BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Sunday, February 3, 2013

Please Stop Snowing in Northern Burma

မြန်မာပြည် မြောက်ဖျားမှာ နှင်းများမကျစေချင် တော့ပါ
အောင်ဒင်

တခါတုံးက
လှပခဲ့ဘူးတဲ့ တောင်တန်းကြီးတွေ
ဒုံး
ကျည်တွေ၊ အမြောက်ဆံတွေ ကဖျက်ဆီး
ရင်နင့် နာကျည်းနေကြ၊

အစိမ်းရင့်ရင့် တောအုပ်ကြီးတွေ
အစိမ်းဝတ်တွေရဲ့ အဓမ္မစစ်ပွဲမှာ ပြိုလဲ
အမြဲအေးမြ လတ်ဆတ်ခဲ့တဲ့ လေတောင်
ခဲဆိပ်သင့် ခါးသက်လို့၊

ကြေမွခဲ့ကြတဲ့ ဘဝတွေ
သိန်းနဲ့ချီရှိနေပြီ ကမ္ဘာကြီးရေ
မြန်မာပြည် မြောက်ဖျားမှာ
ပန်းတွေ မပွင့်နိုင်တာ ကြာပေါ့၊

ရိုးသားရောင့်ရဲစွာ ရပ်တည်ရှင်သန်ခဲ့ကြတဲ့
ကျနော်တို့ရဲ့ ညီအကို မောင်နှမတွေ
စာသင်ခန်းနဲ့ ရပ်ရွာကိုစွန့်
စိုက်ပျိုးခင်းနဲ့ ကောက်သစ်စားပွဲကိုစွန့်
မိသားစုနဲ့ သံယောဇဉ်တွေကို စွန့်
ဘယ်လောက်များတောင် ဆက်ပြီး စွန့်ရဦးမှာလဲ
ဘာတွေထပ်ပြီး စွန့်ရဦးမှာလဲ
စွန့်စရာတွေလဲ ဘာမှမကျန်တော့ပါဘူး ကမ္ဘာကြီးရယ်၊

သူတို့လိုချင်တာက
ထာဝရ ငြိမ်းချမ်းရေးပါ
ဘယ်လို လက်နက်ကိုင်ကမှ
အနိုင်ကျင့်တာ မခံရရုံပါ
ဒီ ကချင်မြေရဲ့ တောင်တန်းကြီးများအရိပ်မှာ
ဧရာဝတီမြစ်ကြီးရဲ့ မြစ်ဖျားခံရာအရပ်မှာ
အကြောက်တရားကင်းကင်းနဲ့
ဘဝတွေ ရှင်သန်ချင်ကြတာပါ၊

သူတို့ စိုက်ပျိုးသမျှ
သူတို့ဖာသာ ရိပ်သိမ်းခံစားခွင့်
ရှိသင့်ပါတယ် ကမ္ဘာကြီးရယ်
သူတို့လဲ
ယုံကြည်နိုင်သမျှ ဘုရားတွေ၊ နတ်
ဒေဝတာတွေကို
အားကိုးတကြီးနဲ့ ဝတ်ပြုပြီးဆုတောင်းနေကြတာပါ
တစ်ခုခုတော့ ပြန်ပေးသင့်ပါရဲ့၊

ခုတော့လဲ
ရိုင်းစိုင်းရက်စက်တဲ့ စစ်ပွဲတွေကြား
မိသားစုတွေ အစိတ်စိတ်အမွှာမွှာကွဲပြား
အေးစက်ခါးသီးတဲ့ ရာသီဆိုးထဲ
အမိုးအကာ၊ အနွေးထည်နဲ့ ဖိနပ်မပါ
ဗုံးခိုကျင်းထဲမှာ အစာငတ်လို့ ငိုနေတဲ့ ကလေး
ဗုံးခိုကျင်းရဲ့ အပြင်ဘက်မြေပြင်မှာ
ဗုံးစမှန်လို့ ကွယ်လွန်သွားတဲ့ ဖခင်
ဒီမြင်ကွင်းကို ရေးမပြချင်တော့၊

ကမ္ဘာကြီးရေ
ရှိရှိသမျှ ဘုရားအားလုံးကို
ဦးခိုက်ဆုတောင်းလိုက်ပါရဲ့
မြန်မာပြည် မြောက်ဖျားမှာ နှင်းများမကျစေချင်တော့ပါ၊

ဖေဖော်ဝါရီ ၃၊ ၂၀၁၃

0 comments: