဒသမ ၉၂ ခန့်) ရရန်ရှိနေခြင်း။
သန်းပေါင်း ၁၈,၈၆၅ ဒသမ ၉၂
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဋ္ဌာန 
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဋ္ဌာနသည် တည်ဆောက်ဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ် (၄) လုံး (Shangrila Yangon၊ Emerald Rose Garden၊ Center Point Tower၊ Pearl Laguna Resort) မှ မြေငှါးခကြွေးကျန်ငွေ စုစုပေါင်းအမေရိကန်ဒေါ်လာ ၃ ဒသမ ၅၆၄ သန်း (ကျပ်သန်းပေါင်း ၃,၄၂၁ ဒသမ ၄၄ ခန့်) ရရန်ရှိနေ ခြင်း။
သန်းပေါင်း ၃,၄၂၁ ဒသမ ၄၄