BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, February 19, 2013

Burma's Parliament Watch Part 9

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၃၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်

အပိုင်း (၉) သမ္မတ လက်မှတ်မထိုးတဲ့ ဥပဒေများ

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၆ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကနေ ဥပဒေ အမှတ် (၂၃)၊ “၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ” နဲ့ ဥပဒေအမှတ် (၂၄) “၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ” များကို ပြင်ဆင်ပြဌန်းခဲ့ပါတယ်၊ ဒီဥပဒေတွေနဲ့ အတူ နအဖ လက်ထက်က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၀ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ နဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ တွေကို ရုတ်သိမ်းခဲ့ပါတယ်၊ ထူးခြားတာက ဒီဥပဒေ နှစ်ရပ်ကို ထုတ်ပြန်ကြေညာရာမှာ နိုင်ငံတော် သမ္မတ ရဲ့ လက်မှတ်မပါတာပါပဲ၊ ဒီဥပဒေ နှစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ၂၀၁၂ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ သမ္မတထံ လက်မှတ်ရေးထိုးအတည်ပြုဖို့ ပေးပို့ခဲ့ပါတယ်၊ သမ္မတ က လက်မှတ်ထိုးရန် ငြင်းဆန်ပြီး သူ့ရဲ့ သဘောထားမှတ်ချက်၊ ပြင်ဆင်ရန် ၁၀ ချက် နဲ့ လွှတ်တော်ကို ဒီဥပဒေ နှစ်ရပ်ကို ပြန်လည် စဉ်းစားဖို့ ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ပြန်လည်ပေးပို့ခဲ့ပါတယ်၊ အဲဒီလိုနဲ့ ၈ လကြာခဲ့ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၃ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတ တင်ပြတဲ့ ပြင်ဆင်ချက် ၁၀ ချက်ထဲက ၂ ချက်ထဲကိုသာ သမ္မတ အဆိုပြုသလို ပြင်ဆင်ပြီး အတည်ပြုထားတဲ့ ဥပဒေ နှစ်ရပ်ကို သမ္မတ လက်မှတ်ထိုးဖို့ ထပ်မံပေးပို့ပါတယ်၊ ဒီတကြိမ်မှာလဲ သမ္မတက လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ပါတယ်၊ ဒါပေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၆၊ ပုဒ်မခွဲ (ဂ) အရ ဒီဥပဒေကြမ်းနှစ်ခုဟာ သမ္မတ လက်မှတ်မထိုးပေမည့် သတ်မှတ်ကာလ ၇ ရက်အတွင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှာ တရားဝင် ဥပဒေ ဖြစ်လာပါတယ်။

အာဏာ နှစ်ခု အားပြိုင်မှု
ဒီဖြစ်ရပ်ကို ကြည့်ရင် သမ္မတ နဲ့ လွှတ်တော်ကြား သဘောထားကွဲလွဲမှု ရှိတာ အထင်အရှားပါပဲ၊ အမေရိကန် ပြည်ထောင်စုမှာလဲ ကွန်ဂရက်လွှတ်တော် နဲ့ သမ္မတ အိမ်ဖြူတော်အကြား သဘောထားကွဲလွဲမှုတွေ မကြာခဏ ဖြစ်ပေါ်အားပြိုင်နေကြတာပါ၊ ဒါပေမည့် အမေရိကန် ပြည်ထောင်စုမှာက လွှတ်တော် နဲ့ အိမ်ဖြူတော်ကို မတူတဲ့ ပါတီ နှစ်ခုက သီးခြားစီ အုပ်စိုးထားလို့သာ အားပြိုင်ကြ၊ သဘောထားကွဲကြတာပါ၊ ၂၀၁၃ ခုနှစ်မှာ အောက်လွှတ်တော် ကို ရီပါတ်ဘလီကန် ပါတီက လူများစု နဲ့ ဦးဆောင်၊ အထက်လွှတ်တော်မှာ ဒီမိုကရက်တစ် ပါတီက အများစုနဲ့ ဦးဆောင်ပြီး အိမ်ဖြူတော်မှာတော့ ဒီမိုကရက်တစ်ပါတီက သမ္မတ အိုဘားမားက ဦးဆောင်နေတာမို့ လွှတ်တော် နဲ့ အစိုးရ အာဏာနှစ်ရပ်ကြား အားပြိုင်မှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေတာ သဘာဝ ကျတယ်ဆိုရမှာပါ၊ မြန်မာနိုင်ငံမှာကျတော့ သမ္မတ နဲ့ လွှတ်တော် အများစုပါတီ ဟာ တစ်ပါတီထဲ၊ တစ်အုပ်စု ထဲက ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို စိတ်တိုင်းကျ အတူတကွ ရေးဆွဲခဲ့ကြသူတွေမို့လို့ သူတို့ရဲ့ သဘောထားကွဲလွဲမှုဟာ အထူးပဲ စိတ်ဝင်စား စရာ ကောင်းလှပါတယ်၊

အမေရိကန်တို့ ဥပဒေပြုခြင်း
ဥပဒေ ကိုအတည်ပြုခြင်းနဲ့ပါတ်သက်ပြီး အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌန်းထားတာက နိုင်ငံတော် သမ္မတဟာ လွှတ်တော်က အများစုထောက်ခံမဲ နဲ့ အတည်ပြုပြီး လက်မှတ်ထိုးဖို့ ပေးပို့လာတဲ့ ဥပဒေ ကို (၁) လက်မှတ်ထိုးပြီး အတည်ပြု ပြန်ဌန်းနိုင်ပါတယ်၊ (၂) ဗီတိုအာဏာနဲ့ ပယ်ချပြီး ကွန်ဂရက်လွှတ်တော်ကို ဒီဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ အကြံပြုချက်တွေနဲ့ ပြန်လည်ပေးပို့နိုင်ပါတယ်၊ (၃) ဘာမှမလုပ်ပဲ၊ လက်မှတ်မထိုးပဲ နေလို့ရပါတယ်၊ ဒါပေမည့် အဲဒီအချိန်ဟာ ကွန်ဂရက်လွှတ်တော် အစည်းအဝေးသက်တမ်းကာလ ဖြစ်တယ်ဆိုရင် အဲဒီဥပဒေဟာ သမ္မတဆီ တင်ပြပြီး ၁၀ ရက်အတွင်းမှာ သမ္မတ လက်မှတ်မထိုးပေမည့် တရားဝင် ဥပဒေ အဖြစ်အတည်ဖြစ်လာပါတယ်၊ (၄) တကယ်လို့ အဲဒီ ဥပဒေ သမ္မတထံ တင်သွင်းတဲ့အချိန်မှာ ကွန်ဂရက်လွှတ်တော်အစည်းအဝေးများနားတဲ့ ကာလဖြစ်တယ် ဆိုရင်တော့ သမ္မတက လက်မှတ်မထိုးရင် အဲဒီ ဥပဒေဟာ အတည်မဖြစ်တော့ပါ၊ သမ္မတက ဗီတိုအာဏာနဲ့ ပယ်ချခဲ့ရင် လွှတ်တော်နှစ်ရပ်မှာ ပြန်လည်မဲခွဲပြီး လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ သုံးပုံ နှစ်ပုံ ထောက်ခံမဲရရင် သမ္မတရဲ့ ဗီတိုအာဏာပျက်ပြယ်ပြီး ဥပဒေအတည် ဖြစ်လာပါတယ်၊

ဥပဒေပြုသူများထံ ရောက်ရှိခြင်း
အမေရိကန် မှာတော့ ဒီလို လွှတ်တော် နဲ့ သမ္မတ ကြား အားပြိုင်မှုတွေဟာ အစဉ်အလာတစ်ရပ်ဖြစ်ပြီး ဒီမိုကရေစီစံနစ်ရဲ့ အားကောင်းကြံ့ခိုင်တဲ့ အသက်ရှူသံလဲ ဖြစ်ပါတယ်၊ အဲဒီလို အာဏာယန္တယားနှစ်ခုကြား သဘောထားကွဲလွဲလေ၊ တိုင်းပြည်ရဲ့ စတုတ္ထ မဏ္ဏိုင် နဲ့ ပဉ္စမ မဏ္ဏိုင်များဖြစ်ကြတဲ့ သတင်းမီဒီယာ နဲ့ လူထုအဖွဲ့အစည်းများ ပါဝင်ပါတ်သက်ခွင့်ပိုရလေပါပဲ၊

အမေရိကန် သမ္မတ တင်တဲ့ အဆိုပြုချက်တစ်ရပ်၊ ဥပဒေကြမ်း တစ်ခုကို လွှတ်တော်မှာ ကန့်ကွက်သူတွေ များတဲ့အခါမျိုးမှာ၊ ဒါမှမဟုတ် သမ္မတ မနှစ်သက်တဲ့ ဥပဒေကြမ်းတစ်ခုက လွှတ်တော်ထဲမှာ ထောက်ခံသူတွေ များနေတဲ့ အချိန်မျိုးမှာ သမ္မတက လွှတ်တော်ကို သဝဏ်လွှာပို့ပြီး ကန့်ကွက်တာတို့၊ သတင်းစာမှာ ကြေညာချက်ထည့်တာတို့လုပ်ရုံလောက်နဲ့ သူမလိုချင်တဲ့ ဥပဒေကို မတားဆီးနိုင်သလို သူလိုချင်တဲ့ ဥပဒေ ကိုလဲ မဖန်တီးနိုင်ပါဘူး၊ ဥပဒေပြုအာဏာဟာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လက်ထဲမှာပဲ ရှိတာမို့ သမ္မတအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များထံ ရောက်ရှိစည်းရုံးနိုင်ဖို့ အင်မတန်အရေးကြီးပါတယ်၊
အမေရိကန်သမ္မတရဲ့ အိမ်ဖြူတော်မှာ ကွန်ဂရက်လွှတ်တော်ဆက်ဆံရေးဌာန (Congressional Liaison Office) ဆိုတာ ရှိပါတယ်၊ အဲဒီ ဌာန ကို ကွန်ဂရက်လွှတ်တော်ရေးရာ ကျွမ်းကျင်သူများ၊ ကွန်ဂရက်လွှတ်တော်မှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ အရာရှိဟောင်းများ နဲ့ ဖွဲ့စည်းထားပြီး သူတို့က သမ္မတ ဥပဒေရေးရာ ရည်မှန်းချက် (Legislative Agendas) တွေ ဥပဒေဖြစ်လာအောင် ကွန်ဂရက်လွှတ်တော်အမတ်များထံ ချဉ်းကပ်စည်းရုံးရပါတယ်၊ သူတို့ဟာ ရီပါတ်ဘလီကန် နဲ့ ဒီမိုကရက်တစ် ပါတီကြီးနှစ်ရပ်စလုံးက လွှတ်တော်ခေါင်းဆောင်များ၊ လွှတ်တော်ကော်မီတီဥက္ကဌများ၊ အရေးပါသူများ နဲ့ ရင်းနှီးကျွမ်းဝင်ရပြီး အဲဒီ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အားသာချက်၊ အားနဲချက်၊ အကြိုက်၊ စတာတွေကို အသေးစိတ် လေ့လာထားကြသူတွေပါ၊ သမ္မတ ရဲ့ ညွှန်ကြားချက်နဲ့ သူတို့က လွှတ်တော်ကိုယ်စားလှယ်များကို သီးခြားစီ ချဉ်းကပ်ပြီး သမ္မတ ရဲ့ အဆိုပြုချက်ကို ထောက်ခံဖို့ စည်းရုံးကြပါတယ်၊ တချို့လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ စည်းရုံးရုံနဲ့ အောင်မြင်ပြီး တချို့ကျတော့ ခက်ခဲတတ်ကြပါတယ်၊ အဲဒီလို ခက်ခဲသူတွေကိုတော့ ကွန်ဂရက်လွှတ်တော်မှာ မဲခွဲဖို့ နီးကပ်နေတဲ့အချိန်၊ သူတို့မဲကလဲ သမ္မတ အဆိုပြုချက်အောင်မြင်ရေးအတွက် အရေးတကြီးလိုအပ်နေပြီ ဆိုရင်ဖြင့် သမ္မတ ကိုယ်တိုင်က ဖုန်းဆက်ပြီး တိုက်ရိုက်ဆက်သွယ် စည်းရုံးပါတော့တယ်၊ ဒီမှာလဲ သူတို့ရဲ့ မဲရဖို့အရေးကြီးနေချိန်မှာ အပေးအယူလုပ်ရတာပါပဲ၊ သမ္မတ ရဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးနေရာ ပေးဖို့ ကမ်းလှမ်းရတာ တို့၊ အဲဒီ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ရန်ပုံငွေရှာဖွေပွဲမှာ သမ္မတ တက်ရောက်ပြီး စကားပြောဖို့ သဘောတူရတာတို့၊ အရေးကြီးနိုင်ငံတခုခုမှာ သံအမတ် ရာထူးပေးဖို့တို့၊ စသဖြင့်ပေါ့၊

လူထုအားလဲ လိုအပ်ပါသည်၊
အင်မတန်အရေးကြီးတဲ့ အရေးကိစ္စများမှာတော့ သမ္မတ ရုံးအဖွဲ့ရဲ့ အားနဲ့ တင်မလုံလောက်တော့ပါ၊ မီဒီယာ နဲ့ လူထုရဲ့ ပါဝင်ပါတ်သက်မှုလိုပါတယ်၊ အခု အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံတဝှမ်းအရေးတကြီး ဆွေးနွေးနေကြပြီး သမ္မတ နဲ့ လွှတ်တော်အကြား အားပြိုင်နေတဲ့ အဓိက ပြဿနာကြီး သုံးခုရှိပါတယ်၊ အဲဒါတွေက (၁) လက်နက်ကိုင်ဆောင်မှု ထိန်းချုပ်ရေး (Gun Control)၊ (၂) ပြည်ပမှ တရားမဝင် ဝင်ရောက်နေထိုင်သူများကိစ္စ (Illegal Immigrants) နဲ့ (၃) အစိုးရ၏ ငွေချေးခွင့် ပမာဏတိုးမြှင့်ရေး (Debt Ceiling) တို့ ဖြစ်ကြပါတယ်၊ 

အမေရိကန်မှာ သေနတ်တွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်၊ သာမန် ပစ္စတို လို လက်နက်ငယ်များကအစ ချေမှုန်းရေးရိုင်ဖယ် (Assault Rifle)လို၊ စက်သေနတ် (Machine Gun) လို လက်နက်ကြီးများအထိပါ၊ ဒီလို လက်နက်တွေ သွေးဆာနေတဲ့ အကြမ်းဖက်သမားတွေ၊ စိတ်မနှံ့တဲ့လူတွေ၊ ဆင်ခြင်တုံတရားကင်းမဲ့သူတွေ လက်ထဲရောက်သွားတဲ့အခါ အင်မတန် ကြောက်စရာ၊ ဝမ်းနည်းစရာကောင်းတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီးတွေ ဖြစ်ပွါးပြီး အပြစ်မဲ့ ပြည်သူတွေ၊ ကျောင်းသားလေးတွေ အသက်ဆုံးကြရတာပါ၊ ဒါကြောင့် သမ္မတ အိုဘားမား က လက်နက်ရောင်းဝယ်မှု၊ ပိုင်ဆိုင်မှုကို ထိန်းချုပ်ဖို့ ဥပဒေတစ်ရပ် ပြဌန်းနိုင်ဖို့ကို သူ့ ဒုတိယသက်တမ်းရဲ့ ဦးစားပေးလုပ်ငန်းတရပ်အဖြစ် ကြိုးစားနေပါတယ်၊ ဒါပေမည့် သိပ်လွယ်တဲ့ ကိစ္စမဟုတ်ပါ၊ အမေရိကန်မှာ အမျိုးသား ရိုင်ဖယ်အသင်း (National Rifle Association/NRA) လို အားကောင်းတဲ့၊ လက်နက်ကိုင်ဆောင်မှုကို အစိုးရက ထိန်းချုပ်တာကို လက်မခံတဲ့ အဖွဲ့အစည်းကြီးတွေက ဒီဥပဒေဖြစ်လာရေးကို အပြင်းအထန် ကန့်ကွက်နေပါတယ်၊ အဲဒီ အဖွဲ့တွေဟာ ရီပါတ်ဘလီကန်ပါတီ ရဲ့ အခိုင်အမာမဟာမိတ်များ ဖြစ်ကြတာမို့၊ ရီပါတ်ဘလီကန်ပါတီ ကိုယ်တိုင်က လက်နက်ပိုင်ဆိုင်ခွင့်ဟာ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ မရှိမဖြစ်လိုအပ်တယ်လို့ ယုံကြည်ရပ်တည်တာမို့ ဒီဥပဒေ ဖြစ်ပေါ်လာရေးဟာ ခရီးကြမ်းကြီးကို ဖြတ်သန်းရမှာပါ၊

အမေရိကန်ပြည်ထောင်စုကို တရားမဝင် ဝင်ရောက်နေထိုင်ကြသူတွေကလဲ သန်းပေါင်း ၂၀ ကျော်ပြီလို့ သိရပါတယ်၊ ဒီပုဂ္ဂိုလ်တွေဟာ အများစုက မက္ကစီကို အပါအဝင် လက်တင်အမေရိက၊ စပိန်စကားပြောနိုင်ငံများက ရောက်ရှိလာကြပြီး ပင်ပန်းဆင်းရဲ ကြမ်းတမ်းတဲ့အလုပ်တွေကို လစာနည်းနည်း နဲ့ လုပ်နေကြရတာပါ၊ အမေရိကန်မှာ တရားဝင်နေထိုင်သူများမှာလဲ စပိန်စကားပြောသူများက အတော်များတာမို့ စပိန်စကားဟာ အမေရိကန်မှာ ဒုတိယဘာသာစကား ဖြစ်နေတဲ့အပြင် သူတို့ရဲ့ မဲဆန္ဒ ဟာလဲ သမ္မတ ရွေးကောက်ပွဲ နဲ့ လွှတ်တော်ရွေးကောက်ပွဲတွေမှာ အရေးကြီးတဲ့ မဲတွေ ဖြစ်လာပါတယ်၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ စပိန်စကားပြောပြည်သူများရဲ့ မဲအများစု (၈၀%) ကို အိုဘားမား ရခဲ့တယ်လို့ စစ်တမ်းများအရ သိရပါတယ်၊ အိုဘားမား ကလဲ ရွေးကောက်ပွဲကာလ မဲဆွယ် စည်းရုံးစဉ်မှာ တရားမဝင် နေထိုင်သူများ တရားဝင်နေထိုင်ခွင့်ရရှိရေး သူဦးစားပေးဆောင်ရွက်မယ်လို့ ကတိပေးခဲ့ပါတယ်၊ ဒါကြောင့်လဲ ဒီတရားမဝင်နေထိုင်သူများ တရားဝင် ပြီး အခွန်ထမ်းတဲ့လူတွေ ဖြစ်လာဖို့ ဥပဒေတရပ်ပြဌန်းရေးကို ကြိုးစားနေပါတယ်၊ ဒီနေရာမှာ ရီပါတ်ဘလီကန်ပါတီ ကလဲ နောက်ရွေးကောက်ပွဲတွေမှာ စပိန်စကားပြောသူများရဲ့ မဲတွေကို စည်းရုံးနိုင်ဖို့အတွက် အိုဘားမားလိုပဲ တရားမဝင် နေထိုင်သူတွေကို တရားဝင်နေထိုင်ခွင့်ပေးဖို့ သဘောထားရှိပါတယ်၊ ဒါပေမည့် သူတို့က အိုဘာမား ကို အမျိုးသားလုံခြုံရေးနဲ့ ပါတ်သက်ရင် အားနည်းသူလို့ သတ်မှတ်ထားပါတယ်၊ အမေရိကန်နိုင်ငံတွင်းမှာ ဒီလောက်များတဲ့လူတွေ တရားမဝင် ဝင်ရောက်နေထိုင်နိုင်တာ အိုဘားမားအစိုးရက နယ်စပ်ကို လုံခြုံအောင် မကာကွယ်နိုင်လို့ လို့ ပြစ်တင်ကြပြီး နယ်စပ်လုံခြုံရေးအတွက် ဘတ်ဂျက်တိုးမြှင့်ရေး ၊ နယ်နမိတ် ခြံစည်းရိုးခတ်ရေး ကိုပါ ဥပဒေကြမ်းထဲ ထည့်သွင်းချင်ကြပါတယ်၊ ဒီလိုနဲ့ ဒီဥပဒေ ဟာလဲ လွယ်လွယ်ကူကူနဲ့ ဖြစ်ပေါ်လာဖို့ မရှိပါဘူး၊

အစိုးရရဲ့ ငွေချေးခွင့် (Debt Ceiling ) ကန့်သတ်ချက်ကို တိုးမြှင့်ရေးဟာလဲ အင်မတန်အရေးကြီးတဲ့ ပြဿနာကြီးပါ၊ အစိုးရရဲ့ ငွေချေးခွင့် ဆိုတာ နိုင်ငံတော်ရဲ့ ဘတ်ဂျက်၊ ဝင်ငွေ၊ ထွက်ငွေ စာရင်း မှာ ဝင်ငွေက ထွက်ငွေထက် အဆမတန် နည်းနေတဲ့ အခါ (Budget Deficit) ကွန်ဂရက်လွှတ်တော်က အစိုးရကို ငွေစက္ကူများ၊ အစိုးရငွေချေးစာချုပ်များကို တစ်နှစ်ကို ဘယ်လောက် ဆိုပြီး အကန့်အသတ်နဲ့ ရိုက်နှိပ်ထုတ်ဝေခွင့် ပြုတာပါ၊ အစိုးရက အစိုးရအဖွဲ့အသုံးစားရိတ်များ၊ နိုင်ငံ့ဝန်ထမ်းလခများ၊ပြည်ပထောက်ပံ့ငွေများ၊ နိုင်ငံတကာအဖွဲ့အစည်းများတွင် ထည့်ဝင်မှုများ အားလုံးကို ဒီ ငွေချေးခွင့်ပမာဏက ခွင့်ပြုသလောက် ရိုက်နှိပ်ထားတဲ့ ငွေစက္ကူများ၊ အာမခံငွေချေးစာချုပ်ရောင်းရငွေများနဲ့ ပေးဆပ်ရပါတယ်၊ သမ္မတ ဘွတ်ရှ် လက်ထက်ကစလို့ အိုဘားမား ပထမ လေးနှစ်သက်တမ်းတလျှောက်လုံးမှာ ဘတ်ဂျက်လိုငွေ ဆက်တိုက်ပြခဲ့လို့ အဲဒီ ခွင့်ပြုထားတဲ့ ပမာဏ က အခုအချိန်မှာ ဘယ်လိုမှ မလောက်ငှတော့ပါဘူး၊ ဒါကြောင့် အစိုးရရဲ့ ငွေချေးခွင့်ပမာဏာကို တိုးမြှင့်ပေးဖို့ အိုဘားမား က လွှတ်တော်ကို တောင်းဆိုထားပါတယ်၊ ရီပါတ်ဘလီကန်ပါတီ လွှမ်းမိုးထားတဲ့ အောက်လွှတ်တော်က လဲ ဒီပမာဏကို တိုးမြှင့်ရင် ငွေဖောင်းပွမှုတွေ၊ ဒေါ်လာတန်ဘိုးကျဆင်းမှုတွေဖြစ်ပြီး စီးပွါးရေးကို ပိုမို ထိခိုက်မှာမို့ သမ္မတကို အစိုးရ အသုံးစားရိတ်တွေ လျှော့ချဖို့ ပြန်ပြီးတိုက်တွန်းပါတယ်၊ ဒီပြဿနာဟာလဲ အလွယ်တကူပြီးသွားမှာ မဟုတ်ပါဘူး၊

အဲဒီလို ကြီးမားတဲ့ အကြပ်အတည်းတွေနဲ့ တွေ့တဲ့အချိန်၊ ကွန်ဂရက်လွှတ်တော်နဲ့ အကြိတ်အနယ် အားပြိုင်ရတဲ့ အချိန်မှာ အမေရိကန်သမ္မတတွေ လုပ်လေ့လုပ်ထ ရှိတာကတော့ လူထုကြားထဲဆင်းပြီး လူထုရဲ့ထောက်ခံမှုကို တောင်းဆိုတာပါပဲ၊ တနည်းအားဖြင့် လွှတ်တော်ကို မဲဆန္ဒရှင်များနဲ့ လှည့်တိုက်ပေးတာပါပဲ၊ သမ္မတ က လူထုက ရွေးကောက်တင်မြှောက်သူ ဖြစ်သလို၊ လွှတ်တော်ကိုယ်စားလှယ်တွေကလဲ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများက မဲဆန္ဒရှင်များက ရွေးချယ်တင်မြှောက်ထားတာပါ၊ သူတို့အားလုံး လူထုကို တာဝန်ခံရတာပါ၊ ဒီတော့ အိုဘားမား ဆိုရင် လူထုအခြေပြုအဖွဲ့အစည်းတွေကို အိမ်ဖြူတော်ကို ဖိတ်ပြီး ဒီအရေးကြီး ကိစ္စတွေကို တင်ပြတယ်၊ လူထုအဖွဲ့အစည်းများရဲ့ အသံကို နားထောင်တယ်၊ အကြံတောင်းတယ်၊ ပြီးတော့ ဒီလူထုအဖွဲ့အစည်းတွေကို သက်ဆိုင်ရာ လွှတ်တော်အမတ်များကို ဆက်လက် ဖိအားပေးဖို့ တောင်းဆိုတယ်၊ ပညာရှင်တွေကို သတင်းစာတွေမှာ ဆောင်းပါးတွေရေးပြီး ကွန်ဂရက်အမတ်တွေကို ဖိအားပေးစေတယ်၊
သူကိုယ်တိုင်လဲ မဲရဖို့ အရေးကြီးတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မဲဆန္ဒနယ်တွေ ကို ရောက်အောင်သွားပြီး၊ မဲဆန္ဒရှင်တွေကို သူ့အဆိုပြုချက်ကို ရှင်းပြတယ်၊ သူတို့ရဲ့ ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ကို ဖိအားပေးဖို့တောင်းဆိုတယ်၊ ဒီလိုနဲ့ လွှတ်တော်နဲ့ အစိုးရရဲ့ ဥပဒေရေးရာ အားပြိုင်မှုမှာ လူထုဟာ အရေးပါတဲ့ အဆုံးအဖြတ်ပေးသူတွေ ဖြစ်လာပါတော့တယ်၊

မြန်မာ့နည်း မြန်မာ့ဟန် ဥပဒေပြုခြင်း
မြန်မာနိုင်ငံမှာတော့သမ္မတနဲ့လွှတ်တော်အားပြိုင်မှုမှာသမ္မတကလဲသဝဏ်လွှာပို့၊ ကြေညာချက်ထုတ်တာကလွဲရင်လွှတ်တော်ကိုယ်စားလှယ်များကိုတိုက်ရိုက်ချဉ်းကပ်စည်းရုံးတာ၊ ပညာရှင်တွေနဲ့လူထုအားကိုယူတာ နည်းသေးတယ်လို့ မြင်မိပါတယ်။ (သိပ်မကြာခင်ကလေးကတော့ အရပ်ဘက်အဖွဲ့အစည်းတွေကို ဖိတ်ကြားပြီး သမ္မတက ဆွေးနွေးပြောဆိုတယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။ သို့ပေမယ့် အစိုးရမကြိုက်တာတွေကို ပြောနိုင်တယ်လို့ ယူဆသူတွေကို စကားပြောခွင့်မပေးခဲ့ဘူးဆိုတဲ့ မကျေမနပ် ဝေဖန်သံတချို့လည်း ထွက်ပေါ်ခဲ့တာ သတိထားမိပါတယ်။) လွှတ်တော်ကလဲ ဥပဒေတွေ ရေးဆွဲပြဌန်းရာမှာ လူထုအသံနားထောင်တာ၊ မဲဆန္ဒရှင်တွေကို ရှင်းပြတာမျိုး မတွေ့ရသေးပါဘူး၊ တကယ်တော့ ဥပဒေတစ်ရပ် ပြဌန်းအတည်ပြုတယ်ဆိုတာ တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ ကိစ္စပါ၊ ဥပဒေတစ်ခု ပြဌန်းအတည်ပြုပြီးတာနဲ့ ပြန်ဖျက်ဖို့ အင်မတန် ခက်တဲ့အပြင် အဲဒီ ဥပဒေကို တစ်နိုင်ငံလုံးက လေးစားလိုက်နာရတာပါ၊ ဒါကြောင့်မို့ မပြည့်စုံတဲ့၊ မလိုအပ်တဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ မညီညွတ်တဲ့၊ လူထုအကျိုးစီးပွါးနဲ့ ဆန့်ကျင်တဲ့၊အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာများကို စွက်ဖက်တဲ့ ဥပဒေတွေ မပြဌန်း၊ အတည်မပြုကြဖို့ လွှတ်တော် ရော၊ သမ္မတရော ပိုပြီး အားစိုက်ထုတ်ဖို့လိုပါတယ်၊ ဥပဒေပြုရေးလုပ်ငန်းစဉ်မှာ လူထုရဲ့ ပါဝင်ပါတ်သက်ခွင့်ကိုလဲ တိုးမြှင့်ပေးဖို့လိုပါတယ်၊

အောင်ဒင်
ဇန်နဝါရီ ၃၀၊ ၂၀၁၃
 


0 comments: