BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, February 22, 2013

Burma's Parliament Watch Part 10

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၄၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်

အပိုင်း (၁၀) ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေများကို လေ့လာသုံးသပ်ခြင်း (က)

၂၀၁၂  ခုနှစ် နိုဝင်ဘာလ ၂၆ရက် နေ့စွဲနဲ့ နိုင်ငံတော်သမ္မတ လက်မှတ်မထိုးပဲ အတည်ပြုပြဌန်းခဲ့တဲ့ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ နဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ များကို စိတ်ဝင်တစား လေ့လာကြည့်ပါတယ်၊ ထူးထူးခြားခြားတွေ့မိတာတွေကို အောက်ပါအတိုင်း တင်ပြအပ်ပါတယ်၊

ပြည်သူ့/အမျိုးသား လွှတ်တော်ရုံး၊ လွှတ်တော်ကိုယ်စားလှယ်ရုံး
ပုဒ်မ ၂ (ဋ) နဲ့ ၆၃ တို့အရ လွှတ်တော် နှစ်ရပ်ရဲ့ နေ့တဓူဝ အရေးကိစ္စတွေကို တာဝန်ခံ ဆောင်ရွက်ဖို့ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံးတွေ ဖွင့်ခွင့်ရတော့မှာ ဖြစ်ပါတယ်၊ ဒါဟာဖြင့် သဘာဝကျတဲ့ ပြဌန်းချက်တွေပါ၊ အမေရိကန် ပြည်ထောင်စုမှာတော့ အောက်လွှတ်တော် နဲ့ အထက်လွှတ်တော်ရဲ့ အရေးကိစ္စတွေကို သီးခြားဖွဲ့စည်းထားတဲ့ ဌာန နှစ်ခုက စီမံခန့်ခွဲပါတယ်၊ အောက်လွှတ်တော် ရုံးကို အောက်လွှတ်တော် မှတ်တမ်းပြုစုရေးအရာရှိ (Clerk of the House)၊ စစ်ဆေးရေးမှူးချုပ် (Inspector General)၊ စီမံခန့်ခွဲရေးအရာရှိချုပ် (Chief Administrative Officer)၊ လုံခြုံရေးတာဝန်ခံ (Sergeant at Arms)၊ ဘာသာရေးတာဝန်ခံ (Chaplain)၊ အောက်လွှတ်တော်သမိုင်းပြုစုသူ (House Historian)၊ နဲ့ အောက်လွှတ်တော်လုပ်ငန်းကျွမ်းကျင်သူ ပညာရှင် (Parliamentarian)၊ ဆိုတဲ့ အရာရှိ ၇ ယောက်က တာဝန်ယူ စီမံခန့်ခွဲပါတယ်၊ သူတို့အောက် မှာ လဲ အထောက်အကူပြု ဝန်ထမ်းတွေ ရှိကြတာပေါ့၊ 

အထက်လွှတ်တော်ဆိုင်ရာ ရုံးမှာ ဆိုရင် အထက်လွှတ်တော် အတွင်းဝန် (Secretary of the Senate)၊  လက်ထောက်အတွင်းဝန် (Assistant Secretary)၊ အထက်လွှတ်တော်သမိုင်းပြုစုသူ (Senate Historian)၊  လုံခြုံရေးတာဝန်ခံ (Sergeant at Arms)၊  အထက်လွှတ်တော်လုပ်ငန်းကျွမ်းကျင်သူ ပညာရှင် (Parliamentarian)၊ လူများစုပါတီ အတွင်းဝန် (Majority Secretary)၊ နဲ့ လူနည်းစုပါတီ အတွင်းဝန် (Minority Secretary) ဆိုပြီး အရာရှိ ၈ဦးက လက်ထောက်ဝန်ထမ်းတွေနဲ့ စီမံခန့်ခွဲပါတယ်၊

ဒီလို ဖွဲ့စည်းခွင့်က အရင် နအဖ ကပြဌန်းခဲ့တဲ့ ၂၀၁၀ ခုနှစ် ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေများ မှာမပါဝင်ပါ၊ အရင်ဥပဒေဟောင်းအရ လွှတ်တော်ရုံးဆိုတာ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် သုံးရပ်စလုံးရဲ့ ကိစ္စတွေကို စီမံခန့်ခွဲတဲ့ တစ်ခုတည်းသော ရုံးပါ၊ ဥပဒေအသစ်ရဲ့ ပုဒ်မ ၂ (ည) မှာ အဲဒီ လွှတ်တော်ရုံးကို ထပ်မံပြဌန်းထားတာမို့ လွှတ်တော်ဆိုင်ရာ ရုံး သုံးခု ဖွဲ့စည်းရမည့် သဘောဖြစ်ပါတယ်၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော် ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး ဆိုပြီးတော့၊ အဲဒါဆိုရင် မြန်မာနိုင်ငံလို ဆင်းရဲလွန်းလို့ နိုင်ငံတကာချေးငွေတွေ တောင်းခံနေရတဲ့၊ အကြွေးသက်သာခွင့်တွေ တောင်းဆိုနေရတဲ့  နိုင်ငံအနေနဲ့ နိုင်ငံတော်ဘတ်ဂျက်မှာ ဝန်ထုတ်ဝန်ပိုး ဖြစ်ပါလိမ့်မယ်၊ မြန်မာနိုင်ငံရဲ့ အစိုးရရုံးများ ဖွဲ့စည်းပုံကလဲ ထိပ်ဆုံးက ညွှန်ကြားရေးမှူးချုပ် ကစလို့ အောက်ဆုံးက ဝင်းတံခါးပေါက်စောင့်သူ အထိ အဆင့်ပေါင်းများစွာနဲ့ ခန်းနားထည်ဝါလွန်းတော့ ရုံးသစ် တစ်ရုံးဖွင့်ဖို့ကုန်ကျစားရိတ်ဟာ အင်မတန်ပဲ များမှာပါ၊

ဒီတော့ ရုံးသုံးရုံးဖွင့်မည့်အစား ရုံးနှစ်ရုံးပဲ ထားသင့်ပါတယ်၊ အမျိုးသားလွှတ်တော်ရုံး နဲ့ ပြည်သူလွှတ်တော်ရုံး ဆိုပြီးတော့၊ အခု ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ကို လွှတ်တော် ၅နှစ်သက်တမ်းအတွင်း ပြည်ထောင်စုလွှတ်တော် နာယက ရာထူးကို နှစ်နှစ်ခွဲစီ ယူဖို့ ပြဋ္ဌန်းထားသလို ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ကျတဲ့ လွှတ်တော် ရုံးက ပြည်ထောင်စုလွှတ်တော်ရုံးတာဝန်ကိုပါ ပူးတွဲယူမယ်ဆိုရင် တိုင်းပြည်ဘဏ္ဏာမှာ ကုန်ကျစားရိတ်တွေအတော် သက်သာသွားမှာပါ၊

လွှတ်တော်ကိုယ်စားလှယ်ရုံး
ပုဒ်မ ၂ (ဌ)၊ ၆၃ နဲ့ ၆၄ များအရ လွှတ်တော်ကိုယ်စားလှယ်များဟာ မဲဆန္ဒနယ်တွေမှာ ရုံးခန်းတွေ ဖွင့်နိုင်တော့မှာ ဖြစ်ပါတယ်၊ ဒါဟာလဲ သဘာဝကျတဲ့ ပြဋ္ဌန်းချက်ဖြစ်ပေမည့် ပုဒ်မ ၆၃ မှာ "လိုအပ်သော မြို့နယ်များတွင် လွှတ်တော်ကိုယ်စားလှယ်ရုံးများကို ဖွင့်လှစ်တည်ထောင်ခွင့်ပေးနိုင်သည်" လို့ ဆိုထားတာကို ဘဝင်မကျဖြစ်မိပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ မိမိတို့သက်ဆိုင်ရာ မဲဆန္ဒနယ်က ပြည်သူများရဲ့ အကျိုးစီးပွါးကို ဆောင်ရွက်ပေးရမှာမို့ ဒီ မဲဆန္ဒရှင်ပြည်သူများနဲ့ ပုံမှန် ဆက်ဆံနိုင်ရေးဟာ အင်မတန်အရေးကြီးတဲ့ ကိစ္စပါ၊ ဒါကြောင့် မဲဆန္ဒနယ်အားလုံး မြို့နယ်အားလုံးမှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ရုံးခန်းတွေရှိသင့်ပါတယ်၊ ဘယ်မြို့နယ်မှာဖြင့်လိုအပ်ပြီး ဘယ်မြို့နယ်မှာဖြင့် မလိုအပ်ဘူးလို့ မရှိသင့်ပါ၊ 

အမေရိကန်ပြည်ထောင်စုမှာ အောက်လွှတ်တော်အမတ်တွေဟာ သူတို့ရဲ့ မဲဆန္ဒနယ်အကျယ်အဝန်းကိုလိုက်ပြီး ရုံးခွဲ (District Office) နှစ်ခုကနေ ၅ခုအထိ ဖွင့်ခွင့်ရှိပါတယ်၊ အထက်လွှတ်တော်အမတ်တွေဟာလဲ သူတို့ရဲ့ သက်ဆိုင်ရာပြည်နယ် အကျယ်အဝန်းကိုလိုက်ပြီး ရုံးခွဲ ၄ခုကနေ ၉ ခုအထိ ဖွင့်ခွင့်ရှိပါတယ်၊ အဲဒီ ရုံးခွဲတွေမှာ အချိန်ပြည့်ဝန်ထမ်းတွေ ခန့်အပ်ထားပြီး မဲဆန္ဒရှင်များရဲ့ အသံကို နားထောင်ပါတယ်၊ သူတို့ရဲ့ ပြဿနာ အခက်အခဲတွေကို ကူညီဖြေရှင်းပေးပါတယ်၊ ကွန်ဂရက်လွှတ်တော်အစည်းအဝေး ရပ်နားတဲ့ အချိန်ကာလတွေမှာ လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင် အဲဒီ ရုံးခန်းတွေကို လှည့်လည်ပြီး မဲဆန္ဒရှင်များနဲ့ ကိုယ်တိုင်တွေ့ဆုံပါတယ်၊ ဒါကြောင့် ဒီရုံးတွေဟာ လွှတ်တော်ကိုယ်စားလှယ်များအတွက်ရော၊ မဲဆန္ဒရှင်များအတွက်ရော အင်မတန်အရေးကြီးတဲ့ နေရာဋ္ဌာနများ ဖြစ်ကြပါတယ်၊

မြန်မာနိုင်ငံရဲ့ ဘဏ္ဏာရေးအခြေအနေအရ ရုံးတွေ အများကြီး မဖွင့်နိုင်တောင်မှ မြို့နယ်တစ်ခုချင်းကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် တစ်မြို့ကို တစ်ရုံးစီ၊ တစ်မြို့ထက်မက ပိုပြီးကျယ်ပြန့်တဲ့ ဒေသကို ကိုယ်စားပြုတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် မဲဆန္ဒနယ်မြေထဲမှာ ပါဝင်တဲ့ မြို့နယ်တိုင်းမှာ ရုံးတစ်ရုံးစီ ဖွင့်ခွင့်ပေးသင့်ပါတယ်၊ ဘတ်ဂျက်အခြေအနေအရ ဒီရုံးအားလုံးကို တစ်နှစ်ထဲ၊ တစ်ကြိမ်ထဲမှာ မဖွင့်ပေးနိုင်ရင်တောင်မှ သုံးနှစ်၊လေးနှစ် စသဖြင့် စီမံကိန်းချပြီး ၅နှစ်ထက်မပိုတဲ့ ကာလအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်ရုံးတွေ မဲဆန္ဒနယ်အားလုံးမှာ ဖွင့်ပေးနိုင်ရင် သိပ်ကောင်းမှာပါ၊

နေပြည်တော်မှာလဲ လွှတ်တော်ကိုယ်စားလှယ်ရုံး ရှိသင့်ပါသည်၊
ဥပဒေအဟောင်း နဲ့ ဥပဒေအသစ် နှစ်ခုစလုံးမှာ ထူးဆန်းစွာ ပျောက်ဆုံးနေတာက လွှတ်တော်ကိုယ်စားလှယ်များအတွက် နေပြည်တော်မှာ ရုံးခန်းရှိခွင့်ပါပဲ၊ 

အမေရိကန်ပြည်ထောင်စုမှာတော့ အောက်လွှတ်တော်အဆောက်အအုံကြီုးံ ၄ ခုနဲ့ အထက်လွှတ်တော်အဆောက်အအုံကြီး ၄ ခုမှာ လွှတ်တော်နှစ်ရပ်ပေါင်း အမတ် ၅၄၁ ယောက်အတွက် ရုံးခန်းတွေ ကိုယ်စီရှိကြပါတယ်၊ လွှတ်တော်အမတ်တိုင်းရဲ့ ရုံးအဖွဲ့မှာလဲ အရာရှိချုပ် (Chief of Staff)၊ အချိန်ဇယားကိုင်တွယ်သူ (Schedulers)၊ ဥပဒေရေးရာ ညွှန်ကြားရေးမှူး (Legislative Director)၊ ပြန်ကြားရေးအရာရှိ (Press Officer)၊ ကဏ္ဏအလိုက် အတိုင်ပင်ခံများ (Advisors)၊ ဥပဒေရေးရာ လက်ထောက်များ (Legislative Assistants)၊ စသဖြင့် အမှုထမ်းပေါင်း အနည်းဆုံး ၁၀ယောက် လောက်ရှိကြပါတယ်၊

မြန်မာနိုင်ငံမှာတော့ အင်မတန် ကြီးကျယ်ခန့်ငြားတဲ့ နေပြည်တော်က လွှတ်တော်အဆောက်အအုံကြီးများထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၆၆၄ ယောက်အတွက် ရုံးခန်းတွေ တစ်ခန်းမှ မရှိပါ၊ တကယ်တော့ လွှတ်တော်အဆောက်အအုံဟာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဒုတိယအိမ် (Second Home) ပါ၊ အမေရိကန် လွှတ်တော်အမတ်များဟာ တခါတရံ အစည်းအဝေးတွေများလွန်းတဲ့ အခါမျိုးမှာ သူတို့ရုံးခန်းတွေမှာပဲ ဖြစ်သလို အိပ်ပြီး ညတွေကို ဖြတ်သန်းကြပါတယ်၊ မြန်မာနိုင်ငံမှာတော့ လွှတ်တော်ကိုယ်စားလှယ်များဟာ ကိုယ်ပိုင်ရုံးခန်းမရှိရုံမက၊ လွှတ်တော်အဆောက်အအုံထဲမှာလဲ အစည်းအဝေးကာလကလွဲရင် နေခွင့်မရှိတာတွေ့ရပါတယ်၊ သူတို့တွေဟာ လွှတ်တော်အစည်းအဝေးကာလအတွင်း လွှတ်တော်ပါတ်ဝန်းကျင်က အဆောင်ပုံစံအဆောက်အအုံများမှာ တည်းခိုနေထိုင်ကြရပြီး အစည်းအဝေးရှိရာ လွှတ်တော်အဆောက်အအုံကို သတ်မှတ်ထားတဲ့ ကားတွေနဲ့ စံနစ်တကျသွားရပါတယ်၊ အဆောင်ကျောင်းသားလေးတွေ ကျောင်းတက်သလိုပါပဲ၊ လုံခြုံရေးတွေ အဆင့်ဆင့်တင်းကြပ်ထားတာကို ဖြတ်သန်း၊ အစည်းအဝေးတက်၊ စားသောက်ချိန်မှာ သတ်မှတ်ထားတဲ့ စားသောက်ခန်းမမှာစား၊ အစည်းအဝေးပြီး သတ်မှတ်ထားတဲ့ ကားများနဲ့ သက်ဆိုင်ရာအဆောင်ကို ပြန်ကြရတာပါ၊ ပြီးတော့ ဥပဒေပြုရေးကိစ္စတွေကို အထောက်အကူပြုဝန်ထမ်းတွေမရှိပဲ ကိုယ်တိုင် အစအဆုံးလုပ်ကြရတာပါ၊ ပုဒ်မ ၅၅ (ဂ) မှာ "လွှတ်တော်အစည်းအဝေးကျင်းပချိန်၌ ဖြစ်စေ၊ အစည်းအဝေးကျင်းပချိန်ပြင်ပ၌ ဖြစ်စေ ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရှိပဲ သတ်မှတ်ထားသော လွှတ်တော်ပရဝဏ်အတွင်း ညဥ့်အိပ်ညဥ့်နေ မပြုရ" လို့ပြဋ္ဌန်းထားပြီး အဲဒီ ပြဋ္ဌန်းချက်ကို ဖောက်ဖျက်ရင် ပုဒ်မ ၅၅ အရ "တစ်နှစ်ထက်မပိုသော ထောင်ဒါဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက်မပိုသော ငွေဒါဏ်ဖြစ်စေ၊ ဒါဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်" လို့ဆိုထားပါတယ်၊

ဒီဥပဒေရဲ့ ပုဒ်မ ၁၁ မှာ "လွှတ်တော်ကိုယ်စားလှယ်များသည် အောက်ပါကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာရမည်" လို့ စည်းကမ်းချက် ၆ ချက်ပြဋ္ဌန်းထားပြီး အဲဒီ စည်းကမ်းချက် ၆ ချက်ထဲမှာ (ဃ) "လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ပြုမူပြောဆိုနေထိုင်ရေး" ဆိုတာပါဝင်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များကို ဂုဏ်သိက္ခာရှိဖို့အတွက် လွှတ်တော်ကိုယ်တိုင်က လိုအပ်တဲ့ အဆောင်အယောင်တွေ ပံ့ပိုးပေးရမှာပါ၊ အဲဒီ အဆောင်အယောင်ထဲမှာ လွှတ်တော်အဆောက်အအုံထဲ သီးခြား ကိုယ်ပိုင်ရုံးခန်း နဲ့ အထောက်အကူပြုဝန်ထမ်းတွေ ရှိရေးက မရှိမဖြစ်လိုအပ်ချက်ပါ၊ လွှတ်တော်ကိုယ်စားလှယ်တချို့က နန်းတော်တမျှ ကြီးမားခန့်ညားတဲ့ စံအိမ်ကြီးတွေမှာ အချွေအရံတွေ နဲ့ ဇိမ်ကျအပန်းဖြေနေကြချိန်၊ လိုအပ်တဲ့ ဥပဒေရေးရာကိစ္စတွေကို လက်ထောက်တွေ၊ တပြည့်တပန်းတွေကို လက်ညှိုးထိုးခိုင်းစေနေကြချိန်မှာ အဆောင်ပုံစံအိမ်ကလေးများမှာ နေရပြီး နေ့စဉ်လွှတ်တော်အစည်းအဝေးကို ကျောင်းသားလေးတွေလို စုပေါင်းပြီး ကားနဲ့လာကြရတဲ့ ၊လွှတ်တော်ပရဝုဏ်ထဲမှာ အစည်းအဝေးပြင်ပအချိန်မှာ နေခွင့်မရတဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ အများကြီးရှိနေတာဟာ ဒီပုဒ်မ (ဃ) ကို လွှတ်တော်ခေါင်းဆောင်များကိုယ်တိုင်က ချိုးဖောက်နေသလိုထင်ရပါတယ်၊

ဆက်ရေးပါဦးမယ်၊

လေးစားစွာ၊ အောင်ဒင်
ဖေဖော်ဝါရီ ၈၊ ၂၀၁၃
 


Tuesday, February 19, 2013

Burma's Parliament Watch Part 9

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၃၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်

အပိုင်း (၉) သမ္မတ လက်မှတ်မထိုးတဲ့ ဥပဒေများ

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၆ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကနေ ဥပဒေ အမှတ် (၂၃)၊ “၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ” နဲ့ ဥပဒေအမှတ် (၂၄) “၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ” များကို ပြင်ဆင်ပြဌန်းခဲ့ပါတယ်၊ ဒီဥပဒေတွေနဲ့ အတူ နအဖ လက်ထက်က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၀ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ နဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ တွေကို ရုတ်သိမ်းခဲ့ပါတယ်၊ ထူးခြားတာက ဒီဥပဒေ နှစ်ရပ်ကို ထုတ်ပြန်ကြေညာရာမှာ နိုင်ငံတော် သမ္မတ ရဲ့ လက်မှတ်မပါတာပါပဲ၊ ဒီဥပဒေ နှစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ၂၀၁၂ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ သမ္မတထံ လက်မှတ်ရေးထိုးအတည်ပြုဖို့ ပေးပို့ခဲ့ပါတယ်၊ သမ္မတ က လက်မှတ်ထိုးရန် ငြင်းဆန်ပြီး သူ့ရဲ့ သဘောထားမှတ်ချက်၊ ပြင်ဆင်ရန် ၁၀ ချက် နဲ့ လွှတ်တော်ကို ဒီဥပဒေ နှစ်ရပ်ကို ပြန်လည် စဉ်းစားဖို့ ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ပြန်လည်ပေးပို့ခဲ့ပါတယ်၊ အဲဒီလိုနဲ့ ၈ လကြာခဲ့ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၃ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတ တင်ပြတဲ့ ပြင်ဆင်ချက် ၁၀ ချက်ထဲက ၂ ချက်ထဲကိုသာ သမ္မတ အဆိုပြုသလို ပြင်ဆင်ပြီး အတည်ပြုထားတဲ့ ဥပဒေ နှစ်ရပ်ကို သမ္မတ လက်မှတ်ထိုးဖို့ ထပ်မံပေးပို့ပါတယ်၊ ဒီတကြိမ်မှာလဲ သမ္မတက လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ပါတယ်၊ ဒါပေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၆၊ ပုဒ်မခွဲ (ဂ) အရ ဒီဥပဒေကြမ်းနှစ်ခုဟာ သမ္မတ လက်မှတ်မထိုးပေမည့် သတ်မှတ်ကာလ ၇ ရက်အတွင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှာ တရားဝင် ဥပဒေ ဖြစ်လာပါတယ်။

အာဏာ နှစ်ခု အားပြိုင်မှု
ဒီဖြစ်ရပ်ကို ကြည့်ရင် သမ္မတ နဲ့ လွှတ်တော်ကြား သဘောထားကွဲလွဲမှု ရှိတာ အထင်အရှားပါပဲ၊ အမေရိကန် ပြည်ထောင်စုမှာလဲ ကွန်ဂရက်လွှတ်တော် နဲ့ သမ္မတ အိမ်ဖြူတော်အကြား သဘောထားကွဲလွဲမှုတွေ မကြာခဏ ဖြစ်ပေါ်အားပြိုင်နေကြတာပါ၊ ဒါပေမည့် အမေရိကန် ပြည်ထောင်စုမှာက လွှတ်တော် နဲ့ အိမ်ဖြူတော်ကို မတူတဲ့ ပါတီ နှစ်ခုက သီးခြားစီ အုပ်စိုးထားလို့သာ အားပြိုင်ကြ၊ သဘောထားကွဲကြတာပါ၊ ၂၀၁၃ ခုနှစ်မှာ အောက်လွှတ်တော် ကို ရီပါတ်ဘလီကန် ပါတီက လူများစု နဲ့ ဦးဆောင်၊ အထက်လွှတ်တော်မှာ ဒီမိုကရက်တစ် ပါတီက အများစုနဲ့ ဦးဆောင်ပြီး အိမ်ဖြူတော်မှာတော့ ဒီမိုကရက်တစ်ပါတီက သမ္မတ အိုဘားမားက ဦးဆောင်နေတာမို့ လွှတ်တော် နဲ့ အစိုးရ အာဏာနှစ်ရပ်ကြား အားပြိုင်မှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေတာ သဘာဝ ကျတယ်ဆိုရမှာပါ၊ မြန်မာနိုင်ငံမှာကျတော့ သမ္မတ နဲ့ လွှတ်တော် အများစုပါတီ ဟာ တစ်ပါတီထဲ၊ တစ်အုပ်စု ထဲက ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို စိတ်တိုင်းကျ အတူတကွ ရေးဆွဲခဲ့ကြသူတွေမို့လို့ သူတို့ရဲ့ သဘောထားကွဲလွဲမှုဟာ အထူးပဲ စိတ်ဝင်စား စရာ ကောင်းလှပါတယ်၊

အမေရိကန်တို့ ဥပဒေပြုခြင်း
ဥပဒေ ကိုအတည်ပြုခြင်းနဲ့ပါတ်သက်ပြီး အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌန်းထားတာက နိုင်ငံတော် သမ္မတဟာ လွှတ်တော်က အများစုထောက်ခံမဲ နဲ့ အတည်ပြုပြီး လက်မှတ်ထိုးဖို့ ပေးပို့လာတဲ့ ဥပဒေ ကို (၁) လက်မှတ်ထိုးပြီး အတည်ပြု ပြန်ဌန်းနိုင်ပါတယ်၊ (၂) ဗီတိုအာဏာနဲ့ ပယ်ချပြီး ကွန်ဂရက်လွှတ်တော်ကို ဒီဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ အကြံပြုချက်တွေနဲ့ ပြန်လည်ပေးပို့နိုင်ပါတယ်၊ (၃) ဘာမှမလုပ်ပဲ၊ လက်မှတ်မထိုးပဲ နေလို့ရပါတယ်၊ ဒါပေမည့် အဲဒီအချိန်ဟာ ကွန်ဂရက်လွှတ်တော် အစည်းအဝေးသက်တမ်းကာလ ဖြစ်တယ်ဆိုရင် အဲဒီဥပဒေဟာ သမ္မတဆီ တင်ပြပြီး ၁၀ ရက်အတွင်းမှာ သမ္မတ လက်မှတ်မထိုးပေမည့် တရားဝင် ဥပဒေ အဖြစ်အတည်ဖြစ်လာပါတယ်၊ (၄) တကယ်လို့ အဲဒီ ဥပဒေ သမ္မတထံ တင်သွင်းတဲ့အချိန်မှာ ကွန်ဂရက်လွှတ်တော်အစည်းအဝေးများနားတဲ့ ကာလဖြစ်တယ် ဆိုရင်တော့ သမ္မတက လက်မှတ်မထိုးရင် အဲဒီ ဥပဒေဟာ အတည်မဖြစ်တော့ပါ၊ သမ္မတက ဗီတိုအာဏာနဲ့ ပယ်ချခဲ့ရင် လွှတ်တော်နှစ်ရပ်မှာ ပြန်လည်မဲခွဲပြီး လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ သုံးပုံ နှစ်ပုံ ထောက်ခံမဲရရင် သမ္မတရဲ့ ဗီတိုအာဏာပျက်ပြယ်ပြီး ဥပဒေအတည် ဖြစ်လာပါတယ်၊

ဥပဒေပြုသူများထံ ရောက်ရှိခြင်း
အမေရိကန် မှာတော့ ဒီလို လွှတ်တော် နဲ့ သမ္မတ ကြား အားပြိုင်မှုတွေဟာ အစဉ်အလာတစ်ရပ်ဖြစ်ပြီး ဒီမိုကရေစီစံနစ်ရဲ့ အားကောင်းကြံ့ခိုင်တဲ့ အသက်ရှူသံလဲ ဖြစ်ပါတယ်၊ အဲဒီလို အာဏာယန္တယားနှစ်ခုကြား သဘောထားကွဲလွဲလေ၊ တိုင်းပြည်ရဲ့ စတုတ္ထ မဏ္ဏိုင် နဲ့ ပဉ္စမ မဏ္ဏိုင်များဖြစ်ကြတဲ့ သတင်းမီဒီယာ နဲ့ လူထုအဖွဲ့အစည်းများ ပါဝင်ပါတ်သက်ခွင့်ပိုရလေပါပဲ၊

အမေရိကန် သမ္မတ တင်တဲ့ အဆိုပြုချက်တစ်ရပ်၊ ဥပဒေကြမ်း တစ်ခုကို လွှတ်တော်မှာ ကန့်ကွက်သူတွေ များတဲ့အခါမျိုးမှာ၊ ဒါမှမဟုတ် သမ္မတ မနှစ်သက်တဲ့ ဥပဒေကြမ်းတစ်ခုက လွှတ်တော်ထဲမှာ ထောက်ခံသူတွေ များနေတဲ့ အချိန်မျိုးမှာ သမ္မတက လွှတ်တော်ကို သဝဏ်လွှာပို့ပြီး ကန့်ကွက်တာတို့၊ သတင်းစာမှာ ကြေညာချက်ထည့်တာတို့လုပ်ရုံလောက်နဲ့ သူမလိုချင်တဲ့ ဥပဒေကို မတားဆီးနိုင်သလို သူလိုချင်တဲ့ ဥပဒေ ကိုလဲ မဖန်တီးနိုင်ပါဘူး၊ ဥပဒေပြုအာဏာဟာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လက်ထဲမှာပဲ ရှိတာမို့ သမ္မတအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များထံ ရောက်ရှိစည်းရုံးနိုင်ဖို့ အင်မတန်အရေးကြီးပါတယ်၊
အမေရိကန်သမ္မတရဲ့ အိမ်ဖြူတော်မှာ ကွန်ဂရက်လွှတ်တော်ဆက်ဆံရေးဌာန (Congressional Liaison Office) ဆိုတာ ရှိပါတယ်၊ အဲဒီ ဌာန ကို ကွန်ဂရက်လွှတ်တော်ရေးရာ ကျွမ်းကျင်သူများ၊ ကွန်ဂရက်လွှတ်တော်မှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ အရာရှိဟောင်းများ နဲ့ ဖွဲ့စည်းထားပြီး သူတို့က သမ္မတ ဥပဒေရေးရာ ရည်မှန်းချက် (Legislative Agendas) တွေ ဥပဒေဖြစ်လာအောင် ကွန်ဂရက်လွှတ်တော်အမတ်များထံ ချဉ်းကပ်စည်းရုံးရပါတယ်၊ သူတို့ဟာ ရီပါတ်ဘလီကန် နဲ့ ဒီမိုကရက်တစ် ပါတီကြီးနှစ်ရပ်စလုံးက လွှတ်တော်ခေါင်းဆောင်များ၊ လွှတ်တော်ကော်မီတီဥက္ကဌများ၊ အရေးပါသူများ နဲ့ ရင်းနှီးကျွမ်းဝင်ရပြီး အဲဒီ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အားသာချက်၊ အားနဲချက်၊ အကြိုက်၊ စတာတွေကို အသေးစိတ် လေ့လာထားကြသူတွေပါ၊ သမ္မတ ရဲ့ ညွှန်ကြားချက်နဲ့ သူတို့က လွှတ်တော်ကိုယ်စားလှယ်များကို သီးခြားစီ ချဉ်းကပ်ပြီး သမ္မတ ရဲ့ အဆိုပြုချက်ကို ထောက်ခံဖို့ စည်းရုံးကြပါတယ်၊ တချို့လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ စည်းရုံးရုံနဲ့ အောင်မြင်ပြီး တချို့ကျတော့ ခက်ခဲတတ်ကြပါတယ်၊ အဲဒီလို ခက်ခဲသူတွေကိုတော့ ကွန်ဂရက်လွှတ်တော်မှာ မဲခွဲဖို့ နီးကပ်နေတဲ့အချိန်၊ သူတို့မဲကလဲ သမ္မတ အဆိုပြုချက်အောင်မြင်ရေးအတွက် အရေးတကြီးလိုအပ်နေပြီ ဆိုရင်ဖြင့် သမ္မတ ကိုယ်တိုင်က ဖုန်းဆက်ပြီး တိုက်ရိုက်ဆက်သွယ် စည်းရုံးပါတော့တယ်၊ ဒီမှာလဲ သူတို့ရဲ့ မဲရဖို့အရေးကြီးနေချိန်မှာ အပေးအယူလုပ်ရတာပါပဲ၊ သမ္မတ ရဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးနေရာ ပေးဖို့ ကမ်းလှမ်းရတာ တို့၊ အဲဒီ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ရန်ပုံငွေရှာဖွေပွဲမှာ သမ္မတ တက်ရောက်ပြီး စကားပြောဖို့ သဘောတူရတာတို့၊ အရေးကြီးနိုင်ငံတခုခုမှာ သံအမတ် ရာထူးပေးဖို့တို့၊ စသဖြင့်ပေါ့၊

လူထုအားလဲ လိုအပ်ပါသည်၊
အင်မတန်အရေးကြီးတဲ့ အရေးကိစ္စများမှာတော့ သမ္မတ ရုံးအဖွဲ့ရဲ့ အားနဲ့ တင်မလုံလောက်တော့ပါ၊ မီဒီယာ နဲ့ လူထုရဲ့ ပါဝင်ပါတ်သက်မှုလိုပါတယ်၊ အခု အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံတဝှမ်းအရေးတကြီး ဆွေးနွေးနေကြပြီး သမ္မတ နဲ့ လွှတ်တော်အကြား အားပြိုင်နေတဲ့ အဓိက ပြဿနာကြီး သုံးခုရှိပါတယ်၊ အဲဒါတွေက (၁) လက်နက်ကိုင်ဆောင်မှု ထိန်းချုပ်ရေး (Gun Control)၊ (၂) ပြည်ပမှ တရားမဝင် ဝင်ရောက်နေထိုင်သူများကိစ္စ (Illegal Immigrants) နဲ့ (၃) အစိုးရ၏ ငွေချေးခွင့် ပမာဏတိုးမြှင့်ရေး (Debt Ceiling) တို့ ဖြစ်ကြပါတယ်၊ 

အမေရိကန်မှာ သေနတ်တွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်၊ သာမန် ပစ္စတို လို လက်နက်ငယ်များကအစ ချေမှုန်းရေးရိုင်ဖယ် (Assault Rifle)လို၊ စက်သေနတ် (Machine Gun) လို လက်နက်ကြီးများအထိပါ၊ ဒီလို လက်နက်တွေ သွေးဆာနေတဲ့ အကြမ်းဖက်သမားတွေ၊ စိတ်မနှံ့တဲ့လူတွေ၊ ဆင်ခြင်တုံတရားကင်းမဲ့သူတွေ လက်ထဲရောက်သွားတဲ့အခါ အင်မတန် ကြောက်စရာ၊ ဝမ်းနည်းစရာကောင်းတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီးတွေ ဖြစ်ပွါးပြီး အပြစ်မဲ့ ပြည်သူတွေ၊ ကျောင်းသားလေးတွေ အသက်ဆုံးကြရတာပါ၊ ဒါကြောင့် သမ္မတ အိုဘားမား က လက်နက်ရောင်းဝယ်မှု၊ ပိုင်ဆိုင်မှုကို ထိန်းချုပ်ဖို့ ဥပဒေတစ်ရပ် ပြဌန်းနိုင်ဖို့ကို သူ့ ဒုတိယသက်တမ်းရဲ့ ဦးစားပေးလုပ်ငန်းတရပ်အဖြစ် ကြိုးစားနေပါတယ်၊ ဒါပေမည့် သိပ်လွယ်တဲ့ ကိစ္စမဟုတ်ပါ၊ အမေရိကန်မှာ အမျိုးသား ရိုင်ဖယ်အသင်း (National Rifle Association/NRA) လို အားကောင်းတဲ့၊ လက်နက်ကိုင်ဆောင်မှုကို အစိုးရက ထိန်းချုပ်တာကို လက်မခံတဲ့ အဖွဲ့အစည်းကြီးတွေက ဒီဥပဒေဖြစ်လာရေးကို အပြင်းအထန် ကန့်ကွက်နေပါတယ်၊ အဲဒီ အဖွဲ့တွေဟာ ရီပါတ်ဘလီကန်ပါတီ ရဲ့ အခိုင်အမာမဟာမိတ်များ ဖြစ်ကြတာမို့၊ ရီပါတ်ဘလီကန်ပါတီ ကိုယ်တိုင်က လက်နက်ပိုင်ဆိုင်ခွင့်ဟာ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ မရှိမဖြစ်လိုအပ်တယ်လို့ ယုံကြည်ရပ်တည်တာမို့ ဒီဥပဒေ ဖြစ်ပေါ်လာရေးဟာ ခရီးကြမ်းကြီးကို ဖြတ်သန်းရမှာပါ၊

အမေရိကန်ပြည်ထောင်စုကို တရားမဝင် ဝင်ရောက်နေထိုင်ကြသူတွေကလဲ သန်းပေါင်း ၂၀ ကျော်ပြီလို့ သိရပါတယ်၊ ဒီပုဂ္ဂိုလ်တွေဟာ အများစုက မက္ကစီကို အပါအဝင် လက်တင်အမေရိက၊ စပိန်စကားပြောနိုင်ငံများက ရောက်ရှိလာကြပြီး ပင်ပန်းဆင်းရဲ ကြမ်းတမ်းတဲ့အလုပ်တွေကို လစာနည်းနည်း နဲ့ လုပ်နေကြရတာပါ၊ အမေရိကန်မှာ တရားဝင်နေထိုင်သူများမှာလဲ စပိန်စကားပြောသူများက အတော်များတာမို့ စပိန်စကားဟာ အမေရိကန်မှာ ဒုတိယဘာသာစကား ဖြစ်နေတဲ့အပြင် သူတို့ရဲ့ မဲဆန္ဒ ဟာလဲ သမ္မတ ရွေးကောက်ပွဲ နဲ့ လွှတ်တော်ရွေးကောက်ပွဲတွေမှာ အရေးကြီးတဲ့ မဲတွေ ဖြစ်လာပါတယ်၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ စပိန်စကားပြောပြည်သူများရဲ့ မဲအများစု (၈၀%) ကို အိုဘားမား ရခဲ့တယ်လို့ စစ်တမ်းများအရ သိရပါတယ်၊ အိုဘားမား ကလဲ ရွေးကောက်ပွဲကာလ မဲဆွယ် စည်းရုံးစဉ်မှာ တရားမဝင် နေထိုင်သူများ တရားဝင်နေထိုင်ခွင့်ရရှိရေး သူဦးစားပေးဆောင်ရွက်မယ်လို့ ကတိပေးခဲ့ပါတယ်၊ ဒါကြောင့်လဲ ဒီတရားမဝင်နေထိုင်သူများ တရားဝင် ပြီး အခွန်ထမ်းတဲ့လူတွေ ဖြစ်လာဖို့ ဥပဒေတရပ်ပြဌန်းရေးကို ကြိုးစားနေပါတယ်၊ ဒီနေရာမှာ ရီပါတ်ဘလီကန်ပါတီ ကလဲ နောက်ရွေးကောက်ပွဲတွေမှာ စပိန်စကားပြောသူများရဲ့ မဲတွေကို စည်းရုံးနိုင်ဖို့အတွက် အိုဘားမားလိုပဲ တရားမဝင် နေထိုင်သူတွေကို တရားဝင်နေထိုင်ခွင့်ပေးဖို့ သဘောထားရှိပါတယ်၊ ဒါပေမည့် သူတို့က အိုဘာမား ကို အမျိုးသားလုံခြုံရေးနဲ့ ပါတ်သက်ရင် အားနည်းသူလို့ သတ်မှတ်ထားပါတယ်၊ အမေရိကန်နိုင်ငံတွင်းမှာ ဒီလောက်များတဲ့လူတွေ တရားမဝင် ဝင်ရောက်နေထိုင်နိုင်တာ အိုဘားမားအစိုးရက နယ်စပ်ကို လုံခြုံအောင် မကာကွယ်နိုင်လို့ လို့ ပြစ်တင်ကြပြီး နယ်စပ်လုံခြုံရေးအတွက် ဘတ်ဂျက်တိုးမြှင့်ရေး ၊ နယ်နမိတ် ခြံစည်းရိုးခတ်ရေး ကိုပါ ဥပဒေကြမ်းထဲ ထည့်သွင်းချင်ကြပါတယ်၊ ဒီလိုနဲ့ ဒီဥပဒေ ဟာလဲ လွယ်လွယ်ကူကူနဲ့ ဖြစ်ပေါ်လာဖို့ မရှိပါဘူး၊

အစိုးရရဲ့ ငွေချေးခွင့် (Debt Ceiling ) ကန့်သတ်ချက်ကို တိုးမြှင့်ရေးဟာလဲ အင်မတန်အရေးကြီးတဲ့ ပြဿနာကြီးပါ၊ အစိုးရရဲ့ ငွေချေးခွင့် ဆိုတာ နိုင်ငံတော်ရဲ့ ဘတ်ဂျက်၊ ဝင်ငွေ၊ ထွက်ငွေ စာရင်း မှာ ဝင်ငွေက ထွက်ငွေထက် အဆမတန် နည်းနေတဲ့ အခါ (Budget Deficit) ကွန်ဂရက်လွှတ်တော်က အစိုးရကို ငွေစက္ကူများ၊ အစိုးရငွေချေးစာချုပ်များကို တစ်နှစ်ကို ဘယ်လောက် ဆိုပြီး အကန့်အသတ်နဲ့ ရိုက်နှိပ်ထုတ်ဝေခွင့် ပြုတာပါ၊ အစိုးရက အစိုးရအဖွဲ့အသုံးစားရိတ်များ၊ နိုင်ငံ့ဝန်ထမ်းလခများ၊ပြည်ပထောက်ပံ့ငွေများ၊ နိုင်ငံတကာအဖွဲ့အစည်းများတွင် ထည့်ဝင်မှုများ အားလုံးကို ဒီ ငွေချေးခွင့်ပမာဏက ခွင့်ပြုသလောက် ရိုက်နှိပ်ထားတဲ့ ငွေစက္ကူများ၊ အာမခံငွေချေးစာချုပ်ရောင်းရငွေများနဲ့ ပေးဆပ်ရပါတယ်၊ သမ္မတ ဘွတ်ရှ် လက်ထက်ကစလို့ အိုဘားမား ပထမ လေးနှစ်သက်တမ်းတလျှောက်လုံးမှာ ဘတ်ဂျက်လိုငွေ ဆက်တိုက်ပြခဲ့လို့ အဲဒီ ခွင့်ပြုထားတဲ့ ပမာဏ က အခုအချိန်မှာ ဘယ်လိုမှ မလောက်ငှတော့ပါဘူး၊ ဒါကြောင့် အစိုးရရဲ့ ငွေချေးခွင့်ပမာဏာကို တိုးမြှင့်ပေးဖို့ အိုဘားမား က လွှတ်တော်ကို တောင်းဆိုထားပါတယ်၊ ရီပါတ်ဘလီကန်ပါတီ လွှမ်းမိုးထားတဲ့ အောက်လွှတ်တော်က လဲ ဒီပမာဏကို တိုးမြှင့်ရင် ငွေဖောင်းပွမှုတွေ၊ ဒေါ်လာတန်ဘိုးကျဆင်းမှုတွေဖြစ်ပြီး စီးပွါးရေးကို ပိုမို ထိခိုက်မှာမို့ သမ္မတကို အစိုးရ အသုံးစားရိတ်တွေ လျှော့ချဖို့ ပြန်ပြီးတိုက်တွန်းပါတယ်၊ ဒီပြဿနာဟာလဲ အလွယ်တကူပြီးသွားမှာ မဟုတ်ပါဘူး၊

အဲဒီလို ကြီးမားတဲ့ အကြပ်အတည်းတွေနဲ့ တွေ့တဲ့အချိန်၊ ကွန်ဂရက်လွှတ်တော်နဲ့ အကြိတ်အနယ် အားပြိုင်ရတဲ့ အချိန်မှာ အမေရိကန်သမ္မတတွေ လုပ်လေ့လုပ်ထ ရှိတာကတော့ လူထုကြားထဲဆင်းပြီး လူထုရဲ့ထောက်ခံမှုကို တောင်းဆိုတာပါပဲ၊ တနည်းအားဖြင့် လွှတ်တော်ကို မဲဆန္ဒရှင်များနဲ့ လှည့်တိုက်ပေးတာပါပဲ၊ သမ္မတ က လူထုက ရွေးကောက်တင်မြှောက်သူ ဖြစ်သလို၊ လွှတ်တော်ကိုယ်စားလှယ်တွေကလဲ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများက မဲဆန္ဒရှင်များက ရွေးချယ်တင်မြှောက်ထားတာပါ၊ သူတို့အားလုံး လူထုကို တာဝန်ခံရတာပါ၊ ဒီတော့ အိုဘားမား ဆိုရင် လူထုအခြေပြုအဖွဲ့အစည်းတွေကို အိမ်ဖြူတော်ကို ဖိတ်ပြီး ဒီအရေးကြီး ကိစ္စတွေကို တင်ပြတယ်၊ လူထုအဖွဲ့အစည်းများရဲ့ အသံကို နားထောင်တယ်၊ အကြံတောင်းတယ်၊ ပြီးတော့ ဒီလူထုအဖွဲ့အစည်းတွေကို သက်ဆိုင်ရာ လွှတ်တော်အမတ်များကို ဆက်လက် ဖိအားပေးဖို့ တောင်းဆိုတယ်၊ ပညာရှင်တွေကို သတင်းစာတွေမှာ ဆောင်းပါးတွေရေးပြီး ကွန်ဂရက်အမတ်တွေကို ဖိအားပေးစေတယ်၊
သူကိုယ်တိုင်လဲ မဲရဖို့ အရေးကြီးတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မဲဆန္ဒနယ်တွေ ကို ရောက်အောင်သွားပြီး၊ မဲဆန္ဒရှင်တွေကို သူ့အဆိုပြုချက်ကို ရှင်းပြတယ်၊ သူတို့ရဲ့ ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ကို ဖိအားပေးဖို့တောင်းဆိုတယ်၊ ဒီလိုနဲ့ လွှတ်တော်နဲ့ အစိုးရရဲ့ ဥပဒေရေးရာ အားပြိုင်မှုမှာ လူထုဟာ အရေးပါတဲ့ အဆုံးအဖြတ်ပေးသူတွေ ဖြစ်လာပါတော့တယ်၊

မြန်မာ့နည်း မြန်မာ့ဟန် ဥပဒေပြုခြင်း
မြန်မာနိုင်ငံမှာတော့သမ္မတနဲ့လွှတ်တော်အားပြိုင်မှုမှာသမ္မတကလဲသဝဏ်လွှာပို့၊ ကြေညာချက်ထုတ်တာကလွဲရင်လွှတ်တော်ကိုယ်စားလှယ်များကိုတိုက်ရိုက်ချဉ်းကပ်စည်းရုံးတာ၊ ပညာရှင်တွေနဲ့လူထုအားကိုယူတာ နည်းသေးတယ်လို့ မြင်မိပါတယ်။ (သိပ်မကြာခင်ကလေးကတော့ အရပ်ဘက်အဖွဲ့အစည်းတွေကို ဖိတ်ကြားပြီး သမ္မတက ဆွေးနွေးပြောဆိုတယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။ သို့ပေမယ့် အစိုးရမကြိုက်တာတွေကို ပြောနိုင်တယ်လို့ ယူဆသူတွေကို စကားပြောခွင့်မပေးခဲ့ဘူးဆိုတဲ့ မကျေမနပ် ဝေဖန်သံတချို့လည်း ထွက်ပေါ်ခဲ့တာ သတိထားမိပါတယ်။) လွှတ်တော်ကလဲ ဥပဒေတွေ ရေးဆွဲပြဌန်းရာမှာ လူထုအသံနားထောင်တာ၊ မဲဆန္ဒရှင်တွေကို ရှင်းပြတာမျိုး မတွေ့ရသေးပါဘူး၊ တကယ်တော့ ဥပဒေတစ်ရပ် ပြဌန်းအတည်ပြုတယ်ဆိုတာ တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ ကိစ္စပါ၊ ဥပဒေတစ်ခု ပြဌန်းအတည်ပြုပြီးတာနဲ့ ပြန်ဖျက်ဖို့ အင်မတန် ခက်တဲ့အပြင် အဲဒီ ဥပဒေကို တစ်နိုင်ငံလုံးက လေးစားလိုက်နာရတာပါ၊ ဒါကြောင့်မို့ မပြည့်စုံတဲ့၊ မလိုအပ်တဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ မညီညွတ်တဲ့၊ လူထုအကျိုးစီးပွါးနဲ့ ဆန့်ကျင်တဲ့၊အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာများကို စွက်ဖက်တဲ့ ဥပဒေတွေ မပြဌန်း၊ အတည်မပြုကြဖို့ လွှတ်တော် ရော၊ သမ္မတရော ပိုပြီး အားစိုက်ထုတ်ဖို့လိုပါတယ်၊ ဥပဒေပြုရေးလုပ်ငန်းစဉ်မှာ လူထုရဲ့ ပါဝင်ပါတ်သက်ခွင့်ကိုလဲ တိုးမြှင့်ပေးဖို့လိုပါတယ်၊

အောင်ဒင်
ဇန်နဝါရီ ၃၀၊ ၂၀၁၃
 


Wednesday, February 13, 2013

Burma's Parliament Watch Part 8

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၂၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၃၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်

အပိုင်း (၈) လွှတ်တော် နှင့် လွတ်လပ်သော တရားစီရင်ရေး

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစံနစ်ဟာ မဆလအစိုးရလက်ထက်က စလို့ စစ်အစိုးရအဆက်ဆက်တိုင်အောင် အုပ်ချုပ်ရေး ယန္တရား ရဲ့ လက်အောက်ခံအဖွဲ့အစည်းတစ်ခုလို၊ အာဏာရှင်အစိုးရရဲ့ ဖိနှိပ်ရေး လက်နက် တစ်ခုလို ရပ်တည်ခဲ့ရတာပါ၊ တရားသူကြီးအများစုဟာ မိမိရဲ့ ဆင်ခြင်သုံးသပ်မှု နဲ့ ဥပဒေနဲ့အညီ စီရင်ချက်ချရဲတဲ့ သတ္တိတွေ နည်းပါးခဲ့ပြီး ထောက်လှမ်းရေး က ညွှန်ကြားတဲ့ ဆုံးဖြတ်ချက်ကိုသာ အသံထွက်ဖတ်ပြခဲ့ကြရတာပါ၊ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပေါက်ရောက်တဲ့ ချမ်းသာ ကြွယ်ဝ ပြီး မတရားလုပ်ရဲသူများ ဘက်က ရပ်တည်ခဲ့ကြရတာပါ၊ ၎င်းတို့ ရာထူးအာဏာတည်မြဲရေးအတွက် အာဏာရှင်ရဲ့ မျက်နှာသာပေးမှုကို ခံယူရမှ ဖြစ်မှာပါ၊ အဲဒီလို ဆယ်စုနှစ်ပေါင်းများစွာ ပျက်စီးခဲ့၊ ဖျက်ဆီးခံခဲ့ရတဲ့ တရားစီရင်ရေး စံနစ်ကြီးကို လွတ်လပ် သန့်ရှင်းတဲ့ တရားစီရင်ရေး စံနစ်ဖြစ်လာအောင် ပြောင်းလဲဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါလိမ့်မယ်၊  
ဒါပေမည့်လဲ တရားမျှတမှုဆိုတာ လူ့အဖွဲ့အစည်း တည်တန့်ခိုင်မြဲရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်လို့ ဘယ်လောက်ပဲ ခက်ခဲပစေ ကျနော်တို့ ကြိုးစားပြောင်းလဲကြရမှာပါ၊ နည်းလမ်းမှန်ဖို့တော့လိုပါလိမ့်မယ်၊ 

တရားစီရင်ရေးစံနစ်ကို ပြုပြင်ပြောင်းလဲဖို့ဆိုပြီး တရားသူကြီးတွေကိုပဲ ရွေးချယ်ပြီး အပြစ်တင် ပညာပေးနေလို့ မလုံလောက်ပါဘူး၊ လွတ်လပ်သော တရားစီရင်ရေး နဲ့ တရားဥပဒေစိုးမိုးရေးမှာ အနည်းဆုံး (၁) နိုင်ငံအတွင်း တရားဝင်တည်ရှိနေသော ဥပဒေများ၊ (၂) ဥပဒေကို အားဖြည့်သော ရဲ၊ အစိုးရရှေ့နေ၊ ထောက်လှမ်းရေးအဖွဲ့အစည်းများ၊ (၃) တရားရုံးများ နှင့် တရားသူကြီးများ၏ အရည်အချင်း၊ လစာနှင့် အခွင့်အရေးများ၊ (၄) တရားခံဘက်မှ ရပ်တည်သော ဥပဒေအကျိုးဆောင်များ၊ (၅) တရားခံ၏ အခွင့်အရေးနှင့် အယူခံပိုင်ခွင့်အဆင့်ဆင့် (၆) အကျဉ်းထောင်များ နှင့် အကျဉ်းသားများ၏အခွင့်အရေး၊  (၇) ပြည်သူလူထု၏ ဥပဒေပါ အခွင့်အရေးများ နှင့်၎င်းအခွင့်အရေးများအား နားလည်မှု၊ (၈) လူထုအခြေပြုအဖွဲ့အစည်းများနှင့် သတင်းမီဒီယာ များ၏ ပါဝင်ပါတ်သက်ခွင့်၊ စတဲ့အစိတ်အပိုင်းတွေ ပူးပေါင်းပါဝင်ကြပြီး အားလုံးကို တချိန်တည်းမှာ ပြောင်းလဲနိုင်ဖို့ ကြိုးစားကြရမှာပါ၊ ဒီလိုပြောင်းလဲရာမှာ ဥပဒေပြုလွှတ်တော်ဟာ အရေးပါတဲ့ အခန်းကဏ္ဏမှာရှိပါတယ်၊

တရားဥပဒေ စိုးမိုးရေးအတွက် လွှတ်တော်သို့ အကြံပြုချက်များ

(က) ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်ရဲ့ တခုသောအာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး အစိုးရအဖွဲ့၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တို့နဲ့ တန်းတူရည်တူအဖွဲ့အစည်းဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုဖို့လိုပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၁၁ (က) မှာလဲ "နိုင်ငံတော်အချုပ်အချာအာဏာ၏ ခက်မ သုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန်ထိန်းကျောင်းခြင်းတို့ ပြုသည်။" လို့ ပြဋ္ဌန်းထားပါတယ်၊ လွှတ်တော်ဟာ တရားစီရင်ရေး အာဏာရဲ့ အထက်မှာ မရှိပါ၊

(ခ) ဥပဒေတွေကို လူထုလေးစားလိုက်နာအောင် အကောင်အထည်ဖော်ရတဲ့ လုံခြုံရေးအဖွဲ့အစည်းများ (ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေး)၊ အစိုးရရှေ့နေများ၊ တရားသူကြီးများဟာ ဥပဒေကို ချိုးဖောက်တယ်လို့ စွတ်စွဲပြစ်တင်ရာမှာ၊ ဖမ်းဆီးရာမှာ၊ တရားစီရင်ရာမှာ တည်ဆဲဥပဒေများကို လက်ကိုင်ကျင့်သုံးရပါတယ်၊ တည်ဆဲဥပဒေ ကိုယ်နှိုက်က မတရား တဲ့ ဥပဒေ ဖြစ်နေရင် ဖမ်းဆီးမှု၊ စွဲချက်တင်မှု၊ ပြစ်ဒါဏ်ချမှုတွေဟာ တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်ရမှာ ဖြစ်လို့ နိုင်ငံသားတို့မျှော်လင့်တဲ့ တရားမျှတမှုကို မရရှိနိုင်ပါ၊ ဥပမာ အားဖြင့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ မိုးထိမိုးမိရွှေတွင်းများမှာ ခွင့်ပြုချက်မရပဲ ဆန္ဒပြလို့ ဖမ်းဆီးခံ၊ ပြစ်ဒါဏ်ချခံရတဲ့ ဆန္ဒပြ ပြည်သူတွေကို ကြည့်ပါ၊ လွှတ်တော်က ပြဋ္ဌန်းထားတဲ့ "ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ" ပုဒ်မ ၄ အရ ဆန္ဒပြမည့်သူများဟာ အနည်းဆုံး ၅ရက်ကြိုတင်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ဆန္ဒပြခွင့် လျှောက်ထားရမှာ ဖြစ်ပြီး ပုဒ်မ ၁၈ အရ မည်သူမဆိုခွင့်ပြုချက်မရပဲ ဆန္ဒပြရင် ထောင်ဒါဏ် တစ်နှစ် သို့မဟုတ် ဒါဏ်ငွေ ကျပ် သုံးသောင်း သို့မဟုတ် ထောင်ဒါဏ် နှင့် ငွေဒါဏ် နှစ်မျိုးစလုံး ကျခံရမည်လို့ ပြဋ္ဌန်းထားပါတယ်၊ ဒီဥပဒေအရ ရဲ က ခွင့်ပြုချက်မတောင်းပဲဆန္ဒပြသူများကို ဖမ်းဆီးပြီး အစိုးရရှေ့နေက စွဲချက်တင်တာ ဥပဒေနဲ့ အညီလုပ်တာပါ၊ တရားသူကြီးက ပြစ်ဒါဏ်ထင်ရှားလို့ အပြစ်ပေးတာလဲ ဥပဒေနဲ့ အညီပါပဲ၊ ဒါကို ကျနော်တို့က တရားဥပဒေ စိုးမိုးပြီဟေ့လို့ ဂုဏ်ယူဝမ်းမြောက်လို့ မရပါဘူး၊ ပြစ်ဒါဏ်ပေးခံရသူတွေကို ဥပဒေချိုးဖောက်ရကောင်းလားလို့ အပြစ်တင်လို့မရပါဘူး၊ ဥပဒေ ကိုယ်နှိုက်က မတရားတဲ့ ဥပဒေ၊ နိုင်ငံသားတို့ရဲ့ မွေးရာပါ လူ့အခွင့်အရေးကို ကန့်သတ်ချုပ်ချယ်ထားတဲ့ ဥပဒေ ဖြစ်နေလို့ ဒီဖြစ်စဉ်မှာ တရားမျှတမှုဆိုတာ မရှိပါ၊
ဗိုလ်ချုပ်ကြီး နေဝင်း ရဲ့ တော်လှန်ရေးကောင်စီ ခေတ်က စလို့ စစ်အစိုးရအဆက်ဆက် ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ချုပ်ချယ်ဟန့်တားဖို့၊ နိုင်ငံရေးအမြင်ကွဲလွဲသူတွေကို နှိပ်ကွပ်ဖို့ ဖန်တီးအသုံးချခဲ့တဲ့ ဥပဒေတွေ အများကြီးဟာ ဒီကနေ့အထိ အသက်ဝင်အသုံးချ နေဆဲပါ၊ ပြောင်းလဲလာပြီဆိုတဲ့ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌန်းတဲ့ ဥပဒေအသစ်တွေမှာတောင် လူထုရဲ့ အခွင့်အရေးကို ကန့်သတ်ချုပ်ချယ်ထားတာတွေ ပါနေဆဲပါ၊ ဒီ မတရားတဲ့ ဥပဒေတွေကို အသုံးချပြီး တရားဥပဒေစိုးမိုးရေးလို့ ကြွေးကြော်နေဖို့ မသင့်ပါ၊ တရားဥပဒေစိုးမိုးရေး နဲ့ လွတ်လပ်မျှတတဲ့ တရားစီရင်ရေး စံနစ်အတွက် ပြည်ထောင်စုလွှတ်တော်ဟာ မတရားတဲ့ ဥပဒေတွေ၊ အမိန့်ဒီကရီ တွေ ဖျက်သိမ်းရေး၊ ပြင်ဆင်ရေးကို ဦးစားပေး ဆောင်ရွက်သင့်ပါတယ်၊

(ဂ) ခေတ်အဆက်ဆက် ရဲ စတဲ့ လုံခြုံရေးတာဝန်ယူထားတဲ့ အဖွဲ့အစည်းများရဲ့ ဖမ်းဆီးထားသူများထံက ဝန်ခံချက် ရယူတဲ့ နည်းလမ်းက ညှင်းပန်းနှိပ်စက်တာပါပဲ၊ အစာမကျွေးတာ၊ ရေမတိုက်တာ၊ အိပ်ခွင့်အနားယူခွင့်မပေးတာ ကစလို့ ဆဲဆို ကြိမ်းမောင်း ခြိမ်းခြောက်တာ၊ ပြင်းပြင်းထန်ထန် ရိုက်နှက်တာ၊ စတဲ့ နည်းလမ်းတွေနဲ့ပဲ တရားခံကို ဖြောင့်ချက်ပေးစေတာပါ၊ လိုချင်တဲ့ ဖြောင့်ချက်မရမချင်း ၂၄ နာရီထက် ပိုပြီး ချုပ်နှောင်ထားတာ၊ တရားသူကြီး ရဲ့ခွင့်ပြုချက်နဲ့ ၁၄ ရက် ရမန် ကိုအထပ်ထပ်ယူပြီး မိသားစုနဲ့ တွေ့ခွင့်မပေးပဲ၊ ဥပဒေအကျိုးဆောင်ရှိခွင့်မပေးပဲ ညှင်းပန်းတာ၊ မိသားစုဝင်တွေကိုပါ ခြိမ်းချောက်အကြပ်ကိုင်တာတွေလဲ ရှိပါတယ်၊ အဲဒီ လုံခြုံရေးအဖွဲ့အစည်းများရဲ့ အရိုးစွဲနေတဲ့ အလေ့အကျင့် ကို ပြင်ဆင်ပေးဖို့ လွှတ်တော်မှာ တာဝန်ရှိပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံမှာလဲ ပုဒ်မ ၂၁ (ခ) မှာ "တရားရုံး၏ ခွင့်ပြုချက်မရရှိက နိုင်ငံသား တစ်ဦးကို ၂၄နာရီထက် ကျော်လွန်၍ချုပ်နှောင်ထားခွင့် မရှိစေရ၊" လို့ပြဋ္ဌန်းထားပေမည့် ဖမ်းဆီးစဉ်ကာလမှာ လုံခြုံရေးအဖွဲ့များရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများကို ပိတ်ပင်တားမြစ်တာ လုံးဝမတွေ့ရပါ၊ ပြည်ထောင်စု လွှတ်တော်က လုံခြုံရေးအဖွဲ့များကို ဖမ်းဆီးထားသူအား လူ့ဂုဏ်သိက္ခာနဲ့ အညီ ဆက်ဆံရန်၊ တရားရုံးမှ ပြစ်ဒါဏ်မချမချင်း အပြစ်မရှိသူအဖြစ် သတ်မှတ်ရန်နှင့် ညှင်းပန်းနှိပ်စက်မှုများဖြင့် စစ်ဆေးခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် ဥပဒေပြု တားဆီးသင့်ပါတယ်၊

(ဃ) ရှေ့မှာတင်ပြခဲ့သလိုပဲ လွှတ်တော်ဟာ သမ္မတ တင်သွင်းတဲ့ တရားသူကြီးလောင်းများကို စဉ်းစားတဲ့အခါမှာ သူတို့ရဲ့ အတိတ်က ဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းတွေ၊ ဆုံးဖြတ်ချက်တွေ၊ ဥပဒေရေးရာ သဘောထားတွေကို သေသေချာချာ စစ်ဆေးဖို့၊ လူထုအခြေပြုအဖွဲ့အစည်းများနဲ့ သတင်းမီဒီယာများရဲ့ သဘောထားကိုလဲ တောင်းခံပြီး ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်၊ သမ္မတ အဆိုပြုတဲ့လူဟာ အကောင်းဆုံး၊ အသန့်ရှင်းဆုံး ပုဂ္ဂိုလ်မဟုတ်ရင် ၊ လူထုက လက်ခံနိုင်တဲ့လူမဟုတ်ရင် ငြင်းပယ်ရဲဖို့လိုပါတယ်၊

(င) တရားရုံးများကို စံနစ်တကျ ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်အောင်၊တရားသူကြီးတွေ လာဘ်မစားအောင်၊ တရားရုံးဝန်ထမ်းတွေ လာဘ်မစားအောင် ခေတ်နဲ့ လျော်ညီတဲ့ လစာနှုံးထားနဲ့ ခံစားခွင့်တွေ ပေးနိုင်ဖို့  လွှတ်တော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ လက်အောက်ခံ တရားရုံးအဆင့်ဆင့်အတွက် လုံလောက်တဲ့ ဘတ်ဂျက် အသုံးစားရိတ်ကို ချမှတ်ပေးဖို့လိုပါတယ်၊ မြို့နယ်တရားရုံးတွေမှာ လက်နှိပ်စက်ကို တစ်လုံးစီပဲရပြီး အဲဒီလက်နှိပ်စက်ဟောင်းကြီးများဟာ သူ့အသက် (၆၇ နှစ်) ထက်တောင် အသက်ကြီး တယ်လို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မီတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကပြောတယ်ဆိုပြီး ဂျာနယ်သတင်းတွေမှာ ဖတ်လိုက်ရပါတယ်၊ တရားစီရင်ရေးစံနစ်ရဲ့ အားနည်းချက်တွေထဲမှာ တရားသူကြီး နဲ့တရားရုံးဝန်ထမ်း များ၊ အစိုးရရှေ့နေများမှာ ခေတ်ရဲ့ ကုန်ဈေးနှုံး နဲ့ လိုက်လျောညီထွေတဲ့ လစာမရတာ၊ တရားရုံးတွေကို စီမံခန့်ခွဲဖို့ လုံလောက်တဲ့ အသုံးစားရိတ်တွေ မရှိတာလဲ ပါဝင်ပါတယ်၊

(စ) သန့်ရှင်းမျှတမှုကို အလုပ်ကိုကြည့်ပြီး ဆုံးဖြတ်လို့ ရပေမည့် လုံလောက်တဲ့ ပညာအရည်အချင်း ရှိမရှိကိုတော့ တရားသူကြီးများ၊ ဥပဒေ အကျိုးဆောင်များ ရရှိထားတဲ့ ဘွဲ့၊ ဒီဂရီ တွေကို ကြည့်ပြီး ဆုံးဖြတ်ရတာပါ၊ ဒါကြောင့်မို့ မြန်မာနိုင်ငံ တက္ကသိုလ်များက ပေးအပ်တဲ့ ဥပဒေဘွဲ့များရဲ့ သင်ရိုးညွှန်းတမ်း နဲ့ အရည်အသွေးများကိုလဲ ပြန်လည် သုံးသပ်သင့်ပါတယ်၊ ဦးနေဝင်း ရဲ့ မဆလ တစ်ခေတ်လုံးမှာ ဥပဒေ ဘွဲ့ရများဟာ တရားရေးဝန်ထမ်း၊ ဥပဒေဝန်ထမ်း စတဲ့ ရာထူးတွေသာ ရရှိပြီး ကောင်စီအဆင့်ဆင့်က ဖွဲ့စည်းထားတဲ့ တရားသူကြီးအဖွဲ့များကို အကြံပေးတဲ့ အဆင့်မှာပဲ နေခဲ့ကြရတာပါ၊ ကိုယ်တိုင် တရားသူကြီး ဖြစ်ခွင့်မရှိခဲ့ကြပါ၊ မဆလ ခေတ်သင်ရိုးညွှန်းတမ်းကလဲ အဲဒီလို ဥပဒေပညာရှင်က တရားသူကြီးအဖွဲ့တွေကို အထောက်အကူပြုနိုင်ရုံ ရည်ရွယ်သင်ကြားခဲ့တာပါ၊ ဒါကြောင့် တက္ကသိုလ်ပညာရေးကို ပြုပြင်ပြောင်းလဲ ဖို့ကြိုးစားနေကြချိန်မှာ တက္ကသိုလ်များမှာ သင်ကြားတဲ့ ဥပဒေပညာရပ်များဟာ ပြည့်စုံလုံလောက်ဖို့၊ ခေတ်နဲ့ လျော်ညီဖို့၊ လွတ်လပ်မျှတတဲ့ တရားစီရင်ရေးစံနစ်ကို အထောက်အကူပြုဖို့၊ ဥပဒေပညာရှင်များရဲ့ စာရိတ္တ၊ တွေးခေါ်မှုနဲ့ ဆုံးဖြတ်မှုတွေကို မှန်ကန်ဖြောင့်မတ်စေဖို့၊ နိုင်ငံတကာ ဥပဒေများကို နှံ့စပ်ဖို့နဲ့ အမှန်တရားနဲ့ တရားဥပဒေ အတွက် ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ရပ်တည်ရဲ့မည့် ဥပဒေပညာရှင်များကို မွေးထုတ်နိုင်အောင် လွှတ်တော်က အားပေးကူညီ သင့်ပါတယ်၊

(ဆ) တရားရုံး နဲ့ အကျဉ်းထောင်ဆိုတာ အမြဲတွဲလျက်ရှိနေတဲ့ အဖွဲ့အစည်းနှစ်ခုဖြစ်ပါတယ်၊ တရားရုံးက အပြစ်ရှိတယ်ဆိုပြီး ပြစ်ဒါဏ်ချမှတ် ခံရသူတွေကို အကျဉ်းထောင်က သတ်မှတ်ထားတဲ့ ပြစ်ဒါဏ်ကာလ တလျှောက်လုံး လက်ခံထိန်းသိမ်းပေးရတာပါ၊ ပြီးခဲ့တဲ့ မဆလ အစိုးရနဲ့ စစ်အစိုးရအဆက်ဆက်မှာ အကျဉ်းထောင်ဆိုတာ လူသားဘဝကို ချိုးနှိမ်တဲ့ ငရဲခန်းကြီးများ ဖြစ်ခဲ့ပါတယ်၊ အာဏာရှင်ကို ဆန့်ကျင်ရဲကြသူတွေ တမြေ့မြေ့နဲ့ ဂလဲ့စားအချေခံရတဲ့နေရာ၊ လူကောင်းတွေကို လူဆိုးဖြစ်အောင် နဲ့ လူဆိုးတွေကိုပိုပြီးဆိုးအောင် လေ့ကျင့်ပေးတဲ့ မကောင်းဆိုးဝါးသင်တန်းကျောင်း၊ ဖောက်ပြန်တဲ့ အရာရှိများရဲ့ သွေးစုတ်မြေ ဖြစ်ခဲ့ပါတယ်၊ ဒီအကျဉ်းထောင်ကြီးများကို လူသားဆန်အောင်၊ လူ့ဂုဏ်သိက္ခာများ ဘယ်လိုအကြောင်းနဲ့မှ မဲ့မသွားရအောင်၊ မှားယွင်းမိသူကို ပြန်လည်ပြင်ဆင်နိုင်ဖို့အခွင့်အရေးပေးတဲ့၊ အပြစ်မဲ့သူကို အယူခံအဆင့်ဆင့်နဲ့ အမှန်တရားရှာဖွေနိုင်အောင် ကူညီဖေးမနိုင်မည့် နေရာများဖြစ်လာအောင် လွှတ်တော်က ဥပဒေပြဋ္ဌန်းပြုပြင်သင့်ပါတယ်၊

(ဇ) တရားဥပဒေစိုးမိုးရေး နဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးမှာ ပြည်သူလူထုရဲ့ အသံ နဲ့ ပူးပေါင်းပါဝင်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်၊ ပြည်သူလူထုဟာ သတ်မှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာဖို့ တာဝန်ရှိသလို ဥပဒေအရ အခွင့်အရေးတွေကို ခံစားခွင့်လဲ ရှိပါတယ်၊ လိုက်နာရမည့် ဥပဒေ နဲ့ အခွင့်အရေးတွေကို ပြည်သူလူထုက သိနားလည်အောင် ပညာပေးဖို့ ဆိုတာလဲ အင်မတန်အရေးကြီးပါတယ်၊ မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်က ပြည်သူလူထုကို ဥပဒေနဲ့ အုပ်ချုပ်တာကလွဲလို့ ပြည်သူလူထုက ဥပဒေတွေကို သိနားလည်အောင် ပညာပေးမှုကို အလေးအနက်ထားပြီး မဆောင်ရွက်ခဲ့ပါ၊ ဒီကနေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာတွေ ပြဋ္ဌန်းထားတယ်ဆိုတာကို မသိကြတဲ့ ပြည်သူများက သန်းပေါင်းများစွာ ရှိနေပါတယ်၊ အစိုးရတွေက လူထုအားလုံးထံ ထိထိရောက်ရောက် မရောက်ရှိကြတဲ့အခါမှာ လူထုကို လူထုအချင်းချင်းက ဆက်သွယ်ပညာပေးတာဟာ အကောင်းဆုံးဖြစ်လာပါတယ်၊ ဒါကြောင့်မို့ လူထုအခြေပြုအဖွဲ့အစည်းများ (Civil Society Organizations) နဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာ ရဲ့ အခန်းကဏ္ဏဟာ ဒီမိုကရေစီနိုင်ငံတွေမှာ အရေးကြီးလာပါတယ်၊ ဒီ လူထုအခြေပြုအဖွဲ့အစည်းများနဲ့ လွတ်လပ်တဲ့ သတင်းဋ္ဌာနများ ကပဲ တိုင်းပြည်ရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွါးရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ကိစ္စတွေမှာ လူထုရဲ့ တာဝန်တွေ၊ ခံစားခွင့်တွေကို လူထုသိအောင် ပညာပေးရင်း အခွင့်အရေးချိုးဖောက်ခံရတဲ့ ပြည်သူများကို အကာအကွယ်ပေးတာတွေ၊ ဖောက်ပြန်တဲ့ အုပ်ချုပ်သူများကို စောင့်ကြည့်ဝေဘန်တာတွေ လုပ်ကြပါတယ်၊ တရားဥပဒေစိုးမိုးရေး နဲ့ လွတ်လပ်မျှတတဲ့ တရားစီရင်ရေးစံနစ် တည်ဆောက်ရာမှာလဲ လူထုကို ပညာပေးမည့်၊ အခွင့်အရေးချိုးဖောက်ခံရတဲ့ ပြည်သူများဘက်က ရပ်တည်မည့်၊ မတရားတဲ့ ဘက်လိုက်တဲ့ တရားစီရင်မှုတွေကို ဖော်ထုတ်ဝေဘန်မည့် လူ့အခွင့်အရေးရှေ့နေအဖွဲ့များ၊ တရားစီရင်ရေး စောင့်ကြည့်အဖွဲ့များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့များ၊ အကျဉ်းထောင် စောင့်ကြည့်ရေးအဖွဲ့များ၊လူထုအခွင့်အရေးကာကွယ်ရေးကော်မီတီများ၊ စတဲ့ လူထုအခြေပြုအဖွဲ့အစည်းများ လွတ်လွတ်လပ်လပ် ဖွဲ့စည်းရပ်တည် လှုပ်ရှားနိုင်အောင်၊ သတင်းဂျာနယ်များက အမှန်တရားကို ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြနိုင်အောင် အားပေးတဲ့ ဥပဒေတွေ ကို လွှတ်တော်က ပြဋ္ဌန်းပေးဖို့လိုအပ်ပါတယ်၊

(ဈ) နိုင်ငံအတော်များများမှာ အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့ အထူးကော်မရှင်တွေ ဖွဲ့စည်းတာဝန်ပေးတာရှိပါတယ်၊ မြန်မာနိုင်ငံရဲ့ အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်ကြတဲ့ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နိုင်ငံတွေမှာလဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (Anti-Corruption Commission) တွေ ဖွဲ့စည်းပြီး၊ အထူးအာဏာတွေ နှင်းအပ်ပြီး လာဘ်ပေး လာဘ်ယူမှုတွေကို တိုက်ဖျက်နေပါတယ်၊ မြန်မာနိုင်ငံမှာလဲ အလားတူ အရည်အချင်းပြည့်ဝတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ပေါ်ပေါက်လာအောင် လွှတ်တော်က ဥပဒေ ပြဋ္ဌန်းဆောင်ရွက်သင့်ပါတယ်၊ အဲဒီမှာ ကော်မရှင် ရဲ့ စုံစမ်းစစ်ဆေးခွင့်မှာ လွှတ်တော်ကိုယ်စားလှယ်များကိုလဲ စစ်ဆေးနိုင် ခွင့်ရှိဖို့တော့ လိုပါလိမ့်မယ်၊

(ည) နောက်ဆုံးအကြံပေးချင်တာကတော့ တရားဥပဒေစိုးမိုးရေး နဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးစံနစ် ပေါ်ပေါက်ရေးကို ရည်ရွယ်ပြီး ပြည်ထောင်စုလွှတ်တော်အမတ်များဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရဲတဲ့ သတ္တိရှိကြဖို့ပါပဲ၊ မြန်မာနိုင်ငံက ပြည်သူ သန်းပေါင်း ၆၀ ကျော်ထဲမှာ အခုပြည်ထောင်စုလွှတ်တော်ထဲရောက်နေတဲ့ ပုဂ္ဂိုလ် ၆၆၄ ဦးမှာပဲ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်တဲ့ အခွင့်အာဏာရှိပါတယ်၊ အခြား မည်သူမှ ဖွဲ့စည်းပုံကို မပြင်နိုင်ကြပါ၊ ဒီ ဖွဲ့စည်းပုံမှာလဲ လူထုရဲ့ အခြေခံအခွင့်အရေးတွေကို ကန့်သတ်ထားတာတွေ၊ လွတ်လပ်တဲ့ တရားစီရင်ရေးစံနစ်တည်ဆောက်ရေးကို ဟန့်တားထားတာတွေ၊ ပေးပြီး ပြန်ယူသွားတဲ့ လွတ်လပ်ခွင့်တွေ၊ တိုင်းရင်းသားလူမျိုးစုများရဲ့ အခွင့်အရေးများကို ပိတ်ပင်ထားတာတွေ အများကြီးပါ၊ ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်ပီသအောင် ပြည်သူလူထုအကျိုးစီးပွါးအတွက်၊ တရားဥပဒေ စိုးမိုးရေး နဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးစံနစ် ပေါ်ပေါက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရဲကြဖို့ လိုပါတယ်၊

တရားမျှတသော နိုင်ငံသစ်

တရားမျှတမှုဆိုတာ နိုင်ငံသား အားလုံးအတွက် အသက်ရှူဖို့ လေကို လိုအပ်သလို လိုအပ်တဲ့အရာပါ၊ ဥပဒေအမျိုးမျိုးနဲ့ အုပ်ချုပ်ခံနေကြရတဲ့ ပြည်သူတွေမှာ ပြဋ္ဌန်းထားတဲ့ ဥပဒေတွေက တရားမျှတမှ၊ ဥပဒေအထောက်အကူပြုအဖွဲ့အစည်းတွေက လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို လေးစားမှ၊ တရားစီရင်ရေးစံနစ်က လွတ်လပ်သန့်ရှင်းမှ၊ တည်ငြိမ်အေးချမ်းမှုဆိုတာကို အပြည့်အဝ ခံစားကြရမှာပါ၊ တရားစီရင်ရေးမှာ အုပ်ချုပ်ရေး နဲ့ ဥပဒေပြုရေး အာဏာတွေရဲ့ စွက်ဖက်မှု၊ လွှမ်းမိုးမှု ကင်းမှ တရားသူကြီးတွေ လွတ်လွတ်လပ်လပ် တရားစီရင်နိုင်မှာပါ၊ တရားစီရင်ရေးအာဏာက လွတ်လပ်မျှတပြီး အုပ်ချုပ်ရေး နဲ့ ဥပဒေပြုအာဏာတွေကို ပြန်ပြီး ပဲ့ပြင်ထိန်းကျောင်းနိုင်မှ ကျနော်တို့ လူ့အဖွဲ့အစည်းဟာ ပိုပြီး တိုးတက်သာယာလာမှာပါ၊

လေးစားစွာ၊ အောင်ဒင်
ဇန်နဝါရီ ၆၊ ၂၀၁၃