ကျနော်ချစ်တဲ့ ကခြေသည်ကလေး
အောင်ဒင်
ဇွန် ၁၉၊ ၂၀၁၀
(ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅ နှစ်ပြည့်မွေးနေ့ အမှတ်တရ)
(၁)
မိတ်ဆွေ နိုင်ငံခြားသား တစ်ယောက်ကပြောတယ်
"မင်းတို့ မြန်မာနိုင်ငံ မြေပုံကလေ
ကခြေသည်မလေးတစ်ယောက်
လက်နှစ်ဖက်ဆန့်တန်း
ခြေတစ်ချောင်းကွေးပြီး မခို့တရို့ရပ်နေသလို" တဲ့၊
သူက ချစ်စနိုးနဲ့ပြောတာပါ
ကျနော့အဖို့မှာတော့
ဒီမြေပုံကလေးဟာ
ကမ္ဘာပေါ်မှာ အလှဆုံး၊ အခန့်ငြားဆုံး၊
အတောက်ပဆုံး နဲ့ အချစ်ရဆုံးပေါ့၊
(၂)
ကလေးဘဝ
ကျောက်သင်ပုန်း နဲ့ ကျောက်တံကိုင်ခွင့်ရတဲ့ အချိန်ကစလို့
ဒီမြေပုံကလေးကို အလွတ်ရေးဆွဲနိုင်ဖို့
အကြိမ်ကြိမ် အထပ်ထပ်ကြိုးစားခဲ့တာ
ဆရာမ ချီးကျူးခံရဖို့မဟုတ်ဘူး
စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ မဟုတ်ဘူး၊
မှတ်မိသေးတယ်
အလျားတို၊ အနံရှည် စတုဂံဘောင်ကွက်ထဲမှာ
လတ္တီကျု၊ လောင်ဂျီကျုမျဉ်းတွေချ
အတွန့်အကောက် အကွေးတွေနဲ့
မြောက်ဖက်မှာ တရုတ်ပြည်နဲ့ထိစပ်တဲ့နယ်နမိတ်
အရှေ့ဖက်မှာ မှာ လာအို၊ ထိုင်းနိုင်ငံနဲ့ဆက်စပ်တဲ့မျဉ်းများ
အနောက်ဖက်မှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှှ်နိုင်ငံများနဲ့ စည်းခြား
အနောက်တောင်တပိုင်းလုံးမှာတော့ အပြာရောင်ပါးပါး
ဘင်္ဂလားပင်လယ်အော် နဲ့ ကပ္ပလီပင်လယ်က ရေများ
ကျနော့မြေပုံကလေး ရုပ်လုံးပေါ်လာပါပြီ၊
ပြီးတော့
ရှည်လျားလျား မျဉ်းကောက်ကြောင်းနဲ့
ဧရာဝတီ ကိုရေးဖြည့်
သံလွင်ကိုရေးဖြည့်
စစ်တောင်းကို ရေးဖြည့်
ချင်းတွင်းကိုရေးဖြည့်
ဒီမြစ်ကြီးတွေနဲ့ မြန်မာပြည်သူတို့ဘဝတွေ တည်ဆောက်ခဲ့ကြတာပါ၊
ဟောဒီမှာ
လွမ်းမောဘွယ် ရှမ်းတောင်တန်းကြီးတွေ
ဒီမှာ ပဲခူးရိုးမ၊ ဒီမှာ အနောက်ရိုးမ
ဒီမှာ မူးမြစ်ဝှမ်းလွင်ပြင်
ဒီမှာ ချင်းတောင်တန်းများ
မြောက်ဖျား ကချင်ပြည်နယ်က ရေခဲဖုန်းနှင်းတောင်ကြီးတွေ
အမြဲစိမ်းသစ်တောကြီးတွေ
ရှေးဟောင်းမြို့တော်တွေ၊ သတ္တုတွင်းတွေ၊
ရတနာမြေတွေ၊စေတီ ပုထိုးတွေ၊
အရာအားလုံး လှပနေတဲ့မြေ၊
(၃)
အခုတော့လဲ
အမြဲစိမ်းသစ်တောကြီးတွေ မရှိကြတော့
သက်တမ်းရာကျော်ကျွန်းပင်ကြီးတွေ
တရုတ်တွေက ခုတ်လှဲသယ်ဆောင်သွားကြ
ကျောက်စိမ်းနဲ့ အဖိုးတန် သယံဇာတတွေလဲ
တရုတ် နဲ့ ထိုင်းနိုင်ငံထဲ မပြန်ခရီးထွက်ကြ၊
မြန်မာနိုင်ငံက ရောင်းချတဲ့ သဘာဝဓာတ်ငွေ့တွေက
ယူနန် နဲ့ ဘန်ကောက်ကို အလင်းရောင်ပေးနေပြီး
ဗိုလ်ချုပ်တွေက မြေအောက်မြို့တော်ထဲ ဇိမ်ခံနေချိန်
မြန်မာပြည်သူတွေကတော့
အမှောင်ထုထဲမှာ တက်ခေါက်နေကြ၊
အဖက်ဖက်က ဝိုင်းရံတည်ဆောက်ထားတဲ့
အရုပ်ဆိုးဆိုး ရေကာတာတွေက
ရွာတွေကိုရွှေ့ပြောင်းပစ်
သစ်တောတွေကို ဖျက်ဆီးပစ်
မြစ်တွေရဲ့ ရေစီးကို လည်ပင်းညှစ်ခဲ့
ရှေးဟောင်းမြို့တော်ကြီးကတော့
နှစ်ဆယ့်တစ်ရာစု ဒီဇိုင်းအသစ်နဲ့
အလိုမတူပဲ မိတ်ကပ်ချယ်သခံခဲ့ရ၊
ရိုးမကြီးတွေ တောင်ကတုံးဖြစ်
လွင်ပြင်ကြီးတွေက သဲကန္တာရ ဘဝကိုပြောင်း
အင်းလေးကန်ကြီးထဲမှာ ရေမရှိတော့
တောင်ဇလတ်ပန်းတွေ မပွင့်ကြတော့
ဘိန်းပင်တွေကတော့ ပေါသထက်ပေါ
အနာဂတ်ဖျက်ဆီးခံရသူများရဲ့ ဘဝအမော
အိပ်မက်ဆိုးတွေကို ပြန်မပြောချင်ကြတော့၊
(၄)
ဘယ်လိုပဲဖြစ်ဖြစ်
ကျနော့မြေပုံကလေးကို ကျနော်ချစ်နေတုံးပါပဲ၊
လက်နှစ်ဖက်ဆန့်တန်းပြီး ခြေတစ်ချောင်းကွေးရပ်နေတဲ့
ကခြေသည်မကလေးကို ကျနော်ချစ်နေတုံးပါပဲ။
အို၊ မေမေ
မြန်မာနိုင်ငံမြေပုံကလေးကို
နဂိုအလှမပျက် ပြန်လည်ရေးဆွဲနိုင်ဖို့
ကျနော့မှာ အင်အားရှိပါရစေ၊။။
(ပန်းချီ ထိန်လင်း၊ Cell 3 ၊ Acrylic on Cotton ၊ ၂၀၀၇၊ 30 CM X 57 CM )
3 comments:
ကိုအောင်ဒင်
ကဗျာတွေ အမြဲလာဖတ်ပါတယ်၊
ကဗျာလေးတွေရေးဖြစ်နေပါစေလို့ 
ဆုတောင်းပါတယ်၊ ကဗျာတွေဖတ်ဖြစ်ခဲ့တဲ့ New York ရဲ့  နှစ်လေးတနှစ်ကို လွမ်းမောမိတာ အမှန်ပါ၊
ဖိုးသက်
တလောက ရန်ကုန်ဘဆွေ နဲ့ ဦးသော်ဇင် ဘာသာပြန်တဲ့ "မေဃဒူတ" ကို ဖတ်ဖြစ်တယ်။ အဲဒီလို ပုံစံမျိုး ကဗျာတပုဒ်ရေးချင် နေမိတယ်။
ကိုအောင်ဒင် ရဲ့ "ကျွန်တော်ချစ်တဲ့ ကခြေသည်ကလေး" ကိုဖတ်မိတော့ မိုးတိမ်တမန် ဆိုပြီး ကဗျာတပုဒ် ရေးဖြစ်တယ်။ ကျေးဇူးပါပဲ။
ခြေထောက်လေးတစ်ချောင်းတည်းနဲ့ ထောက်ရပ်နေတဲ့ ကခြေသည်လေးပေမယ့် သူက မာတယ် .. သံမဏိ ဝတ်မှုန်တွေနဲ့ တည်ဖွဲ့ထားရဲ့ ............
Post a Comment