BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, January 24, 2013

Burma's Parliament Watch Part Six

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၀၊ ဇန်နဝါရီ ၂၄၊ ၂၀၁၃၊ စာမျက်မှာ ၁၈၊ ၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်


အပိုင်း (၆) လွှတ်တော် နှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဥပဒေ

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ နိုင်ငံတော်သမ္မတ က ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသားဖြစ်တဲ့ "ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ" ကို ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် အမှတ် ၁ အဖြစ်နဲ့လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်၊ ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင်လမှာ နည်းဥပဒေ ဆက်လက်ထုတ်ပြန်ခဲ့ပါတယ်၊ ဒီဥပဒေ ရဲ့ အနှစ်သာရကတော့ တိုင်းပြည်ဖွဲ့စည်းမှုရဲ့ အခြေခံအကျဆုံး အစုအဖွဲ့ ဖြစ်တဲ့ ရပ်ကွက် များ၊ ကျေးရွာအုပ်စုများမှာ  အုပ်ချုပ်ရေးတာဝန်ယူမည့်လူကို ရွေးချယ်ခန့်ထားပုံစံနစ်နဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရဲ့ တာဝန် နဲ့လုပ်ပိုင်ခွင့်များကို ပြဋ္ဌန်းထားတာပါ၊ အခုဆိုရင် မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများ ကျင်းပနေပြီး လူထုရဲ့ မကျေနပ်သံတွေ၊ တိုင်တန်းသံတွေကိုလဲ ကြားနေရပါပြီ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို မဆလ အစိုးရလက်ထက်တလျှောက်လုံးမှာ ရော၊ နဝတ၊ နအဖ စစ်အစိုးရများလက်ထက်မှာရော လူထုက ရွေးချယ်တင်မြှောက်ခွင့်မရှိပဲ အစိုးရများက တိုက်ရိုက်ခန့်အပ်ခဲ့တာပါ၊ အခုလို လူထုက ရွေးချယ်တင်မြှောက်ခွင့်ရချိန်မှာ ဘာကြောင့် မကျေနပ်သံတွေ ထွက်လာရသလဲ၊ ဒီ ရာထူးတာဝန်များကရော ဘယ်လောက်အရေးကြီးသလဲဆိုတာ ဆန်းစစ်လေ့လာဖို့လိုပါတယ်၊

အခြေခံအကျဆုံး နိုင်ငံအဖွဲ့အစည်း၊
တကယ်တော့ ရပ်ကွက်များ၊ ကျေးရွာများဟာ နိုင်ငံတခုရဲ့ ဖွဲ့စည်းတည်ဆောက်ပုံမှာ အသေးဆုံးနဲ့အခြေခံအကျဆုံး လူ့အဖွဲ့အစည်းများဖြစ်ပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၅၁ မှာ နိုင်ငံတော်ကို စုစည်းတည်ဆောက်ရာမှာ “(က) ကျေးရွာများကို ကျေးရွာအုပ်စုအဖြစ် စုစည်းသည်၊ (ခ) ရပ်ကွက်များကို မြို့ သို့မဟုတ် မြို့နယ်အဖြစ် စုစည်းသည်၊ (ဂ) ကျေးရွာအုပ်စုနှင့် ရပ်ကွက်များ သို့မဟုတ် မြို့များကို မြို့နယ် အဖြစ်စုစည်းသည်၊" လို့ဖော်ပြထားပါတယ်၊ နိုင်ငံသားတိုင်းဟာ ရပ်ကွက်တခု၊ ကျေးရွာအုပ်စုတခုမှာ နေထိုင်ကြပြီး အဲဒီ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေပေါင်းပြီး မြို့နယ်ဖြစ်လာ၊ မြို့နယ်တွေပေါင်းစုပြီး ခရိုင်ဖြစ်လာ၊ ခရိုင်တွေပေါင်းစုပြီး ပြည်နယ်၊ တိုင်းဒေသကြီးတွေ ဖြစ်လာပြီး  ပြည်နယ်၊ တိုင်းဒေသကြီးတွေ ပေါင်းစုပြီး မြန်မာနိုင်ငံဖြစ်လာတာပါ၊ ဒါကြောင့်  ရပ်ကွက်များ၊ ကျေးရွာများဟာ နိုင်ငံတခုရဲ့ အဓိကကျတဲ့အခြေခံအဆောက်အအုံဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများဟာလဲ ဒေသန္တရ အုပ်ချုပ်ရေး (Domestic Administration) ရဲ့ အခြေခံအကျဆုံး၊ လူထုနဲ့ထိတွေ့မှုအရှိဆုံး အာဏာပိုင်ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်၊ အစိုးရအဆက်ဆက်ကလဲ ခေတ်အဆက်ဆက်မှာ ဒီပုဂ္ဂိုလ်တွေကိုအသုံးချပြီး လူထုကို အုပ်ချုပ်ခဲ့ကြတာပါ၊ မြန်မာဘုရင်တွေခေတ်မှာဆိုရင် အခွန်ကောက်တာကအစ လမ်းပြင်တာအလယ် စစ်သားစုဆောင်းပေးရတဲ့အထိ တာဝန်ယူခဲ့ကြရပါတယ်၊ အာဏာရှင်အစိုးရတွေလက်ထက်မှာတော့ ဒီအုပ်ချုပ်ရေးမှူးတွေဟာ ဆက်ကြေးကောက်တာ၊ အဓမ္မလုပ်အားပေးခိုင်းစေဖို့ လူစုပေးရတာ၊ မြို့နယ်ကိုအလည်လာတဲ့ အရာရှိကြီးကို ဖျော်ဖြေဖို့ တာဝန်ယူရတာ၊ နိုင်ငံရေးသမားတွေရဲ့ သတင်းထောက်လှမ်းပေးရတာ၊ တက်ကြွလှုပ်ရှားသူတွေကို နှိပ်ကွပ်ဖို့ စွမ်းအားရှင် နံမည် နဲ့ လူမိုက်တွေမွေးရတာ၊ အစိုးရရဲ့အမိန့်ကြော်ညာတွေကို လူထုသိအောင် မောင်းခတ်ပေးရတာ၊ စသဖြင့် အင်မတန် အလုပ်များခဲ့ကြတာပါ၊  

သူတို့ ကောင်းဖို့လိုပါသည်၊
ဒီလို တိုင်းပြည်ရဲ့အခြေခံအကျဆုံး အုပ်ချုပ်ရေးတာဝန်ယူထားရသူတွေဟာ အာဏာပိုင်တွေက လက်ညှိုးထိုးခန့်အပ်တဲ့လူတွေ မဟုတ်ပဲလူထုကို အမှန်တကယ် ကိုယ်စားပြုသူတွေ၊ လူထုကအမှန်တကယ် ရွေးချယ်တင်မြှောက်သူတွေဖြစ်ရင် တိုင်းပြည်အတွက် လူထုအတွက် သိပ်ကောင်းမှာပါ၊ ဒီမိုကရေစီစံနစ် ရှင်သန်ခိုင်မာရေးအတွက် အများကြီးအထောက်အကူဖြစ်မှာပါ၊ မတရားမှုတွေကို ဆန့်ကျင်ရေးအတွက် ပိုပြီးထိရောက်မှာပါ၊ တခါ ဒီအုပ်ချုပ်ရေးမှူးတွေဟာ လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ ဒေသအလိုက် မဲရုံတွေကို တာဝန်ယူကြမည့် ပုဂ္ဂိုလ်တွေလဲဖြစ်ပါတယ်၊ ရွေးကောက်ပွဲ ကော်မရှင်က ဖွဲ့စည်းမည့် ရပ်ကွက်၊ ကျေးရွာအဆင့် ကော်မရှင်တွေမှာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ မပါဝင်တာတောင်မှ သူတို့ရဲ့ ရပ်ကွက်၊ ကျေးရွာအတွင်း မဲဆန္ဒရှင်များအပေါ် ဩဇာသက်ရောက်မှုက ရွေးကောက်ပွဲ သန့်ရှင်းမျှတမှုအပေါ် အတိုင်းအတာတခုထိ သက်ရောက်မှုရှိပါလိမ့်မယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေဥပဒေပြည်သူ့ ဆန္ဒခံယူပွဲမှာ ဒီရာထူးရှင်တွေကပဲ တနိုင်ငံလုံး "ထောက်ခံ" အောင် ဆောင်ရွက်ခဲ့ကြတာပါ၊ ၂၀၁၀ ရွေးကောက်ပွဲမှာလဲ ဒီရာထူးရှင်တွေကပဲ ကြံ့ခိုင်ရေးပါတီအနိုင်ရရေး အားပေးခဲ့ကြတာပါ၊ ဒါကြောင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရာထူးတွေမှာ လူထုကိုယ်စားလှယ်အစစ်အမှန်တွေ အရွေးချယ်ခံရဖို့ဆိုတာ ၂၀၁၅ ရွေးကောက်ပွဲ သန့်ရှင်းမျှတရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်၊ ပြင်ပက ရောက်လာနိုင်တဲ့ နိုင်ငံတကာလေ့လာသူတွေက ရွေးကောက်ပွဲမတိုင်ခင် ရက်အနည်းငယ်၊ ရွေးကောက်ပွဲအပြီး ရက်အနည်းငယ်သာ နေနိုင်မှာပြီး တနိုင်ငံလုံးအနှံ့ မရောက်နိုင်ကြပါ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များကသာ ရွေးကောက်ပွဲအစအဆုံးပါဝင် ဆောင်ရွက်ပြီး သန့်ရှင်းမျှတမှု သို့မဟုတ် ညစ်ပတ်လိမ်လည်မှု ကို ကိုယ်တိုင် ဖန်တီးကြမှာပါ၊

ဥပဒေရဲ့ ကန့်သတ်ချက်များ
ဒါပေမည့်လဲ ထုတ်ပြန်ထားတဲ့ "ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ" အရ လူထုရဲ့ ရွေးချယ်ခွင့်ဆိုတာ အကန့်အသတ်နဲ့သာ ဖြစ်တယ်ဆိုတာ ဝမ်းနည်းဖွယ်ရာတွေ့ရပါတယ်၊ ဒီဥပဒေအရ လူထုဟာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို တိုက်ရိုက် ရွေးချယ်တင်မြှောက်ခွင့်မရပါ၊ လူထုရဲ့ ရွေးချယ်ခွင့်က "ဆယ်အိမ်ခေါင်း" လို့ခေါ်တဲ့ ဆယ်အိမ်စု အစုအဖွဲ့ရဲ့ ကိုယ်စားလှယ် တစ်ယောက်ကိုသာဖြစ်ပြီး ဆယ်အိမ်ခေါင်းတွေကမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးကို ရွေးချယ်တင်မြှောက်ကြတာပါ၊ ဒါကြောင့်လဲ နိုင်ငံတဝှမ်းမှာ လူထုရဲ့ မကျေနပ်သံတွေ ညံညံစီစီ ထွက်ပေါ်နေတာပါပဲ၊ ဒါပေမည့် သူတို့ရဲ့ အသံတွေဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြပွဲများ၊ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲများလောက် မြန်မာ့ နိုင်ငံရေးအင်အားစုများရဲ့ စိတ်ဝင်စားမှု၊ အလေးပေးမှုမရကြရှာပါ၊ 

ဒီဥပဒေ ရဲ့ အခန်း (၄)၊ ပုဒ်မ (၇) အရ ကြီးကြပ်ရေးအဖွဲ့က ရက်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း အိမ်ခြေစာရင်းအလိုက် ဆယ်အိမ်စု အစုအဖွဲ့များ စုဖွဲ့ရမည်လို့ ဆိုပါတယ်၊ အဲဒီ ဆယ်အိမ်စုမှာ ပါတဲ့ အိမ်ထောင်စုအသီးသီးက အိမ်ထောင်ဦးစီး သို့မဟုတ် အသက် ၁၈ နှစ်ပြည့်ပြီးသော အိမ်ထောင်စုကိုယ်စားလှယ် တယောက်စီကို စုစည်းပြီး သူတို့ ၁၀ ယောက်ထဲက တစ်ယောက်ကို ဆယ်အိမ်ခေါင်းအဖြစ်လျှို့ဝှက်ဆန္ဒမဲနဲ့ ရွေးချယ်ရပါတယ်၊ လူထုရဲ့ ရွေးချယ်ခွင့်က ဒါပါပဲ၊ လူထုဆိုတာတောင်မှ မိသားစုတစုက အသက် ၁၈နှစ်ပြည့်ပြီးသူအားလုံးမဟုတ်ပါ၊ တအိမ်ထောင်မှ တယောက်သာ မိသားစုကိုယ်စားလှယ် ၁၀ ယောက်ထဲက ဆယ်အိမ်ခေါင်းဖြစ်မည့်လူတစ်ယောက်ကို ရွေးချယ်ခွင့်ရတာပါ၊ ဒီအဆင့်ပြီးရင် အရွေးခံရတဲ့ ဆယ်အိမ်ခေါင်းများက ၎င်းတို့ အထဲက တယောက် သို့မဟုတ် တယောက်နှင့်အထက်ကို အဆိုပြု၊ အဆိုပြုခံရသူများက သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီရင် ဆယ်အိမ်ခေါင်းများက လျှို့ဝှက်ဆန္ဒမဲပေးပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူးကို ရွေးချယ်တင်မြှောက်ရမှာပါ၊ လူထုမှာ မိမိတို့ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာကို အုပ်ချုပ်မည့် အုပ်ချုပ်ရေးမှူးကို ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်ရွေးချယ်ခွင့်မရကြရှာပါ၊

မတော်မရား ကိစ္စများ
ဒီဇင်ဘာ ၂၈ ရက်နေ့က တက်လာတဲ့ နိရဉ္စရာ သတင်းဌာန ရဲ့ သတင်းပို့ချက်အရ ရခိုင်ပြည်နယ် တဝှမ်းမြို့နယ်များမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရေးနဲ့ပါတ်သက်ပြီး မသမာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကြားသိရပါတယ်၊ အဲဒီ မသမာမှုတွေထဲမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ကြီးကြပ်ရေးကော်မီတီ ကို လူထုမကြည်ညိုတဲ့ ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းတာ၊ ကြီးကြပ်ရေးကော်မီတီက ဆယ်အိမ်ခေါင်းများကို မိသားစုကိုယ်စားလှယ်များရဲ့ ဆန္ဒနဲ့ မဟုတ်ပဲ ၎င်းတို့ စိတ်တိုင်းကျ ရွေးချယ်တာ၊ ဆယ်အိမ်ခေါင်းများထဲက ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာလဲ မဲလိမ်မှုတွေ ရှိနေတာ၊ အုပ်ချုပ်ရေးမှူး ဖြစ်ချင်သူများက ကြီးကြပ်ရေးကော်မီတီဝင်များကို လာဒ်ပေးတယ်ဆိုတဲ့ စွတ်စွဲတာတွေ ကြားသိနေရပါတယ်၊ ဒါ ရခိုင်ပြည်နယ် တခုထဲမှာ ဖြစ်နေတာမဟုတ်ပါ၊ တနိုင်ငံလုံးအနှံ့ဖြစ်နေတာပါ၊ ဒီဇင်ဘာ ၂၈ ရက်နေ့၊ သျှမ်းသံတော်ဆင့် သတင်းအရ ရှမ်းပြည်နယ်မှာလဲ မသမာမှုတွေ ဖြစ်နေပါတယ်၊ ရှမ်းပြည်မြောက်ပိုင်း နာဆိုင်းကျေးရွာအုပ်စုမှာ ကြီးကြပ်ရေးကော်မီတီ ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဖွဲ့စည်းပေးရမည့်အစား လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က သူ့စိတ်ကြိုက်လူများနဲ့ ဖွဲ့စည်းပြီး အဲဒီ ကြီးကြပ်ရေးကော်မီတီ က ဦးမြင့်လှိုင်ကိုပဲ အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည် တင်မြှောက်ပါသတဲ့၊ ဒီဇင်ဘာ ၂၆ ရက်နေ့ထုတ် ဧရာဝတီ သတင်းဌာနရဲ့ ဆောင်းပါးအရ ကြံ့ခိုင်ရေးပါတီဝင်များဖြစ်ကြတဲ့ လက်ရှိအုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်ခံရရေးအတွက် အာဏာရပါတီ က နေရာအနှံ့မှာ ဝင်ရောက်စွက်ဖက်နေတယ် ဆိုတဲ့ သတင်းတွေလဲ ကြားရပါတယ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့က ဗီအိုအေ (VOA) သတင်းဌာနရဲ့ သတင်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မှော်ဘီ မြို့နယ် အမှတ် ၄ ရပ်ကွက်မှာ လက်ရှိအုပ်ချုပ်ရေးမှူးက သူ့ရာထူးပြန်ရရေးအတွက် အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လဲ ကြားသိရပါတယ်၊

စံနစ်ဟောင်း ရဲ့အကြွင်းအကျန်များ
မဆလအစိုးရ နဲ့ စစ်အစိုးရလက်ထက်မှာ ပြည်သူလူထုကို ဖိနှိပ်ဖို့ မတရားတဲ့ ဥပဒေအများကြီး ဖန်တီးခဲ့သလို အင်္ဂလိပ်ကိုလိုနီအစိုးရက ကျင့်သုံးခဲ့တဲ့ ဥပဒေအချို့ကိုလဲ ဆက်လက်ကျင့်သုံးခဲ့ပါတယ်၊ ထင်ရှားတဲ့ ဥပဒေ နှစ်ခုက မြို့များအက်ဥပဒေ (၁၉၀၇ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေ အမှတ် ၃) နဲ့ ကျေးရွာအက်ဥပဒေ (၁၉၀၇ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေ အမှတ် ၆) တို့ပါ၊ ဒီဥပဒေ နှစ်ခုဟာ ပြည်သူလူထုရဲ့ လွတ်လပ်မှုတွေကို ချုပ်ချယ်ကန့်သတ်ထားတဲ့ ဥပဒေတွေပါ၊ အထူးသဖြင့် မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်စွာ သွားလာ နေထိုင်ခွင့်ကို ကန့်သတ်ထားပါတယ်၊ ဒီဥပဒေများအရ နိုင်ငံသား တစ်ယောက်ဟာ မိမိအိမ်မှာ "အခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု တခုခုတွင် နေထိုင်ပြီး မိမိအိမ်ထောင်စုစာရင်းဝင် မဟုတ်သူက ညဥ့်အိပ်ညနေ ဧည့်သည်အဖြစ် လာရောက်တည်းခိုတဲ့အခါ၊ ပြန်လည်ထွက်ခွါသွားတဲ့အခါ" ရပ်/ကျေး အုပ်ချုပ်ရေးမှူးထံ သတ်မှတ်ချက်များနဲ့အညီ တိုင်ကြားရမှာ ဖြစ်ပြီး တိုင်ကြားဖို့ပျက်ကွက်ရင် ပြစ်ဒါဏ်ခံစားရမှာဖြစ်ပါတယ်၊ ဒါကြောင့်လဲ မတရားတဲ့ ဥပဒေများ၊ အမိန့်ဒီဂရီ များကို ရုတ်သိမ်း၊ ဖျက်သိမ်းဖို့ ကျနော်တို့ တောင်းဆိုရာမှာ ဒီဥပဒေ နှစ်ခုလဲပါဝင်ပါတယ်၊ ဒီ "ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ" ကို ပြန်ဌန်းတော့ အောက်ဆုံးက ပုဒ်မ ၃၇ မှာ "မြို့များ အက်ဥပဒေ နှင့် ကျေးရွာအက်ဥပဒေ တို့ကို ဤဥပဒေ ဖြင့် ရုတ်သိမ်းလိုက်သည်၊" လို့ ဖော်ပြပါရှိတော့ "ဪ၊ ငါတို့ လွှတ်တော်အမတ်တွေ မဆိုးလှပါလား" လို့ ကျေနပ်လိုက်မိပါသေးတယ်၊ ဒါပေမည့် ဒီဥပဒေကို အသေအချာဖတ်ကြည့်မှပဲ မြို့မြား အက်ဥပဒေ နဲ့ ကျေးရွာအက်ဥပဒေမှာပါတဲ့ လူထုအပေါ်ကန့်သတ်ချက်တွေကို ဥပဒေသစ်မှာ ပြန်လည် ထည့်သွင်းထားတာ တွေ့ရပါတယ်၊

ဒီ ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေ ရဲ့ ပုဒ်မ ၁၇ အရ ရပ်ကွက်/ကျေးရွာအတွင်း နေထိုင်သူများဟာ မိမိနေအိမ်မှာ မိမိရဲ့ အိမ်ထောင်စုစာရင်းမှာ မပါဝင်သူတစ်ယောက် လာယောက်တည်းခိုရင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးထံ အသိပေးတိုင်ကြားရမှာပါ၊ ဧည့်သည် ပြန်လည်ထွက်ခွါသွားရင်လဲ သတင်းပို့ရဦးမှာပါ၊ ပုဒ်မ ၂၇ အရ အဲဒီလို သတင်းပို့ တိုင်ကြားဖို့ ပျက်ကွက်ရင် ကျပ် ငါးထောင်ထက်မပိုသော ဒါဏ်ငွေ ပေးဆောင်ရမှာဖြစ်ပြီး ဒါဏ်ငွေမဆောင်နိုင်ပါက ခုနှစ်ရက်ထက်မပိုသော ထောင်ဒါဏ်ကျခံရမှာဖြစ်ပါတယ်၊ပုဒ်မ ၁၃ (ဆ) အရ ရပ်/ကျေး အုပ်ချုပ်ရေးမှူးမှာ ဧည့်စာရင်းတိုင်ကြားခြင်းကို လက်ခံခြင်း၊ ခွင့်ပြုခြင်းအပြင် ဧည့်စာရင်းစစ်ဆေးခြင်း၊ ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်လျင်အရေးယူခြင်းပြုနိုင်တဲ့ အာဏာရှိပါတယ်၊
နိုင်ငံသားတယောက်ရဲ့ မွေးရာပါ လူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ရွှေ့ပြောင်း နေထိုင်ခွင့်ကို ကန့်သတ်တာဟာ ကမ္ဘာလူ့အခွင့်အရေးကြေညာစာတမ်းကို ချိုဖောက်တာဖြစ်သလို မကြာသေးခင်ကမှ မြန်မာနိုင်ငံပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့  အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်းကိုပါ ချိုးဖောက်တာ ဖြစ်ပါတယ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း ရဲ့ ပုဒ်မ (၁၃) (၁) မှာ လူတိုင်းလူတိုင်းသည် နိုင်ငံတစ်ခု၏ နယ်နမိတ်များအတွင်း လွတ်လပ်စွာ ရွှေ့ပြောင်းနေထိုင်ခွင့်၊ အခြေချခွင့် ရှိသည်၊ (Everyone has the right to freedom of movement and residence within the borders of each state.)  လို့ ဆိုထားပါတယ်၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့မှာ မြန်မာသမ္မတ ဦးသိန်းစိန် ပါဝင်လက်မှတ်ထိုးအတည်ပြုခဲ့တဲ့ အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း (ASEAN Human Rights Declaration) ပုဒ်မ ၁၅ မှာလဲ အလားတူ ပြဌန်းထားပါတယ် (Every person has the right to freedom of movement and residence within the borders of each state.)

မျှော်လင့်မိခြင်း
"ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ" ကို လွှတ်တော်မှာ ဆွေးနွေးအတည်ပြုစဉ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်အမတ်များ လွှတ်တော်ထဲမရောက်သေးပါ၊ လွှတ်တော်ဟာလဲ အခုလောက် ပွင့်လင်းတက်ကြွခြင်းမရှိသေးပါ၊ အခုတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်များ လွှတ်တော်ထဲ ခြေချရောက်ရှိနေပါပြီ၊ လွှတ်တော်ဥက္ကဋ္ဌများ နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလဲ တွေ့နေရပါပြီ၊ ရှေ့လာမည့် လွှတ်တော်အစည်းအဝေးတွေမှာ "ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ" ကို လွှတ်တော်ကိုယ်စားလှယ်များ ပြန်လည်ဆွေးနွေးသုံးသတ်ပြီး လူထုကို သူတို့ကို အနီးကပ်အုပ်ချုပ်မည့် အုပ်ချုပ်ရေးမှူးကို တိုက်ရိုက်ရွေးချယ်ခွင့် ပေးဖို့၊ လူထုရဲ့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ကို မကန့်သတ်ဖို့ ပြင်ဆင်ရေးဆွဲကြလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့၊

လေးစားစွာ၊ အောင်ဒင်
ဇန်နဝါရီ ၂၊ ၂၀၁၃
 


0 comments: